← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

Chapter 143

~

အခန်း ၁၄၃ : ကျွန်မတို့ လူပျောက်တိုင်ချင်လို့ပါ...

~

မြို့၏ အခြားတစ်ဖက်ရှိ စည်ကားဆူညံနေသော လမ်းမထက်တွင်...

ခါးအထိရှည်လျားသည့် မင်ရည်ကဲ့သို့ နက်မှောင်သော ဆံကေသာကို ပိုင်ဆိုင်ထားပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ပုံတူပန်းချီကားတစ်ချပ်ကို ကိုင်ဆောင်ကာ လူအုပ်ကြားထဲတွင် သွားနေသည်။ သူမက တွေ့သမျှလူတိုင်းကို ပုံတူကားကို မြှောက်ပြကာ မေးမြန်းနေလေ၏။

" နတ်ဆိုးအရှင်ကို မြင်မိပါသလား.. "

" မမြင်မိပါဘူး.. "

လမ်းသွားလမ်းလာများက ခေါင်းခါပြကြပြီး သူမကို ထူးဆန်းသလို ကြည့်ကာ အမြန်ပင် ထွက်ခွာသွားကြသည်။ အနီးနားရှိ အခြားသူများမှာလည်း သူမကို စူးစမ်းလိုစိတ်ဖြင့် ရပ်ကြည့်နေကြ၏။

ယင်းနွီသည် ပတ်ဝန်းကျင်မှ အကြည့်များကို ဂရုမစိုက်ဘဲ သူမဘေးမှ ဖြတ်သွားသူတိုင်းကို ဖမ်းဆွဲကာ နတ်ဆိုးအရှင်အား မြင်မိသလားဟုသာ အာရုံစိုက် မေးမြန်းနေသည်။ သို့သော်သူမ လူပေါင်း ရာနှင့်ချီ၍ မေးမြန်းပြီးသော်လည်း နတ်ဆိုးအရှင်ကို မြင်ဖူးသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။

သို့သော်လည်း ဤကမ္ဘာပေါ်တွင် တစ်စုံတစ်ယောက်ကတော့ နတ်ဆိုးအရှင်ကို တစ်နေရာရာတွင် မြင်ဖူးလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။ ဤကမ္ဘာပေါ်ရှိ လူသားအားလုံးကို တစ်ယောက်ချင်းစီ လိုက်မေးနေသရွေ့ နတ်ဆိုးအရှင်ကို သေချာပေါက် ရှာတွေ့နိုင်လိမ့်မည်ဟု သူမ တွေးထားသည်။

ယင်းနွီသည် နောက်ထပ် လမ်းသွားလမ်းလာတစ်ဦးကို ဖမ်းဆွဲရန် ပြင်လိုက်စဉ်မှာပင် သူမ၏ နောက်ကွယ်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

" ဟို... ခဏလောက်...ရှင် လူရှာနေတာလား.. "

ယင်းနွီ လှည့်ကြည့်လိုက်ရာ သူမ၏ အမူအရာကင်းမဲ့သော မျက်နှာတွင် ဘာမှမသိနားမလည်သည့် ပုံစံမျိုး ပေါ်လွင်နေသော်လည်း သူမ၏ မျက်ဝန်းများကမူ ရှေ့မှ အမျိုးသမီးကို သေချာ စစ်ဆေးနေသည်။

ထိုအမျိုးသမီးသည် ဘီးနှစ်ဘီးပါသော ထူးဆန်းသည့် အရာတစ်ခုပေါ်တွင် ထိုင်နေလေသည်။ သူမက အဝါရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး နတ်ဆိုးသားရဲ၏ နားရွက်နှင့်တူသော နားရွက်တစ်စုံပါသည့် ဦးထုပ်ကို ဆောင်းထားသည်။ ထိုသည်မှာ အလှဆင်ထားခြင်းသာ ဖြစ်ပုံရပေ၏။

" အင်း... "

ရှေ့မှ အမျိုးသမီးတွင် ဝိညာဉ်စွမ်းအင်မရှိဘဲ သာမန်လူသားတစ်ဦးသာ ဖြစ်ကြောင်း အတည်ပြုပြီးနောက် ယင်းနွီ သည် သူမ၏လက်ထဲမှ ပုံတူပန်းချီကားကို မြှောက်ပြကာ အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

" နတ်ဆိုးအရှင်ကို မြင်မိသေးလား .."

" နတ်ဆိုး ဟုတ်လား.. "

ရှနွမ်းယန် ခဏကြာ ဆွံ့အသွားပြီး သူမ နားကြားမှားသလားဟုပင် ထင်လိုက်မိသည်။ ဤကမ္ဘာတွင် တခြားသူတစ်ယောက်ကို နတ်ဆိုးအရှင်ဟု ခေါ်ဝေါ်မည့်သူ ရှိပါမည်လော။ ရုပ်ရှင်တွေထဲမှာသာ ရှိနိုင်ပေသည်။

" အင်း.. "

ယင်းနွီ က အလေးအနက်ပင် ထပ်မံ ခေါင်းညိတ်ပြလိုက်သည်။

ရှနွမ်းယန် သည် ထိုအခေါ်အဝေါ်ကို ဆက်ပြီး စဉ်းစားမနေတော့ဘဲ ပန်းချီကားနားသို့ တိုးကပ်ကာ သေချာ ကြည့်လိုက်သည်။

" ဒါက မှင်နဲ့ ဆွဲထားတဲ့ ပန်းချီကားပဲ.. မြင်ဖူးသလိုလို ရှိပေမဲ့ မမြင်ဖူးသလိုလည်း ဖြစ်နေတယ်.. "

" သူ့ရဲ့ ရောင်စုံဓာတ်ပုံ ရှိလား.. ရောင်စုံဓာတ်ပုံသာ မြင်ရရင် တစ်ခုခု မှတ်မိကောင်း မှတ်မိနိုင်မှာပါ .."

" ရောင်စုံဓာတ်ပုံ... နတ်ဆိုးအရှင်ရဲ့ ရောင်စုံပုံတူပန်းချီလား..ငါ လာတုန်းက အလျင်လိုနေတာနဲ့ ရောင်စုံပုံဆွဲပေးမယ့်သူကို ရှာဖို့ အချိန်မရခဲ့ဘူး .."

ယင်းနွီ က ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။

" ရောင်စုံပန်းချီကားကို ပြောတာမဟုတ်ဘူး ဓာတ်ပုံကို ပြောတာ.. "

ရှနွမ်းယန် မှာ ရယ်ရခက် ငိုရခက် ဖြစ်သွား၏။ ယနေ့ခေတ်ကြီးထဲတွင် ဓာတ်ပုံကိုပင် မသိတဲ့လူ ရှိနေသေးသည်မှာ တကယ်ကို ထူးဆန်းလှသည်။

" မေးပါရစေဦး ဒီပုံထဲကလူက ပျောက်သွားလို့ အရေးတကြီး လိုက်ရှာနေတာလား .."

" အင်း .."

ယင်းနွီ သည် အစာကောက်သည့် ကြက်ကလေးအလား ခေါင်းကို တဆတ်ဆတ် ညိတ်ပြ၍ ရှနွမ်းယန် ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည်။

" အာ... သူ တကယ် ပျောက်သွားတာဆိုရင်တော့ ဒါက ကိစ္စကြီးပဲ.. "

ယင်းနွီ သည် လူပျောက်ရှာနေခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ ရှနွမ်းယန် ၏ အမူအရာမှာ အံ့သြသွားရာမှ လေးနက်တည်ငြိမ်သွားသည်။

" ဒီလိုမျိုး တစ်ယောက်ချင်း လိုက်မေးနေလို့ကတော့ ရှာရခက်လိမ့်မယ်..လူပျောက်သွားရင် အရင်ဆုံး ရဲစခန်းကို ဖုန်းဆက်..ဒါမှမဟတုတ်သွားတိုင်.. ရဲတွေကို ကူရှာခိုင်းရတာက ပိုလွယ်တယ် .."

" ဖုန်းဆက်.. တိုင်ချက်ဖွင့်.. ရဲ... ဟုတ်လား .."

ယင်းနွီ သည် သူမ၏ ခေါင်းကို စောင်းလိုက်ပြီး ဘာမှမသိသည့် အူတူတူမျက်နှာထက်တွင် ဇဝေဇဝါ ဖြစ်မှုများ ထပ်တိုးလာခဲ့သည်။

" ဟင်... ရှင် ဖုန်းဆိုတာနဲ့ ရဲဆိုတာကိုတောင် မသိဘူးလား .."

ယင်းနွီ ၏ ကြောင်အမ်းအမ်း ပုံစံကို မြင်လိုက်ရသည့်အခါ ရှနွမ်းယန် မှာ အံ့အားသင့်သွားသည်။

' ဒီအမျိုးသမီးက ဖုန်းဆိုတာနဲ့ ရဲဆိုတာကိုတောင် မသိပါလား.. ခုနက ဓာတ်ပုံဆိုတာ ဘာလဲဆိုတာကို မသိတာလည်း မဆန်းတော့ပါဘူး.. တကယ့်ကို ထူးဆန်းတဲ့သူနဲ့ တွေ့နေရပြီ...'

သို့သော်လည်း လောလောဆယ်တွင် လူပျောက်ရှာရန်က ပထမဦးစားပေး ဖြစ်နေသဖြင့် ရှနွမ်းယန် သည် သူမ၏ အံ့သြမှုများကို ဘေးဖယ်ထားကာ ယင်နွီ ကို လက်လှမ်းပြလိုက်သည်။

" လာ... ဆိုင်ကယ်ပေါ် အမြန်တက်.. ဒီနားမှာ ရဲစခန်းရှိတယ် ကျွန်မ လိုက်ပို့ပေးမယ်.. "

ရှနွမ်းယန် ၏ ဖိတ်ခေါ်မှုကြောင့် ယင်းနွီ သည် သူမ၏ နောက်တွင် ကြောင်တောင်တောင်နှင့် ဝင်ထိုင်လိုက်သည်။ သူမ၏ ကျောပြင်မှာ အစားအသောက်ပို့သည့် သေတ္တာနှင့် ကပ်နေပေသည်။

" မြဲမြဲကိုင်ထားနော်.. "

ရှနွမ်းယန် က ဆိုင်ကယ်လီဗာ ဆွဲလိုက်ရာ လျှပ်စစ်စကူတာလေးသည် လမ်းမများထက်တွင် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။ လူပျောက်ရှာရမည့် အရေးဖြစ်သဖြင့် သူမသည် အရှိန်ကို အကုန်တင်ထားသည်။

ယင်းနွီ သည် လျှပ်စစ်စကူတာပေါ်တွင် ထိုင်ပြီး သူမ စီးနင်းထားသော အရာကို ငုံ့ကြည့်ရင်း အလွန်ပင် စူးစမ်းလိုစိတ် ဖြစ်နေသည်။ ဤဘီးနှစ်ဘီးပါသည့် အရာက တကယ်တော့ ရထားလုံးတစ်မျိုး နှင့် တူနေပေသည်။ သို့သော်လည်း အမိုးလည်းမပါသလို နွား သို့မဟုတ် မြင်းများကလည်း ဆွဲမထားချေ။

ရှနွမ်းယန် သည် ရဲစခန်းရှေ့သို့ အမြန်မောင်းလာခဲ့သည်။ ကားရပ်လိုက်သည်နှင့် သူမသည် ယင်းနွီ ကို ရဲစခန်းထဲသို့ အလျင်အမြန် ဆွဲခေါ်သွားတော့သည်။

" မင်္ဂလာပါရှင် ကျွန်မတို့ အမှုဖွင့်ချင်လို့ပါ.. လူတစ်ယောက် ပျောက်နေလို့ပါ.. "

လူပျောက်မှု ဖြစ်ကြောင်း ကြားလိုက်ရသည်နှင့် တာဝန်ကျ ရဲအရာရှိသည် ချက်ချင်းပင် လေးလေးစားစား ဆောင်ရွက်ပေးကာ သူတို့နှစ်ဦးကို အသေးစိတ် မေးမြန်းရန် ရုံးခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။

ရဲအရာရှိက မှတ်တမ်းစာအုပ်ကို ထုတ်ယူကာ မေးလိုက်သည်။

" ပျောက်ဆုံးနေတဲ့သူရဲ့ နာမည်က ဘယ်သူလဲ.. "

" နတ်ဆိုးအရှင် ပါ.. "

ယင်းနွီ ၏ အဖြေကြောင့် ထိုနေရာရှိ လူအားလုံးမှာ ဆွံ့အသွားကြသည်။ ရဲအရာရှိက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ....

" နတ်ဆိုးအရှင် ဟုတ်လား... "

" အင်း .."

ယင်းနွီ က အလေးအနက်ပင် ခေါင်းညိတ်ပြသည်။ ရှနွမ်းယန် မှာ အလျင်စလိုဖြင့် သူမဘေးသို့ တိုးကပ်လိုက်သည်။

" နာမည်ရင်းကို ပြောလေ နာမည်ရင်းကို..ရဲတွေကို သူ့ရဲ့ နာမည်ရင်းကို ပြောပြရမှာ .."

ယင်းနွီသည် အခက်တွေ့နေသော ပုံစံဖြင့်...

" ငါ နတ်ဆိုးအရှင်သခင်ရဲ့ နာမည်ရင်းကို မသိဘူး.. ငါ သူ့ကို အမြဲတမ်း နတ်ဆိုးအရှင်လို့ပဲ ခေါ်တာ... "

ရဲများ ... " ... "

ရှနွမ်းယန် ... " ... "

ရဲအရာရှိနှင့် ရှနွမ်းယန် တို့နှစ်ဦးစလုံး ဆွံ့အသွားကြသည်။ ပျောက်နေသောသူ၏ နာမည်ကိုပင် မသိဘဲ အမှုလာတိုင်နေသည်လော။

" ကောင်းပြီလေ... နာမည်ကိုတော့ နောက်မှ စုံစမ်းတာပေါ့..သူ ပျောက်သွားတာ ဘယ်လောက်ကြာပြီလဲ.. "

" လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်ကပါ.. "

" ဟမ် .."

ရဲအရာရှိနှင့် ရှနွမ်းယန် တို့မှာ နောက်တစ်ကြိမ် ထပ်မံ ဆွံ့အသွားကြပြန်သည်။ စာရေးရန် ပြင်နေသော လက်မှာလည်း ရပ်တန့်သွားသည်။

'လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာက လူပျောက်မှုလား...'

ရဲအရာရှိက စားပွဲပေါ်ရှိ ပြက္ခဒိန်ကို ကြည့်လိုက်ပြီးနောက် ရှေ့မှ ယင်းနွီ ကို လှမ်းကြည့်လိုက်သည်။

'အခုက ၂၀၂၅ ခုနှစ် ဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာဆိုတာ ၁၉၂၅ ခုနှစ် .. ၁၉၂၅ ခုနှစ်က လူပျောက်မှုကို ၂၀၂၅ ခုနှစ်ကျမှ လာတိုင်နေတာလား..'

" ဟူး... "

ရဲအရာရှိသည် စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏ ဘောပင်ကို ချကာ ယင်းနွီ နှင့် ရှနွမ်းယန် တို့ကို ဒေါသတကြီး ကြိမ်းမောင်းတော့သည်။

" ရဲတွေမှာ အလုပ်တွေ အများကြီးရှိတယ် အလုပ်ကို လာမနှောင့်ယှက်ကြနဲ့.. ထွက်သွားကြစမ်း .."

" ဝုန်း .."

ယင်းနွီ နှင့် ရှနွမ်းယန် တို့သည် ရဲစခန်းအပြင်ဘက်သို့ နှင်ထုတ်ခံလိုက်ရပြီး ရဲစခန်းတံခါးမှာလည်း ဝုန်းခနဲ ပိတ်သွားတော့သည်။

ရှနွမ်းယန် နှင့် ယင်းနွီ တို့သည် ညအမှောင်အောက်တွင် ကြောင်စီစီဖြင့် ရပ်နေကြပြီး တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ အလွန်ပင် နေရခက်စရာ ဖြစ်နေသည်။ ရှနွမ်းယန် သည် သူမကို အပြစ်တင် စကားများ ပြောချင်သော်လည်း အူတူတူ ဖြစ်နေသော ယင်းနွီ၏ မျက်နှာကို မြင်လိုက်ရသည့်အခါ စကားလုံးများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားသည်။

သူမ၏ စေတနာမှာ အလဟဿ ဖြစ်သွားသလို ခံစားနေရသော်လည်း ရှေ့မှ အမျိုးသမီးမှာ သူမကို တမင် သက်သက် နောက်ပြောင်နေသည့် ပုံစံမျိုးလည်း မရှိပေ။ သူမ၏ ထူးဆန်းသော ဝတ်စားဆင်ယင်မှုနှင့် တစ်စုံတစ်ယောက်ကို နတ်ဆိုးအရှင်ဟု ခေါ်ဝေါ်နေပုံအရဆိုလျှင် ဤအမျိုးသမီးမှာ စိတ်ကျန်းမာရေး မကောင်းသူ တစ်ဦးလည်း ဖြစ်နိုင်လေသည်။

တကယ်တော့ ဘယ်သူမှ ပျောက်မနေတာမျိုး ဖြစ်နိုင်သလို ပျောက်နေလျှင်ပင် မည်သူဖြစ်ကြောင်း သို့မဟုတ် မည်သည့်အချိန်က ပျောက်ဆုံးသွားကြောင်းကို သူမ မမှတ်မိတော့ခြင်းလည်း ဖြစ်နိုင်သည်။

" ဟို... ကျွန်မ နောက်တစ်ခေါက် ထပ်မေးပါရစေ.. သူ တကယ် ပျောက်နေတာ သေချာလား..ကျွန်မကို လိမ်နေတာ မဟုတ်ဘူးမလား.. "

သေချာအောင် ရှနွမ်းယန် က ထပ်မေးလိုက်သည်။

" အင်း.. "

ယင်းနွီ က အလေးအနက်ပင် ထပ်မံ ခေါင်းညိတ်ပြသည်။ ရှနွမ်းယန် သည် သူမ၏ မျက်ဝန်းများကို သေချာ စိုက်ကြည့်လိုက်ရာ သူမ လိမ်နေသည့် ပုံစံမျိုး မတွေ့ရသဖြင့် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။

" ကောင်းပြီလေ... ကျွန်မကပဲ စပ်စုပြီး ကူညီချင်မိတာကိုး .."

" ရှင်ကိုင်ထားတဲ့ ပုံတူကားကို ကျွန်မ ဓာတ်ပုံရိုက်ပြီး ကျွန်မတို့ရဲ့ သူငယ်ချင်း ဂရုထဲမှာ ပို့ပေးမယ်..လူရှာပေးဖို့ အကူအညီတောင်းပေးမယ်.. "

" ဒီနေ့တော့ အချိန်လည်း နောက်ကျနေပြီဆိုတော့ ရှင့်ကို အိမ်အရင် လိုက်ပို့ပေးမယ်နော်.. "

" ငါ့မှာ အိမ်မရှိဘူး .."

ယင်းနွီ က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှနွမ်းယန် မှာ အံ့သြသွားပြီး သူမ၏ ရင်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။ သူမ မြို့ကြီးကို စတင်ရောက်ရှိလာစဉ်ကလည်း ခိုကိုးရာမဲ့ပြီး နေစရာ အတည်တကျ မရှိခဲ့ချေ။ ယခုအခါ ငှားရမ်းထားသော အခန်းကျဉ်းလေးမှာ နေထိုင်နေရသော်လည်း အနည်းဆုံးတော့ လေဒဏ် မိုးဒဏ်ကို ရှောင်ကွင်းနိုင်သည့် နေရာတစ်ခုတော့ ရှိနေပြီ မဟုတ်ပါလော။

ဤအမျိုးသမီးသည် လူတစ်ယောက်ကို ရှာဖွေရန်အတွက် အလွန်ဝေးလံသော နေရာမှ ရောက်ရှိလာခြင်း ဖြစ်ပေလိမ့်မည်။ နေစရာတောင် မရှိသည့် သူမမှာလည်း တကယ်ကို သနားစရာ ကောင်းလှ၏။

ထိုသို့ တွေးလိုက်မိသည့်အခါ ရှနွမ်းယန် သည် ယင်းနွီ ကို ကြင်နာစွာ ပြုံးပြလိုက်သည်။

" ရှင် စိတ်မရှိဘူးဆိုရင် လောလောဆယ် ကျွန်မဆီမှာ ခဏ လိုက်နေလို့ ရပါတယ်... "

Chapter 144

~

အခန်း ၁၄၄ : ဒီကမ္ဘာမှာ ဘယ်သူက ပျံနိုင်မှာလဲ...

~

မြို့လယ်ခေါင်...

လုံယဲ့သည် လမ်းမများထက်တွင် ရည်ရွယ်ချက်မရှိဘဲ လျှောက်လှမ်းနေလေသည်။ သူ၏ပတ်ဝန်းကျင်ရှိ မိုးမျှော်တိုက်ကြီးများကို ကြည့်ရင်းဝင်္ကပါထဲ ရောက်နေသကဲ့သို့ ခံစားနေရပြီး ဘယ်ကိုသွားရမည်မှန်း မသိတော့ပေ။

သူသည် စုံစမ်းရန် သူ၏ဝိညာဉ်အာရုံကို လွှတ်ထုတ်ချင်သော်လည်း ဤကမ္ဘာရှိ စွမ်းအားတစ်ခုက သူ့ကို ပိတ်ဆို့ထားသဖြင့် သူ၏ဝိညာဉ်အာရုံမှာ ပြန့်ကားမသွားနိုင်သည်ကို ခံစားနေရသည်။

စုံစမ်းစစ်ဆေးရန်အတွက် ဝိညာဉ်အာရုံကို အသုံးမပြုနိုင်သဖြင့် သူသည် သာမန်လူသားတစ်ဦးကဲ့သို့ပင် မျက်စိဖြင့်သာ လိုက်လံကြည့်ရှုနေရတော့သည်။

သို့သော် သူ လျှောက်လှမ်းလေလေ နေရာတိုင်းတွင် လူအုပ်ကြီးက ပို၍များပြားလာလေဖြစ်ရာ ရေတွက်၍ပင် မရနိုင်တော့ပေ။

ဤကမ္ဘာတွင် သာမန်လူသားများမှာ တကယ်ကို များလွန်းလှသည်။ ဤမြို့တစ်မြို့တည်းမှာတင် အနည်းဆုံး လူဦးရေ သန်းနှင့်ချီ၍ ရှိနေလိမ့်မည်ဟု သူ ခံစားနေရ၏။

ဤမျှလောက် များပြားလှသော လူအုပ်ကြီးထဲတွင် နတ်ဆိုးအရှင်သခင်၏ အရိပ်အယောင်ကို ရှာဖွေရသည်မှာ သမုဒ္ဒရာထဲတွင် အပ်ရှာသကဲ့သို့ပင် ခက်ခဲလှပေလိမ့်မည်။

နတ်ဆိုးအရှင်သခင်ကို ရှာဖွေရန်အတွက် ဘယ်ကနေ စတင်ရမည်ဆိုသည်ကို မဆုံးဖြတ်မီ မြို့တစ်မြို့လုံးကို အပေါ်စီးမှ မြင်နိုင်ရန် မြင့်မားသော နေရာတစ်ခုကို အရင်ရှာသင့်သည်ဟု သူ တွေးလိုက်မိသည်။

လုံယဲ့သည် လေးနက်သော အမူအရာဖြင့် စဉ်းစားရင်း လျှောက်လာရာ မသိလိုက်ဘဲ လမ်းဘေးတစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

လူအုပ်စုတစ်စုသည် လမ်းကူးရန်အတွက် လူကူးမျဉ်းကျားရှေ့တွင် မီးပွိုင့်အနီကို စောင့်ဆိုင်းနေကြသည်။

' အမ်... ဒီလူသားတွေက ဘာလို့ ရပ်နေကြတာလဲ.. '

' ထားလိုက်ပါတော့... ဒါ ငါနဲ့ မဆိုင်ပါဘူး ..'

သူ့ရှေ့တွင် ရုတ်တရက် ရပ်တန့်သွားကြသော လူများကို လုံယဲ့က ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ အကြောင်းရင်းကို နားမလည်သဖြင့် သူ လူအုပ်ကြားထဲမှ တိုးထွက်ကာ ကားများ အရှိန်ဖြင့် သွားလာနေသော လမ်းမထက်သို့ တုံ့ဆိုင်းခြင်းမရှိဘဲ ဖြတ်ကူးလိုက်တော့သည်။

မီးပွိုင့်စောင့်နေကြသော လမ်းဘေးမှ လူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြ၏။

" ဟေ့လူ... မင်းက တကယ်ပဲ မီးနီကို ဒီအတိုင်း ဖြတ်သွားတာလား .."

" မင်း သေမှာ မကြောက်ဘူးလား.. "

"မီးနီဖြတ်ချင်ရင်တောင် ကားနည်းတဲ့နေရာမှာ ဖြတ်ပါလား.. အခုလို ကားတွေအများကြီးကြားထဲမှာ ဘယ်လိုတောင် ဖြတ်ရဲရတာလဲ .."

လုံယဲ့သည် လမ်းမလယ်သို့ ရောက်ရှိသွားသည့်အခါ အရှိန်ဖြင့် မောင်းနှင်လာသော ကားများသည် သူ့ကို ရှောင်ကွင်းရန်အတွက် လမ်းကြောင်းကို အမြန်ပြောင်းလိုက်ကြရသလို အရှိန်လျှော့ကာ ဘရိတ်အုပ်လိုက်ကြရသည်။

ခဏချင်းမှာပင် အဆင်ပြေချောမွေ့စွာ သွားလာနေသော လမ်းမကြီးမှာ အကြီးအကျယ် ပိတ်ဆို့သွားတော့သည်။

လုံယဲ့ကို တိုက်မိလုနီးပါး ဖြစ်သွားသော ကားဆရာမှာ ထိတ်လန့်သွားသဖြင့် ချွေးစေးများပင် ထွက်လာခဲ့သည်။ သူသည် ကားပြတင်းပေါက်ကို ချကာ လုံယဲ့ကို လှမ်း၍ ကြိမ်းမောင်းတော့သည်။

" မင်း ကန်းနေတာလား.. မီးနီပြနေတာ မမြင်ဘူးလား.. "

" မင်း သေချင်နေတာလား..ငါ ********.. "

" တကယ်လို့ ငါ့ကားကသာ ပိုကြီးနေရင် မင်း သေနေတာ ကြာလှပြီ.. "

လုံယဲ့က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ဆဲဆိုနေသော ကားဆရာကို အေးစက်စွာ လှည့်ကြည့်ကာ ကားခေါင်းပေါ်သို့ လက်သီးဖြင့် ထိုးလိုက်သည်။

" ဝုန်း.. "

ကျယ်လောင်သော အသံနှင့်အတူ ဟမ်းမာ ကားကြီး၏ ရှေ့ပိုင်းတစ်ခုလုံးမှာ ချိုင့်ဝင်သွားလေသည်။

ကားဆရာမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အ သွားကာ စကားတစ်လုံးမျှ ထပ်မပြောနိုင်တော့ချေ။

ဆဲဆိုရန် ပြင်နေကြသော အခြားကားဆရာများမှာလည်း သူတို့၏ စကားလုံးများကို ပြန်လည် မျိုချလိုက်ကြ၏။

လမ်းကူးမျဉ်းကျားတွင် ရပ်ထားကြသော ကားဆရာအားလုံးနီးပါးသည် ထွက်ခွာသွားသော လုံယဲ့ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြတော့သည်။

' ဒီကမ္ဘာက လူသားတွေက ဘာလို့ ဒီလောက်တောင် ဆူညံနေကြတာလဲ... အကြောင်းမရှိဘဲ အမြဲတမ်း ဆဲဆိုနေကြတာပဲ.. '

' နတ်ဆိုးအရှင်ကို ရှာဖွေနေတုန်း မလိုအပ်တဲ့ ပြဿနာတွေကို မဖန်တီးချင်လို့သာပေါ့..ဒီလို ရိုင်းစိုင်းတဲ့ အမူအရာမျိုးနဲ့ဆိုရင်တော့ လူရော ကားရောပါ အမှုန့်ဖြစ်အောင် ရိုက်ပစ်လိုက်မိမှာ.. '

လုံယဲ့သည် လမ်းလျှောက်ရင်း ဤကမ္ဘာမှ လူသားများကို စိတ်ထဲမှ မကျမနပ် ဝေဖန်နေမိသည်။

လမ်းဖြတ်ကူးပြီးနောက်တွင် သူသည် လမ်းပေါ်တွင်ရပ်ကာ အကောင်းဆုံး အပေါ်စီးမြင်ကွင်းရနိုင်မည့် နေရာကို ရှာဖွေရန်အတွက် ပတ်ဝန်းကျင်ရှိ မိုးမျှော်တိုက်ကြီးများကို လေ့လာနေသည်။

အခြားတိုက်များထက် ပို၍ မြင့်မားသော မြို့လယ်ခေါင် အဆောက်အဦး ကြီးတစ်ခုသည် သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။

ပတ်ဝန်းကျင်ကို ကြည့်ရသလောက် ထိုအဆောက်အဦးတစ်ခုတည်းသာ အနည်းငယ် ပိုမြင့်ပုံရသည်။

' အဲ့ဒီနေရာပဲ ..'

လုံယဲ့က ထိုအဆောက်အဦးကြီး၏ အောက်ခြေသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီး အဆောက်အဦး၏ ထိပ်ဖျားကို မော့ကြည့်လိုက်သည်။

လမ်းဘေးတွင် ရပ်နေသော အမျိုးသမီးတစ်ဦးသည် သူ့ကို တွေ့ရှိသွားပြီး စူးစမ်းလိုစိတ်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ သူမ၏ဖုန်းကို ဆက်ကြည့်နေသည်။

ထိုခဏအတွင်းမှာပင် လုံယဲ့သည် ဒူးကို အနည်းငယ် ညွတ်လိုက်ပြီး ရပ်နေရာမှ ခုန်တက်လိုက်ရာ ချက်ချင်းပင် အရိပ်တစ်ခုအသွင် ပြောင်းလဲသွားပြီး အဆောက်အဦး၏ ထိပ်ဖျားဆီသို့ ပျံတက်သွားတော့သည်။

ထိုအမျိုးသမီးသည် သူမ၏ အမြင်အာရုံထဲတွင် တစ်ခုခု ဖြတ်ခနဲ လွှင့်သွားသည်ကို သတိထားမိလိုက်၏။ သူမ ခေါင်းပြန်မော့ကြည့်လိုက်သည့်အခါ ဘာမှမရှိတော့ဘဲ ခုနက ရပ်နေသည့်လူမှာလည်း ပျောက်ကွယ်သွားခဲ့လေပြီ ။

" ဟို... ခုနက ဒီနေရာမှာ ရှိနေတဲ့လူက ရုတ်တရက် ပျောက်သွားတာလား.. "

ထိုအမျိုးသမီးက ဘေးဘယ်ညာကို ကြည့်ကာ ထိုလူ မရှိတော့ကြောင်း အတည်ပြုပြီးနောက် သူမဘေးမှ သူငယ်ချင်းများကို အံ့သြတကြီး မေးမြန်းလိုက်သည်။

" ခုနက ဒီမှာ လူရှိလို့လား.. ငါ သတိမထားမိပါဘူး .."

" သူ ထွက်သွားပြီဆိုရင်လည်း သွားပြီပေါ့.. အဲ့ဒါ ဘာဖြစ်လို့လဲ.. အထူးအဆန်းလုပ်မနေပါနဲ့.. "

" ဟင်း...နင် အဆင်လေး တွေ့လိုက်ရလို့လား.. "

" မဟုတ်ဘူး... အဲ့ဒီလူက ကောင်းကင်ပေါ်ကို ပျံတက်သွားသလိုပဲ.. "

အမျိုးသမီးက အစွမ်းကုန် ရှင်းပြရန် ကြိုးစားနေသည်။

သူမ ခုနက မြင်လိုက်ရသည်မှာ လုံးဝ မမှားနိုင်ဟု ခံစားနေရသည်။ သူမ ခေါင်းငုံ့လိုက်သည့် ခဏအတွင်းမှာပင် ထိုလူသည် ကောင်းကင်ပေါ်သို့ ဒုန်းခနဲ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

" ကောင်းကင်ပေါ်ကို ပျံတက်သွားတယ် ဟုတ်လား.. "

သူမ၏ သူငယ်ချင်းများမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ ဆွံ့အသွားကြပြီးနောက် မအောင့်နိုင်ဘဲ ရယ်လိုက်ကြတော့သည်။

" ဟားဟားဟား... ကောင်းကင်ပေါ် ပျံတက်သွားတယ်တဲ့.. "

" နင်ဟာသ ပြောတာ ကောင်းတယ်..ဘယ်တုန်းက လေ့ကျင့်ထားတာလဲ .."

" နင် ငါတို့ကို တကယ် ရယ်ရအောင် လုပ်နိုင်တယ်.. "

သူငယ်ချင်းများ၏ နောက်ပြောင်ကျီစယ်မှုများကြောင့် ထိုအမျိုးသမီး၏ မျက်နှာက နီရဲသွားပြီး သူမကိုယ်သူမပင် ပြန်လည် သံသယဝင်လာမိသည်။

' ဟုတ်သားပဲ... ဒီကမ္ဘာမှာ ဘယ်သူက ပျံနိုင်မှာလဲ.. '

' ငါ မျက်စိမှားတာပဲ ဖြစ်မှာပါ.. '

ထိုအမျိုးသမီးသည် မိမိကိုယ်ကိုယ် စိတ်ထဲမှ လှောင်ပြောင်လိုက်ပြီးနောက် မတော်တဆ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မှင်သက်သွားပြန်သည်။

မြို့လယ်ခေါင် အဆောက်အဦး၏ ထိပ်ဖျား အစွန်းနားတွင် ဝေဝါးဝါးလူရိပ်တစ်ခု ရပ်နေသည်ကို သူမ မြင်လိုက်ရပုံပေါ်သည်။

......

မြို့လယ်ခေါင် အဆောက်အဦး၏ အထက်ပိုင်း...

လုံယဲ့သည် အဆောက်အဦး၏ အစွန်းတွင် ရပ်လျက် နတ်ဆိုးမြို့တော်၏ ညအလှ တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုနေသည်။

သာမန်လူသားတွေက ဤကမ္ဘာတွင် ဤမျှလောက် တိုးတက်စည်ကားနေသော မြို့တစ်မြို့ကို တည်ဆောက်နိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။

သို့သော်လည်း မြင့်မားလှသော အဆောက်အဦးများနှင့် မရေမတွက်နိုင်သော လူအုပ်ကြီးကို မြင်လိုက်ရသည့်အခါ သူသည် မျက်မှောင်ကြုတ်ကာ အလွန်ပင် စိတ်ရှုပ်ထွေးသွားသည်။

ဤမျှလောက် ကြီးမားပြီး လူနေထူထပ်သော မြို့ကြီးထဲတွင် နတ်ဆိုးအရှင်သခင်ကို သူ မည်သို့ ရှာဖွေရပါမည်နည်း။

နတ်ဆိုးအရှင် မပြောနှင့် အခုဆိုလျှင် သူသည် မေ့ကျီ နှင့် ယင်းနွီ တို့ကိုပင် ဆက်သွယ်၍ မရသေးပေ။

လုံယဲ့သည် အဆောက်အဦး အစွန်းတွင်ရပ်ကာ အချိန်အတော်ကြာ စဉ်းစားနေမိသည်။ မသိလိုက်ဘဲ အောက်ထပ်မှ ဆူညံသံများက ပို၍ ကျယ်လောင်လာပြီး လူအုပ်ကြီးကလည်း ပိုမို စုရုံးလာကြသည်။

" ကြည့်ဦး... ဟိုအပေါ်မှာ လူတစ်ယောက် ရှိနေတယ်.. "

" တကယ်ပဲ... သူ အစွန်းနားမှာ ရပ်နေတာ.. "

" သူ အဲ့ဒီအပေါ်ကို ဘယ်လိုတက်သွားတာလဲ.. "

" အဲ့ဒါက အရေးမကြီးဘူး။ အရေးကြီးတာက သူ သတ်သေဖို့ ခုန်ချတော့မယ့်ပုံပဲ.. "

ထိုအချိန်တွင် မီးသတ်တပ်ဖွဲ့နှင့် ရဲများမှာလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြပြီး အခြေအနေကို ထိန်းသိမ်းရန်အတွက် လုံခြုံရေးစည်းများ ချမှတ်လိုက်ကြသည်။

တာဝန်ရှိသူတစ်ဦးက အသံချဲ့စက်ဖြင့် အပေါ်မှ လုံယဲ့ကို လှမ်းအော်ပြောသည်။

" ဟိုအပေါ်ကလူ... အခုချက်ချင်း ဆင်းလာခဲ့ပါ.. "

" လက်လျှော့ဖို့ လုံးဝ မစဉ်းစားပါနဲ့..ဘဝက လှပနေပါသေးတယ်.. "

" ခင်ဗျားရဲ့ မိဘတွေကို စဉ်းစားပါဦး..ခင်ဗျားရဲ့ သားသမီးတွေကို စဉ်းစားပါဦး.. ခင်ဗျားရဲ့ သူငယ်ချင်းတွေကို စဉ်းစားပါဦး.. ဘဝမှာ ကျော်ဖြတ်လို့မရတဲ့ အခက်အခဲဆိုတာ မရှိပါဘူး.. "

" ... "

" ဒီလူသားတွေက ဘာတွေ ပြောနေကြတာလဲ.. "

အောက်ထပ်ရှိ ဆူညံနေသော လူအုပ်ကြီးကို နားထောင်ရင်း လုံယဲ့က မျက်မှောင်ကြုတ်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူမှတစ်ပါး တခြားသူ မရှိချေ။

'ဘယ်သူက လက်လျှော့ဖို့ စဉ်းစားနေလို့လဲ.. ငါ ဘယ်သူ့ကိုမှ မမြင်ပါလား..'

" နောက်ဆုံးတော့လည်း မင်း ဖြစ်နေတာပဲ.. "

လုံယဲ့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် အောက်မှ လူအုပ်ကြီး ပိုများလာသည်ကို မြင်လိုက်ရပြီးနောက် သူ၏ နောက်ကွယ်မှ ရင်းနှီးသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

လုံယဲ့က ခေါင်းကို ချက်ချင်း လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်လောက်အောင် အံ့သြဝမ်းသာမှုများ ပေါ်လွင်သွားသည်။ လင်းဖန်သည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ သူ၏ နောက်ကွယ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင် ။

" နတ်ဆိုးအရှင်.. "

ထိုသို့ပြောပြီးနောက် လုံယဲ့သည် အမြန်ပင် ရှေ့သို့ တိုးသွားကာ လက်တစ်ဖက်ကို ရင်ဘတ်ပေါ်တင်လျက် ဒူးတစ်ဖက် ထောက်ကာ ဦးညွှတ်လိုက်သည်။

" ငယ်သား လုံယဲ့... နတ်ဆိုးအရှင်ကို ဂါရဝပြုပါတယ်.. "

လင်းဖန်က လက်တစ်ဖက်ကို စိတ်ပျက်လက်ပျက် မြှောက်လိုက်သည်။

" ကောင်းပြီ... ထပါတော့.. "

ကျန်ရှိသော နတ်ဆိုးစစ်သူကြီး သုံးဦးစလုံး ရောက်နေပြီဖြစ်ကြောင်း မေ့ကျီထံမှ သိလိုက်ရကတည်းက သူသည် ချက်ချင်းပင် လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်သည်။ သူ ကောင်းကင်ယံထက်တွင် ပျံတက်၍ နတ်ဆိုးမြို့တော် တစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုခဲ့သည်။

ဤနေရာတွင် ပုံမှန်မဟုတ်သော ဆူညံသံများကို ကြားလိုက်ရသဖြင့် သူ အလျင်အမြန် လာရောက်စစ်ဆေးခဲ့ရာ ထင်ထားသည့်အတိုင်းပင် ကျန်ရှိသော နတ်ဆိုးစစ်သူကြီး လေးဦးထဲမှ တစ်ဦး ဖြစ်နေတော့သည်။

" ပြောစမ်းပါဦး... မင်း ဒီမှာ ဘာလုပ်နေတာလဲ .."

" စီရင်စုအရှင် ရှန့် က ဒီကမ္ဘာမှာ ထင်ထင်ပေါ်ပေါ် မနေဖို့ မှာထားပါတယ်.. ဒါကြောင့် ဒီငယ်သားက မြင့်တဲ့နေရာကနေ နတ်ဆိုးအရှင်ကို ရှာဖို့ ကြိုးစားနေတာပါ .."

လုံယဲ့က ရိုသေစွာဖြင့် ခေါင်းငုံ့ကာ ရှင်းပြသည်။

လင်းဖန်သည် အောက်ထပ်တွင် ဘယ်လောက်တောင် များနေမှန်းမသိသော လူအုပ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး လုံယဲ့ကို ဆွံ့အနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

' ဒါက လူမသိအောင် နေ နေတာလား..'

' မြို့တစ်မြို့လုံးမှာ နတ်ဆိုးမြို့တော် အလယ်ဗဟို အဆောက်အဦးပေါ်ကနေ တစ်ယောက်ယောက် ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ်ဆိုတဲ့ သတင်းတွေ ပြန့်နေပြီ.. '

" ငါနဲ့အတူ လိုက်ခဲ့ပါ.. ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး.. "

သူ၏ နောက်ကွယ်ရှိ ခေါင်မိုးထပ် တံခါးဆီသို့ တစ်စုံတစ်ယောက် တက်လာတော့မည်ကို ခံစားမိလိုက်သဖြင့် လင်းဖန်သည် လုံယဲ့၏ ပုခုံးပေါ်သို့ လက်တင်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူနှင့်အတူ ပျောက်ကွယ်သွားတော့သည်။

ခေါင်မိုးထပ် တံခါးပွင့်လာသည့်အခါ လူတိုင်းမှာ ဇဝေဇဝါ ဖြစ်လျက် ကျန်ရစ်ခဲ့ကြသည်။

မြို့လယ်ခေါင် အဆောက်အဦး၏ ခေါင်မိုးထပ်တွင် လူတစ်ဦး တစ်ယောက်မှ ရှိမနေချေ။

All Chapters