← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

Chapter 145

~

အခန်း ၁၄၅ : ဒီကောင်မလေးကို ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးနေသလိုပဲ...

~

" ဟမ်... မေ့ကျီ ..မင်းက ဒီဘုရင်ထက်အရင် နတ်ဆိုးအရှင်ကို ရှာတွေ့သွားတာပေါ့လေ.. "

လင်းဖန်သည် လုံယဲ့နှင့်အတူ အိမ်သို့ ပြန်ရောက်လာခဲ့သည်။ အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ဧည့်ခန်းထဲတွင် ထိုင်နေသော မေ့ကျီကို လုံယဲ့ တွေ့လိုက်ရ၏။

" နတ်ဆိုးအရှင်ကို ငါ ရှာတွေ့တာမဟုတ်ပါဘူး အရှင်ကပဲ ငါ့ကို ရှာတွေ့တာ .."

မေ့ကျီသည် သူ၏လက်ထဲမှ ကြက်တူရွေးလေးကိုညင်ညင်သာသာ ပွတ်သပ်ရင်း ရှက်ရွံ့သော အမူအရာဖြင့် ရှင်းပြလိုက်သည်။

လက်အောက်ငယ်သားတစ်ဦးအနေနှင့် နတ်ဆိုးအရှင်ကို ရှာမတွေ့ခဲ့ရုံသာမက အရှင်ကပင် သူတို့ကို လိုက်လံရှာဖွေခဲ့ရသဖြင့် သူသည် မိမိကိုယ်ကိုယ် အသုံးမကျဟု ခံစားနေမိသည်။

" ဒါဆိုရင် မင်းလည်း ဒီဘုရင်လိုပဲ နတ်ဆိုးအရှင် လိုက်ရှာခဲ့တာပေါ့.. "

မေ့ကျီသည်လည်း သူကဲ့သို့ပင် အရှာခံလိုက်ရသူဖြစ်ကြောင်း သိလိုက်ရသည့်အခါ လုံယဲ့သည် သူ၏စိတ်ထဲတွင် ပို၍ မျှတသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် မေ့ကျီ၏လက်ထဲမှ ကြက်တူရွေးလေးကို ဇဝေဇဝါဖြင့် ကြည့်လိုက်ပြီး...

" မင်းလက်ထဲက ငှက်က ဘာကြီးလဲ.. "

" လုံယဲ့... ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့.. ဒါက သာမန်ငှက် မဟုတ်ဘူး.. "

လုံယဲ့၏ စကားထဲမှ အထင်သေးသော လေသံကို ကြားလိုက်ရသည့်အခါ မေ့ကျီ၏ မျက်နှာမှာ တင်းမာသွားသည်။ သူက ကြက်တူရွေးလေးကို မြှောက်ပြကာ အလေးအနက် မိတ်ဆက်ပေးလိုက်သည်။

" ဒါ နတ်ဆိုးအရှင် မွေးထားတဲ့ ငှက်ပဲ .."

မေ့ကျီ၏ ချီးမွမ်းစကားကို နားလည်သွားပုံရသော ကြက်တူရွေးလေးသည် လည်ပင်းကို ဂုဏ်ယူစွာဖြင့် ထောင်လိုက်ပြီး ထုံးစံအတိုင်း လုံယဲ့ကို ယဥ်ကျေးစွာနှုတ်ဆက်လိုက်သည်။

" သောက်တုံး .."

လုံယဲ့ .. " ... "

လုံယဲ့၏ မျက်နှာထက်တွင်ဆွံ့အသွားပြီးနောက် အလွန်ပင် သဘောကျသွားသော အမူအရာ ပေါ်လာသည်။

" နတ်ဆိုးအရှင်ရဲ့ အိမ်မွေးတိရစ္ဆာန် ပြီသပါပေတယ်..စကားပြောတာကအစ လွှမ်းမိုးမှုအပြည့်ပဲ .."

" ဟုတ်တယ် မလား..ငါလည်း အဲ့ဒီလိုပဲ ထင်တယ် .."

မေ့ကျီသည်လည်း စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို့ ခေါင်းညိတ် ထောက်ခံလိုက်သည်။

" နင်တို့နှစ်ယောက် တော်ကြပါတော့... "

အနီးနားတွင် ရပ်နေသော လုံယွဲ့သည် ဆက်ကြည့်မနေနိုင်တော့ဘဲ ကြားဖြတ် ပြောလိုက်မိသည်။

ဤအသုံးမကျသော ငှက်ကလေးမှာ သိသိသာသာကြီး ရိုင်းစိုင်းနေခြင်းဖြစ်သော်လည်း သူတို့၏ နားထဲတွင်မူ လွှမ်းမိုးမှုရှိခြင်းနှင့် စွမ်းအားကြီးခြင်းတို့၏ ပြယုဂ် ဖြစ်နေတော့သည်။

သူတို့သည် ဆဲဆိုခံရခြင်းကို ဒေါသထွက်မည့်အစား ဂုဏ်ပင် ယူနေကြသေး၏။

'နတ်ဆိုးနယ်မြေက လူတွေအားလုံးက ဒီလောက်တောင် ထူးဆန်းနေကြတာလား..'

သူမ တကယ်ပင် နားမလည်နိုင်တော့ချေ။

" ဟမ်.. "

လုံယဲ့ အသံကြားရာသို့ လှည့်ကြည့်လိုက်ရာ အိပ်ခန်းတံခါးဝတွင် ရပ်နေသော လုံယွဲ့ကို တွေ့လိုက်ရသည်။ သူ မျက်မှောင်အနည်းငယ် ကြုတ်ပြီး လုံယွဲ့ကို သေချာ စူးစမ်းကြည့်ရှုနေလေသည်။

" ဒီမိန်းကလေးက ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ..အရင်က ငါ မင်းကို တစ်နေရာမှာ တွေ့ဖူးသလား.. "

လုံယွဲ့ .. " ... "

လုံယဲ့က သူမကိုပင် မမှတ်မိတော့သည်ကို တွေ့ရသည့်အခါ လုံယွဲ့မှာ အလွန်ပင် ဆွံ့အသွားသည်။ ထို့နောက် သူမ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူမ၏ ထုံးစံအတိုင်း အင်မော်တယ် ဧကရီတစ်ဦး၏ မာန်မာနအပြည့်ရှိသော အမူအရာနှင့် လေသံကို ပြောင်းလဲလိုက်သည်။

" အခုကော... ဒီဧကရီကို မှတ်မိပြီလား "

လုံယဲ့ ... " ... "

လုံယဲ့၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ မျက်ဝန်းများမှာလည်း ရုတ်တရက် ရွှေရောင် ဒေါင်လိုက်သူငယ်အိမ်များအဖြစ် ပြောင်းလဲသွားကာ သူ၏ အရေပြားပေါ်တွင်လည်း အစိမ်းရင့်ရောင် နဂါးအကြေးခွံများ ပေါ်ထွက်လာသည်။

" အင်မော်တယ် ဧကရီ... "

သူ စကားပြောပြီးသည်နှင့် လင်းဖန်က လုံယဲ့၏ နောက်ကျောကို အနောက်မှနေ၍ ဆောင့်ကန်လိုက်သဖြင့် သူ၏ နဂါးအသွင်ပြောင်းလဲမှုမှာ ရပ်တန့်သွားသည်။

" ဒုန်း ..."

လုံယဲ့သည် ကြမ်းပြင်ပေါ်တွင် လျှောတိုက်ပါသွားပြီး နံရံနှင့်တိုက်မိမှ ရပ်တန့်သွား၏။ သူ ခေါင်းကို လှည့်ကာ လင်းဖန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

" နတ်ဆိုးအရှင်... ကျွန်တော့်ကို ဘာလို့ တားတာလဲ.. "

" ဟင်း... ဟင်း .."

မေ့ကျီက နှာခေါင်းရှုံ့ကာ ဆရာကြီးစတိုင်ဖြင့် လုံယွဲ့၏ ဘေးသို့ လမ်းလျှောက်သွားသည်။ ထို့နောက် ဒူးတစ်ဖက်ထောက်ကာ အလွန်ပင် ရိုသေလေးစားသော အမူအရာဖြင့် လုံယွဲ့ကို မိတ်ဆက်ပေးလိုက်သည်။

" မင်းရှေ့မှာ ရှိနေတဲ့သူက အင်မော်တယ် နယ်မြေရဲ့ ဧကရီသက်သက် မဟုတ်တော့ဘူး...နတ်ဆိုးအရှင်သခင်ရဲ့ ချစ်လှစွာသော ကြင်ယာဘက်... ငါတို့ နတ်ဆိုးနယ်မြေရဲ့ မြင့်မြတ်လှတဲ့ အရှင်မပဲ... "

ထိုစကားကြောင့် လုံယွဲ့၏ လှပသော မျက်နှာလေးမှာ ပန်းသီးလေးလို နီရဲသွားသည်။

'သာမန်ပဲ မိတ်ဆက်ပေးရင် ရနေတာကို အခုလိုမျိုး ဂုဏ်ပုဒ်တွေ ပြောပြဖို့ လိုအပ်လို့လား..'

လုံယဲ့၏ မျက်ဝန်းများတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် လင်းဖန်ကို ကြည့်လိုက်ပြီးနောက် ရှေ့မှ လုံယွဲ့ကို ထပ်မံ လှည့်ကြည့်လိုက်သည်။

'အင်မော်တယ် နယ်မြေရဲ့ ဧကရီက တကယ်ပဲ နတ်ဆိုးနယ်မြေရဲ့ အရှင်မ ဖြစ်သွားတာလား..'

ခဏတာ မှင်သက်သွားပြီးနောက် လုံယဲ့သည် တစ်စုံတစ်ခုကို နားလည်သွားပုံရပြီး မေ့ကျီကဲ့သို့ပင် အလွန်ပင် လေးစားအားကျသော အမူအရာ ပေါ်လာသည်။

" ကျွန်တော်တို့ မရှိတဲ့အချိန်မှာ နတ်ဆိုးအရှင်က အင်မော်တယ် ဧကရီကိုတောင် သိမ်းပိုက်နိုင်ခဲ့ပြီပဲ .."

" ဒီဧကရီကို သိမ်းပိုက်ခဲ့တာ မဟုတ်ဘူးလို့ ပြောနေတယ်နော်.. "

လုံယွဲ့သည် သူမ၏ လက်သီးလေးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ဒေါသထွက်နေသော အသံဖြင့် ပြန်ပြောလိုက်သည်။

သူမ နတ်ဆိုးအရှင်နှင့် အတူရှိနေသည်ဟု ကြားလိုက်ရသည့်အခါတိုင်း လူတိုင်း၏ ပထမဆုံး တုံ့ပြန်မှုမှာ သူမ သိမ်းပိုက်ခံလိုက်ရသည်ဟူသော အချက် ဖြစ်နေချေသည်။

" လုံယဲ့... မင်းကို ငါ မေးမယ်.. ယင်းနွီနဲ့ စီရင်စုအရှင် ရှန့် တို့ ဘယ်မှာလဲဆိုတာ သိသလား.. "

လင်းဖန်က လုံယဲ့၏ ဘေးသို့ လမ်းလျှောက်သွားကာ မေးလိုက်သည်။

သူ၏ လက်အောက်ခံ နတ်ဆိုးစစ်သူကြီး လေးဦးစလုံး ဤခရီးကို လိုက်လာကြကြောင်း မေ့ကျီထံမှ သူ သိခဲ့ရသည်။

လောလောဆယ်တွင် မေ့ကျီနှင့် လုံယဲ့တို့အပြင် အခြားနှစ်ဦးမှာ အပြင်တွင် ကျန်ရှိနေသေးသည်။

မေ့ကျီနှင့် လုံယဲ့တို့ နှစ်ဦးတည်းနှင့်ပင် သူတို့၏ အထောက်အထားများ ပေါ်လုနီးပါး ဖြစ်ခဲ့ရ၏။ အကယ်၍ ကျန်ရှိသော နှစ်ဦးကို အချိန်မီ မရှာနိုင်လျှင် နောက်နောင်တွင် ထူးဆန်းသော သတင်းများ တက်လာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

" တောင်းပန်ပါတယ် နတ်ဆိုးအရှင်.. ကျွန်တော်တို့ လေးယောက်လုံး ဟင်းလင်းပြင် လမ်းကြောင်းကို ဖြတ်ကျော်လာတုန်းက လူစုကွဲသွားခဲ့ရတာပါ .."

" ကျွန်တော် ဒီကမ္ဘာရဲ့ တောင်တန်းတွေထဲကို ကျလာတုန်းက ကျွန်တော် တစ်ယောက်တည်းပါပဲ.. ယင်းနွီနဲ့ စီရင်စုအရှင် တို့ရဲ့ အရိပ်အယောင်ကို မတွေ့ခဲ့ရပါဘူး .."

လုံယဲ့က ထရပ်ကာ စိတ်မကောင်းစွာဖြင့် ခေါင်းခါပြလိုက်ပြီးနောက် အားပေးစကား ထပ်ပြောလိုက်သည်။

" နတ်ဆိုးအရှင် စိုးရိမ်စရာ မလိုပါဘူး..ယင်းနွီ နဲ့ စီရင်စုအရှင် တို့ရဲ့ စွမ်းအားနဲ့ဆိုရင် ဒီကမ္ဘာက လူသားတွေ သူတို့ကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး .."

" ...အဲ့ဒါကို ငါ စိုးရိမ်နေတာ မဟုတ်ဘူး .."

လင်းဖန်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

ယင်းနွီ နှင့် စီရင်စုအရှင် တို့သည် နတ်ဆိုးနယ်မြေ၏ နတ်ဆိုးစစ်သူကြီး လေးဦးထဲမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့တွင် တစ်ခုခု ဖြစ်သွားမည်ကို သူ မစိုးရိမ်ချေ။

ယင်းထက် ဆန့်ကျင်ဘက်အနေနှင့် သူတို့ကို တွေ့ဆုံမည့်သူများ ဘာဖြစ်သွားမလဲဆိုသည်ကိုသာ သူ စိုးရိမ်နေခြင်း ဖြစ်သည်။

" ယင်းနွီ နဲ့ စီရင်စုအရှင် တို့ကိုတော့ မနက်ဖြန်ကျမှ ငါ သွားရှာမယ်.. ဒီနေ့တော့ ဒီလောက်နဲ့ပဲ ရပ်ကြတာပေါ့.. "

" မင်းတို့နှစ်ယောက် ဒီည ဧည့်ခန်းမှာပဲ အိပ်ကြ.. "

ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ သိမ်းဆည်းထားသော စောင်များကို ယူ၍ မေ့ကျီနှင့် လုံယဲ့တို့ထံသို့ လှမ်းပစ်ပေးလိုက်သည်။

" နတ်ဆိုးအရှင်.. ကျွန်တော်တို့ ကြမ်းပြင်ပေါ်မှာ တရားထိုင်နေရုံနဲ့တင် ရပါပြီ.. အရှင်ပေးသနားတဲ့ အိပ်ရာပစ္စည်းတွေကို လက်ခံဖို့ ကျွန်တော်တို့မှာ ဘယ်လိုလုပ် အရည်အချင်း ရှိပါ့မလဲ.. "

သူ၏ လက်ထဲမှ စောင်များကို ကြည့်ကာ မေ့ကျီက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။

သူ့အမြင်တွင် သူနှင့် လုံယဲ့တို့သည် နတ်ဆိုးအရှင်သခင်ကို ဒုက္ခများစွာ ပေးခဲ့ပြီးသား ဖြစ်ရာ အရှင်၏ ကျေးဇူးတော်ကို ထပ်မံ ခံယူရန် အရည်အချင်း မရှိတော့ဟု သူ ထင်နေသည်။

" ရပါတယ်..ဒါတွေက အပိုစောင်တွေမို့လို့ ယူပြီး သုံးလိုက်ကြပါ.. "

လင်းဖန်က လက်ကာပြလိုက်ပြီး မေ့ကျီကို ဘာမှ ထပ်မပြောရန် အရိပ်အယောင် ပြလိုက်သည်။

၎င်းကို မြင်လိုက်ရသည့်အခါ မေ့ကျီသည် သူ၏ အခြားစကားများကို ပြန်သိမ်းလိုက်ပြီး သူ၏ မျက်နှာတွင် ကျေးဇူးတင်မှုနှင့် ရှက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

သူ့ကဲ့သို့ အသုံးမကျဘဲ နတ်ဆိုးအရှင်ကို အမြဲ ဒုက္ခပေးနေသော လက်အောက်ငယ်သား တစ်ဦးအပေါ်မှာပင် အရှင်သည် အမြဲကြင်နာမှု ထားနေ၏။

ထိုသို့ တွေးလိုက်မိသည့်အခါ မေ့ကျီသည် သူ၏လက်ထဲမှ စောင်များကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်နှာကို စောင်ထဲသို့ နက်ရှိုင်းစွာ နှစ်လိုက်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူ၏ မျက်နှာတွင် မိန်းမောသွားသော အမူအရာ ပေါ်လာသည်။

" ဟင်း... ဒီစောင်တွေထဲမှာ နတ်ဆိုးအရှင်သခင်ရဲ့ အငွေ့အသက်တွေ ကျန်နေသေးတယ်.. "

လင်းဖန် ... " ... "

လုံယွဲ့ ... " ... "

ဆေးစွဲနေသူတစ်ဦးကဲ့သို့ ပြုမူနေသော မေ့ကျီကို ကြည့်ပြီး လင်းဖန်သည် သူ၏ ဆုံးဖြတ်ချက်ကို ချက်ချင်းပင် နောင်တရသွားတော့သည်။

" မေ့ကျီ... မင်း အဲ့ဒီစောင်ကို ငါ့ကို ပြန်ပေးရင် ကောင်းမယ် ထင်တယ်.. မင်း ဒီည ကြမ်းပြင်ပေါ်မှာပဲ အိပ်လိုက်တော့.. "

" ဟင်.. "

မေ့ကျီ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပြောင်းလဲသွားပြီး လင်းဖန်ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ နတ်ဆိုးအရှင်ကို စိတ်ဆိုးအောင် တစ်ခုခု လုပ်လိုက်မိပြန်လေပြီလော။ နတ်ဆိုးအရှင်က ပေးသနားထားသော စောင်ကို မည်သည့်အတွက်ကြောင့် ရုတ်တရက် ပြန်တောင်းနေရသနည်း။

Chapter 146

~

အခန်း ၁၄၆ : ခွင့်ပြုပါဦးရှင့် ...ရှင်က နတ်ဆိုးအရှင်လား...

~

နောက်တစ်နေ့ မွန်းတည့်ချိန်...

မေ့ကျီနှင့် လုံယဲ့တို့ အပြင်တွင် နောက်ထပ် ပြဿနာများ ထပ်မံ မဖန်တီးနိုင်စေရန်အတွက် လင်းဖန်သည် သူတို့နှစ်ဦးလုံးကို အိမ်မှာပင် ထားခဲ့ပြီး ယင်းနွီနှင့် စီရင်စုအရှင်ရှန့်တို့ကို ရှာဖွေရန် တစ်ယောက်တည်း ထွက်လာခဲ့သည်။

သို့ရာတွင် သူ နတ်ဆိုးမြို့တော်၏ နေရာအနှံ့အပြားကို ရှာဖွေခဲ့သော်လည်း ထိုနှစ်ယောက်၏ အရိပ်အယောင်ကို လုံးဝပင် ရှာမတွေ့ပေ။

သတင်းများတွင်လည်း မေ့ကျီနှင့် လုံယဲ့တို့တုန်းကကဲ့သို့ အာရုံစိုက်ခံရသည့် ဆူညံပွက်လောရိုက်မှုမျိုး မရှိဘဲ တိတ်ဆိတ်နေသဖြင့် ကျယ်လွန်းလှသော နတ်ဆိုးမြို့တော်ကြီးထဲတွင် ထိုနှစ်ဦးကို ရှာဖွေရသည်မှာ ခက်ခဲနေချေသည်။

တစ်မနက်လုံး ရှာဖွေခဲ့သော်လည်း နောက်ဆုံးတွင် လက်ဗလာနှင့်သာ ပြန်လာခဲ့ရသဖြင့် အိမ်သို့ ပြန်ကာ အခြားနည်းလမ်းကို ရှာဖွေရန်သာ တတ်နိုင်တော့သည်။

" နတ်ဆိုးအရှင်... အရှင် ပြန်လာပြီပဲ... "

လင်းဖန် အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ဆိုဖာပေါ်တွင် ထိုင်နေကြသော မေ့ကျီနှင့် လုံယဲ့တို့သည် ချက်ချင်းထရပ်ပြီး ရင်ဘတ်ပေါ် လက်တင်၍ အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်ကြသည်။

လင်းဖန်က လက်ကို ဝေ့ယမ်းပြလိုက်၏။ သူ၏ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေသဖြင့် ဆိုဖာတစ်ခုပေါ်တွင် ထိုင်ချလိုက်ကာ မျက်ခုံးနှစ်ခုကြားကို လက်ဖြင့် နှိပ်ထားလိုက်သည်။

ယင်းနွီနှင့် စီရင်စုအရှင်ရှန့်တို့သည် နတ်ဆိုးမြို့တော်၏ တစ်နေရာရာတွင် ရှိနေဦးမည်ဟူသော အတွေးဝင်လာသောအခါ သူ အနည်းငယ် စိုးရိမ်လာမိပြန်သည်။

ယင်းနွီ၏ စရိုက်မှာ အနည်းငယ် ကြောင်တောင်တောင်နိုင်လှသည်။ သူမ၏ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမလိုသော်လည်း တစ်စုံတစ်ယောက်၏ လှည့်ဖြားမှုကို ခံရကာ ပြည်ပသို့ အခေါ်ခံရခြင်း သို့မဟုတ် ပြန်ပေးဆွဲခံရခြင်းမျိုး ဖြစ်သွားလျှင် နောက်ပိုင်းတွင် ရှာဖွေရသည်မှာ ပို၍ပင် ခက်ခဲသွားနိုင်၏။

စီရင်စုအရှင်ရှန့်၏ စရိုက်မှာမူ နောက်ပြောင်တတ်ပြီး လွတ်လပ်မှုကို မြတ်နိုးကာ စိတ်အလိုလိုက်တတ်သူ ဖြစ်သည်။ သူမ စိတ်ချမ်းသာနေချိန်တွင် ပြဿနာမရှိသော်လည်း စိတ်အလိုမကျ ဖြစ်သွားသည့်အခါ နောက်တစ်စက္ကန့်မှာပင် နတ်ဆိုးမြို့တော်ပေါ်သို့ ကောင်းကင်မှ ဥက္ကာခဲတစ်ခု ပြုတ်ကျလာလျှင် သူ အံ့သြမိမည်မဟုတ်ချေ။

" လင်းဖန်... ရှင် သူတို့ကို ရှာတွေ့ခဲ့လား... "

လုံယွဲ့က လင်းဖန်၏ နောက်သို့ လမ်းလျှောက်လာပြီး သူမ၏ သွယ်လျသော လက်ချောင်းလေးများဖြင့် ပုခုံးကို အသာ နှိပ်နယ်ပေးလိုက်သည်။

" မတွေ့သေးဘူး... "

လင်းဖန်က ခေါင်းခါပြီး ပြောလိုက်၏။

" စီရင်စုအရှင်နဲ့ ယင်းနွီတို့က တကယ်ကို အသုံးမကျဘူး.. နတ်ဆိုးအရှင်ကို ဒုက္ခပဲ ပေးနေကြတာ... "

" ဒီဘုရင်သာ သူတို့ကို ရှာတွေ့လို့ကတော့ သေချာပေါက် သင်ခန်းစာ ပေးရမယ်... "

လုံယဲ့က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ မကျေမနပ် ပြောလိုက်သည်။

လင်းဖန်က မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး သူ့ကို စိတ်ပျက်သော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

' မင်းကတောင် ယင်းနွီနဲ့ စီရင်စုအရှင်ရှန့်ကို အဲ့ဒီလို ပြောရဲသေးတယ်ပေါ့.. '

" နတ်ဆိုးအရှင်... အရှင့်ရဲ့ လက်အောက်ငယ်သားဖြစ်တဲ့ ကျွန်တော်လည်း အပြင်ထွက်ပြီး ကူရှာပေးချင်ပါတယ်... "

မေ့ကျီက ခွင့်တောင်းလိုက်သည်။

" မလိုဘူး.. မင်းတို့နှစ်ယောက်လုံး ဒီအရှင်အတွက် ဒီမှာပဲ ငြိမ်ငြိမ်လေး နေပေးကြစမ်းပါ ..."

လင်းဖန်က စဉ်းစားမနေဘဲ ချက်ချင်းပင် ငြင်းပယ်လိုက်သည်။

" ဘာဖြစ်လို့လဲ .. ကျွန်တော်လည်း အရှင့်ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှချင်တယ်လေ...သေချာပေါက် အရှင့်ကို ဒုက္ခမဖြစ်စေရပါဘူး ..."

မေ့ကျီက ကြောင်အအ ဖြစ်သွားပြီး အလေးအနက် တောင်းဆိုလိုက်၏။

ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူသည် နတ်ဆိုးအရှင်သခင်ကို ဒုက္ခများသာ ပေးနေခဲ့သဖြင့် ယခုအခါတွင် သူ၏ စွမ်းဆောင်ရည်ကို ပြသကာ အရှင့်၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးချင်နေမိသည်။

ဘေးတွင် ထိုင်နေသော လုံယဲ့ကလည်း လက်ပိုက်၍ ခေါင်းညိတ် ထောက်ခံနေသည်။

လင်းဖန်က သူတို့နှစ်ဦးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောလိုတော့ပေ။

ဆက်ကျူးဘတ်စ် မျိုးနွယ်စုများသည် ပင်ကိုယ်အားဖြင့်ပင် ဆွဲဆောင်မှုရှိသော စွမ်းရည်တစ်ခု ပါရှိပြီးသား ဖြစ်သည်။ တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် လူများကို အကြောင်းပြချက်မရှိဘဲ သူတို့နှင့် နီးစပ်ချင်စိတ်နှင့် နှစ်သက်မြတ်နိုးစိတ်ကို ဖြစ်ပေါ်စေနိုင်သည်။

အစပိုင်းတွင် သူသည် ဆက်ကျူးဘတ်စ် မျိုးနွယ်စုများမှ ထွက်ပေါ်လာသော အထူး ဝိညာဉ်ချီစွမ်းအားကြောင့်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုသည်မှာ ဝိညာဉ်ချီစွမ်းအားကြောင့်သာမဟုတ်ဘဲ သူတို့၏ ကောင်းကင်ဘုံကိုပင် အံတုနိုင်သော အလှတရားကြောင့်ဖြစ်ကြောင်း သိလိုက်ရသည်။

မေ့ကျီသည် ဆက်ကျူးဘတ်စ် မျိုးနွယ်စု၏ ထိပ်တန်း အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ လက်ရှိတွင် သူသည် မည်သည့် ဝိညာဉ်ချီစွမ်းအားကိုမျှ ထုတ်လွှတ်မနေသော်လည်း သတ္တဝါအားလုံးကို ဆွဲဆောင်နိုင်သော သူ၏ မျက်နှာမှာ လမ်းပေါ်တွင် ရပ်နေရုံနှင့်ပင် မရေမတွက်နိုင်သော အမျိုးသမီးငယ်များကို ဖမ်းစားနိုင်ရန် လုံလောက်နေသည်။

သူသာ အပြင်ထွက်လိုက်သည်နှင့် အာရုံမစိုက်မိအောင် သိုသိုသိပ်သိပ် နေရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။

လုံယဲ့အကြောင်း ပြောရလျှင်လည်း သူ ရောက်လာသည့် ပထမဆုံးနေ့မှာတင် မြို့လယ်ခေါင် အဆောက်အဦးမှ လူတစ်ယောက် ခုန်ချတော့မည်ဟူသော သတင်းကြီးကို ဖန်တီးလုနီးပါး ဖြစ်ခဲ့သည်။ သူ၏ စရိုက်မှာ ပင်ကိုယ်အားဖြင့်ပင် ဒေါသကြီးပြီး တိုက်ခိုက်လိုစိတ် ရှိသူဖြစ်ရာ သူတို့နှစ်ဦးကို အပြင်သို့ လွှတ်ရန် သူ မည်သို့ စိတ်ချနိုင်ပါမည်နည်း။

သူတို့က ဘာကြောင့်လဲဆိုပြီး မေးရဲသည့် သတ္တိကိုပင် သူ အံ့သြနေမိသည်။

" ဒါဆိုရင်... ကျွန်မ အပြင်ထွက်ပြီး ကူရှာပေးရမလား... "

မေ့ကျီနှင့် လုံယဲ့တို့ကို အပြင်လွှတ်ရန် လင်းဖန် စိတ်မအေးဖြစ်နေသည်ကို မြင်သောအခါ လုံယွဲ့က အကြံပြုသည်။

" ရပါတယ်... မလိုပါဘူး.. ငါ့ဘာသာပဲ ရှာလိုက်ပါ့မယ်... "

" တကယ်လို့ ငါ တကယ် ရှာမတွေ့တော့ဘူးဆိုရင် ငါ့ရဲ့ ဝိညာဉ်ချီစွမ်းအားကိုပဲ ထုတ်လွှတ်လိုက်မယ်.. ယင်းနွီနဲ့ စီရင်စုအရှင်တို့က ဒီမြို့ထဲမှာ ရှိနေသရွေ့ ငါ့ရဲ့ အငွေ့အသက်ကို ခံစားမိကြမှာပါ.. "

လင်းဖန်က သူ၏ ပုခုံးပေါ်မှ လုံယွဲ့၏ လက်ကလေးကို ကျေးဇူးတင်စွာဖြင့် ဆုပ်ကိုင်လိုက်ပြီး ငြင်းပယ်ရန်အတွက် ခေါင်းကို အသာခါယမ်းပြလိုက်သည်။

ဤနေရာတွင် နေထိုင်လာခဲ့သည့် ကာလအတွင်း လုံယွဲ့သည် ဤကမ္ဘာနှင့် အပြည့်အဝ နီးပါး ရောနှောဝင်ဆံ့သွားပြီ ဖြစ်သည်။ သူမသာ အပြင်ထွက်ရှာလျှင်လည်း အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်မည်ကို သူ စိုးရိမ်စရာမလိုသဖြင့် သူမသည် မေ့ကျီနှင့် လုံယဲ့တို့ထက် ပို၍ အားကိုးနိုင်ပေသည်။

သို့သော်လည်း နတ်ဆိုးမြို့တော်ကဲ့သို့ ကျယ်ပြောလှသော နေရာမျိုးအတွက် လူတစ်ဦး သို့မဟုတ် နှစ်ဦး ပိုရှာခြင်းမှာ သမုဒ္ဒရာထဲသို့ ရေတစ်စက် ချလိုက်သကဲ့သို့ပင် ထူးခြားမှု မရှိချေ။

သူ့တွင် အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်သည်။ အကယ်၍ ရှာမတွေ့လျှင် သူ၏ ဝိညာဉ်စွမ်းအားကို ခဏတာထုတ်လွှတ်လိုက်မည် ဖြစ်သည်။ ယင်းနွီနှင့် စီရင်စုအရှင်တို့သည် သူ၏ ဝိညာဉ်အငွေ့အသက်ကို ခံစားမိသည်နှင့် သေချာပေါက် သူ့ကို လာရောက် ရှာဖွေကြပေလိမ့်မည်။

ဤသည်က ဝိညာဉ်စွမ်းအား အချို့ကို ကုန်ဆုံးစေမည် ဖြစ်သော်လည်း အကောင်းဆုံးနှင့် အလွယ်ကူဆုံး နည်းလမ်းလည်း ဖြစ်သည်။

" မွန်းတည့်ပြီပဲ.. အရင် စားကြရအောင်.. "

" မင်းတို့ ဘာစားချင်လဲ... "

လင်းဖန်က လှည့်၍ မေ့ကျီနှင့် လုံယဲ့ကို မေးလိုက်သည်။

မေ့ကျီနှင့် လုံယဲ့တို့မှာ အံ့သြသွားကြသည်။

သူတို့ အင်မော်တယ် ဧကရာဇ်များ ဖြစ်လာကတည်းက စားသည် ဟူသော စကားလုံးကို မကြားရသည်မှာ မည်မျှ ကြာမြင့်သွားပြီမှန်း မသိတော့ပေ။

သူတို့ တစ်ခုခုကို စားသည့်အခါတွင်လည်း များသောအားဖြင့် ဝိညာဉ်ရည်များ သို့မဟုတ် ထူးခြားသော ဆေးလုံးများကိုသာ စားတတ်ကြသည်။သို့မဟုတ်လျှင်လည်း အရက်ကိုသာ သောက်သုံးတတ်ကြပြီး ဗိုက်ဆာ၍ စားသောက်ခြင်းမျိုးဆိုသည်က သူတို့နှင့် သက်ဆိုင်တော့ချေ။

" မင်းတို့အားလုံးက မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားကို ချိပ်ပိတ်ထားကြတာ မလား.. ခန္ဓာကိုယ်ကို ထောက်ပံ့ပေးမယ့် ဝိညာဉ်စွမ်းအား မရှိဘဲနဲ့ အချိန်မီ မစားဘူးဆိုရင် သာမန်လူသားတွေလိုပဲ မကြာခင်မှာ ဗိုက်ဆာလာလိမ့်မယ်.. "

လုံယွဲ့ ပထမဆုံး ရောက်လာတုန်းကကဲ့သို့ အိမ်တွင် ငတ်သေလုနီးပါး ဖြစ်ခဲ့သည့် ဖြစ်ရပ်မျိုး ထပ်မဖြစ်ရလေအောင် လင်းဖန်က သတိပေးလိုက်ခြင်း ဖြစ်သည်။

ကျင့်ကြံသူများသည် ဝိညာဉ်ချီစွမ်းအား ဆုံးရှုံးသွားသည့်အခါ ခေတ္တခဏအတွင်း ဗိုက်ဆာခြင်းကို ခံစားရမည်မဟုတ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ် လုပ်ဆောင်ချက်များကို ထိန်းသိမ်းရန်အတွက် ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသော ဝိညာဉ်ချီစွမ်းအားများကို တဖြည်းဖြည်းချင်း ကုန်ဆုံးစေမည် ဖြစ်သည်။

ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီစွမ်းအားများအားလုံး လုံးဝ ကုန်ဆုံးသွားသည့်အခါတွင်မူ အချိန်အတော်ကြာ အစာမစားထားသော ထိုခန္ဓာကိုယ်များတွင် အလွန်ပြင်းထန်သော ဆာလောင်မှု ဝေဒနာမှာ ပေါ်ပေါက်လာလိမ့်မည်။

မေ့ကျီနှင့် လုံယဲ့တို့ ဤကမ္ဘာသို့ ရောက်ရှိလာသည့်အခါ သူတို့တွင် ဝိညာဉ်ချီစွမ်းအား အများကြီး မကျန်ရှိတော့ပေ။ထို့အပြင် ဝိညာဉ်စွမ်းအားများ ယိုစိမ့်မှု မရှိစေရန်အတွက်လည်း သူတို့ကိုယ်တိုင် ချိပ်ပိတ်ထားကြသေးသည်။ တစ်ရက်နီးပါး ကြာမြင့်လာပြီးနောက် ယခုအချိန်တွင် သူတို့၏ ခန္ဓာကိုယ်မှာ ဆာလောင်မှုကို ခံစားနေရသင့်လေပြီ ။

" အခု နတ်ဆိုးအရှင် ပြောမှပဲ ကျွန်တော် နည်းနည်း ဗိုက်ဆာလာသလို ခံစားရတယ်.. "

မေ့ကျီနှင့် လုံယဲ့တို့သည် သူတို့၏ ဗိုက်ကို စမ်းကြည့်လိုက်ရာ အမှန်တကယ်ပင် ဗိုက်ဆာသည့် အရိပ်အယောင်ကို ခံစားလိုက်ရသည်။

သူတို့နှစ်ဦးအတွက်မူ နှစ်ပေါင်း ရာနှင့်ချီကာ ကြာမြင့်ပြီးနောက်တွင် ပထမဆုံးအကြိမ် ပြန်လည် ရရှိသော အတွေ့အကြုံသစ် တစ်ခု ဖြစ်နေချေသည်။

" ဒီနေ့ ငါ နည်းနည်း နောက်ကျမှ ပြန်လာတာဆိုတော့ ဟင်းမချက်တော့ဘူး.. အပြင်ကပဲ မှာစားကြစို့.. "

" လုံယွဲ့... မင်း ဘာစားချင်လဲ.. "

လင်းဖန်က ခေါင်းကို နောက်သို့ လှည့်ကာ သူ၏နောက်ကွယ်မှ လုံယွဲ့ကို မေးလိုက်သည်။

လုံယွဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် ပြန်ဖြေသည်။

" ငန်းကင် "

" ကောင်းပြီ.. ဒါဆိုရင် ငါတို့ ငန်းကင် မှာကြတာပေါ့.. မင်းတို့နှစ်ယောက်ကော.. "

လုံယွဲ့ စားချင်သည်ကို အတည်ပြုပြီးနောက် လင်းဖန်သည် မေ့ကျီနှင့် လုံယဲ့ကို ကြည့်လိုက်သည်။

မေ့ကျီနှင့် လုံယဲ့တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ဘာပြောရမှန်း မသိဖြစ်နေကြသည်။

အမှန်အတိုင်း ပြောရလျှင် သူတို့ တစ်ခုခုကို မစားရသည်မှာ ကြာမြင့်လှပြီဖြစ်ရာ ဟင်းလျာအမည်တစ်ခုကိုပင် ချက်ချင်း မပြောနိုင်ကြချေ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူတို့က ဤသို့သာ ပြောနိုင်တော့သည်။

" နတ်ဆိုးအရှင် စီစဉ်ပေးသမျှကိုပဲ ကျွန်တော်တို့ နာခံပါ့မယ်... "

" အင်း... ဒါဆိုရင် မင်းတို့ တစ်ယောက်ချင်းစီအတွက် ဝက်ပေါင်စတူး ထမင်း အကြီးစား တစ်ပွဲစီ မှာပေးမယ်... "

လင်းဖန်သည် သူ၏ဖုန်းကို ထုတ်လိုက်ပြီး ပို့ဆောင်ရေး အက်ပလီကေးရှင်းပေါ်မှ ဝက်ပေါင်စတူး ထမင်း အပို နှစ်ပွဲကို မှာယူလိုက်သည်။

နူးညံ့ပြီး စေးကပ်နေသော ဝက်ပေါင်နှင့် ဆော့စ်ရည်မှာ ထမင်းနှင့် စားရန် အကောင်းဆုံး ဟင်းလျာတစ်ခု ဖြစ်သည်။ ဝက်ပေါင်စတူး ထမင်းကို မကြိုက်သော ယောကျ်ားလေးမှာ ရှားပါးလှသည်။

မှာယူပြီး နာရီဝက်ခန့်အကြာတွင် ပို့ဆောင်သူထံမှ တံခါးခေါက်သံ ကြားလိုက်ရသည်။

" မင်္ဂလာပါ.. အစားအသောက် လာပို့တာပါ .."

" လာပြီ.. "

လင်းဖန်က ပြန်ထူးလိုက်ပြီး တံခါးကို ဖွင့်ကာ ပို့ဆောင်သူ၏ လက်ထဲမှ အထုပ်ကို ယူလိုက်သည်။

ပို့ဆောင်သူက လင်းဖန်ကို အထုပ်ပေးပြီး လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ရပ်တန့်သွားသည်။ သူမ မျက်မှောင် ကြုတ်၍ လင်းဖန်ကို သေသေချာချာ စူးစမ်းကြည့်နေသည်။

'တစ်နေရာရာမှာ မြင်ဖူးသလိုပဲ...'

ပို့ဆောင်သူမှာ မထွက်သွားဘဲ သူ့ကို လိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းဖန်က ဇဝေဇဝါဖြင့် မေးလိုက်မိသည်။

" တခြား ဘာရှိသေးလို့လဲ... "

ပို့ဆောင်သူက ပြန်မဖြေ။ ထိုအစား သူမ၏ဖုန်းကို ထုတ်လိုက်ပြီး စကားပြောအဖွဲ့ တစ်ခုကို ဖွင့်ကာ မင်ပန်းချီကား ပုံ တစ်ပုံကို နှိပ်လိုက်ပြီး သူမ၏ရှေ့မှ လင်းဖန်နှင့် သေသေချာချာ နှိုင်းယှဉ်ကြည့်နေသည်။

'တူလိုက်တာ.. တကယ်ကို တူတာပဲ..'

" ခွင့်ပြုပါဦး... ရှင်က နတ်ဆိုးအရှင် လား ..."

ထိုစကားကြောင့် လင်းဖန်သာမက အခန်းထဲရှိ လူအားလုံး၏ အကြည့်မှာ ပို့ဆောင်သူထံသို့ ချက်ချင်းပင် ရောက်ရှိသွားကြပြီး လေထုမှာလည်း ခဏချင်းပင် အေးစက် တင်းမာသွားတော့သည်။

' နတ်ဆိုးအရှင်ရဲ့ အထောက်အထားက ပေါ်သွားပြီလား.. '

All Chapters