← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

Chapter 147

~

အခန်း ၁၄၇ : သူတကယ်ပဲ နတ်ဆိုးအရှင်လား...

~

" မင်း ဘယ်သူလဲ.. မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ.. "

လင်းဖန်က မျက်မှောင်ကြုတ်ပြီး အစားအသောက် ပို့ဆောင်သူကို သတိကြီးစွာဖြင့် စိုက်ကြည့်လိုက်သည်။

ဤကမ္ဘာသို့ ပြန်ရောက်ကတည်းက သူသည် သူ၏ အထောက်အထားကို အတတ်နိုင်ဆုံး ဖုံးကွယ်ထားခဲ့သည်။ လက်ရှိတွင် ဤအိမ်ထဲရှိ လူများမှလွဲ၍ အခြားသူတစ်ဦးတစ်ယောက်မှ သူ့ကို မသိနိုင်ပေ။

သို့သော်လည်း ယခု သူ၏ရှေ့မှ အစားအသောက် ပို့ဆောင်သူမှာ သူ့ကို မြင်မြင်ချင်းမှာပင် အထောက်အထားကို သိရှိနေသည်။

သူမထံမှ ထွက်ပေါ်နေသော အငွေ့အသက်ကို ကြည့်ရသလောက် သူမသည် မည်သည့် ကျင့်ကြံခြင်း စွမ်းအားမျှ မရှိသော သာမန်လူသားတစ်ဦးသာ ဖြစ်ရာ လင်းဖန်၏ အထောက်အထားကို သိရန်အကြောင်းမရှိချေ။

ကျန်ရှိနေသော တစ်ခုတည်းသော အဖြေမှာ တစ်စုံတစ်ယောက်က လင်းဖန်၏ အကြောင်းကို သူမအား ပြောပြထားပြီး ဤနေရာသို့ တမင်တကာ စေလွှတ်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

အိမ်ထဲရှိ မေ့ကျီနှင့် လုံယဲ့တို့သည်လည်း အစားအသောက်ပို့ဆောင်ပေးသော မိန်းကလေးကို အေးစက်စွာ စိုက်ကြည့်နေကြပြီး လိုအပ်ပါက နှုတ်ပိတ်ရန်အတွက် အချိန်မရွေး လှုပ်ရှားနိုင်ရန် ပြင်ဆင်ထားကြသည်။

" ကျွန်မကို ဘယ်သူမှ လွှတ်လိုက်တာ မဟုတ်ပါဘူး.. တစ်ယောက်ယောက်က ရှင့်ကို လိုက်ရှာနေတာ.. ရှင်က သူတို့ရှာနေတဲ့သူနဲ့ အရမ်းတူနေလို့ ကျွန်မ အမှတ်မထင် မေးလိုက်မိတာပါ.. "

လေထုက အနည်းငယ် ထူးဆန်းနေသည်ကို ရုတ်တရက် သတိပြုမိသွားသော အစားအသောက် ပို့ဆောင်ပေးသော မိန်းကလေးသည် လက်ကို ထိတ်လန့်တကြား ဝှေ့ယမ်းပြီး ရှင်းပြလိုက်သည်။

သူမ၏ စိတ်ထင်မှုကြောင့်လားတော့ မသိသော်လည်း အိမ်ထဲမှ လူနှစ်ယောက၏ အကြည့်များမှာ လူသတ်ချင်နေသည့်အလား အလွန်ပင် ကြောက်စရာကောင်းနေသည်ဟု သူမ ခံစားနေမိ၏။

သူမ ပြောလိုက်သော စကားက မည်သည့်နေရာတွင် မှားယွင်းနေပါသနည်း ။

" တစ်ယောက်ယောက်က ငါ့ကို လိုက်ရှာနေတယ်.. ဟုတ်လား... "

လင်းဖန် ဇဝေဇဝါ ဖြစ်သွားသည်။

ဤကမ္ဘာတွင် သူ၏ အထောက်အထားကို သိသူ အနည်းငယ်သာ ရှိရာ မည်သူက သူ့ကို အထူးတလည် လိုက်ရှာနေပါသနည်း။

" ဟုတ်ပါတယ်.. အမျိုးသမီးတစ်ယောက်ပါ.. သူက နတ်ဆိုးအရှင် တစ်ယောက်ကို ရှာနေတယ်လို့ အမြဲ ပြောနေတာ.. ကျွန်မရဲ့ ပို့ဆောင်ရေး သူငယ်ချင်းတစ်ယောက်က အဲ့ဒီအကြောင်းကို ကြားပြီး သူ ဆွဲထားတဲ့ ပုံတူပန်းချီကားကို ကျွန်မတို့ရဲ့ ဂရုထဲကို ပို့ထားတာ.. တကယ်လို့ ကျွန်မတို့ထဲက တစ်ယောက်ယောက်က တွေ့ခဲ့ရင် သူ့ကို အသိပေးဖို့ မှာထားပါတယ်.. "

" အဲ့ဒီ ပုံတူကားက ရှင်နဲ့ တော်တော်လေး တူနေတာကို တွေ့လို့ မေးကြည့်တာပါ .."

အစားအသောက် ပို့ဆောင်သူက သူမ၏ဖုန်းကို ထုတ်ကာ ဂရုထဲရှိ ပုံတူပန်းချီကားကို လင်းဖန်အား ပြသလိုက်သည်။

လင်းဖန်က သေချာ ကြည့်လိုက်သည့်အခါ ထိုပုံထဲမှလူမှာ အမှန်တကယ်ပင် သူ ဖြစ်နေသည်။

သူ၏ အထောက်အထားကို သိရှိပြီး ပုံတူကားကို ကိုင်ဆောင်ကာ သူ့ကို လိုက်ရှာနေသည့် အမျိုးသမီးဆိုလျှင် ယင်းနွီ သို့မဟုတ် စီရင်စုအရှင်ရှန့် တို့ထဲမှ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

လင်းဖန်နှင့် မေ့ကျီတို့က စိတ်အားထက်သန်စွာဖြင့် မေးမြန်းလိုက်ကြသည်။

" အခု သူ ဘယ်မှာလဲ.. "

......

" ယင်းနွီလေး...ကံကောင်းလိုက်တာ.. တို့တွေ သူ့ကို လွယ်လွယ်နဲ့ ရှာတွေ့သွားပြီ.. "

လမ်းမထက်တွင် ရှနွမ်းယန် သည် သူမ၏ လျှပ်စစ်စကူတာလေးကို မောင်းနှင်ရင်း ယင်းနွီကို တင်ဆောင်ကာ လင်းဖန် ရှိရာနေရာသို့ အပြင်းနှင်လာခဲ့သည်။

မနေ့ညက ယင်းနွီသည် သူမ၏ အငှားအခန်းလေးတွင် တည်းခိုခဲ့ပြီး သူတို့နှစ်ဦးမှာ ခုတင်တစ်ခုတည်းတွင် အတူအိပ်ခဲ့ကြသဖြင့် သူတို့၏ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလာခဲ့သည်။

ယင်းနွီ၏ ပါးစပ်မှတစ်ဆင့် သူမ၏ အမည်ကိုလည်း ရှနွမ်းယန် သိရှိခဲ့ရသည်။

ယင်းနွီဟူသော နာမည်မှာ ထူးဆန်းသည်ဟု ခံစားရသော်လည်း သူမ ထပ်မံ၍ မမေးတော့ပေ။ ကမ္ဘာကြီးက ကျယ်ပြောလှသဖြင့် လူမျိုးစုံတွင် နာမည်မျိုးစုံ ရှိနိုင်သည်မဟုတ်ပါလော။

သူမ အစားအသောက် ပို့ဆောင်နေစဉ်မှာပင် သူမ ပြောပြထားသော နတ်ဆိုးအရှင် ကို ရှာတွေ့ပြီဖြစ်ကြောင်း ဂရုအဖွဲ့ဝင်တစ်ဦးထံမှ သတင်းရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မှာယူမှုကို အမြန်ပို့ဆောင်ပြီးနောက် သူမသည် အိမ်သို့ ချက်ချင်း ပြန်လာကာ ယင်းနွီကို တင်ဆောင်၍ ယင်းနွီ၏ ဆွေမျိုးကို ရှာဖွေရန် ခရီးစတင်ခဲ့တော့သည်။

" ကျေးဇူးတင်ပါတယ်... "

ယင်းနွီက နောက်ထိုင်ခုံမှနေ၍ လေသံတိုးတိုးလေးဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။

" ဟဲဟဲ... အားနာမနေပါနဲ့.. "

ရှနွမ်းယန်က တစ်ပါးသူကို ကူညီခွင့်ရသည့်အတွက် စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ဝမ်းသာဂုဏ်ယူရင်း ရယ်မောလိုက်သည်။

ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမက နောက်ကြည့်မှန်မှတစ်ဆင့် ယင်းနွီကို လှမ်းကြည့်လိုက်ကာ သူမ၏ စူးစမ်းလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်မိသည်။

" အင်း... ယင်းနွီလေး.. တို့ မေးပါရစေဦး.. နင် အမြဲ ပြောနေတဲ့ နတ်ဆိုးအရှင် ဆိုတာက နင်နဲ့ ဘယ်လို ပတ်သက်တာလဲ.. "

" ဟင်.. နတ်ဆိုးအရှင်က နတ်ဆိုးအရှင်ပဲပေါ့.. "

ယင်းနွီက ဘာမှ နားမလည်သကဲ့သို့ အူတူတူ ပြန်ဖြေသည်။

ရှနွမ်းယန် ... " ... "

ရှနွမ်းယန် ဘာဆက်ပြောရမည်မှန်းကို မသိတော့ပေ။

မနေ့ညက ယင်းနွီနှင့် စကားပြောခဲ့ရာမှတစ်ဆင့် ဤအမျိုးသမီးမှာ အလွန်ပင် ဖြူစင်လွန်းသည်ကို သူမ သတိထားမိခဲ့သည်။

ဤမျှလောက် ဖြူစင်သောသူမှာ ယခုအချိန်အထိ မည်သို့ တစ်ယောက်တည်း ရှင်သန်နေထိုင်ခဲ့သည်ကို သူမ တကယ်ပင် စဉ်းစားမရနိုင်။

" တို့ ဆိုလိုတာက အဲ့ဒီ နတ်ဆိုးအရှင်က နင့်အတွက် အရေးကြီးတဲ့ လူတစ်ယောက်လား.. "

ရှနွမ်းယန်က မေးခွန်းကို ပြန်လည် ပြင်ဆင်ပြီး သူမ၏ မျက်နှာတွင် စပ်စုလိုစိတ်များဖြင့် မေးလိုက်သည်။

ယင်းနွီက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်... ဟုတ်တယ်..အရမ်းကို အရေးကြီးတဲ့သူပါ .."

ဤမျှလောက် မြန်မြန်ဆန်ဆန် အတည်ပြုလိုက်သည်ကို ကြည့်ပြီး ရှနွမ်းယန်က သူမ၏ စိတ်ထဲတွင် ချက်ချင်းပင် ခန့်မှန်းချက်တစ်ခု ထုတ်လိုက်သည်။

ထို နတ်ဆိုးအရှင် ဆိုသည်မှာ ယင်းနွီလေး၏ ချစ်သူ သို့မဟုတ် ခင်ပွန်း သို့မဟုတ် ထိုသို့သော ပတ်သက်မှုမျိုး ရှိသူ ဖြစ်ရပေမည်။

မဟုတ်လျှင် ဤမျှလောက် မရင်းနှီးသော နေရာသို့ တစ်ယောက်တည်း လာရောက်ကာ လူတစ်ဦးကို အသည်းအသန် ရှာဖွေနေစရာ အကြောင်းမရှိချေ။

မကြာမီမှာပင် ရှနွမ်းယန်သည် ယင်းနွီကို တင်ဆောင်ကာ လူနေအိမ်တန်းလျားထဲသို့ ဝင်ရောက်လာပြီး လင်းဖန် ရှိရာ အဆောက်အဦးသို့ ရောက်ရှိလာခဲ့သည်။

" ဒီနေရာပဲ .."

ရှနွမ်းယန်က သူမ၏ လျှပ်စစ်စကူတာလေးကို ရပ်နားလိုက်ပြီး ဖုန်းထဲမှ လိပ်စာအတိုင်း ယင်းနွီကို ဦးဆောင်ကာ လှေကားပေါ်သို့ တစ်ဆင့်ချင်း တက်လာခဲ့သည်။ သူမ၏ စိတ်ထဲတွင်လည်း စူးစမ်းလိုစိတ်နှင့် မျှော်လင့်ချက်များ ပိုမို မြင့်တက်လာနေသည်။

ယင်းနွီလေး အမြဲ တမ်းတနေသော နတ်ဆိုးအရှင် ဆိုသူမှာ အပြင်တွင် မည်သို့သော ပုံစံမျိုး ရှိမည်နည်း။

သူတို့နှစ်ဦး ပြန်လည် ဆုံတွေ့ကြသည့် အခိုက်အတန့်မှာ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေပေလိမ့်မည်။

သူမ တွေးနေစဉ်မှာပင် ပေးထားသော လိပ်စာရှိ အခန်းတံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။

" ဒီမှာပဲ ယင်းနွီလေး.. နင့်ရဲ့ နတ်ဆိုးအရှင်က ဒီထဲမှာ ရှိနေမှာပါ.. "

ရှနွမ်းယန်က တံခါးဝတွင် ရပ်ကာ တံခါးခေါက်ရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ခုကို သတိရသွားပြီး ရပ်တန့်လိုက်သည်။ သူမ ဘေးသို့ ဖယ်ပေးလိုက်ကာ သူမ၏ နောက်ကွယ်မှ ယင်းနွီကို ပြုံး၍ ကြည့်လိုက်ပြီး...

" နင်ပဲ လုပ်လိုက်ပါ ယင်းနွီလေး... "

ဤမျှလောက် စိတ်လှုပ်ရှားစရာ ကောင်းသော ပြန်လည်ဆုံတွေ့မှုမျိုးကို သက်ဆိုင်သူများအတွက်သာ ချန်ထားပေးသင့်သည် မဟုတ်ပါလော။

ယင်းနွီက ဖြည်းဖြည်းချင်း ရှေ့သို့ လှမ်းတက်သွားကာ တံခါးကို အသာအယာ ခေါက်လိုက်သည်။

" ဒေါက်... ဒေါက်... ဒေါက်... "

ရှနွမ်းယန်သည် ချစ်သူများ ပြန်လည်ဆုံတွေ့ကြမည့် မြင်ကွင်းကို ဘေးမှနေ၍ စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။

ရုတ်တရက်...

" ဝုန်း... "

အသံနှင့်အတူ လက်မောင်းတွင် နဂါးတက်တူး အပြည့်နှင့် ကြွက်သားများ ဖုထစ်နေသော အမျိုးသားတစ်ဦးက တံခါးကို အရှိန်ပြင်းစွာ ကန်ဖွင့်လိုက်သည်။

တံခါးမှာ နောက်သို့ လွင့်ထွက်သွားပြီး ယင်းနွီသည်လည်း တံခါးနှင့်အတူ လှေကားထစ်များပေါ်သို့ လွင့်ကျသွားတော့သည်။

" ယင်းနွီ... နင် ဘယ်တွေ လျှောက်သွားနေတာလဲ အသုံးမကျတဲ့ကောင်မလေး... "

လုံယဲ့သည် တံခါးဝတွင် ရပ်ကာ အောက်ထပ်တွင် တံခါးဖြင့် ဖိမိနေသော ယင်းနွီကို ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဘေးတွင် ရပ်နေသော ရှနွမ်းယန်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး ဆွံ့အနေလေ၏။

ဤသည်က သူမ စိတ်ကူးယဉ်ထားခဲ့သော လှပသည့် ပြန်လည်ဆုံတွေ့မှုမျိုးနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

'ဒီလူက ယင်းနွီလေး ပြောနေတဲ့ နတ်ဆိုးအရှင် ဆိုတာလား..'

တစ်ကိုယ်လုံးတွင် နဂါးတက်တူးများဖြင့် ပြည့်နေသော ဤလူကို ကြည့်ရသည်မှာ လူကောင်းတစ်ယောက်နှင့် လားလားမှ မတူချေ။

'သူ တံခါးကို လွင့်ထွက်သွားအောင် ကန်လိုက်တာပဲ..ယင်းနွီလေး တစ်ခုခု ဖြစ်သွားပြီလား မသိဘူး..'

" အမ်... မင်းက ဘယ်သူလဲ.. "

ယင်းနွီကို ကန်ထုတ်ပြီးနောက်တွင်မှ လုံယဲ့သည် ဘေးတွင် ရပ်နေသော ရှနွမ်းယန်ကို သတိထားမိသွားသည်။

လုံယဲ့၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသည့်အခါ ရှနွမ်းယန်မှာ ကြောက်လန့်လွန်းသဖြင့် ခြေထောက်များပင် ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။

" ကျ... ကျွန်မက ရှနွမ်းယန်ပါ.. ယင်းနွီလေးကို... လာပို့တာပါ.. "

" ဪ... မင်းက ယင်းနွီကို ခေါ်ထားပေးတဲ့ သာမန်လူသားပေါ့လေ.. "

လုံယဲ့က ရုတ်တရက် နားလည်သွားပုံရပြီး ရှနွမ်းယန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ရှနွမ်းယန်သည် နံရံထောင့်တွင် ကပ်ကာ လှုပ်ပင် မလှုပ်ရဲတော့ချေ။

" လုံယဲ့... ဒီတံခါးက နတ်ဆိုးအရှင်ရဲ့ အဖိုးတန် ပစ္စည်းပဲ.. မင်း ဘာလို့ ဒီအတိုင်း ဖျက်ဆီးလိုက်ရတာလဲ.. "

မေ့ကျီသည် အိမ်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာ၏။ သူ၏ နှာဖူးတွင် အမည်းရောင် အစင်းသုံးကြောင်း ပေါ်နေပြီး လုံယဲ့ကို မကျေမနပ် ကြိမ်းမောင်းလိုက်သည်။

မေ့ကျီ၏ ချောမောလှပသော ရုပ်ရည်ကို မြင်လိုက်ရသည့်အခါ ရှနွမ်းယန်မှာ မိန်းမူးသွားသည်။

'ဒီလူက အရမ်း ချောလိုက်တာ.. ကြည့်ရတာ လူကောင်းတစ်ယောက်နဲ့ တူတယ်..'

'ယင်းနွီလေး ပြောနေတဲ့ နတ်ဆိုးအရှင် ဆိုတာ ဒီလူပဲ ဖြစ်ရမယ်..'

မေ့ကျီသည် ဘေးတွင် ရှိနေသော ရှယန်နွမ်းရန်ကို သတိပြုမိသွားပြီး သူ၏ မျက်မှောင်မှာ ပို၍ ကြုတ်သွားသည်။ သူ ခေါင်းကို လှည့်ကာ အခန်းထဲသို့ လှမ်းမေးလိုက်၏။

" နတ်ဆိုးအရှင်... ဒီမှာ မိန်းကလေးတစ်ယောက် လုံယဲ့ရဲ့ လုပ်ရပ်တွေကို မြင်သွားပြီ.. သူ့ကို တစ်ခုခု လုပ်လိုက်ရမလား... "

" အ... "

ထိုစကားကို ကြားလိုက်ရသည့်အခါ ရှနွမ်းယန်မှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖက်ဖြူလျော်ဖြစ်သွားသည်။

သူမ တွေးခဲ့သော အတွေးကို ပြန်ရုပ်သိမ်းလိုက်တော့သည်။ ဤလူမှာလည်း လူကောင်းတစ်ယောက်နှင့် လုံးဝ မတူချေ။

" မင်းတို့ နှစ်ယောက်လုံး... ငါ ပြောထားတယ် မဟုတ်လား... အကြောင်းမရှိဘဲ သူတစ်ပါးကို မတိုက်ခိုက်ဖို့နဲ့ လူတစ်ယောက်ကို တွေ့တာနဲ့ အမြဲတမ်း နှုတ်ပိတ်ဖို့ပဲ မစဉ်းစားကြနဲ့လို့.. "

လင်းဖန်သည် မေ့ကျီနှင့် လုံယဲ့တို့၏ ဘေးသို့ ချက်ချင်း ရောက်ရှိလာပြီး သူတို့၏ ခေါင်းကို လက်တစ်ဖက်စီဖြင့် ဖမ်းကိုင်ကာ တံခါးဝရှိ ကွန်ကရစ် ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းစွာ ဆောင့်ချလိုက်သည်။ သူတို့၏ ဦးခေါင်းများမှာ ကွန်ကရစ်ထဲသို့ မြုပ်ဝင်သွား၏။

ထိုနှစ်ဦးကို ဆုံးမပြီးနောက်တွင်မူ လင်ဖန်က ခေါင်းကို လှည့်ကာ ရှနွမ်းယန်ကို အလွန်ပင် ဖော်ရွေပြီး အန္တရာယ်ကင်းသော အပြုံးတစ်ခု ပြုံးပြလိုက်ကာ...

" မင်္ဂလာပါ... "

ရှနွမ်းယန် ...."....."

'ဖြစ်နိုင်မလား... ဒီလူကမှ ယင်းနွီလေး အသည်းအသန် ရှာဖွေနေတဲ့ နတ်ဆိုးအရှင် ဆိုတာလား..'

Chapter 148

~

အခန်း ၁၄၈ : ဒါ သူထောင်ထားတဲ့ မောင်းမဆောင်လား...

~

ဧည့်ခန်းထဲတွင် ရှနွမ်းယန်သည် ဆိုဖာထောင့်၌ ကုပ်ကုပ်လေးထိုင် နေပြီး သူမ၏ စိတ်ထဲတွင်မူ အလွန်ပင် မသက်မသာ ဖြစ်နေရှာသည်။ သူမနှင့် မလှမ်းမကမ်းရှိ ထမင်းစားပွဲတွင်မူ လုံယဲ့နှင့် မေ့ကျီတို့က ဝက်ပေါင်စတူးထမင်းကို စားနေကြပြီး သူတို့၏ မျက်လုံးများက သူမကို စိုက်ကြည့်နေကြသဖြင့် သူမမည်သို့ နေရမည်ကိုပင် မသိတော့ပေ။

သူမ၏ စိတ်ထဲတွင် နောက်တစ်စက္ကန့်တွင် ထိုသူနှစ်ဦးသည် ဝက်ပေါင်ကို စားမည့်အစား သူမကို ဝါးစားပစ်တော့မည်ဟု ခံစားနေမိ၏။ ထို့အပြင် သူတို့ဦးခေါင်းများမှာ ကွန်ကရစ်ကြမ်းပြင်ထဲသို့ မြုပ်ဝင်သွားသည်ကို သူမ မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသော်လည်း ယခုအခါ ဘာမှမဖြစ်သကဲ့သို့ ပြုမူနေကြသည်မှာ တကယ်ပင် ကြောက်စရာကောင်းလှသည်။

တံခါးနှင့်အတူ ကန်ထုတ်ခြင်း ခံခဲ့ရသည့် ယင်းနွီပင်လျှင် ယခုအခါ ဘာမှမဖြစ်သကဲ့သို့ သူမ၏ ဘေးတွင် ပြန်လည်ထိုင်နေပြီ ဖြစ်သည်။ ဤမိသားစု၏ ခံနိုင်ရည်စွမ်းမှာ တကယ်ပင် ကောင်းမွန်လွန်းလှပေ၏။

" ဒါဆိုရင် အကြောင်းစုံက ဒီလိုပေါ့..ယင်းနွီကို ကူညီပေးခဲ့တဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်.. "

ယင်းနွီက ဤကမ္ဘာသို့ ရောက်ရှိလာကတည်းက သူမ ကြုံတွေ့ခဲ့ရသည်များကို အကျဉ်းချုပ် ပြန်လည်ပြောပြပြီးနောက် လင်းဖန်က ရှနွမ်းယန်ကို လှည့်၍ ပြောလိုက်ခြင်း ဖြစ်သည်။

" မဟုတ်တာ..ရပါတယ်.. ကျွန်မ တတ်နိုင်တာလေးကို လုပ်ပေးခဲ့တာပါ "

ရှနွမ်းယန်က ခေါင်းကို ကုတ်၍ ရိုးသားဖြူစင်သော အပြုံးလေးဖြင့် ပြန်ပြောသည်။

ထိုအချိန်တွင် လုံယွဲ့သည် ကြက်တူရွေးလေးကို ကိုင်ဆောင်ကာ အိပ်ခန်းထဲမှ ထွက်လာခဲ့၏။ လုံယွဲ့၏ မှင်သက်လောက်စရာ အလှတရားကို မြင်လိုက်ရသည့်အခါ ရှနွမ်းယန်မှာ ထပ်မံ၍ ဖမ်းစားခြင်း ခံလိုက်ရပြန်သည်။

' ဒီအစ်မကြီးက ဘာလဲ.. ကြည့်ရတာ နတ်သက်ကြွေလာတဲ့ နတ်သမီးလေးကျနေတာပဲ.. '

လူတိုင်းမှာ အရိုက်ခံနိုင်ရုံသာမက ရုပ်ရည်များမှာလည်း လွန်ကဲစွာ လှပလွန်းနေသည်။

ရှနွမ်းယန်၏ အားကျသော အကြည့်များနှင့် ဆန့်ကျင်ဘက်အနေနှင့် ယင်းနွီသည် လုံယွဲ့ကို မြင်မြင်ချင်းမှာပင် သူမ၏ မျက်ဝန်းများမှာ အေးစက်သွားပြီး သူမ၏ လက်ထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာကာ နက်မှောင်သော ဓားမြှောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူမက လက်ဖက်ရည်စားပွဲပေါ်သို့ နင်းတက်ကာ လုံယွဲ့ထံသို့ ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။

ဤအရေးကြီးသော အချိန်တွင် ထမင်းစားပွဲ၌ ထိုင်နေသော မေ့ကျီနှင့် လုံယဲ့တို့သည် သူမ၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ချက်ချင်းပင် ရောက်ရှိလာကြသည်။ သူတို့က သူမ၏ ပုခုံးတစ်ဖက်စီကို ဖမ်းကိုင်ကာ အရှိန်ပြင်းစွာဖြင့် ဖိနှိပ်လိုက်ကြသည်။

" ဝုန်း .."

ကျယ်လောင်သော အသံနှင့်အတူ ယင်းနွီသည် လက်ဖက်ရည်စားပွဲပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး စားပွဲတစ်ခုလုံးမှာလည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသည်။

လင်းဖန်က သက်ပြင်းတစ်ချက်ချကာ လက်ဖြင့် မျက်နှာကို အုပ်လိုက်မိ၏။

' ဟူး... နောက်ထပ် ပစ္စည်းတစ်ခု ထပ်ပျက်စီးသွားပြန်ပြီ... '

လက်ဖက်ရည်စားပွဲ ပျက်စီးသွားပြီး အပိုင်းအစများမှာ သူမ၏ အပေါ်သို့ လွင့်စင်လာသည့်အခါမှသာ ရှနွမ်းယန် သတိပြန်ဝင်လာတော့သည်။ သူမ ယင်းနွီ၏ ရုတ်တရက် လှုပ်ရှားမှုကိုကော မေ့ကျီနှင့် လုံယဲ့တို့၏ ကြားဖြတ်တားဆီးမှုကိုပါ သေချာပင် မမြင်လိုက်ရပေ။ အဖြစ်အပျက်တစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

အမြဲတမ်း ဖြူစင်ပုံရသော ယင်းနွီလေးက မည်သည့်အတွက်ကြောင့် ဓားတစ်လက်နှင့် ရုတ်တရက် ပေါက်ကွဲသွားရသနည်း။ ယခင် တံခါးနှင့်အတူ ကန်ထုတ်ခံရစဉ်ကပင် သူမ စိတ်တိုပုံမရသော်လည်း ယခုအခါတွင်မူ ဘာကြောင့် လူသတ်ရန်အထိ စိတ်လှုပ်ရှားသွားရသနည်း။ ထို့အပြင် ထိုဓားကို မည်သည့်နေရာမှ ထုတ်လိုက်သနည်းဆိုသည်ကိုလည်း ရှယန်နွမ်းရန် မမြင်လိုက်ရပေ။

" ဘာလို့ ငါ့ကို တားတာလဲ.. "

မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော ယင်းနွီက နားမလည်နိုင်စွာ မေးလိုက်သည်။

" ဧကရီက အခုဆိုရင် နတ်ဆိုးအရှင်ရဲ့ ကြင်ယာတော် ဖြစ်သွားပြီ.. ဆိုလိုတာက ငါတို့ရဲ့ မြင့်မြတ်တဲ့ နတ်ဆိုးနယ်မြေရဲ့ အရှင်မပဲ..ရိုသေမှု ရှိစမ်း .."

မေ့ကျီက ခပ်ပြတ်ပြတ် ရှင်းပြလိုက်သည်။

ယင်းနွီသည် လုံယွဲ့ကို မယုံကြည်နိုင်သကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းဖန်ကို လှည့်ကြည့်သည်။ လင်းဖန်က မေ့ကျီ၏ စကားမှာ အမှန်ဖြစ်ကြောင်း အတည်ပြုသည့်အနေနှင့် ခေါင်းအသာညိတ်ပြလိုက်သည်။

" နားလည်ပြီ ..."

လင်းဖန်၏ အတည်ပြုမှုကို ရရှိပြီးနောက်တွင် ယင်းနွီသည် သူမ၏ အရိပ်ဓားမြှောင်ကို ချက်ချင်းပင် ပြန်သိမ်းလိုက်သော်လည်း သူမ၏ မျက်ဝန်းများထဲတွင်မူ ရန်လိုမှုများ ကျန်ရှိနေသေးသည်။

မေ့ကျီနှင့် လုံယဲ့တို့သည် ယင်းနွီကို လွှတ်ပေးလိုက်ပြီး ထမင်းစားပွဲသို့ ပြန်ကာ စားသောက်ခြင်းကို ဆက်လက်လုပ်ဆောင်ကြသည်။

" ဟင်း... ဝက်သားက ဒီလောက်တောင် အရသာရှိမယ်လို့ မထင်ထားဘူး... "

" ပါးစပ်ထဲမှာတင် အရည်ပျော်သွားတဲ့ ဒီခံစားချက်... တကယ်ကို ကောင်းတာပဲ... "

" ကြည့်ရတာ ဝက်နတ်ဆိုး မျိုးနွယ်စုတွေအတွက်တော့ နောက်ထပ် အသုံးဝင်မယ့် နည်းလမ်းတစ်ခု တိုးလာပြီထင်တယ်.. "

ထိုသို့ ပြောရင်း လုံယဲ့သည် ရှနွမ်းယန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကာ ဆီများပေကျံနေသော သူ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်၏။ ရှနွမ်းယန်မှာ တံတွေးကို ခိုးမြိုချလိုက်မိပြီး သူမ၏ စိတ်ထဲတွင် စိုးရိမ်စိတ်နှင့် ကြောက်ရွံ့စိတ်များမှာ ပိုမို ကြီးထွားလာတော့သည်။

အစကတည်းက ဤလူများသည် ဧကရီ၊နတ်ဆိုးအရှင်သခင် နှင့် နတ်ဆိုးနယ်မြေစသည့် သူမ လုံးဝ နားမလည်သော စကားလုံးများကိုသာ ပြောဆိုနေကြသည်။ ထိုသည်များမှာ လျှို့ဝှက်ကုဒ်များ သို့မဟုတ် အမည်ဝှက်များပင် ဖြစ်နိုင်ချေသည်။ သူတို့ပြောနေသည့် ဝက်နတ်ဆိုးဆိုသည်မှာ သူမကို ရည်ညွှန်းနေခြင်းလော။ သူမ ပို၍ပင် ကြောက်လန့်လာသည်။

' ငါ မကောင်းတဲ့ အဖွဲ့အစည်း တစ်ခုခုထဲများ ရောက်လာတာလား.. '

" ယင်းနွီ... ဟိုအမျိုးသမီးက ဘယ်သူလဲ.. "

ရှနွမ်းယန်က ယင်းနွီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

" ရန်သူ.. "

ယင်းနွီက လုံယွဲ့ကို စိုက်ကြည့်၍ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

' ရန်သူ ဟုတ်လား.. ဒါဆိုရင်... အချစ်ပြိုင်ဘက် ဖြစ်ရမယ်.. '

ရှနွမ်းယန်၏ မျက်နှာတွင် အံ့သြသွားသော အမူအရာ ပေါ်လာသည်။ သူမသည် လုံယွဲ့ကို တစ်ချက်၊ သူမ၏ ဘေးမှ ယင်းနွီကို တစ်ချက် ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် လင်းဖန်ကို လှည့်ကြည့်လိုက်သည်။ အမျိုးသမီး နှစ်ဦး၊ အမျိုးသား တစ်ဦး၊ ထိုအမျိုးသမီး နှစ်ဦးမှာ ရန်သူများ ဖြစ်နေကြသည်ဆိုလျှင် အခြေအနေမှာ ရှင်းနေလေပြီ။

ဤ နတ်ဆိုးအရှင်ဆိုသူမှာ မူလက ယင်းနွီနှင့် အတူရှိခဲ့သော်လည်း နောက်ပိုင်းတွင် အခြားသူတစ်ယောက်ကို ချစ်မိသွားကာ ထို ဧကရီ ဆိုသူကို ရွေးချယ်ပြီး ယင်းနွီလေးကို စွန့်ပစ်လိုက်ခြင်း ဖြစ်ရမည်။ ထို့ကြောင့်လည်း ယင်းနွီလေးမှာ မိုင်ပေါင်းများစွာကို ဖြတ်ကျော်ကာ သူတို့ကို လိုက်ရှာနေရခြင်း ဖြစ်သည်။ ခုနက ထိုအမျိုးသမီးကို တွေ့လိုက်ရသည့်အခါ ယင်းနွီလေးမှာ ဓားတစ်လက်ဖြင့် သတ်ချင်သည်အထိ စိတ်လှုပ်ရှားသွားသည်ကို သူမ နားလည်သွားပေ၏။

ထိုသို့ တွေးလိုက်မိသည်နှင့် ရှနွမ်းယန်သည် ယင်းနွီလေးအတွက် မခံမရပ်နိုင် ဖြစ်သွားရပြီး လင်းဖန်ကို အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

လင်းဖန် ကြောင်တောင်တောင် ဖြစ်သွားသည်။

' ဘာဖြစ်နေတာလဲ.. ဒီကောင်မလေးက ဘာလို့ ငါ့ကို ရုတ်တရက်ကြီး မုန်းသလိုလို ကြည့်နေရတာလဲဟ... '

" ယင်းနွီ... ဟိုလူနှစ်ယောက်ကကော ဘယ်သူတွေလဲ.. ကြည့်ရတာ တော်တော် ကြောက်စရာကောင်းတယ်.. "

ရှနွမ်းယန်က လုံယဲ့နှင့် မေ့ကျီကို လျှို့ဝှက်စွာ ညွှန်ပြကာ မေးပြန်သည်။ သူမ အကဲခတ်ရသလောက် ထိုသူနှစ်ဦးမှာ ဤနတ်ဆိုးအရှင်၏ ရှေ့တွင် အမြဲတမ်း ငြိမ်သက်နေပြီး ဘယ်တော့မှ ပြန်မပြောဘဲ သူ့ကို အမြဲ ကာကွယ်ပေးနေကြသူများ ဖြစ်သည်။ ယင်းနွီ လှုပ်ရှားလိုက်စဉ်ကလည်း သူတို့ကသာ တားဆီးခဲ့ခြင်း ဖြစ်ပေ၏။

" သူတို့ကလည်း ငါ့လိုပဲ နတ်ဆိုးအရှင်ရဲ့ လူတွေ... "

ယင်းနွီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

" နင့်လိုပဲ သူ့ရဲ့ လူတွေ ဟုတ်လား ..."

ရှနွမ်းယန် အလွန်ပင် အံ့သြသွားပြီး ပါးပြင်များမှာ နီရဲလာကာ လင်းဖန်ကို ကြည့်သော သူမ၏ အကြည့်များမှာ ပို၍ ထူးဆန်းလာတော့သည်။ ဤ နတ်ဆိုးအရှင်ဆိုသူမှာ ယောက်ျားရော မိန်းမပါ ကြိုက်တတ်သူ ဖြစ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။

သူ၏ နှစ်သက်မှု ပုံစံများမှာ စုံလင်လှသည်။ ချောမောသော အမျိုးသားများ၊ ကြွက်သားအမြောင်းမြောင်းနှင့် လူသန်ကြီးများ၊ နတ်သမီးလေးကဲ့သို့ လှပသော အစ်မကြီးများနှင့် ယင်းနွီလေးကဲ့သို့ ဖြူစင်ရိုးသားသော မိန်းကလေးများအထိ ပါဝင်နေသည်။

'ဒါ သူထောင်ထားတဲ့ မောင်းမဆောင်လား...'

' အို... ယင်းနွီလေးရယ်.. နင် ဘာလို့ ဒီလိုလူမျိုးကိုမှ ချစ်မိရတာလဲ... '

ရှနွမ်းယန်သည် ယင်းနွီလေးအတွက် အလွန်ပင် စိတ်မကောင်း ဖြစ်သွားရပြီး သူမကို တိုးတိုးလေး အကြံပေးလိုက်သည်။

" ယင်းနွီ... တို့တွေ ပြန်ကြရင် ကောင်းမလား ..."

" ငါ ဒီမှာပဲ နေချင်တယ်.. "

ယင်းနွီက ပြတ်ပြတ်သားသား ခေါင်းခါပြသည်။

" ယင်းနွီ... နင်ကတော့လေ... ဟူး... "

ထိုသို့ မြင်ရသည့်အခါ ရှနွမ်းယန်မှာ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိတော့သည်။ ယင်းနွီလေးမှာ အလွန်ပင် အချစ်ကြီးရှာသည်။

" ယင်းနွီ... နင် တစ်ခုခု အနှိမ်ခံရရင် တို့ကို သေချာပေါက် ပြောနော်.. တို့ နင့်ကို သေချာပေါက် လာခေါ်မယ်.. "

ရှနွမ်းယန်သည် ယင်းနွီ၏ လက်ကို ဆုပ်ကိုင်ကာ အလေးအနက် ပြောလိုက်ပြီးနောက် လင်းဖန်ကို လှည့်၍ ခပ်တင်းတင်း ပြောလိုက်သည်။

" ကျွန်မ ယင်းနွီလေးကို လာပို့ပေးပြီ..ရှင်သာ သူ့ကို တစ်ခုခု နှိပ်စက်တာ ကျွန်မ သိရင် သေချာပေါက် သူ့ကို လာခေါ်သွားမှာနော်.. "

သူမ၏ စကားအဆုံးတွင် မေ့ကျီနှင့် လုံယဲ့တို့သည် သူမ၏ နောက်ကွယ်တွင် တစ္ဆေများအလား တိတ်တဆိတ် ပေါ်လာကြပြီး သူမကို နောက်ပြောင်သော အမူအရာဖြင့် စိုက်ကြည့်နေကြသည်။

" အိုး... သာမန်လူသားလေးက သတ္တိကောင်းလှချည်လား.. "

" ... "

ရှနွမ်းယန် တံတွေးကို ခိုးမြိုချလိုက်မိပြီး သူမ၏ ရဲတင်းသော စကားများအတွက် ချက်ချင်းပင် နောင်တရသွားတော့သည်။ သို့သော်လည်း ပြောပြီးသား စကား ဖြစ်နေသဖြင့် သူမ ကြောက်သော်လည်း တည်ငြိမ်သယောင် ဆောင်နေလိုက်သည်။

" ယင်းနွီ... ဒါဆိုရင် တို့ သွားတော့မယ်.. တစ်ခုခု ဖြစ်ရင် တို့ကို ဆက်သွယ်ဖို့ မမေ့နဲ့နော်... "

ထိုသို့ ပြောပြီးနောက် ရှနွမ်းယန်သည် လှည့်ထွက်သွားပြီး တံခါးမရှိသော တံခါးပေါက်ကို ကျော်လိုက်သည်နှင့် ထွက်ပြေးသည့်အလား လှေကားပေါ်မှ ပြေး ဆင်းသွားတော့သည်။ လင်းဖန်မှာမူ ဆွံ့အကာ ကျန်နေခဲ့သည်။

' ဒီကောင်မလေး ဘာတွေ ဖြစ်နေတာလဲ... '

သို့သော်လည်း သူမ၏ ကျေးဇူးကြောင့် ယင်းနွီကို ပြန်ရှာတွေ့ခဲ့ပြီဖြစ်ရာ ယခုအခါ ရှာရန် ကျန်ရှိနေသည်မှာ စီရင်စုအရှင်ရှန့် တစ်ဦးတည်းသာ ရှိတော့သည်။

All Chapters