အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
Chapter 149
~
အခန်း ၁၄၉ :ညီမလေး. အကိုကြီးကို အဆင့်ကူတင်ပေးဦး...
~
" နတ်ဆိုးအရှင် ဘယ်မှာလဲ... နတ်ဆိုးအရှင် ဘယ်မှာလဲ..ဒန်တန့်တန်. "
လမ်းမထက်တွင် အသက် ဆယ့်လေး ဆယ့်ငါးနှစ်ထက် မပိုသော မိန်းကလေးငယ်တစ်ဦးသည် သူမ၏ ခြေတံတိုလေးများဖြင့် အေးအေးလူလူပင် ရှာဖွေရေးသီချင်းတစ်ပုဒ်ကို တညည်းညည်းဖြင့် လမ်းလျှာက်နေသည်။
ထိုမိန်းကလေးတွင် ထူးခြားသည့် မီးတောက်ရောင် ဆံနွယ်များရှိပြီး နူးညံ့စိုပြည်လှသော ရုပ်ရည်ကြောင့် ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ နုနယ်လှပနေပေ၏။
" နတ်ဆိုးအရှင်က ဒီမှာလည်း မရှိဘူး..ဟိုမှာလည်း မရှိဘူး.. နတ်ဆိုးအရှင် ဘယ်တွေလျှောက်သွားနေတာလဲ... "
နတ်ဆိုးစစ်သူကြီး ရှန့်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ နေရာအနှံ့ လိုက်လံရှာဖွေနေပြီး လမ်းဘေးရှိ အမှိုက်ပုံးများကိုပင် အဖုံးဖွင့်၍ အတွင်းထဲအထိ စစ်ဆေးကြည့်ရှုနေပေသည်။
အခြားအမှိုက်ပုံးတစ်ခုကို ထပ်မံစစ်ဆေးပြီးနောက် ဘာမှ ရှာမတွေ့သည့်အခါ သူမက အဖုံးကို ပြန်ပိတ်လိုက်ပြီး မျက်မှောင်လေး ကြုတ်ကာ စိတ်ပျက်သွားပုံရသည်။
" နတ်ဆိုးအရှင် ဘယ် ရောက်သွားတာပါလိမ့်... "
သူမ ဤကမ္ဘာ၌ ရှာဖွေနေသည်မှာ တစ်ရက်မက ကြာမြင့်နေပြီဖြစ်သော်လည်း နတ်ဆိုးအရှင်၏ အရိပ်အယောင်ကို လုံးဝ ရှာမတွေ့သေးပေ။
ဤလူသားတို့၏ မြို့တော်မှာ အကျိုးအကြောင်းမညီညွှတ်အောင်ပင် ကြီးမားလှပြီး သူမထံတွင် မြေပုံလည်း မရှိသဖြင့် ဦးတည်ရာမရှိ လျှောက်သွားနေသော ယင်ကောင်တစ်ကောင်ကဲ့သို့သာ အချိန်ကုန်နေရသည်။
ဤရှာဖွေမှုမှာ ထိရောက်မှုမရှိရုံသာမက သူမကိုလည်း ပင်ပန်းနွမ်းနယ်စေသည်။
သူမ မြေပြင်ပေါ်တွင် ဤမျှလောက် ကြာမြင့်စွာ လမ်းလျှောက်ခဲ့ရသည်မှာ အနည်းဆုံး နှစ်ပေါင်း တစ်ထောင်ခန့် ရှိပြီဖြစ်သည်။
သူမအနေဖြင့် ဤမြို့ထဲရှိ မလိုအပ်သော အရာများကို ရှင်းလင်းပစ်ရန်အတွက် ဥက္ကာခဲမိုးများ ရွာချလိုက်ချင်မိသည်။ ထိုသို့ဆိုလျှင် နတ်ဆိုးအရှင်ကို ချက်ချင်း ရှာတွေ့နိုင်ပေလိမ့်မည် ။
ဘာကြောင့်များ ဤကဲ့သို့ လမ်းလျှောက်ပြီး ဒုက္ခခံနေရပါသနည်း။
" ယီးပဲ... ကြောက်မနေနဲ့လေ.. ဝင်ဟ..ဝင်ဝင်.. "
" ဇရှိရင် တစ်ယောက်ချင်း ချမလား... "
" တစ်ယောက်တည်းနဲ့ အကုန် သတ်ပစ်လိုက်... "
နတ်ဆိုးစစ်သူကြီး ရှန့်သည် စိတ်မရှည်ဖြစ်နေစဉ် အင်တာနက်ကဖေးတစ်ခု၏ အဝင်ဝသို့ ရောက်ရှိသွားရာ အတွင်းဘက်မှ အော်ဟစ်သံများနှင့် ဆဲဆိုသံများကို ကြားလိုက်ရသည်။
သူမ၏ ခြေလှမ်းများ ရပ်တန့်သွားပြီး စူးစမ်းလိုစိတ်ဖြင့် အတွင်းဘက်သို့ ချောင်းကြည့်လိုက်သည်။
ဤမြို့ကြီးမှာ အလွန်ပင် အေးချမ်းတည်ငြိမ်သည်ဟု ထင်ရသော်လည်း အတွင်းထဲရှိ လူများမှာ တိုက်ခိုက်နေကြသည်ဟု သူမ ထင်မှတ်မိလိုက်၏။
ဖြစ်နိုင်သည်မှာ နတ်ဆိုးအရှင်သည် ထိုနေရာတွင် ရှိနေနိုင်သဖြင့် သူမ ဝင်ကြည့်သင့်ပေသည်။
စူးစမ်းလိုစိတ်ဖြင့် နတ်ဆိုးစစ်သူကြီး ရှန့်သည် အဆောက်အဦးအတွင်းသို့ ဝင်ရောက်ခဲ့ပြီး အသံများကြားရာ ဒုတိယထပ်ရှိ အင်တာနက်ကဖေးသို့ တက်လာခဲ့သည်။
အင်တာနက်ကဖေးအတွင်းတွင် လူတစ်စုသည် ကွန်ပျူတာများရှေ့၌ နားကြပ်များ တပ်ဆင်ကာ ဂိမ်းကစားနေကြပြီး တစ်တွတ်တွတ် ရေရွတ်ခြင်း၊ စိတ်ပျက်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း အသံများမှာ အခါအားလျော်စွာ ထွက်ပေါ်နေသည်။
သူမ စိတ်ကူးယဉ်ထားသည့် ပြင်းထန်သော တိုက်ပွဲမြင်ကွင်းမျိုးကို မတွေ့ရဘဲ ထူးဆန်းသော အရာဝတ္ထုများရှေ့တွင် ထိုင်နေကြပြီး မှန်ချပ်ကဲ့သို့ ဖန်သားပြင်များကို အာရုံစိုက်နေသော လူတစ်စုကိုသာ တွေ့လိုက်ရ၏။ သူတို့၏ လက်များမှာ တစ်ခုခုကို အရှေ့အနောက် မရပ်မနား လှုပ်ရှားနေကြသော်လည်း သူတို့ ဘာလုပ်နေသည်ကို သူမ လုံးဝမသိ။
သို့သော်လည်း ဤသာမန်လူသားများသည် အလွန်ပင် ပျော်ရွှင်နေကြပုံရပေ၏။
နတ်ဆိုးစစ်သူကြီး ရှန့်သည် လူအုပ်၏ နောက်ကွယ်သို့ လျှောက်သွားပြီး သူမ၏ မျက်လုံးအစုံမှာ စူးစမ်းလိုစိတ်များဖြင့် ဝိုင်းစက်နေကာ ကွန်ပျူတာပေါ်မှ ဂိမ်းများကို စိုက်ကြည့်နေတော့သည်။
သူတို့ ဘာလုပ်နေသည်ကို သူမ မသိသော်လည်း မှန်ချပ် မှတစ်ဆင့် တစ်ခုခုကို ထိန်းချုပ်ကာ အခြားသူများနှင့် တိုက်ခိုက်နေခြင်းဖြစ်သည်မှာ သိသာလှသည်။
သူမသည် ယခင်က ထိုသို့သော အဝေးထိန်း ဂါထာမန္တန်များကို မြင်ဖူးသော်လည်း ဤကမ္ဘာမှ သာမန်လူသားများကလည်း ဤကဲ့သို့ ပြုလုပ်နိုင်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
နတ်ဆိုးစစ်သူကြီး ရှန့်သည် ပို၍ စူးစမ်းလိုစိတ် ပြင်းထန်လာပြီး နောက်ဆုံးတွင် ယောကျ်ားလေးတစ်ယောက်၏ နောက်ကွယ်၌ ရပ်ကာ သူ၏ လှုပ်ရှားမှုများကို ငြိမ်သက်စွာ ကြည့်ရှုနေတော့သည်။
ထိုသူသည် သူ၏နောက်တွင် ရှိနေသော မိန်းကလေးကို သတိထားမိသဖြင့် တစ်ချက်လှည့်ကြည့်လိုက်သော်လည်း စပ်စုနေသည့် ကလေးမလေးတစ်ဦးဟု ထင်မှတ်ကာ ဂရုမစိုက်တော့ဘဲ ဂိမ်းကိုသာ အာရုံပြန်စိုက်လိုက်သည်။
" ဘုန်း ..."
Crystal Base ပေါက်ကွဲသွားပြီး ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် Defeat ဟူသော စာသား ပေါ်လာသည်။
" ယီးပဲ... ရှုံးပြန်ပြီ... "
"ငါယိုးကျနေတာပဲ... ဒီညတင် ခြောက်ပွဲဆက်တိုက် ရှုံးနေတာ.. "
ထိုလူက ဒေါသတကြီးဖြင့် မောက်စ် ကို ပစ်ချလိုက်ကာ စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။ စားပွဲပေါ်ရှိ မီးခြစ်ကို ယူကာ မီးညှိရန် ပြင်လိုက်စဉ်မှာပင် နတ်ဆိုးစစ်သူကြီး ရှန့်သည် သူ၏နောက်တွင် ရပ်နေဆဲဖြစ်ပြီး သူမ၏ စူးစမ်းလိုသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။
'ဒီကလေးမလေးက ငါ့နောက်မှာ တစ်ချိန်လုံး ရပ်ပြီး တစ်ပွဲလုံးကို ထိုင်ကြည့်နေတယ်ပေါ့..'
" အဟွတ်... အဟွတ်... "
ကလေးမလေး ရှိနေသဖြင့် ထိုလူ ခဏတာ တုံ့ဆိုင်းသွားပြီး မီးခြစ်နှင့် စီးကရက်ကို မကျေမနပ်ဖြင့် ပြန်သိမ်းကာ ဂိမ်းအသစ်တစ်ပွဲ စတင်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း သူ၏နောက်ကွယ်ရှိ နတ်ဆိုးစစ်သူကြီး ရှန့်၏ အကြည့်မှာ သူ၏အပေါ်၌သာ ရှိနေဆဲ ဖြစ်သဖြင့် သူ အလွန်ပင် နေရထိုင်ရ ခက်လာတော့သည်။
ညံ့ဖျင်း၍ ရှုံးရသည်မှာ ကိစ္စမရှိသော်လည်း တစ်ချိန်လုံး ရှုံးနေသည်ကို အကြည့်ခံနေရခြင်းမှာ အလွန်ပင် ရှက်ဖွယ်ကောင်းလှပေသည်။
'ဒီကလေးမလေးက ဘာလုပ်ချင်နေတာလဲ.. သူ ကြည့်ရုံပဲ ကြည့်ချင်တာလား...ဒါမှမဟုတ် သူကိုယ်တိုင် ကစားချင်ပေမယ့် အိမ်မှာ ကစားခွင့်မရလို့ ဒီမှာ လာကြည့်နေတာလား..'
ထိုလူက ခဏ စဉ်းစားလိုက်ပြီးနောက် ခေါင်း လှည့်ကာ ကွန်ပျူတာကို ညွှန်ပြ၍ မေးလိုက်သည်။
" ကလေး.. မင်း ဆော့ချင်လို့လား... "
" ကလေး ဟုတ်လား... "
နတ်ဆိုးစစ်သူကြီး ရှန့် ဆွံ့အသွားပြီးနောက် ကလေးငယ်တစ်ဦးကဲ့သို့ ဖြူစင်သော အပြုံးလေးကို ပြလိုက်သည်။
" ဟုတ်.. အစ်ကိုကြီး.. သမီးလည်း ကစားချင်တယ်.. "
တစ်စုံတစ်ယောက်က သူ့ကို အစ်ကိုကြီး ဟု ခေါ်သည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ချစ်စရာကောင်း၍ ယဉ်ကျေးသော ကလေးမလေးဖြစ်နေသဖြင့် ထိုလူ၏ မျက်နှာမှာ အနည်းငယ် နီရဲသွားပြီး သူ၏ နေရာကို ဖယ်ပေးလိုက်သည်။
" ကောင်းပြီလေ.. ဒါဆိုရင် အစ်ကိုကြီး မင်းကို တစ်ပွဲ ပေးကစားမယ်.. "
" ဒါပေမဲ့ အစ်ကို့ရဲ့ Rank က နည်းနည်း မြင့်တယ်.. Gold ဆိုတော့ မင်းအတွက် Normal Matchပဲ ရှာပေးမယ်.. "
" အင်း... အင်း ..."
နတ်ဆိုးစစ်သူကြီး ရှန့်သည် ပျော်ရွှင်စွာ ခေါင်းညိတ်ပြပြီး နေရာတွင် ထိုင်ချလိုက်ကာ ခေါင်းကို လှည့်၍ နှိမ့်ချစွာ မေးလိုက်သည်။
" အစ်ကိုကြီး... ဒါကို ဘယ်လို ကစားရတာလဲ... "
" တစ်ခါမှ မကစားဖူးဘူးလား.. ပြဿနာမရှိဘူး.. အစ်ကိုကြီး သင်ပေးမယ်.. "
ချိုသာသော အစ်ကိုကြီး ဟူသော အခေါ်အဝေါ်မှာ ထိုလူ၏ စိတ်ကို ထိခိုက်သွားစေသည်။ သူ အလွန်ပင် ဝမ်းသာသွားပြီး မောက်စ်နှင့် ကီးဘုတ် ကို ကိုင်ကာ သူမကို စိတ်ရှည်လက်ရှည် စတင်သင်ကြားပေးတော့သည်။
" ကြည့်... QWER ဆိုတာက Skill လေးမျိုးပဲ.. Hero တစ်ယောက်ချင်းစီမှာ မတူညီတဲ့ စွမ်းရည်တွေ ရှိတယ်.. မောက်စ်ကို အဲ့ဒီအပေါ်မှာ တင်လိုက်ရင် စွမ်းရည်တစ်ခုချင်းစီရဲ့ အကြောင်းကို မြင်ရလိမ့်မယ်.. "
ထိုအမျိုးသား၏ ရိုးရှင်းသော ရှင်းပြမှုအပြီးတွင် နတ်ဆိုးစစ်သူကြီး ရှန့်သည် သူမ၏ရှေ့ရှိ ထူးဆန်းသော အရာဝတ္ထုမှာ ကွန်ပျူတာဟု ခေါ်ကြောင်းနှင့် သူတို့ ကစားနေသည်မှာ လူကြိုက်များသော ဂိမ်းတစ်ခု ဖြစ်ကြောင်းကို နားလည်သွားသည်။
ဖန်သားပြင်မှတစ်ဆင့် အကောင့် ထဲသို့ ဝင်ရောက်ကာ အခြားသူများနှင့် ယှဉ်ပြိုင်ရုံသာ ဖြစ်သည်။
သူမ မောက်စ်နှင့် ကီးဘုတ်ကို ကိုင်တွယ်ကာ ဖန်သားပြင်ပေါ်မှ သူရဲကောင်းကို ထိန်းချုပ်ပြီး အခြားသူများနှင့် စတင် ယှဉ်ပြိုင်ကြည့်လိုက်သည်။
ထိုခဏမှာပင် သူမ၏ မျက်ဝန်းများမှာ လင်းလက်သွားပြီး ကမ္ဘာသစ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ခံစားလိုက်မိ၏။
မတူညီသော စွမ်းရည်များရှိသည့် သူရဲကောင်းပေါင်း တစ်ရာကျော်၊ ဆန့်ကျင်ဘက် အဖွဲ့ကို အနိုင်ယူရန်အတွက် အဖွဲ့ဝင်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရခြင်း၊ အမှားအယွင်း တစ်စုံတစ်ရာ ဖြစ်ပါက ရှုံးနိမ့်နိုင်ခြင်းတို့မှာ ကျင့်ကြံသူများအချင်းချင်း ယှဉ်ပြိုင် တိုက်ခိုက်နေရသကဲ့သို့ပင် ခံစားနေရသည်။ သို့သော်ငြား ဤသည်က ဂိမ်းတစ်ခုသာ ဖြစ်နေသည်။
အင်မော်တယ် နတ်ဆိုးတိုက်ကြီးတွင် လူသားများ၏ ဖျော်ဖြေရေးမှာ သိုင်းပညာ လေ့ကျင့်ခြင်း၊ ကခုန်ခြင်းများကို ကြည့်ရှုခြင်း သို့မဟုတ် ဂို ကစားခြင်းတို့သာ ရှိသည်။
သို့သော် ဤကမ္ဘာရှိ သာမန်လူသားများတွင်မူ ဤမျှလောက် စိတ်ဝင်စားစရာ ကောင်းသော တိုက်ခိုက်နည်းမျိုး ရှိနေချေသည်။
'အပြင်မှာတိုက်ခိုက်စရာ မလိုဘဲ ဖန်သားပြင်ကို ကြည့်ရုံနှင့်တင် အနိုင်အရှုံးကို ဆုံးဖြတ်နိုင်တယ်ပေါ့..'
'စိတ်ဝင်စားဖို့ ကောင်းလိုက်တာ..'
နတ်ဆိုးစစ်သူကြီး ရှန့်၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး သူမ ဂိမ်းထဲသို့ စိတ်နှစ်ကာ ကစားနေတော့သည်။
သူမအနေဖြင့် ပထမဆုံးအကြိမ် ကစားခြင်း ဖြစ်သော်လည်း သူမ၏ ထူးကဲသော နားလည်နိုင်စွမ်းနှင့် တုံ့ပြန်မှု အရှိန်တို့ကြောင့် ဂိမ်းကို တဖြည်းဖြည်းချင်း ကျွမ်းကျင်လာသည်။
ဘေးတွင် ရပ်နေသော ထိုလူကအံ့အားသင့်ကာ ဆွံ့အသွားသည်။
' ခုနက မဆော့တက်ဘူးလေ..ဘာလို့ ချက်ချင်းကျွမ်းကျင် သွားတာလဲ..'
' သူ ဆော့တာက ငါ့ထင်တောင် ကောင်းနေပါလား...'
မကြာမီမှာပင် နတ်ဆိုးစစ်သူကြီး ရှန့်သည် ၂၉-၁၀ ဟူသော ရလဒ်ဖြင့် သာမန်ပွဲကို အလွယ်တကူ အနိုင်ယူလိုက်သည်။
အနိုင်ရပြီးနောက် သူမက ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး သူမ၏ စိတ်ထဲတွင် အောင်ပွဲကြောင့် ရရှိသော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကာ ထပ်မံ၍ ကစားလိုစိတ်များ ဖြစ်ပေါ်နေသည်။
ထိုလူက နတ်ဆိုးစစ်သူကြီး ရှန့်၏ ခုံကို ဆုပ်ကိုင်ကာ သူမ၏ ရှေ့တွင် ထိုင်ချလိုက်ပြီး အလေးအနက် တောင်းဆိုလိုက်သည်။
" ညီမလေး... အစ်ကိုကြီးကို Ranked လေး ကူဆော့ပေးပါလား..."
Chapter 150
~
အခန်း ၁၅၀ : အရှင်လည်း ဂိမ်းလာဆော့တာလား...
~
" သူ့ကို တွေ့ပြီလား.. "
လမ်းထောင့်တစ်ခုတွင် လင်းဖန်က ပြန်ရောက်လာကြသော မေ့ကျီနှင့် အခြားသူများကို မေးလိုက်သည်။
" မတွေ့ခဲ့ဘူး ..."
မေ့ကျီနှင့် အခြားသူများက ခေါင်းခါလိုက်ကြ၏။
လင်းဖန် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ အမူအရာမှာ ပိုမို တည်ကြည်လေးနက်လာသည်။ ယင်းနွီကို ရှာတွေ့ပြီးနောက်တွင် သူသည် နောက်ဆုံးကျန်ရှိနေသော တစ်ဦးတည်းသောသူ ဖြစ်သည့် နတ်ဆိုးစစ်သူကြီး ရှန့်ကို စတင်ရှာဖွေခဲ့သည်။ သို့ရာတွင် ရက်ပေါင်းများစွာ ကြာသည်အထိ ရှာဖွေနေခဲ့ပြီး မေ့ကျီနှင့် အခြားသူများကို နတ်ဆိုးမြို့တော် (ရှန်ဟိုင်းနော်) တစ်ခုလုံးအနှံ့ စေလွှတ်၍ ရှာဖွေခိုင်းသော်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။ နောက်ဆုံးတွင် သူသည် နတ်ဆိုးစစ်သူကြီး ရှန့်အနေဖြင့် သူ၏ နတ်ဆိုးအငွေ့အသက်ကို အာရုံခံနိုင်ပြီး သူ့ကို လာရောက်ရှာဖွေနိုင်ရန်အတွက် သူ၏ နတ်ဆိုးစွမ်းအားကိုပင် တမင်တကာ ထုတ်လွှတ်ခဲ့သေးသည်။ သို့သော်လည်း နတ်ဆိုးစစ်သူကြီး ရှန့်မှာ ထိုနတ်ဆိုးအငွေ့အသက်ကို အာရုံခံပြီး သူ့ထံ ရောက်မလာခဲ့ပေ။
ဤသည်က သူ့ကို ပို၍ စိုးရိမ်လာစေသည်။ နတ်ဆိုးစစ်သူကြီး ရှန့်မှာ နတ်ဆိုးမြို့တော်အတွင်းသို့ အောင်မြင်စွာ မရောက်လာဘဲ ကမ္ဘာကြီး၏ တစ်နေရာရာတွင် ကျရောက်သွားခဲ့သဖြင့် သူ၏ နတ်ဆိုးစွမ်းအားကို အာရုံမခံနိုင်ဘဲ ဖြစ်နေသည်လော သို့တည်းမဟုတ် ဤကမ္ဘာသို့ ကျရောက်စဉ်မှာပင် သူမ၏ စွမ်းအားအားလုံး ဆုံးရှုံးသွားပြီး တစ်စုံတစ်ခုသော ဘေးဒုက္ခနှင့် ကြုံတွေ့နေရသလော။
" နတ်ဆိုးစစ်သူကြီး ရှန့်က ဒီကမ္ဘာရဲ့ ဘယ်နေရာကို ရောက်သွားတာလဲ.. သတင်းအစအနလေးတောင် မကြားရဘူး.. "
" ဒီဘုရင်ကြီးနဲ့ နတ်ဆိုးအရှင်က သူ့ကို လိုက်ရှာဖို့ အပြင်ကို ထွက်နေဖို့ လိုသေးလို့လား... "
လုံယဲ့က မျက်မှောင်ကြုတ်၍ မကျေမနပ် ညည်းတွားလိုက်ပြီးနောက် လင်းဖန်ဘက်သို့ လှည့်ကာ သူ၏ ခန့်မှန်းချက်ကို ပြောလိုက်သည်။
" နတ်ဆိုးအရှင်... အဲ့ဒီ နတ်ဆိုးစစ်သူကြီး ရှန့်က တခြားတစ်နေရာကို ကျသွားတာများလား ..."
" အဲ့ဒါကတော့ မဖြစ်နိုင်ဘူး ..."
လင်းဖန် စကားမပြောရသေးခင်မှာပင် မေ့ကျီက လုံယဲ့၏ ခန့်မှန်းချက်ကို ငြင်းပယ်လိုက်သည်။
" နတ်ဆိုးစစ်သူကြီး ရှန့်နဲ့ ငါတို့တွေက ဟင်းလင်းပြင်ဥမင်ထဲကို အတူတူ ဝင်လာခဲ့ကြတာ... ပြီးတော့ လက်နက်ရဲ့ တည်နေရာပြမှုအရလည်း ဒီမြို့ထဲမှာပဲ ရှိနေတာလေ.. တကယ်လို့ သူ ဟင်းလင်းပြင်လမ်းကြောင်းအတိုင်း လာခဲ့မယ်ဆိုရင် တခြားနေရာကို ကျသွားစရာ အကြောင်းမရှိဘူး... "
" လွဲချော်မှုတွေ မဖြစ်အောင် ငါတို့တွေလာခဲ့တဲ့ ဟင်းလင်းပြင်ဥမင်အတိုင်း လိုက်လာဖို့ လိုတယ်လို့ မင်းလည်း ပြောခဲ့တာပဲ... "
" ရှန့်က လမ်းတစ်ဝက်မှာရှိတဲ့ ဟင်းလင်းပြင်လမ်းဆုံတစ်ခုခုကို ပြေးဝင်သွားတာမျိုးရော မဖြစ်နိုင်ဘူးလား... "
လုံယဲ့က ပြန်လည် ငြင်းခုံလိုက်သည်။
မေ့ကျီသည် ထိုစကားကို ကြားသည့်အခါ မေးစေ့ကို အသာပွတ်ရင်း စဉ်းစားခန်း ဝင်သွားသည်။
" တကယ်လို့ အဲ့ဒီလိုသာ ဆိုရင်တော့ ဒုက္ခပဲ..ရှန့်ကို ပြန်ရှာတွေ့ဖို့ အခွင့်အရေးက နည်းသွားလိမ့်မယ် .."
ဟင်းလင်းပြင်ဥမင်မှာ အလွန်ပင် ရှုပ်ထွေးလှသည်။ ဥမင်တစ်ခုချင်းစီမှာ မတူညီသော ဟင်းလင်းပြင်ကမ္ဘာများသို့ ဆက်သွယ်ပေးထားပြီး အချို့မှာ ဟင်းလင်းပြင်မုန်တိုင်းများကိုပင် ဖုံးကွယ်ထားတတ်သည်။ ဟင်းလင်းပြင်အတွင်း လမ်းကြောင်းလွဲသွားသည်နှင့် မည်သည့်နေရာသို့ ရောက်ရှိသွားမည်ကို မည်သူမျှ မသိနိုင်ချေ။ ဤကမ္ဘာ၏ ထောင့်တစ်နေရာ ဖြစ်နိုင်သကဲ့သို့ ဤကမ္ဘာ၏ အပြင်ဘက်သို့လည်း ရောက်ရှိသွားနိုင်သည်။
လင်းဖန်နှင့် အခြားသူများ အခက်တွေ့နေစဉ်မှာပင် အနီးအနားတွင် ရှိနေသော ယင်းနွီသည် ဆန့်ကျင်ဘက် လမ်းဘေးတွင် ရင်းနှီးသော ပုံရိပ်တစ်ခုကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
" တွေ့ပြီ... "
ယင်းနွီက လက်ညှိုးညွှန်ပြကာ ပြောလိုက်သည်။
လင်းဖန်နှင့် အခြားသူများမှာ ထိုစကားကို ကြားသည်နှင့် သူမ ညွှန်ပြရာဘက်သို့ ခေါင်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်ကြ၏။ ဆံပင် ခပ်တိုတို အနီရောင် နှင့် သေးငယ်သော မိန်းကလေးတစ်ဦးသည် လက်တစ်ဖက်တွင် ဝက်အူချောင်းကင်ကို ကိုင်ကာ အခြားလက်တစ်ဖက်တွင် ကိုလာကို သောက်ရင်း အင်တာနက်ကဖေးတစ်ခုအတွင်းသို့ ခေါင်းမော့ ရင်ကော့၍ ဝင်သွားသည်ကို သူတို့ တွေ့လိုက်ရ၏။ သူမမှာ အခြားသူမဟုတ်ဘဲ သူတို့ ရက်ပေါင်းများစွာ လိုက်ရှာနေရသော နတ်ဆိုးစစ်သူကြီး ရှန့်ပင် ဖြစ်သည်။
ရက်ပေါင်းများစွာ ရှာဖွေနေခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရပြီး ယခုမှပင် လမ်းပေါ်တွင် တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရခြင်း ဖြစ်သည်။ သို့သော် သူမက မည်သည့်အတွက်ကြောင့် အင်တာနက်ကဖေးထဲကို ဝင်သွားရသနည်း။
ထိုသိလိုစိတ်နှင့်အတူ လင်းဖန်သည် မေ့ကျီနှင့် အခြားသူများကို ဦးဆောင်ကာ နတ်ဆိုးစစ်သူကြီး ရှန့်၏နောက်သို့ လိုက်၍ အင်တာနက်ကဖေးအတွင်းသို့ လိုက်ဝင်သွားသည်။
နတ်ဆိုးစစ်သူကြီး ရှန့်သည် အင်တာနက်ကဖေးအတွင်းသို့ ဝင်လိုက်သည်နှင့် လူအုပ်ကြီး၏ ဝိုင်းအုံခြင်းကို ချက်ချင်း ခံလိုက်ရသည်။
" အစ်မကြီး... ဒီနေ့လည်း ထပ်ရောက်လာပြန်ပြီနော်... "
" ဒီနေ့ ကျွန်တော့်အကောင့်ကို သုံးပေးပါ အစ်မကြီး... အင်တာနက်ဖိုး ပေးပြီးသား.. ကွန်ပျူတာလည်း ဖွင့်ပြီးသားပါ.. "
" မဟုတ်ဘူး... ကျွန်တော့်အကောင့်ကို သုံးပါ... စကင် တွေ အကုန်ဝယ်ထားပြီးသား.. "
" အစ်မကြီး... ကျွန်တော် Challenger အဆင့် ရောက်ဖို့အတွက် အစ်မကြီးကိုပဲ အားကိုးရတော့မယ်.. ဘာခိုင်းခိုင်း လုပ်ပေးပါ့မယ် ကူညီပါဗျာ.. "
လူအုပ်ကြီး၏ ကိုးကွယ်ယုံကြည်မှုအောက်တွင် နတ်ဆိုးစစ်သူကြီး ရှန့်သည် ဂုဏ်ယူစွာဖြင့် လည်ပင်းကို ဆန့်လိုက်ရာ အရပ် ၁ ဒသမ ၆ မီတာပင် မပြည့်သော သူမ၏ အရပ်မှာ နှစ်စင်တီမီတာခန့် ပိုမို ရှည်ထွက်လာသည့်အလားပင် ထင်ရ၏။ ဂိမ်းများနှင့် စတင်မိတ်ဆက်ပေးခြင်း ခံရပြီးနောက်တွင် သူမ တဖြည်းဖြည်းနှင့် ဂိမ်းစွဲလမ်းလာခဲ့သည်။
သူမ၏ ထူးကဲလှသော ဂိမ်းကစားခြင်း ပါရမီကြောင့် တိုက်ပွဲတိုင်းတွင် အနိုင်ရရှိခဲ့ပြီး ဤအင်တာနက်ကဖေးတွင် လျင်မြန်စွာပင် နာမည်ကြီးလာခဲ့သည်။ သူမအနေဖြင့် ငွေပေးစရာ မလိုတော့ချေ။တစ်စုံတစ်ယောက်က သူမအတွက် ကွန်ပျူတာကို ကြိုတင်ပြင်ဆင်ပေးထားမည် သူမ ထိုင်လိုက်သည်နှင့် လူများစွာက QR codesများကို စကန်ဖတ်ကာ သူမအတွက် Login ဝင်ပေးကြပေလိမ့်မည်။ အချို့မှာမူ သူမကို သူတို့အတွက် ဂိမ်းကစားပေးရန် ငွေ ပေးကြသေး၏။
ယခုအခါတွင် သူမသည် နေ့စဉ် အင်တာနက်ကဖေးတွင် ဂိမ်းကစားပေးရန် အမှာစာများ လက်ခံခြင်း၊ ဂိမ်းကစားခြင်းနှင့် သူမ၏ ဘေးပတ်လည်ရှိ လူများ၏ ချီးမွမ်းမြှောက်ပင့်မှုများကို ခံယူရင်း ပျော်ရွှင်နေတော့သည်။ ဂိမ်းတစ်ခုကို ငြီးငွေ့လာသည့်အခါ အခြားတစ်ခုသို့ ပြောင်းလဲကစားသည်။ မည်သို့ပင်ဆိုစေကာမူ ဤကမ္ဘာတွင် ဂိမ်းများစွာ ရှိနေသဖြင့် သူမ ဆော့၍ ကုန်နိုင်မည် မဟုတ်ချေ။ သူမ ကြိုက်နှစ်သက်ရာကို ကစားနိုင်သည်။
" ဒီနေ့တော့ အွန်လိုင်းဂိမ်း တစ်ခုပဲ ကစားချင်တယ်...နောက်မှပဲ ကစားတော့မယ်.. "
နတ်ဆိုးစစ်သူကြီး ရှန့်က လက်ကို ယမ်းပြကာ သူမ၏ ရှေ့မှ လူအုပ်ကြီးကို ဖယ်ခိုင်းလိုက်ပြီး ကွန်ပျူတာတစ်လုံးရှေ့သို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် ကျွမ်းကျင်စွာပင် ကွန်ပျူတာကို ဖွင့်လိုက်ပြီး ဂိမ်းအကောင့်တစ်ခုထဲသို့ ဝင်လိုက်သည်။ ဂိမ်းထဲသို့ ရောက်ရှိပြီးနောက်တွင် သူမက နားကြပ်ကို တပ်ဆင်ကာ အသံကို နှိမ့်၍ ပြောလိုက်၏။
" ဘရို .. ဒီနေ့ ၆၄၈ ကို ငွေဖြည့်ပေးပါအုံး..."
လင်းဖန်နှင့် အခြားသူများ ...." ... "
နတ်ဆိုးစစ်သူကြီး ရှန့်၏ လုပ်ဆောင်မှုများကို ကြည့်ပြီး နောက်ကွယ်မှ လိုက်လာကြသော လင်းဖန်နှင့် အခြားသူများမှာ ဆွံ့အသွားကြ၏။ တစ်ပတ်ပင် မပြည့်သေးသည့် အချိန်အတွင်းမှာပင် နတ်ဆိုးစစ်သူကြီး ရှန့်သည် အင်တာနက်ကဖေးသို့ လာရုံသာမက အွန်လိုင်းမှ ငွေရှာနည်းကိုပါ တတ်မြောက်နေပြီ ဖြစ်သည်။ ဤသူမှာ နတ်ဆိုးနယ်မြေတွင် နှစ်ပေါင်း တစ်ထောင်အတွင်း တစ်ဦးတည်းသာ ပေါ်ထွက်ခဲ့သော ပါရမီရှင်ဟု တင်စားခြင်း ခံရသည့် ဟိုင်းဖ မျိုးနွယ်စုမှ ပါရမီရှင် မိန်းကလေး အမှန်တကယ်ပင် ဟုတ်ပါသေး၏လော။
" နတ်ဆိုးစစ်သူကြီး ရှန့်... နင် ဘာလုပ်နေတာလဲ... "
ရင်းနှီးသော အသံတစ်ခုက သူမ၏ နောက်ကွယ်မှ ထွက်ပေါ်လာသဖြင့် နတ်ဆိုးစစ်သူကြီး ရှန့်မှာ လန့်သွားပြီး ခေါင်းကို ကြောင်အအ လှည့်ကြည့်လိုက်သည်။ မေ့ကျီနှင့် လုံယဲ့တို့သည် သူမ၏ နောက်ကွယ်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ သူမကို လူသတ်ချင်နေသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။
" မေ့ကျီ... လုံယဲ့... တိုက်တိုက်ဆိုင်ဆိုင်ပါလား... "
နတ်ဆိုးစစ်သူကြီး ရှန့်က ရှက်အမ်းအမ်းဖြင့် ပြုံးပြလိုက်သည်။
မေ့ကျီက အေးစက်သော အသံဖြင့် ...
" ငါ နင့်ကို မေးနေတာ..နင် ဒီမှာ ဘာလုပ်နေတာလဲ.. ရှင်းပြဖို့ မလိုဘူးလား.. "
" ဟို... ငါက နတ်ဆိုးအရှင်ကို လိုက်ရှာနေတာပါ.. နတ်ဆိုးအရှင်က ဒီထဲမှာများ ရှိနေမလားလို့ ..နေရာတိုင်းမှာ သေချာ ရှာရမယ်.. "
နတ်ဆိုးစစ်သူကြီး ရှန့်က အလေးအနက်ထား၍ ရှင်းပြလိုက်ပြီးနောက် အင်တာနက်ကဖေးထဲကို ဟိုကြည့်ဒီကြည့် လုပ်ပြနေသည်။ မလှမ်းမကမ်းတွင် ရပ်နေသော လင်းဖန်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည့် အချိန်၌....
" ဟင်... နတ်ဆိုးအရှင်... အရှင် တကယ်ပဲ ဒီမှာ ရှိနေတာလား... "
နတ်ဆိုးစစ်သူကြီး ရှန့်၏ အမူအရာမှာ ချက်ချင်းပင် အံ့အားသင့်သွားသော အမူအရာသို့ ပြောင်းလဲသွားသည်။
" အရှင်လည်း ဂိမ်းလာဆော့တာလား ..."
" ငါ ဂိမ်းလာဆော့တာ မဟုတ်ဘူး... နင့်နောက်ကို လိုက်လာတာ ..."
လင်းဖန်က နတ်ဆိုးစစ်သူကြီး ရှန့်ကို အေးစက်စွာ စိုက်ကြည့်၍ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ သူမ တစ်ခုခု ဖြစ်နေမည်ကို သူ စိုးရိမ်ပြီး ရက်ပေါင်းများစွာ လိုက်ရှာနေခဲ့သော်လည်း သူမမှာမူ ဘာမှမဖြစ်ဘဲ ဤနေရာတွင် ဂိမ်းကစားပြီး ပုန်းအောင်းနေခဲ့သည်။
နတ်ဆိုးစစ်သူကြီး ရှန့် ... " ... "
လင်းဖန်နှင့် အခြားသူများမှာ သူမ၏ နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည့် အခါတွင် နတ်ဆိုးစစ်သူကြီး ရှန့်မှာ ချွေးစေးပြန်လာတော့သည်။
' ခုန လူတွေက ငါ့ကို အစ်မကြီး ခေါ်ပြီး လော့ဂ်အင် ဝင်ခိုင်းနေတာကိုများ သူတို့ မြင်သွားပြီလား..'
" ငါ နင့်ကို ရှာဖို့အတွက် ငါ့ရဲ့ နတ်ဆိုးအငွေ့အသက်ကို ထုတ်လွှတ်ထားခဲ့တာ..နင် အာရုံခံမိတယ် မလား .."
လင်းဖန်က အေးစက်သော အသံဖြင့် မေးလိုက်သည်။
နတ်ဆိုးစစ်သူကြီး ရှန့်မှာ တံတွေးကို ခိုးမြိုချလိုက်မိပြီး နဖူးမှ ချွေးစေးများမှာလည်း စီးကျလာ၏။ သူမ၏ လက်ညှိုးနှစ်ချောင်းကို အရှေ့အနောက် ထိတွေ့ရင်း ငိုချင်လျက်နှင့် ပြုံးနေသော အမူအရာမျိုး ပြုလုပ်နေသည်။
" ဟို... အာရုံခံမိပါတယ်... "
သူမ၏ စကားအဆုံးမှာပင် လက်တစ်ဖက်က နတ်ဆိုးစစ်သူကြီး ရှန့်၏ ဦးခေါင်းကို အားဖြင့် ဆုပ်ကိုင်လိုက်သည်။
" နင်က နတ်ဆိုးအရှင်ရဲ့ အငွေ့အသက်ကို အာရုံခံမိရဲ့သားနဲ့ နတ်ဆိုးအရှင်ကို လာရှာဖို့ မကြိုးစားဘဲ ဒီမှာ ဂိမ်းဆော့နေတယ်ပေါ့လေ... "
မေ့ကျီက လက်တစ်ဖက်ဖြင့် နတ်ဆိုးစစ်သူကြီး ရှန့်၏ ဦးခေါင်းကို ညှစ်ထားပြီး သူမ၏ မျက်နှာနားသို့ ကပ်ကာ လူသတ်ချင်နေသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
" ငါ...ငါ တကယ်တော့ ဒီနေ့ပွဲ ပြီးတာနဲ့ နတ်ဆိုးအရှင်ကို သွားရှာမလို့ပါ... "
နတ်ဆိုးစစ်သူကြီး ရှန့်က ထိတ်လန့်တကြား ရှင်းပြလိုက်သည်။
" ဒီနေ့ပွဲ ပြီးတာနဲ့ ဟုတ်လား ..."
မေ့ကျီက ထိုစကားကို ကြားသည့်အခါ သူ၏ မျက်နှာမှ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ပိုမို ပြင်းထန်လာပြီး သူ၏လက်မှာလည်း တဖြည်းဖြည်းနှင့် အားစိုက်လာသည်။
" အား... အား... နာတယ်... နာတယ်... ကွဲတော့မယ်... "
သူမ၏ ဦးခေါင်းခွံမှာ ကွဲကြေတော့မည့်အလား ခံစားလိုက်ရသဖြင့် နတ်ဆိုးစစ်သူကြီး ရှန့်မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး လင်းဖန်ကို အမြန်ပင် အသနားခံလိုက်သည်။
" နတ်ဆိုးအရှင်... သမီး နောက်ခါ မလုပ်တော့ပါဘူး..ဒီတစ်ခါတော့ သမီးကို ခွင့်လွှတ်ပေးပါနော်.. တကယ်ပါ... "
နတ်ဆိုးစစ်သူကြီး ရှန့်၏ သနားစဖွယ် ဝိုင်းစက်နေသော မျက်လုံးများကို ကြည့်ပြီး လင်းဖန်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူ ညွှန်ကြားချက် တစ်ခုကိုသာ ပေးလိုက်သည်။
" မေ့ကျီ... သူ့ကို ပြန်ခေါ်သွားပြီး ဆုံးမလိုက်.. ပြီးရင် ကြမ်းပြင်ပေါ်မှာ သွေးတွေ ပေနေတာမျိုး မဖြစ်စေနဲ့.. "
" မှန်လှပါ နတ်ဆိုးအရှင်.. "
မေ့ကျီက အမိန့်ကို နာခံပြီး နတ်ဆိုးစစ်သူကြီး ရှန့်၏ ဦးခေါင်းကို ကိုင်ကာ အင်တာနက်ကဖေး အပြင်ဘက်သို့ ဆွဲထုတ်သွားတော့သည်။
" အား... "
နတ်ဆိုးစစ်သူကြီး ရှန့်သည် အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး ခြေထောက်များဖြင့် ကန်ကျောက်ကာ ရုန်းကန်နေသော်လည်း အင်တာနက်ကဖေးအတွင်းရှိ လူများ၏ အမြင်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
" အစ်မကြီးတော့ သွားပြီ... "
" ဟူး... အခုကစပြီး ငါတို့ရဲ့ တရုတ်နိုင်ငံမှာ ပါရမီရှင် e-sport player တစ်ယောက် လျော့သွားပြီပေါ့ .."