အခန်း (၈၇၉-၈၈၀)
Vol. 88 Ch. 879-880
အခန်း (၈၇၉) - စစ်နတ်ဘုရား ပြန်လာခြင်း ၊ထိန်းချုပ်မရသော ဓား ၊ သိုင်းသင်နေသော ကြောင်တစ်ကောင်
လီယန်ချူ စကားပြောနေစဉ်မှာပင် စိတ်အာရုံကို ဖြန့်ကြက်ထားသော်လည်း ထူးခြားသော တည်ရှိမှုမျိုးကို မခံစားရပေ။
"သွားစို့၊ အပေါ်တက်ကြည့်ရအောင်။"
လီယန်ချူ၏ စကားအဆုံးတွင် သူသည် ကောင်းကင်သို့ တိုက်ရိုက် ပျံတက်သွားပြီး ကျွေ့ဟွာကလည်း ထို့အတူပင် လိုက်ပါလာသည်။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ ကောင်းကင်ယံတွင် ရပ်တန့်နေကြသည်။ လီယန်ချူသည် စိတ်အာရုံကို တစ်ဖန် ပြန်လည်ဖြန့်ကြက်လိုက်ရာ ပတ်ဝန်းကျင် မိုင်ရာချီအတွင်းရှိ အရာအားလုံးမှာ သူ၏ စိတ်အာရုံနယ်ပယ်အတွင်းသို့ ရောက်ရှိလာသည်။ သို့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့သေးပေ။
"ဘယ်လိုလဲ"
လီယန်ချူက လှည့်မေးလိုက်သည်။
"ဟိုလို ခံစားချက်မျိုး ရှိသေးလား"
ကျွေ့ဟွာသည် သေချာစွာ အာရုံခံကြည့်ပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားကာ "မရှိတော့ဘူး" ဟု ဆိုသည်။ သူမ၏ အသံထဲတွင် ဝမ်းနည်းရိပ်များ မသိမသာ ပါဝင်နေသည်။
"ဘာမှမဖြစ်ပါဘူး" လီယန်ချူက နှစ်သိမ့်လိုက်သည်။
"ဒီအချိန်မှာ ဒီနားကို ရောက်လာတယ်ဆိုတာ ဟော့ထုံတောင် လျှို့ဝှက်နယ်မြေအတွက် ဖြစ်မှာ သေချာတယ်။ အဲဒီနယ်မြေထဲ ရောက်ရင်တော့ ပြန်တွေ့နိုင်မှာပါ။"
ကျွေ့ဟွာသည် ထိုစကားကို ကြားသောအခါ မျက်လုံးများ လင်းလက်သွားပြီး ခေါင်းညိတ်လိုက်သည်။
၎င်းတို့နှစ်ဦး တောင်ပေါ်သို့ ပြန်ဆင်းလာကြသည်။ ကျွေ့ဟွာသည် လေသံကို ပေါ့ပေါ့ပါးပါး ထားသော်လည်း သူမ၏ မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကိုမူ ဖုံးကွယ်၍မရပေ။ သိသာသည်မှာ သူမသည် ဤကိစ္စကို အလွန်ပင် အလေးထားနေခြင်း ဖြစ်သည်။ ယခုအခါ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက် စွမ်းအားမှာ ပိုမိုသန်မာလာပြီး နတ်စွမ်းအားနှင့် လျှို့ဝှက်ပညာရပ်များစွာကို တတ်မြောက်လာခဲ့သည်။ အခြားသော သွေးမျိုးဆက်တစ်ခုမှာလည်း နိုးထလာခဲ့သော်လည်း အမွေအနှစ် ပညာရပ်များကိုမူ မပေးအပ်သေးပေ။ သို့သော် ၎င်းက ကျွေ့ဟွာ၏ ခန္ဓာကိုယ်ကို ပိုမိုသန်မာလာစေသဖြင့် ယခုအခါ သူမမှာ ကြီးမားသော ကြောင်ကြီးတစ်ကောင်အဖြစ် ပေါ်ထွက်နေခြင်း ဖြစ်သည်။
လီယန်ချူတွင် ကြိုတင်သိမြင်မှုတစ်ခု ရှိနေသည်။ အကယ်၍ ကျွေ့ဟွာသာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက် နှစ်ခုစလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် သူမ၏ အောင်မြင်မှုမှာ အတိုင်းအဆမရှိ ကြီးမားပေလိမ့်မည်။
အမှန်စင်စစ် အသက်ကိုးသက်ကြောင် သွေးမျိုးဆက် တစ်မျိုးတည်းနှင့်ပင် ဤလောကတွင် အလွန်ရှားပါးလှသော တည်ရှိမှု ဖြစ်နေပြီဖြစ်သည်။ ရှေးဟောင်း မိစ္ဆာမျိုးနွယ်ဝင် သူတော်စင်ကြီးဟူသော အမည်မှာ အလကားရလာခြင်း မဟုတ်ပေ။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ လေထဲတွင် အတန်ကြာ ရပ်နေကြသည်မှာ အလွန်ပင် ကြည့်ကောင်းလှသည်။
ကျွေ့ဟွာသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်
"ငါ ဘာမှမဖြစ်တော့ပါဘူး... နင် ငါ့အနားမှာ အကြာကြီး နေပေးတာ ရှားပါတယ်" ဟု ပြောလိုက်သည်။
လီယန်ချူက ရုတ်တရက် ဆိုလိုက်သည်။
"နင် စဉ်းစားဖူးလား... တကယ်တော့ နင်က ရှေးဟောင်းပြီး ဆန်းကြယ်တဲ့ မိစ္ဆာမျိုးနွယ်စုကြီးကနေ မွေးဖွားလာတာ ဖြစ်နိုင်တယ်။ ငယ်ငယ်လေးကတည်းက အစွန့်ပစ်ခံရပြီး ဘယ်သူ့ကိုမှ အားကိုးစရာမရှိဘဲ နေခဲ့ရပေမဲ့၊ သုံးနှစ်ကြာတဲ့အခါမှာတော့ စစ်နတ်ဘုရား အဖြစ် ပြန်လာပြီး နတ်စစ်သည် တစ်သိန်းနဲ့ မင်းရဲ့ မျိုးနွယ်စုကို အပြတ်အသတ် ချေမှုန်းပစ်တာမျိုးပေါ့။"
သူပြောလေလေ သူ၏ မျက်လုံးများမှာ ပိုမိုတောက်ပလာလေလေပင်။
ကျွေ့ဟွာ : "..............."
စောစောက စိတ်လှုပ်ရှားမှုများမှာ ခွေးကျွေးလိုက်သလိုပင် ဖြစ်သွားတော့သည်။
ကျွေ့ဟွာက မေးလိုက်သည်။
"စီမောဂိုဏ်းက ဒုဂိုဏ်းချုပ်ကို ရှာလို့ရသေးလား"
သူမ လူရိုက်ချင်စိတ် ပေါက်နေပြီ ဖြစ်သည်။
လီယန်ချူက ပြုံးလိုက်ပြီး
"အောက်တန်းစား မိစ္ဆာကျင့်ကြံသူ တစ်ယောက်က ငါ့လက်ထဲကနေ လွတ်အောင် ပြေးနိုင်ပါ့မလား "
ကျွေ့ဟွာက နှာခေါင်းရှုံ့ကာ မျက်စောင်းထိုးလိုက်သည်။ လီယန်ချူသည် သူ၏ စိတ်အာရုံဖြင့် ထိုသူကို အမြဲတစေ ပစ်မှတ်ထားထားပြီးဖြစ်ရာ ခပ်တိုးတိုး ဆိုလိုက်သည်။
"သွားစို့၊ စီမောဂိုဏ်းက အဲဒီကောင်က လူသတ်ပြီး ကျင့်စဉ်ကျင့်ဖို့ ကြံနေတာ၊ သွားပြီး ပညာပေးလိုက်ရအောင်။"
ကျွေ့ဟွာက ခေါင်းညိတ်လိုက်သည်။ သူမ၏ ပင်ကိုယ်စိတ်မှာ အလွန်ကြင်နာတတ်သူ ဖြစ်သဖြင့် လူသတ်၍ ကျင့်စဉ်ကျင့်သည့် ကိစ္စကို ကြားရသောအခါ ဒေါသတကြီး ဖြစ်သွားရသည်။
လီယန်ချူသည် အဖြူရောင် ကြောင်ကြီးပေါ်သို့ ခွစီးလိုက်သည်။ မင်ရှန်းနယ်မြေထဲသို့ ရောက်ကတည်းက ကျွေ့ဟွာမှာ အမြဲတစေ အစီးခံနေရသဖြင့် ယခုအခါတွင်မူ အသားကျနေပြီ ဖြစ်သည်။
လီယန်ချူက ကျွေ့ဟွာ၏ တင်ပါးကို တစ်ချက်ပုတ်ကာ တိုက်တွန်းလိုက်သည်။
"မြန်မြန်... ထွက်ရအောင်"
ကျွေ့ဟွာ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး လီယန်ချူကို မကျေမနပ် ကြည့်လိုက်သည်။ လီယန်ချူက ကြောင်သွားပြီး
"သွားလေ၊ ငါ့ရင်ခွင်ထဲမှာတောင် အပွတ်ခံဖူးတာပဲကို။"
ကျွေ့ဟွာ : "..............."
လီယန်ချူ၏ ရင်ခွင်ထဲတွင် အပွတ်ခံခဲ့ရစဉ်က ခံစားချက်ကို သတိရသွားကာ သူမ၏ တစ်ကိုယ်လုံး ရှိန်းရှိန်းမြိန်မြိန် ဖြစ်သွားရသည်။ သို့သော် သူမ မဝန်ခံချင်သဖြင့် မျက်နှာပျက်ပျက်နှင့် လီယန်ချူကို ဒေါသတကြီး တစ်ချက်ကြည့်လိုက်ပြီးနောက် မင်ရှန်းနယ်မြေအတွင်းရှိ နေရာတစ်ခုသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
ကျင့်ကြံသူ ဆယ်ဂဏန်းခန့်မှာ နေရာတစ်ခုတွင် ဝိုင်းရံခြင်း ခံထားရသည်။ ဦးဆောင်သူမှာ တည်ငြိမ်သော အမူအရာရှိသည့် သက်လတ်ပိုင်းအရွယ် ပညာတတ် လူကြီးတစ်ဦး ဖြစ်သည်။ သူတို့အားလုံးမှာ လွတ်လပ်သော ကျင့်ကြံသူများ ဖြစ်ပုံရပြီး ကျား၊ မ၊ ကြီး၊ ငယ် စုံလင်လှသည်။ ထိုအထဲတွင် စာပေပညာရှင် ဂိုဏ်းသား လေးငါးဦးခန့် ပါဝင်ပြီး ထိုပညာတတ်လူကြီးနှင့် တစ်နေရာတည်းမှ လာကြသူများ ဖြစ်ပုံရသည်။
ပညာတတ်လူကြီးက ပြတ်သားစွာ အော်ဟစ်လိုက်သည်။
"ပညာရှိ၏ စကားအရ... မကောင်းဆိုးဝါးများ ကင်းစင်စေသတည်း "
သူ၏ ခန္ဓာကိုယ်အတွင်းမှ ဖြောင့်မတ်သော စွမ်းအားများ မှာ ချက်ချင်းပင် သံခြေကျင်းများအဖြစ် ပြောင်းလဲသွားပြီး ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်ပေါ်သို့ လွှမ်းခြုံသွားတော့သည်။ ဤသည်မှာ သူ၏ စာသင်ကျောင်းမှ အဖိုးတန် နတ်လက်ရေးမူ ကို အသုံးချလိုက်ခြင်းဖြစ်ပြီး၊ ၎င်းတွင် ပါဝင်သော သူတော်စင်၏ ဖြောင့်မတ်သော စွမ်းအားဖြင့် ရှေ့မှ မိစ္ဆာဘုရင်ကို ဟန့်တားထားခြင်း ဖြစ်သည်။
သူ၏ရှေ့တွင် မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုတစ်ဦး ရှိနေသည်။ သူ၏ မျက်လုံးများမှာ ရှည်လျားပြီး အေးစက်လှသည်။ သူသည် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ယမ်းလိုက်ရာ သူတော်စင်၏ စကားလုံးများဖြင့် ပြုလုပ်ထားသော သံခြေကျင်းများမှာ ပြုတ်ထွက်သွားတော့သည်။ သူသည် ဤနေရာ၌ လှုပ်ရှားမှု အကြီးအကျယ် မဖြစ်ချင်သဖြင့် အင်အားအပြည့် မသုံးခဲ့ပေ။ သို့သော် ဤလွတ်လပ်သော ကျင့်ကြံသူများထဲတွင် စာပေပညာရှင် စစ်စစ်တစ်ဦး ပါဝင်နေပြီး၊ ထိုမျှ အဆင့်မြင့်သော လက်ရေးမူကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူသည် လက်ချောင်းဖြင့် အသာအယာ ဆွဲထုတ်လိုက်ရာ အနက်ရောင် သံကြိုးတစ်ချောင်းမှာ ဟင်းလင်းပြင်မှ ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော မြွေဟောက်ကြီးတစ်ကောင်အလား တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
ပညာတတ်လူကြီးက ထပ်မံ အော်ဟစ်လိုက်သည်။
"စကြဝဠာ ပြင်ပ... တည်ရှိခြင်းကိုသာ ဆွေးနွေးအံ့"
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားလှသော ဖြောင့်မတ်သည့် စွမ်းအားများ ပြည့်လျှံလာပြီး သူ၏ အဆင့်ထက် သာလွန်သော ခွန်အားများ ပေါက်ကွဲထွက်လာသည်။ စကားအဆုံးတွင် မြွေဟောက်ကြီး ငါးကောင်စလုံးမှာ တိုက်ရိုက်ပင် ပျောက်ကွယ်သွားရသည်။
ထိုမီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုမှာ ထွက်ပြေးသွားသော ဒုဂိုဏ်းချုပ် ချင်းဟူ ပင် ဖြစ်သည်။ ယခုအခါ သူသည် မျက်မှောင်ကြုတ်သွားရသည်။ ဤလွတ်လပ်သော ကျင့်ကြံသူများကို သတ်ဖြတ်၍ ၎င်းတို့၏ သွေးကို စုပ်ယူကာ ဒဏ်ရာများကို ကုသရန် ကြံစည်ထားသော်လည်း၊ ဤလူမှာ ဤမျှ ခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့နောက် သူသည် စိမ်းဖန့်ဖန့် လက်ဝါးရိုက်ချက်တစ်ခုကို တိုက်ရိုက် ထိုးနှက်လိုက်တော့သည်။
ပညာတတ်လူကြီးမှာ ဖြောင့်မတ်သော စွမ်းအားဖြင့် ခုခံကာကွယ်လိုက်ပြီး လက်ထဲရှိ လက်ရေးမူကို ပျံထွက်စေကာ တစ်ပေခန့် ကြီးမားသွားစေပြီး လက်ဝါးရိုက်ချက်နှင့် တိုက်ိုက် ရင်ဆိုင်စေလိုက်သည်။
ဝုန်း
လက်ရေးမူမှာ တစ်ခဏမျှသာ ခံနိုင်ပြီးနောက် ပြန်လည် လွင့်ထွက်သွားရသည်။ စီမောကျင့်စဉ်ကို ကျင့်ကြံထားသော တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးကို လက်ရေးမူတစ်ခုတည်းနှင့် ယှဉ်ရန်မှာ အနည်းငယ် ခက်ခဲလှသည်။ ပညာတတ်လူကြီးအနေဖြင့် ဤမျှအထိ လုပ်ဆောင်နိုင်ခြင်းမှာပင် အလွန်ပင် ရှားပါးလှသော ပါရမီရှင် ဖြစ်ပေသည်။
ပြင်းထန်လှသော လေလှိုင်းများကြောင့် လွတ်လပ်သော ကျင့်ကြံသူ ခုနစ်ဦး၊ ရှစ်ဦးခန့်မှာ လဲကျသွားရသည်။ ၎င်းတို့နှစ်ဦး တိုက်ခိုက်မှု၏ နောက်ဆက်တွဲ ဒဏ်ကိုပင် မခံနိုင်ကြပေ။
ထိုစဉ် မိန်းမပျိုလေးတစ်ဦးက ဓား တစ်လက်ကို စေခိုင်း၍ ကောင်းကင်မှ တိုးဝင်တိုက်ခိုက်လာသည်။ ဓားမှာ သုံးလက်မခန့်သာ ရှည်သော်လည်း အလွန်ပင် ထက်မြက်လှသည်။ သူမ၏ တိုက်ခိုက်မှု အချိန်ကိုက်မှာ အလွန်ပင် ကောင်းမွန်လှပြီး အဖိုးအိုက လက်ရေးမူကို ရိုက်ထုတ်လိုက်သည့် အချိန်တွင် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်း အဆင့်မှာ များစွာ ကွာခြားနေသည်။
ထိုထက်မြက်လှသော ပျံလွှားဓားမှာ အဖိုးအို၏ ဝတ်ရုံကိုသာ အနည်းငယ် ဟာသွားစေပြီးနောက် အဖိုးအို၏ လက်ထဲသို့ ရောက်ရှိသွားသည်။ အဖိုးအိုက လက်ချောင်းနှစ်ချောင်းဖြင့် ထိုသုံးလက်မအရွယ် ဓားလေးကို အသာအယာ ညှပ်ထားရာ ဓားမှာ လုံးဝ လှုပ်ရှား၍မရတော့ပေ။
သူက လှောင်ပြုံးပြုံးရင်း
"ငါ့ကိုတောင် တိုက်ခိုက်ရဲတယ်ပေါ့... အခုခေတ် လူငယ်တွေကတော့ စည်းကမ်းမရှိလိုက်တာ" ဟု ဆိုလိုက်သည်။
တောင်ပေါ်မှာ ကြောင်ကြီးတစ်ကောင်ရဲ့ အရိုက်ခံရတာကို ထားပါဦး၊ အခု လွတ်လပ်တဲ့ ကျင့်ကြံသူတွေကတောင် အသာတကြည် အသတ်မခံဘဲ ပြန်ခုခံနေကြတယ်၊ ဒီမိန်းကလေးကလည်း ဓားနဲ့ ခိုးတိုက်ရဲသေးတယ်! အဖိုးအို၏ ဒေါသများမှာ ပေါက်ကွဲထွက်လာတော့သည်။
မိန်းမပျိုလေးသည် သူမ၏ ဓားကို အစွမ်းကုန် စေခိုင်းနေသော်လည်း အဖိုးအို၏ လက်ချောင်းနှစ်ချောင်းမှာ တောင်ကြီးတစ်လုံးအလား မလှုပ်မယှက် ရှိနေသည်။ ရုတ်တရက် မိန်းမပျိုလေး၏ စိတ်ထဲတွင် တစ်စုံတစ်ခုကို သိမြင်သွားပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ ဓားအရှိန်အဝါများမှာ တစ်ခဏအတွင်း အလွန်အမင်း ထူထပ်လာခဲ့သည်။
အဖိုးအိုမှာလည်း သတိမထားမိလိုက်ဘဲ သူ၏လက်ထဲမှ သာမန်ဓားလေးမှာ ရုတ်တရက် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ လက်ချောင်းများကို ဖောက်ထွက်ကာ သူ့ကို တိုက်ခိုက်လာတော့သည်။
"အမ်"
အဖိုးအိုမှာ တတိယအဆင့် ကျွမ်းကျင်သူ ဖြစ်သဖြင့် ဤဓားမှာ မည်သည့်အဆင့်အထိ ရောက်နိုင်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ အစောပိုင်းက သူသည် အလွန်နည်းပါးသော စွမ်းအားဖြင့်သာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သို့သော် သူ၏ သတိလက်လွတ်ဖြစ်မှုကြောင့် ဓား၏ အလင်းတန်းမှာ ရုတ်တရက် တောက်ပလာပြီး သူ၏ ဝတ်ရုံကို ထိုးဖောက်သွားခဲ့သည်။ သို့သော် သူ၏ စွမ်းအားမှာ ကြီးမားလှသဖြင့် ဓားကို ပြန်လည်တွန်းထုတ်လိုက်ရာ ဓားမှာ မြေပေါ်သို့ ကျဆင်းသွားတော့သည်။
ပညာတတ်လူကြီးမှာ အခွင့်အရေးကို မြင်သည်နှင့် လက်ရေးမူကို ထပ်မံစေခိုင်းလိုက်သည်။ အဖိုးအိုက ခြေဖျားဖြင့် အသာအယာ ကန်လိုက်ရာ မိန်းမပျိုလေး၏ ထိန်းချုပ်မှုအောက်မှ လွတ်သွားသော ဓားမှာ အလင်းတန်းတစ်ခုအဖြစ် ပျံထွက်သွားသည်။ သူကဲ့သို့သော အဆင့်ရှိသူအတွက် သစ်ရွက်တစ်ရွက်ဖြင့် လူသတ်နိုင်သည်ထက် ပိုမိုပြင်းထန်လှသည်။ သူ၏ ပြင်းထန်သော စွမ်းအားများကြောင့် ထိုဓားမှာ အလွန်ထက်မြက်လှသည်။
မူလက ထိုဓားဖြင့် လက်ရေးမူကို ဖျက်ဆီးပစ်နိုင်သော်လည်း (အကြောင်းမှာ လက်ရေးမူကို စေခိုင်းသူမှာ ဒုတိယအဆင့် နောက်ဆုံးအဆင့်ရှိသည့် ပညာတတ်တစ်ဦးသာ ဖြစ်သောကြောင့်)၊ အရှိန်အဝါများ ပေါက်ကြားသွားမည်ကို စိုးရိမ်သဖြင့် သူသည် လက်ဝါးတစ်ချက်ဖြင့်သာ ပညာတတ်လူကြီးကို သတ်ပစ်နိုင်သော်လည်း မလုပ်ခဲ့ပေ။ သို့သော် ထူးဆန်းသည်မှာ ဓား၏ စွမ်းအားမှာ ရုတ်တရက် များစွာ လျော့နည်းသွားပြီး လက်ရေးမူပေါ်သို့ ကျရောက်ချိန်တွင် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိတော့ပေ။
ပညာတတ်လူကြီးမှာ အံ့သြသွားသော်လည်း လက်ကို မရပ်တန့်ဘဲ လက်ရေးမူပေါ်ရှိ တုန်ခါ နှင့် ဖျက်ဆီး ဟူသော စကားလုံးကြီး နှစ်လုံးကို ဖိနှိပ်ချလိုက်သည်။
ဒုန်း ဒုန်း ဒုန်း
အဖိုးအို၏ ခန္ဓာကိုယ်မှ အရှိန်အဝါများမှာ အလွန်တရာ ထူထပ်လှပြီး လက်ဝါးတစ်ချက်ဖြင့်ပင် လက်ရေးမူကို ရိုက်ထုတ်ပစ်လိုက်ရာ စကားလုံးကြီး နှစ်လုံးမှာ တစ်ခဏအတွင်း ပျက်စီးသွားတော့သည်။ ယနေ့တွင် သူသည် ထူးဆန်းသော ကိစ္စရပ်များစွာနှင့် တွေ့ကြုံနေရသဖြင့် စိတ်တိုနေပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
"တော်ပြီ... အရှိန်အဝါ ပေါက်ကြားသွားလည်း မင်းတို့အားလုံးကို သတ်ပစ်မယ် "
ထို့နောက် သူသည် လက်ရေးမူပေါ်ရှိ စကားလုံးများကို လက်ဝါးဖြင့် ရိုက်ခွဲပစ်လိုက်ရာ ပညာတတ်လူကြီးမှာ သွေးတစ်ချက် အန်သွားရသည်။ အစောပိုင်းက အဖိုးအို စေခိုင်းလိုက်သော ဓားမှာ အကြောင်းမဲ့ စွမ်းအားလျော့နည်းသွားခြင်းမှာ အကောင်းဆုံး အခွင့်အရေး ဖြစ်ခဲ့သော်လည်း၊ ၎င်းတို့နှင့် အဖိုးအို၏ အဆင့်မှာ များစွာ ကွာခြားနေသဖြင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း...
အဖိုးအိုမှာ မည်သည့်လှုပ်ရှားမှုမျှ ထပ်မံမလုပ်ဘဲ ထိုနေရာတွင် ကျောက်ရုပ်အလား မလှုပ်မယှက် ရပ်နေတော့သည်။ ပညာတတ်လူကြီးနှင့် မိန်းမပျိုလေးတို့မှာ အဖိုးအိုကို ကြည့်လိုက်ရာ အဖိုးအိုမှာ ၎င်းတို့၏ နောက်ကွယ်သို့ မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့နှစ်ဦး နောက်သို့ လှည့်ကြည့်လိုက်သောအခါ...
ခါးတွင် ရှေးဟောင်းဓားတစ်လက်ကို ချိတ်ဆွဲထားသည့် ချောမောသော လူငယ်တစ်ဦးမှာ ကျားဖြူကြီးတစ်ကောင်ကို စီး၍ တောအုပ်အတွင်းမှ ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ဒါ... မင်ရှန်းတောင်စောင့်နတ်လား"
မိန်းမပျိုလေးက မင်ရှန်းတွင် နာမည်ကြီးနေသော သတင်းကို သတိရကာ အံ့သြစွာ မေးလိုက်သည်။
ထို့နောက် သူမ၏ အကြည့်မှာ သေချာစွာ စိုက်ကြည့်လိုက်ပြီး...
"နေပါဦး... ဒါက ကြောင်ကြီး မဟုတ်လား"
ဤအရာမှာ အလွန်ပင် လှပသော ကြောင်ကြီးတစ်ကောင် ဖြစ်နေသည်။ မိန်းမပျိုလေး၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားပြီး အသက်အန္တရာယ်နှင့် ကြုံနေရသည့်တိုင်အောင် ထူးဆန်းသော အတွေးတစ်ခု ဝင်လာခဲ့သည်။
"သတင်းတွေက တော်တော် ကြောက်ဖို့ကောင်းတာပဲ"
အဖိုးအိုမှာ အမူအရာ တည်ကြည်သွားပြီး စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
"ဒီကောင်က တော်တော် မြန်တာပဲ"
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ လီယန်ချူနှင့် ကျွေ့ဟွာပင် ဖြစ်သည်။ ယခုအခါ လီယန်ချူသည် ရုပ်ဖျက်ထားသဖြင့် ခါးတွင် ဓားချိတ်ဆွဲကာ ပိုမိုတည်ကြည်သော ပုံစံသို့ ပြောင်းလဲထားသည်။
"မင်းကို မိပြီ"
သူ၏ အမူအရာမှာ အေးစက်ပြီး မျက်ဝန်းများမှာလည်း အေးစက်လှသည်။ သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါမှာ တောင်ကြီးတစ်လုံးအလား လေးလံလှသည်။
အဖိုးအိုက ခပ်တိုးတိုး မေးလိုက်သည်။
"မင်းက ဘယ်သူလဲ ဘာလို့ ငါ့ကို လိုက်နှောင့်ယှက်နေတာလဲ"
လီယန်ချူက အေးစက်စွာ ပြန်ပြောလိုက်သည်။
"ချွန်းချိုးလင်း က ကျင့်ကြံသူ၊ ချောင်ချောင် ပဲ။"
"ချွန်းချိုးလင်း"
အဖိုးအို၏ မျက်နှာမှာ သိသိသာသာ ပျက်သွားပြီး
"ငါတို့ စီမောဂိုဏ်းနဲ့ မင်းတို့ ချွန်းချိုးလင်းက ဘာရန်ငြိုးမှ မရှိဘူး၊ မင်းတို့ ဘာလုပ်ချင်နေတာလဲ "
လီယန်ချူက
"ကောင်းကင်မှာ နေနှစ်စင်း မရှိသလို၊ နိုင်ငံမှာလည်း အရှင်နှစ်ပါး မရှိရဘူး။ ငါတို့ ချွန်းချိုးလင်းက ချန်နိုင်ငံရဲ့ မိစ္ဆာလောကကို တစ်စုတစည်းတည်း အုပ်ချုပ်တော့မယ်၊ မင်းတို့လို ဂိုဏ်းတွေ ရှိနေဖို့ မလိုတော့ဘူး။"
အဖိုးအိုမှာ စီမောဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်ပြီး စီမောဂိုဏ်းမှာ နယ်စပ်နှင့် အပြင်ဘက်တွင် အခြေစိုက်သော ရှေးဟောင်း မိစ္ဆာဂိုဏ်းတစ်ခု ဖြစ်သည်။ အဖိုးအိုက ဒေါသတကြီးဖြင့်
"အခုက အားလုံး ပြိုင်ဆိုင်နေကြတဲ့ အချိန်ပဲ၊ ချွန်းချိုးလင်းက ဒီလိုလုပ်တာ လူအားလုံးရဲ့ ဒေါသကို ဆွပေးနေတာပဲ "
လီယန်ချူက လှောင်ပြုံးပြုံးရင်း
"ဘယ်သူကမှ မကျေနပ်ရင် အဲဒီလူကို သတ်ပစ်မယ် ကောင်းကင်အောက်မှာ ငါတို့ကသာ အရှင်သခင်ပဲ နောင်ကျရင် ချန်နိုင်ငံကို ငါတို့ ချွန်းချိုးလင်းကပဲ အုပ်ချုပ်မယ် "
ဤစကားကို ကြားသောအခါ အဖိုးအိုသာမက ပညာတတ်လူကြီး၊ မိန်းမပျိုလေးနှင့် ကျန်ရှိသော ကျင့်ကြံသူများပါ မျက်နှာပျက်သွားကြသည်။ တော်တော်ကြီးမားတဲ့ စကားပါပဲ ၎င်းတို့မှာ ချွန်းချိုးလင်းဟူသော အမည်ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သော်လည်း ၎င်းတို့၏ လုပ်ဆောင်ပုံမှာ မိစ္ဆာလောကကို သိမ်းပိုက်ရန် ကြံစည်နေပုံရသည်။
"ကောင်းပြီ ကောင်းပြီ"
အဖိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းတို့ ချွန်းချိုးလင်းက ဒီပြိုင်ဆိုင်မှုတွေကြားမှာ ထိပ်ဆုံးက နေနိုင်မလားဆိုတာ ငါ ကြည့်ရသေးတာပေါ့"
သူသည် သတင်းပို့ကျောက်စိမ်းကို ချက်ချင်းပင် ရိုက်ခွဲလိုက်ပြီး ချွန်းချိုးလင်း၏ အကြံအစည်ကို ဂိုဏ်းချုပ်ထံ အကြောင်းကြားလိုက်သည်။ တစ်ဖက်လူက ဤကိစ္စကို ထုတ်ပြောလိုက်သည်ဆိုကတည်းက သူ့ကို အသေသတ်တော့မည်ဖြစ်ကြောင်း သူသိသည်။ ထို့အပြင် ဤနေရာရှိ ကျင့်ကြံသူအားလုံးလည်း လွတ်မြောက်မည် မဟုတ်ပေ။
သတင်းပို့ပြီးနောက် အဖိုးအိုသည် သူ၏ အရှိန်အဝါကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝေးရာသို့ ထွက်ပြေးတော့သည်။ ကျွေ့ဟွာကလည်း ကိုယ်ကို လှုပ်ရှားလိုက်ရာ အရိပ်တစ်ခုအလား လီယန်ချူကို တင်ဆောင်၍ လိုက်ပါသွားတော့သည်။ ယခုအခါ သူမ၏ အရှိန်မှာ အလင်းတန်းဖြင့် ပျံသန်းခြင်းထက်ပင် ပိုမိုမြန်ဆန်လှသည်။ သို့သော် သွေးမျိုးဆက်မှာ အခုမှ နိုးထစဖြစ်သဖြင့် အလှည့်အပတ်များတွင်မူ အရှိန်လျှော့ရန် လိုအပ်သေးသည်။
စီမောဂိုဏ်း၏ ဒုဂိုဏ်းချုပ် ချင်းဟူနှင့် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအင်အားစု ချွန်းချိုးလင်းတို့အကြား ပဋိပက္ခမှာ အကြီးအကျယ် ဖြစ်ပွားနေပြီ ဖြစ်သည်။ ပညာတတ်လူကြီးနှင့် ကျန်လူများမှာ ကြီးမားသော အကြံအစည်တစ်ခုအတွင်း ရောက်ရှိနေသည်ဟု ခံစားနေရသည်။ မိန်းမပျိုလေးမှာ သူမ၏ ဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် စိတ်ထဲတွင် အံ့သြနေမိသည်။
"ခုနက ဘာလို့ ဓားရဲ့ စွမ်းအားတွေက နတ်ဘုရားတွေ ကူညီပေးသလိုမျိုး ရုတ်တရက် တိုးလာရတာလဲ ငါတို့ ဘိုးဘွားတွေ ကိုယ်ထင်ပြတာလား "
ကောင်းကင်ယံတွင် ကြေးဓားတစ်လက်မှာ ဓားအလင်းတန်းအဖြစ် ပျံသန်းရင်း အဖိုးအိုကို ဟန့်တားနေသည်။ နောက်ဆုံးတွင် အဖိုးအိုကို တောင်ပေါ်တွင် အောင်မြင်စွာ ပိတ်ဆို့လိုက်နိုင်သည်။ အဖိုးအိုသည် သူ၏ လက်မောင်းပေါ်ရှိ ဓားဒဏ်ရာကို ကြည့်ရင်း စိတ်ထဲမှ ထိတ်လန့်သွားရသည်။
"ဒီဓားသမားက တော်တော်လေး သန်မာတာပဲ"
ယခုအခါ သူ၏မျက်စိရှေ့တွင် ထိုလျှို့ဝှက်ဆန်းကြယ်သော ချွန်းချိုးလင်း ကျွမ်းကျင်သူမှာ ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ လက်ပိုက်ရင်း သစ်ပင်ကြီးတစ်ပင်ကို မှီ၍ ရပ်နေသည်။ အဖိုးအိုမှာ ထိုသူ၏ စွမ်းအားကို အကဲမဖြတ်နိုင်သဖြင့် အလွယ်တကူ မလှုပ်ရှားရဲပေ။ တစ်ဖက်လူမှာ ထိုကြောင်ကြီးကို သူ့အား တိုက်ခိုက်စေရန် ရည်ရွယ်ထားပုံရသည်။
အဖိုးအိုက စိတ်ကို တင်းထားလိုက်သည်။
"နှစ်ယောက်ကို တစ်ယောက်တိုက်ရင် နိုင်ဖို့ မသေချာဘူး၊ သူ့ကြောင်ကို အရင်သတ်မယ် "
အစောပိုင်းက ဓားဖြင့် ဟန့်တားခဲ့သည်မှအပ၊ ထိုလူငယ်မှာ ဝင်ရောက်ကူညီခြင်း မရှိသေးပေ။ အဖိုးအို၏ ခန့်မှန်းချက်မှာ မမှားပေ။ သူသည် စီမောကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် ခန္ဓာကိုယ်မှာ အလွန်သန်မာလှသည်။ သူသည် လက်သီးတစ်ချက် ထိုးလိုက်ရာ ပြင်းထန်သော စွမ်းအားများမှာ တောင်ကြီးတစ်လုံးအလား လေးလံလှသည်။
ကျွေ့ဟွာသည် မည်သည့် တွေဝေမှုမျှမရှိဘဲ တိုးဝင်တိုက်ခိုက်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူမသည် သာမန် လက်သီးများဖြင့် မဟုတ်ဘဲ စနစ်တကျရှိသော ဘုရင်က အိုးကို မ တိုက်ကွက်ဖြင့် ထိုးနှက်လိုက်ခြင်း ဖြစ်သည်။ ကြောင်တစ်ကောင်က သိုင်းပညာကို အသုံးပြုလိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း ဒုတိယအကြိမ် မြင်ရခြင်းဖြစ်သော်လည်း အဖိုးအိုမှာ အံ့သြနေဆဲပင်။ သိုင်းသင်ထားတဲ့ ကြောင်တစ်ကောင်လား။
သူသည် ကိုယ်ကို တိမ်းစောင်၍ ကျွေ့ဟွာ၏ လက်သီးကို ရှောင်လိုက်သည်။ သူ၏ တုံ့ပြန်မှုမှာ အလွန်မြန်ဆန်လှသည်။ အဖိုးအို၏ လက်နှစ်ဖက်တွင် စိမ်းဖန့်ဖန့် အလင်းတန်းများ လင်းလက်လာပြီး ကျွေ့ဟွာကို တိုက်ခိုက်လိုက်သည်။ ထိုအလင်းထဲတွင် ပြင်းထန်သော အလောင်းဆိပ်များ ပါဝင်သဖြင့် အဆိပ်ဒဏ် ခံနိုင်ရည်ရှိသော မိစ္ဆာများမှအပ ကျန်ရှိသောသူများမှာ အသားများ ပုပ်ထွက်သွားပေလိမ့်မည်။
သို့သော် ကျွေ့ဟွာမှာ ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီးနောက် ပြင်းထန်သော လေတိုးသံနှင့်အတူ သူမ၏ အမြီးမှာ နှင်တံတစ်ချောင်းအလား အဖိုးအို၏ လည်ပင်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်တော့သည်။
ဖောက်
အဖိုးအို၏ လည်ပင်းရိုးမှာ လွဲသွားသည့်အသံ ထွက်ပေါ်လာသည်။ သူ၏ သန်မာလှသော ခန္ဓာကိုယ်နှင့်ပင် ဤတိုက်ခိုက်မှုကို ခံရန် ခက်ခဲလှသည်။
လီယန်ချူမှာ အံ့သြသွားပြီး ဘုရင်က အိုးကို မ တိုက်ကွက်ပြီးရင် နဂါးက အမြီးနဲ့ ခတ် တိုက်ကွက်လား" သူသည် ကျွေ့ဟွာ၏ ပါရမီကို ပြန်လည်အကဲဖြတ်ရန် လိုအပ်နေပြီဖြစ်သည်။ ဒါလည်း ရတာပဲလား။
ကျွေ့ဟွာမှာ အခွင့်အရေးရသည်နှင့် အဖိုးအို၏ ခေါင်းကို ထပ်မံထိုးလိုက်သည်။ ပြင်းထန်လှသော လက်သီးကြောင့် လေထုမှာ ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ရှိ လေများမှာ ပူလောင်လာခဲ့သည်။ အဖိုးအိုက လက်နှစ်ဖက်ဖြင့် ကာကွယ်လိုက်ရာ အနက်ရောင် သံကြိုးများစွာ ပေါ်ထွက်လာပြီး ဝိုင်းရံထားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကျွေ့ဟွာ၏ လက်သီးကို ရှောင်တိမ်းလိုက်သော်လည်း ကျွေ့ဟွာ၏ ဤလက်သီးမှာ အယောင်ပြသာ ဖြစ်ပြီး သူ၏ ဝမ်းဗိုက်ကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်လိုက်တော့သည်။
အောက်ပိုင်းကို ကန်သည့်တိုက်ကွက်
အဖိုးအိုမှာ အလွန်ပင် အံ့သြနေရသည်။ ကြောင်တစ်ကောင်က သာမန် လက်သီးတွေတင်မကဘဲ ဒီလောက်အထိ နည်းစနစ်ကျကျ တိုက်ခိုက်တတ်တာလား လီယန်ချူက ဘေးမှကြည့်၍ သဘောကျနေပြီး
"ရိုက်စမ်း" ဟု အော်ဟစ်အားပေးနေသည်။
အဖိုးအို ချင်းဟူမှာ စီမောဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်ပြီး ခန္ဓာကိုယ်မှာ ကျောက်ဆောင်အလား မာကျောကာ အဆိပ်စွမ်းအားများလည်း ပြင်းထန်လှသည်။ သို့သော် ကျွေ့ဟွာ၏ ဆက်တိုက်တိုက်ခိုက်မှုအောက်တွင် သူသည် သွေးအန်ကာ မူးဝေလာခဲ့သည်။ သူ၏ အလောင်းဆိပ်မှာ အလွန်ပြင်းထန်သော်လည်း ဤကြောင်ဖြူကြီးပေါ်တွင်မူ မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိပေ။သူမ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းတန်းတစ်ခု ရှိနေပြီး အဆိပ်အားလုံးကို ခုခံပေးထားပုံရသည်။
အဖိုးအိုမှာ ပို၍ ထိတ်လန့်လာသည်။
"ဒီကြောင်က ဘာအမျိုးအစားလဲ"
ကျွေ့ဟွာ၏ တိုက်ကွက်များမှာ ပိုမိုကျွမ်းကျင်လာပြီး စွမ်းအားမှာလည်း ပိုမိုကြီးမားလာသည်။ ၎င်းမှာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်ကို လှုံ့ဆော်ပေးနေသကဲ့သို့ပင်။
ဒုန်း ဒုန်း ဒုန်း
အဖိုးအိုမှာ လူရုပ်မပေါက်တော့ပေ။ အကယ်၍ သူ၏ ခန္ဓာကိုယ်သာ မသန်မာခဲ့လျှင် ယခုအချိန်၌ သေဆုံးနေပြီ ဖြစ်သည်။ သူသည် အလွန်ပင် မကျေမနပ် ဖြစ်နေရသည်။ ဤကြောင်မှာ နတ်စွမ်းအားများကို မသုံးဘဲ သိုင်းပညာဖြင့်သာ သူ့ကို ဖိနှိပ်ထားခြင်း ဖြစ်သည်။
ကျွေ့ဟွာ၏ လက်သီးချက်များမှာ အဖိုးအို၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေပြီး သူ၏ ကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကာ အချို့နေရာများတွင် အရိုးများပင် ထွက်ပေါ်နေသည်။ သူသည် ဒေါသတကြီး ဟိန်းဟောင်လိုက်သည်။
"မင်းတို့ ချွန်းချိုးလင်းက အရမ်းလွန်လာပြီ ဒီနေ့ ငါသေရင်တောင် ငါတို့ ဂိုဏ်းချုပ်က မင်းတို့ကို လွှတ်ထားမှာ မဟုတ်ဘူး "
လီယန်ချူက အေးအေးဆေးဆေးပင် "လာခဲ့လေ"
အဖိုးအိုမှာ ဒေါသများ ငယ်ထိပ်ရောက်နေပြီ ဖြစ်သည်။ ချွန်းချိုးလင်းက အင်အားကြီးသည်ဆိုဦးတော့၊ လုပ်ဆောင်ပုံမှာ အလွန်ပင် မာနကြီးလွန်းလှသည်။
ဗြုန်း
အဖိုးအိုသည် ကျွေ့ဟွာ၏ "နက်ကျားက နှလုံးကို နှိုက်ခြင်း" တိုက်ကွက်ဖြင့် ရင်ဘတ်ကို အရှိန်ပြင်းစွာ အရိုက်ခံလိုက်ရသဖြင့် သွေးတစ်ချက် အန်သွားရသည်။ ထိုသွေးမှာ အလွန်ညှီစော်နံသဖြင့် ကျွေ့ဟွာက အသာအယာ ရှောင်တိမ်းလိုက်သည်။
အဖိုးအိုမှာ ထိုအခွင့်အရေးကို မြင်သောအခါ ကြောင်သွားပြီးနောက် သွေးများကို ထပ်မံ အန်ထုတ်လိုက်ပြန်သည်။ ကျွေ့ဟွာမှာ ရွံရှာစွာဖြင့် ထပ်မံရှောင်တိမ်းလိုက်သည်။
လီယန်ချူ : "..............."
အဖိုးအိုမှာ ထိုအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးရန် ကြိုးစားသော်လည်း လီယန်ချူက လမ်းခုလတ်တွင် ပိတ်ဆို့ထားလိုက်သည်။
"ဓားသမားတွေက တိုက်ခိုက်မှု ပြင်းထန်ပေမဲ့ ခန္ဓာကိုယ်ကတော့ မသန်မာဘူး။ ဒီလူက ဓားစေခိုင်းတာ တော်ပေမဲ့ အနီးကပ် တိုက်ခိုက်နိုင်ရင်တော့ အနိုင်ရမှာပဲ။"
အဖိုးအိုမှာ အတွေ့အကြုံများသူဖြစ်သဖြင့် အနီးကပ် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် သူ၏ အသက်ကို လောင်မြိုက်စေသော သွေးပေါက်ကွဲခြင်း လျှို့ဝှက်ပညာကို အသုံးပြု၍ အရှိန်အဝါကို အထွတ်အထိပ်သို့ မြှင့်တင်ကာ လီယန်ချူဆီသို့ လက်သီးတစ်ချက် ထိုးလိုက်တော့သည်။
သူ၏အမြင်တွင် ထိုလူငယ်မှာ အံ့သြသွားပုံရသည်။ အဖိုးအိုမှာ အလွန်ပင် ကျေနပ်သွားရသည်။
"ဓားသမားတစ်ယောက် ငါ့အနား ရောက်လာပြီဆိုရင်တော့ မင်း သေဖို့သာ ပြင်ထားတော့ "
လီယန်ချူမှာ အဖိုးအို ဤမျှ အတင်းအဓမ္မ ပြေးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ငါ လူသတ်ပြီး ရမှတ်ယူမှာကို သူ သိနေတာလား"
လီယန်ချူသည် နားမလည်သော်လည်း လက်သီးတစ်ချက်ကို ပြန်လည် ထိုးနှက်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးစွမ်းအားများမှာ ပင်လယ်အလား ပြည့်လျှံနေပြီး နတ်စွမ်းအား သုံးမျိုးကိုပါ ပေါင်းစပ်ထားသဖြင့် သူ၏ အနီးကပ် တိုက်ခိုက်မှုမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
လက်သီးတစ်ချက်အတွင်းမှာပင် ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး...
စီမောဂိုဏ်း ဒုဂိုဏ်းချုပ် ချင်းဟူ သေဆုံးသွားတော့သည်။
အခန်း (၈၈၀) - သိုင်းနတ်ဘုရား၏ ကြောင် ၊ဟော့ထုံတောင် နတ်ဘုရားနယ်မြေပွင့်ခြင်း ၊ နတ်ဘုံလောကလား ၊ နိုင်ငံတော်ကံကြမ္မာ
လီယန်ချူသည် မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုက ဘာကိုမှ ဂရုမစိုက်ဘဲ အတင်းတိုးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့သလို
မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုကလည်း ရှေးဟောင်းဓားကို စေခိုင်းနေသော ဤဓားသမား၏ လက်သီးတစ်ချက်မှာ ဤမျှလောက်အထိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုခဏ၌ အဖိုးအိုသည် တောက်ပလှသော နေမင်းကြီးကဲ့သို့ ပြင်းထန်သော သွေးစွမ်းအားနှင့် တုန်လှုပ်ဖွယ်ကောင်းသော အားအင်တို့ကို ခံစားလိုက်ရပြီး စိတ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။
"သိုင်းနတ်ဘုရား "
ထိုခဏချင်းမှာပင် သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။ ကြောင်တစ်ကောင်က ဘာလို့ သိုင်းပညာသင်နေတာလဲ ဪ... သိုင်းနတ်ဘုရား မွေးထားတဲ့ ကြောင်ဖြစ်နေလို့ကိုး။
အဖိုးအိုမှာ အလွန်ပင် ကံဆိုးလှသည်ဟု ခံစားလိုက်ရပြီးနောက် လီယန်ချူ၏ လက်သီးတစ်ချက်အောက်တွင်ပင် အသက်ပျောက်သွားတော့သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
လီယန်ချူက လှည့်၍ ကျွေ့ဟွာကို ပြောလိုက်သည်။
"သွေးတစ်ချက် အန်တာကို ဘာလို့ ဒီလောက် ရွံနေတာလဲ အဆိပ်က နင့်အပေါ်မှာ အလုပ်မဖြစ်ဘူး မဟုတ်လား။"
ကျွေ့ဟွာက မျက်မှောင်ကြုတ်ကာ
"အရမ်း နံလွန်းလို့" ဟု ပြန်ပြောသည်။
လီယန်ချူ၏ ပါးစပ်ထောင့်များ တွန့်သွားကာ သူမ၏ မေ့လျော့တတ်မှုကို အားမလိုအားမရ ဖြစ်သွားပြီး
"နတ်စွမ်းအား နဲ့ ကာကွယ်ထားလို့ မရဘူးလား" ဟု ဆိုလိုက်သည်။
ကျွေ့ဟွာမှာ ရုတ်တရက် သတိရသွားကာ
"အင်းနော်... ငါ ဘယ်လို မေ့သွားတာလဲ"
"..............." လီယန်ချူ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တစ်ခါတလေကျရင် သူမက တစ်မျိုးတည်းကိုပဲ အာရုံစိုက်နိုင်ပုံရသည်။
ရုတ်တရက်
ကောင်းကင်ယံထက်မှ ထူးဆန်းသော အသံများ ထွက်ပေါ်လာပြီး နတ်စောင်းသံများ ပျံ့လွင့်လာသကဲ့သို့ ခံစားလိုက်ရသည်။ တိမ်ပင်လယ်ထက်တွင် နတ်ဘုရားများ ထိုင်နေကြပြီး နတ်သမီးများက ပန်းများ ကြဲပက်နေကြသည့်အလား။ သဲကန္တာရထဲမှ တံလျှပ်များကဲ့သို့ပင်၊ တောက်ပလှသော နတ်ဘုံလောကကြီး လူ့ပြည်တွင် ပေါ်ထွန်းလာသကဲ့သို့ပင်။
ဤမျှ အံ့သြဖွယ်ကောင်းသော မြင်ကွင်းကြောင့် မင်ရှန်းနယ်မြေအတွင်းရှိ ကျင့်ကြံသူအားလုံး၏ အာရုံကို ဆွဲဆောင်သွားကာ လူတိုင်း ခေါင်းမော့ကြည့်လိုက်ကြသည်။ ကြီးမားလှသော နူးညံ့သည့် အလင်းတန်းများက မင်ရှန်းနယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ထို့နောက်တွင် ခမ်းနားထည်ဝါပြီး ဆန်းကြယ်သော တံခါးကြီးတစ်ခု ပေါ်ထွက်လာသည်။ တံခါး၏ နောက်ကွယ်ရှိ မြင်ကွင်းမှာ ကျယ်ပြောလှသော ကမ္ဘာသစ်ကြီးဖြစ်ပြီး ဤနေရာရှိ မင်ရှန်း၏ သာမန်မြင်ကွင်းနှင့် လုံးဝ မတူညီပေ။
တံခါးဝရှိ မြင်ကွင်းမှာ ရှေးဟောင်းပြီး စိမ်းစိုသော ခံစားချက်ကို ပေးစွမ်းကာ အလွန်ပင် ခမ်းနားလှသည်။ ဤမြင်ကွင်းမှာ တောင်ကမ္ဘာ နှစ်ခု ထပ်နေသကဲ့သို့ ရှိပြီး၊ ထိုကြီးမားလှသော တံခါးကြီးမှာ နေရာနှစ်ခုကို ပိုင်းခြားထားသော နယ်နိမိတ် ဖြစ်ပေသည်။
လီယန်ချူက အံ့သြစွာ ဆိုလိုက်သည်။
"ဟော့ထုံတောင် နတ်ဘုရားနယ်မြေ ပွင့်သွားပြီ။"
ဤတစ်ကြိမ်တွင် နတ်ဘုရားနယ်မြေပွင့်သည့် မြင်ကွင်းက ဤမျှအထိ ထူးခြားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပွင့်လာသော မြင်ကွင်းကိုယ်တိုင်ကပင် ဆန်းကြယ်သော နတ်ဘုရား အရှိန်အဝါများ ပြည့်နှက်နေသည်။
ကျွေ့ဟွာက ထိုထူးဆန်းသော မြင်ကွင်းကို ကြည့်ရင်း အံ့သြစွာ မေးလိုက်သည်။
"အဲဒါက နတ်ဘုံလောကလား"
လီယန်ချူက ပြုံးကာ
"နတ်ဘုံလောက ဟုတ်မဟုတ်တော့ မသိဘူး၊ ဒါပေမဲ့ မိစ္ဆာ တွေ ရှိမှာကတော့ သေချာတယ်"
ဟု ဆိုသည်။
"မိစ္ဆာ"
"ဟုတ်တယ်။ ပြင်ပ မိစ္ဆာတွေပေါ့။ ဟော့ထုံတောင်က မိုင်ပေါင်း သုံးထောင်လောက် ကျယ်ဝန်းတာဆိုတော့ အထဲမှာ ဘယ်လောက်တောင် အစွမ်းထက်တဲ့ မိစ္ဆာတွေ ရှိနေမလဲ မသိနိုင်ဘူး။"
"ဒါကို နင်က ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ"
"စိတ်လှုပ်ရှားလို့လား ဒါက စိုးရိမ်တာလေ။"
ကျွေ့ဟွာက လီယန်ချူကို သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။
လီယန်ချူသည် ကျွေ့ဟွာ၏ ကျောပေါ်သို့ ခွစီးလိုက်ပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်ကို ခြေထောက်ဖြင့် အသာညှပ်ကာ
"သွားကြစို့၊ နတ်ဘုရားနယ်မြေထဲမှာ နံပါတ် (၁) အဆင့်ရှိတဲ့ နယ်မြေကို သွားကြည့်ရအောင်"
ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ယခုအချိန်တွင် လီယန်ချူမှာ စိတ်ဓာတ်တက်ကြွနေသည်။ ကျွေ့ဟွာမှာ သူ၏ ခြေထောက်ဖြင့် ညှပ်ခံလိုက်ရသဖြင့် အားနည်းသွားသလို ခံစားရသော်လည်း ချက်ချင်းပင် ပြန်လည်ဟန်ဆောင်လိုက်သည်။ လီယန်ချူ၏ ရဲရင့်သော အမူအရာကြောင့် သူမသည်လည်း ဟော့ထုံတောင် ကို စိတ်ဝင်စားသွားရသည်။
ထို့အပြင် စောစောက ခံစားခဲ့ရသော သွေးမျိုးဆက် လှုံ့ဆော်မှုကြောင့် ဤဟော့ထုံတောင် ထဲတွင် သူမအတွက် တစ်စုံတစ်ရာသော သဲလွန်စများ ရှိနေနိုင်သည်ဟုလည်း မျှော်လင့်မိသည်။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ မကြာမီပင် ထိုတံခါးကြီးအတွင်းသို့ ဝင်ရောက်သွားကြသည်။ တံခါးကြီးမှာ အလွန်ကျယ်ပြောလှသဖြင့် မင်ရှန်းနယ်မြေအများစုကို လွှမ်းခြုံထားပြီး၊ ၎င်းတို့သည် ထိုအလင်းတန်းများအတွင်း၌ ပျောက်ကွယ်သွားကြကာ ဟော့ထုံတောင် ထဲသို့ ရောက်ရှိသွားကြတော့သည်။ ပန်းချီကားတစ်ချပ်ထဲသို့ ရောက်သွားသကဲ့သို့ပင်။
စီမောဂိုဏ်း
တစ်ကိုယ်လုံး အနီရောင် သင်္ကန်းကြီးကို ဝတ်ဆင်ထားပြီး လက်ထဲတွင် မြင်းမြီးယပ်တံတစ်ခု ကိုင်ဆောင်ထားကာ ခါးတွင် ရှေးဟောင်းဓားတစ်လက် ချိတ်ဆွဲထားသော အဖိုးအိုတစ်ဦးသည် မျက်လုံးကို အသာအယာ ဖွင့်လိုက်သည်။
သူကား စီမောဂိုဏ်းချုပ် ဝမ်ရှန့် ပင် ဖြစ်သည်။
သူသည် ချန်နိုင်ငံ အတွင်းသို့ ဝင်ရောက်ရန် အမြဲတစေ ဝန်လေးနေခဲ့ပြီး၊ သေခြင်းရှင်ခြင်း ဘေးဒုက္ခကြီးမှ လွတ်မြောက်ရန်အတွက် နယ်စပ်ဒေသ တွင်သာ နှစ်ပေါင်းများစွာ ခိုအောင်းနေခဲ့သူ ဖြစ်သည်။ ချန်နိုင်ငံတွင် နိုင်ငံတော်စောင့် သိုင်းနတ်ဘုရား ရှိနေသကဲ့သို့ အလယ်ပိုင်းနိုင်ငံများ၏ ကံကြမ္မာမှာလည်း မကုန်ဆုံးသေးသဖြင့် သူသည် အလွယ်တကူ မစွန့်စားလိုပေ။
ယခုအခါတွင်မူ ကမ္ဘာကြီး၏ အချုပ်အနှောင်များ လျော့ရဲလာပြီး အပြိုင်အဆိုင် ဖြစ်လာသော ခေတ်ကြီး ရောက်လာပြီ ဖြစ်သည်။ ဝမ်ရှန့်၏ အကြာကြီး ရပ်တန့်နေသော ကျင့်ကြံခြင်းအဆင့်မှာလည်း တိုးတက်မှုများ ရှိလာခဲ့ပြီး သူ၏ အရှိန်အဝါမှာ ပိုမိုကြီးမား လေးနက်လာခဲ့သည်။
သတင်းပို့ကျောက်စိမ်းမှ သတင်းကို ရရှိလိုက်ပြီး ဒုဂိုဏ်းချုပ် ချင်းဟူ၏ အသက်ပြားကွဲအက်သွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ရှန့်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။
စီမောဂိုဏ်း၏ အထူးအဖွဲ့တစ်ခုလုံး ချေမှုန်းခံလိုက်ရပြီး ဒုဂိုဏ်းချုပ် ချင်းဟူလည်း သေဆုံးသွားခဲ့ပြီ။
ချွန်းချိုးလင်း က ချန်နိုင်ငံ၏ မိစ္ဆာလောကကို စုစည်းပြီး တစ်ဦးတည်း အုပ်ချုပ်ရန် ကြံစည်နေသည်တဲ့လား။
ဝမ်ရှန့်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် သူ၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သော အမူအရာသို့ ပြောင်းလဲသွားသည်။
"တော်တော်တော်တဲ့ ချွန်းချိုးလင်းပဲ"
"လက်ရဲဇက်ရဲ ရှိလှချည်လား"
ချွန်းချိုးလင်းသည် သူ၏ ဟော့ထုံတောင် သို့ သွားရောက်စူးစမ်းမည့် အခွင့်အရေးကို ဖြတ်တောက်ပစ်လိုက်ခြင်း ဖြစ်သည်။ ဝမ်ရှန့်သည် လက်ရှိတွင် အသစ်တိုးတက်လာသော ကျင့်ကြံခြင်းအဆင့်ကို အသားကျအောင် လုပ်ဆောင်နေချိန် ဖြစ်သည်။ ထို့အပြင် သူသည် သေခြင်းဘေးမှ ရှောင်ရှားနေသူဖြစ်ရာ အလွယ်တကူ မလှုပ်ရှားလိုပေ။
"နောက် ဆယ်ရက်လောက်ဆိုရင် ငါ့ရဲ့ အဆင့်က အခိုင်အမာ ဖြစ်သွားပြီ။ ချွန်းချိုးလင်း... မင်းတို့ ဒီသွေးကြွေးအတွက် ပြန်ပေးဆပ်ရမယ် "
လူတစ်ယောက်၏ နတ်လမ်းစဉ် အခွင့်အလမ်းကို ဖြတ်တောက်ခြင်းမှာ မိဘကို သတ်ခြင်းထက်ပင် ပိုမို နက်ရှိုင်းသော ရန်ငြိုးဖြစ်ပေသည်။ ဝမ်ရှန့်၏ မျက်လုံးများထဲတွင် ဒေါသတရားများ ပေါက်ကွဲနေပြီး အကြာကြီး တည်ရှိနေတော့သည်။
သူက ခပ်တိုးတိုး ဆိုလိုက်သည်။
"ချွန်းချိုးလင်းက မိစ္ဆာလောကမှာ အရှင်သခင် လုပ်ချင်နေတယ်ပေါ့... ငါက မင်းတို့ရဲ့ လျှို့ဝှက်ချက်ကို လူသိရှင်ကြား ဖွင့်ချပေးလိုက်မယ်။ တစ်လောကလုံးမှာရှိတဲ့ တရားဝင်ဂိုဏ်းတွေရော၊ မိစ္ဆာဂိုဏ်းတွေရဲ့ ဒေါသကိုပါ မင်းတို့ ခံနိုင်ရည်ရှိမလားဆိုတာ ကြည့်ရသေးတာပေါ့ "
စီမောဂိုဏ်းတွင်သာမက ယွီကွေ့ဂိုဏ်း နှင့် ရွှယ်ဟိုင်ဂိုဏ်း တို့တွင်လည်း အလားတူ ကိစ္စရပ်များ ဖြစ်ပွားခဲ့သည်။ မိစ္ဆာလောက၏ သတင်းပို့နှုန်းမှာ မြန်ဆန်လှသဖြင့် ရက်အနည်းငယ်အတွင်း ချွန်းချိုးလင်း၏ အကြံအစည်ကို ချန်နိုင်ငံတစ်ခုလုံး သိရှိသွားပေလိမ့်မည်။
လီယန်ချူသည် ကျွေ့ဟွာကို စီး၍ ဟော့ထုံတောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဝင်လိုက်သည်နှင့် မြင်တွေ့ရသော ရှေးဟောင်း အရှိန်အဝါများကြောင့် သူ အံ့သြသွားရသည်။
တောင်တန်းများမှာ မရေမတွက်နိုင်အောင် ရှိနေပြီး ရှေးဟောင်းကာလကဲ့သို့ပင် စိမ်းစိုကာ အေးချမ်းလှသည်။ နတ်တောင်တော်ကြီးများမှာ ဟော့ထုံတောင် နတ်နန်းအတွင်း မြင့်မားထည်ဝါစွာ မားမားမတ်မတ် ရပ်တည်နေကြသည်။ ကောင်းကင်ယံထက်တွင် နေမင်းကြီးတစ်စင်း ရှိနေပြီး တစ်ခါတရံတွင် အလင်းတန်းများစွာ ထွက်ပေါ်လာကာ တစ်ခါတရံတွင်မူ ကောင်းကင်တွင် ပျံသန်းနေသော ရွှေကျီးကန်း တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
လီယန်ချူက နတ်ဘုရားများ၏ နယ်မြေဖြစ်သည့်အတိုင်း အလွန်ပင် ခမ်းနားလှသည်ဟု ရေရွတ်နေစဉ်မှာပင်၊ ထိုရွှေကျီးကန်းမှာ ရုတ်တရက် အေးစက်ပြီး ခံစားချက်ကင်းမဲ့သော မျက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။ ၎င်းက လူကို အလွန်ပင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းသည်။
"ဒီဟော့ထုံတောင် က ငါထင်ထားတာထက်တောင် ပိုကျယ်သေးတယ်"
ဟု လီယန်ချူက အံ့သြစွာ ဆိုသည်။
ကောင်းကင်ယံမှ ထိုမျက်လုံးမှာ ယခုအခါ နေမင်းကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားပြန်သည်။ ထိုနေမင်းကြီးထံမှ နေရောင်ခြည်၏ စစ်မှန်သော အဓိပ္ပာယ် ကို ခံစားရပြီး အလွန်ပင် သန့်စင်လှသည်။ ဟော့ထုံတောင် နတ်ဘုရားနယ်မြေတစ်ခုလုံးမှာ သူ့ကို အလွန်ရှေးကျသော ခံစားချက်ကို ပေးစွမ်းနေပြီး၊ ထည်ဝါလှသော နတ်တောင်ကြီးများအတွင်း မည်မျှသော လျှို့ဝှက်ချက်များ ရှိနေမည်ကို မည်သူမျှ မသိနိုင်ပေ။
လီယန်ချူသည် ဟော့ထုံတောင် အတွင်း စိတ်အာရုံ ကို အသုံးပြုရန် ကြိုးစားလိုက်ရာ၊ ပြောမပြနိုင်သော ကြောက်မက်ဖွယ်ရာ တစ်ခုကို ခံစားလိုက်ရပြီး ရေခဲတွင်းထဲ ကျသွားသကဲ့သို့ သော်လည်းကောင်း၊ အဆုံးမရှိသော ချောက်နက်ထဲသို့ ကျသွားသကဲ့သို့ သော်လည်းကောင်း ခံစားလိုက်ရသည်။ စိတ်အာရုံမှာ တစ်မီတာ၊ နှစ်မီတာခန့်ထက် ပို၍ မထွက်နိုင်ဘဲ၊ မျက်စိဖြင့် ကြည့်ရသည်မှာပင် ပို၍ သေချာလှသည်။ ထိုမျှကြီးမားသော ဘေးအန္တရာယ်ကို ရင်ဆိုင်၍ စိတ်အာရုံကို သုံးရန် မတန်ပေ။
လီယန်ချူသည် စိတ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီး မျက်နှာအမူအရာ ပြောင်းလဲသွားကာ ကျွေ့ဟွာကို သတိပေးလိုက်သည်။
"ဒီနေရာမှာ စိတ်အာရုံကို သုံးပြီး မစူးစမ်းနဲ့။ မဖော်ပြနိုင်တဲ့ ကြောက်မက်ဖွယ်ရာတွေကို ဆွဲဆောင်မိလိမ့်မယ်၊ ချောက်နက်ထဲ ကျသွားသလို ခံစားရလိမ့်မယ်။"
စောစောက သူ၏ နတ်ဘုရားအာရုံ မှာ အချက်ပေးသံများ ပြင်းထန်စွာ မြည်ဟည်းနေခဲ့သည်။
ကျွေ့ဟွာက ခေါင်းညိတ်ကာ "သိပါပြီ" ဟု ပြန်ပြောသည်။
လီယန်ချူက ဆက်ပြောလိုက်သည်။
"ဒီနေရာက ငါထင်ထားတာထက် ပိုအန္တရာယ်များတယ်။ အလျင်စလို မလုပ်ဘဲ အခြေအနေကို အရင် စောင့်ကြည့်ရမယ်။"
ကျွေ့ဟွာက "ဟိုရှေ့က နတ်တောင်ကို သွားကြည့်ကြမလား" ဟု မေးသည်။
လီယန်ချူက "ကောင်းပြီ" ဟု ဆိုလိုက်သည်။
ဟော့ထုံတောင်မှာ မိုင်ပေါင်း သုံးထောင်ခန့် ပတ်လည်ရှိပြီး၊ ထိုနေရာရှိ မိစ္ဆာများမှာ မည်မျှအထိ အစွမ်းထက်မည်ကို လီယန်ချူလည်း မခန့်မှန်းနိုင်ပေ။ သူသည် ကျွေ့ဟွာကို စီး၍ အဝေးရှိ နတ်တောင်ဆီသို့ ဦးတည်သွားကြသည်။
ထိုစဉ် ကျောက်တုံးကို ခွဲထုတ်လိုက်သည့်အလား ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာသည်။ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် ကျားလင်းယုန် တစ်ကောင်ကို စီး၍ ပေါ်လာခြင်း ဖြစ်သည်။ ထိုလူ၏ အရှိန်အဝါမှာ အလွန်တည်ငြိမ် လေးနက်ပြီး မျက်လုံးများမှာလည်း အေးစက်လှသည်။ ခါးတွင် ရှေးဟောင်း ရှဓား တစ်လက်ကို ချိတ်ဆွဲထားပြီး၊ ထိုဓားမှာ လေးလံပြီး ရှေးကျလှကာ ထိုလူပေးစွမ်းသော ခံစားချက်နှင့် ထပ်တူပင် ဖြစ်သည်။ ကြည့်ရသည်မှာ ထူးခြားသော ဓားနတ်ဆိုး တစ်ဦးအလားပင်။
ထိုအစိမ်းရောင်ဝတ်စုံနှင့် လူ ပေါ်လာသည်နှင့် ကမ္ဘာမြေကြားတွင် ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေဆင်နှာမောင်းကြီးများ ဖြစ်ပေါ်လာကာ အရှိန်အဝါများမှာ ရှုပ်ထွေးကုန်သည်။ သူစီးလာသော ကျားလင်းယုန်မှာ ရှေးဦးမျိုးစိတ် တစ်ခု ဖြစ်သော်လည်း၊ ၎င်းမှာ မျိုးစစ် ဟုတ်မဟုတ် မသိရပေ။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းသည် အလွန်ပင် သန်မာလှပြီး လေကို စီးကာ တိမ်ကို ခွင်းနိုင်စွမ်း ရှိသည်။
သို့သော် ထိုပြင်းထန်လှသော လေမုန်တိုင်းများ တိုက်ခိုက်လာသောအခါ ကျားလင်းယုန်မှာ ယိုင်နဲ့သွားပြီး၊ အစိမ်းရောင်ဝတ်စုံနှင့် လူ၏ တည်ငြိမ်သော မျက်နှာမှာလည်း ပျက်ယွင်းသွားတော့သည်။ ထိုလေထဲတွင် ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ဆွဲဖြဲပစ်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည်။ ခဏချင်းမှာပင် ထိုလူမှာ လေထဲတွင် လွင့်ထွက်သွားပြီး ကိုယ်ကို မထိန်းနိုင်တော့ဘဲ၊ သူ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ လီယန်ချူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။
လီယန်ချူက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး
"ငါတို့တော့ ပုံမှန်အတိုင်းပဲ သွားကြစို့၊ သိပ်ပြီး အစွမ်းမပြတာ အကောင်းဆုံးပဲ" ဟု ဆိုလိုက်သည်။
ကျွေ့ဟွာကလည်း ထိုစကားကို အလွန်ပင် သဘောတူလှသည်။ သူမ၏ ကြောင်ခန္ဓာကိုယ်မှာ သာမန်ကျားများထက်ပင် ကြီးမားပြီး သွယ်လျလှပလှသည်။ လီယန်ချူအတွက် စီးရသည်မှာလည်း အလွန်ပင် သက်သောင့်သက်သာ ရှိလှသည်။ လူတစ်ယောက်၏ အကျင့်မှာ အလွန်ကြောက်စရာ ကောင်းလှသည်။ အမှန်စင်စစ် ကျွေ့ဟွာသည်လည်း လီယန်ချူ၏ အစီးခံရခြင်းကို အသားကျနေပြီ ဖြစ်သည်။ အစပိုင်းတွင် ငြင်းဆန်ခဲ့သော်လည်း၊ နောက်ပိုင်းတွင် မငြင်းချင် ငြင်းချင် ဖြစ်လာကာ ယခုအခါတွင်မူ သဘာဝအတိုင်းပင် ဖြစ်နေတော့သည်။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ နတ်တောင်ကြီး၏ ရှေ့သို့ ရောက်ရှိလာကြသည်။ လီယန်ချူသည် ခေါင်းမော့၍ ထိုထည်ဝါလှသော တောင်ကြီးကို ကြည့်လိုက်ရာ၊ ရှေးကျပြီး ခန့်ညားသော ရှေးဟောင်း သစ်ပင်ကြီးများကို တွေ့လိုက်ရသည်။
လီယန်ချူက ကျွေ့ဟွာကို ဗဟုသုတအဖြစ် ပြောပြလိုက်သည်။
"ငါ နတ်ဘုရားနယ်မြေတွေ အများကြီး ရောက်ဖူးတယ်၊ များသောအားဖြင့် နတ်တောင် တစ်တောင်ပဲ ရှိတတ်တာ။ ဒါပေမဲ့ ဒီဟော့ထုံတောင် မှာတော့ တောင်တန်းတွေက မရေမတွက်နိုင်အောင် ဆက်တိုက် ရှိနေတာပဲ။"
ကျွေ့ဟွာက ကြားဖြတ်မေးလိုက်သည်။
"နတ်တောင်တွေထဲမှာ ရတနာတွေ ရှိမှာလား"
လီယန်ချူက ခေါင်းညိတ်ကာ
"ဟုတ်တယ်၊ ငါရောက်ဖူးသမျှ နေရာတိုင်းမှာ ရှိတယ်" ဟု ဆိုသည်။
ကျွေ့ဟွာ၏ မျက်လုံးများ လင်းလက်သွားပြီး
"ဒါဆိုရင် ဒီနေရာမှာ ရှိတဲ့ တောင်တန်းပေါင်း တစ်သောင်းမှာ ရတနာတွေက တိမ်တိုက်တွေလို များပြီး၊ ဆေးပင်တွေက ပင်လယ်လို ဖြစ်နေမှာပေါ့ "
လီယန်ချူ အံ့သြသွားပြီး
"နင်လည်း တော်တော် ဉာဏ်ကောင်းတာပဲ " ဟု ချီးကျူးလိုက်သည်။
ကျွေ့ဟွာက မေးစေ့ကို ပင့်ကာ
"အဲဒါကတော့ သဘာဝပေါ့" ဟု ဂုဏ်ယူစွာ ပြောလိုက်သည်။
လီယန်ချူက တောင်ပေါ်ကို ကြည့်ရင်း
"တောင်ပေါင်း တစ်သောင်းမှာ မိစ္ဆာပေါင်း တစ်သောင်းလည်း ရှိနေမလား မသိဘူး" ဟု ရေရွတ်လိုက်သည်။
သူသည် သွယ်လျသော ကျွေ့ဟွာကို စီး၍ ထိုထည်ဝါလှသော နတ်တောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူတို့ သိပ်ပြီး အလျင်မစလိုဘဲ သွားနေကြသည်။ လီယန်ချူက သတိပေးလိုက်သည်။
"သတိထားဦး၊ ငါ အရင်က တောင်အချို့မှာ အရာအားလုံးကို ဝါးမြိုပစ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ လက်တံကြီးတွေ ထွက်လာတာကို တွေ့ဖူးတယ်။"
ကျွေ့ဟွာက အံ့သြစွာ မေးလိုက်သည်။
"အဲဒါ နင်ပြောတဲ့ ပြင်ပ မိစ္ဆာတွေလား"
လီယန်ချူက ခေါင်းညိတ်ပြလိုက်သည်။
"ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ၊ ရုတ်တရက် ထွက်လာတဲ့ လက်တံတစ်ခုကြောင့် ဗိုက် အဖောက်ခံရတာမျိုး မဖြစ်စေနဲ့။"
ကျွေ့ဟွာ သက်ပြင်းတစ်ချက် အပြင်းအထန် ရှူလိုက်ပြီး မြေပြင်ကို ကြည့်ကာ စိုးရိမ်တကြီး ဖြစ်သွားသည်။ သူမသည် မိမိကိုယ်ကို ခုခံကာကွယ်သည့် နတ်စွမ်းအား များစွာကို ချက်ချင်းပင် အသုံးပြုလိုက်ရာ အလင်းတန်းများစွာ ထွက်ပေါ်လာပြီးနောက် ငြိမ်သက်သွားသည်။ သွေးမျိုးဆက် နိုးထလာခြင်း၏ အကျိုးကျေးဇူးမှာ အမွေအနှစ်အဖြစ် ရရှိလာသော နတ်စွမ်းအားများ ဖြစ်ပေသည်။ သူမသည် အကာအကွယ် ဒိုင်းပေါင်းများစွာကို အသုံးပြုပြီးနောက်၊ လူမသိအောင် ဖုံးကွယ်ထားနိုင်ရန် ပုံရိပ်ယောင်အတတ် နှင့် ထင်ယောင်ထင်မှား အတတ် တို့ကိုပါ အသုံးပြုလိုက်သည်။
လီယန်ချူက စိတ်ထဲမှ တွေးလိုက်သည်။
"ဒါက တော်တော် သက်သောင့်သက်သာ ရှိတာပဲ၊ ငါကိုယ်တိုင် ဒိုင်းတွေ သုံးနေစရာ မလိုတော့ဘူး။"
သူသည် ကျွေ့ဟွာ၏ နားထဲတွင် ပြင်ပ မိစ္ဆာများမှာ မည်မျှ အစွမ်းထက်ကြောင်း၊ မည်မျှ ကြောက်စရာကောင်းကြောင်းကို တောက်လျှောက် ပြောပြနေသဖြင့် ကျွေ့ဟွာမှာ အမွေးများပင် ထောင်သွားရသည်။
"အဲဒီ အရာတွေက ဘယ်ကနေ လာတာလဲ"
လီယန်ချူ တစ်ချက် မှင်တက်သွားပြီး ခေါင်းခါပြလိုက်သည်။
"မသိဘူး၊ ငါ အစောဆုံး ကျန်းထင်ရှန်း ကို သွားတုန်းကလည်း တောင်ထဲမှာ ဒီလို လူနဲ့တူတဲ့ မိစ္ဆာတွေ ရှိနေတာပဲ။ ဒီကောင်တွေက အမျိုးအစားလည်း အများကြီးပဲ၊ အလကား ပေါ်လာတာတော့ မဟုတ်လောက်ဘူး။"
ကျွေ့ဟွာက "မိစ္ဆာနယ်မြေ ကနေ လာတာလား" ဟု မေးလိုက်သည်။
လီယန်ချူ တစ်ချက် အံ့သြသွားပြီး
"မိစ္ဆာနယ်မြေ"
ကျွေ့ဟွာကလည်း အံ့သြတကြီးဖြင့်
"ဘာဖြစ်လို့လဲ နင် မသိဘူးလား"
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ တစ်ဦးကိုတစ်ဦး မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ လီယန်ချူက ခေါင်းခါကာ
"အဲဒီအမည်ကို ငါ တစ်ခါမှ မကြားဖူးဘူး" ဟု ဝန်ခံလိုက်သည်။
ကျွေ့ဟွာက ချောင်းတစ်ချက် ဟန့်လိုက်ပြီး
"ဘာမှမဖြစ်ပါဘူး၊ ငါ နည်းနည်း ရှင်းပြမယ်" ဟု အေးအေးဆေးဆေး ပြောလိုက်သည်။
လီယန်ချူကလည်း သိချင်စိတ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"မိစ္ဆာနယ်မြေ ဆိုတာက တကယ်တော့ ထူးခြားတဲ့ လျှို့ဝှက်နယ်မြေ တစ်ခုပဲ။ အဲဒီမှာ မိစ္ဆာတွေ အများကြီး နေကြတယ်။ အချို့က မိစ္ဆာစစ်စစ်တွေ ဖြစ်ပြီး၊ အချို့ကတော့ လူသား မိစ္ဆာကျင့်ကြံသူတွေပေါ့။ ဒါပေမဲ့ နောက်ပိုင်းမှာ မိစ္ဆာနယ်မြေနဲ့ လူ့ပြည်က ပိုင်းခြားခံလိုက်ရပြီး နှစ်ဖက်စလုံးရဲ့ ဝင်ပေါက်က လုံးဝ ပြတ်တောက်သွားခဲ့တယ်။"
ဟု ကျွေ့ဟွာက ရှင်းပြသည်။
လီယန်ချူမှာ ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားရသည်။ အကယ်၍ ကျွေ့ဟွာ ပြောသလိုသာဆိုလျှင် မိစ္ဆာနယ်မြေနှင့် လူ့ပြည်မှာ ကြာမြင့်စွာကတည်းက ပြတ်တောက်နေသင့်ပြီ ဖြစ်သည်။
ရုတ်တရက် သူ တစ်စုံတစ်ခုကို သတိရသွားကာ စပ်စုလိုက်သည်။
"နင်က ဒါတွေကို ဘယ်လို သိနေတာလဲ"
ကျွေ့ဟွာက မေးစေ့ကို ပင့်ကာ
"ဒါက သွေးမျိုးဆက် နိုးထလာတဲ့ အကျိုးကျေးဇူးပဲ။ သွေးမျိုးဆက်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ အခြေခံ ဗဟုသုတအချို့ကို အမွေအနှစ်အနေနဲ့ ပါလာတာ"
ဟု ဆိုကာ လီယန်ချူကို မျက်စောင်းတစ်ချက် ထိုးလိုက်သေးသည်။
'အခြေခံ ဗဟုသုတ' တဲ့လား... လီယန်ချူ၏ ပါးစပ်ထောင့်မှာ တွန့်သွားရသည်။ ကျွေ့ဟွာက အစွမ်းပြနေသည်လားဟုပင် သံသယဝင်မိသည်။
"တော်လိုက်တာ၊ နင် မိစ္ဆာနယ်မြေအကြောင်း ဘယ်လောက်အထိ သိသေးလဲ"
ဟု ထပ်မေးလိုက်သည်။
ကျွေ့ဟွာမှာ မကြားချင်ယောင်ဆောင်ကာ အဝေးသို့ ကြည့်လိုက်ပြီး "အဲ... ဟိုက သစ်ပင်က ထူးဆန်းသလိုပဲနော်" ဟု လွှဲပြောလိုက်သည်။
လီယန်ချူ : "..............." ဪ... နင်လည်း ဒီလောက်ပဲ သိတာကိုး။
လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ တောင်ပေါ်သို့ တက်လာရာ အေးအေးဆေးဆေးပင် ရှိပြီး မည်သည့် အန္တရာယ်နှင့်မျှ မတွေ့ရပေ။ လမ်းတစ်လျှောက်လုံး အလွန်ပင် ငြိမ်သက်လှသည်။ သို့သော် ဤထည်ဝါလှသော နတ်တောင်ကြီးအတွင်း ငှက်များ၊ တိရစ္ဆာန်များ မရှိသလို၊ ပိုးကောင်လေးများပင် မတွေ့ရသဖြင့် အလွန်ပင် တိတ်ဆိတ်ကာ ကြောက်စရာ ကောင်းလှသည်။ လေတိုးသံကြောင့် ထွက်ပေါ်လာသော "ဝူး... ဝူး..." ဟူသော အသံမှအပ အခြား မည်သည့်အသံမျှ မကြားရပေ။
ဟော့ထုံတောင်မှာ အလွန်ကျယ်ပြောလှပြီး တောင်တန်းပေါင်း တစ်သောင်းရှိရာ၊ လူတိုင်း နတ်နန်းအတွင်း ရောက်ရှိလာသော နေရာမှာ တူညီကြမည် မဟုတ်ပေ။ လီယန်ချူသည် ဤတောင်ကြီးအတွင်း မည်သည့် ကျင့်ကြံသူကိုမျှ ရှာမတွေ့ပေ။ နတ်နန်းအတွင်း ဝင်ရောက်လာကတည်းက အဝေးတစ်နေရာမှ ကျားလင်းယုန်စီးလာသော အစိမ်းရောင်ဝတ်စုံနှင့် လူကိုသာ ခဏတာ မြင်လိုက်ရခြင်း ဖြစ်သည်။
တောင်တက်လမ်းကို အကြာကြီး လျှောက်လာပြီးနောက် လီယန်ချူနှင့် ကျွေ့ဟွာတို့မှာ နောက်ဆုံးတွင် ကျောက်သားလမ်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုလမ်းပေါ်တွင် ထွင်းထုထားသော အမှတ်အသားများ သိသာစွာ ရှိနေသော်လည်း ယခုအခါတွင်မူ အလွန်ပင် ဟောင်းနွမ်းနေပြီ ဖြစ်သည်။
ထိုကျောက်လမ်းပေါ်သို့ တက်လိုက်သောအခါမှသာ ဤနတ်တောင်၏ မတ်စောက်ပုံကို ပို၍ ခံစားလိုက်ရသည်။ တောင်လမ်းများစွာမှာ ချောက်ကမ်းပါးဘေးတွင် ရှိနေသည်။ ပြင်းထန်သော လေမုန်တိုင်းများ တိုက်ခတ်လာသောအခါ လူနှင့် ကြောင်မှာ ယိမ်းထိုးသွားရသည်။ ကျွေ့ဟွာ၏ အမွေးများမှာလည်း လေကြောင့် ရှုပ်ပွသွားသဖြင့် ကြည့်ရသည်မှာ တောကြောင်တစ်ကောင်နှင့် တူနေတော့သည်။
လီယန်ချူသည် လေငြိမ်ပုတီး ကို ထုတ်လိုက်သည်။ ဤရတနာမှာ လေကို ငြိမ်သက်စေသည့် အစွမ်းတစ်ခုတည်းသာ ရှိသည်။ သို့သော် လီယန်ချူ ထုတ်လိုက်သောအခါ ထိုပုလဲမှာ အလုပ်မလုပ်တော့သည်ကို တွေ့လိုက်ရသည်။
"အမ်"
လီယန်ချူမှာ မှင်တက်သွားရသည်။ လေငြိမ်ပုတီးမှာ ပထမဆုံးအကြိမ် အလုပ်မလုပ်ခြင်း ဖြစ်သည်။ ယခင်က ကျင့်ကြံသူများ၏ နတ်ဆိုးလေများကိုပင် ငြိမ်သက်စေနိုင်ခဲ့သော်လည်း၊ ဤဟော့ထုံတောင် နတ်နန်းထဲတွင်မူ ပြဿနာ တက်နေပြီ ဖြစ်သည်။
သို့သော်လည်း သူနှင့် ကျွေ့ဟွာတို့သည် တောင်လမ်းအတိုင်း ဆက်လျှောက်လာခဲ့ကြသည်။ ချောက်ကမ်းပါးနှင့် နီးကပ်နေသော်လည်း ပြုတ်ကျမည့် အန္တရာယ် မရှိပေ။ လမ်းတစ်လျှောက် လေပြင်းများ တိုက်ခတ်နေသော်လည်း ၎င်းတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်မှာ သန်မာလှသဖြင့် အလွန်ပင် တည်ငြိမ်လှသည်။
လမ်းတွင် လီယန်ချူသည် နောက်ဆုံးတွင် ရှေးဟောင်း အကြွင်းအကျန်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ ချောမောပြေပြစ်သော ကျောက်စင်မြင့်တစ်ခု ဖြစ်ပြီး၊ ၎င်းအပေါ်တွင် ကျောက်တုံးကြီး တစ်တုံး ရှိနေသည်။ ကျောက်တုံးပေါ်တွင် ရှေးဟောင်းစာလုံး နှစ်လုံးကို ထွင်းထုထားပြီး၊ ၎င်းပေါ်တွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။
ထိုစာကို ရေးထိုးခဲ့သူမှာ အလွန်ပင် လက်ဟန်လှလှဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ လီယန်ချူသည် ရှေးဟောင်းစာများကို နားလည်သော်လည်း ခေတ္တမျှ ကြည့်ပြီးမှသာ မှတ်မိသွားတော့သည်။
"ရှုးပါး"
ထိုရှေးဟောင်းဓားမှာ ဤနေရာတွင် မည်မျှကြာအောင် ရှိနေခဲ့သည်ကို မသိနိုင်ပေ။ ယခုအခါတွင်မူ မည်သည့် နတ်စွမ်းအားမှ ရှိပုံမရတော့ပေ။ သို့သော် လီယန်ချူသည် ထိုဓားအတွင်းရှိ ဝိညာဉ်စွမ်းအား မှာ ပျောက်ကွယ်မသွားဘဲ အလွန်ပင် ပြည့်စုံစွာ ရှိနေသေးသည်ကို သတိထားမိလိုက်သည်။ ဓားပေါ်ရှိ ဖုန်မှုန့်များမှာ ဖုံးကွယ်ရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
သူသည် ရော်ဖူတောင် တွင် ဓားတရားကို သိမြင်ခဲ့ပြီးနောက်၊ သူ၏ စိတ်အာရုံ အတွင်း၌ စွမ်းအားတိုင်တစ်ခု ပိုလာခဲ့ပြီး ထူးခြားသော ဓားတရား သိမြင်မှုများ ရရှိခဲ့သည်။ ထို့အပြင် လီယန်ချူသည် ၎င်း၏ အသုံးဝင်ပုံများကိုလည်း များစွာ တွေ့ရှိခဲ့ပြီး ဖြစ်သည်။
ဥပမာအားဖြင့်၊ အစောပိုင်းက မီးခိုးရောင်ဝတ်ရုံဝတ် အဖိုးအိုက သုံးလက်မ ဓားကို လက်ဖြင့် ညှပ်ထားစဉ်၊ လီယန်ချူက ဓား၏ စွမ်းအားကို မြှင့်တင်ပေးလိုက်ရာ ဓားအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး အဖိုးအို၏ ခုခံမှုကို တိုက်ရိုက် ဖောက်ထွက်သွားစေခဲ့သည်။
နောက်တစ်ခုမှာ အဖိုးအိုက ဓားကို ခြေဖြင့် ကန်လိုက်ပြီး ဓားမှာ အလင်းတန်းအဖြစ် ပြောင်းလဲကာ လက်ရေးမူကို တိုက်ခိုက်မည့်အချိန်တွင် လီယန်ချူက သူ၏ ခန္ဓာကိုယ်အတွင်းရှိ တိုင်ကို အသုံးပြု၍ ဓား၏ စွမ်းအားကို လျှော့ချပစ်ခဲ့ခြင်း ဖြစ်သည်။
ဤသို့ မြှင့်တင်ပေးခြင်းနှင့် လျှော့ချပေးခြင်းမှာ အလွန်ပင် ထူးခြားလှသည်။ လီယန်ချူ၏ အမြင်တွင် တစ်ခုမှာ ပိုမိုသန်မာစေခြင်း ဖြစ်ပြီး၊ တစ်ခုမှာ အားနည်းစေခြင်း ဖြစ်ကာ၊ ၎င်းတို့မှာ မိမိကိုယ်တိုင်အပေါ်တွင်သာ သက်ရောက်မှု ရှိပေသည်။
သန်မာစေသော အစွမ်းမှာ နားလည်ရ လွယ်ကူသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် လီယန်ချူ၏ ဘေးတွင် ဓားကျင့်ကြံသူ တစ်ဦးရှိနေပါက၊ ထိုသူသည် ပုံမှန်ထက် ပိုမိုမြင့်မားသော စွမ်းအားများကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ သို့သော် မည်မျှအထိ ပို၍ သန်မာလာမည်ကိုမူ လီယန်ချူတွင် စမ်းသပ်စရာလူ မရှိသေးသဖြင့် အတိအကျ မသိရသေးပေ။
သို့သော် အစောပိုင်းက မြင်တွေ့ရသော သဲလွန်စများအရ၊ ငယ်ရွယ်သော မိန်းမပျိုလေး၏ ဓားမှာ အဖိုးအို၏ ခုခံမှုကို မည်သို့မျှ မဖောက်နိုင်သော်လည်း လီယန်ချူ၏ ကူညီမှုကြောင့် အဖိုးအို၏ ဝတ်ရုံကို ဖောက်သွားနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အဖိုးအို၏ အဆင့်မှာ မမြင့်မားခဲ့လျှင် ထိုဓားချက်ကပင် သူ့ကို ဒဏ်ရာရစေနိုင်ပေလိမ့်မည်။
အားနည်းစေသော အစွမ်းမှာမူ ဓားကျင့်ကြံသူများအတွက် အလွန်ကြောက်စရာကောင်းလှသည်။ အကယ်၍ လီယန်ချူနှင့် တိုက်ခိုက်သူမှာ ဓားကျင့်ကြံသူ ဖြစ်ပါက၊ သူသည် လက်မလှုပ်ရသေးခင်မှာပင် သူ၏ စွမ်းအား ထက်ဝက်ကျော်မှာ လီယန်ချူကြောင့် ပျောက်ဆုံးသွားပေလိမ့်မည်။ ဤသည်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ဖြစ်ပြီး၊ အကယ်၍ လူသိရှင်ကြား ဖြစ်သွားပါက လီယန်ချူသည် ဓားကျင့်ကြံသူ အားလုံး၏ ရန်သူ ဖြစ်သွားနိုင်သကဲ့သို့၊ ဓားကျင့်ကြံသူများ အားလုံး ဝိုင်းဝန်း ချစ်ခင်ကြသော လူလည်း ဖြစ်သွားနိုင်ပေသည်။
သူသည် ထိုရှေးဟောင်းဓားကို ကြည့်ကာ ယူဆောင်နိုင်မလားဟု စမ်းသပ်ကြည့်လိုက်သည်။ သို့သော် လက်ဖြင့် လှမ်းဖမ်းလိုက်သည့်တိုင်အောင် မည်သို့မျှ ဖမ်းဆုပ်၍ မရပေ။
"အမ်"
လီယန်ချူမှာ မှင်တက်သွားရသည်။ စောစောက ခံစားချက်မှာ အလွန်ထူးဆန်းလှသည်။ မည်သည့် တားမြစ်ချက် မှ ရှိနေသည်မဟုတ်ဘဲ၊ ထိုဓားမှာ မျက်စိရှေ့တွင် ရှိနေသော်လည်း မည်သို့မျှ ထိတွေ့၍မရသည့်အလား ဖြစ်နေခြင်း ဖြစ်သည်။ လီယန်ချူသည် အကြိမ်ပေါင်းများစွာ စမ်းသပ်သော်လည်း အလားတူပင် ဖြစ်နေသည်။
ဘေးမှ ကျွေ့ဟွာကလည်း ဓားကို ယူရန် စမ်းသပ်ကြည့်သော်လည်း ထိုကဲ့သို့ပင် ဖြစ်နေပြန်သည်။ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်မှာ ကြောင်တောင်တောင် ဖြစ်နေကြစဉ်...
တောင်လမ်းအတိုင်း အမျိုးသားတစ်ဦး ဆင်းလာခဲ့သည်။ သူ၏ အဝတ်အစားမှာ ရှေးကျလှပြီး ခေါင်းတွင် ဖန်ကွမ်း တစ်ခုကို ဆောင်းထားကာ၊ မျက်နှာမှာ ချောမောပြီး အရှိန်အဝါမှာလည်း ထူးခြားလှသည်။
"ဒီဓားမှာ ဝိညာဉ်ရှိတယ်၊ သူက သခင်ကို ရွေးချယ်ပြီးမှ အစေခံမှာပါ။ ဒါက ကျုံးကျုံး ဧကရာဇ်ရဲ့ ကိုယ်ရံဓား ဖြစ်ပြီး၊ အထဲမှာ မဟာရှ ရဲ့ နိုင်ငံတော်ကံကြမ္မာတွေ ကိန်းဝပ်နေတယ်"
ထိုဦးထုပ်ဆောင်းထားသော အမျိုးသား စကားပြောလိုက်သည်နှင့် အလွန်ပင် တုန်လှုပ်ဖွယ် သတင်းစကားများ ထွက်ပေါ်လာတော့သည်။
"မဟာရှရဲ့ နိုင်ငံတော်ကံကြမ္မာ ကျုံးကျုံး ဧကရာဇ်ရဲ့ ဓား "
လီယန်ချူ မျက်ခုံးပင့်သွားရသည်။ ဤရှေးဟောင်းဓားမှာ မဟာရှနိုင်ငံ၏ ကံကြမ္မာနှင့် သက်ဆိုင်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့အပြင် လီယန်ချူသည် ထိုလူကို မသိမသာ အကဲခတ်လိုက်သည်။ ဤရှေးကျသော အဝတ်အစားနှင့် လူက တောင်ပေါ်မှ ဆင်းလာတာလား။