← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း (၁) - ရှောင်ဝူ၏ နှစ်သက်မှုအဆင့် အမြင့်ဆုံးဖြင့် စတင်ခြင်း။

နော့တင်းမြို့။

နော့တင်း အကယ်ဒမီ။

"ဘာဖြစ်တာလဲ။ ငါက ဝိညာဉ်ကုန်းမြေထဲ ကူးပြောင်းရောက်ရှိလာပြီး နာမည်တူ ဗီလိန်ဇာတ်ကောင် ရှောင်ချန်ယွီ ကိုယ်ထဲရောက်သွားတာလား။"

ရှောင်ချန်ယွီသည် မိမိ၏ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိပြီး သူ၏မျက်နှာတွင်လည်း အားကိုးရာမဲ့သည့် အရိပ်အယောင်များ ထင်ဟပ်နေလေသည်။

သူ၏ မြင်ကွင်းထဲတွင် ခန့်ညားထည်ဝါသော ခန်းမဆောင်ကြီးတစ်ခု ရှိနေပြီး ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် လူများ ဝိုင်းရံထားကြသည်။

မူလပိုင်ရှင်၏ မှတ်ဉာဏ်များစွာမှာ သူ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။

'ငါရှောင်ချန်ယွီ ဒုက္ခရောက်ပြီ။'

လူတိုင်းသိကြသည့်အတိုင်း ဝိညာဉ်ကုန်းမြေသည် ဝိညာဉ်စွမ်းအားကျင့်ကြံသည့် ကမ္ဘာတစ်ခုဖြစ်လေသည်။

ဝိညာဉ်စွမ်းအားများသည်လူတို့၏ နေ့စဉ်ဘဝကို အထောက်အကူပြုနိုင်သလို တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သည်။

ဝိညာဉ်စွမ်းအားပိုင်ဆိုင်သူအချို့မှာ လူအများ ကြည်ညိုလေးစားရသည့် ဝိညာဉ်သခင် များ ဖြစ်လာနိုင်သည်။

ရှောင်ချန်ယွီ: အမျိုးသား

ဝိညာဉ် - ဝံပုလွေ

အဆင့်၁၁ ဝိညာဉ်သခင် အဖြူရောင် ဝိညာဉ်တစ်ကွင်းပိုင်ဆိုင်သူ။

နော့တင်းအကယ်ဒမီမှကျောင်းသားတစ်ဦး။

သူသည်နော့တင်းမြို့စား၏ သားဖြစ်နေခြင်းမှလွဲ၍ ကျန်သည့်အရည်အချင်းမှာ သာမန်ကာလျှံကာသာ ဖြစ်ပြီး အသုံးမကျသူတစ်ဦးဟုပင် ဆိုနိုင်သည်။

သူသာ အေးအေးဆေးဆေး နေခဲ့လျှင် ချမ်းသာသော ဒုတိယမျိုးဆက် တစ်ယောက်အနေဖြင့် သူ၏ဘဝမှာ အလွန်သက်တောင့်သက်သာ ရှိနေပေလိမ့်မည်။

သို့သော်သူသည် ဇာတ်လိုက်ဖြစ်သူ ထန်စန်း နှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ထန်စန်း၏ စုတ်ပြတ်နေသော အဝတ်အစားများကို လှောင်ပြောင်ခဲ့မိသည်။

၎င်းအပြင် ဇာတ်လိုက်၏ ရည်းစားဖြစ်သူ ရှောင်ဝူကိုလည်း သွားရောက်နှောင့်ယှက်ခဲ့မိသေးသည်။

သူသည် ပျားအုံကို တုတ်နှင့်ထိုးမိလေပြီ။

ထန်စန်းသည် သဘောထားကြီးသူ မဟုတ်ပေ။ သူ့ကို တားဆီးမိရုံမျှနှင့် သေကြောင်းရှာနေတာပဲ ဟု သတ်မှတ်တတ်သူ ဖြစ်ရာ ရှောင်ချန်ယွီကဲ့သို့ သူ့ကိုလှောင်ပြောင်သူကို အလွတ်ပေးမည်လား။

မူလဇာတ်လမ်းတွင်ရှောင်ချန်ယွီသည် ထန်စန်း၏ အရိုက်ခံရပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် မြို့စားသားကဲ့သို့ ထင်ရှားသူတစ်ဦးမှာ ထိုသို့ လွယ်လွယ်နှင့် ပျောက်ကွယ်သွားနိုင်ပါမည်လော။

အချို့သောပြန်လည်ဆန်းသစ်ထားသည့် ဇာတ်လမ်းများ သို့မဟုတ် ရုပ်သံဇာတ်လမ်းတွဲများအရ ရှောင်ချန်ယွီ၏ မိသားစုမှာ ပျက်စီးသွားခဲ့ပြီး သူသည် ဘဝတစ်ခုလုံးကို ဆင်းရဲဒုက္ခဖြင့် ကုန်ဆုံးခဲ့ရသည်ဟု ဆိုထားသည်။

ထို့အပြင် အနာဂတ်တွင် ထန်စန်းသည် ပင်လယ်နတ်ဘုရား ဖြစ်လာကာ ဝိညာဉ်နန်းတော် ကို ဖျက်ဆီးပစ်မည် ဖြစ်သည်။

ဝိညာဉ်ကုန်းမြေကြီးမှာလည်း ဖရိုဖရဲဖြစ်ကာ ယုတ်မာသော ဝိညာဉ်သခင်များသည်သောင်းကျန်းပြီး လူထုမှာ ဆင်းရဲတွင်းနက်ရပေလိမ့်မည်။

လောလောဆယ်တွင်ရှောင်ချန်ယွီအနေဖြင့် မိမိရောက်နေသည်မှာ ဝိညာဉ်ကုန်းမြေ၏ မည်သည့်ဗားရှင်းဖြစ်သည်ကို မသေချာသေးပေ။

ဇာတ်လမ်းအဟောင်းတွင်အားနည်းချက် များစွာ ရှိနေခဲ့သောကြောင့် ၎င်းသည် ဗားရှင်းအမျိုးမျိုး ရောယှက်နေခြင်း သို့မဟုတ် ပြုပြင်မွမ်းမံထားခြင်းလည်း ဖြစ်နိုင်သည်။

ရှောင်ချန်ယွီသည် မိမိ၏ လက်ရှိအခြေအနေမှာ မကောင်းလှကြောင်း ကောင်းကောင်းသိသည်။ နော့တင်းမြို့သည်လည်း ဝိညာဉ်နန်းတော်၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိသည်။

ထိုစဉ်ကဝိညာဥ်သူတော်စင်ရွာသို့သွားပြီး ဝိညာဉ်များ နိုးထပေးခဲ့သည့် စုယွင်ထောင်း မှာ ဝိညာဉ်နန်းတော်မှ ဝိညာဉ်သခင် တစ်ဦးဖြစ်ပြီး ပါရမီရှင်များကို နော့တင်းအကယ်ဒမီသို့ အကြံပြုလွှတ်ပေးခဲ့သည်။

ထို့ကြောင့်နော့တင်းအကယ်ဒမီသည် ဝိညာဉ်နန်းတော်၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

ဝိညာဉ်နန်းတော်သည် လူအများအတွက် ဝိညာဉ်များကို အခမဲ့နိုးထပေးပြီးနောက် ထိုပါရမီရှင်များကို အခြားအဖွဲ့အစည်းများထံသို့ မည်သို့လျှင် အလွယ်တကူ ပေးပို့ပါမည်နည်း။

ရှောင်ချန်ယွီ၏ ဖခင်မှာလည်း နော့တင်းမြို့စားဖြစ်ရာ သူသည်လည်း ဝိညာဉ်နန်းတော်ဘက်တော်သား ဖြစ်နေသည်မှာ ထင်ရှားသည်။

အနာဂတ်တွင်ထန်စန်းက ဝိညာဉ်နန်းတော်ကို ဖျက်ဆီးမည် ဖြစ်သဖြင့် ရှောင်ချန်ယွီ၏ အနာဂတ်မှာလည်း တောက်ပနေစရာ အကြောင်းမရှိပေ။

"ငါက ဒီအတိုင်း အသေခံဖို့ ထိုင်စောင့်နေရမှာလား။"

ရှောင်ချန်ယွီ အလွန်မကျေမနပ် ဖြစ်မိသည်။ ဝိညာဉ်ကုန်းမြေသို့ ကူးပြောင်းလာခါစတွင် သူသည် ရှောင်ဝူ ချန်းရန်ရွှယ်၊ ဟူလီနာ့၊ ရွှေပင်းအာ၊ ဟော့ဝူ၊ ကျူကျူချင်း၊ နင်ရုံရုံ နှင့် ပိပိတုံ တို့နှင့် အချစ်ဇာတ်လမ်းများ ခင်းချင်သေးသည်။

၎င်းမှာ ကာမဂုဏ်တစ်ခုတည်းကြောင့် မဟုတ်ပါ။

ရှောင်ချန်ယွီ အလွန်စိတ်ဓာတ်ကျနေစဉ်မှာပင် သူ၏ စိတ်ထဲ၌ တိန် ခနဲ မြည်သံတစ်ချက် ထွက်ပေါ်လာလေသည်။

"ဂုဏ်ယူပါတယ် အိမ်ရှင် ဗီလိန်တန်ပြန်တိုက်စစ်စနစ် နဲ့ ချိတ်ဆက်ပြီးပါပြီ။"

ရှုပ်ထွေးလှသော သတင်းအချက်အလက် အမြောက်အမြားမှာ ရှောင်ချန်ယွီ၏ ဦးနှောက်ထဲသို့ စီးဝင်လာပြီး သူ့ကို မူးဝေသွားစေတော့သည်။

အတော်ကြာမှရှောင်ချန်ယွီ ပြန်လည်သတိဝင်လာပြီး ဘာဖြစ်နေသည်ကို နားလည်သွားသည်။

ဗီလိန်တန်ပြန်တိုက်စစ်စနစ်ဆိုသည်မှာ ဇာတ်လိုက်၏ မျက်နှာကို ဖြတ်ရိုက်ခြင်း သူရမည့် အခွင့်အရေးများ ရတနာများနှင့် မိန်းကလေးများကို ကြားဖြတ်လုယူခြင်းဖြင့် ဆုလာဘ်အမျိုးမျိုးကို ရယူနိုင်ခြင်း ဖြစ်သည်။

ထိုဆုလာဘ်များထဲတွင်ထိပ်တန်းဆေးလုံးများ ကျင့်စဉ်များ နှင့် ကျင့်ကြံမှုအဆင့်များ ပါဝင်သည်။

စနစ်ကမလုပ်ပေးနိုင်သည့်အရာဟူ၍ မရှိဘဲ စိတ်ကူးသမျှ အရာအားလုံးကို ပေးစွမ်းနိုင်သည်။

ကူးပြောင်းလာသူ တစ်ယောက်အနေဖြင့် ရှောင်ချန်ယွီသည် ထန်ဆန်း၏ လျှို့ဝှက်ချက်များနှင့် သူကြုံတွေ့ရမည့် အခွင့်အရေးအားလုံးကို သိနေသည်။

ထန်စန်းထက်အရင် ထိုအခွင့်အရေးနှင့် ရတနာများကို လုယူနိုင်သရွေ့ ထန်ဆန်းက သူ့ကို မည်သို့ ယှဉ်နိုင်ပါတော့မည်နည်း။

'ဝိညာဉ်ကုန်းမြေက မိန်းကလေးတို့ရေ... ဗီလိန် ရှောင်ချန်ယွီ လာပြီဟေ့။'

"တိန်"

"အိမ်ရှင်မှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း တွေ့ရှိရပါသည်။ လက်မှတ်ထိုးဝင်ခြင်းဖြင့် အသစ်ဝင်လာသူများအတွက် လက်ဆောင်ထုပ်ရရှိပါမည်။ လက်မှတ်ထိုး ဝင်လိုပါသလား။"

"လက်ဆောင်ထုပ်ကို ရယူလိုပါသလား။"

ရှောင်ချန်ယွီသည် စနစ်ကို ရရှိ၍ ဝမ်းသာနေစဉ်မှာပင် ထိုအချက်ပေးသံ ထွက်လာရာ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့်။

"ယူမယ် ယူမယ်။"

"ဂုဏ်ယူပါတယ် အိမ်ရှင်လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ သင်သည် ရှောင်ဝူ၏ နှစ်သက်မှုစွမ်းရည်ကို ရရှိသွားပါပြီ။"

"ရှောင်ဝူ၏ နှစ်သက်မှုအဆင့် +၁၀၀။"

"ရှောင်ဝူ၏ လက်ရှိ နှစ်သက်မှုအဆင့်သတ်မှတ်ချက် - မယိမ်းမယိုင်ဘဲ သစ္စာရှိခြင်း။"

စနစ်၏ အချက်ပေးသံများက ရှောင်ချန်ယွီကို တက်ကြွလန်းဆန်းသွားစေသည်။ ရှောင်ဝူသည် မည်သူနည်း။

ရှောင်ဝူသည်ဝိညာဥ်ကုန်းမြေ၏ အဓိကဇာတ်ဆောင်မင်းသမီး ဖြစ်သည်။ သူမသည် အလွန်လှပရုံသာမက သူမ၏ နောက်ခံကလည်း ထူးခြားလှပေသည်။

အနှစ်တစ်သိန်းဝိညာဉ်သားရဲ တစ်ကောင်အနေဖြင့် ရှောင်ဝူသည် ထန်စန်းကို တိုက်ခိုက်ရာတွင် ကူညီနိုင်ရုံသာမက ဝိညာဉ်ကွင်းအဖြစ် ပြောင်းလဲပေးခြင်းဖြင့် ထန်စန်း၏ ကျင့်ကြံမှုကိုလည်း မြှင့်တင်ပေးနိုင်သည်။

ထန်စန်းနတ်ဘုရားဖြစ်လာနိုင်ခြင်းမှာ ရှောင်ဝူနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေလေသည်။

ရှောင်ချန်ယွီသည် မူလက စနစ်သည် သူ့ကို ပစ္စည်းများသာ ပေးလိမ့်မည်ဟု ထင်ခဲ့သော်လည်း ရှောင်ဝူ၏ နှစ်သက်မှုအဆင့်ကဲ့သို့ အရာကိုပင် ပေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ယခုအခါ ထန်စန်းသည် ရှောင်ဝူကို ဆုံးရှုံးသွားပြီဖြစ်ရာ အနာဂတ်တွင် မည်သို့ နတ်ဘုရား ဖြစ်လာနိုင်ပါဦးမည်နည်း။

ထန်စန်းကံဆိုးလေလေ ရှောင်ချန်ယွီ ပိုပျော်လေလေပင် ဖြစ်သည်။ ယခုအချိန်တွင် သူအော်ပြောချင်သည်မှာ...

"စနစ်ကြီးရေ... ကျေးဇူးပဲဗျာ။"

"ရှောင်ချန်ယွီ မင်းလို အရှက်မရှိတဲ့ကောင်က ငါ့ရည်းစားကို နှောင့်ယှက်ရဲတယ်ပေါ့။"

ရှောင်ချန်ယွီ တစ်ယောက် အပျော်လွန်နေစဉ်မှာပင် ဒေါသတကြီး အော်ဟစ်သံတစ်ခုက သူ့ကို အတွေးကမ္ဘာထဲမှ ဆွဲထုတ်လိုက်တော့သည်။

အော်ဟစ်နေသူမှာအပြာရောင်ဝတ်စုံနှင့် စုတ်ပြတ်နေသော လူငယ်လေးတစ်ဦးဖြစ်သည်။

သူ၏ မျက်လုံးများထဲတွင် ရှောင်ချန်ယွီကို တစ်လုပ်တည်း မျိုချပစ်တော့မည့်အလား ပြင်းထန်သော ဒေါသမီးများ တောက်လောင်နေလေသည်။

ဤသူကား အခြားသူမဟုတ် ဇာတ်လိုက်ထန်စန်း ပင်ဖြစ်သည်။ ဇာတ်လမ်းမှာ ရှောင်ချန်ယွီက ရှောင်ဝူကို နှောင့်ယှက်ပြီးချိန်တွင် ထန်စန်း ရောက်ရှိလာသည့် အခန်းသို့ ရောက်နေပြီဖြစ်သည်။

ဘာမှထူးခြားမလာလျှင် ထန်စန်းက ရှောင်ချန်ယွီကို စိန်ခေါ်လိမ့်မည်ဖြစ်ပြီး ရှောင်ချန်ယွီမှာ သေလုမတတ် အရိုက်ခံရပေတော့မည်။

ထိုစဉ်မှာပင် ထန်စန်း၏ စကားကြောင့် နော့တင်းအကယ်ဒမီမှ ကျောင်းသားများကြားတွင်လည်း ဝိုင်းအုံပြောဆိုသံများ ထွက်ပေါ်လာသည်။

"ရှောင်ချန်ယွီက မောက်မာတယ်လို့ ငါကြားဖူးပေမယ့် သူများရည်းစားကို လုဖို့အထိ လုပ်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါက တကယ်ကိုအရှက်မရှိတာပဲ။"

"ရှောင်ချန်ယွီက သူ့အဖေကောင်းနေလို့ပါ။ သူက နော့တင်းမြို့စားရဲ့ သားဖြစ်နေလို့ပေါ့။ မဟုတ်ရင် သူ့ရဲ့ အဆင့် ၁၁ ကျင့်ကြံမှုနဲ့ နော့တင်းအကယ်ဒမီမှာ ဒီလောက် မောက်မာပြဖို့ တန်လို့လား။"

"အခုတော့ နစ်နာသူက အိမ်အရောက် လာရှာနေပြီ။"

"ရှေ့က ထန်စန်းက အဆင့် ၁၅ ဝန်းကျင် ရှိနေပြီ။ ထန်စန်းက ကျောင်းသားသစ်ပဲ ရှိသေးတာ ရှောင်ချန်ယွီတော့ ဒီတစ်ခါ တကယ် အထိနာတော့မယ်။"

"ငါလောင်းရဲတယ်။ ရှောင်ချန်ယွီ ထန်စန်းရဲ့ စိန်ခေါ်မှုကို လက်ခံရဲမှာ မဟုတ်ဘူး။ သူက အသုံးတစ်စက်မှ မကျဘူးလေ။"

နော့တင်းအကယ်ဒမီမှ ကျောင်းသားများသည် ပွဲကြည့်ပရိသတ်များအလား စိတ်ဝင်တစား ကြည့်နေကြသည်။

ဤအချိန်တွင်ထန်စန်းမှာ ကျောင်းသို့ ရောက်ရှိနေသည်မှာ အတန်ကြာပြီဖြစ်ပြီး သူ၏ပါရမီမှာလည်း ထူးချွန်လှသည်။

သူသည်မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝ ပိုင်ဆိုင်ရုံသာမက ဝိညာဉ်နှစ်ခု ကိုလည်း ပိုင်ဆိုင်ထားသည်။

သူ၏ ကျင့်ကြံမှု အရှိန်မှာလည်း မြန်ဆန်လှသဖြင့် အကယ်ဒမီတွင် နာမည်ကျော်ကြားနေသူ ဖြစ်သည်။

ရှောင်ချန်ယွီမှာမူ နော့တင်းအကယ်ဒမီတွင် နာမည်ကြီးသော်လည်း လူလေလူလွင့် သားဆိုးတစ်ယောက်အဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားခြင်း ဖြစ်သည်။

လူအများကသူ့ကို ကြောက်ကြသည်မှာလည်း သူ၏ နောက်ခံကြောင့်သာ ဖြစ်သည်။ ရှောင်ချန်ယွီ၏ အစွမ်းမှာထည့်ပြောနေစရာပင် မလိုပေ။

သူသည်ထန်စန်းထက် အရင်ကျောင်းတတ်ခဲ့သော်လည်း အဆင့် ၁၁ သာ ရှိသေးပြီး ဝိညာဉ်ကွင်းမှာလည်း အညံ့ဆုံးအမျိုးအစား ဖြစ်သည်။ ထန်စန်းနှင့် ထိပ်တိုက်တွေ့ခြင်းမှာ အရိုက်ခံရဖို့ သက်သက်ပင် မဟုတ်ပါလား။

အဖြစ်အပျက် အစီအစဉ်များကို ရှင်းရှင်းလင်းလင်း သိသွားပြီးနောက် ရှောင်ချန်ယွီသည် သူ၏မျက်လုံးများကို အနည်းငယ် မှေးစမ်းလိုက်သော်လည်း သူ၏ မျက်ခွံများကြားမှ ထက်မြက်သော အကြည့်တစ်ချက်မှာမူ မသိမသာ ထွက်ပေါ်နေဆဲ ဖြစ်သည်။

All Chapters