အခန်း ၂
Vol. 1 Ch. 2
အခန်း (၂) - အရာအားလုံးကို ပြောင်းပြန်လှန်ခြင်း။
‘ရှောင်ချန်ယွီလား။ ငါ့လက်ချောင်းလေးတစ်ချက် လှုပ်လိုက်ရုံနဲ့ သူ့ကို အမှုန့်လုပ်ပစ်လို့ရတယ်။ သူက ငါနာမည်ကြီးဖို့အတွက် နင်းတက်ရမယ့် ခြေနင်းတုံးသက်သက်ပဲ။’
တစ်ဖက်တွင်လည်း ထန်စန်းသည် ပတ်ဝန်းကျင်မှ မြှောက်ပင့်ပြောဆိုသံများကို နားထောင်ရင်း ခေါင်းကို မော့ကာ ဂုဏ်ယူဝင့်ကြွားနေသည်။
အပြင်ပန်းတွင်တည်ငြိမ်နေပုံရသော်လည်း အတွင်းစိတ်ထဲ၌မူ အလွန်အမင်း ဝမ်းသာပီတိဖြစ်နေလေပြီ။
အပြင်ပန်းတွင် ထန်စန်းမှာ အနေအေးပုံရသော်လည်း အမှန်စင်စစ် သူသည် ကိုယ့်ကိုယ်ကိုယ် ကြွားဝါချင်စိတ် အလွန်ပြင်းထန်သူဖြစ်သည်။
သူ၏ ကြီးပြင်းလာမှု သမိုင်းတစ်လျှောက်တွင် တိုက်ပွဲအတော်များများမှာ တိုက်နေစရာ မလိုသော်လည်း လူအများရှေ့တွင် ဆရာကြီးလုပ်ချင်ဇာတ်ခင်းရန်အတွက် လူအသေခံပြီး ဇွတ်တိုးဝင်တတ်သူ ဖြစ်သည်။
ငကြွားဇာတ်ခင်းရန်အတွက် ထန်စန်းသည် ဝိညာဉ်စွမ်းအားမရှိသော အစောင့်တစ်ဦးကို ရိုက်နှက်ခဲ့ဖူးသလို အခန်းတစ်ခန်းအတွက်ကြောင့်နှင့် တိုက်မုပိုင်ကို သေလုမတတ် တိုက်ခိုက်ခဲ့သည်။
ထို့အပြင်ပြိုင်ပွဲအမျိုးမျိုးတွင် ပါဝင်ပြီး သူ၏စွမ်းရည်များကို ထုတ်ပြကာ သူ၏ ဝှက်ဖဲများကို ချပြရသည်ကိုလည်း အလွန်နှစ်သက်သူ ဖြစ်သည်။
ယခုလည်း ဗီလိန်အသေးအဖွဲလေးဖြစ်သော ရှောင်ချန်ယွီက ထန်စန်းအတွက် ထင်ပေါ်စေမည့် အခွင့်အရေးကောင်းကြီးကို ပေးအပ်လိုက်သလို ဖြစ်နေသည်။
ဤပွဲကိုသူအနိုင်ရမည်မှာ သေချာနေသည်ဟုလည်း ထန်စန်း ခံစားနေရသည်။
အကြောင်းမှာသူသည် ယခုအခါ အဆင့် ၁၅ ဝိညာဉ်သခင် ဖြစ်နေပြီး သူ၏ ပထမဆုံးဝိညာဉ်ကွင်းမှာလည်း နှစ် ၄၀၀ သက်တမ်းရှိ အဝါရောင်ဝိညာဉ်ကွင်း ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အဆင့် ၁၁ သာရှိသော ရှောင်ချန်ယွီနှင့် ယှဉ်လျှင် မိုးနှင့်မြေလိုကွာခြားလေ၏။
ရှောင်ချန်ယွီသည် ထန်စန်း ဘာတွေးနေသည်ကို ကောင်းကောင်းသိသည်။ ဇာတ်လမ်းကို ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ထန်စန်းကို ကိုင်တွယ်ရန် နည်းလမ်းပေါင်းများစွာ သူ၏ စိတ်ထဲတွင် ရှိပြီးသားဖြစ်သည်။
ထန်စန်း၏ ရန်စမှုကို ရင်ဆိုင်ရင်း ရှောင်ချန်ယွီက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်မှာ။
“ထန်စန်း... မင်းက ဆင်းရဲသား ငနဲတစ်ယောက်ပဲ။ ဒီလို ခန်းမဆောင်ကြီးထဲမှာ ဒီလောက်အထိ လာရိုင်းစိုင်းရဲတယ်ပေါ့။”
“ငါ ဘယ်သူနဲ့ တွဲတွဲ မင်းကို ရှင်းပြနေစရာ မလိုဘူး။”
“ရှောင်ဝူနဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြိုက်နေကြတာ။ သူက ဘယ်တုန်းက မင်းရည်းစား ဖြစ်သွားတာလဲ။မင်း စကားပြောရင် နည်းနည်းတော့ လေးလေးစားစား ပြောစမ်းပါ။”
ရှောင်ချန်ယွီ ယခုအခါ အလွန်ယုံကြည်မှု ရှိနေသည်။ ဗီလိန်တန်ပြန်တိုက်စစ်စနစ်မှ ဆုလာဘ်များကို ရရှိထားသဖြင့် ထန်စန်းမှာ ဇာတ်လိုက်အရှိန်အဝါ ရှိနေစေကာမူ သူ ကြောက်စရာမလိုတော့ပေ။
အထူးသဖြင့်ရှောင်ဝူနှင့် ပတ်သက်လျှင် စနစ်ကပေးထားသည့် နှစ်သက်မှုအမှတ် +၁၀၀ အခြေခံရှိနေသဖြင့် ရှောင်ချန်ယွီ လုံးဝ မကြောက်တော့ပါ။
ဤစကားများကြောင့် ထန်စန်းမှာ ဒေါသထွက်လွန်း၍ တုန်ရင်နေတော့သည်။
“မမရှောင်ဝူက မင်းလို ကောင်မျိုးကို ကြိုက်ပါ့မလား။ စိတ်ကူးယဉ်မနေစမ်းနဲ့။”
ထန်စန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ရှောင်ချန်ယွီ၏ စကားများမှာ သူ၏ နားကို ညစ်ပတ်စေသည်ဟု ခံစားနေရသည်။
ထန်စန်း၏ စိတ်ထဲတွင် ရှောင်ဝူမှာ အလွန်မြင့်မြတ်သော နေရာတွင် ရှိနေပြီး သူမသည် သူ၏ နတ်သမီးလေးတစ်ပါးပင် ဖြစ်သည်။
ပုံမှန်အားဖြင့်ထန်စန်းနှင့် ရှောင်ဝူတို့မှာ နေ့တိုင်း အတူရှိနေကြသူများ ဖြစ်သည်။ တစ်လ နှစ်လလောက်သာ ရှိသေးသော်လည်း အချိန်အတော်ကြာ အတူရှိခဲ့သဖြင့် ရှောင်ဝူသည်လည်း သူ့အပေါ် ခံစားချက်ရှိရမည်ဟု သူယုံကြည်နေသည်။
ရှောင်ချန်ယွီကမူ...တစ်နေ့ကုန် သူတစ်ပါးကို အနိုင်ကျင့်နေသည့် လူလေလူလွင့် တစ်ယောက်သာ ဖြစ်သည်။
ရှောင်ဝူကဲ့သို့ထူးချွန်သော မိန်းကလေးက သူ့ကို မည်သို့လျှင် သဘောကျနိုင်ပါမည်နည်း။
“စိတ်လှုပ်ရှားစရာပဲ ဒါက တကယ့်ကို ပွဲကြီးပွဲကောင်းပဲဟေ့ ရှောင်ချန်ယွီရော ထန်စန်းရောက ရှောင်ဝူကို သူတို့ရည်းစားပါလို့ ပြောနေကြပြီ။”
“ဘယ်သူက အမှန်ပြောပြီး ဘယ်သူက လိမ်နေတာလဲ။ ဒီလို အလန်းစား ဒရာမာမျိုးကိုတော့ လက်လွှတ်မခံနိုင်ဘူး။”
“ကလေးတွေပဲ ရှိသေးတာကို စောစောစီးစီး ရည်းစားထားနေကြပြီလား။”
“ရှောင်ဝူက ရှောင်ချန်ယွီကို ကြိုက်မယ်မထင်ဘူး။ မမရှောင်ဝူက လှလည်းလှ။တော်လည်းတော်တာ။ ရှောင်ချန်ယွီကတော့ အပျော်အပါးမက်တဲ့ကောင်သက်သက်ပဲ။”
“ဒါပေမယ့် ရှောင်ချန်ယွီက မြို့စားသားလေ။ ဒီထန်စန်းက ပိုမဆိုးဘူးလား။ သူ့အဝတ်အစားတွေကိုကြည့်ဦး စုတ်ပြတ်နေတာပဲ။ ထန်စန်းနောက်လိုက်ရင်တော့ သုံးရက်ကို ကိုးနပ်လောက် ငတ်နေရမှာသေချာတယ်။”
“ဒါပေမယ့် ထန်စန်းက အလားအလာရှိတယ်လေ။ ဝိညာဉ်သခင်တစ်ယောက်အနေနဲ့ သူ့ပါရမီက တော်တော်ကောင်းတယ်။”
“ဝိညာဉ်သခင်ပါရမီက ထမင်းစားလို့ ရလို့လား။ ဘာပဲဖြစ်ဖြစ် ငါဆိုရင်တော့ ရှောင်ချန်ယွီကိုပဲ ရွေးမှာပဲ။”
“မြစ်တစ်ဖက်ကမ်းက နှစ် ၃၀။ဟိုဘက်ကမ်းက နှစ် ၃၀ တဲ့။ ဆင်းရဲတဲ့ လူငယ်ကို အထင်မသေးနဲ့။ ထန်စန်းကမှ တကယ့် အနာဂတ်ရှိတဲ့ လူငယ်တစ်ယောက်ပဲ။”
“တော်ကြစမ်းပါ။ မမရှောင်ဝူ ကိုယ်တိုင်လာပြီး ဘယ်သူ့ဘက်ကလဲဆိုတာ ပြောလိုက်ရင် သိရမှာပဲ မဟုတ်လား။”
ရှောင်ချန်ယွီနှင့် ထန်စန်းတို့က ရှောင်ဝူ၏ နာမည်ကို ပြောလိုက်သည်နှင့် နော့တင်းအကယ်ဒမီမှ ကျောင်းသားများအားလုံး အတင်းအဖျင်း ပြောချင်စိတ်များဖြင့် မျက်လုံးများ တောက်ပြောင်လာကြလေသည်။
ရှောင်ဝူသည်အကယ်ဒမီတွင် အတော်လေး နာမည်ကြီးသူဖြစ်သည်။ ဝိညာဉ်ကုန်းမြေ၏ မင်းသမီးဖြစ်သည့်အတိုင်း သူမသည် လှပလွန်းသဖြင့် လူအများ၏ အာရုံစိုက်ခြင်းကို ခံရသည်။
သာမန်ထက် ပို၍ အာရုံစိုက်ခံရသည့်အချက်မှာ ရှောင်ဝူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့မခန်း ဖြစ်နေခြင်းပင် ဖြစ်သည်။
နော့တင်းအကယ်ဒမီတွင်သူမသည် ကျောင်းသားအားလုံးကို သူမ၏ သံလက်သီးဖြင့် ဆုံးမထားရာ စီနီယာကျောင်းသား အများအပြားပင် သူမကို မမရှောင်ဝူဟု ရိုရိုသေသေ ခေါ်ကြရသည်။
ယောက်ျားလေးအများစုမှာလည်း ထိုကဲ့သို့ ထူးချွန်သော မိန်းကလေးကို ပိုးပန်းရန် မဝံ့မရဲ ဖြစ်နေကြသည်။
ယခုမူလူနှစ်ယောက်က ရှောင်ဝူမှာ သူတို့ရည်းစားပါဟု ရှေ့ထွက်ပြောလာကြလေပြီဖြစ်၏။
“ဟိုမှာမမရှောင်ဝူ လာနေပြီ။”
“မမရှောင်ဝူ အခုပဲ ရောက်လာပြီ။ သူမ ဘာပြောမလဲဆိုတာ မေးကြည့်ရအောင်။”
“အခြေအနေတွေက ပိုပြင်းထန်လာပြီဟေ့။”
ခန်းမဆောင်ထဲသို့ ပန်းရောင်ဝတ်စုံရှည် ဝတ်ဆင်ထားပြီး လှပကျော့ရှင်းသော မိန်းကလေးတစ်ဦး လမ်းလျှောက်ဝင်လာသည်။
တောက်ပသောမျက်ဝန်းများနှင့် ဖြူစင်သော သွားလေးများ ရှိသည့် ထိုမိန်းကလေးမှာ ထန်စန်းပြောနေသော ရှောင်ဝူပင် ဖြစ်သည်။
ထန်စန်း၏ အကြည့်များမှာ မျှော်လင့်ချက်အပြည့်ဖြင့် ရှောင်ဝူထံသို့ ကျရောက်သွားသည်။
“ရှောင်ချန်ယွီ။မင်းလို အရှက်မရှိတဲ့လူယုတ်မာပဲ။ အခု မမရှောင်ဝူ ရောက်လာပြီဆိုတော့ မင်း ဘယ်လိုများ ဆင်ခြေပေးဦးမလဲ ကြည့်ကြသေးတာပေါ့။”
သို့သော်လည်း...
ရှောင်ဝူ၏ မျက်လုံးထဲတွင် အေးစက်မှုများ ဖြတ်ပြေးသွားပြီး သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်မှာ...
“ထန်စန်း... ငါ့ဆီ နောက်ထပ် လာမရှာနဲ့တော့။ သခင်လေးရှောင် အထင်လွဲသွားမှာ ငါစိုးရိမ်လို့ပါ။”
ပြောပြီးသည်နှင့် ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးမှာ ရှောင်ချန်ယွီ၏ ဘေးသို့ လျှောက်သွားကာ သူ၏ လက်မောင်းကို တွဲလိုက်သည်။
အထိအတွေ့၏ နူးညံ့မှုကြောင့် ရှောင်ချန်ယွီ၏ ရင်ခုန်သံများမှာ မြန်ဆန်လာတော့သည်။ သူက ကျေနပ်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး မိန်းကလေး၏ မေးစေ့ကို အသာမကာ အေးအေးဆေးဆေး ပြောလိုက်သည်မှာ...
“အရမ်းလှတာပဲ။”
‘ဒီမိန်းကလေးက တကယ့်ကို လိမ္မာပါးနပ်တာပဲ။’
‘ဗီလိန်တစ်ယောက်အနေနဲ့ ဇာတ်လိုက်ရဲ့ မိန်းကလေးကို ဒီလိုမျိုး ထိတွေ့ရတာ တကယ့်ကို ရင်ခုန်ဖို့ကောင်းတဲ့ ခံစားချက်ပါပဲ။’
အကယ်၍ ဗီလိန်တန်ပြန်တိုက်စစ်စနစ်နှင့် စစချင်းလက်မှတ်ထိုးဝင် လိုက်စဉ်က ရခဲ့သည့် ရှောင်ဝူ၏ နှစ်သက်မှုသာ မရှိလျှင် သူမက သူ၏ရင်ခွင်ထဲသို့ ယခုကဲ့သို့ ကိုယ့်ဘသဘောနှင့်ကိုယ် ရောက်လာပါမည်လော။
သို့သော်လည်း ရှောင်ချန်ယွီအနေဖြင့် ရှောင်ဝူမှာ ထန်စန်းနောက် မလိုက်ခြင်းမှာ သူမအတွက် ကောင်းသောအချက်ဟု ခံစားမိသည်။
မူလဇာတ်လမ်းတွင်ထန်စန်းနောက်လိုက်ခြင်းမှာ သုံးရက်ကို ကိုးနပ် ငတ်နေရသလိုပင်။ ရှောင်ဝူက အဝတ်အစားဝယ်ချင်လျှင်ပင် ထန်ဆန်းမှာ ပိုက်ဆံမထုတ်ပေးနိုင်ဘဲ သူတို့၏ဘဝမှာ အလွန်ကျပ်တည်းခဲ့လေသည်။
ရှောင်ဝူမှာအနှစ်တစ်သိန်း ဝိညာဉ်သားရဲဖြစ်သဖြင့် ရုပ်ဝတ္ထုပစ္စည်းများအပေါ် မက်မောမှု မရှိစေကာမူ အဆင့်မြင့်လာသည့်အခါတွင်လည်း သူမသည် ထန်စန်းအတွက် တိုက်ခိုက်ပေးခဲ့ရရုံသာမက သူ၏ ဝိညာဉ်ကွင်းဖြစ်လာရန်အတွက် မိမိကိုယ်ကိုယ်ပင် စတေးခဲ့ရသေးသည်။
ရှောင်ဝူ၏ ကိုယ်ပိုင်အစွမ်းမှာ မနိမ့်လှသော်လည်း နောက်ဆုံးတွင် သူမသည် နတ်ဘုရား မဖြစ်နိုင်ခဲ့ပေ။
နင်ရုံရုံတောင်မှအော်စကာ ကြောင့် နတ်ဘုရား ဖြစ်ခွင့်ရခဲ့သော်လည်း ရှောင်ဝူမှာမူ ထန်စန်း၏ အသုံးအဆောင်တစ်ခုအဖြစ်သာ ရှိနေခဲ့ပြီး အသူရာနတ်ဘုရား ၏ ဓားအိမ်အဖြစ်သာ အလျှော့ချခံခဲ့ရသည်။
ထန်စန်းမှလွဲ၍ သူမ ဘာမှမရခဲ့သလိုပင်။ လှပသော မမရှောင်ဝူ မှာ လိမ္မာယဉ်ကျေးသော ဇနီးသည်နှင့် မိခင်တစ်ဦးအဖြစ်သာ ဘဝကို အဆုံးသတ်ခဲ့ရသည်။
ကိုယ်ပိုင်အတွေးအခေါ်မရှိသည့် အသုံးချခံ ယုန်ကလေးတစ်ကောင်သာ ဖြစ်ခဲ့ရသည်။
ရှောင်ချန်ယွီ၏ ဤကဲ့သို့ ထိတွေ့မှုကို ခံလိုက်ရသဖြင့် ရှောင်ဝူ၏ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းသွားသည်။
လူပုံအလယ်တွင်သူမ ဘာကြောင့် ဤကဲ့သို့ ပြုမူခဲ့မိသည်ကို သူမကိုယ်တိုင် မသိသော်လည်း ဤယောက်ျား၏ ရင်ခွင်မှာ အလွန်နွေးထွေးသည်ဟုသာ သူမ ခံစားနေရသည်။
“ရှောင်ဝူ။ မင်း ဘယ်လိုလုပ်ပြီး ဒီလိုလုပ်နိုင်ရတာလဲ။”
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် ထန်စန်းမှာ ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားရလေပြီ။
ထန်စန်းသည်နော့တင်းအကယ်ဒမီသို့ စဝင်ကတည်းက ရှောင်ဝူကို သဘောကျခဲ့ခြင်း ဖြစ်သည်။ သူမ၏ လှပမှုနှင့် တက်ကြွမှုတို့မှာ သူ၏ မျိုးရိုးဗီဇကို နိုးကြားလာစေခဲ့သည်။
သို့သော်...
ရှောင်ဝူမှာ သူ၏အပိုင်ဖြစ်နေပြီဟု ထန်စန်း ထင်နေချိန် ရှောင်ချန်ယွီ၏ မျက်နှာကို ဖြတ်ရိုက်ပြီး မင်းသမီးလေးကို ကယ်တင်မည့် သူရဲကောင်းအဖြစ် ဟန်ရေးပြင်နေချိန်တွင်မှ ရှောင်ဝူက သူမသည် ရှောင်ချန်ယွီ၏ အပိုင်ဖြစ်ကြောင်း လူပုံအလယ်တွင် ကြေညာလိုက်လေပြီ။
‘ငါက တကယ်ပဲ သောက်ပေါကြီးဖြစ်သွားတာလား။’