အခန်း ၄
Vol. 1 Ch. 4
အခန်း (၄) - ထန်စန်း စတင်ဟန်ရေးပြခြင်း။
‘နောက်ဆုံးတော့ ဒီတိုက်ပွဲဆီကိုပဲ ပြန်ရောက်သွားတာပဲ။’
ထန်စန်းက စိန်ခေါ်လိုက်သည့်အခိုက်တွင် ခန်းမဆောင်ကြီးအတွင်းရှိ လေထုမှာ ချက်ချင်းပင် အရှိန်မြင့်တက်လာတော့သည်။
“ထန်စန်းရဲ့ အစွမ်းကို လျှော့တွက်လို့မရဘူး။ သူက မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝရှိတာတင်မကဘူး။ သူ့ရဲ့ ပထမဆုံး ဝိညာဉ်ကွင်းက အနှစ်လေးရာသက်တမ်းရှိတဲ့ မြွေ ဆီက ရထားတာလို့ ကြားတယ်။”
“ရှောင်ချန်ယွီက ရုပ်ချောပြီး ရှောင်ဝူရဲ့စိတ်ကို ရအောင်ယူနိုင်ပေမယ့် သူ့ရဲ့အစွမ်းကတော့ သိပ်ရှိလှပုံမရဘူး။”
“ရှောင်ချန်ယွီက စီနီယာကျောင်းသား ဖြစ်နိုင်ပေမယ့် အခုထိ အဆင့် ၁၁ ပဲ ရှိသေးပြီး ဝိညာဉ်ကွင်းကလည်း အညံ့စားလို့ ကြားတယ်။ သူတော့ သွားပြီ ထင်တယ်။”
“ရှောင်ချန်ယွီက ထန်စန်းကို ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး။”
ရောက်ရှိနေကြသည့် လူအုပ်ကြီးမှာ ရှောင်ချန်ယွီကို အရင်ကအတိုင်းပင် ထင်မှတ်နေကြဆဲဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် သူ့အပေါ် ယုံကြည်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုနေကြလေသည်။
ဝိညာဉ်ကုန်းမြေကြီး၏ သတ်မှတ်ချက်အရ ထန်စန်းသည် မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်အဝ ပိုင်ဆိုင်ထားသူဖြစ်ပေသည်။
ဤကဲ့သို့သောခန္ဓာကိုယ်ဖွဲ့စည်းပုံဖြင့် သူသည် အစောပိုင်းအဆင့်များတွင် သာမန်ဝိညာဉ်သခင်များထက် အများကြီး သာလွန်နေပြီးသားဖြစ်သည်။
သာမန်ဝိညာဉ်သခင်များထက်ကျင့်ကြံမှုနှုန်း ပိုမြန်သည့်အပြင် ထန်စန်းတွင် ကိုယ်ပိုင် လျှို့ဝှက်ကျင့်စဉ်များလည်းရှိနေသဖြင့် သူ၏အရှိန်မှာ ပို၍ပင် မြန်ဆန်နေခြင်းဖြစ်သည်။
အကယ်၍ ရှောင်ချန်ယွီသာ စနစ်၏အကူညီဖြင့် ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ်ကိုသာ မနိုးထနိုင်ခဲ့လျှင် သူသည် တစ်သက်လုံး ထန်ဆန်းကို ယှဉ်နိုင်မည် မဟုတ်ပေ။
“ငါက ဘာလို့ မင်းနဲ့ တိုက်နေရမှာလဲ။ ငါ့မှာ ဒါထက် အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ်။”
ထန်စန်း၏ ရန်စမှုကို ရင်ဆိုင်ရင်း ရှောင်ချန်ယွီက ရှောင်ဝူ၏ ခါးလေးကို ဖက်ထားကာ ရယ်မောလိုက်လေသည်။
သူသည်ဇာတ်လမ်းကို ကောင်းကောင်းသိသည့်အပြင် လက်ထဲတွင်လည်း ဗီလိန်တန်ပြန်တိုက်စစ်စနစ် ရှိနေရာ ထန်စန်းလေးကို အဘယ်ကြောင့် ကြောက်နေရပါမည်နည်း။
ရှောင်ဝူ၏ မျက်နှာမှာ နီမြန်းသွားပြီး နားရွက်ဖျားလေးများပင် ပူထူလာတော့သည်။ သို့သော် သူမ ဘာမှပြန်မပြောဘဲ ရှက်ကိုးရှက်ကန်းဖြင့်သာ ခေါင်းငုံ့နေမိသည်။
ဤမြင်ကွင်းမှာအခြား နော့တင်းအကယ်ဒမီ ကျောင်းသားများ၏ ရင်ကို ကွဲကြေစေလေသည်။ သူတို့၏ နတ်သမီးလေးကို အလုခံရရုံတင်မကဘဲ လူပုံအလယ်တွင် ယုယပြနေသည်ကို မြင်နေရသည် မဟုတ်ပါလား။
“ထန်စန်း... နင်တကယ်တိုက်ချင်တယ်ဆိုရင် ငါပဲ နင်နဲ့ အဖော်လုပ်ပေးရမလား။”
နှစ်သက်မှုအဆင့် အမြင့်ဆုံးဖြစ်နေသည့် အရှိန်အဝါအောက်တွင် ရှောင်ဝူ လုပ်သမျှအရာအားလုံးမှာ ရှောင်ချန်ယွီ၏ ဘက်တော်သားအဖြစ်သာ ဖြစ်သည်။
ရှောင်ဝူ၏ ကိုယ်ပိုင်အစွမ်းမှာ မနိမ့်လှပေ။ အပြင်ပန်းတွင် သူမ၏ ဝိညာဉ်စွမ်းအားမှာ ထန်ဆန်းနှင့် တူညီနေသော်လည်း အမှန်တကယ်တွင်မူ သူမ၏ အစောပိုင်း တိုက်ခိုက်ရေးစွမ်းရည်မှာ ထန်စန်းထက် အများကြီး သာလွန်နေပါသည်။
ရှောင်ဝူသည် လူ့လောကသို့ ဝင်ရောက်ရန် လူသားအသွင် ဖန်တီးထားသည့် အနှစ်တစ်သိန်း ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်သည်။
အပြင်ပန်းတွင်လူသားများနှင့် တူညီနေစေကာမူ သူမ နှစ်ပေါင်း တစ်သိန်းလုံး စုဆောင်းထားသည့် ဝိညာဉ်စွမ်းအား အနည်းငယ်ကို ထုတ်သုံးလိုက်ရုံနှင့် လူအများအပြားကို ခြေမှုန်းရန် လုံလောက်လှသည်။
【တိန် ကောင်းကင်ဘုံရွေးချယ်ခံရသူအား စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိုးနှက်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ် +၁၀၀ ရရှိပါသည်】
“အရေးကြီးတဲ့ ကိစ္စတွေ ရှိသေးတယ် ဟုတ်လား။ မင်းကများ။”
ထန်စန်းသည် ဒေါသထွက်လွန်း၍ မျက်နှာကြီး တစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်နေရလေပြီ။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားများမှာပင် ဒေါသကြောင့် အစိမ်းရောင် သန်းချင်နေသည်။
ထန်စန်းသည်သူ၏ ခေါင်းပေါ်ရှိ ဆံပင်များအစိမ်းရောင် သန်းနေသကဲ့သို့ခံစားနေရသည်။ သူ၏ ဝိညာဉ်ဖြစ်သော ငွေပြာမြက်ပင်လျှင် သူ၏ ဒေါသကြောင့် စိမ်းစိမ်းမြက်ဖြစ်တော့မည့်အလားပင်။
“မင်း လွန်လာပြီ ရှောင်ချန်ယွီ... မင်းက မိန်းကလေးရဲ့ အနောက်မှာပဲ ပုန်းနေတတ်တာလား။”
ထန်စန်း အလွန်စိတ်ပျက်နေသော်လည်း ဘာမှမတတ်နိုင်ပေ။ လက်ရှိအချိန်တွင် သူသည် ရှောင်ဝူကို မနိုင်သေးပေ။
ထို့ပြင်ရှောင်ဝူနှင့် တကယ်တိုက်ရမည်ဆိုလျှင်လည်း သူမကို လက်ဖျားနှင့် မတို့ရက်သည့်အပြင် အနိုင်ရသွားလျှင်တောင် သူ့အတွက် ဘာမှ အကျိုးကျေးဇူး မရှိပေ။
‘ဒီမုန်းစရာကောင်းတဲ့ လူလေလူလွင့် ရှောင်ချန်ယွီ... ငါ မင်းနဲ့ တစ်သက်မကြေဘူး။’
“မင်းက သေချင်ဇောနဲ့ လာရှာနေမှတော့... ငါကလည်း မင်းဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့။”
ထန်စန်း၏ စိတ်ဓာတ်ကို အနည်းငယ် ကစားပြီးနောက် ရှောင်ချန်ယွီသည် အေးစက်စွာ ရယ်မောရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
‘ဘာလဲ.. ထန်စန်း မင်းကငါ့ကို အရင်လိုအနိုင်ကျင့်လို့ ရမယ့်သူလို့ တကယ် ထင်နေတာလား။’
လက်ဝှေ့ကွင်းပေါ်တွင် ရှောင်ချန်ယွီနှင့် ထန်စန်းတို့ ထိပ်တိုက် ရင်ဆိုင်နေကြသည်။
နော့တင်းအကယ်ဒမီတွင်ကျောင်းသားများ အချင်းချင်း တိုက်ခိုက်ခြင်းကို အားပေးထားသည်။ ကျောင်းသားများကြား ပဋိပက္ခဖြစ်လျှင် လက်ဝှေ့ကွင်းပေါ်တွင် ဖြေရှင်းရန် ရွေးချယ်နိုင်ပေသည်။
ဇာတ်လမ်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာပြီ။
“ထွက်လာစမ်း...ငွေပြာမြက်။”
တစ်ချိန်တည်းမှာပင် ထန်စန်း၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
သူ၏ တစ်ကိုယ်လုံးမှာ ရွှေဖြင့် သွန်းလုပ်ထားသကဲ့သို့ ဖြစ်နေပြီး သူ၏ အရှိန်အဝါမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။
အစိမ်းရောင်အနည်းငယ် သန်းနေသည့် အပြာရောင် မြက်ပင်တစ်ပင် လူတိုင်းရှေ့တွင် ပေါ်လာသည်။
ငွေပြာမြက်မှာ မူလက အပြာရောင်သာ ဖြစ်သော်လည်း ပထမဆုံး ဝိညာဉ်ကွင်း ဖြစ်သည့် မန့်ထော်လောမြွေ၏ ဝိညာဉ်စွမ်းအားကို စုပ်ယူထားသဖြင့် ယခုအခါ အဆိပ်အတောက် အနည်းငယ် ပါဝင်လာပြီး အစိမ်းရောင်သို့ ပြောင်းလဲချင်သည့် လက္ခဏာကို ဆောင်နေသည်။
နော့တင်းအကယ်ဒမီမှ ပရိသတ်များမှာ ဤမြင်ကွင်းကို ကြည့်ပြီး အသက်ရှူပင် မှားသွားကြရသည်။
“ဘာလဲ။ ထန်စန်းရဲ့ ငွေပြာမြက်က အညံ့စား ဝိညာဉ် မဟုတ်ဘူးလား။ ဒါပေမယ့် ဒီမြက်ပင်ကို ကြည့်ရတာကိုင်တွယ်ရ လွယ်မယ့်ပုံ မပေါ်ဘူး။”
“အဆိပ်ပါတဲ့ ငွေပြာမြက် ဒီဝိညာဉ်က အခုတော့ တိုက်ခိုက်ရေးစွမ်းရည် ရှိလာပြီပေါ့။”
“ဒီထန်စန်းက တကယ့်ကို ထူးခြားတာပဲ။ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိတဲ့သူဆိုတော့ သူ့ဝိညာဉ်က ဘယ်လိုလုပ် သာမန်ဖြစ်ပါ့မလဲ။ ဒီအဆိပ်ပါတဲ့ မြက်က ရှောင်ချန်ယွီရဲ့ ဝံပုလွေဝိညာဉ်ကို သဘာဝအတိုင်း ပြန်နှိမ်နိုင်တယ်။”
“မမေးနဲ့ မေးရင် အဖြေက ကံကောင်းလို့ ရလာတာ ပဲ။”
“ဒါပေမယ့် ရှောင်ချန်ယွီတော့ အန္တရာယ်ရှိပြီ။သူ့အစွမ်းက ထန်စန်းကို ဘယ်လိုမှ မမှီနိုင်ဘူး။”
အမှန်စင်စစ် နော့တင်းအကယ်ဒမီမှ သာမန်ကျောင်းသားများ၏ အမြင်တွင် ထန်စန်းမှာ အားအင်အပြည့်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။
မိမိ၏ ဇနီးလောင်းကို အလုခံလိုက်ရသည့် နာကျည်းချက်နှင့်အတူ ယခုတစ်ကြိမ် သူထုတ်ဖော်လိုက်သည့် အစွမ်းမှာ အလွန်ပင် တုန်လှုပ်စရာ ကောင်းလှသည်။
အဆင့် ၁၅ ဝိညာဉ်သခင် တစ်ဦး၏ ကျင့်ကြံမှုနှင့်အတူ ငွေပြာမြက်၏ ထူးခြားသော စွမ်းရည်များကို ရုတ်တရက် ထုတ်ပြလိုက်ခြင်းမှာ လူအများအပြားကို အံ့အားသင့်စေခဲ့သည်။
နော့တင်းအကယ်ဒမီရှိကျောင်းသား အတော်များများမှာ အဆင့် ၁၀ ပင် မရောက်သေးသည့် အခြေအနေတွင် ထန်စန်း၏ ကျင့်ကြံမှုမှာ ပါရမီရှင်တစ်ဦးဟု သတ်မှတ်၍ ရနေပြီဖြစ်သည်။
“ဒါ ငါသိတဲ့ ထန်စန်း ဟုတ်ရဲ့လား။”
ဘေးနားမှ ရှောင်ဝူ၏ စိတ်ထဲတွင်လည်း ဝေခွဲမရ ဖြစ်နေသည်။ ရှောင်ဝူသည် ရှောင်ချန်ယွီကို နှစ်သက်မှုအဆင့်ကြောင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း သူမ၏ စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်ကွယ်သွားခြင်း မဟုတ်ပေ။ ဤထန်စန်းသည် တကယ်ပင် လျင်မြန်စွာ ကြီးထွားလာနေသည်။
ဝိညာဉ်သားရဲ တစ်ကောင်အနေဖြင့် အသိဉာဏ်ပွင့်ရန် နှစ်ပေါင်း တစ်သိန်း ကြာသော်လည်း လူသား ဝိညာဉ်သခင်များ၏ ကျင့်ကြံမှု အရှိန်မှာ ဝိညာဉ်သားရဲများနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် မြန်ဆန်လှသည်။
ထန်စန်း၏ အရှိန်မှာ လူသားများကြားတွင်ပင် ထူးထူးခြားခြား ဖြစ်နေလေသည်။
‘ဒီလိုဆိုရင် ရှောင်ချန်ယွီ အန္တရာယ်ရှိနိုင်မှာလား။’
သူမရှောင်ချန်ယွီအတွက် စိုးရိမ်မကင်း ဖြစ်လာတော့သည်။ ဘာပဲဖြစ်ဖြစ် လူပုံအလယ်တွင် ရှောင်ချန်ယွီဘက်မှ ရပ်တည်ခဲ့သဖြင့် သူမသည် ထန်စန်းကို အကြီးအကျယ် စော်ကားခဲ့ပြီးသား ဖြစ်သည်။
အကယ်၍ ထန်စန်းသာ အာဏာရလာလျှင် သူမ၏ အခြေအနေမှာ အလွန် အကျပ်ရိုက်ပေလိမ့်မည်။
ပတ်ဝန်းကျင်မှ ဝေဖန်သံများကို ကြားလိုက်ရသဖြင့် ထန်စန်းမှာ မာန်တက်လာကာ။
“ရှောင်ချန်ယွီ... မင်း ဘယ်လောက်ပဲ ပြောပြော အပိုပဲ။ သန်မာတဲ့သူပဲ စကားပြောခွင့်ရှိတာ။ ဒါမျိုး ဖြစ်လာမယ်လို့ မင်း လုံးဝ မထင်ထားဘူး မဟုတ်လား။”
ထိုစကားကို ကြားသောအခါ ရှောင်ချန်ယွီက ခေါင်းခါလိုက်ပြီး။
“သေးလွန်းသေးတယ်။ မင်းရဲ့ အမြင်ကအရမ်း သေးလွန်းတယ်။ ငါက မင်းရဲ့ အစွမ်းကို သိရုံတင် မဟုတ်ဘူး။ မင်းမှာ ဘာဝှက်ဖဲတွေ ရှိနေလဲဆိုတာကိုပါ ငါကအကုန် သိပြီးသား။”
ပြောပြီးသည်နှင့် သူ၏ စိတ်ကူးနှင့်အတူ ထန်စန်းထက် ပိုမိုအားကောင်းသော အရှိန်အဝါတစ်ခုမှာ ကောင်းကင်သို့ ထိုးတက်သွားလေတော့သည်။
“ဒါဘာဖြစ်တာလဲ။”
“ဒီကောင့်ရဲ့ အရှိန်အဝါက... အရမ်း အားကောင်းတာပဲ။”
“သူက ဘယ်သူမို့လို့ ဒီလောက်အထိ ဖုံးကွယ်ထားနိုင်ရတာလဲ။”
ရှောင်ချန်ယွီကို ကြည့်ရင်း ထန်စန်း၏ မျက်ဆန်များမှာ သိသိသာသာ ကျုံ့သွားရသည်။
ဤအခိုက်အတန့်တွင်ထန်စန်း၏ စိတ်ထဲ၌ ထိတ်လန့်မှု အနည်းငယ် ဖြစ်ပေါ်လာသည်။ ရှောင်ချန်ယွီထံမှ ဖိအားတစ်ခုကို သူ ခံစားလိုက်ရသည်။
ရှေ့တွင်ကျော်လွှား၍ မရနိုင်သော တောင်ကြီးတစ်လုံး ရှိနေသကဲ့သို့ ခံစားချက်မျိုးပင်။ ဤသည်မှာ ထန်စန်း တစ်ခါမှ မကြုံဖူးသည့် ခံစားချက်မျိုး ဖြစ်သည်။
ရှောင်ချန်ယွီ၏ အစွမ်းမှာ အဆင့် ၁၅ ဝိညာဉ်သခင်ထက်ပင် ကျော်လွန်နေသည်မှာ အသေအချာပင် ဖြစ်လေသည်။