အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) - သောက်ပေါက ငါကိုယ်တိုင် ဖြစ်နေတာပဲ။
“တစ်ခုခုတော့ မှားနေပြီ။ ရှောင်ချန်ယွီက ပိုပြီးတောင် အစွမ်းထက်လာသလိုပဲ နေဦး... သူက အဆင့် ၁၉ တောင် ရောက်နေတာလား။ ရှောင်ချန်ယွီက တစ်ချိန်လုံး သူ့အစွမ်းကို ဖုံးကွယ်ထားတာ ဖြစ်ရမယ်။”
ရှောင်ချန်ယွီထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို တစ်စုံတစ်ယောက်က မှတ်မိသွားပြီး အံ့အားသင့်တကြီး အော်ဟစ်လိုက်မိသည်။
ရှောင်ချန်ယွီမှာငယ်ရွယ်သော်လည်း သူ၏ ထွက်ပေါ်လာသော အရှိန်အဝါမှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိပြီး ထည်ဝါခန့်ညားသော အရှိန်အဝါမျိုး ဖြစ်နေသည်။
ဤဖိအားကြောင့်ကျင့်ကြံမှုနိမ့်သော တပည့်အတော်များများမှာ ခြေထောက်များပင် တုန်ရင်လာကြရသည်။
နော့တင်းအကယ်ဒမီမှ ကျောင်းသားအများအပြား၏ မျက်လုံးထဲတွင်လည်း အထင်ကြီးလေးစားမှုများ ထင်ဟပ်လာသည်။
အဆင့်၁၅ ရှိသော ထန်စန်းကို ပါရမီရှင်အသေးစားဟု သတ်မှတ်နိုင်လျှင် ယခု အဆင့် ၁၉ ရှိသော ရှောင်ချန်ယွီကိုမူ ကောင်းကင်ဘုံ၏ ချီးမြှောက်ခြင်းခံရသူ ဟုပင် ချဲ့ကားပြောစရာမလိုဘဲ ခေါ်ဆိုနိုင်လေပြီ။
ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို နိုးထစေခဲ့ပြီးနောက် ရှောင်ချန်ယွီ၏ ဝိညာဉ်စွမ်းအားမှာ သဘာဝအလျောက် အဆင့် ၁၉ သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
ရှေးဟောင်းမြင့်မြတ် ခန္ဓာကိုယ်ဟူသည်မှာ ကျင့်ကြံရန်အတွက် အရင်းအမြစ် အမြောက်အမြား လိုအပ်သည့် ခန္ဓာကိုယ်မျိုး ဖြစ်သည်။
သို့သော်မည်သည့် ကျင့်ကြံမှုမှ မရှိသေးသည့်တိုင် ဤခန္ဓာကိုယ်၏ မူလအခြေခံ အုတ်မြစ်တစ်ခုတည်းနှင့်ပင် ရှောင်ချန်ယွီကို ယခုကဲ့သို့ အစွမ်းမျိုး ပိုင်ဆိုင်စေခြင်း ဖြစ်သည်။
ထို့အပြင် ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်သည် တိုက်စစ်ရော ခံစစ်မှာပါ အဆင့်တူပြိုင်ဘက်အားလုံးကို အပြတ်အသတ် ခြေမှုန်းနိုင်သည်။ ဝိညာဉ်ကုန်းမြေတွင်မူ ၎င်းသည် လုံးဝကို သောင်းကျန်းနိုင်သည့် အစွမ်းပင် ဖြစ်သည်။
လူတိုင်းသိသည့်အတိုင်းဝိညာဉ်သခင် ကျင့်ကြံမှုတွင် အတားအဆီးများ ရှိတတ်သည်။ ပါရမီ အလွန်ထူးချွန်သူများပင်လျှင် တစ်ဆင့်တက်ရန်အတွက် ကံကောင်းမှုမရှိပါက တစ်နှစ် နှစ်နှစ်ခန့် ပင်ပင်ပန်းပန်း ကြိုးစားကြရစမြဲ ဖြစ်သည်။
သို့သော် ရှောင်ချန်ယွီမှာမူ ယခုအချိန်တွင် အဆင့် ၁၉ သို့ ရောက်ရှိနေလေပြီဖြစ်၏။ သူ၏ အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေသည်ဟု ဆိုရမည်။ ရှောင်ချန်ယွီသည် အပြင်ပန်းတွင် မြင်ရသလောက် ရိုးရှင်းသူတစ်ယောက် မဟုတ်သည်မှာ သေချာသည်။
ရှောင်ဝူ၏ မျက်လုံးထဲတွင်လည်း ဝမ်းသာရိပ်များ လှိုက်တက်လာသည်။ သူမက ထန်စန်းကို မထီမဲ့မြင်ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“အောင်မြင်မှုလေး နည်းနည်းရရုံနဲ့ မောက်မာတတ်တဲ့ လူတွေလည်း ရှိသေးတာပဲ။ အဆင့် ၁၅ လေးနဲ့ ငွေပြာမြက်လေးနဲ့ကများ အစ်ကိုချန်ယွီရှေ့မှာ လာပြီး ရိုင်းစိုင်းရဲသေးတယ်။”
“အိမ်ပြန်ပြီး မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ် အရင်ပြန်ကြည့်ဦး။ ဘာမှလည်း မရှိဘဲနဲ့ ဆံပင်ထဲမှာ ကြက်သွန်မြိတ်လေးတွေ ထိုးပြီး ဆရာကြီး လာမလုပ်နဲ့ဦး။”
【တိန် ကောင်းကင်ဘုံရွေးချယ်ခံရသူအား စိတ်ပိုင်းဆိုင်ရာ အပြင်းအထန် ထိုးနှက်နိုင်သည့်အတွက် ဂုဏ်ယူပါသည်။ ကံကောင်းခြင်းအမှတ် ၁၀၀ ရရှိပါသည်။】
နော့တင်းအကယ်ဒမီမှ တပည့်အများအပြားကလည်း ထိုစကားကို ထောက်ခံကြသည်။
“ငါတို့ရဲ့ ရှောင်ချန်ယွီက ဒီလောက်ငယ်ငယ်လေးနဲ့ အဆင့် ၁၉ တောင် ရောက်နေတာတောင် ဘယ်တော့မှ မကြွားဘဲ အနေအေးခဲ့တာ။ ဒီထန်စန်းနဲ့ယှဉ်ရင် သူက တကယ့်ကို နှိမ့်ချတတ်တာပဲ။ လူနေမှုပုံစံချင်း ယှဉ်ရင်တောင် တစ်ဖက်လူကို အပြတ်အသတ် နိုင်တယ်။”
မူလက ဤထန်စန်းမှာ အမှိုက်တစ်စသာ ဖြစ်ကြောင်း။မည်သည့် ကံကောင်းမှုကြောင့် အဆင့် ၁၅ သို့ ရောက်သွားသည်မသိဘဲ လူချမ်းသာအသစ် တစ်ယောက်လို စတိုင်ထုတ်နေခြင်းဖြစ်ကြောင်း သူသည် ရှောင်ချန်ယွီနှင့် မည်သို့မှ မနှိုင်းယှဉ်နိုင်ကြောင်း စသည်ဖြင့် ဝိုင်းအုံ ပြောဆိုနေကြတော့သည်။
“ဒီထန်စန်းက တကယ့်ကို အားနည်းတာပဲ။ရှေးဟောင်း မြင့်မြတ်ဘခန္ဓာကိုယ် နိုးထလာတာနဲ့ အဆင့်ဖိနှိပ်မှုလေး နည်းနည်းလုပ်လိုက်ရုံပဲ ရှိသေးတယ် သူက ဒီလောက်အထိ ပြိုလဲသွားရတာလား။”
ရှောင်ချန်ယွီသည်လည်း သူ၏ ကံကောင်းခြင်းအမှတ်များ တစ်ရိပ်ရိပ် တက်လာသည်ကို ကြည့်ပြီး စိတ်ထဲမှ ကျေနပ်နေမိသည်။ တစ်ချိန်တည်းမှာပင် ထန်စန်း၏ ခန္ဓာကိုယ်ပေါ်မှ ကံကောင်းခြင်းအလင်းတန်းမှာ ပို၍ မှေးမှိန်သွားလေပြီ။
“ဟမ့် မင်းမှာ ဒီလောက်ပဲ ရှိတာလား။ မင်းကိုယ်မင်း အင်အားကြီးတယ် ထင်နေတာ မဟုတ်လား။”
ထန်စန်း ဘာမှမပြောဘဲ ငြိမ်နေသည်ကို မြင်သောအခါ ရှောင်ချန်ယွီက နှာခေါင်းရှုံ့ရင်း ဆက်ပြောလိုက်သည်။
“ဒါဆို ဒါကို မြည်းစမ်းကြည့်လိုက်ဦး။”
ရိုက်ပြီဟေ့... မျက်နှာကို တည့်တည့်ကိုဖြတ်ရိုက်လိုက်ပြီ။
ဤအခိုက်အတန့်တွင် ထန်စန်းသည် သူ၏ မျက်နှာတစ်ခုလုံး ပူထူနေသကဲ့သို့ ခံစားရသော်လည်း ဇွတ်ပေကာ ပြောလိုက်သည်။
“အဆင့် ၁၉ ဖြစ်နေလည်း ဘာဖြစ်လဲ။ ဆေးလုံးတွေ သုံးပြီး မြှင့်ထားတဲ့ အတုအယောင် ကျင့်ကြံမှုအဆင့်ပဲ ဖြစ်မှာပါ။ ငါ မင်းကို မကြောက်ဘူး။”
“ဒါဆို စမ်းကြည့်ကြတာပေါ့။”
စကားဆုံးသည်နှင့် ရှောင်ချန်ယွီက ထန်စန်း၏ လည်ချောင်းကို ပစ်မှတ်ထားကာ လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်သည်။ ထန်စန်းက တည်ငြိမ်စွာဖြင့် လက်သီးတစ်ချက် ပြန်ထုတ်လိုက်သည်။
“ငါ့ရဲ့ အဆင့် ၁၅ ကျင့်ကြံမှုက မင်းရဲ့ အဆင့် ၁၉ ကို မမီဘူး ဆိုရင်တောင် ငါ့ရဲ့ ငွေပြာမြက် ဝိညာဉ်ကို ငါ ယုံကြည်တယ်။ တိုက်ခိုက်ရေးမှာတော့ ငါအနိုင်ရမှာပဲ။”
ထန်စန်းသည် အလွန်ယုံကြည်မှု ရှိနေသည်။ အကြောင်းမှာ တိုက်ခိုက်ရေးစွမ်းရည်ဟူသည်မှာ ကျင့်ကြံမှုအဆင့် တစ်ခုတည်းပေါ်တွင် မူတည်သည်မဟုတ်ဘဲ ဝိညာဉ်၏ အရည်အသွေးနှင့် ဝိညာဉ်ကွင်းများ၏ ပေါင်းစပ်မှုကလည်း အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။
သူ၏ ငွေပြာမြက် အရည်အသွေးမှာ ရှောင်ချန်ယွီထက် မနိမ့်သလို သူ၏ ပထမဆုံး ဝိညာဉ်ကွင်းမှာလည်း နှစ် ၄၀၀ ကျော် မန့်ထော်လောမြွေ ဖြစ်သည်ဟု သူယုံကြည်နေသည်။
ရှောင်ချန်ယွီမှာမူအဖြူရောင် ဝိညာဉ်ကွင်းသာ ရှိပြီး သူ၏ ဝိညာဉ်မှာလည်း သာမန် ဝံပုလွေတစ်ကောင်သာ ဖြစ်သည် မဟုတ်ပါလား။
“ငွေပြာမြက် နွယ်ကြိုး။”
ထန်စန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ အပြာစိမ်းရောင် မြက်ပင်မှာ ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး ရှောင်ချန်ယွီကို ချည်နှောင်ရန် ကြိုးစားတော့သည်။
သို့သော်...
ထန်စန်း တွေ့နေရသည်မှာ စည်းမျဉ်းအတိုင်း မကစားတတ်သော ရှောင်ချန်ယွီ ဖြစ်နေသည်။ ရှောင်ချန်ယွီသည် မည်သည့် ရှုပ်ထွေးသော လှုပ်ရှားမှုမှ မလုပ်ဘဲ လက်တစ်ဖက်ကို အေးအေးဆေးဆေး ဆန့်ထုတ်လိုက်ရုံသာ။
“ပျက်စီးစမ်း။”
နောက်တစ်စက္ကန့်တွင် ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်ပေါ်မှ ဝိညာဉ်စွမ်းအင်များမှာ ပေါက်ကွဲထွက်လာသော မီးလျှံများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ လက်သီးမှတစ်ဆင့် ပန်းထွက်လာသည်။
ရှေးဦးဟောင်းမြင့်မြတ်သော ခန္ဓာကိုယ်တွင် ပါရှိသော အမြင်အာရုံစွမ်းအားမှာ အလွန် အစွမ်းထက်လှပြီး အဆင့်ကျော် တိုက်ခိုက်နိုင်သည်။ ပို၍ ကြောက်စရာကောင်းသည်မှာ ဤခန္ဓာကိုယ်၏ အဆင့် သည် အခြားသော အဆင့်များကို ဖိနှိပ်နိုင်စွမ်း ရှိခြင်းပင် ဖြစ်သည်။
ထန်စန်း၏ ငွေပြာမြက် နွယ်ကြိုးဆိုသည်မှာ ကလေးကစားစရာမျှသာ ဖြစ်နေသည်။ ရှောင်ချန်ယွီနှင့် ထန်စန်းတို့၏ တိုက်ပွဲမှာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားသည်။ သူတို့၏ လက်ချောင်းများ ထိတွေ့မိသည့်အခိုက်တွင် လေထုထဲ၌ သိသိသာသာ လှိုင်းထသွားပြီး ပတ်ဝန်းကျင်ရှိ စားပွဲ ကုလားထိုင်များကို လွင့်စင်သွားစေသည်။
“ဒုန်း”
ထိုအသံနှင့်အတူထန်စန်း၏ ခန္ဓာကိုယ်မှာ စုတ်ပြတ်နေသော သဲအိတ်တစ်ခုလို နောက်သို့ လွင့်ထွက်သွားပြီး သွေးတစ်လုပ် အန်ထွက်သွားရသည်။
တစ်ချက်တည်းနှင့် အလဲထိုးလိုက်ခြင်း။
အစပိုင်းတွင် အလွန်ဟန်ရေးပြခဲ့သော ထန်စန်းမှာ ရှောင်ချန်ယွီ၏ လက်ချက်ဖြင့် တစ်ကွက်တည်းနှင့် အလဲထိုးခံလိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ဘယ်သူက ဇာတ်လိုက် ဘယ်သူက ဗီလိန်လဲဆိုတာ ဝေခွဲမရအောင်ပင်။
“မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး။”
“သခင်လေး ရှောင်ချန်ယွီက ထင်ထားတဲ့အတိုင်းပဲ သူ့ရဲ့အစွမ်းက တကယ့်ကို နက်နဲလွန်းတယ်။ ထန်စန်းလေးကမှ သခင်လေးကို လာရန်စရဲတာ တကယ် သေချင်လို့ပဲနေမယ်။”
“ဒီထန်စန်းက စကားကြီးစကားကျယ်တွေ ပြောနေလို့ တကယ် တော်တယ်ထင်တာ။ အခုကြည့်တော့ အပြင်ပန်းပဲ ရှိပြီး အတွင်းက အနှစ်မရှိတဲ့ကောင်ပဲ။”
“ဒါကတော့ တကယ့်ကို အရှက်ကွဲတာပဲ။ အစ်ကိုချန်ယွီလောက် မချောတာ ထားပါဦး အစွမ်းကလည်း မယှဉ်နိုင်ပြန်ဘူး။”
ပတ်ဝန်းကျင်မှ ဝေဖန်သံများမှာ ထန်စန်း၏ ရင်ဘတ်ကို အပ်နှင့်ထိုးသကဲ့သို့ နာကျင်စေသည်။ သူ၏ မျက်နှာတစ်ခုလုံး ပူထူနေရပြီ။ သူ တကယ်ပဲ မျက်နှာဖြတ်ရိုက်ခံလိုက်ရလေပြီ။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် စိတ်ပိုင်းဆိုင်ရာ နာကျင်မှုက ပို၍ ပြင်းထန်လှသည်။
“ဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ ခန္ဓာကိုယ်လဲ။ ဘယ်လိုမျိုး ကျင့်စဉ်လဲ။ သူ့ရဲ့ ခံစစ်ကိုတောင် မဖောက်နိုင်ဘဲ ငါက ဘာလို့ လွင့်ထွက်သွားရတာလဲ။”
ထန်စန်း တစ်ယောက် သွားကြိတ်ရင်း အကြီးအကျယ် စိတ်ပျက်နေမိသည်။ သူ ရှောင်ချန်ယွီရှေ့တွင် မောက်မာရဲခြင်းမှာ သူကိုယ်တိုင်က အခြားကမ္ဘာမှ ကူးပြောင်းလာသူဖြစ်ပြီး ထန်ဂိုဏ်း၏ ကျင့်စဉ်ကို တတ်မြောက်ထားသောကြောင့် ဖြစ်သည်။
သူ၏ ကျင့်စဉ်မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအား အရည်အသွေးမှာ အလွန်မြင့်မားသဖြင့် ဝိညာဉ်ကုန်းမြေမှ ဒေသခံများထက် အမြဲတမ်း တစ်ပန်းသာနေခဲ့သည်။
သူကိုယ်တိုင်က ပါရမီထူးချွန်ပြီး အဆင့်မြင့်သူများကိုပင် စိန်ခေါ်နိုင်သည်ဟု ယူဆထားခဲ့သည်။ သို့သော် ရှောင်ချန်ယွီ ရရှိထားသော ရှေးးဟောင်း မြင့်မြတ်ခန္ဓာကိုယ်မှာ အဆင့်မြင့်ကမ္ဘာတစ်ခုမှ ဖြစ်နေပြီး ထိုကမ္ဘာတွင်မူ အဆင့်နိမ့် ကျင့်ကြံသူတစ်ဦးသည်ပင် ဝိညာဥ်ကုန်းမြေကြီး တစ်ခုလုံးကို ခြေမှုန်းနိုင်စွမ်း ရှိသည်။
၎င်းမှာ ရှောင်ချန်ယွီအနေဖြင့် ဤခန္ဓာကိုယ်ကို ရရချင်း စနစ်တကျ မကျင့်ကြံရသေးမီ အခြေအနေသာ ရှိပါသေးသည်။ မဟုတ်လျှင်မူ လက်သီးတစ်ချက်တည်းနှင့် ထန်စန်းမှာ ယခုထက် ပို၍ ဆိုးရွားစွာ အမှုန့်ဖြစ်သွားနိုင်ပါသည်။