အခန်း ၉
Vol. 1 Ch. 9
အခန်း (၉) - ငါ့ဆရာက ငါ့ကို လိမ်ပြောပါ့မလား။
နော့တင်းအကယ်ဒမီ၏ လေ့ကျင့်ရေးကွင်းပြင်တွင်။
“ဆရာရှောင်ကန်း... ကျွန်တော် မကြာသေးခင်က ကျင့်ကြံမှုမှာ ပြဿနာတချို့နဲ့ ကြုံနေရလို့ပါ။”
ထန်စန်းသည် မျက်ကွင်းများညိုမဲကာ နွမ်းနယ်သော မျက်နှာပေးဖြင့် သူ၏ဆရာ ယွီရှောင်ကန်းကို ပြောလိုက်သည်။
“ဘာ...ကျင့်ကြံမှုမှာ ပြဿနာတက်တယ်။ ထန်စန်း... မင်း တစ်ညလုံး မအိပ်ဘဲ ထပ်ပြီး ကျင့်ကြံနေပြန်ပြီ မဟုတ်လား။ ဒါက မကောင်းဘူးနော်။ ကျင့်ကြံတယ်ဆိုတာ အလုပ်နဲ့ အနားယူမှုကို မျှတအောင် ထားရတယ်။”
ထန်စန်း၏ စကားကို ကြားသောအခါ ယွီရှောင်ကန်းသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ချက်ချင်းပင် ဆုံးမစကား ပြောတော့သည်။
ထန်စန်းသည် ရှောင်ချန်ယွီကို ရှုံးနိမ့်ပြီးကတည်းက သူ၏ အရှက်ရမှုကို အားမာန်အဖြစ် ပြောင်းလဲကာ အချိန်အတော်များများကို ကျင့်ကြံခြင်း၌သာ ကုန်ဆုံးစေခဲ့သည်။
သူသည် ညဘက်တွင် အိပ်စက်ခြင်းကိုပင် စွန့်လွှတ်ကာ အခြားသူများထက် ပိုမို တိုးတက်စေရန် မိမိကိုယ်ကိုယ် အစွမ်းကုန် တွန်းအားပေးနေခဲ့သည်။
ထို့ကြောင့် ထန်စန်း၏ ဝိညာဉ်စွမ်းအားမှာ အလွန်ပင် လျင်မြန်စွာ တိုးတက်လာပြီး ယခုအခါ အဆင့် ၂၀ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ထပ် ဝိညာဉ်ကွင်း တစ်ခုသာ ထပ်ရှာနိုင်မည်ဆိုပါက သူသည် ယွီရှောင်ကန်းကဲ့သို့ပင် ဝိညာဉ်ဆရာသခင်တစ်ဦးဖြစ်လာပေတော့မည်။
ဤကျင့်ကြံမှု အရှိန်မှာ မူလဇာတ်လမ်းထက်ပင် ပို၍ မြန်ဆန်နေသည်။ မူလဇာတ်လမ်းတွင် ထန်စန်းမှာ မည်သည့် ဖိအားမှ မရှိဘဲ ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ အသက်နှင့်လဲပြီး မကြိုးစားခဲ့ပေ။
ရှောင်ချန်ယွီသည်ထန်စန်းကို ပို၍ အစွမ်းထက်လာအောင် လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး အကယ်၍ အမှားအယွင်း မရှိပါက ထန်စန်းသည် မူလဇာတ်လမ်းထက် စောစီးစွာ နတ်ဘုရား ဖြစ်လာနိုင်ပေသည်။
ယွီရှောင်ကန်းသည် ထန်စန်း၏ ဆရာဖြစ်သည့်အတွက် သူ့ကို အတော်လေး ဂရုစိုက်သည်။ ထန်စန်းသည် သူတွယ်ကပ်ရမည့် ရွှေရောင်ပေါင်လုံးကြီး မဟုတ်ပါလား။
ထန်စန်း၏ ပါရမီကို ထားလိုက်ဦး။ ထန်စန်း၏ ဖခင် ထန်ဟောက်မှာလည်း အထွတ်အထိပ်အဆင့်ရှိသူ တစ်ဦး ဖြစ်သည်။
အကယ်၍ အရာအားလုံး အစီအစဉ်အတိုင်း သွားမည်ဆိုလျှင် ယွီရှောင်ကန်းသည် ထန်စန်း၏ အရှိန်အဝါကို မှီခိုနိုင်ပေမည်။
သို့သော်သူ၏ လက်အောက်တွင် ထန်စန်း တစ်ခုခု ဖြစ်သွားမည်ဆိုပါက သူသည် ထန်ဟောက်၏ လက်ချက်ဖြင့် အသက်ပျောက်သွားနိုင်သည်။
“ဆရာ... ဒါက မအိပ်ဘဲ ကျင့်ကြံလို့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အခြေအနေက ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဝိညာဉ်မှာ ပြဿနာတစ်ခုခု ရှိနေသလိုပဲ။”
ဆရာက သူ့ကို ဂရုစိုက်သည်ကို မြင်သောအခါ ထန်စန်း စိတ်လှုပ်ရှားသွားမိသည်။သို့သော် သူသည် ကျင့်ကြံခြင်းကို လက်လျှော့ရန် အစီအစဉ် မရှိပေ။
ငါထန်စန်းသည် ရှောင်ချန်ယွီကို ဧကန်အမှန် အနိုင်ယူရမည်။ ထိုသို့ နိုင်ရန်အတွက် ငါ ပို၍ ကြိုးစားရမည်။
“ဘာပြဿနာလဲ။ ပြောပါဦး။”
ယွီရှောင်ကန်းက ခေါင်းကိုက်သကဲ့သို့ နားထင်ကို ပွတ်ရင်း မေးလိုက်သည်။ ထန်စန်း၏ ဝိညာဉ်မှာ ပြဿနာတက်နေသည် ဟုတ်လား။
သူဘာလုပ်ပေးရမည်နည်း။ ထန်စန်းမှာ အမြွှာဝိညာဉ် ရှိသူ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ထိုကဲ့သို့သော ကျောင်းသားမျိုးမှာ ဆရာ၏ လမ်းညွှန်မှုပင် မလိုဘဲ အထွတ်အထိပ် ဖြစ်လာနိုင်သူများ ဖြစ်သည်။
‘အခု မင်းက ပြဿနာရှိလို့ ငါ့ကို လာမေးနေတာလား။ ငါလည်း ဘာမှ မသိဘူးလေ။ ငါက အဆင့် ၂၉ ရှိတဲ့ ဝိညာဉ်ဆရာသခင်တစ်ယောက်ပဲ။တိုက်ခိုက်ရေး စွမ်းရည်ဆိုရင် ငါက မင်းလောက်တောင် မရှိဘူး ထန်ဆန်းရဲ့ ဝိညာဉ်သီအိုရီ ပညာရှင်ဆိုတဲ့ ဘွဲ့ကိုတော့ ငါ လက်ခံပါတယ်။ ဒါပေမဲ့အဲဒီ သီအိုရီတွေက တကယ် အလုပ်ဖြစ် မဖြစ်ဆိုတာ ငါကိုယ်တိုင်တောင် မသေချာဘူး။’
ယွီရှောင်ကန်း အနည်းငယ် ထိတ်လန့်သွားသော်လည်း သူ၏ မျက်နှာပေါ်တွင်မူ တည်ငြိမ်ပြီး နက်နဲလှသော အပြုံးတစ်ခုကို ဆက်လက် ဆင်မြန်းထားသည်။
“ဆရာ... ဖြစ်ပုံက ဒီလိုပါ။ မကြာသေးခင်က ကျွန်တော့်ရဲ့ ငွေပြာမြက်ဝိညာဉ် ကို ကျင့်ကြံတဲ့အခါ ဝိညာဉ်စွမ်းအားက ပိုပိုပြီး အားကောင်းလာတယ်။ ဒါပေမဲ့ ငွေပြာမြက်ရဲ့ အရောင်က ပိုပိုပြီး စိမ်းလာတယ်။ ကျွန်တော့်ဝိညာဉ်က ငွေပြာမြက် မဟုတ်တော့ဘူးလားလို့ သံသယဖြစ်နေမိတယ်... ဒါက ထူးဆန်းတယ်...”
“အင်း... ဒါက ပုံမှန်ပါပဲ။ ဒါက မင်းရဲ့ ကြိုးစားမှုတွေ အရာထင်လာတယ်ဆိုတာကို ပြတာပဲ။ ငွေပြာမြက်ဆိုတာ ဝိညာဉ်ကုန်းမြေတစ်ခုလုံးမှာ အမှိုက်ဝိညာဉ်လို့ သတ်မှတ်ထားကြတာ။ အခု အစိမ်းရောင် ပိုတောက်လာတယ်ဆိုတာက ငွေပြာမြက်က ဆင့်ကဲပြောင်းလဲ နေတယ်ဆိုတာကို သက်သေပြနေတာပဲ မဟုတ်လား။”
ယွီရှောင်ကန်းသည်လည်း ထန်စန်း၏ စကားကို နားထောင်ရင်း ခေါင်းကိုက်နေသော်လည်း သီအိုရီ ပညာရှင်ပီပီ သူသည် တိုက်ပွဲတွင် အနှစ် ၄၀၀ သက်တမ်းရှိသည့် မန့်ထော်လောမြွေတောင် မနိုင်သော်လည်း သီအိုရီများ လုပ်ကြံပြောဆိုရာတွင်မူ ပြိုင်ဘက်ကင်း ဖြစ်သည်။
“ဆင့်ကဲပြောင်းလဲတာလား။ အော်... ဒါကြောင့်ကိုး ဆရာက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ ကျွန်တော့်ရဲ့ ငွေပြာမြက်က ဆင့်ကဲပြောင်းလဲနိုင်တယ်ဆိုရင် အနာဂတ်မှာ ရှောင်ချန်ယွီကို ကျိန်းသေပေါက် နိုင်မှာပဲ။ ဆရာ... ဒီပြောင်းလဲမှုကို မြန်ဆန်စေမယ့် နည်းလမ်းများ ရှိမလား။”
ယွီရှောင်ကန်း၏ စကားကို ကြားသောအခါ ထန်စန်းသည် စိုးစဉ်းမျှ သံသယ မဝင်ပေ။
‘ငါ့ဆရာကဝိညာဉ်သီအိုရီ ဆရာသခင် တစ်ယောက်ပဲ။ ဒီလိုဆရာမျိုး ရထားတာ ငါ့အတွက် ဂုဏ်ယူစရာပဲ။ ငါ့ဆရာက ငါ့ကို လိမ်ပြောပါ့မလား။’
“နောက်ဆုံးတော့ လိမ်လို့ ပေါက်သွားပြီ။”
ယွီရှောင်ကန်းသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
“ရှောင်ဆန်း... မင်းရဲ့ ပန်းတိုင်က ကြယ်စင်တဲ့ပင်လယ်တွေ ဖြစ်ရမယ်။ ရှောင်ချန်ယွီကို အနိုင်ယူဖို့ဆိုတာ အရမ်းလွယ်ပါတယ်။ မင်း မြန်မြန် ဆင့်ကဲပြောင်းလဲချင်ရင်တော့ နည်းလမ်းက ရိုးရှင်းပါတယ်။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ များများစားပါ။”
“ဆရာက တကယ်ကို ဉာဏ်ပညာ ကြီးမားတာပဲ။”
ထန်စန်းနှင့် ယွီရှောင်ကန်းတို့ ဆရာတပည့် နှစ်ဦး သစ္စာရှိမှုကို ပြသနေကြစဉ်မှာပင် ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့မှာ နော့တင်းအကယ်ဒမီမှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ကြယ်သစ်တော။
၎င်းသည် ဝိညာဉ်ကုန်းမြေတစ်ခုလုံး၏ အကျော်ကြားဆုံး ဝိညာဉ်သားရဲ နေထိုင်ရာ နေရာသုံးခုအနက် တစ်ခုဖြစ်သည်။ ၎င်း၏ အကျယ်အဝန်းမှာ ဘာလပ်ခ်နိုင်ငံ တစ်ခုစာခန့် ရှိပြီး ဟဲဗင်ဒိုးအင်ပါယာ နှင့် ကြယ်သစ်တောအင်ပါယာ တို့၏ နယ်စပ်များအထိ ဖြန့်ကျက်ထားသည်။
၎င်းသည် ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်များ စိမ့်မြေများ၊ ဗွက်အိုင်များ ရှိသည့် ဧရာမ သစ်တောကြီး ဖြစ်သည်။
တောနက်ထဲသို့ရောက်လေလေ ဝိညာဉ်သားရဲများမှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလေလေ ဖြစ်သည်။
အတွင်းပိုင်းတွင်မူအနှစ်တစ်သိန်း ဝိညာဉ်သားရဲများပင် ရှိတတ်သည်။ ဝိညာဉ်သခင် တစ်ဦးသည် အစွမ်းရှိပြီး ကံကောင်းမည်ဆိုပါက မိမိနှင့် အသင့်တော်ဆုံး ဝိညာဉ်ကွင်းကို ရှာတွေ့နိုင်သည်။
“ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို တိုးတက်စေဖို့ အရင်းအမြစ် အမြောက်အမြား လိုအပ်တယ်။ ဝိညာဉ်ကုန်းမြေမှာတော့ အကြီးမားဆုံး အရင်းအမြစ်က ဒီ ကြယ်သစ်တောပဲ။”
“ဝိညာဉ်သားရဲတွေပဲဖြစ်ဖြစ် ဆေးဖက်ဝင် အပင်တွေ ဒါမှမဟုတ် သတ္တုတွေပဲဖြစ်ဖြစ် ငါ့ခန္ဓာကိုယ်အတွက် အကျိုးရှိစေမှာပဲ။ မဟုတ်ရင်လည်း ပိုက်ဆံအဖြစ် ပြောင်းလဲပြီး တခြားအရင်းအမြစ်တွေ ဝယ်လို့ရတာပဲ။”
တောအုပ်အတွင်းတွင် ရှောင်ချန်ယွီသည် အေးအေးဆေးဆေး လမ်းလျှောက်နေပြီး နောက်တွင်မူ ချစ်စရာကောင်းသော ရှောင်ဝူက လိုက်ပါလာသည်။
ရှောင်ဝူသည်ကြယ်သစ်တောတွင် မူလက နေထိုင်ခဲ့သော အနှစ်တစ်သိန်း ဝိညာဉ်သားရဲ ဖြစ်သဖြင့် ယခုအခါ အိမ်ပြန်ရောက်သကဲ့သို့ ခံစားရပြီး စိတ်ကြည်လင်နေပုံရသည်။
သစ်တော၏ အပြင်ဘက်ဆုံး အလွှာမှာ ၁၀ နှစ်နှင့် အနှစ် ၁၀၀ ဝိညာဉ်သားရဲများ၏ နေရာဖြစ်သည်။
ထိုမှအတွင်းဘက်သို့ ရောက်လျှင် အနှစ်တစ်ထောင်သားရဲများနှင့် တစ်ခါတစ်ရံ အနှစ်တစ်သောင်းသားရဲများ ရှိတတ်သည်။
အလယ်ဗဟိုဧရိယာတွင်မူ တာ့မင်နှင့် အာ့မင်တို့ကဲ့သို့ အလွန် အစွမ်းထက်သော ဝိညာဉ်သားရဲများသာ နေထိုင်ကြသည်။ ၎င်းသည် လူသားများအတွက် တားမြစ်နယ်မြေ ဖြစ်သည်။
“အစ်ကိုချန်ယွီ... ကျွန်မတို့ အနှစ်တစ်ထောင် ဝိညာဉ်သားရဲတွေ ရှိတဲ့ အလွှာကို ရောက်နေပြီ။ နောက်ထပ် နာရီဝက်လောက်ဆိုရင် အလယ်ဗဟိုကို ရောက်တော့မယ်။ တာ့မင်နဲ့ အာ့မင်တို့က အဲဒီမှာ ရှိတာ။”
ရှောင်ဝူက သူမ၏ အိမ်အကြောင်းကို ပျော်ရွှင်စွာ ပြောပြနေသည်။ သို့သော် ထိုစဉ်မှာပင် အဝေးမှ တရှဲရှဲ မြည်သံတစ်ခု ထွက်ပေါ်လာတော့သည်။