← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း (၁၂) - မုန့်ယီရန်။

ရှောင်ချန်ယွီသည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် အသက် ၁၈ နှစ်ခန့်ရှိသော လှပသည့် မိန်းကလေးတစ်ဦး ပေါ်လာသည်။ သူမသည် ကိုယ်ကျပ် နက်ပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဇာနားကွပ်ထားသော အပြာရောင် ဖဲကြိုးလေးကို ပတ်ထားသည်။

သူမ၏ ခါးလေးမှာ လက်တစ်ဝါးစာမျှသာ ရှိပုံရပြီး အလွန်ပင် သွယ်လျလှသည်။ နက်မှောင်သော ဆံနွယ်ရှည်များက သူမ၏ ကျောပြင်ထက်တွင် ဖြန့်ကျက်ကျနေပြီး အနက်ရောင်ဝတ်စုံအောက်မှ သူမ၏ လှပသော ခြေတံရှည်များမှာလည်း တစ်ချက်တစ်ချက် ပေါ်လာတတ်သည်။

ထိုမိန်းကလေး၏ ခြေကျင်းဝတ်လေးများမှာ နှင်းကဲ့သို့ ဖြူဖွယ်နုနယ်နေပြီး သိမ်မွေ့လှပလွန်းလှသဖြင့် ပြီးပြည့်စုံသော အနုပညာလက်ရာတစ်ခုကဲ့သို့ပင်။

သူမ၏ ခန္ဓာကိုယ်မှလည်း သင်းပျံ့သော ရနံ့လေးများ တစ်ခါတစ်ရံ ထွက်ပေါ်နေတတ်သည်။

“နင်က ဘယ်သူလဲ။”

ရှေ့မှ လှပသော မိန်းကလေးကို ကြည့်ရင်း ရှောင်ဝူသည် နိုးကြားသော အကြည့်များဖြင့် ရှောင်ချန်ယွီ၏ ရှေ့တွင် ကာရပ်လိုက်သည်။

ရှောင်ချန်ယွီ စကားမပြောရသေးခင်မှာပင် ထိုမိန်းကလေးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“ငါ့နာမည်က မုန့်ယီရန် ငါ့အဖိုးက နဂါးမင်းကြီးမုန့်ရှုပဲ သူက ဝိညာဉ်ကွင်း ရှစ်ကွင်းရှိတဲ့ ဝိညာဉ်တုံ့လောတစ်ယောက်။ ငါ့အဖွားကတော့ မြွေအဖွားချောင်ထျန်းရှန်းပဲ။သူက ဝိညာဉ်ကွင်း ခုနစ်ကွင်းရှိတဲ့ အထွတ်အထိပ်တစ်ယောက်။”

‘သူမကိုး။’

ထိုမိန်းကလေး၏ မောက်မာသော ပုံစံကို မြင်သောအခါ ရှောင်ချန်ယွီသည် သူမ မည်သူဖြစ်သည်ကို သဘောပေါက်သွားပြီး မသိမသာ ရယ်မောလိုက်မိသည်။

မုန့်ယီရန်။ သူမ၏ ဝိညာဉ်မှာ မြွေခေါင်းတောင်ဝှေး ဖြစ်ပြီး ပြိုင်ဘက်ကင်း နဂါးမြွေဇနီးမောင်နှံ ၏ မြေးမလေး ဖြစ်သည်။

မူလဇာတ်လမ်းထဲတွင်ရှီလိုင်ခဲ နတ်ဆိုးခုနစ်ဖော်နှင့် ကျောက်ဝူကျိ တို့ ကြယ်သစ်တောထဲတွင် အော်စကာအတွက် ဝိညာဉ်ကွင်း ရှာဖွေစဉ်က မုန့်ယီရန်သည် ထန်စန်းနှင့်အတူ ဤကျိကွမ်းမြွေအတွက် ယှဉ်ပြိုင်ခဲ့ပြီး ထန်စန်း၏ အနိုင်ယူခြင်းကို ခံခဲ့ရသည်။

ထို့နောက် ထန်စန်းက မုန့်ယီရန် မျက်စိကျထားသော လူမျက် မိစ္ဆာပင့်ကူကို သတ်ပစ်ခဲ့ပြန်သည်။ မုန့်ယီရန်သည် ထန်စန်းနှင့် ဓားမြှောင်ပစ်ခြင်း ပြိုင်ခဲ့သော်လည်း ထပ်မံ ရှုံးနိမ့်ခဲ့သည်။

ထိုအကြောင်းကြောင့်ပင်ထန်စန်းက မုန့်ယီရန်ကို အသံဖြင့် တည်နေရာခန့်မှန်းခြင်း နည်းလမ်းကို သင်ပေးခဲ့ရာမှ မုန့်ယီရန်မှာ ထန်စန်းကို မမေ့နိုင်ဖြစ်ခဲ့ရသည်။

သို့သော် ထန်စန်းမှာ ပရောပရည်လုပ်ပြီး ထွက်ပြေးတတ်သည့် လူရှုပ်တစ်ယောက် ဖြစ်သဖြင့် သူမ၏ စေတနာများမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

နောက်ပိုင်းတွင်မုန့်ယီရန်၏ အဖိုးနှင့်အဖွားတို့က ထန်စန်းအတွက် ဝိညာဉ်နန်းတော်ကို ရင်ဆိုင်ပေးခဲ့သော်လည်း ထန်စန်းက ကျေးဇူးတင်စကား တစ်ခွန်းပင် မပြောခဲ့ချေ။

အမှန်စင်စစ် မုန့်ယီရန်၏ အဆင့်အတန်းမှာ ထန်စန်းအတွက် နိမ့်လွန်းနေခြင်းပင်။ သူမ၏အဖိုး မုန့်ရှုမှာ ဝိညာဉ်တုံ့လောအဆင့်ရှိပြီး ၎င်းတို့ဇနီးမောင်နှံ၏ ပေါင်းစပ်ဝိညာဉ်စွမ်းရည် မှာ ထိပ်တန်းတုံ့လော တစ်ဦးကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း နောက်ပိုင်းတွင် ထန်စန်းနှင့် ပတ်သက်သူများမှာ သာမန်မျှသာ ဖြစ်သွားရသည်။

သို့သော် ဝိညာဉ်ကုန်းမြေပေါ်တွင် ဝိညာဉ်တုံ့လောအဆင့်အထိ ရောက်ရှိရန်မှာ အလွန်ပင် ရှားပါးလှသဖြင့် မုန့်ယီရန်က သူမ၏ အဖိုးအဖွားများအတွက် ဂုဏ်ယူနေခြင်းမှာ မဆန်းပေ။ သူမသည် ရှောင်ချန်ယွီကို မြင်သည်နှင့် သူတို့ကို ချက်ချင်း ထုတ်ကြွားတော့သည်။

“တစ်ခုခု လိုအပ်လို့လား။”

ရှောင်ချန်ယွီက မုန့်ယီရန်၏ မောက်မာမှုကို ဂရုမစိုက်ဘဲ အသာအယာ ရယ်လိုက်သည်။

“ဒီကျိကွမ်းမြွေ ငါတို့ အရင်မြင်တာ။ ငါ့အဖိုးအဖွားတွေနဲ့ ငါက သူ့ကို လိုက်နေတာ ရက်အတော်ကြာပြီ။ ဒါကြောင့် သူက ငါ့အပိုင်ပဲ ဖြစ်ရမယ်။”

မုန့်ယီရန်က ရှောင်ချန်ယွီကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီးနောက် ရှောင်ဝူကို တစ်ချက်ဝေ့ကြည့်ကာ ယဉ်ကျေးမှုမရှိဘဲ တောင်းဆိုလိုက်သည်။

ရှောင်ချန်ယွီ၏ အရှိန်အဝါမှာ အဆင့် ၁၉ ဝိညာဉ်သခင် တစ်ဦးသာဖြစ်ပြီး ရှောင်ဝူမှာလည်း ထိုနည်းတူပင် ဖြစ်သည်။

မုန့်ယီရန် ကိုယ်တိုင်ကမူ အဆင့် ၂၀ ရှိသော ဝိညာဉ်သခင်တစ်ယောက် ဖြစ်သည်။ သူမသာ ဤကျိကွမ်းမြွေ၏ ဝိညာဉ်ကွင်းကို စုပ်ယူနိုင်ပါက အဆင့် ၂၁ သို့ ရောက်ရှိပြီး ဝိညာဉ်ဆရာသခင်တစ်ယောက် ဖြစ်လာပေတော့မည်။

ထို့အပြင်ရှောင်ချန်ယွီ၏ ဘေးနားတွင် လူကြီးမိဘများ မပါသည်ကို မြင်သောအခါသူမက သူ့ကို မိမိဘာသာ ဝိညာဉ်သားရဲ လာဖမ်းသည့် နောက်ခံမရှိသော ဝိညာဉ်သခင်တစ်ဦးဟု ထင်မှတ်လိုက်သည်။

ဒီလို နောက်ခံမရှိတဲ့ လူတစ်ယောက်ဆီက ပစ္စည်းကို လုယူဖို့က ဘာခက်လို့လဲ။

၎င်းအပြင် ဤမြွေကြီးမှာ သူမ၏ အဖိုးအဖွားများကြောင့် ဒဏ်ရာရထားခြင်း ဖြစ်ပြီး အရှိန်မြန်လှသဖြင့် ထွက်ပြေးလာရာမှ ရှောင်ချန်ယွီက အခွင့်ကောင်း ယူလိုက်ခြင်းဖြစ်သည်ဟု သူမ ယူဆနေသည်။

“ဘာအကြောင်းပြချက်နဲ့လဲ။”

မုန့်ယီရန်၏ မောက်မာသော စကားကြောင့် ရှောင်ဝူ ချက်ချင်းပင် မကျေမနပ် ဖြစ်သွားသည်။

‘နင့်အဖိုးက ဝိညာဉ်တုံ့လော အဖွားက အထွတ်အထိပ် ဖြစ်နေရုံနဲ့ကတော့ ငါ့ရဲ့ တာ့မင် နဲ့ အာ့မင်တို့ရဲ့ လက်သီးတစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ဘူး။’

‘နောက်ခံချင်း ယှဉ်ချင်တာလား။ တခြားလူမှာ နောက်ခံမရှိဘူးလို့ နင် ထင်နေတာလား။အရင်ရောက်တဲ့သူ အရင်ပိုင်တယ်ဆိုတဲ့ စည်းကမ်းကိုရော နင် မသိဘူးလား။ ‘

‘ဒီသားရဲကိုငါ့အစ်ကိုချန်ယွီက ပင်ပင်ပန်းပန်း သတ်ထားတာ။ နင့်စကားတစ်ခွန်းတည်းနဲ့ ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ နင်ကတော့ တကယ်ကို မျက်နှာပြောင်တိုက်တာပဲ။’

“မမလေး မုန့်ယီရန်... ကျွန်တော့်နာမည်က ရှောင်ချန်ယွီပါ။ သာမန်လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ မင်းက မင်းရဲ့ နောက်ခံကို သုံးပြီး ငါ့ကို ဖိအားပေးချင်တယ်ဆိုရင်တော့ မင်း မှားသွားပြီ ဒီကျိကွမ်းမြွေကို ငါကိုယ်တိုင်သတ်လိုက်တာ။ မင်းရဲ့ အဖိုးအဖွားတွေ ကိုယ်တိုင်လာရင်တောင် ငါ ဒါကို အလျော့ပေးမှာ မဟုတ်ဘူး။”

ရှောင်ချန်ယွီ၏ မျက်လုံးထဲတွင် အေးစက်မှု အရိပ်အယောင်များ ပေါ်လာပြီး ပတ်ဝန်းကျင် လေထုမှာလည်း အနည်းငယ် ပူပြင်းလာသလို ခံစားရသည်။

မူလဇာတ်လမ်းတွင်ထန်စန်းက မုန့်ယီရန်၏ ဝိညာဉ်ကွင်းကို လုယူခဲ့သည်။ ယခု ရှောင်ချန်ယွီက စောစီးစွာ ရောက်လာသော်လည်း ရလဒ်မှာ မုန့်ယီရန်၏ ဝိညာဉ်ကွင်းကို လုယူသကဲ့သို့ ဖြစ်နေဆဲပင်။ ထန်စန်းနေရာတွင် သူ အစားဝင်လာခြင်းသာ ကွာခြားသည်။

‘ဒီမုန့်ယီရန်က ဝိညာဉ်ကွင်း အလုခံရဖို့ပဲ ကံပါလာတာလား။’

မုန့်ယီရန်အနေနှင့် ဤအသက်အရွယ်တွင် အဆင့် ၂၀ သို့ ရောက်ရှိခြင်းမှာ အမှန်တကယ် ချီးကျူးစရာပင်။

အမှန်အတိုင်းပြောရလျှင် ထန်စန်း၏ အစောပိုင်း ကြီးထွားမှုမှာ နော့တင်းအကယ်ဒမီတွင် အရင်းအမြစ် မရှိသဖြင့် အချို့သော မိသားစုကြီးများမှ ပါရမီရှင်များလောက် မမြန်ဆန်လှပေ။

နောက်ပိုင်းမှသာထန်စန်းက သူတို့ကို ကျော်တက်သွားခြင်း ဖြစ်သည်။ မုန့်ယီရန်မှာ ထန်စန်း၏ ပါးရိုက်ခြင်းကို ခံရမည့် ပုဂ္ဂိုလ်များထဲမှ တစ်ဦးပင် ဖြစ်သည်။

ယခုအသက်အရွယ်တွင်အဆင့် ၂၀ ရောက်နေသဖြင့် သူမမှာ မောက်မာရန် အကြောင်းပြချက် ရှိနေသည်။

“ရှောင်ချန်ယွီ...တစ်ခါမှ မကြားဖူးပါဘူး။ နင်လို လူစားမျိုးက ဒီအနှစ်တစ်ထောင်သားရဲကို သတ်နိုင်တယ် ဟုတ်လား။”

“ဒါက ငါ့အဖိုးအဖွားတွေက သူ့ကို မလှုပ်နိုင်အောင် ရိုက်ထားလို့ နင်က အခွင့်ကောင်း ယူလိုက်တာပဲ နေမှာပါ။ အဆင့် ၁၉ ဝိညာဉ်သခင်လေးက စကားကြီးစကားကျယ်တွေ ပြောနေလိုက်တာ။”

မုန့်ယီရန်၏ မျက်ခုံးလေးများ တွန့်ချိုးသွားပြီး သူမ၏ မျက်လုံးထဲတွင် အစိမ်းရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် မိမိကိုယ်ကို ယုံကြည်မှု အလွန်လွန်ကဲနေပုံရသည်။

ရှေ့မှရှောင်ချန်ယွီမှာ ချောမောပြီး သူမ၏ အကြိုက်နှင့် ကိုက်ညီသော်လည်း ချောမောနေရုံနှင့် ဘာလုပ်ရမည်နည်း။ မုန့်ယီရန်သည် သူမကို အနိုင်ယူနိုင်သူကိုသာ လေးစားတတ်ပြီး ရှောင်ချန်ယွီမှာမူ ထိုသို့ဖြစ်ရန် အရည်အချင်း မရှိဟု သူမ ယူဆနေသည်။

သူမ၏ မှတ်ဉာဏ်ထဲတွင် ရှောင်ဟု အမည်ရသော မည်သည့် အစွမ်းထက် မိသားစုမှ မရှိပေ။ သူသည် သာမန်မိသားစုမှ လူတစ်ယောက်သာ ဖြစ်ရမည်။

‘အဆင့် ၁၉ ဝိညာဉ်သခင်လား။ ငါ မုန့်ယီရန်က အဆင့် ၂၀ ရောက်နေပြီ။’

ရှောင်ချန်ယွီ၏ အသက်အရွယ်နှင့် အဆင့် ၁၉ မှာ ကောင်းမွန်သော်လည်း သူမကိုတော့ မယှဉ်နိုင်သေးပေ။

အထူးသဖြင့်ရှောင်ချန်ယွီတွင် မည်သည့် နောက်ခံမှ မရှိသဖြင့် နောင်တွင် သူမက သူ့ကို အပြတ်အသတ် ကျော်ဖြတ်သွားမည်ဟု သူမ ယုံကြည်နေသည်။

“ဟမ့်... ဒါဆိုရင်လည်း ငါတို့ရဲ့ အရည်အချင်းချင်းပဲ ယှဉ်ကြည့်ကြတာပေါ့။”

“ရှောင်ချန်ယွီ... နင် ငါနဲ့ တိုက်ရဲလား။ နိုင်တဲ့သူက ဒီကျိကွမ်းမြွေကို စိတ်ကြိုက် စီမံခွင့်ရှိရမယ်။”

မုန့်ယီရန်သည် မိမိကိုယ်ကို အပြည့်အဝ ယုံကြည်မှုဖြင့် ရှောင်ချန်ယွီကို စိန်ခေါ်လိုက်တော့သည်။

All Chapters