← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အခန်း (၁၉) - လူမျက်နှာမိစ္ဆာပင့်ကူ။

“တစ်ယောက်ယောက် အကူအညီ တောင်းနေတာပဲ။”

ရှောင်ဝူသည် သူမ၏မျက်လုံးများကို မှေးစမ်းလိုက်မိသည်။

“သွားကြည့်ရအောင်။”

ရှောင်ချန်ယွီက အလိုက်သင့် ခေါင်းညိတ်ပြပြီး အကူအညီတောင်းသံကြားရာဘက်သို့ လျှောက်သွားလိုက်သည်။

ပုံမှန်အားဖြင့်ဆိုလျှင်ရှောင်ချန်ယွီသည် ဤကဲ့သို့သော ကိစ္စများကို ဂရုစိုက်လေ့မရှိပေ။ ကြယ်သစ်တောထဲတွင် လူသားဝိညာဉ်သခင် အချင်းချင်းတွေ့လျှင်ပင် အရိပ်ထဲမှ တိုက်ခိုက်လာနိုင်သည်ကို သတိထားရမည် ဖြစ်ရာ အခြေခံ သတိဝရိယရှိရန် လိုအပ်သည်။

သို့သော် ယခုအခါ ရှောင်ချန်ယွီသည်လက်နက်လျှို့ဝှက်ချက်ကဲ့သို့သော အစွမ်းထက်သည့် နည်းစနစ်ကို တတ်မြောက်ထားပြီဖြစ်ရာ အန္တရာယ်ဆိုသည်မှာ သူ့အတွက် ကလေးကစားစရာမျှသာ ဖြစ်သည်။

ပို၍အရေးကြီးသည်မှာ ရှေ့မှ ဝိညာဉ်သခင်ကို လိုက်လံတိုက်ခိုက်နေသော ဝိညာဉ်သားရဲ၏ အရှိန်အဝါမှာ အလွန်ပင် ထူးခြားနေခြင်းပင်။

အကယ်၍ ထိုသားရဲထံမှ အရင်းအမြစ်များကို စုပ်ယူနိုင်ပါက သူ၏ ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ်ကို ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးရှိပေလိမ့်မည်။

ရှောင်ချန်ယွီအတွက်မူ ဝိညာဉ်သားရဲ ပိုသန်မာလေ သူ၏ ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူး ပိုများလေဖြစ်သည်။

ဝိညာဉ်ကုန်းမြေ၏ ကြယ်သစ်တောတွင် ကျင့်ကြံမှုသက်တမ်း မြင့်မားသော သားရဲများမှာ ရှားပါးလှရာ တွေ့ဆုံခဲသည့် အခွင့်အရေးကို သူ လက်လွှတ်မခံလိုပေ။

“ကယ်ကြပါဦး။”

ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့ တိုက်ပွဲဖြစ်ပွားရာသို့ ရောက်ရှိသွားချိန်တွင် ဧရာမပင့်ကူပုံသဏ္ဍာန် ဝိညာဉ်သားရဲတစ်ကောင်က မိန်းကလေးတစ်ဦးကို လိုက်လံတိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။

ထိုမိန်းကလေးမှာသွယ်လျပြီး ကျော့ရှင်းသော ကိုယ်ဟန်ရှိကာ သူမ၏ ကျောပြင်ပေါ်တွင် ရေတံခွန်ကဲ့သို့ စီးကျနေသော ဆံပင်ပြာရှည်များနှင့် နက်ပြာရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။

သူမသည် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင်လည်း အနက်ရောင် ပဝါပါးပါးလေးဖြင့် ဖုံးအုပ်ထားသည်။

အသက်၁၈ နှစ်အရွယ်ရှိ ဤမိန်းကလေးမှာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားရုံသာမက တိုင်းပြည်ကိုပင် မှောက်လှန်နိုင်လောက်သည့် အလှတရားမျိုး ရှိသည်။

အဝတ်အစားများအောက်မှတစ်ဝက်တစ်ပျက် ပေါ်ထွက်နေသော ဖြူနုသည့် ခြေတံရှည်များနှင့် ခြေဖမိုးလေးများမှာပင် တွေ့ရသူကို အတွေးများစွာ ဖြစ်ပေါ်စေနိုင်လောက်အောင် လှပလွန်းလှသည်။

ယခုအချိန်တွင် သူမ၏ ဦးခေါင်းပေါ်၌ ဟိုင်ထန်ပန်းပုံသဏ္ဍာန် ဝိညာဉ်တစ်ခု ပျံဝဲနေသည်။

အစိမ်းရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူမ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ တစ်ဝက်ခန့် ချက်ချင်းသက်သာသွားကာ အမြန်နှုန်းမှာလည်း အနည်းငယ် တိုးလာခဲ့သည်။

နောက်တစ်ခဏတွင် မိန်းကလေးသည် ပင့်ကူသားရဲ၏ တိုက်ခိုက်မှုကို သီသီလေး ရှောင်တိမ်းလိုက်နိုင်သော်လည်း သူမသည် အလွန်ပင် မောပန်းနွမ်းနယ်နေပုံရသည်။

“ကျွန်မက ရဲ့လင်လင် ပါ ထျန်းတိုတော်ဝင်အကယ်ဒမီ က ကျောင်းသူတစ်ယောက်ပါ။ ဟွမ်တောက်အဖွဲ့ ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ ကျွန်မကို ကယ်ပေးပါ။ ထျန်းတို တော်ဝင်အကယ်ဒမီက သင့်ကို ထိုက်ထိုက်တန်တန် ဆုချပါလိမ့်မယ်။”

လူအရိပ်များကို မြင်လိုက်ရသည်နှင့် ရဲ့လင်လင်သည် အမြန်အော်ဟစ်ကာ သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ပြောပြလိုက်သည်။

ထိုသို့ပြောခြင်းဖြင့်အသစ်ရောက်လာသူများက သူမကို ကယ်တင်လိမ့်မည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။

ထျန်းတိုတော်ဝင်အကယ်ဒမီသည် ဝိညာဉ်ကြကုန်းမြေပေါ်တွင် အလွန်ပင် အစွမ်းထက်သော အကယ်ဒမီတစ်ခု ဖြစ်ပြီး ထိုနေရာတွင် တက်ရောက်နိုင်သူများမှာ ချမ်းသာသူ သို့မဟုတ် မင်းနွယ် ရှင်နွယ်ဝင်များသာ ဖြစ်ကြသည်။

ထိုအကယ်ဒမီမှ ကျောင်းသားတစ်ဦးကို ကယ်တင်နိုင်ခြင်းမှာ ကြီးမားသော ဂုဏ်သတင်းနှင့် ကြွယ်ဝမှုကို ရရှိနိုင်မည် ဖြစ်ရာ ငတုံးတစ်ယောက်မဟုတ်လျှင် ၎င်း၏တန်ဖိုးကို သိကြစမြဲပင်။

ထို့ကြောင့်လည်းရဲ့လင်လင်က သူမ၏ အထောက်အထားကို ချက်ချင်း ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။

“ရဲ့လင်လင်...ထျန်းတို တော်ဝင်အကယ်ဒမီ အဲဒါက ဘယ်သူလဲ။”

နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိ ဝိညာဉ်သားရဲဖြစ်သော ရှောင်ဝူသည် ဝိညာဉ်သားရဲများနှင့် ကြယ်သစ်တောအကြောင်းကို ကောင်းစွာ သိသော်လည်း လူသားအင်အားစုများအကြောင်းကိုမူ လုံးဝ နားမလည်ပေ။

ထို့ကြောင့်သူမသည် ရှောင်ချန်ယွီကို ဝေခွဲမရသော အကြည့်များဖြင့် ကြည့်လိုက်သည်။

‘ရဲ့လင်လင်ဆိုတာ သူပဲလား။ သူက တော်ဝင်အကယ်ဒမီမှာ ရှိနေရမှာ မဟုတ်ဘူးလား။ ဘာလို့ ကြယ်သစ်တောထဲကို ရောက်နေတာလဲ။’

ရှောင်ချန်ယွီကမူ မူရင်းဇာတ်လမ်းကို ဖတ်ဖူးသူဖြစ်ရာ ရဲ့လင်လင်အကြောင်းကို အတန်အသင့် သိရှိထားသည်။

ရဲ့လင်လင်မှာ ဟိုင်ထန်ပန်းဝိညာဉ်မျိုးနွယ်၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သည်။

ဤမျိုးနွယ်တွင်တစ်မျိုးဆက်လျှင် တစ်ဦးသာ ဆက်ခံသူ ရှိနိုင်ပြီး တစ်ကမ္ဘာလုံးတွင်လည်း ဤဝိညာဉ်ပိုင်ရှင် နှစ်ဦးထက်ပို၍ သက်ရှိထင်ရှား မရှိနိုင်ပေ။

တစ်ဦး သေဆုံးသွားမှသာ နောက်တစ်မျိုးဆက်တွင် နောက်တစ်ဦး ပေါ်ပေါက်နိုင်သည့်အတွက် အရေအတွက် အနည်းဆုံးသော ဝိညာဉ်ဟု ဆိုနိုင်သည်။

ဟိုင်ထန်ပန်းဝိညာဥ်သည် စွမ်းရည်တစ်ခုတည်းကိုသာ အထူးပြုထားသည်။ ဝိညာဉ်ကွင်း မည်မျှပင်ရှိစေကာမူ ၎င်းတွင် ဝိညာဉ်စွမ်းရည် တစ်ခုတည်းသာ ရှိသည်။

ထိုအချက်မှာပင် ၎င်း၏ ကြောက်မက်ဖွယ်ရာ အစွမ်းရှိခြင်းပင် ဖြစ်သည်။ ၎င်း၏ စွမ်းရည်မှာ ဧရိယာအနှံ့ အလုံးစုံ ကုသပေးခြင်း ဖြစ်သည်။

ကုသမှုပမာဏကိုဝိညာဉ်သခင်၏ စိတ်ဆန္ဒအတိုင်း ထိန်းချုပ်နိုင်သည်။ အဆင့်မြင့်လေဝိညာဉ်ကွင်းများလေ ကုသမှုအတွက် ဝိညာဉ်စွမ်းအား ပိုမိုအသုံးပြုနိုင်လေဖြစ်သည်။

ရဲ့လင်လင်မှာ လက်ရှိတွင် အဆင့် ၂၅ ဝိညာဉ်ဆရာသခင်အဆင့်သာ ရှိသေးသော်လည်း သူမ၏ အနာဂတ်မှာ အလွန်ပင် ကြီးမားလှသည်။

ဝိညာဉ်ကုန်းမြေကြီး၏ အထက်တန်းစား ဂိုဏ်းသုံးဂိုဏ်းထဲမှ ဘုံခုနှစ်ဆင့်ပြသာဒ်ဂိုဏ်းပင်လျှင် ကုသမှုအပိုင်း၌ ၎င်းကို မယှဉ်နိုင်ပေ။

ဆက်ခံသူအရေအတွက်သာ မနည်းခဲ့လျှင် ဝိညာဉ်ကုန်းမြေ၏ နံပါတ်တစ် အထောက်အကူပြု ဝိညာဉ်ဘွဲ့ကို မည်သူရမည်ဆိုသည်မှာ မသေချာလှပေ။

အထောက်အကူပြု ဝိညာဉ်သခင်တစ်ဦးဖြစ်သည့် ရဲ့လင်လင်သည် ကြယ်သစ်တောထဲသို့ လာလျှင် သူမကို ကာကွယ်ပေးမည့် တိုက်ခိုက်ရေး ဝိညာဉ်သခင်များ ပါရှိရမည် ဖြစ်သော်လည်း အဘယ်ကြောင့် ယခုကဲ့သို့ တစ်ယောက်တည်း ဖြစ်နေရသနည်း။

ရှောင်ချန်ယွီမှာမူ၎င်းကို အချိန်အကြာကြီး မစဉ်းစားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရဲ့လင်လင်မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသောကြောင့် ဖြစ်သည်။

သူမရှေ့ရှိ ပင့်ကူသားရဲကြီးမှာလည်း အနောက်မှ လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် တိုက်ခိုက်မှုကို ခေတ္တ ရပ်ဆိုင်းလိုက်သည်။

၎င်းမှာ ထူးဆန်းသော ပင့်ကူကြီးဖြစ်ပြီး ကိုယ်ထည်မှာ ၁.၅ မီတာကျော် ကျယ်ကာ လှံပုံသဏ္ဍာန် ခြေတံရှည် ရှစ်ချောင်းမှာ ၃ မီတာကျော် ရှည်လျားလှသည်။

ခန္ဓာကိုယ်တစ်ခုလုံးကိုတောက်ပြောင်နေသော အနက်ရောင် အခွံမာများဖြင့် ဖုံးအုပ်ထားပြီး ခြေတံဖျားများမှာ မြေကြီးထဲသို့ တိတ်တဆိတ် စိုက်ဝင်နိုင်လောက်အောင် ထက်ရှလှသည်။

ပင့်ကူ၏ ဗိုက်အောက်ပိုင်းတွင် အနက်ရောင် ခန္ဓာကိုယ်နှင့် သိသိသာသာ ကွဲပြားသော အဖြူရောင် အစင်းကြောင်းများ ရှိနေသည်။ ထိုအစင်းကြောင်းများသည် ကြောက်မက်ဖွယ်ရာ လူမျက်နှာပုံသဏ္ဍာန်ကို ဖြစ်ပေါ်စေပြီး ကြောက်မက်ဖွယ် ခရမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသော မျက်လုံးသေးသေးလေး ရှစ်လုံးမှာလည်း ဗိုက်အောက်ပိုင်း၌ ကပ်လျက် ရှိနေကြသည်။

၎င်းကား လူမျက်နှာ မိစ္ဆာပင့်ကူပင် ဖြစ်သည်။

၎င်းကို ဝိညာဉ်သားရဲငယ်လေးများ၏ အိမ်မက်ဆိုး အသက်ဓာတ်ကို ဝါးမျိုသူနှင့် အခြားဝိညာဉ်သားရဲအားလုံး၏ မုန်းတီးခြင်းကို ခံရသော သတ်ဖြတ်သူအဖြစ် လူသိများသည်။

လူမျက်နှာမိစ္ဆာပင့်ကူသည် အလွန်မာကျောသော အခွံ အလွန်မြန်သော အရှိန်နှင့် အဆိပ်ပြင်းလှသော ခြေတံရှည် ရှစ်ချောင်းကို ပိုင်ဆိုင်ထားသည်။

အဆင့်နိမ့်သောမိစ္ဆာပင့်ကူပင်လျှင် သာမန် အနှစ်တစ်ထောင် သက်တမ်းရှိ သားရဲများကို ယှဉ်နိုင်စွမ်း ရှိသည်။

အကြောက်စရာအကောင်းဆုံးမှာ ၎င်း၏ ပင့်ကူအိမ် ပင် ဖြစ်သည်။ သာမန်ပင့်ကူများက ချည်မျှင်ထုတ်ပြီး အိမ်ဖွဲ့သော်လည်း ဤပင့်ကူမှာမူ အိမ်ကို တိုက်ရိုက် ပက်ထုတ်ခြင်းဖြစ်သည်။

၎င်းသည် အလွန်စေးကပ်ရုံသာမက အလွန်ခိုင်မာပြီး ကြောက်မက်ဖွယ်ကောင်းသော အာရုံကြောအဆိပ်များ ပါဝင်သည်။

၎င်းသည် တစ်နေ့လျှင် သုံးကြိမ် ပင့်ကူအိမ် ပက်ထုတ်နိုင်ပြီး သားကောင်ကို မြင်သည်နှင့် ပထမဆုံး လုပ်ဆောင်ချက်မှာ အိမ်ဖြင့် ဖမ်းဆီးခြင်းပင် ဖြစ်သည်။

၎င်းတို့၏ သတ်ဖြတ်လိုစိတ် ပြင်းပြမှုကြောင့် ဤသားရဲများကို အစွမ်းထက်သော ဝိညာဉ်သားရဲကြီးများကပင် လိုက်လံ အမဲလိုက်တတ်ကြသည်။

ထို့ကြောင့်အနှစ်တစ်ထောင် သက်တမ်းအထိ ရောက်ရန်ပင် ခက်ခဲလှရာ အနှစ်တစ်သောင်း သက်တမ်းမှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။

ယခုသူတို့ရှေ့ရှိ ပင့်ကူကြီးမှာမူ ကျင့်ကြံမှုသက်တမ်း အနှစ်ငါးထောင်ကျော်ပင် ရှိနေပြီ ဖြစ်သည်။

သို့သော် ထိုပင့်ကူကြီးသည် ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့ကို မြင်လိုက်ရချိန်တွင် ၎င်း၏ ကြောက်မက်ဖွယ် လူမျက်နှာဖုံးမှာ လူသားတစ်ဦးကဲ့သို့ အထင်သေးသော အမူအရာ ပေါ်ထွက်လာသည်။

‘အဆင့် ၂၀ တောင် မပြည့်သေးတဲ့ သာမန် ဝိညာဉ်သခင်လေးတွေလား။ မျှော်လင့်ထားတဲ့အတိုင်းပဲ။ နောက်ထပ် အရသာရှိတဲ့ စားစရာလေးတွေပဲ။’

ရှောင်ဝူ၏ အရှိန်အဝါမှာ အဆင့် ၁၅ ဝန်းကျင်သာ ရှိသည်။ အကယ်၍ သူမသာ အနှစ်တစ်သိန်း ဝိညာဉ်သားရဲ ဖိအားကို ထုတ်လွှတ်လိုက်ပါက ဤပင့်ကူကို ထိတ်လန့်သွားစေနိုင်သည်။

ရှောင်ချန်ယွီမှာမူဘာအန္တရာယ်မှ မပေးနိုင်ပုံမျိုး ပေါ်နေသည်။ အဆင့် ၁၉ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုမှာ မည်သူ့ကိုမျှ ပညာရှင်တစ်ဦးဟု မထင်စေနိုင်ပေ။

ရှောင်ချန်ယွီ၏ ခန္ဓာကိုယ်အောက်တွင် ဖုံးကွယ်ထားသော ကြွက်သားများနှင့် ရှေးဟောင်း မြင့်မြတ် ခန္ဓာကိုယ်၏ အစွမ်းထက်လှသော စွမ်းရည်များကိုမူ အနှစ်ငါးထောင် သက်တမ်းရှိ ပင့်ကူကြီးအနေနှင့် အာရုံခံမိနိုင်စွမ်း မရှိချေ။

ရှေ့မှလူသားဝိညာဉ်သခင်များမှာ အရှိန်အဝါ ပျော့ညံ့သည်ဟု ခံစားလိုက်ရခြင်းကပင် မိစ္ဆာပင့်ကူကို သတိလက်လွတ် ဖြစ်သွားစေရန် လုံလောက်နေလေပြီ။

All Chapters