အခန်း ၂၀
Vol. 2 Ch. 20
အခန်း (၂၀) - ရဲ့လင်လင်၏ စိုးရိမ်ပူပန်မှု။
“မကောင်းတော့ဘူး။ မြန်မြန်ပြေးကြတော့ ဒီလူမျက်နှာမိစ္ဆာပင့်ကူက အနှစ်ငါးထောင်သက်တမ်းရှိတာ ကိုင်တွယ်ရ အရမ်းခက်တယ်။ မြန်မြန်သွားပြီး မင်းတို့ရဲ့ လူကြီးတွေကို သွားခေါ်ချေ။”
ရဲ့လင်လင်သည် အစပိုင်းတွင် ရှောင်ချန်ယွီနှင့် ရှောင်ဝူတို့ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားခဲ့သည်။
သို့သော်လည်းသူမထက် ငယ်ပုံရပြီး အရှိန်အဝါ အလွန်ပျော့ညံ့လှသော ကလေးနှစ်ယောက်ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် သူမ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။
‘ဒီကလေးနှစ်ယောက်က ဘယ်ကနေ ရောက်လာတာလဲ။ ကြယ်သစ်တောဆိုတာ အလွန်အန္တရာယ်များတဲ့နေရာ ဝိညာဥ်ကုန်းမြေရဲ့ အကြီးဆုံးတောအုပ်ဖြစ်တာကြောင့် ဘယ်လိုအစွမ်းထက်တဲ့ ဝိညာဉ်သားရဲနဲ့မဆို တိုးနိုင်တာပဲလေ။’
ရဲ့လင်လင်သည် ယခုအကြိမ်တွင် ဟွမ်တောက်အဖွဲ့ဝင်များနှင့်အတူ အတွေ့အကြုံယူရန် လာခဲ့ခြင်းဖြစ်သည်။ သူတို့အဖွဲ့ကို ဝိညာဉ်တုံ့လော အဆင့်ရှိ ဆရာများက ဦးဆောင်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်မမျှော်လင့်ဘဲ ကြယ်သစ်တော၏ အတွင်းပိုင်းအလွှာသို့ ရောက်ချိန်တွင် နှစ်ပေါင်းတစ်သိန်းနီးပါး သက်တမ်းရှိသော ဝိညာဉ်သားရဲတစ်ကောင် ရုတ်တရက် ပေါ်လာခဲ့ပြီး အဖွဲ့ကို လူစုကွဲစေကာ ဆရာနှစ်ဦးကိုလည်း ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
အထောက်အကူပြု ဝိညာဉ်သခင်ဖြစ်သော ရဲ့လင်လင်မှာ သီသီလေး လွတ်မြောက်လာခဲ့သော်လည်း ယခု ဤအနှစ်ငါးထောင်သက်တမ်းရှိ လူမျက်နှာမိစ္ဆာပင့်ကူနှင့် လာတိုးနေခြင်းပင်။ ဦးနှောက်ရှိသော မည်သည့် ဝိညာဉ်သခင်မဆို ဤမိစ္ဆာပင့်ကူ၏ ကြောက်မက်ဖွယ်ကောင်းသော နာမည်ဆိုးကို ကြားဖူးကြသည်။
အကယ်၍ ဝိညာဉ်တုံ့လောဆရာများသာ ရှိနေလျှင် ရဲ့လင်လင်အနေနှင့် ကြောက်နေစရာ မလိုပေ။
သို့သော်အားကိုးရာမဲ့နေသော အထောက်အကူပြု ဝိညာဉ်သခင်မလေး တစ်ယောက်တည်းအနေနှင့် ဤပင့်ကူကြီးကို ဘာလုပ်နိုင်မည်နည်း။
သူမလုပ်နိုင်သည်မှာ အကူအညီတောင်းရင်း ပြေးရန်နှင့် ကူညီမည့် စိတ်ကောင်းရှိသူနှင့် တွေ့ရန် ဆုတောင်းရုံသာ ရှိသည်။
“လူကြီးတွေလား။ ငါတို့မှာ လူကြီးတွေ မပါဘူး။”
ရှောင်ဝူက သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ နားမလည်သလို ပြန်ပြောလိုက်သည်။
သာမန်လူများအတွက် ကြယ်သစ်တောထဲသို့ လာလျှင် လူကြီးမိဘများ ဦးဆောင်ရန် လိုအပ်သော်လည်း ရှောင်ချန်ယွီနှင့် ရှောင်ဝူအတွက်မူ မလိုအပ်ပေ။
ရှောင်ဝူကိုယ်တိုင်ကလူသားအသွင်ပြောင်းထားသော အနှစ်တစ်သိန်း ဝိညာဉ်သားရဲ တစ်ကောင်ဖြစ်ရာ ဤတောအုပ်တွင် သူမသည် ထိပ်တန်းတည်ရှိမှု တစ်ခုပင်။
သူမ၏ အစွမ်းများ ဆုံးရှုံးနေသော်လည်း အရေးကြီးသည့်အချိန်တွင် ထိုက်တန် ဧရာမမျောက်ဝံ နှင့် ကောင်းကင်ကျွဲနဂါး တို့ကို အကူအညီတောင်းနိုင်သည်။
၎င်းအပြင် အနှစ်တစ်သိန်း ဝိညာဉ်သားရဲ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ရုံနှင့်တင် အဆင့်နိမ့်သားရဲများကို ခြောက်လှန့်နိုင်သည်။
ရှောင်ချန်ယွီမှာမူ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် ကို နိုးထစေခဲ့ပြီး ဤတောအုပ်ထဲတွင် လေ့ကျင့်နေခဲ့သည်မှာ ကြာပြီဖြစ်ရာ သူ့ကို ဖိအားပေးနိုင်သော ဝိညာဉ်သားရဲနှင့် တစ်ခါမျှ မဆုံဖူးသေးပေ။
ရှောင်ဝူ၏ စကားကို ကြားလိုက်ရချိန်တွင် ရဲ့လင်လင်မှာ မျက်စိရှေ့တွင် မှောင်အတိကျသွားပြီး စိတ်ပျက်လက်ပျက် အော်ဟစ်မိတော့မတတ် ဖြစ်သွားရသည်။
“ဒါဆိုရင် ဘာလို့ အခုထိ မပြေးကြသေးတာလဲ။ ဒါက လူမျက်နှာ မိစ္ဆာပင့်ကူနော် ကစားစရာမဟုတ်ဘူး။”
ရဲ့လင်လင်မှာ သွေးအန်ချင်စိတ်ပင် ပေါက်သွားတော့သည်။ သူမ၏ အမြင်တွင် ဤကလေးနှစ်ယောက်မှာ တောအုပ်၏ အန္တရာယ်ကို မသိဘဲ ခိုးဝင်ကစားနေကြသော သူဌေးသား သားသမီးများသာ ဖြစ်ပေလိမ့်မည်။
သာမန်အချိန်ဆိုလျှင်ကိစ္စမရှိသော်လည်း။ယခုမူ အနှစ်ငါးထောင် သက်တမ်းရှိ သားရဲကြီးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
‘ဘာလို့ဒီလောက်တောင် အေးဆေးနေနိုင်ကြတာလဲ။’
“ပြေးတော့ ငါ သူတို့ကို လမ်းလွှဲခေါ်သွားမယ်။”
နောက်ဆုံးတွင် ရဲ့လင်လင်သည် သူမ၏ အကူအညီတောင်းသံကြောင့်သာ ဤကလေးနှစ်ယောက် ရောက်လာခြင်းဖြစ်သည်ဟု တွေးကာ သူမကိုယ်တိုင်ပင် မိစ္ဆာပင့်ကူကို လမ်းလွှဲခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
ယခုအချိန်တွင်သူမ၏ ဝိညာဉ်တုံ့လော ဆရာများ မြန်မြန်ရောက်လာရန်သာ ဆုတောင်းရတော့မည်။ မဟုတ်လျှင် သူတို့အားလုံး ဤနေရာ၌ သေရပေတော့မည်။
လူမျက်နှာ မိစ္ဆာပင့်ကူ၏ အစွမ်းမှာ ဝိညာဉ်ဘုရင် အဆင့်ရှိသူများပင် အနိုင်ရဖို့ မသေချာသည့် အဆင့်ဖြစ်ရာ သူမရှေ့ရှိ အဆင့် ၁၉ သာ ရှိပုံရသော ရှောင်ချန်ယွီကို မည်သို့မျှ အားမကိုးနိုင်ပေ။
‘ဒီ ရဲ့လင်လင်ရဲ့ စိတ်ဓာတ်က တော်တော်လေး ကောင်းတာပဲ။ ဒီလိုဆိုမှတော့ ငါ သူ့ကို ကူညီပေးတာ ဘာမှမဖြစ်ပါဘူး။’
ဘေးတွင် ရပ်နေသော ရှောင်ချန်ယွီသည် မိမိကိုယ်ကို အနစ်နာခံကာ လမ်းလွှဲပေးမည့် ရဲ့လင်လင်ကို ကြည့်ရင်း အတွေးများစွာ ဖြတ်ပြေးသွားသည်။
ဝိညာဉ်ကုန်းမြေကြီးသည်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်သော ကမ္ဘာဖြစ်ပြီး အထူးသဖြင့် ထန်ဆန်းဦးဆောင်သော ရှီလိုင်ခဲ နတ်ဆိုးခုနှစ်ဖော်မှာ အလွန်ပင် တစ်ကိုယ်ကောင်းဆန်ကြသူများ ဖြစ်သည်။
ရဲ့လင်လင်ကမူ ရှောင်ချန်ယွီတို့၏ အစွမ်းမရှိမှုကို ထောက်ထားပြီး ဘေးကင်းရာသို့ မောင်းထုတ်ပေးနေသည်။
သူမသည်အမှန်တကယ်ပင် ခင်မင်သင့်သော သူတစ်ဦးဖြစ်ကြောင်း သိသာလှသည်။ အထောက်အကူပြု ဝိညာဉ်သခင်မလေး တစ်ယောက်အနေနှင့် ဤကဲ့သို့ သတ္တိရှိရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။
“လူမျက်နှာမိစ္ဆာပင့်ကူလား။ ငါ သူနဲ့ စမ်းသပ်ကြည့်ချင်နေတာပဲ ရဲ့လင်လင်... မင်း အရှေ့ကနေဖယ်လိုက်။”
ရှောင်ချန်ယွီ၏ မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ လင်းလက်လာသည်။ ဤပင့်ကူကြီးကို သတ်ခြင်းက သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိစေမည် ဖြစ်သည်။
“နေဦး နင်က...”
ရဲ့လင်လင်မှာ စိုးရိမ်တကြီး ဖြစ်လာသည်။
‘ဒီကလေးကလူစကား နားမလည်တာလား။ ဒီပင့်ကူကြီးက အရမ်းကြမ်းတယ်လေ။’
ရဲ့လင်လင်မှာကံကောင်းလွန်း၍သာ အချိန်အတော်ကြာအောင် ပြေးလွှားနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆင့် ၁၉ သာ ရှိသော ရှောင်ချန်ယွီက ဘာလို့ တစ်စက်ကလေးမှ မကြောက်ရတာလဲ။
“နွားပေါက်လေးက ကျားကို မကြောက်ဘူး ဆိုသလိုပဲ... မြန်မြန် သူ့ကို ပြောပေးပါဦး။”
ရဲ့လင်လင်ကရှောင်ဝူဘက် လှည့်ပြောလိုက်သည်။
“ကျွန်မရဲ့ အစ်ကိုချန်ယွီက တစ်လောကလုံးမှာ အနိုင်မရနိုင်တဲ့သူပဲ။ ဒီပင့်ကူလေး တစ်ကောင်ကို ဘာလို့ ကြောက်နေမှာလဲ။”
ရှောင်ဝူကမူ ရှောင်ချန်ယွီကို အပြည့်အဝ ယုံကြည်မှု ရှိနေသည်။ ရှောင်ဝူ၏ စကားကြောင့် ရဲ့လင်လင်မှာ သာ၍ပင် စိုးရိမ်သွားတော့သည်။
“ဒါကတော့ အသက်ကို အလဟဿ စတေးတာပဲ။”
ထိုအချိန်တွင် ရှောင်ချန်ယွီနှင့် မိစ္ဆာပင့်ကူတို့၏ တိုက်ပွဲ စတင်လေပြီ။
“ဘုန်းး”
မိစ္ဆာပင့်ကူ၏ ခြေထောက်အောက်မှ အနက်ရောင် ပင့်ကူမျှင် ဒါဇင်ပေါင်းများစွာသည် ထက်ရှသော ဓားရှည်များကဲ့သို့ ထွက်ပေါ်လာပြီး ရှောင်ချန်ယွီထံသို့ ပြင်းထန်စွာ ပက်ထုတ်လိုက်သည်။
“ဂလန်း ဂလန်း ဂလန်း...”
သတ္တုချင်း ထိမှန်သံများကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပင့်ကူမျှင်များမှာ ရှောင်ချန်ယွီ၏ ရှေ့မှောက်၌ပင် တဆက်တည်း ပေါက်ကွဲသွားတော့သည်။
“တိုက်ခိုက်နိုင်စွမ်းက တော်တော်လေး အားကောင်းတာပဲ။”
ရှောင်ချန်ယွီသည် မိစ္ဆာပင့်ကူ၏ တိုက်ကွက်ကို ကြည့်ကာ အံ့အားသင့်သွားသည်။ ဤပင့်ကူမျှင်များမှာ ခုခံကာကွယ်မှုများကို အလွယ်တကူ ထိုးဖောက်နိုင်စွမ်း ရှိသည်။ အကယ်၍ အခြားသူသာ ဆိုလျှင် အန္တရာယ်ကြီးလှပေလိမ့်မည်။
“အနှစ်ငါးထောင် သက်တမ်းရှိတဲ့ သားရဲပီသပါပေတယ် တကယ်ကို အစွမ်းထက်တာပဲ။”
ရှောင်ချန်ယွီက အနည်းငယ် ပြုံးလိုက်သည်။ သို့သော် ဤအနက်ရောင် ပင့်ကူမျှင်များ၏ တိုက်ခိုက်မှုမှာ သူ၏ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ် အတွက်တော့ အယားပြရုံမျှသာ ရှိသည်။
ရှေးဟောင်းမြင့်မြတ်ခန္ဓာသည် မည်သည့် လှည့်ကွက်ကိုမဆို ဖြိုခွင်းနိုင်သော အောင်နိုင်သူ၏ ကိုယ်ဟန်ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။
“အစ်ကိုချန်ယွီ... ကြိုးစားထား။”
ရှောင်ချန်ယွီ ရှေ့သို့ ပြေးဝင်သွားသည်ကို မြင်ရသဖြင့် ရှောင်ဝူမှာ စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးလိုက်တော့သည်။
ဤပင့်ကူကြီးမှာရှောင်ချန်ယွီ ကြယ်သစ်တောထဲတွင် တွေ့ဖူးသမျှ အားအကောင်းဆုံး ပြိုင်ဘက် ဖြစ်သော်လည်း ရှောင်ဝူကမူ အကြောင်းပြချက် မရှိဘဲ ရှောင်ချန်ယွီကို ယုံကြည်နေမိသည်။