အခန်း ၃၃
Vol. 4 Ch. 33
အခန်း (၃၃) - လောင်စာထပ်ဖြည့်ခြင်း။
“အစ်ကိုဟန်... ငါတို့ ဘာမှလုပ်ဖို့ အချိန်မရှိပါဘူး။ ငါတို့ ဟွမ်တောက်အဖွဲ့နဲ့ လူစုကွဲသွားတာ တစ်နာရီတောင် မပြည့်သေးဘူးလေ။”
ယွီထျန်းဟန်၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာအမူအရာကို ကြည့်ပြီး တုကူယန်းက အလွန်ဝမ်းနည်းအားငယ်စွာ ပြောလိုက်သည်။
သူမသည်သူမရှေ့ရှိ အမျိုးသားမှာ သူမကို ချစ်မြတ်နိုးခဲ့သော ယွီထျန်းဟန် ဟုတ်ပါသေးရဲ့လားဟုပင် သံသယဝင်လာမိသည်။
ခဏလေးလူချင်းကွဲသွားချိန်မှာ ယွီထျန်းဟန် ဘာကြောင့် ဒီလောက်အထိ ပြောင်းလဲသွားရသနည်း။
အဖြစ်မှန်ကို ခဏဘေးဖယ်ထားလျှင်တောင် ယွီထျန်းဟန်တွင် ဘာအပြစ်မှ မရှိဘူးလား။
“ငါ တကယ်ကို ဒေါသထွက်လွန်းလို့ ပေါက်ကွဲမိတော့မယ်။”
တုကူးယန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ယွီထျန်းဟန်မှာ စိတ်သက်သာရာရမသွားဘဲ ပို၍ပင် ဒေါသထွက်လာခဲ့သည်။
တစ်နာရီတောင်မပြည့်သေးဘူးဆိုသည်မှာ ဘာအဓိပ္ပာယ်နည်း။ ဘာမှလုပ်ဖို့ အချိန်မရှိဘူးဆိုသည်မှာကော ဘာကိုဆိုလိုသနည်း။
အချိန်သာအလုံအလောက်ရှိလျှင် တုကူယန်းသည် ရှောင်ချန်ယွီနှင့် အရာအားလုံးကို လုပ်ဆောင်တော့မည်ဟု ဆိုလိုခြင်းလော။
တုကူယန်း၏ မူလရည်ရွယ်ချက်မှာ သူမ၏ အဆိပ်ကို ကုသရန် ဖြစ်သော်လည်း ကုသမှုမစတင်မီမှာပင် ယွီထျန်းဟန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော်ဒေါသအဟုန်ကြောင့် အာရုံကြောများ တင်းမာနေသော ယွီထျန်းဟန်သည် မည်သည့်ရှင်းပြချက်ကိုမှ နားမဝင်နိုင်တော့ပေ။
တုကူယန်း၏ စကားများကို ကြားရသည်မှာ သူ၏ကမ္ဘာကြီး ပြိုလဲသွားသကဲ့သို့ ခံစားနေရသည်။ သစ္စာဖောက်ခြင်း...ဤသည်မှာသိသိသာသာ သစ္စာဖောက်ခြင်းပင် ဖြစ်သည်။
“ငါ ဘာအပြစ်တွေ လုပ်ခဲ့လို့ တုကူယန်းလို သစ္စာမရှိတဲ့ မိန်းမမျိုးနဲ့ လာတွေ့ရတာလဲ။”
“အစ်ကိုချန်ယွီကတော့ တကယ်ကို အားကိုးထိုက်တာပဲ။ သူပြောပုံဆိုပုံက တကယ့်ကို အရှိန်အဝါရှိတယ်။”
ဘေးတွင်ရပ်နေသော ရဲ့လင်လင်မှာ ငါ ဘာကိုမှ ရှင်းပြစရာ မလိုဘူးဟု ပြောလိုက်သော ရှောင်ချန်ယွီကို ကြည့်ပြီး မျက်လုံးထဲတွင် ကြယ်လေးများ ဝေသွားရသည်။
ဟွမ်တောက်အဖွဲ့ဝင် တစ်ဦးအနေဖြင့် ယွီထျန်းဟန်၏ ပါရမီနှင့် နောက်ခံမှာ မည်မျှ ကြီးမားသည်ကို ရဲ့လင်လင် ကောင်းကောင်းသိသည်။
အဆင့်၃၂ ရှိပြီး အပြာရောင်လျှပ်စီး နဂါးဘုရင် ဝိညာဉ်ကို ပိုင်ဆိုင်ထားသော ယွီထျန်းဟန်မှာ ယှဥ်ပြိုင်ရန် လွယ်ကူသော ပြိုင်ဘက် မဟုတ်ပေ။
ယခုအချိန်တွင် ရှောင်ချန်ယွီမှာ အဆင့် ၁၉ သာ ရှိသေးသည်ကို သတိပြုရမည်။ ရှောင်ချန်ယွီသည် တုကူယန်းကို အနိုင်ယူခဲ့သော်လည်း တုကူးယန်၏ မြွေဝိညာဉ်မှာ ထိန်းချုပ်မှုစနစ်သာ ဖြစ်သည်။
တစ်ဖက်တွင်မူယွီထျန်းဟန်၏ ဝိညာဉ်မှာ ဝိညာဉ်ကုန်းမြေတွင် အင်အားအကောင်းဆုံး သားရဲဝိညာဉ် ဖြစ်သည်။ ထိုသို့သော ပြိုင်ဘက်ကို ရင်ဆိုင်ရသော်လည်း ရှောင်ချန်ယွီမှာ အနည်းငယ်မျှ နောက်ဆုတ်ခြင်း မရှိပေ။
ဤသည်မှာမိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူများသာ လုပ်ရဲသော အပြုအမူ ဖြစ်သည်။
“ရှောင်ချန်ယွီရဲ့ နောက်လိုက်အဖြစ် ရွေးချယ်ခဲ့တာ တကယ်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။”
ရဲ့လင်လင်တွေးလိုက်မိသည်။
“ဒီယွီထျန်းဟန်က အရမ်းဒေါသထွက်နေပုံပဲ။ သူ့ရဲ့ အစွမ်းကလည်း မဆိုးဘူး။ သူက အစ်ကိုချန်ယွီကို နာကျင်အောင် လုပ်နိုင်မှာလား။”
ရှောင်ဝူသည်ဒေါသထွက်နေသော ယွီထျန်းဟန်ကို ကြည့်ပြီး စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။
ရှောင်ဝူသည် သူမ၏ အစ်ကိုချန်ယွီ တစ်နေ့တွင် ဝိညာဉ်ကုန်းမြေ၏ အထွက်အထိပ်၌ ရပ်တည်နိုင်မည်ကို အနည်းငယ်မျှ သံသယမရှိပေ။
သူမသည်ရှောင်ချန်ယွီကို အကြွင်းမဲ့ ယုံကြည်သူ ဖြစ်သည်။ သို့သော်လည်း လက်ရှိ ရှောင်ချန်ယွီမှာ ကြီးထွားလာဆဲ ကာလတွင်သာ ရှိသေးသည်။
ယွီထျန်းဟန်မှာရှောင်ချန်ယွီထက် အနည်းဆုံး ၅ နှစ် ၆ နှစ်ခန့် ပိုကြီးသည်။ ဝိညာဉ်သခင်တစ်ဦး၏ လူငယ်ဘဝသည် အမြန်ဆုံး ကြီးထွားသည့် အချိန်ဖြစ်သဖြင့် အသက်တစ်နှစ် နှစ်နှစ် ကွာခြားချက်မှာပင် အင်အားကွာဟချက် ကြီးမားနိုင်ပေသည်။
ထို့ပြင် ယွီထျန်းဟန်သည် ထျန်းတိုတော်ဝင်အကယ်ဒမီ တွင် အင်အားအကောင်းဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
အကောင်းဆုံးထဲမှအကောင်းဆုံးများကိုသာ ဟွမ်တောက်အဖွဲ့အတွက် ရွေးချယ်ခြင်းဖြစ်ပြီး ထိုအထဲမှ အတော်ဆုံးသူကသာ အဖွဲ့ခေါင်းဆောင် ဖြစ်ခွင့်ရခြင်း ဖြစ်သည်။
“ရှောင်ချန်ယွီ... မင်း တကယ်ကို တော်တာပဲ။”
ယွီထျန်းဟန်သည် ဒေါသအလွန်ထွက်သဖြင့် ရယ်ပင်ရယ်မိသွားသည်။ သူ၏နောက်ကွယ်မှ အပြာရောင်လျှပ်စီး နဂါးဘုရင် ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲမှ အချိန်မရွေး ပေါက်ကွဲထွက်လာတော့မည့်အတိုင်း လှုပ်ခတ်နေသည်။
ယခုအချိန်တွင်သူသည် တုကူယန်း၏ အကြောင်းကို ဘေးဖယ်ထားလိုက်ပြီ ဖြစ်သည်။ အမျိုးသားတစ်ဦးအနေဖြင့် မိမိချစ်သူကို ပြန်လည် ရိုက်နှက်ရန် မဖြစ်နိုင်သဖြင့် ရှောင်ချန်ယွီမှာ သူ၏ ရန်လိုမှုအားလုံးကို ခံယူရမည့်သူ ဖြစ်လာသည်။
သူသည် ရှောင်ချန်ယွီကို အပြတ်အသတ် အနိုင်ယူပြီး သူ၏ရင်ထဲမှ ဒေါသများကို ဖွင့်ထုတ်ချင်နေသည်။
တစ်ဆက်တည်းမှာပင်ရှောင်ချန်ယွီမှာ သူ့ကို မယှဉ်နိုင်သော လူချောလေးတစ်ဦးသာ ဖြစ်ကြောင်း တုကူယန်းကို သက်သေပြချင်နေသည်။
“အစ်ကိုဟန်... မလုပ်ပါနဲ့ ရှောင်ချန်ယွီက အရမ်းသန်မာတယ်။”
ယွီထျန်းဟန်၏ အမူအရာကို ကြည့်ပြီး တုကူယန်းက အလျင်အမြန် တားဆီးလိုက်ရသည်။ ၎င်းမှာ ရှောင်ချန်ယွီကို သနား၍ မဟုတ်ဘဲ ရှောင်ချန်ယွီ၏ အစွမ်းကို သူမကိုယ်တိုင် မြည်းစမ်းခဲ့ရဖူးသောကြောင့် ဖြစ်သည်။
သန်မာသည်။ သူသည် အားနည်းချက်မရှိအောင် သန်မာလွန်းသည်။
အမှန်အတိုင်း ပြောရလျှင် သူမသည် ယွီထျန်းဟန်၏ အစွမ်းကို ယုံကြည်သော်လည်း ရှောင်ချန်ယွီနှင့် တွေ့ပြီးနောက်တွင် တွင်းထဲက ဖားဆိုသည့် အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
ရှောင်ချန်ယွီနှင့်တိုက်ခိုက်ခဲ့ရခြင်းက သူမ၏ ယုံကြည်မှုကို လုံးဝ ဖျက်ဆီးပစ်ခဲ့သည်။ ယွီထျန်းဟန် အနိုင်ရခဲ့လျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရနိုင်သဖြင့် မိမိချစ်သူ ဒဏ်ရာရမည်ကို သူမ မလိုလားပေ။
“ငါက ဒီသောက်ကောင်လေးကို မနိုင်ဘူးလို့ မင်းကထင်နေတာလား။”
ယွီထျန်းဟန်က တုကူးယန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။.
‘တုကူယန်း... နင်က ငါ့ချစ်သူလေ။ ငါက ဒီရှောင်ချန်ယွီကို ပညာပေးမလို့ လုပ်နေတာကို နင်က မကူညီတဲ့အပြင် လာတားနေသေးတယ်ပေါ့။ ဒါတောင် နင်တို့ကြားမှာ ဘာမှမရှိဘူးလို့ ပြောနိုင်သေးတယ်လား။’
“မမယန်... နင် ရှောင်ချန်ယွီအကြောင်းကို မပြောသင့်တော့ဘူး။”
ရဲ့လင်လင်မှာအခြေအနေ မဟန်တော့သည်ကို မြင်သဖြင့် မျက်နှာကို လက်နှင့် အုပ်လိုက်မိသည်။
‘မမယန်.. နင် အမြဲတမ်း ဉာဏ်ကောင်းတတ်ရက်နဲ့ အခုလို အရေးကြီးတဲ့ အချိန်ကျမှ ဘာလို့ ဒီလောက် တုံးနေရတာလဲ။ ကိုယ့်ချစ်သူရှေ့မှာ တခြားအမျိုးသားတစ်ယောက်အကြောင်း ပြောတာက ရန်ပွဲကို တားတာမဟုတ်ဘဲ မီးလောင်ရာ လေပင့်နေတာပဲ။’
“ဟွန့် တုကူယန်း... နင် တခြားသူကို ဒီလောက် ဂရုစိုက်တတ်မယ်လို့ ငါ မထင်ထားဘူး။ ဒါပေမဲ့ အစ်ကိုချန်ယွီက နင့်ရဲ့ စိုးရိမ်မှုကို မလိုဘူး။ အစ်ကိုချန်ယွီရဲ့ မျက်လုံးထဲမှာတော့ နင့်ချစ်သူဆိုတာ ရွှံ့ရုပ် အိုးပုပ်လေးလိုပါပဲ။တစ်ကွက်တည်းနဲ့တင် အမှုန့်ဖြစ်သွားမှာ။”
ရှောင်ဝူက မနာလိုစိတ်ဖြင့် ပြောလိုက်သည်။
‘တုကူယန်း... နင် ငါ့အစ်ကိုချန်ယွီကို စိတ်ဝင်စားနေတာ သေချာတယ်။ နင် အခုလို ရန်ပွဲကို တားနေတာက အစ်ကိုချန်ယွီ ဒဏ်ရာရမှာ ကြောက်လို့ မဟုတ်လား။ ဒါပေမဲ့ အစ်ကိုချန်ယွီက နင့်ချစ်သူထက် အများကြီး ပိုသန်မာတယ်။’
ရှောင်ဝူ၏ စကားများမှာ မီးလောင်ရာ လေပင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
“ဟက် စိုးရိမ်တယ်ပေါ့ ဟုတ်လား။ ရှောင်ချန်ယွီ... မင်းမှာ သတ္တိရှိရင် မိန်းမနောက်မှာ ပုန်းမနေနဲ့။ သတ္တိရှိရင် ငါနဲ့ တိုက်စမ်း။”
ယွီထျန်းဟန်မှာအကြီးအကျယ် စိတ်ဒဏ်ရာရသွားပြီး ရှောင်ချန်ယွီကို ဒေါသတကြီး စိန်ခေါ်လိုက်လေတော့သည်။