အစာလုယူခြင်း (၁)
Vol. 57 Ch. 986
နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် ကောင်းကင်တစ်ခုလုံး လင်းလာပြီး ထူးဆန်းသောဖြစ်စဉ်များသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ ပင်လယ်နက်အောက်ခြေရှိ အမှောင်ဒီရေများသာ ကျန်ရစ်တော့သည်။
လင်းရှန်နှင့် အဖွဲ့သားများသည် မြေအောက်အခြေစိုက်စခန်းမှ ထွက်ခွာလာပြီးနောက် ပင်လယ်ပြင်ထက်တွင် မြင့်မားစွာပျံသန်းကာ အလယ်ပိုင်းဒေသရှိ အနန္တရထားဆီသို့ ဦးတည်လိုက်ကြသည်။
“ယူနီဂါ-၁”
“ဒါက အစာကျွေးတဲ့ နေရာပဲ။ ဒီလောက်ကြီးတဲ့ ကျွန်းကြီးမှာ လူသူမရှိရုံတင်မက ဖုတ်ကောင်တွေတောင် ဘာလို့တစ်ကောင်မှ မရှိတာလဲဆိုတာ အံ့သြစရာ မရှိတော့ဘူး။ ဒီ ယူနီဂါ-၁ ဆိုတာ ကမ္ဘာ့အဆင့်-သမုဒ္ဒရာနတ်ဘုရားများဖြစ်နေမလား”
နန်ကျင်းက သုံးသပ်လိုက်သည်။
“သေချာသလောက်ရှိတယ်။ ဒါကြောင့်လည်း မြင့်မြတ်မြို့တော်က သွေးဆောင်ဖြားယောင်းဆေးရည်နဲ့ အဲဒီသားရဲကြီးကို မျှားခေါ်နိုင်ခဲ့တာပေါ့။ ဒါကို ကြည့်ရင် အဲဒီသမုဒ္ဒရာနတ်ဘုရားကြီးရဲ့ လှုပ်ရှားတဲ့နယ်မြေဟာ ဒီပင်လယ်ပြင်ရဲ့ ကီလိုမီတာ ရာဂဏန်းအတွင်းမှာ ရှိနေတယ်လို့ ယူဆရမယ်”
စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော လင်းရှန်သည် အရှေ့ဆုံးမှ လျင်မြန်စွာ ပျံသန်းရင်း အောက်ဘက်ရှိ နက်မှောင်သော ရေပြင်ကို တစ်ချက်ကြည့်ကာ လမ်းကြောင်း ရုတ်တရက် ပြောင်းလိုက်သည်၊၊
“ငါတို့ တခြားတစ်နေရာကို သွားမယ်”
“ဘယ်ကိုလဲ”
“Neptune”
လင်းရှန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
“ငါ့အထင်သာ မှန်မယ်ဆိုရင် ပင်လယ်လင်းယုန်အုပ်စုမှာလည်း လျှို့ဝှက်ချက်တွေ အများကြီးရှိနေဦးမှာပဲ”
ဝုန်း... ဂျိမ်း…
မိုးလင်းစပြုပြီဆိုသော်လည်း ယနေ့ ရာသီဥတုမှာ အလွန်အမင်းအုံ့မှိုင်းနေကာ မုန်တိုင်းကျတော့မည့်အလား မိုးခြိမ်းသံများ အဆက်မပြတ်မြည်ဟည်းနေသည်။ ၎င်းက ကီကီကို မနေ့က အဖြစ်အပျက်များအား ပြန်လည်အမှတ်ရစေသဖြင့် သူမက ချက်ချင်းပင် ပြောလိုက်သည်။
“ဒီက မုန်တိုင်းမှာ ရောင်ခြည်သင့်မှုနှုန်း ဘာလို့ဒီလောက်မြင့်နေရတာလဲဆိုတာ အခုမှ သိတော့တယ်။ ရေအောက်နျူကလီးယား အငွေ့ပျံမှုတွေကြောင့် ဖြစ်နေတာပဲ”
“ဖြစ်နိုင်တယ်”
ကီကီက မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီးဖြင့် လင်းရှန်ကို ပြောလိုက်သည်။
“လင်းရှန်... ကျွန်မစဉ်းစားကြည့်တာလေ… ဂါလန်မီးတောင် ပေါက်ကွဲတာကလည်း အဲဒီ ယူနီဂါ-၁ နဲ့ ပတ်သက်နေမလား”
“အဲဒါကိုတော့ တခြားတစ်ယောက်ကို မေးကြည့်ရမယ်”
“ဘယ်သူ့ကိုလဲ”
“ရိုင်ယန်” လင်းရှန်က ပြန်ဖြေလိုက်သည်။
“သူက ရေအောက်မီးတောင်တွေအကြောင်းကို တော်တော်လေးသိပုံရတယ်”
ကီကီသည် လင်းရှန်၏ လေသံထဲမှ ရည်ရွယ်ချက်ကို ရိပ်မိသဖြင့် ဆက်မမေးတော့ပေ။ သူတို့အဖွဲ့သည် ကျွန်း၏ အနောက်ဘက်ခြမ်းကို တိုက်ရိုက်ဖြတ်ကျော်ကာ မနေ့က လမ်းကြောင်းအတိုင်း Neptune သင်္ဘောကြီးဆိုက်ကပ်ထားသည့် ရေပြင်ဆီသို့ ပျံသန်းလာခဲ့ကြသည်။
“မနေ့က သားရဲကြီးကြောင့် ဖြစ်သွားတဲ့ ဆူနာမီက အတော်ပြင်းတယ်။ ဒီလူတွေရဲ့ သင်္ဘောတော့ မှောက်မသွားလောက်ဘူးလို့ မျှော်လင့်ရတာပဲ”
လင်းရှန်က စိုးရိမ်တကြီး ရေရွတ်လိုက်သော်လည်း သူ ထင်သည့်အတိုင်းပင် ဖြစ်နေသည်။ အနီးသို့ မရောက်မီမှာပင် ပင်လယ်ပြင်အလယ်တွင် ဆိုက်ကပ်ထားသော နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးနှင့် ၎င်းကို ဝိုင်းရံထားသော အပျက်စီးပုံများကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ရိက္ခာတင်သင်္ဘောကြီးတစ်စီးမှာ မှောက်လျက်သားဖြစ်နေပြီး အသေးစားပျံသန်းရေးယာဥ်များစွာကလည်း အလုပ်ရှုပ်နေကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် အခြေအနေမဟန်မှန်း သိသာလှသည်။
Neptune ၏ ဘယ်ဘက်ကုန်းပတ်ပေါ်တွင် နံနက်ခင်းအလင်းရောင်နှင့်အတူ ပျက်စီးနေသောနေရာများမှာ သိသိသာသာပေါ်လွင်နေသည်။ စောင်းနေသော ပြေးလမ်းပေါ်တွင် ရိုင်ယန်သည် ယန္တရားအဖွဲ့ကို ညွှန်ကြားကာ ရိက္ခာများကို ဆယ်ယူနေသည်။ အဲရစ်ကာ၊ အက်ဇ်လန်၏ ပျံသန်းရေးအဖွဲ့နှင့် သင်္ဘောအချို့မှာလည်း မှောက်နေသော ရိက္ခာသင်္ဘောကို ပြန်လည်တည့်မတ်ရန် အစွမ်းကုန်ကြိုးစားနေကြသည်။ ပင်လယ်လင်းယုန်အုပ်စုမှာလည်း တစ်ဖွဲ့လုံးနီးပါး အင်အားသုံးနေရသည့် အနေအထားပင်။
“ဒီရေက ပြန်တက်လာပြီ။ အပိုကျောက်ဆူးကြိုးတွေကို ချလိုက်တော့”
ကုန်းပတ်ပေါ်ရှိ စိုက်ခင်းမှာ အကုန်နီးပါးပျက်စီးသွားပြီဖြစ်ကာ အသက်ရှင်ကျန်ရစ်သူတစ်စုမှာ ပျက်စီးနေသော အတားအဆီးများကို ရှင်းလင်းနေကြသည်။ ထိုစဉ် ကင်းမျှော်စင်အနားရှိ လက်ကိုင်တာမီနယ်ကို အသုံးပြုနေသော ဗန်နက်ဆာက ခေါင်းမော့ကြည့်လိုက်ရာ သူမအနားရှိ ရေဒါလေးက ရန်သူ့တုံ့ပြန်မှုကို အချက်ပြလိုက်ပြီး ပစ်မှတ်ကို ဖမ်းယူမိလိုက်သည်။
“ရိုင်ယန်... နင်ပြောတာ မှန်တယ်။ သူတို့ ရောက်လာပြီ”
ပြောပြောဆိုဆိုနှင့် ဗန်နက်ဆာသည် ကင်းမျှော်စင်ပေါ်မှ ခုန်ချလိုက်ကာ ထူးဆန်းသောလှိုင်းလုံးတစ်ခုကို စီးနင်းလျက် မြေပြင်ပေါ်သို့ တည့်ငြိမ်စွာ ဆင်းသက်လိုက်သည်။ အခြားတစ်ဖက်တွင်လည်း နေကာမျက်မှန်တပ်ထားသော ရိုင်ယန်သည် ဂေဒီ၊ အဲရစ်ကာတို့နှင့်အတူ ချဉ်းကပ်လာသည်။
“သူတို့ မြင့်မြတ်မြို့တော်က လူတွေနဲ့ တွေ့ခဲ့ပုံရတယ်”
ဝူး...
ဂျက်သံပြင်းပြင်းက လေထုကို ခွင်းလျက် လင်းရှန်နှင့် အဖွဲ့သား ၆ ဦးတို့မှာ ကုန်းပတ်ပေါ်သို့ တိုက်ရိုက်ဆင်းသက်လိုက်ကြသည်။ ပတ်ဝန်းကျင်မှ ဖရိုဖရဲအခြေအနေများကို မြင်လိုက်ရသောအခါ လင်းရှန်က မျက်နှာဖုံးကို ချွတ်လိုက်ပြီး မေးလိုက်သည်။
“လူတွေထိခိုက်တာရှိလား”
“ဒဏ်ရာရတဲ့သူတွေတော့ အတော်များတယ်။ ဒီလောက်ပြင်းတဲ့ ဆူနာမီက နောက်ပြောင်စရာမဟုတ်ဘူးလေ”
ရိုင်ယန်က သူ၏ နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း လင်းရှန်ကို ပြုံးပြလိုက်သည်။
“ဓားကိုင်ဆောင်သူဆိုတဲ့ နာမည်နဲ့လိုက်အောင် တော်တာပဲ။ ငါတို့ရဲ့ ကင်းထောက်လေယာဉ်က အနောက်ဘက်ကမ်းခြေမှာ မွန်းစတားကြီးနဲ့ တိုက်ခိုက်နေတာကို တွေ့ခဲ့တယ်။ မင်းတို့ ဘယ်လိုတောင် အထိအခိုက်မရှိပဲ ပြန်လာနိုင်တာလဲ”
ဂျိမ်း...
ရုတ်တရက် အဝေးရှိ ရိက္ခာတင်သင်္ဘောကို ဆွဲနေသော ကေဘယ်ကြိုးတစ်ချောင်းမှာ ပြတ်ထွက်သွားကာ ရေထဲသို့ ရိုက်ခတ်သွားရာ ဆယ်မီတာခန့် မြင့်သော ရေတံတိုင်းကြီး တစ်ခု ပေါ်ထွက်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရိုင်ယန် ချက်ချင်းပင် မျက်နှာပျက်သွားသည်၊၊
“ဂေဒီ... ဗန်နက်ဆာ... သွားကူလိုက်ကြဦး”
“မလိုပါဘူး”
လင်းရှန်က အခြေအနေကို ကြည့်ကာ ကီကီကို မျက်ရိပ်ပြလိုက်သည်။
“နားလည်ပြီ”
ကီကီက အနည်းငယ် ပြုံးပြကာ မှောက်နေသော ရိက္ခာတင်သင်္ဘောကြီးဆီသို့ ပျံတက်သွားသည်။ သူမ၏ မျက်လုံးများထဲတွင် စိတ်စွမ်းအားများတောက်ပလာပြီး လက်ကိုမြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအားမှာ သင်္ဘောတစ်စီးလုံးကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူမက အင်အားသုံးလိုက်ရာ သင်္ဘောကြီးဆီမှ သတ္တုမြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ပျံသန်းရေးယာဥ်များမှာလည်း ဆွဲအားမှာ လျင်မြန်လာသည်ကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သင်္ဘောကြီးမှာ တဖြည်းဖြည်းနှင့် ပြန်လည်တည့်မတ်သွားခဲ့လေ၏။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင်တော့ ကီကီ၏ အကူအညီဖြင့် ရိက္ခာတင်သင်္ဘောကြီးမှာ ပြန်တည့်သွားပြီး သင်္ဘောပေါ်မှ ပင်လယ်ရေများမှာလည်း အရှိန်အဟုန်ဖြင့် စီးကျလာသည်။
“ကျေးဇူးပဲ”
ထိုအချင်းအရာကို ကြည့်ရင်း ရိုင်ယန်က ဗန်နက်ဆာနှင့် တခြားသူများကို လှည့်ကြည့်ကာ ပုခုံးတွန့်ပြလိုက်သည်။
“တစ်ခါတလေကျတော့လည်း တိုက်ခိုက်ရေးစွမ်းရည်တစ်ခုတည်းက အရာရာမဟုတ်ဘူးပဲ။ ဒီစိတ်စွမ်းအားကတော့ တကယ်ကို အံ့သြစရာပဲ။ မနေ့က မွန်းစတားကြီးက ငါတို့ကို ကြောက်ပြီး ကျောက်ရုပ်လိုဖြစ်သွားစေတယ်။ အဲဒီကောင်ကြီး ရှေ့မှာဆိုရင် ငါတို့ရဲ့ လေယာဉ်တင်သင်္ဘောကြီးက စက္ကူလှေလေးလိုပဲ”
“ဒါဆို မင်းတို့က တော်တော်ကံကောင်းတာပဲ။ ငါ မင်းတို့ဆီ ဘာလို့လာတယ်ဆိုတာသိလား”
လင်းရှန်က ပြောလိုက်သည်။
ဗန်နက်ဆာနှင့် တခြားသူများ၏ အကြည့်မှာ လင်းရှန်ဆီသို့ ရောက်လာကြပြီး တစ်ယောက်စီတွင် မတူညီသောခံစားချက်များရှိနေကြသည်။
ရိုင်ယန်က အနည်းငယ် ပြုံးလိုက်သည်၊၊
“ငါတို့နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်ပြီလား”
လင်းရှန်က ခေါင်းခါပြလိုက်သည်။
ရိုင်ယန်၏ အပြုံးမှာ အေးခဲသွားသည်၊၊
“ဒါဆို မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”
လင်းရှန်က ပြန်ရောက်လာသော ကီကီကို လက်ညှိုးထိုးပြသည်၊၊
“မင်းတို့ မြင်တဲ့အတိုင်းပဲ။ မင်းတို့ရဲ့ အသက်တွေကို ကယ်ဖို့ လာတာပဲ”
ရိုင်ယန်က လင်းရှန်ကို သံသယများဖြင့် ကြည့်လိုက်သည်၊၊
“ဘာကိုဆိုလိုတာလဲ”
“ဘာလို့ ငါတို့ကို ကယ်ဖို့လိုမှာလဲ”
ရိုင်ယန်၏ အနောက်မှ အဲရစ်ကာက စိတ်ရှုပ်ထွေးဟန်ဖြင့် ထွက်လာသည်၊၊
“အားမနာတမ်းပြောရရင်တော့ ကပ္ပတိန်လင်း... အခုအကျပ်ရိုက်ပြီး ကျွန်းပေါ်မှာ ပိတ်မိနေတာက ငါတို့ မဟုတ်ဘူးနော်”
“ဒါဆို ဂါလန်မီးတောင် ပေါက်ကွဲတော့မယ်ဆိုတာ သိသိကြီးနဲ့ မင်းတို့ ဘာလို့ထွက်မသွားကြတာလဲ”
လင်းရှန်က တည်ငြိမ်သော မျက်နှာအမူယာဖြင့် ပင်လယ်လင်းယုန်အုပ်စု၏ အမာခံအဖွဲ့ဝင်များကို အကဲခတ်လိုက်သည်၊၊
“သလင်းကျောက်အတွက်လား… တားမြစ်ပစ္စည်းကြောင့်လား… ဒါမှမဟုတ် ကျွန်းအောက်ခြေမှာ တစ်ခုခုရှိနေလို့လား”
ထိုစကားကို ကြားသောအခါ ရိုင်ယန်၏ အနည်းငယ် မျက်နှာပျက်သွားပြီး လင်းရှန်ကို ကြည့်လိုက်သည်၊၊
“မင်း ကျွန်းပေါ်ကို ရောက်ခဲ့တာလား”
“လမ်းမှာ မြင့်မြတ်မြို့တော်က လူတွေကို ရှင်းခဲ့သေးတယ်”
ကီကီက လက်ပိုက်လျက် သူမ၏ မျက်နှာမော့လိုက်သည်၊၊
“ဒီနေရာမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိနေတာပဲ။ ရှင်တစ်ခုခုသိထားတာ ရှိလား”
ထိုစကားကြောင့် ဗန်နက်ဆာနှင့် တခြားသူများသည် ရိုင်ယန်ကို လှည့်ကြည့်လိုက်ကြပြီး ရိုင်ယန်၏ အမူအရာမှာလည်း အနည်းငယ်တင်းမာသွားသည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ အကြည့်မှာ လင်းရှန်ထံသို့ ကျရောက်လာသည်။
“အဆင်ပြေမယ်ဆိုရင် အထဲမှာ စကားပြောလို့ ရမလား”
“ကောင်းပြီ”