အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁) - မှော်အစွမ်းလေလား…
သုံးရက်တာ ကုန်လွန်သွားခဲ့လေပြီ။
ချင်ရွှေရွာနှင့် လီကျားရွာရှိ လူအများစုအတွက်မူ ထိုသုံးရက်တာသည် ရှည်လျားလွန်းသော သုံးနှစ်တာကာလကြီးတစ်ခုလိုပင်။
ချန်ရှင်းနောက်မှ လိုက်ပါလာသူများ၏ ရင်ထဲမှာတော့ ခံစားချက်များ ကမောက်ကမ ဖြစ်နေကြ၏။ သူ့အပေါ် မျက်စိမှိတ် ယုံကြည်ထားမှုနှင့် မသေချာလှသည့် အနာဂတ်အတွက် စိုးရိမ်ကြောက်ရွံ့မှုတို့က ရောထွေးနေတော့သည်။
တစ်ဖက်မှာလည်း ချန်ရှင်းတစ်ယောက် အရှက်တကွဲ အကျိုးနည်းဖြစ်မည်ကို ထိုင်စောင့်နေကြသူများက လယ်ကန်သင်းရိုးများပေါ်တွင် နေ့စဉ်ရက်ဆက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြလေသည်။ သူတို့ပါးစပ်မှလည်း အောက်တန်းကျကျ စကားလုံးများကို ပက်ပက်စက်စက် ထုတ်ပြောနေကြရင်း ချန်ရှင်း၏ စမ်းသပ်လယ်ကွက်ထဲမှ စပါးပင်များ ညတွင်းချင်း သေကုန်ပါစေဟု ကျိန်ဆိုနေကြလေသည်။
နောက်ထပ် အရုဏ်ဦးတစ်ခုမှာတော့…
မှော်ဆန်ဆန် အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာခဲ့လေပြီ။
လယ်တောသို့ အစောကြီး ထွက်လာကြသူတိုင်းက ခြေလှမ်းများ ရုတ်တရက် တန့်ရပ်သွားကြပြီး တစ်နေရာတည်းတွင် တောင့်တင်းသွားကြသည်။ သူတို့၏ မျက်လုံးများက ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသားဖြစ်ကာ လယ်ကွက်ဆီသို့သာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။
အကောင်းစား မြေဩဇာများ ပက်ကျွေးထားခဲ့သည့် ချန်အယ်တန့်၏ စမ်းသပ်လယ်ကွက်လေးသည် နတ်ဘုရားတစ်ပါးကပဲ ဆင်းသက်လာပြီး ဖန်ဆင်းပေးသွားလေသလား အောက်မေ့ရလောက်အောင် မယုံနိုင်စရာ ပြောင်းလဲသွားခဲ့လေပြီ။
ယခင်က ညှိုးရော်ကာ ပိန်လှီဖျော့တော့နေခဲ့သည့် စပါးပင်လေးများက ယခုအခါ အတားအဆီးမဲ့စွာ ထွားကျိုင်းလာခဲ့ပြီး ညတွင်းချင်းပင် အနားရှိ လယ်ကွက်များထက် အဆမတန် မြင့်မားနေခဲ့ပြီ မဟုတ်ပါလား။
အပင်များ၏ အရောင်အဆင်းမှာလည်း ယခင်ကလို အဝါရောင်သမ်းနေသည့် ရှူနာရှိုက်ကုန်းပုံစံ မဟုတ်တော့ဘဲ အစိမ်းရင့်ရောင် မှိုင်းနေလေသည်။ ပြောင်လက်တောက်ပနေသော ထိုစပါးပင်များက နံနက်ခင်း နေရောင်ခြည်အောက်တွင် ကျန်းမာသန်စွမ်းလှသည့် အငွေ့အသက်များကို ထုတ်လွှင့်လျက် ဝင်းလက်နေကြသည်။
စပါးတစ်ပင်စီတိုင်းက ထူးကဲစွာ တုတ်ခိုင်သန်မာလာခဲ့ပြီး သွေးဆူနေသော လူငယ်စစ်သားလေးများ တန်းစီရပ်နေသည့်အလား မားမားမတ်မတ် ရှိလှသည်။
၎င်းတို့၏ ကြီးထွားမှုနှုန်းမှာ အလွန်တရာ မှော်ဆန်လှ၏။ မြေဩဇာ မပက်ထားရသည့် ပတ်ဝန်းကျင်ရှိ လယ်ကွက်များကို ကျော်လွန်နေသည်သာမက ရွာထဲတွင် မြေဩဇာအသုံးပြုထား၍ အသန်စွမ်းဆုံးဟု ဆိုရမည့် လယ်ကွက်များနှင့် နှိုင်းယှဉ်လိုက်လျှင်ပင် ထိုလယ်ကွက်များက အာဟာရချို့တဲ့နေသည့် ရောဂါသည်စပါးပင်များလို သနားစရာ ဖြစ်သွားရလေသည်။
လယ်သမား အဘိုးအိုတစ်ဦးဆိုလျှင် သူမြင်နေရသည်များက ထင်ယောင်ထင်မှား မဟုတ်ကြောင်း ယုံကြည်နိုင်ရန်အလို့ငှာ သူ့မျက်လုံးများကို အကြိမ်ကြိမ် ပွတ်သပ်ကာ သူ့ပေါင်ကိုပါ အားပါးတရ ဆိတ်ဆွဲလိုက်မိပြီး နာကျင်လွန်း၍ မျက်နှာကြီး ရှုံ့မဲ့သွားရသည်အထိပင်။
ထို့နောက် သူက လယ်ကွက်ဆီသို့ ကတုန်ကရင် ညွှန်ပြလိုက်သည်။ သူ့နှုတ်ခမ်းများမှာ အတန်ကြာသည်အထိ တုန်ယင်နေခဲ့ပြီး စကားတစ်ခွန်းမှပင် ထွက်မလာနိုင်ခဲ့ချေ။
"အမလေး... ဘုရား ဘုရား..."
ချန်အယ်တန့်မှာမူ လယ်ကန်သင်းရိုးစွန်းတွင် ရပ်လျက် အရေခွံလဲထားသလို အသစ်တစ်ဖန် ပြောင်းလဲသွားသည့် သူ့စပါးပင်များကို ကြောင်အအကြီး စိုက်ကြည့်နေမိသည်။
သူက စက္ကန့်သုံးဆယ်ခန့် ကြောင်ငေးနေ၏။ ထို့နောက် ဘုန်းခနဲမြည်သံနှင့်အတူ ခြောက်ပေကျော် အရပ်အမောင်းရှိသည့် ဤလူသန်ကြီးက ရွှံ့ဗွက်များ ပြည့်နှက်နေသော လယ်ကန်သင်းရိုးပေါ်သို့ အားပါးတရ ဒူးထောက်ချလိုက်လေတော့သည်။
"ဝါး..."
သူက မျက်ရည်များ နှပ်များ ပေပွနေသည့် မျက်နှာဖြင့် ငိုတစ်လှည့် ရယ်တစ်လှည့် ဖြစ်နေကာ ကိုယ့်ပါးကိုပင် ပြန်ရိုက်နေမိတော့သည်။
"အံ့သြစရာကြီးပဲဗျာ... တကယ့်ကို အံ့မခန်းပဲ။ အစ်ကို ချန်ရှင်း...၊ အစ်ကို ချန်ရှင်းကတော့ သက်ရှိနတ်ဘုရားပဲဗျို့"
ရွာနှစ်ရွာလုံး အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
ချန်ရှင်းနှင့်အတူ မြေဩဇာစပ်ခဲ့ကြသည့် ရွာသားများမှာ အစပိုင်းတွင် အံ့သြမှင်တက်သွားခဲ့သော်လည်း မကြာခင်မှာပင် ကမ္ဘာမြေထတုန်မတတ် ပျော်ရွှင်မှုကြီး ပေါက်ကွဲထွက်လာတော့သည်။
သူတို့က လက်ထဲရှိ တန်ဆာပလာများကို ပစ်ချပြီး စမ်းသပ်လယ်ကွက်ဆီသို့ အရူးအမူး ပြေးသွားကြတော့၏။ အစိမ်းရင့်ရောင် တောက်နေသော စပါးပင်လေးများကို ရှားပါးရတနာတစ်ခုကို ကြည့်နေသည့်အလား ဝိုင်းအုံကြည့်ရှုနေကြပြီး စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေကြလေသည်။
"ဘုရားရေ... ဒီ... ဒီမြေဩဇာက အစွမ်းထက်လွန်းလှချည်လား"
"ဒါ မြေဩဇာ မဟုတ်ဘူး...၊ တန်ခိုးရှင်တွေရဲ့ နတ်ဆေးကြီးကွ"
"ကြည့်မနေကြနဲ့တော့။ မင်းတို့က ဘာကို ကြည့်နေကြတာလဲ။ အိမ်အမြန်ပြန်ပြီး မြေဩဇာတွေ သွားယူကြစမ်း။ ငါတို့ လယ်တွေမှာလည်း သွားသုံးရအောင်လေ"
ထိုစကားတစ်ခွန်းက လူတိုင်းကို အိပ်မက်မှ လန့်နိုးသွားစေသည်။
ရွာသားများက ဆက်ပြီး အံ့သြမနေနိုင်တော့ဘဲ အော်ဟစ်ကာ အိမ်သို့ ပြေးကြတော့သည်။ ထို့နောက် ထမ်းပိုးများကို ထမ်း၊ မြေဩဇာပုံးများကို ဆွဲကာ ရွာအနောက်ဘက်စွန်းရှိ မြေဩဇာစပ်သည့် တွင်းဆီသို့ ဦးတည် ပြေးလွှားသွားကြလေတော့သည်။
သူတို့ ချန်ရှင်းကို ကြည့်နေသည့် အကြည့်များမှာ ကိုးကွယ်ယုံကြည်မှုထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ အထွက်နှုန်းကောင်းစေရန် စောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ဖြင့် လူ့လောကထဲ ဆင်းသက်လာသော အရှင်လတ်လတ် နတ်ဘုရားတစ်ပါးကို ကြည့်နေသည့်အလားပင်။
လီကျားရွာမှာတော့…
ရွှီဖူကွေ့ကို လူနုံလူအကြီးဟု ကျိန်ဆဲနေခဲ့သော ဝမ်ကွေ့ရှန်းသည် သတင်းကို ကြားကြားချင်း ချင်ရွှေရွာဘက်ဆီသို့ ပြေးလာခဲ့လေသည်။
ထိုအံ့မခန်း စပါးပင်များကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ သူမလည်း စိတ်လှုပ်ရှားလွန်း၍ လဲသေမတတ် ဖြစ်နေတော့သည်။
နောက်မှလိုက်လာကာ အံ့သြမှင်တက်နေသော ခင်ပွန်းဖြစ်သူကို ရွှီဖူကွေ့က ရုတ်တရက် လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် ပထမဆုံးအကြိမ်အဖြစ် အထင်ကြီးလေးစားမှုများ ပြည့်နှက်နေခဲ့သည်။
သူမက အပြေးကလေး သွားကာ ရွှံ့များပေကျံနေသော ရွှီဖူကွေ့၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး တုန်ယင်နေသော အသံဖြင့်"ယောက်ျားရယ်... ရှင်... ရှင်က တကယ်ကို ကျွန်မတို့ မိသားစုရဲ့ ကြယ်ကံကောင်းကြီးပါလား"
ရွှီဖူကွေ့က ဇနီးဖြစ်သူ၏ ရုတ်တရက် အပြောင်းအလဲကြောင့် မျက်နှာကြီး ရဲတက်သွားခဲ့သော်လည်း သူ့ရင်ထဲတွင်မူ ယခင်က တစ်ခါမှ မခံစားဖူးသည့် ဂုဏ်ယူဝင့်ကြွားမှုများ တစ်ဟုန်ထိုး တက်လာခဲ့ပြီး ခေါင်းမော့ရင်ကော့သွားချင်လောက်အောင်ပင် ကျေနပ်ဂုဏ်ယူသွားမိလေသည်။
တစ်ချိန်တည်းမှာပင် လှောင်ပြောင်ရယ်မောရန် စောင့်နေခဲ့ကြသည့် အဒေါ်ဝမ်နှင့် ရွာသားများမှာလည်း သတင်းကြားကြားချင်း ပြေးလာကြလေသည်။
သူတို့က စမ်းသပ်လယ်ကွက်အစွန်းသို့ တိုးဝှေ့ဝင်ရောက်လာပြီး ယုတ္တိမရှိလောက်အောင် သန်စွမ်းနေသည့် စပါးပင်များကို မြင်လိုက်ကြရသည်။ လူတိုင်း၏ မျက်နှာအမူအရာက သူတစ်ပါး အရှက်ကွဲသည်ကို ဝမ်းသာအားရ ဖြစ်ချင်နေသည့် အသွင်မှနေ၍ အံ့သြမှင်တက်မှုသို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
အဒေါ်ဝမ်၏ လှောင်ပြောင်ချင်နေသည့် အပြုံးကြီးမှာ လုံးဝ တောင့်တင်းသွားတော့သည်။ သူမက လယ်ကွက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေရင်း တီးတိုးရေရွတ်နေမိသည်။"မဖြစ်နိုင်တာ... ဒါ လုံးဝ မဖြစ်နိုင်ဘူး... ဘယ်လိုလုပ်ပြီး ချေးမြေဩဇာက... ချေးမြေဩဇာက ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ စပါးပင်တွေကို ဖြစ်ထွန်းစေရတာလဲ"
လွန်ခဲ့သည့်ရက်အနည်းငယ်က ချန်ရှင်းကို ဆိုးဆိုးရွားရွား ကျိန်ဆဲခဲ့သော အမျိုးသားမှာ အဝါရောင်သမ်းနေသော သူ့စပါးပင်များကို တစ်လှည့်၊ သူတစ်ပါး၏ စိမ်းလန်းနေသော စပါးပင်များကို တစ်လှည့် ကြည့်ရင်း နောင်တ တသီကြီး ရနေတော့သည်။ ထို့နောက် ရုတ်တရက် လက်ကို မြှောက်ကာ သူ့ပါးကိုသူ စိတ်ပါလက်ပါ နှစ်ချက်ဆင့် ရိုက်ချလိုက်ရာ ဖြန်းခနဲ အသံက အားရပါးရ ထွက်ပေါ်လာလေသည်။
နောက်တစ်နေ့ နံနက် မိုးမလင်းမီမှာပင် ချန်ရှင်းတို့အိမ်ရှေ့တွင် လူများစွာဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေခဲ့လေပြီ။
ယခင်က သူတို့နှင့်အတူ အလုပ်လုပ်ရန် ငြင်းဆန်ခဲ့ကြသူများ၊ ထိုမျှမက ဆဲဆိုစော်ကားခဲ့ကြသည့် ရွာသားများအားလုံး အခုတော့ အပြေးအလွှား ရောက်ရှိလာကြခြင်းပင်။
သူတို့၏ မျက်နှာများပေါ်တွင် ဖားယားချင်သော၊ နောင်တရနေသော အပြုံးများ အထင်းသား ပေါ်လွင်နေပြီး လူတိုင်း၏ လက်ထဲမှာလည်း လက်ဆောင်ပစ္စည်းကိုယ်စီ ကိုင်ဆောင်ထားကြ၏။
ကျန်းဆန်းတို့ မိသားစုက သူတို့အိမ်ရှိ အဆူဖြိုးဆုံး ကြက်မကြီးကို ပွေ့ချီလာသည်။ လီစစ်တို့ မိသားစုကမူ ခြောက်လတိုင်တိုင် စုဆောင်းထားခဲ့သော ချည်ထည်များကို ကိုင်ဆောင်လာကြသည်။ အခြားတစ်ယောက်ဆို ကြက်ဥတစ်ခြင်းကိုပင် ဆွဲလာခဲ့သေးသည်။
"အစ်ကို ချန်ရှင်း... အာ... မဟုတ်ပါဘူး၊ တူလေး ချန်ရှင်းရယ်..."
လွန်ခဲ့သည့် နှစ်ရက်ခန့်ကမှ ချန်ရှင်းအား လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲရေးတိုင်းထွာခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ယခုအခါ ရှေ့ဆုံးမှာ တိုးဝှေ့နေရာယူထားပြီး သူ၏ အရေးအကြောင်းအပြည့်မျက်နှာကြီးက ပန်းပွင့်ကြီးအလား ပြုံးဖြီးဖြီး ဖြစ်နေလေသည်။
"မင်း အရည်အချင်းကို မသိခဲ့တဲ့ ဦးလေးအမှားပါကွာ။ ဦးလေး ခဏလောက် မျက်စိကန်းသွားတယ်။ ကျေးဇူးပြုပြီး ဦးလေးတို့လို လူအိုကြီးတွေကို အငြိုးမထားပါနဲ့ကွယ်"
"ဟုတ်ပါတယ်... ဟုတ်ပါတယ် အစ်ကိုချန်"
လူငယ်တစ်ယောက်ကလည်း ဝင်ရောက် တောင်းပန်လာသည်။
"ကျွန်တော်တို့အားလုံး လောဘတက်ပြီး အဲဒီ အဒေါ်ဝမ်ဆိုတဲ့ စုန်းမအိုကြီး မြှောက်ပင့်ပေးတာကို နားယောင်မိသွားတာပါ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အစ်ကိုနဲ့အတူ အလုပ်လုပ်ခွင့်ပြုပါဗျာ။ အစ်ကို ဘာခိုင်းခိုင်း ကျွန်တော်တို့ စကားတစ်ခွန်းမှ မဟဘဲ လုပ်ပါ့မယ်"
အဒေါ်ဝမ်သည်လည်း လူအုပ်ကြီးထဲတွင် ရောက်နေခဲ့သည်။
သူမက ညှိုးနွမ်းနေသည့် တောဟင်းရွက် တောင်းငယ်လေးကို ကိုင်ကာ လူအုပ်ကြီး နောက်တွင် ပုန်းကွယ်နေပြီး ရှေ့ထွက်ချင်သော်လည်း မထွက်ရဲဘဲ ဖြစ်နေရှာ၏။
သူမ၏ မျက်နှာပေါ်တွင် ငိုချင်သော်လည်း ရယ်နေရသည့် အပြုံးတစ်ခု တွဲခိုနေသည်။ ယခင်က ရှိခဲ့ဖူးသော မောက်မာဝင့်ကြွားမှုများမှာ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။ အရှုံးပေးထားရသော ငုံးတစ်ကောင်ပမာ ခေါင်းကို ငုံ့ထားပြီး အသက်ပြင်းပြင်း မရှူရဲလောက်အောင် ဖြစ်နေလေသည်။
ခြံဝင်းအတွင်းမှာတော့ ချန်ရှင်းက ရွှီချင်းချင်း၊ ကျောက်ဖန်းအာတို့နှင့်အတူ မနက်စာ စားနေ၏။
အပြင်ဘက်မှ ဆူညံနေသော အသံများကို သူက လျစ်လျူရှုထားလိုက်သည်။
ရွှီချင်းချင်းကတော့ ဂုဏ်ယူမှုများနှင့် စိတ်ချယုံကြည်မှုများ အပြည့်အဝ ကိန်းအောင်းနေသည့် မျက်ဝန်းများဖြင့် ချန်ရှင်းကို ငေးကြည့်နေခဲ့သည်။
ကျောက်ဖန်းအာကမူ စိတ်သက်သာရာရသွားသည့်ဟန်ဖြင့်"မှတ်ကရောပဲ... အစောကြီးကတည်းက ဒီလို လာတောင်းပန်ရမှာကို"
နောက်ဆုံး ဆန်ပြုတ်တစ်ငုံ သောက်လိုက်ပြီးနောက် ချန်ရှင်းက တူကို ချ၊ ပါးစပ်ကို သုတ်လိုက်၏။ ထို့နောက် ခပ်ဖြည်းဖြည်းပဲ မတ်တတ်ထရပ်လိုက်ပြီး ခြံတံခါးဆီသို့ လျှောက်သွားလေသည်။
ချန်ရှင်း ပေါ်လာသည့် အခိုက်အတန့်တွင် အပြင်ဘက်မှ ဆူညံနေသော တောင်းပန်သံများ ချက်ချင်း တိတ်ဆိတ်သွားပြီး လူတိုင်းက အသက်အောင့်လျက် သူ့အား မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြတော့သည်။
ချန်ရှင်း၏ အေးစက်စက် အကြည့်များက လူတိုင်းအပေါ် တဖြည်းဖြည်း ဝေ့ဝဲသွားပြီး သူ ကြည့်လိုက်သူတိုင်းက အလိုအလျောက် ခေါင်းငုံ့သွားကြ၏။ မည်သူမှ သူနှင့် အကြည့်ချင်း မဆုံရဲကြချေ။
"ကောင်းပြီလေ..."
သူက တည်ငြိမ်စွာပင် စကားစလိုက်သည်။
"အားလုံး ထကြတော့။ ခင်ဗျားတို့ရဲ့ ပစ္စည်းတွေကို ပြန်ယူသွားကြပါ။ ကျွန်တော် မလိုချင်ပါဘူး"
လူတိုင်း ကြက်သေ သေသွားကြပြီး ချန်ရှင်းက သူတို့ကို ခွင့်မလွှတ်ချင်ဘူးဟု တွေးကာ စိတ်ဓာတ် အဆုံးထိ ထိုးကျသွားတော့သည်။
သူတို့၏ ကြောက်လန့်တကြား မျက်နှာများကို ကြည့်ရင်း ချန်ရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာပြီး သူက ဆက်ပြောလိုက်သည်။
"အလုပ်လုပ်ချင်တဲ့သူတွေ ဒီနေ့ကစပြီး ကျွန်တော်နဲ့ လာပူးပေါင်းပါ။ ဒါပေမဲ့ ဒါလေးတော့ ရှင်းရှင်းလင်းလင်း ပြောထားပါရစေ။ နောက်တစ်ကြိမ်သာ ဒီလိုမျိုး ထပ်ဖြစ်ခဲ့ရင် သိကြားမင်းကိုယ်တိုင် ဆင်းလာရင်တောင် ကျွန်တော့်အိမ်တံခါးဝကို ခြေချဖို့ မစဉ်းစားနဲ့တော့"
သူ့စကားသံ ဆုံးသွားသည်နှင့် လူအုပ်ကြီးမှာ သေမတတ် တိတ်ဆိတ်သွားပြီးနောက် မကြာခင်မှာပင် အားပါးတရ အော်ဟစ်သံကြီး ထွက်ပေါ်လာလေတော့သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုချန်... ကျေးဇူးတင်ပါတယ်ဗျာ"
"စိတ်ချပါ...၊ ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်ပြီး စော်ကားခဲ့ရင် မိုးကြိုးပစ်ခံရပါစေဗျာ"
ရွာသားများမှာ စိတ်လှုပ်ရှားလွန်း၍ ကပေါက်တိ ကပေါက်ချာ ပြောဆိုရင်း ချန်ရှင်းအား အရိုအသေပေး ဦးညွှတ်နေကြတော့သည်။
ထိုနေ့မှစ၍ ချန်ရှင်း၏ စည်စည်ကားကား ဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ချင်ရွှေရွာနှင့် လီကျားရွာတို့၏ အချက်အချာနေရာတစ်ခု ဖြစ်လာတော့သည်။
သူ့စကားတစ်ခွန်းသည် ရွာလူကြီးနှင့် ခရိုင်ကေဒါများ ပူးပေါင်းပြောဆိုသည့် စကားထက်ပင် ပို၍ ဩဇာတိက္ကမ ကြီးမားလာခဲ့လေတော့သည်။