← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း (၆၃) - ဒီကောက်ပဲသီးနှံတွေက သိပ္ပံနည်းကျ မဟုတ်ဘူး

ချင်ရွှေရွာနှင့် လီကျားရွာတို့ အလုပ်ရှုပ်နေကြချိန် အစိမ်းရောင် ဘေဂျင်းဂျစ်ကားတစ်စီးက ဖုန်လုံးကြီးများ တထောင်းထောင်း ထစေကာ ရွာအဝင်ဝရှိ ချိုင့်ခွက်အပြည့် မြေသားလမ်းပေါ် တရွေ့ရွေ့ မောင်းနှင်လာခဲ့သည်။

ကားက လယ်ကန်သင်းရိုးအတိုင်း မောင်းလာပြီးနောက် အံ့ဖွယ်ရလဒ်များကို ဖန်တီးပေးခဲ့သော စမ်းသပ်လယ်ကွက်ဘေးတွင် ရပ်တန့်သွား၏။

ကားတံခါး ပွင့်သွားပြီးနောက် ဝဖိုင့်ဖိုင့်နှင့် ခန့်ညားသော မျက်နှာသွင်ပြင်ရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးက ဦးစွာ ဆင်းလာခဲ့သည်။ သူက အိတ်ကပ်လေးခုပါသော ကေဒါယူနီဖောင်း ဝတ်ဆင်ထားလေသည်။

ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် သူ့အကြည့်များက အရှေ့ရှိ စပါးပင်စိမ်းစိမ်းများအပေါ် ကျရောက်သွားပြီး နေရာမှာပင် ကြက်သေသေသွားတော့သည်။

ထို့နောက် ချက်ချင်းဆိုသလို ယဉ်ကျေးသိမ်မွေ့ပြီး ပညာတတ်ရုပ်ပေါက်နေသည့် မျက်မှန်နှင့်လူငယ်တစ်ယောက်လည်း ကားပေါ်မှ ဆင်းလာခဲ့သည်။

သူက လက်ထဲတွင် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ထားပြီး စိုက်ပျိုးရေးနှင့် ပတ်သက်၍ အထူးပြုလေ့လာထားသော ပညာရှင်တစ်ယောက်နှင့် တူနေလေသည်။

ထိုအမျိုးသားနှစ်ဦးမှာ ခရိုင်မှ ခေါင်းဆောင်တစ်ဦးဖြစ်သော ကျန်းပေါနှင့် စိုက်ပျိုးရေးနည်းပညာရှင် ရှောင်လီတို့ဖြစ်ပြီး ချင်ရွှေရွာရှိ မူမမှန် ကျန်းမာသန်စွမ်းနေသော စပါးပင်များအကြောင်း သတင်းကြားပြီးနောက် စစ်ဆေးရန် ရောက်လာကြခြင်းပင်။

ရှောင်လီ ကားပေါ်မှ ဆင်းဆင်းချင်းမှာပင် သူရှေ့ရှိ မြင်ကွင်းကြောင့် အလွန်အမင်း အံ့အားသင့်သွားပြီး မျက်မှန်ပင် ပြုတ်ကျမတတ် ဖြစ်သွားရလေသည်။

သူက လယ်ကွက်အစွန်းသို့ ခုန်ပေါက်မတတ် ပြေးသွားလိုက်ပြီးနောက် စပါးပင်များ၏ ထူထဲသော အရွက်များကို ယုယုယယ ထိတွေ့လိုက်သည်။

"ဒါ... ဒါ မဖြစ်နိုင်ဘူး"

တစ္ဆေသရဲကို မြင်လိုက်ရသည့်အလား အံ့ဩမှုအပြည့် မျက်ဝန်းများဖြင့် သူ တီးတိုးရေရွတ်လိုက်မိသည်။

"ဒီအရွက်တွေရဲ့ အထူ၊ ဒီပင်စည်တွေရဲ့ အတုတ်အလုံး၊ စပါးနှံ အရေအတွက်...၊ ဒါက သိပ္ပံနည်းကျ မဟုတ်ဘူး"

သူက နတ်ပူးနေသည့်အလား ရုတ်တရက် လက်လှမ်းပြီး စပါးပင်တစ်ပင်ကို အားပါးတရ ဆွဲနုတ်လိုက်လေသည်။

ရှုပ်ထွေးသိပ်သည်းနေသော အမြစ်စနစ်ကို မြင်လိုက်ရသောအခါ သူ လုံးဝ ဆွံ့အသွားတော့သည်။ သူ့ပါးစပ်ကြီး အဟောင်းသားဖြစ်သွားပြီး လက်ထဲရှိ မှတ်စုစာအုပ်မှာလည်း ဘုတ်ခနဲ အသံနှင့်အတူ မြေကြီးပေါ် ပြုတ်ကျသွားတော့သည်။

"ဒါရိုက်တာကျန်း... ဒါရိုက်တာကျန်း၊ ဒီအမြစ်စနစ်ကို ကြည့်ပါဦး။ မြေဩဇာကို စုပ်ယူနိုင်စွမ်းက... အတော်လေး ကြောက်ဖို့ကောင်းတယ်"

နည်းပညာရှင် ရှောင်လီ၏ အသံများ တုန်ယင်နေခဲ့သည်။ သူသည် နိုင်ငံတစ်ဝန်း ခရီးလှည့်လည်ကာ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာလမ်းညွှန်မှုများ ပေးနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။

သူသည် အထွက်နှုန်းကောင်းသော လယ်ကွက်များနှင့် စံပြလယ်ကွက်များကို မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးသော်လည်း မည်သည့်လယ်ကွက်ကမှ ဤမျှလောက် ကြီးမားသော အမြင်အာရုံပိုင်းဆိုင်ရာ သက်ရောက်မှုနှင့် သီအိုရီပိုင်းဆိုင်ရာ တော်လှန်မှုကို မပေးစွမ်းနိုင်ခဲ့ပေ။

ကျန်းပေါလည်း စကားမပြောနိုင်တော့ချေ။ မြေသင်းနံ့ပါသော လေကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ့ရင်ထဲရှိ ထိတ်လန့်တုန်လှုပ်မှုများကို ဖိနှိပ်ထားရန် ကြိုးစားလိုက်သည်။

စိုက်ပျိုးရေးကဏ္ဍကို တာဝန်ယူရသော ခရိုင်ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤအရာက မည်သို့သော အဓိပ္ပာယ်သက်ရောက်သည်ကို အခြားသူများထက် သူ ပိုနားလည်ထားသည်။

*ငါ့ရှေ့က စပါးပင်တွေက ဖြစ်ထွန်းနေတယ်လို့ ပြောရုံနဲ့တင် မလုံလောက်ဘူး၊ ဒါက စိုက်ပျိုးရေးကဏ္ဍရဲ့ အံ့မခန်း အောင်မြင်မှုကြီးပဲ။ ဒီလို ကြီးထွားမှုမျိုးကိုသာ မြှင့်တင်နိုင်ခဲ့မယ်ဆိုရင်...*

သူ ဆက်မတွေးရဲတော့ပေ။ သူ စိတ်ကူးမိသည့် အနာဂတ်မှာ အလွန်ကျေနပ်စရာကောင်းပြီး အတော်လေး အံ့အားသင့်စရာလည်း ဖြစ်နေလေသည်။

သူ့ခန္ဓာကိုယ်တစ်လျှောက် သွေးများ ဆူပွက်လာသလို ခံစားလိုက်ရပြီး ရင်ထဲမှာလည်း တစ်ခါမှ မခံစားဖူးသော အပူလှိုင်းတစ်ခု ပေါ်ထွက်နေလေသည်။

"သွားကြည့်ရအောင်"

ကျန်းပေါ၏ မျက်လုံးများက စူးရှသွားပြီး အဝေးရှိ ကြိတ်ကြိတ်တိုး စည်ကားကာ အငွေ့တလူလူထနေသော နေရာကို လက်ညှိုးထိုးပြပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။

ရွာအနောက်ဘက်စွန်းရှိ မြေဩဇာလုပ်သည့် တွင်းနံဘေးတွင် အင်္ကျီဗလာ အမျိုးသား ဒါဇင်ပေါင်းများစွာက ကြိုးကြိုးစားစား အလုပ်လုပ်နေကြပြီး ဂေါ်ပြားများက ဝှီးခနဲ ဝှီးခနဲ ပျံဝဲနေလေသည်။ ထိုနေရာရှိ လေထုတွင် ချွေးနှင့် ရွှံ့များ ရောနှောနေသည့် ခပ်သဲ့သဲ့အနံ့တစ်မျိုးက ပျံ့လွင့်နေ၏။

ရွာလူကြီး ချန်ကွမ်လင်က သူ့ဘောင်းဘီကို ခေါက်တင်ထားပြီး သစ်သားထွန်ခြစ်ကြီးကို ကိုင်ဆောင်ကာ တွင်း၏အစွန်းတွင် ရပ်ရင်း လုပ်စရာများ ညွှန်ကြားနေလေသည်။ သူ မော့ကြည့်လိုက်သောအခါ ကျန်းပေါနှင့် နည်းပညာရှင် ရှောင်လီတို့ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားတော့၏။

"အမလေး... ဒါရိုက်တာကျန်း။ ခင်ဗျား... ခင်ဗျားက ဒီအထိတောင် လာခဲ့တာကိုး"

ချန်ကွမ်လင်က ထွန်ခြစ်ကို ပစ်ချလိုက်ပြီး လက်မှ ရွှံ့များကိုပင် မသုတ်နိုင်ဘဲ အပြေးအလွှား သွားရောက်ကြိုဆိုလိုက်သည်။ သူ့မျက်နှာတွင် စိုးရိမ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောထွေးနေပြီး စကားပြောတာကတောင် အနည်းငယ် ထစ်အနေလေသည်။

ကျန်းပေါက လက်ခါပြလိုက်ပြီး စိုးရိမ်စရာ မလိုကြောင်း အချက်ပြလိုက်သည်။

သူ့အကြည့်များက ချန်ကွမ်လင်ကို ကျော်လွန်သွားပြီး လူအုပ်ကြီး အလယ်တွင် အရာရာကို ခပ်တည်တည် ညွှန်ကြားနေသော လူငယ်လေးထံသို့သာ စူးစိုက်ရောက်ရှိနေလေသည်။

ချန်ရှင်းက မြေစာပုံတစ်ခုပေါ်တွင် မျက်နှာသေဖြင့် ရပ်နေ၏။ ရံဖန်ရံခါ အကြံဉာဏ်ပေးသည့် စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်ပြီး ဩဇာတိက္ကမ ကြီးမားလှသော အငွေ့အသက်များ ထုတ်လွှင့်နေလေသည်။

"ဒါရိုက်တာကျန်း... ၊ဒါလေး ကြည့်ပါဦး..."

ချန်ကွမ်လင်က သူ့အကြည့်များအတိုင်း လိုက်ကြည့်ပြီးနောက် ချက်ချင်း ခါးမတ်လိုက်ကာ သူ့မျက်နှာတွင် ဖုံးမနိုင်ဖိမရ ဂုဏ်ယူမှုနှင့် ကျေနပ်မှုများ ပြည့်နှက်နေလေသည်။

"သူတို့ ဘာတွေ လုပ်နေကြတာလဲ"

ကျန်းပေါက အကြည့်ပြန်လွှဲလိုက်ပြီး အငွေ့တလူလူ တွင်းကြီးများစွာကို လက်ညှိုးထိုးပြရင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဒါရိုက်တာကို သတင်းပို့ပါတယ်"

ချန်ကွမ်လင်၏ အသံက ဟိန်းထွက်လာ၏။

"ဒါကတော့ ကျွန်တော်တို့ ချင်ရွှေရွာက ရဲဘော် ချန်ရှင်းပါ။ သူက ရွာနှစ်ရွာလုံးက ရွာသားတွေကို ဦးဆောင်ပြီး နတ်မြေဩဇာ လုပ်နေတာပါ"

"နတ်မြေဩဇာ…"

ကျန်းပေါ အနည်းငယ် ကြောင်သွားသည်။

သူ့နောက်မှ နည်းပညာရှင် ရှောင်လီကလည်း အနားသို့ ရောက်လာပြီး တွင်းထဲရှိ မည်းနက်နက် စေးကပ်ကပ်အရာများကို မျက်မှန်ပင့်တင် ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်သွားလေသည်။

*ဒါက အစောပိုင်းခေတ်က မြေဩဇာစပ်ပြီး အချဉ်ဖောက်တဲ့နည်း မဟုတ်ဘူးလား*

*ဒီလို ရိုးရာနည်းလမ်းက မြေသြဇာကောင်းဖို့ ကန့်သတ်ချက် ရှိရုံတင်မကဘူး၊ သေချာ မလုပ်နိုင်ရင် အပင်တွေကိုပါ အပူလောင်ပြီး သေသွားနိုင်တယ်။ ငါတွေ့ခဲ့တဲ့ သိပ္ပံနည်းကျ မဟုတ်တဲ့ အပင်မျိုးတွေက ဒီနည်းနဲ့ ဘယ်လိုလုပ် ဖြစ်ထွန်းလာနိုင်မှာလဲ။*

ကျန်းပေါက လာရာလမ်းတွင် တွေ့ခဲ့ရသော စမ်းသပ်လယ်ကွက်ကို လက်ညှိုးထိုးပြရင်း သူ့အသံမှာ အနည်းငယ် တုန်ယင်နေ၏။

"အပြင်ဘက်မှာ အံ့မခန်း ဖြစ်ထွန်းနေတဲ့ စပါးပင်တွေက ဒီလို နတ်မြေဩဇာမျိုးနဲ့ စိုက်ထားတာလား"

ချန်ကွမ်လင် ပြန်မဖြေနိုင်ခင်မှာပင် ပတ်ဝန်းကျင်ရှိ ရွာသားများက ဆူညံသံများ ကြားလိုက်သဖြင့် အနားသို့ စုရုံးရောက်ရှိလာကြပြီဖြစ်သည်။ ခေါင်းဆောင်ဖြစ်သူက ထိုအကြောင်းကို မေးလိုက်သောအခါ သူတို့ ချက်ချင်းပင် ရူးသွပ်မတတ် အော်ပြောကြတော့သည်။

"ဟုတ်ပါတယ်၊ ဒါရိုက်တာကျန်း"

မျက်နှာတွင် ရွှံ့များ ပေကျံနေသော အမျိုးသားတစ်ဦးက တံတွေးများ စင်ထွက်လာတော့မတတ် စိတ်အားထက်သန်စွာ ဝင်ပြောလိုက်သည်။

"ကျွန်တော် ပြောပြမယ်။ အဲဒီမြေဩဇာက တကယ် အံ့မခန်းပဲဗျ။ ကျွန်တော့်ရဲ့ အဝါရောင် ရွှံ့စေးမြေကွက်က အရင်နှစ်တွေက ဓာတုမြေဩဇာတွေ သုံးပြီးတာတောင် မနည်းအသက်ရှင်ခဲ့ရတာ။ ဒါပေမဲ့ တမြန်နေ့က အစ်ကိုချန်ရဲ့ နတ်မြေဩဇာကို သုံးလိုက်တာ...၊ ဘာဖြစ်သွားလဲ သိလား။ ဒီမနက်လည်း ကျရော... စပါးပင်တွေက ချက်ချင်းကြီး အစိမ်းရင့်ရောင်ကနေ အနက်ရောင်နီးပါးအထိ ပြောင်းသွားပြီး အပင်တွေ ရှင်သန်ကြီးထွားလာလိုက်တာလေ"

"ဟုတ်တယ်ဗျို့... ဟုတ်တယ်...၊ အဲဒါက မြေဩဇာ မဟုတ်ဘူး၊ တန်ခိုးရှင်တွေရဲ့ ဆေးစွမ်းကောင်းကြီး"

"ဒါရိုက်တာကျန်း...၊ ဆရာ ဘာမှမသိသေးပါဘူး။ ကျွန်တော်တို့ရဲ့ အစ်ကိုချန်က လူ့လောကကို ဆင်းသက်လာတဲ့ တကယ့် လယ်ယာမြေနတ်မင်းကြီးဗျ။ မြေကြီးကို ကြည့်လိုက်တာနဲ့ မြစ်ရွှံ့ ဘယ်လောက်ရောရမယ်ဆိုတာကို သိတယ်။ ပြီးတော့ ချေးမြေဩဇာကို နမ်းကြည့်လိုက်တာနဲ့ သစ်ပြာ ဘယ်လောက်ထည့်ရမယ်ဆိုတာကို သိတယ်"

ချန်အယ်တန့်က ရှေ့ဆုံးသို့ တိုးထွက်လာပြီး သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ရဲတက်နေ၏။ သူက ရင်ဘတ်ကို တဘုန်းဘုန်းထုကာ ကျန်းပေါအား အော်ပြောလိုက်သည်။

"ဒါရိုက်တာကျန်း...၊ အစ်ကိုချန်သာ မရှိရင် ချင်ရွှေရွာနဲ့ လီကျားရွာရဲ့ ဒီနှစ် အထွက်နှုန်းက လုံးဝကို ပျက်စီးသွားမှာဗျ။ သူက ရာနဲ့ချီတဲ့ လူ့အသက်တွေကို သေမင်းလက်ထဲကနေ ပြန်လုယူပေးခဲ့တာ"

ရိုးရှင်းသော်လည်း အနည်းငယ် ချဲ့ကားထားသည်ဟု ထင်ရသော သူတို့၏ စကားတစ်ခွန်းစီတိုင်းက အလွန်ရိုးသားရုံသာမက ပြင်းပြင်းပြပြ ယုံကြည်ကိုးကွယ်မှုများဖြင့် ပြည့်နှက်နေလေသည်။

သူတို့ ပြောပြနေသော အဖြစ်အပျက်များကို ကြားရပြီးနောက်...

လူတိုင်း၏ နတ်ဘုရားတစ်ပါးလို ကိုးကွယ်ခြင်း ခံနေရသော်လည်း အရာအားလုံးက သဘာဝကျကျ ဖြစ်နေသည့်အလား တည်ငြိမ်အေးဆေးစွာ ရပ်နေသော ထိုလူငယ်လေးကို ကြည့်လိုက်သောအခါ ကျန်းပေါတစ်ယောက် အလွန်အမင်း အံ့အားသင့်ကာ တုန်လှုပ်သွားတော့သည်။

*ဒီလူက ဘယ်လိုလူစားမျိုးပါလိမ့်။ ဒီလောက် အချိန်တိုအတွင်း တစ်ရွာလုံးရဲ့ ယုံကြည်မှုကို ရရုံတင်မကဘူး၊ သူတို့အားလုံး သူ့ကို အသည်းအသန် ကိုးကွယ်လာအောင် လုပ်နိုင်ခဲ့သေးတယ်။ ပြီးတော့ မြေကြီးကို ရွှေဖြစ်အောင် ဖန်တီးနိုင်တဲ့ ဒီလောက်ကြီးမားတဲ့ မှော်စိုက်ပျိုးရေးကြီးကိုကော သူ ဘယ်လိုများ လုပ်ဆောင်နိုင်ခဲ့တာလဲ။*

သူက လူအုပ်ကြီးကို တိုးဝှေ့ပြီး ချန်ရှင်းရှိရာသို့ လျှောက်သွားလိုက်ကာ အရင်က တစ်ခါမှ မပြဖူးသည့် ရင်းနှီးဖော်ရွေသော အပြုံးမျိုးဖြင့် နှုတ်ဆက်လိုက်သည်။ "မင်းက ရဲဘော် ချန်ရှင်း ထင်တယ်၊ ဟုတ်လား"

ချန်ရှင်းက မြေစာပုံပေါ်ကနေ ခုန်ဆင်းလိုက်ပြီး နှိမ့်ချလွန်းခြင်းလည်းမရှိ၊ မောက်မာခြင်းလည်း မရှိဘဲ တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်ပြလိုက်၏။"နှုတ်ဆက်ပါတယ် ဒါရိုက်တာကျန်း"

"ရဲဘော်လေး... ငါ့ကို သေချာပြောပြပါဦး၊ ဒါတွေက ဘယ်လိုဖြစ်လာတာလဲ"

ကျန်းပေါက မေးလိုက်သည်။

"ဒီလောက်ကောင်းတဲ့ ရိုးရာမြေဩဇာစပ်နည်းရှိတာကို ငါ ဘာလို့ အရင်က တစ်ခါမှ မကြားခဲ့ရတာလဲ"

ချန်ရှင်းက တည်တည်ငြိမ်ငြိမ်ပင် အကြောင်းစုံကို လိုရင်းတိုရှင်း ရှင်းပြလေသည်။

ထို့နောက် အချိန်ကိုက်ပင် ထိုလေသံအေးအေးအောက်တွင် သတိမထားမိနိုင်လောက်သည့် နာကျင်ခံစားရမှုနှင့် ကူကယ်ရာမဲ့ အရိပ်အယောင်လေးများကိုပါ သိမ်သိမ်မွေ့မွေ့ ထည့်သွင်းဖော်ပြလိုက်၏။

ရွှီဝမ်ထောင်က အာဏာကို အလွဲသုံးစားလုပ်ပြီး ရွာနှစ်ရွာလုံး အသက်ရှင်ရပ်တည်ဖို့ အားကိုးနေရသည့် မြေဩဇာခွဲတမ်းများကို ပုဂ္ဂိုလ်ရေးအငြိုးအတေးများဖြင့် မည်သည့်အကြောင်းပြချက်မှ မရှိဘဲ ပယ်ဖျက်လိုက်ပုံများကို သူက ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေသည်။

"ကျွန်တော်လည်း တကယ်ကို အကျပ်ရိုက်သွားလို့ပါ"

ချန်ရှင်းက သက်ပြင်းတစ်ချက်ချလိုက်ရာ သူ့မျက်ဝန်းများထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများနှင့် စိတ်သက်သာရာရမှုများ ရောယှက်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

"ရွာသားတွေရဲ့ တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ထားသမျှ အထွက်နှုန်းတွေက သဲထဲရေသွန် ဖြစ်တော့မယ့်အခြေအနေ ရောက်နေခဲ့တာ။ ကျွန်တော် တကယ်ပဲ စိတ်ပျက်အားငယ်နေတုန်းမှာ ဘိုးဘေးတွေဆီက ဆင်းသက်လာတဲ့ ရိုးရာနည်းလမ်းလေးတစ်ခုကို သတိရသွားလို့... မျှော်လင့်ချက် သိပ်မထားဘဲ နောက်ဆုံးလက်ကျန် နည်းလမ်းတစ်ခုအနေနဲ့ စမ်းကြည့်လိုက်တာပါ။ မထင်မှတ်ဘဲ တကယ် အလုပ်ဖြစ်သွားတာပဲ"

All Chapters