အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) - ကိုယ့်သေတွင်း ကိုယ်တူးခြင်း
လူတိုင်းကို လက်ဖက်ရည်လိုက်တိုက်နေသည့် ကျောက်ဖန်းအာက အနားသို့ ရောက်ရှိလာသည်။ သူမက ထိုစကားများကို ကြားသောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခနဲ့တဲ့တဲ့ အမူအရာဖြင့် ဝင်ပြောလိုက်၏။
"ဟုတ်တာပေါ့ရှင်...၊ လုပ်ပိုင်ခွင့်လေး နည်းနည်းလောက် ရှိတာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ဘုရင်ကြီးလို့ ထင်နေသူတွေ ရှိသေးတာပဲ။ ကျွန်မတို့လို တောသူတောင်သားတွေကို ဘာမဟုတ်တဲ့ နှပ်ချေးဖတ်တွေလို့ ထင်နေကြတာ။ မျက်တောင်တစ်ချက် မခတ်ဘဲ လူတွေရဲ့ စားဝတ်နေရေး အသက်သွေးကြောကို ဖြတ်တောက်ရဲကြတာလေ"
ကျန်းပေါ၏ မျက်နှာကြီးမှာ မိုးမှောင်ကျလာသည့်အလား ညိုမည်းသွားတော့သည်။
ဤသည်က သာမန် ပုဂ္ဂိုလ်ရေး အာဃာတတစ်ခုတည်း မဟုတ်တော့ချေ။ သူ၏ ကိုယ်ကျိုးအတ္တနှင့် အငြိုးအတေးတစ်ခုအတွက်ကြောင့် ရွာနှစ်ရွာရှိ ပြည်သူရာချီတို့၏ မြေဩဇာခွဲတမ်းများကို မတရား ပိတ်ပင်ရဲသည်တဲ့လား။
ဤသည်က နိုင်ငံတော်နှင့် ပြည်သူလူထု၏ အခြေခံအကျိုးစီးပွားကို ကစားစရာလုပ်ခြင်းပင်။ နိုင်ငံတော်၏ အခြေခံအုတ်မြစ်ကို ပျက်စီးစေသည့် တာဝန်ပျက်ကွက်မှု ဖြစ်သလို ကြီးလေးသော ရာဇဝတ်မှုလည်း မြောက်ပေသည်။
"ဒီကောင်... တကယ်ကို မိုက်ရိုင်းလွန်းတယ်"
ကျန်းပေါက ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေကာ အံတင်းတင်းကြိတ်ထားမိသည်။
သူက ရုတ်တရက် လှည့်လိုက်ပြီး ချန်ရှင်း၏ ပခုံးနှစ်ဖက်ကို အားပါးတရ ဆုပ်ကိုင်လိုက်၏။ သူ့မျက်ဝန်းထဲတွင်လည်း ယခင်က တစ်ခါမှ မရှိဖူးသော အထင်ကြီးလေးစားမှုများ ပြည့်နှက်နေလေသည်။
"ရဲဘော်လေး...၊ မင်းလုပ်တာ တကယ်ကို မှန်တယ်။ တကယ်တော်တဲ့လူ၊ မင်းက ပြည်သူတွေ ဘာကို မျှော်လင့်နေလဲ၊ ဘာကို စိုးရိမ်နေလဲဆိုတာကို နားလည်ပေးနိုင်တဲ့သူပဲ။ မင်းဟာ ပြည်သူကို အစစ်အမှန် အလုပ်အကျွေးပြုတဲ့ ရဲဘော်ကောင်းတစ်ယောက်ပါပဲ"
သူက စကားခဏရပ်လိုက်ပြီးနောက် ပြတ်သားလှသော အသံကြီးက မြေဩဇာလုပ်နေသည့် ဝင်းတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။
"စိတ်ချပါ။ ခရိုင်ကိုယ်စား ငါ အာမခံတယ်။ ဒီကိစ္စကို အသေးစိတ် စုံစမ်းစစ်ဆေးသွားမယ်။ တာဝန်ရှိတဲ့သူတွေကိုလည်း ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ပေးသွားမယ်။ လုံးဝကို ညှာမှာ မဟုတ်ဘူး"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တစ်ဝင်းလုံးတွင် မိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်လှသော သောင်းသောင်းဖျဖျ အားပေးသံကြီး ပေါက်ကွဲထွက်လာတော့သည်။
"ကောင်းတယ်ဗျို့"
"ဒါရိုက်တာကျန်းကတော့ တကယ်ကို မျှတတဲ့သူပဲ"
"ဗျူရိုကရေစီစနစ် ကျဆုံးပါစေ၊ ရွှီဝမ်ထောင်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးကြ"
ရွာသားများမှာ စိတ်လှုပ်ရှားစွာဖြင့် သူတို့၏ ဂေါ်ပြားများနှင့် ပေါက်တူးများကို လေထဲသို့ မြှောက်ကာ အော်ဟစ်နေပုံက နားကွဲမတတ်ပင်။
ယခုအခါ ရွာသားများ ချန်ရှင်းကို ကြည့်သည့် အကြည့်များမှာ ယခင်က ရှိပြီးသားဖြစ်သော ကြည်ညိုလေးစားမှုအပြင် ကျေးဇူးတင်မှုနှင့် ယုံကြည်ကိုးစားမှုတို့ကပါ ထပ်တိုးပါလာခဲ့လေပြီ။
ချန်ရှင်းက သူတို့အတွက် ကောက်ပဲသီးနှံများ ဖြစ်ထွန်းရန် မျှော်လင့်ချက်ကို ပေးစွမ်းရုံသာမက အခြေခံလူတန်းစား လယ်သမားများအတွက် ပျောက်ဆုံးနေခဲ့သည့် တရားမျှတမှုကိုပါ ဆောင်ကြဉ်းပေးခဲ့သူ မဟုတ်ပါလား။
ခရိုင်ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်း၊ ထုတ်လုပ်ရေးပစ္စည်းများ ဖြန့်ဖြူးရေးဌာန၏ ရုံးခန်းအတွင်းမှာတော့…
ရွှီဝမ်ထောင်က ကြိမ်ကုလားထိုင် အကြီးစားပေါ်တွင် ခပ်လျှောလျှော မှီထိုင်နေပြီး ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်သို့ သက်သောင့်သက်သာ တင်ထားလေသည်။ ပြောင်လက်နေသော သူ၏သားရေဖိနပ် အဖျားလေးများက လေထဲတွင် ခပ်လွင့်လွင့် လှုပ်ခါနေ၏။ လက်ထဲမှာတော့ ကြွေရည်သုတ် ဖန်ခွက်တစ်လုံးကို ကိုင်ထားပြီး ထိုခွက်ထဲမှ လွင့်ပျံလာသော လက်ဖက်ရည်နံ့ သင်းသင်းလေးက သူ့စိတ်ကို ပေါ့ပါးလန်းဆန်းနေစေသည်။
သူက မျက်လုံးများ မှေးစင်းထားပြီး နှုတ်ခမ်းထောင့်မှာတော့ ဖုံးမနိုင်ဖိမရ လူယုတ်မာအပြုံးတစ်ခုက တွဲလောင်းခိုနေလေသည်။ သူ့စိတ်ကူးထဲမှာတော့ အလွန်တရာ သာယာလှပသော မြင်ကွင်းများ တရိပ်ရိပ် ပေါ်လာနေတော့သည်။
လယ်သမား ချန်ရှင်းက ရွာသူရွာသား အကြီးအငယ်အားလုံးကို ဦးဆောင်ပြီး သူ့ရုံးခန်းဝတွင် ဒူးထောက်နေကြသည့် မြင်ကွင်းကို သူ မြင်ယောင်နေမိသည်။ သူတို့အားလုံး ရှိုက်ကြီးတငင် ငိုကြွေးရင်း၊ သူ့ကို အကြိမ်ကြိမ် အခါခါ ဦးချရင်း သူတို့၏ အသက်သွေးကြောဖြစ်သည့် မြေဩဇာများကို ပြန်ပေးရန် အသနားခံနေကြလေသည်။
ထို့အပြင် ကျေးဇူးကန်းမ ကျောက်ဖန်းအာကလည်း သူ့ဘောင်းဘီစကို ဆွဲကိုင်ကာ သနားစဖွယ် မျက်ရည်စက်လက် တောင်းပန်နေသည်ကိုလည်း မြင်ယောင်နေသေးသည်။ သူမ၏ မျက်နှာလှလှလေးပေါ်တွင် နောင်တရိပ်များ လွှမ်းမိုးနေပြီး သူသာ ခေါင်းတစ်ချက် ညိတ်ပြလိုက်ပါက ဘာမဆို လုပ်ပေးမည့်အသွင်မျိုးပင်။
ထိုသို့ တွေးတောရင်း ရွှီဝမ်ထောင် ကျေနပ်အားရစွာဖြင့် တဟားဟား ရယ်မောလိုက်လေသည်။
သူကိုယ်တိုင် စွန့်ပစ်လိုက်သည့် ဖိနပ်စုတ်လို မိန်းမတစ်ယောက်နှင့် တောသားတစ်ကောင်ကများ လူအများရှေ့မှာ သူ့ကို အရှက်ခွဲရဲကြသည်ပေါ့လေ။ အခုတော့ အာဏာဆိုတာ ဘာလဲဆိုတာကို ကောင်းကောင်းကြီး သိအောင် လုပ်ပြရတော့မည်။ ရွှီဝမ်ထောင်ကို လာထိပါက သိကြားမင်းကိုယ်တိုင် ဆင်းလာရင်တောင် ကယ်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူတို့ နားလည်သွားအောင် သူ လုပ်ပြချင်နေခဲ့သည်။
သူတို့ကို ဘယ်လို အရှက်ခွဲရမလဲဆိုသည့် အစီအစဉ်များကိုလည်း သူ တစ်ခုမကျန် အသေးစိတ် ကြံစည်ထားပြီးသားပင်။ ချန်ရှင်းကို ခွေးတစ်ကောင်လို ဒူးထောက်ပြီး ဟောင်ခိုင်းမည်၊ ကျောက်ဖန်းအာကိုတော့ အိပ်ရာပေါ်တွင် ငိုယိုပြီး အသနားခံလာအောင် လုပ်မည်။ ထို့အပြင် ကျောက်ဖန်းအာထက် ပိုလှသည့် ရွှီချင်းချင်းလည်း သူ့လက်ထဲသို့ ရောက်လာစေရမည်။
ကလင်… ကလင်…
စားပွဲပေါ်ရှိ တယ်လီဖုန်းသံက ရုတ်တရက် စူးစူးဝါးဝါး မြည်လာပြီး သူ့ကို စိတ်ကူးယဉ်ကမ္ဘာထဲမှ ဆွဲထုတ်လိုက်လေသည်။ ရွှီဝမ်ထောင်က စိတ်မရှည်သလို မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းကို ကောက်ကိုင်ကာ ဒေါသတကြီးဖြင့် "
ဘယ်သူလဲကွ"
"ရွှီဝမ်ထောင်…၊ နင် တော်တော် အသည်းကောင်းနေတယ် ဟတ်လား၊ အခုထိ အိမ်ကို ဘာလို့ ပြန်မလာသေးတာလဲ။ နင် အပြင်မှာ သေနေပြီလား"
ဖုန်း၏ အခြားတစ်ဖက်မှ ရွဲ့စောင်းပြောဆိုလိုက်သည့် အမျိုးသမီးတစ်ဦး၏ စူးရှရှအသံ ထွက်ပေါ်လာသည်။ ထိုသူမှာ သူ့ဇနီးဖြစ်သူ ချင်ရုံပင်။
"အာ... ရုံရုံပါလား"
ရွှီဝမ်ထောင် လေသံမှာ ချက်ချင်း ပြောင်းပြန်လှန်သွားပြီး
"ကိုယ် ရုံးမှာ အလုပ်လေးတွေ နည်းနည်း ရှုပ်နေလို့ပါ။ အခုပဲ ပြန်လာခဲ့ပါ့မယ်"
"အလုပ် ဟုတ်လား…၊ ငါ့ကို လာပြီး လူလည်မကျနဲ့"
ချင်ရုံ၏ အသံမှာ သံသယများဖြင့် ပြည့်နှက်နေ၏။
"နင် ဘာတွေ ကြံစည်နေလဲဆိုတာ ငါမသိဘူးလို့ မမှတ်နဲ့နော်၊ ငါ သတိပေးလိုက်မယ်... နင်သာ အပြင်မှာ ရှုပ်ရဲရှုပ်ကြည့်စမ်း၊ ငါ့အဖေက နင့်အရေခွံကို အရှင်လတ်လတ် နွှာပစ်လိမ့်မယ်"
"ဘယ်လိုတွေ ပြောလိုက်တာလဲ ရုံရုံရယ်...၊ ကိုယ့်နှလုံးသားထဲမှာ မင်းလေးတစ်ယောက်တည်း ရှိတာပါ"
ရွှီဝမ်ထောင်က ဝတ်ကျေတန်းကျေ ပြန်ဖြေလိုက်သော်လည်း သူ့မျက်နှာတွင်မူ ဖုံးဖိမရသော ရွံရှာစက်ဆုပ်မှုနှင့် မထီမဲ့မြင် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။
ချင်ရုံ၏ ရုပ်ဆိုးဆိုး ကြမ်းတမ်းတမ်း မျက်ခွက်ကြီးကို သူ မြင်ယောင်လာမိသည်။ ကျောက်ဖန်းအာ၏ ပေါ့ပါးသွက်လက်သော အလှတရား၊ ရွှီချင်းချင်း၏ နုနယ်သိမ်မွေ့သော ဆွဲဆောင်မှုတို့နှင့် နှိုင်းယှဉ်လိုက်သောအခါ သူ့ရင်ထဲမှ တဏှာရမ္မက်မီးများက ပိုမိုပြင်းပြလာတော့သည်။
သူမ အဖေသာ ဒုတိယညွှန်ကြားရေးမှူး မဟုတ်ခဲ့လျှင် ဒီလို နွားမကြီးကို သူ လက်ဖျားနှင့်ပင် တို့မည် မဟုတ်ချေ။
ဖုန်းချလိုက်ပြီးနောက် ရွှီဝမ်ထောင်က ကျိန်ဆဲလိုက်ပြီး သူ့ဆုံးဖြတ်ချက်က ပိုမိုခိုင်မာလာတော့သည်။
*ချန်ရှင်းကို ရှင်းထုတ်ပြီးတာနဲ့ အဲဒီ အလှလေးနှစ်ယောက်လုံးကို ငါ့လက်ထဲ မရမက ရောက်လာအောင် ကြံစည်ပြီး အရသာကောင်းကောင်း ခံပစ်ဦးမယ်*
သူ ကာမစိတ်ကူးထဲ တစ်ဖန်ပြန်လည် နစ်မျောနေစဉ်မှာပင် ရုံးခန်းတံခါးမှာ အပြင်ဘက်မှ ဝုန်းခနဲ ကန်ဖွင့်ခြင်း ခံလိုက်ရ၏။
ကုန်စည်ထောက်ပံ့ရေးနှင့် ဈေးကွက်သမဝါယမအသင်းမှ လက်အောက်ငယ်သားတစ်ဦးမှာ ချွေးတလုံးလုံးဖြင့် ကယောင်ကတမ်း ပြေးဝင်လာပြီး တစ္ဆေသရဲကို မြင်လိုက်ရသည့်အလား ဖြစ်နေလေသည်။
"ဌာနခွဲမှူးရွှီ...၊ မဟုတ်တော့ဘူးဗျ...၊ အခြေအနေတွေ မကောင်းတော့ဘူး"
ရွှီဝမ်ထောင်မှာ သူ၏ အိပ်မက်ချိုချိုလေး ထပ်မံနှောက်ယှက်ခံလိုက်ရသဖြင့် ချက်ချင်း ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ သူက ခြေထောက်ကို စားပွဲပေါ်မှ ဝုန်းခနဲ ချလိုက်ပြီး အရာရှိတစ်ဦး၏ အရှိန်အဝါဖြင့် ငေါက်ငမ်းလိုက်လေသည်။
"ဘာတွေ ဒီလောက် ပြာယာခတ်နေတာလဲ။ မိုးပြိုကျလို့လား ဟေ…၊ မင်းမှာ ယဉ်ကျေးမှုဆိုတာ မရှိဘူးလား"
ထိုလက်အောက်ငယ်သားမှာ အသက်ကို မနည်းလုရှူနေရပြီး ငိုသံပါကြီးဖြင့် အော်ပြောလိုက်ရှာသည်။ "ဌာနခွဲမှူးရွှီ…၊ ချင်ရွှေရွာ... ချင်ရွှေရွာမှာ အကြီးအကျယ် ပြဿနာတက်နေပြီဗျ"
"ဘာတွေ အကြီးအကျယ် ဖြစ်ရမှာလဲ"
ရွှီဝမ်ထောင်က မထီမဲ့မြင်ပြုလိုက်ပြီး လက်ဖက်ရည်ခွက်ကို ပြန်ကိုင်ကာ အပေါ်ယံ အမြှုပ်လေးများကို မှုတ်ထုတ်လိုက်သည်။
"စပါးပင်တွေ အကုန် သေကုန်လို့လား။ အဲဒီ တောသားတွေက ပြဿနာရှာနေကြလို့လား။ ရှာပါစေပေါ့ကွာ။ သူတို့ကို ပညာမပေးလိုက်ရင် ငါဘယ်သူလဲဆိုတာ သိမှာမဟုတ်ဘူး"
"မဟုတ်... မဟုတ်ဘူး ဌာနခွဲမှူး"
လက်အောက်ငယ်သားမှာ ငိုတော့မည့်အလား အသံများ တုန်ယင်နေသည်။
"စပါးပင်တွေက မသေတဲ့အပြင်... သူတို့က... သူတို့က အရူးအမူးကို ထွားကျိုင်းလာကြတာဗျ"
"ဘာ... ဘာပြောတယ်"
ရွှီဝမ်ထောင်တစ်ယောက် ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ကြားလိုက်ရသည့်အလား ဆွံ့အမှင်တက်သွားတော့သည်။
သူက ဝုန်းခနဲ မတ်တတ်ရပ်လိုက်ပြီး လက်အောက်ငယ်သား၏ အင်္ကျီကော်လာကို ဆွဲဆောင့်ကာ ကြောက်စရာ မျက်နှာပေးဖြင့် ဟောက်လိုက်လေသည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ မြေဩဇာမရှိဘဲနဲ့ အပင်တွေက သူ့အလိုလို ထွားလာမယ် ထင်နေလား။ ငါ့ကို သုံးနှစ်သားကလေးများ အောက်မေ့နေလား။ ချန်ရှင်းဆိုတဲ့ သောက်တောသားက မင်းကို ဘာအပင်းထည့်လိုက်လို့ ဒီမှာ လာပြီး ကောလာဟလတွေ ဖြန့်နေရတာလဲ"
"ကျွန်တော် မလုပ်ရဲပါဘူး ဌာနခွဲမှူး... တကယ်ပြောတာပါ"
လက်အောက်ငယ်သားမှာ ကြောက်လန့်တကြားဖြင့် အထစ်ထစ် အငေါ့ငေါ့ ရှင်းပြနေရှာသည်။
"တကယ်ပြောတာပါဗျာ။ အခုဆို တစ်ခရိုင်လုံးမှာ ဒီသတင်းက ပျံ့နေပြီ။ လူတွေအများကြီးလည်း သွားကြည့်နေကြပြီ။ စပါးပင်တွေက လူတစ်ရပ်နီးပါး မြင့်နေပြီး အစိမ်းရင့်ရောင်ကနေ အနက်ရောင်တောင် သမ်းနေပြီတဲ့။ လူတိုင်းက... လူတိုင်းက ပြောနေကြတာ... အဲဒီလယ်ကွက်က နတ်ဘုရားတွေ ဆင်းစိုက်ထားတဲ့ လယ်ကွက်တဲ့ဗျ"
"အလကား လျှောက်ပြောနေတာ"
ရွှီဝမ်ထောင်က လုံးဝမယုံကြည်ချေ။ ချန်ရှင်းက သူ့ကို အလျှော့ပေးလာအောင် ဤကဲ့သို့ ရယ်စရာကောင်းသော ကောလာဟလများဖြင့် လှည့်ကွက်ဆင်နေခြင်းသာ ဖြစ်မည်ဟု သူ ထင်နေလေသည်။ ဌာနခွဲမှူးက မယုံကြည်သည်ကို မြင်သောအခါ လက်အောက်ငယ်သားမှာ ပြာယာခတ်သွားပြီး မျက်ရည်များပင် ဝဲလာတော့သည်။ နောက်ဆုံးမှာတော့ သူက အရေးအကြီးဆုံး စကားတစ်ခွန်းကို ထုတ်ပြောလိုက်လေသည်။
"ခရိုင်က... စိုက်ပျိုးရေးတာဝန်ခံ ဒါရိုက်တာ ကျန်းပေါကိုယ်တိုင် နည်းပညာရှင်တွေ ခေါ်ပြီး အဲဒီနေရာကို သွားစစ်နေတာဗျ။ အခု သူတို့ ချင်ရွှေရွာမှာ ရောက်နေပြီ။ လူတွေ အများကြီး မြင်ခဲ့ကြတာပါ"
"ကျန်းပေါ ဟုတ်လား..."
ထိုအမည်ကို ကြားလိုက်ရသည့်အခါ ရွှီဝမ်ထောင်၏ ဦးနှောက်ထဲတွင် လုံးဝ ဗလာဖြစ်သွားတော့သည်။ မကောင်းသော နိမိတ်တစ်ခုက သူ၏ ခြေဖဝါးမှသည် ထိပ်ပြောင်ကြီးအထိ ချက်ချင်း စိမ့်တက်သွားပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များပင် ထောင်သွားရသည်။
ကျန်းပေါက ဘာကြောင့် အဲဒီကို သွားရတာလဲ…
သူက ခရိုင်မှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းပြီး စိုက်ပျိုးရေး ထုတ်လုပ်မှုကို အလေးအနက်ထားဆုံး ခေါင်းဆောင်တစ်ယောက် မဟုတ်လား…
တကယ်လို့ သူက အဲဒီကို ရောက်သွားပြီး အရူးအမူး ထွားကျိုင်းနေတဲ့ စပါးပင်တွေကိုသာ မြင်သွားခဲ့လျှင်...
အခြေအနေများအားလုံးသည် သူ ထိန်းချုပ်၍ မရတော့သည့် အနေအထားသို့ ရောက်သွားမည်မှာ သေချာလှသည်။
*မဖြစ်ဘူး… ဒါ လုံးဝ မဖြစ်စေရဘူး*
ချန်ရှင်းနှင့် အဲဒီတောသားများဆီမှ အမှန်တရားများကို ကျန်းပေါတစ်ယောက် ကြားမသွားစေရန် သူ ဘယ်နည်းနှင့်ဖြစ်ဖြစ် တားဆီးရပေမည်။