အခန်း ၆၅
Vol. 7 Ch. 65
အခန်း (၆၅) - ဖုန်တစ်ချက် အလွင့်ဝယ်…
ရွှီဝမ်ထောင်၏ ဦးနှောက်ကြီးက တရစပ် အလုပ်လုပ်နေပြီး သူ့နောက်ကျောမှာလည်း ချွေးစေးများဖြင့် ရွှဲနစ်နေ၏။
သူက ဒါရိုက်တာ ကျန်းပေါထက် အရင် ချင်ရွှေရွာသို့ အရောက်သွားပြီး အခြေအနေကို ဖုံးဖိပစ်ရပေမည်။
ရွာသားတွေက မုသားစကားတွေ ပြောနေတာပါလို့ အတင်းငြင်းပြီး သူကတော့ နိုင်ငံတော်ရဲ့ ညွှန်ကြားချက်အရ အရင်းအမြစ်တွေကို ချွေတာဖို့ ကြိုးစားနေတာပါလို့ အကြောင်းပြလိုက်မည်ဆိုလျှင် ဆွေးနွေးလို့ ရနိုင်သေး၏။
*ဟုတ်ပြီ... ဒီလိုပဲ လုပ်ရမယ်*
သူက လက်အောက်ငယ်သားကို တွန်းဖယ်လိုက်ပြီး ချိတ်တွင် ချိတ်ထားသော ကေဒါယူနီဖောင်း အပေါ်အင်္ကျီကို ဆွဲယူကာ ကပျာကယာ ဝတ်လိုက်သည်။ ထို့နောက် တံခါးဆီသို့ ယိုင်တိုင်တိုင်နှင့် ပြေးထွက်ရန် ကြိုးစားလိုက်၏။
တံခါးလက်ကိုင်ကို ထိရန် သူ အရှိန်ယူနေစဉ်မှာပင်...
ကလင်… ကလင်… ကလင်…
ရုံးခန်းအတွင်းရှိ အနီရောင် တယ်လီဖုန်းက ရုတ်တရက် မြည်လာတော့သည်။ ဤဖုန်းသည် အထက်လူကြီးများထံမှ တိုက်ရိုက်ခေါ်ဆိုမှုများအတွက်သာ သုံးလေ့ရှိသဖြင့် အလွန်တရာ အရေးကြီးလှသည်။
ရွှီဝမ်ထောင်၏ ခန္ဓာကိုယ်ကြီး ရုတ်တရက် တောင့်တင်းသွားပြီး လေထဲသို့ ဆန့်ထုတ်ထားသော လက်မှာလည်း တန်းလန်းကြီး ဖြစ်သွားတော့သည်။
သူက အနီရောင် တယ်လီဖုန်းကို အသာအယာ လှည့်ကြည့်လိုက်မိသည်။ သူ့နှလုံးခုန်သံမှာလည်း ထိန်းမနိုင်သိမ်းမရတော့ဘဲ လည်ချောင်းဝမှ ထွက်ကျလာမတတ် ပြင်းထန်နေလေသည်။
ဤဖုန်းခေါ်ဆိုမှုက သူ့အတွက် သေမိန့်ပေးလိုက်ခြင်းပဲ ဖြစ်လိမ့်မည်ဟု သူ ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။ သူ ဖုန်းမကိုင်ချင်သော်လည်း မကိုင်ဘဲနေရန်လည်း မဝံ့ချေ။
စက္ကန့်တိုင်းက ကမ္ဘာပျက်မတတ် ကြာရှည်နေသကဲ့သို့ ခံစားရရင်း စားပွဲဆီသို့ ဖြည်းညင်းစွာ သူ လျှောက်သွားလိုက်သည်။ တုန်ယင်နေသော လက်များဖြင့် အေးစက်စက် တယ်လီဖုန်းလက်ကိုင်ကို မနည်း ဆွဲယူလိုက်ရ၏။
"ဟယ်လို..."
သူ့အသံမှာ ခြောက်ကပ် အက်ကွဲနေပြီး ကိုယ့်အသံကိုတောင် ပြန်မမှတ်မိနိုင်လောက်အောင် ဖြစ်နေလေသည်။
ဖုန်း၏ အခြားတစ်ဖက်မှ ဒါရိုက်တာ ကျန်းပေါ၏ အတွင်းရေးမှူးဖြစ်သူ လူငယ်တစ်ဦး၏ အေးစက်တည်ငြိမ်ကာ ခံစားချက်မဲ့နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ထုတ်လုပ်ရေးပစ္စည်း ဖြန့်ဖြူးရေးဌာနက ရဲဘော် ရွှီဝမ်ထောင်လား"
"ကျွန်... ကျွန်တော်ပါ"
"ခရိုင်ခေါင်းဆောင်ပိုင်းရဲ့ ဆွေးနွေးချက်အရ မင်းကို အခုချက်ချင်း တာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီ။ မင်းရဲ့ လုပ်ရပ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး အဖွဲ့အစည်းရဲ့ စစ်ဆေးမှုကို စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တယ်"
ဂျောက်…
အားပျက်သွားပြီဖြစ်သော ရွှီဝမ်ထောင်၏ လက်ထဲမှ ဖုန်းက လျှောကျသွားပြီး ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ အသံနှင့်အတူ ပြုတ်ကျသွားတော့သည်။
ထိုခဏမှာပင် သူ့တစ်ကိုယ်လုံးရှိ အားအင်များမှာ လုံးဝ စုပ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ခြေလက်များ ပျော့ခွေကာ အေးစက်စက် ကုလားထိုင်ပေါ်သို့ အရုပ်ကြိုးပြတ် ပြိုကျသွားတော့သည်။
ရုံးခန်းတစ်ခုလုံးမှာလည်း သေမတတ် တိတ်ဆိတ်သွား၏။ ရွှီဝမ်ထောင်က မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြူလျော်နေကာ ပါးစပ်အဟောင်းသားနှင့် ရှေ့တည့်တည့်ကိုသာ ကြောင်အမ်းအမ်းကြီး စိုက်ကြည့်နေမိသည်။
*သွားပြီ... အားလုံး ပြီးဆုံးသွားပြီ*
နောက်တစ်စက္ကန့်မှာတော့ သူက ကုလားထိုင်ပေါ်မှ ဝုန်းခနဲ ပြန်ထလိုက်ပြီး စားပွဲဆီသို့ အပြေးကလေး သွားကာ ရိုးရိုးတယ်လီဖုန်းကို ဆွဲယူလိုက်သည်။ ထို့နောက် သူ့အသည်းထဲထိ စွဲနေအောင် မှတ်ထားသော နံပါတ်တစ်ခုကို တုန်ယင်နေသော လက်များဖြင့် ကပျာကယာ နှိပ်လိုက်လေသည်။
ထိုနံပါတ်မှာ ခရိုင်စက်မှုဗျူရို၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သော သူ့ယောက္ခမ ချင်ကျန့်ကော်၏ ရုံးဖုန်းနံပါတ်ပင်။
တီ... တီ...
ဖုန်းခေါ်သံ တစ်ချက်စီတိုင်းက သူ့ရင်ဘတ်ကို လေးလံသော တူကြီးတစ်လက်ဖြင့် ထုနှက်နေသကဲ့သို့ ခံစားနေရရှာသည်။ နောက်ဆုံးတော့ ဖုန်းဝင်သွားခဲ့လေပြီ။
"ဟယ်လို..."
တစ်ဖက်မှ အေးစက်စက်နှင့် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"အဖေ… အဖေ… ကျွန်တော့်ကို ကယ်ပါဦး"
ရွှီဝမ်ထောင်တစ်ယောက် ချက်ချင်းပဲ စိတ်ဓာတ်များ မိုးပြိုကျကာ ရှိုက်ကြီးတငင် ငိုကြွေးရင်း အဆက်အစပ်မဲ့ စကားများ အော်ဟစ်ပြောဆိုလေတော့သည်။
"အဖေ... ကျွန်တော်ပါ ဝမ်ထောင်ပါ။ ကျွန်တော် လုပ်ကြံခံရတာပါ။ ချင်ရွှေရွာက ချန်ရှင်းဆိုတဲ့ တောသားက ကျွန်တော့်ကို အကွက်ဆင်လိုက်တာ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါဦး အဖေရယ်"
ဖုန်း၏ အခြားတစ်ဖက်မှာ ခဏတာ တိတ်ဆိတ်သွား၏။ ချင်ကျန့်ကော်၏ အသံမှာ မည်သည့်ခံစားချက်မှ ပါဝင်ခြင်းမရှိဘဲ ယခင်ကထက်ပင် ပို၍ အေးစက်နေခဲ့သည်။
"သက်သေတွေကလည်း အခိုင်အလုံပဲ၊ မျက်မြင်သက်သေရော အထောက်အထားရော အကုန်ရှိနေတာ။ ကျန်းပေါကိုယ်တိုင် ဖုန်းဆက်လာတာ ဖြစ်သလို ဒီကိစ္စက ခရိုင်အထိတောင် ရောက်သွားပြီ။ ငါလည်း ဘာမှ လုပ်ပေးလို့မရဘူး၊ မင်းရဲ့လုပ်ရပ်အတွက် ရလာမယ့် အကျိုးဆက်ကို မင်းကိုယ်တိုင်ပဲ ခံယူလိုက်တော့"
"မဖြစ်ဘူး... မဖြစ်ရဘူး အဖေ…၊ ကျွန်တော် ရှင်းပြပါရစေဦး"
ရွှီဝမ်ထောင်တစ်ယောက် လုံးဝကို ဆွံ့အသွားတော့သည်။ သူ့ယောက္ခမက ဤကဲ့သို့ ရက်စက်လှသော စကားမျိုး ပြောလာလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။ သူက ထပ်မံ အသနားခံရန် ကြိုးစားလိုက်သော်လည်း ဖုန်းထဲမှ ကြားလိုက်ရသည်ကတော့ အဆက်အသွယ် ပြတ်တောက်သွားသည့် အသံတစ်ခုတည်းသာ ဖြစ်လေတော့သည်။
ချင်ကျန့်ကော် ဖုန်းချသွားခဲ့လေပြီ။
မျှော်လင့်ချက်မဲ့ခြင်းက သူ့ကို ချက်ချင်း ဝါးမြိုသွားတော့သည်။
ရွှီဝမ်ထောင်၏ မျက်လုံးများမှာ နီရဲတောက်လောင်နေပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်နေမိသည်။
"ချန်ရှင်း... ကျောက်ဖန်းအာ..."
သူက ဟိန်းဟောက်လိုက်ရင်း စားပွဲပေါ်ရှိ စာရွက်စာတမ်းများ၊ လက်ဖက်ရည်ခွက်များနှင့် မင်အိုးများကိုပါ ဝုန်းခနဲ ဆွဲချပစ်လိုက်၏။ ပစ္စည်းများ ကွဲကြေသွားသည့် အသံများနှင့်အတူ သူ၏ ရူးသွပ်နေသော ကျိန်ဆဲသံများက ရုံးခန်းအတွင်း ပဲ့တင်ထပ်သွားတော့သည်။
"မင်းတို့ကို ငါ လုံးဝ အလွှတ်မပေးဘူး။ သေသွားရင်တောင် သရဲအဖြစ်နဲ့ မင်းတို့ကို လိုက်နှောင့်ယှက်ဦးမှာ"
......
ချင်ရွှေရွာ၊ မြေဩဇာလုပ်သည့် ဝင်းအတွင်းမှာတော့...
ဤနေရာ၏ အခြေအနေမှာ ခရိုင်ရုံးခန်းအတွင်းရှိ သုဿာန်တမျှ တိတ်ဆိတ်မှုနှင့် လုံးဝကို ဆန့်ကျင်ဘက်ပင်။ ကောင်းကင်ကြီးတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်စေတော့မည့်အလား လူများစွာက ရူးသွပ်မတတ် စိတ်လှုပ်ရှားကာ ဆူညံနေကြလေသည်။
နားကွဲမတတ် ကျယ်လောင်လှသော အားပေးသံများကြားမှာပင် ချန်ရှင်းက ဒါရိုက်တာ ကျန်းပေါနှင့် ရွာသားများအားလုံး၏ ရှေ့တွင် တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ခုခုကို ကြေညာလိုက်သည်။
ကြေညာချက်ကတော့ သူသည် နတ်မြေဩဇာစပ်နည်းကို နိုင်ငံတော်သို့ အခမဲ့ ပေးအပ်လှူဒါန်းရန် ဆန္ဒရှိသည်ဟူသော အကြောင်းပင်။
ဤသို့သော ခေတ်ကာလမျိုးတွင် စိုက်ပျိုးရေးလောကကို ပြောင်းလဲပစ်နိုင်သည့် နည်းပညာကို ပိုင်ဆိုင်ထားခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်မှန်း သူ ကောင်းကောင်းကြီး သိထားသည်။
"သာမန်လူတစ်ယောက်ဟာ အပြစ်ကင်းပေမဲ့ သူ့မှာ ရတနာတစ်ခုခု ရှိနေရင်တော့ အပြစ်မကင်းနိုင်တော့ဘူး" ဟူသော ဆိုရိုးကဲ့သို့ပင်။ သူတစ်ပါးက မသမာသောနည်းဖြင့် လာလုမှာကို ထိုင်စောင့်နေမည့်အစား ကိုယ်တိုင် လက်ဦးမှုယူကာ ပေးအပ်လိုက်ခြင်းကမှ ပို၍ လက်တွေ့ကျသော အခွင့်အာဏာနှင့် အကာအကွယ်များ ရရှိနိုင်မည် မဟုတ်ပါလား။ ထို့အပြင် သူ့တွင် ကမ္ဘာနှစ်ဖက်ပွင့် တံခါးပေါက်စနစ်လည်း ရှိနေသေးရာ ဤနည်းပညာလေးက အသေးအမွှားသာသာပင်။
သူ ပြောပြီးသည်နှင့် တစ်ဝင်းလုံး ရုတ်တရက် ငြိမ်ကျသွားတော့သည်။
ရူးသွပ်မတတ် အော်ဟစ်နေကြသော အားပေးသံများသည် မမြင်ရသော ကတ်ကြေးတစ်လက်ဖြင့် ဖြတ်တောက်ခံလိုက်ရသလို ဝုန်းခနဲ ရပ်တန့်သွားကြ၏။ လူတိုင်းက နေရာမှာတင် ကြက်သေသေသွားကြပြီး သူတို့၏ နားကိုပင် သူတို့ မယုံနိုင်အောင် ဖြစ်နေကြရသည်။
*ဒါက မှော်ဖော်စပ်နည်းကြီးလေ*
*မြေကြီးကို ရွှေဖြစ်အောင် လုပ်နိုင်တဲ့ ရတနာကြီးကို ဒီအတိုင်းကြီး အလကား ပေးပစ်လိုက်မည်တဲ့လား*
ချန်အယ်တန့်၏ ပါးစပ်ကြီးမှာ အဟောင်းသားဖြစ်နေပြီး အတော်ကြာသည်အထိ ပြန်မစိနိုင်တော့ချေ။
ချန်ကွမ်လင်ဆိုလျှင်လည်း ယိုင်တိုင်တိုင်ဖြစ်သွားပြီး သူ့ခန္ဓာကိုယ်ကို မနည်းပြန်ထိန်းလိုက်ရသည်။ သူတို့ ချန်ရှင်းကို ကြည့်နေပုံက လူသားတစ်ယောက်ထက် ထူးဆန်းသည့် သတ္တဝါကြီးတစ်ကောင်ကို ကြည့်နေသကဲ့သို့ပင်။
ဒါရိုက်တာ ကျန်းပေါ၏ ခန္ဓာကိုယ်မှာလည်း ပြင်းထန်စွာ တုန်ယင်လာပြီး သူငယ်အိမ်များလည်း ကျုံ့ထွက်သွား၏။ သူက ချန်ရှင်းကို စိုက်ကြည့်ရင်း သူကိုယ်တိုင် ဇရာထောင်း၍ နားကြားများ မှားနေလေသလားဟုပင် တွေးမိသွားရှာသည်။
သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသော အသံဖြင့်"ရဲဘော်ချန်...၊ မင်း အခု ဘာပြောလိုက်တာလဲ။ နောက်တစ်ခေါက်လောက် ထပ်ပြောပေးပါဦး"
ချန်ရှင်းက သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်သောအမူအရာဖြင့် ခေါင်းညိတ်ပြကာ"ကျွန်တော် ပြောတာက ဒီရိုးရာမြေဩဇာစပ်နည်းကို နိုင်ငံတော်ဆီ အခမဲ့ လှူဒါန်းဖို့ ဆန္ဒရှိပါတယ်လို့ ပြောတာပါ။ ဒါမှလည်း လူအများကြီး အကျိုးရှိပြီး အားလုံး ဝဝလင်လင် စားနိုင်ကြမှာ မဟုတ်လား"
ဤတစ်ကြိမ်မှာတော့ လူတိုင်း တစ်လုံးမကျန် ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေတော့သည်။
ကျန်းပေါမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာကြီး နီမြန်းနေကာ နှုတ်ခမ်းများ တုန်ရီနေပြီး စကားပင် မဆိုနိုင်တော့ချေ။ သူသည် ကိုယ်ကျင့်တရား မြင့်မားသူများကို မြင်တွေ့ဖူးသော်လည်း ဤမျှလောက်အထိ မြင့်မြတ်လှသော စိတ်ဓာတ်ပိုင်ရှင်မျိုးကိုမူ တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ချန်ရှင်းသည် သာမန်လယ်သမားတစ်ဦး မဟုတ်တော့ဘဲ တစ်လောကလုံးကို ရင်ဝယ်ပိုက်ထားသည့် သူတော်စင်တစ်ဦးအလားပင်။
"ကောင်းတယ်… တကယ့်ကို ကောင်းတယ်"
ကျန်းပေါက ရှေ့သို့ အပြေးကလေး တိုးသွားပြီး ချန်ရှင်း၏ လက်များကို တင်းတင်းဆုပ်ကိုင်ကာ အားပါးတရ လှုပ်ခါလိုက်လေသည်။
"ရဲဘော် ချန်ရှင်း…၊ မင်းရဲ့ စိတ်ဓာတ်က တကယ့်ကို မြင့်မြတ်လွန်းပါတယ်။ ငါ့တစ်သက်မှာ မင်းလို ကိုယ်ကျိုးစွန့်ပြီး အများအကျိုးကိုပဲ ကြည့်တဲ့ ရဲဘော်ကောင်းမျိုး တစ်ခါမှ မတွေ့ဖူးခဲ့ဘူး။ ခရိုင်တစ်ခုလုံးက ပြည်သူတွေကိုယ်စား မင်းကို ကျေးဇူးအထူးတင်ပါတယ်"
သူက ထိုနေရာမှာတင် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"ရဲဘော်ချန်ရှင်းလို ထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ကို ရွက်ပုန်းသီး လုပ်မထားနိုင်ဘူး။ ငါ အခုချက်ချင်းပဲ မင်းအတွက် ဂုဏ်ပြုဆုပေးဖို့ ခရိုင်ကို တင်ပြပေးမယ်။ တစ်ချိန်တည်းမှာပဲ အသစ်ဖွဲ့စည်းမယ့် 'စိုက်ပျိုးရေး သိပ္ပံနှင့် နည်းပညာ တိုးချဲ့ရေးအဖွဲ့' ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ရဲဘော် ချန်ရှင်းကို ခန့်အပ်ဖို့ အဆိုပြုတယ်"
သူ ခဏတာ ရပ်လိုက်ပြီးနောက် လက်ချောင်းသုံးချောင်း ထောင်ပြကာ အသံကို တစ်ဆင့်မြှင့်၍ ထပ်ပြောလိုက်သည်။"တစ်လကို ထောက်ပံ့ကြေး ယွမ် ၃၀၊ အဲဒီအပြင် ရိက္ခာစပါး ကျင်း ၃၀ပါ ပေးမယ်"
ဝုန်း…
ရွာသားများသည် ခုနက အံ့သြနေခဲ့သော်လည်း အခုတော့ လုံးဝကို ရူးသွပ်မတတ် ဖြစ်သွားကြလေပြီ။
ယွမ် ၃၀…
ရိက္ခာစပါး ကျင်း ၃၀…
ဒါက ဘာကို ဆိုလိုတာလဲ…
ထုတ်လုပ်ရေးအဖွဲ့ထဲမှ သန်သန်မာမာ လူတစ်ယောက်က အရိုးကျိုးမတတ် လုပ်အားပေးနေရင်တောင် တစ်နှစ်လုံးနေမှ ဒီလောက်အထိ မရနိုင်ပေ။ ချန်ရှင်းသည် နိုင်ငံတော်မှ လစာရိက္ခာ ရရှိသော ကေဒါအရာရှိတစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့လေပြီ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်မှာတော့ မြေဩဇာလုပ်သည့် ဝင်းတစ်ခုလုံးတွင် ယခင်ကထက် အဆပေါင်းရာချီသော အားပေးသံကြီးများ ဟိန်းထွက်လာတော့သည်။
"အစ်ကိုချန်က တကယ့်လူတော်ပဲဗျို့"
"အမလေး... ငါတို့ရွာရဲ့ လူက နိုင်ငံတော် ရိက္ခာကို စားရတော့မယ်"
"ဒါက ငါတို့ ချင်ရွှေရွာကနေ ပျံထွက်သွားတဲ့ ရွှေရောင် ဖီးနစ်ငှက်လေးပဲဟေ့"
ရွာသားများ ချန်ရှင်းကို ကြည့်သည့် အကြည့်မှာ ကိုးကွယ်ခြင်းထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ နတ်ဘုရားတစ်ပါးကို မော်ဖူးနေကြသည့် သစ္စာရှိ ဝတ်ပြုသူများ၏ အကြည့်မျိုးပင်။ ထိုသို့ ဆူညံပွက်လောရိုက်နေသည့် ကြားမှာပင် ချန်ရှင်းက ကျန်းပေါကို နှိမ့်ချစွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းတယ်… တကယ်ကို ထူးချွန်တယ်"
ကျန်းပေါက အားအင်များ ပြည့်ဝနေပြီး အလွန်တရာ ကျေနပ်နေပုံရ၏။ သူက အဖိုးတန် ရတနာတစ်ခုကို ရှာတွေ့ထားသည့်အလား နည်းပညာရှင် ရှောင်လီကို ဆွဲခေါ်ကာ ရေသောက်ရန်ပင် မအားဘဲ အလျင်အမြန် ထွက်ခွာသွားတော့သည်။
"ငါ အခုချက်ချင်း ခရိုင်ကို သွားမယ်။ ဒီသတင်းကောင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဟူ ဆီ သတင်းပို့ရမယ်"
ကျန်းပေါ အလျင်အမြန် ထွက်သွားသည်ကို ကြည့်ရင်း ချန်ရှင်း၏ နှုတ်ခမ်းထောင့်တွင် ခပ်ရေးရေး အပြုံးတစ်ခု ပေါ်လာတော့သည်။
*ရွှီဝမ်ထောင်...၊ မင်းရဲ့ အချိန်တွေက ကုန်ဆုံးသွားပြီ။ ဒါပေမဲ့ ငါ့ရဲ့ ခရီးစဉ်ကတော့ အခုမှ စရုံလေးပဲ ရှိသေးတယ်။*