← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း (၆၆) - လမ်းဆုံးဟူသည်

ကျန်းပေါ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားနေကြသော ရွာသားများက ချန်ရှင်းအနား ဝိုင်းအုံလာကြတော့သည်။ ချီးကျူးထောပနာပြုသံများနှင့် ဖားယားပြောဆိုသံများက လှိုင်းလုံးကြီးများအလား ဒလဟော တိုးဝင်လာပြီး ချန်ရှင်းကို လွှမ်းမိုးသွားတော့သည်။

ရွှီချင်းချင်း၊ ကျောက်ဖန်းအာနှင့် လင်းရှို့ရှို့တို့မှာ လူအုပ်ထဲ လုံးဝ တိုးမဝင်နိုင်ကြပေ။ သူတို့က လူအုပ်အလယ်ရှိ ထိုယောကျ်ားကို ခြေဖျားလေးများ ထောက်ကာ လှမ်းကြည့်နေရုံသာ တတ်နိုင်ကြလေသည်။

သူတို့အားလုံး၏ မျက်နှာမှာတော့ ဂုဏ်ယူဝင့်ကြွားမှုနှင့် ပီတိရိပ်များ အထင်းသား ပေါ်လွင်နေ၏။

သူမ ယောကျ်ား ဘာလုပ်လုပ် ဂယက်ထစေပြီး လူတိုင်း၏ အသိအမှတ်ပြုမှု ရယူနေပုံကို ကြည့်ရင်း ရွှီချင်းချင်းတစ်ယောက် ခေါင်းမော့ရင်ကော့ ဂုဏ်ယူနေမိသည်။ သူမ၏ ရင်ထဲတွင် ပျားရည်များ လောင်းထည့်ထားသလို အလွန်တရာ ချိုမြိန်နေပြီး ပျော်ရွှင်မှုနှင့် ပီတိများက အပြင်သို့ လျှံထွက်နေတော့မတတ်ပင်။

ထိုမျှလောက် ပြင်းပြသော စိတ်အားထက်သန်မှုများကြားတွင် ချန်ရှင်း၏ မျက်နှာကတော့ တည်ငြိမ်အေးဆေးလျက် အမူအရာ ကင်းမဲ့နေဆဲပင်။ သူက လက်ကို မြှောက်ကာ အောက်သို့ ဖြည်းညင်းစွာ ဖိချလိုက်သည့် အမူအရာလေး တစ်ခုကိုသာ လုပ်ပြလိုက်လေသည်။

တစ်ခဏအတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ လူတိုင်း အသက်အောင့်ထားရင်း သူ့ဆီမှ ထွက်လာမည့် နောက်ထပ် ညွှန်ကြားချက်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

"ဒီမှာ ဝိုင်းအုံမနေကြနဲ့တော့၊ အလုပ်တွေက မပြီးသေးဘူး"

ချန်ရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။

"မြေဩဇာစပ်တဲ့ အသေးစိတ်အချက်အလက်တွေကို သေချာမှတ်ထားကြ၊ အချိုးအစား လွဲလို့မဖြစ်ဘူး။ အလုပ်ကို စနစ်တကျ မလုပ်ရင် ဘယ်လောက်ကောင်းတဲ့ နည်းဖြစ်ဖြစ် အသုံးမဝင်ဘူး"

"ဟုတ်ကဲ့ပါ အစ်ကိုချန်"

လူအုပ်ကြီးက တစ်ညီတစ်ညွတ်တည်း ဖြေကြားလိုက်ကြပြီး အသံများမှာ ဟိန်းထွက်သွားတော့သည်။

လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်သဖြင့် ချန်ရှင်းက အလယ်မှ ထွက်လာပြီး အိမ်ဘက်သို့ ဦးတည်လျှောက်သွားလေသည်။

"ယောက်ျား…"

ရွှီချင်းချင်းနှင့် ကျောက်ဖန်းအာတို့က ချက်ချင်း သူ့နောက်မှ အပြေးကလေး လိုက်လာကြသည်။

ရွှီချင်းချင်း၏ အရည်လဲ့နေသော မျက်ဝန်းအစုံမှာ ကောင်းကင်မှ ကြယ်ပွင့်ကလေးများ ခိုအောင်းနေသကဲ့သို့ တလက်လက် တောက်ပနေပြီး သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။

ချီးကျူးချင်သည်၊ ပွေ့ဖက်ချင်သည်၊ ပြောပြချင်သည့် စကားတွေကလည်း အများသား။ သို့သော်လည်း မည်သည့်စကားကမှ သူမ၏ ခံစားချက်ကို ပြည့်စုံအောင် မဖော်ပြနိုင်သလို ခံစားနေရ၏။

နောက်ဆုံးမှာတော့ သူမက ချန်ရှင်းကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် အပြုံးနုနုလေး ဆင်မြန်းလျက် ဘာစကားမှ မဆိုနိုင်တော့ချေ။

တစ်ဖက်တွင်လည်း ကျောက်ဖန်းအာက ပထမဆုံးအကြိမ်အဖြစ် သူမ၏ ပုံမှန် ဇွတ်တရွတ်နိုင်မှုနှင့် နှုတ်သီးကောင်းလျှာပါး စရိုက်များ ပျောက်ကွယ်နေလေသည်။ သူမက ခြေလှမ်းကို သွက်သွက်လှမ်းကာ ချန်ရှင်း၏ ရှေ့မှ ပိတ်ရပ်လိုက်၏။ သူမထံတွင် အရင်က တစ်ခါမှ မမြင်ဖူးသည့် တည်ငြိမ်လေးနက်သော အမူအရာမျိုး ရှိနေလေသည်။

သူမက ချန်ရှင်းကို ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ရှိသမျှ အင်အားကို စုစည်းထားသည့်အလား ပြောလိုက်လေသည်။

"ရွှီဝမ်ထောင် ကိစ္စအတွက်... ကျေးဇူးအများကြီး တင်ပါတယ်"

သူမက ထိုစကားလုံးများကို တစ်လုံးချင်းစီ လေးလေးနက်နက် ပြောလိုက်ခြင်းပင်။

ရွှီဝမ်ထောင်ဆိုသည်မှာ မည်မျှ ယုတ်မာညစ်ပတ်သည့် လူစားမျိုးဖြစ်ကြောင်းနှင့် သူတို့ကို ဖျက်ဆီးပစ်ရန် ဘယ်လိုနည်းဖြင့်မဆို ကြိုးစားလာမည်ကို သူမ ကောင်းကောင်းကြီး သိထားသည်။ သို့သော်လည်း ချန်ရှင်းကတော့ သူမ တစ်ခါမှ စိတ်မကူးရဲခဲ့သည့် ထက်ထက်မြက်မြက် နည်းလမ်းမျိုးဖြင့် ဤအကျပ်အတည်းကို ဖြေရှင်းပေးခဲ့ရုံသာမက ထိုလူယုတ်မာကိုပါ အနက်ရှိုင်းဆုံး ချောက်ထဲသို့ တွန်းပို့ပစ်လိုက်ခြင်းပင်။

ချန်ရှင်းက သူမ၏ တည်ကြည်လေးနက်နေသော မျက်နှာထားကို ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်သည်။

သူက မြူးတူးနေပုံရပြီး သူမကို ခပ်ပြုံးပြုံး စိုက်ကြည့်ကာ

"ငါ့မိန်းမရဲ့ သူငယ်ချင်းကို လာနှောင့်ယှက်တဲ့သူက ငါ့မိန်းမကို လာစော်ကားတာနဲ့ အတူတူပဲ။ ငါက ဒီအတိုင်း ကြည့်နေလို့ ဘယ်ရမလဲ"

ထိုစကားသံ ဆုံးသွားသည်နှင့် ကျောက်ဖန်းအာ၏ နှလုံးသားလေးမှာ ဒိတ်ခနဲ ဖြစ်သွားတော့သည်။

ခေါင်းအစ ခြေအဆုံး ဝုန်းခနဲ ပူဆင်းသွားပြီး ဖြူဖွေးဖွး ပါးပြင်လေးနှစ်ဖက်မှာ မှည့်ဝင်းနေသော ခရမ်းချဉ်သီးလေးများပမာ ချက်ချင်း ရဲတက်သွားလေသည်။

သူမ၏ ဦးနှောက်တစ်ခုလုံး ဗလာဖြစ်သွားပြီး ထိုလွှမ်းမိုးနိုင်စွမ်းရှိလှသော၊ အကြောင်းပြချက်မရှိ မိမိဘက်က ရပ်တည်ပေးခဲ့သော စကားလုံးများကသာ နားထဲမှာ ထပ်ခါတလဲလဲ ကြားယောင်နေတော့သည်။

"ကျွန်... ကျွန်မက အဲလို..."

သူမ တစ်ခုခု ပြန်ပြောချင်သော်လည်း စကားလုံးများက လည်ချောင်းထဲမှာ တစ်ဆို့နေခဲ့သည်။

သူမက အတင်းမျက်နှာလွှဲလိုက်ပြီး လူကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသည့် ချန်ရှင်း၏ မျက်လုံးများကို ဆက်မကြည့်ရဲတော့ချေ။ သူမ၏ ရင်ဘတ်ထဲမှာလည်း နှလုံးခုန်သံများက ဗုံတီးနေသကဲ့သို့ ပြင်းထန်လှပြီး ပေါက်ထွက်လာတော့မတတ် ခံစားနေရရှာသည်။

...

ခရိုင်မြို့၊ ချင်မိသားစုအိမ်…

ရွှီဝမ်ထောင် တစ်ယောက် တာဝန်မှ ရပ်ဆိုင်းခံရပြီး ခရိုင်၏ စစ်ဆေးမှုကို ခံနေရပြီဖြစ်ကြောင်း ချင်ရုံ သိလိုက်ရချိန်မှာ ခရိုင်ကုန်တိုက်ကြီး၌ အရာရှိကတော် အချို့၏ရှေ့တွင် သူမ အသစ်ဝယ်ထားသည့် ရှန်ဟိုင်းထုတ် နှင်းဆီနံ့ မျက်နှာလိမ်းခရင်မ်ကို ကြွားလုံးထုတ်နေချိန် ဖြစ်၏။

သူမ၏ ဖခင်ဖြစ်သူ ချင်ကျန့်ကော် ကိုယ်တိုင် ဖုန်းခေါ်ခဲ့ခြင်းဖြစ်ပြီး ရလဒ်ကို အကျဉ်းချုံး ပြောပြခဲ့ခြင်းပင်။

ချင်ရုံ၏ ဦးနှောက်မှာ ခဏတာ မှင်တက်သွားခဲ့ပြီးနောက် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ အသစ်ဝယ်ထားသည့် ခရင်မ်ဘူးကို ယူရန်ပင် မေ့သွားသည်အထိ ဒေါသတကြီးဖြင့် အိမ်သို့ ပြန်ပြေးလာခဲ့လေသည်။

ဝုန်း…

သူမက အိမ်တံခါးကို အားပါးတရ ကန်ဖွင့်လိုက်ရာ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ခွေးသေတစ်ကောင်လို ပုံပျက်ပန်းပျက် လှဲလျောင်းနေသည့် ရွှီဝမ်ထောင်ကို မြင်လိုက်ရသည်။

ထိန်းမနိုင်သိမ်းမရ ဒေါသမီးများက သူမ၏ အသိတရားကို ချက်ချင်း တောက်လောင်ပစ်လိုက်လေတော့သည်။

"ရွှီဝမ်ထောင်…"

သူမ စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး ခြေသုံးလှမ်းတည်းနှင့် သူ့အနားသို့ ပြေးသွားကာ...

ဖြန်း…

ဖြန်းခနဲ အသံနှင့်အတူ စပ်ဖျဉ်းဖျဉ်း ပါးရိုက်ချက်တစ်ချက်က ရွှီဝမ်ထောင်၏ မျက်နှာထက်သို့ အားပါပါ ကျရောက်သွားတော့သည်။

ရိုက်ချက်ပြင်းလွန်းသဖြင့် ရွှီဝမ်ထောင် ဘေးသို့ လွင့်စင်သွားခဲ့ပြီး ပါးပြင်မှာလည်း သိသိသာသာ ဖူးရောင်လာကာ ရဲရဲနီနေသည့် လက်ငါးချောင်းရာကြီး ထင်ကျန်ရစ်ခဲ့လေသည်။

"နင်လို အသုံးမကျတဲ့ကောင်…၊ လူနုံလူအ"

ချင်ရုံမှာ ရိုက်ရုံနှင့် အားမရသေးဘဲ ကြမ်းပြင်ပေါ်တွင် လဲနေသော ရွှီဝမ်ထောင်ကို သူမ၏ ဒေါက်ဖိနပ် အချွန်ကြီးများဖြင့် အဆက်မပြတ် ကန်ကျောက်နေတော့သည်။

"ငါ့အဖေက နင့်ကို အဲဒီနေရာမှာ ခန့်ထားပေးတာ ငါ ဂုဏ်တင့်စေဖို့အတွက်လေ၊ အခုလို အရှက်ခွဲဖို့ မဟုတ်ဘူး"

"တောသူတစ်ယောက်အတွက်နဲ့ နင်က နင့်ရဲ့ ရာထူးကိုပါ အဆုံးရှုံးခံရတယ်ပေါ့လေ နင် ဘယ်လိုမျက်နှာမျိုးနဲ့ အိမ်ပြန်လာရဲတာလဲ။ အပြင်မှာပဲ သေမသွားဘဲနဲ့"

သူမက စိတ်ခံစားချက်များကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။ သူမ၏အသံမှာ စူးရှလွန်းသဖြင့် နားကွဲလုမတတ် ဖြစ်နေလေသည်။

"နင်က အပြင်မှာ တခြားမိန်းမတွေကိုတောင် သွားပြီး ငမ်းနေသေးတယ်ပေါ့။ မှန်ထဲမှာ နင့်ရုပ်နင် ပြန်ကြည့်စမ်း၊ နင်နဲ့တန်သလားဟဲ့။ နင်က မိန်းမရဲ့ ထမီစကို ခိုစားပြီး ရှင်သန်နေရတဲ့ ကျောရိုးမဲ့တဲ့ကောင်။ ချင်မိသားစုက မွေးထားတဲ့ ခွေးတစ်ကောင်ပဲ"

ရွှီဝမ်ထောင်က ကြမ်းပြင်ပေါ်မှာ ခွေနေပြီး သူမ၏ လက်သီးများ၊ ကန်ချက်များနှင့် ရိုင်းရိုင်းစိုင်းစိုင်း စကားလုံးများအားလုံးကို ငြိမ်ခံနေခဲ့သည်။

သူ့ပါးပြင်မှာ ပူစပ်ပူလောင် နာကျင်နေပြီး အရိုးများမှာလည်း ကန်ကျောက်ခံရမှုကြောင့် ကျိုးထွက်တော့မတတ် ခံစားနေရသော်လည်း ထိုနာကျင်မှုများမှာ သူ ယခုခံစားနေရသည့် အရှက်ကွဲမှုနှင့် မကျေနပ်မှုများကို လုံးဝ မမီပေ။

ယခင်က ခန့်ညားခဲ့သော သူ့မျက်နှာတွင် ယခုအခါ သုဿာန်တမျှ တိတ်ဆိတ်ငြိမ်သက်နေသော ယုတ်ယုတ်ကန်းကန်း အကြံအစည်များသာ ပြည့်နှက်နေလေသည်။

ချန်ရှင်း... ကျောက်ဖန်းအာ...

ပြီးတော့ သူ့ကို ခွေးတစ်ကောင်လို နှိပ်စက်နေတဲ့ ရှေ့က မိန်းမ…

*မင်းတို့အားလုံး သေကို သေသင့်တာ…*

ထိုညတွင် ချင်ရုံက ရွှီဝမ်ထောင်ကို ရိုက်နှက်ရတာ မောသွားပြီး တံတွေးနှင့် တစ်ချက်ထွေးလိုက်ကာ အခန်းထဲသို့ ဝင်အိပ်သွားတော့သည်။ သူမက နောက်နေ့တွင် ကွာရှင်းစာချုပ် သွားလုပ်မည်ဖြစ်ကြောင်း မအိပ်ခင် တတွတ်တွတ် ကျိန်ဆဲပြောဆိုနေသေး၏။

သန်းခေါင်ယံအချိန်၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။

အေးစက်စက် ကြမ်းပြင်ပေါ်တွင် ခွေအိပ်နေသည့် ရွှီဝမ်ထောင်က အသာအယာ မတ်တတ်ထရပ်လိုက်သည်။

သူက ခါးကို မတ်လိုက်ပြီး အိပ်ခန်းထဲသို့ အသံမထွက်အောင် ခြေဖျားထောက်ကာ ဝင်သွားလေသည်။

ချင်ရုံမှာ အိပ်မောကျနေပြီး ဟောက်သံလေးပင် ထွက်နေ၏။

ရွှီဝမ်ထောင်၏ အကြည့်များက ကုတင်ဘေးရှိ စားပွဲတင်ခုံပေါ်တွင် တင်ထားသည့် သံသေတ္တာလေးဆီသို့ ရောက်သွားသည်။ ထိုသေတ္တာလေးမှာ သူမ တန်ဖိုးထားသော ပစ္စည်းများ၊ ပိုက်ဆံများနှင့် ဘောက်ချာ အမျိုးမျိုးကို ထည့်ထားသည့် သေတ္တာလေးပင်။

သူက အနားသို့ ခြေဖျားထောက် သွားလိုက်ပြီး ထိုသေတ္တာလေးကို အသံတစ်ချက်မျှ မထွက်စေဘဲ ညင်သာစွာ မယူလိုက်လေတော့သည်။

ဧည့်ခန်းဆီ ပြန်ရောက်သောအခါ သူက သံကြိုးစလေးတစ်ခုကို သုံး၍ သေတ္တာသော့ကို ကျွမ်းကျင်စွာ ဖွင့်လိုက်၏။

သံသေတ္တာလေးအတွင်းမှာတော့ ‘တညီတညွတ်တည်း ချီတက်နေပုံ’ ကို ရိုက်နှိပ်ထားသည့် ဆယ်ယွမ်တန် ငွေစက္ကူထူထူတစ်အုပ် ရှိနေ၏။ အနည်းဆုံး ယွမ် သုံးလေးရာခန့် ရှိမည့်အပြင် ၎င်း၏အောက်တွင် နိုင်ငံတော် ရိက္ခာကူပွန်များ၊ အဝတ်အထည်ကူပွန်များနှင့် စက်မှုကုန်စည်ကူပွန်များလည်း အစီအရီ ရှိနေသည်။

ရွှီဝမ်ထောင်၏ မျက်လုံးများထဲတွင် လောဘရိပ်များ တလက်လက် တောက်ပလာတော့သည်။

သူက နည်းနည်းလေးမှ တွန့်ဆုတ်မနေဘဲ သေတ္တာထဲရှိ ငွေများနှင့် ရိက္ခာကူပွန်များအားလုံးကို သိမ်းကျုံးယူကာ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။ ဤအရာများကို မှောင်ခိုဈေးကွက်တွင် အဖိုးတန်ငွေကြေးအဖြစ် အလွယ်တကူ လဲလှယ်နိုင်သည် မဟုတ်ပါလား။

အလုပ်ပြီးစီးသွားသည့်အခါ သူက အဝတ်အစားအသစ် လဲလိုက်ပြီး တစ်ချိန်က သူ အသည်းအသန် တိုးဝင်ခဲ့ဖူးသော ဤအိမ်ဂေဟာကို နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်မိသည်။ သူ့မျက်ဝန်းများထဲတွင် သံယောဇဉ်ဟူ၍ အစအနမျှ မရှိဘဲ နက်ရှိုင်းလှသော အမုန်းတရားများသာ ကိန်းအောင်းနေတော့သည်။ နောက်သို့ပင် လှည့်မကြည့်တော့ဘဲ သူက အိမ်တံခါးကိုဖွင့်ကာ ညနက်မည်းမည်းထဲသို့ တိတ်တဆိတ် တိုးဝင်ပျောက်ကွယ်သွားလေတော့သည်။

ခရိုင်မြို့၏ အနောက်ဘက်ခြမ်းရှိ အရှုပ်ထွေးဆုံးနှင့် အညစ်ပတ်ဆုံးသော လမ်းကြားတစ်ခုဆီသို့ သူ ဦးတည်သွားနေ၏။ ထိုနေရာသည် ခိုးဆိုးလုနှိုက်များ၊ လူမိုက်များနှင့် လူမသမာများ စုဝေးရာနေရာဖြစ်သလို အမှောင်လောက၏ မှောင်ခိုဈေးကွက် တည်ရှိရာနေရာလည်း ဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက်...

စျေးပေါပေါ ဆေးလိပ်နံ့၊ အရက်နံ့နှင့် ချွေးနံ့များ မွှန်ထူနေသည့် မှောင်ကုပ်ကုပ် အရက်ဆိုင်လေးအတွင်းမှာတော့ ရွှီဝမ်ထောင်က သူရှာနေသောလူကို တွေ့သွားခဲ့ပြီဖြစ်သည်။ ဆိုင်၏ ထောင့်စွန်းရှိ စားပွဲတစ်ခုတွင် ကြောက်မက်ဖွယ် တက်တူးများဖြင့် အင်္ကျီချွတ်ထားသော လူမိုက်သုံးယောက်က ရက်စက်ကြမ်းကြုတ်သည့် ပုံစံဖြင့် ထိုင်နေကြသည်။

ရွှီဝမ်ထောင်က သူတို့ထံ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ ထိုလူမိုက်သုံးယောက်က ခေါင်းမော့ကြည့်ကာ ဤမဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်ကို အကဲခတ်လိုက်ကြ၏။

ရွှီဝမ်ထောင်လည်း စကားအပို မပြောတော့ဘဲ သူ့အိတ်ကပ်ထဲမှ ငွေထုပ်ကြီးကို ဆွဲထုတ်ပြီး စားပွဲပေါ်သို့ ဘုတ်ခနဲ မြည်အောင် ခပ်ပြင်းပြင်း ချလိုက်လေသည်။

"ခြေထောက်နှစ်ဖက်ကို ရိုက်ချိုးပေးရမယ်၊ ပြီးတော့ မိန်းမတစ်ယောက်ကို ဖမ်းပေးရမယ်"

သူ့အသံမှာ အက်ကွဲခြောက်ကပ်နေပြီး ငရဲပြည်မှ တက်လာသည့် နတ်ဆိုးတစ်ကောင်အလား အေးစက်နေလေတော့သည်။

All Chapters