အခန်း ၆၇
Vol. 7 Ch. 67
အခန်း (၆၇) - တောင်တန်းနှင့် တောအုပ်တို့၏ ဘုရင်
နောက်တစ်နေ့ မိုးသောက်ယံ အချိန်…
ယခုအခါ ချင်ရွှေရွာတွင် လူအများ၏ အာရုံကို အဖမ်းစားနိုင်ဆုံးနေရာမှာ ရွာအဝင်ဝရှိ အံ့မခန်း ဖြစ်ထွန်းနေသည့် စမ်းသပ်လယ်ကွက်လေးများ မဟုတ်တော့ပေ။ ထိုနေရာအစား ရွာလယ်ခေါင်တွင် ခိုင်ခိုင်မာမာ ပေါ်ထွက်လာသည့် အပြာရောင် အုတ်ကြွပ်မိုး အုတ်အိမ်ကြီးကသာ လူတိုင်း၏ မျက်စိကို ဖမ်းစားထားလေတော့သည်။
လူအင်အား ဒါဇင်ပေါင်းများစွာဖြင့် နေ့မအား ညမနား ဝိုင်းဝန်းလုပ်ကိုင်ခဲ့ကြပြီးနောက် အိမ်အသစ်ကြီး၏ နံရံများမှာ အားလုံးပြီးစီးသွားခဲ့ပြီဖြစ်ကာ မြင့်မားသော သစ်သားထုတ်တန်းကြီးများကိုလည်း တင်ပြီးသွားခဲ့ပြီဖြစ်သည်။ ယခုအခါတွင် အမိုးမိုးရန်နှင့် အတွင်းပိုင်း အလှဆင်လုပ်ငန်းအချို့သာ ကျန်ရှိတော့ပြီး ခန့်ညားထည်ဝါလှသော အိမ်ကြီး၏ ပုံပန်းသဏ္ဌာန်မှာ လူတိုင်း၏ရှေ့တွင် အထင်အရှား ပေါ်လွင်နေလေပြီ။
နံနက်စာအဖြစ် မွှေးကြိုင်နေသည့် ကြက်ဥကြော်များ၊ အစာသွတ်ထားသော ပေါက်စီပူပူလေးများနှင့် ဆန်ပြုတ်ပျစ်ပျစ် တစ်အိုး ပြင်ဆင်ထားလေသည်။
စားသောက်ပြီးနောက် ချန်ရှင်းက ရွှီချင်းချင်းကို လက်ဆွဲပြီး အချောမသတ်ရသေးသည့် အိမ်သစ်ကြီးအတွင်းသို့ လျှောက်လှမ်းဝင်ခဲ့သည်။
"ချင်းချင်း...၊ ဒါက ကိုယ်တို့ရဲ့ အိပ်ခန်းလေ"
သူက အရှေ့ဘက်ခြမ်းရှိ အကြီးဆုံးအခန်းကို ညွှန်ပြရင်း ပြောလိုက်သည်။
"ဒီမှာ အုတ်ခုတင်ကို အကြီးကြီး ဆောက်ပေးမယ်၊ နွေးလည်း နွေးနေမှာဆိုတော့ ဆောင်းတွင်းကျရင် မင်း လုံးဝ အေးမှာ မဟုတ်ဘူး"
သူက ဘေးဘက်သို့ လျှောက်သွားကာ လက်ဟန်ခြေဟန်ဖြင့် ထပ်ပြောလိုက်ပြန်သည်။
"ဒီနံရံမှာတော့ မင်းအတွက် မှန်တင်ခုံလေးတစ်ခု ဆောက်ပေးမယ်။ အကောင်းဆုံး သစ်သားတွေကို သုံးပြီး မှန်ကြီးကြီးတစ်ချပ်နဲ့ မင်းရဲ့ မျက်နှာလိမ်းခရင်မ်တွေ၊ အလှဆီတွေကို အဲဒီပေါ်မှာ အကုန်တင်ထားလို့ရတာပေါ့"
ချန်ရှင်းက ရှေ့သို့ ဆက်လျှောက်သွားကာ အိပ်ခန်းနှင့် ကပ်လျက်ရှိသော နေရာလွတ်တစ်ခုကို ညွှန်ပြလိုက်ပြန်သည်။
"ဒီနေရာကိုတော့ ကန့်လိုက်ပြီး မီးဖိုချောင် လုပ်မယ်။ အိမ်ထဲမှာ မီးဖိုကြီးကြီးတစ်ခု ဆောက်လိုက်ရင် မင်းလည်း မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ပြီး ဟင်းချက်နေစရာ မလိုတော့ဘူး၊ ခါးလည်း မနာတော့ဘူး"
ထို့နောက် သူက နံရံတွင် ချန်ထားသော အပေါက်လေးကို ပြလိုက်ရင်း
"မီးခိုးခေါင်းတိုင်က ဒီကနေတစ်ဆင့် အမိုးပေါ်ကို တိုက်ရိုက်ဖောက်ထုတ်ထားမှာဆိုတော့ အိမ်ထဲမှာ မီးခိုးနံ့တွေ လုံးဝ ရှိမှာ မဟုတ်ဘူး"
ရွှီချင်းချင်းက သူညွှန်ပြရာနောက်သို့ လိုက်ကြည့်ရင်း နောင်တစ်ချိန် ဖြစ်ပေါ်လာမည့် မြင်ကွင်းကို စိတ်ကူးကြည့်နေမိရာ သူမ၏ မျက်ဝန်းများထဲတွင် မျက်ရည်များ ဝဲတက်လာလေသည်။
အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် ဘာမှမရှိဘဲ ခက်ခဲပင်ပန်းစွာ ရုန်းကန်ခဲ့ရသည့် ဘဝမှနေ၍ ယခုကဲ့သို့ ကျယ်ဝန်းလင်းလက်ပြီး မကြာမီ ပြီးစီးတော့မည့် အုတ်အိမ်ကြီးတွင် နေထိုင်ရတော့မည်ဆိုသည်မှာ သူမအတွက် အိပ်မက်တစ်ခုလိုပင်။
ချန်ရှင်းက တစ်ခုခုပြောရန် လှည့်လိုက်စဉ်မှာပင် ရွှီချင်းချင်းက ခြေဖျားလေး ထောက်ကာ သူ့လည်ပင်းကို သိုင်းဖက်လိုက်၏။ ထို့နောက် သူမ၏ နူးညံ့လှသော နှုတ်ခမ်းလေးဖြင့် သူ့ကို အငမ်းမရ နမ်းရှိုက်တော့သည်။
ထိုအနမ်းလေးထဲတွင် သူမ၏ ချစ်ခြင်းမေတ္တာများနှင့် ကျေးဇူးတရားများ အားလုံး စုစည်းပါဝင်နေလေသည်။
ချန်ရှင်း ခဏတာ အံ့အားသင့်သွားသော်လည်း သူ့ရင်ထဲတွင် နွေးထွေးမှုများ အပြည့်ပင်။ သူက ခါးသွယ်သွယ်လေးကို ဆွဲပွေ့လိုက်ပြီး သူမ အသက်ရှူရပ်သွားသည်အထိ အနမ်းများကို ပိုမိုနက်ရှိုင်းစေလိုက်၏။ ထို့နောက်မှသာ မဝံ့မရဲ လွှတ်ပေးလိုက်လေသည်။
ရှက်သွေးဖြာနေသော သူမ၏ မျက်နှာလေးနှင့် တလက်လက် တောက်ပနေသော မျက်ဝန်းလေးများကို ကြည့်ရင်း ချန်ရှင်း၏ ရင်ထဲတွင် ရဲရင့်တက်ကြွသည့် စိတ်ဓာတ်များ ပေါ်ပေါက်လာတော့သည်။ သူက အားပါးတရ ရယ်မောလိုက်ပြီး သူမ၏ ခါးလေးကို ဆွဲကာ အသာအယာ မချီလိုက်လေသည်။
"လာ...၊ ကိုယ်တို့ ပျံသန်းရအောင်"
သူက ရွှီချင်းချင်းကို ရင်ခွင်ထဲ ပွေ့ချီရင်း အခန်းလွတ်ထဲတွင် ပျော်ရွှင်စွာဖြင့် အကြိမ်အနည်းငယ် ပတ်ချာလှည့်လိုက်လေသည်။
"အို…"
ရွှီချင်းချင်းက လန့်ဖျပ်စွာဖြင့် အာမေဋိတ်သံလေး မြည်တမ်းလိုက်မိပြီး သူ့လည်ပင်းကို အလိုအလျောက် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ရာ သူမ၏ ဂါဝန်စလေးမှာ လေထဲတွင် လှပသော လိပ်ပြာတောင်ပံလေးအလား လွင့်ပျံနေတော့သည်။
သူမ၏ အော်ဟစ်သံလေးက မကြာမီမှာပင် ခေါင်းလောင်းသံလေးအလား ကြည်လင်လှသော ရယ်မောသံအဖြစ်သို့ ပြောင်းလဲသွားပြီး အချောမသတ်ရသေးသည့် အိမ်သစ်ကြီးအတွင်း ပဲ့တင်ထပ်သွားတော့သည်။
မလှမ်းမကမ်းရှိ မီးဖိုချောင် အဝင်ဝတွင်...
လင်းရှို့ရှို့က အသစ်ဆေးကြောထားသည့် ဟင်းသီးဟင်းရွက် ဇလုံကို မကာ အပြင်သို့ ထွက်လာစဉ် ထိုမြင်ကွင်းကို တိုက်တိုက်ဆိုင်ဆိုင် မြင်တွေ့လိုက်ရသည်။
သူမ၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွား၏။
နေရောင်ခြည်အောက်တွင် သူမ နတ်ဘုရားတစ်ပါးလို ကိုးကွယ်ထားသည့် ထိုယောကျ်ားသည် သူ့ဇနီးကို ခေါင်းပေါ်အထိ မြှောက်ချီထားပြီး မျက်နှာတွင်လည်း ယခင်က တစ်ခါမှ မမြင်ဖူးသည့် အစစ်အမှန် တောက်တောက်ပပ အပြုံးများ ပြည့်နှက်နေလေသည်။
သူ မြှောက်ချီထားသော ရွှီချင်းချင်းမှာလည်း တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ထားသည့်အလား တောက်ပစွာ ပြုံးနေခဲ့သည်။
ထိုမြင်ကွင်းမှာ ပန်းချီကားတစ်ချပ်အလား လှပလွန်းသော်လည်း သူမ၏ ရင်ကိုတော့ အနည်းငယ် နာကျင်သွားစေသည်။
သူမသည် အချစ်ခံနေရသော ထိုအမျိုးသမီးကို ကြည့်ရင်း မျက်ဝန်းများထဲတွင် ဖုံးမနိုင်ဖိမရ အားကျမှုများနှင့် သူမကိုယ်တိုင်ပင် သတိမထားမိသည့် အထီးကျန်မှုလေးများ ယှဉ်တွဲနေတော့သည်။
သူမ ကပျာကယာ ခေါင်းငုံ့လိုက်ပြီး ဘာမှမမြင်လိုက်သည့်အလား တိတ်တဆိတ် လှည့်ပြန်ခဲ့သည်။ ထို့နောက် ဟင်းသီးဟင်းရွက် ဇလုံကို မကာ မီးဖိုချောင်ထဲမှ မီးခိုးငွေ့များကြားထဲ တိတ်တဆိတ် ပြန်ဝင်သွားလေတော့သည်။
ချန်ရှင်းတစ်ယောက်ကတော့ စိတ်အခြေအနေ အလွန်ကောင်းနေ၏။ သူက ရယ်ရလွန်း၍ အသက်ပင် မနည်းလုရှူနေရသော ရွှီချင်းချင်းကို အသာအယာ ပြန်ချပေးလိုက်ပြီး ဖရိုဖရဲဖြစ်သွားသည့် သူမ၏ ဆံပင်လေးများကို သပ်ရပ်အောင် ပြန်လုပ်ပေးလိုက်သည်။
ထို့နောက် သူက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်ရှုပ်နေကြသော လူအုပ်ကြီးဘက်သို့ လှည့်ကာ အသံကျယ်ကျယ် အော်ပြောလိုက်သည်။
"အယ်တန့်…"
"ဗျို့… အစ်ကိုချန်...၊ ဘာခိုင်းမလို့လဲဗျ"
ခေါ်သံကြားသည်နှင့်တစ်ပြိုင်နက် အုတ်သယ်နေသော ချန်အယ်တန့်က လက်ရှိအလုပ်ကို ချက်ချင်း ပစ်ချလိုက်ပြီး သူ့ထုံးစံအတိုင်း စိတ်အားထက်သန်မှုများ၊ ကြည်ညိုမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် အပြေးရောက်လာလေသည်။
ချန်ရှင်းက သူ့ကိုကြည့်ကာ အောင်နိုင်သူတစ်ယောက်ကဲ့သို့ လက်ဝှေ့ယမ်းပြလိုက်၏။
"ဒီနေ့ ငါ စိတ်တော်တော်ကြည်နေတယ်။ မင်း... သန်သန်မာမာ လူငယ်တချို့ကို သွားခေါ်လိုက်၊ လက်နက်တွေလည်း ယူခဲ့ကြဦး။ ငါနဲ့ တောင်ပေါ်ကို လိုက်ခဲ့ရမယ်"
ချန်အယ်တန့် ခဏတာ မှင်တက်သွားသော်လည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားကာ သူ့မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ရာ အရောင်အဝါများ တလက်လက် တောက်ပလာတော့သည်။
ချန်ရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ထိုနေရာရှိ လူတိုင်း ကြားနိုင်လောက်အောင် အသံမြှင့်၍ ပြောလိုက်သည်။
"အိမ်အသစ်ရဲ့ ထုတ်တန်းတင်တဲ့နေ့ဆိုတာ ဝမ်းသာစရာနေ့ပဲ။ ဒါကြောင့် ဒီနေ့ညမှာ တစ်ရွာလုံးကို ထမင်းကျွေးမယ်။ လာကြ... ငါတို့ အားလုံးအတွက် ခပ်မြိန်မြိန် ဟင်းလျာတွေ ရအောင် သွားရှာကြမယ်။ ဒီညတော့ ပွဲတော်ကြီး ကျင်းပကြတာပေါ့"
ထိုစကားကို ကြားလိုက်ရသည့်အခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံး ခဏတာ တိတ်ဆိတ်သွား၏။
နောက်တစ်စက္ကန့်မှာတော့ ဝုန်းခနဲ အရှိန်ဖြင့် အရာအားလုံး ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဟေး… ဟေး… အောင်ပွဲခံဖို့ အချိန်ရောက်ပြီဟေ့"
"အစ်ကိုချန်က ငါတို့ကို အသားတွေနဲ့ ထပ်ကျွေးဦးမယ်ဟေ့"
အလုပ်သမားအားလုံးက လက်ထဲရှိ တန်ဆာပလာများကို ပစ်ချပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ချင်ရွှေတစ်ရွာလုံးက နှစ်သစ်ကူးပွဲတော်ကို စောစီးစွာ ကျင်းပနေသည့်အလား ပျော်ရွှင်စရာ အငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားတော့သည်။
"ကျွန်တော်ပါမယ်… ကျွန်တော်ပါမယ်… အစ်ကိုချန်... ကျွန်တော့်ကိုလည်း ထည့်ပေးပါဦး"
"ကျွန်တော်လည်း ပါမယ်ဗျို့၊ ကျွန်တော်က တော်တော် သန်တယ်နော်"
ချန်အယ်တန့်က စိတ်လှုပ်ရှားလွန်း၍ မျက်နှာကြီး နီမြန်းနေကာ သူ့ရင်ဘတ်ကို ပုတ်ပြီး အော်ပြောလိုက်သည်။
"အစ်ကိုချန် စိတ်ချပါ၊ ရွာထဲမှာ အသန်ဆုံး၊ အတောင့်ဆုံး လူတွေကို ကျွန်တော် ကိုယ်တိုင် ရွေးခေါ်ခဲ့ပါ့မယ်။ ဒီနေ့ တောဝက်ကြီးတစ်ကောင်လောက် မရမချင်း ကျွန်တော်တို့ တောင်အောက်ကို ပြန်မဆင်းဘူးဗျာ"
ဤသတင်းက တစ်ရွာလုံးသို့ ပျံ့နှံ့သွားပြီး လယ်ယာလုပ်နေကြသော ရွာသားများကလည်း ထိုညတွင် အသားစားရတော့မည်ဟု ကြားလိုက်ရသောအခါ ပို၍ စိတ်အားထက်သန်စွာဖြင့် ပေါက်တူးများ အားပါးတရ ပေါက်ကာ အလုပ်လုပ်ကြလေတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်...
ချန်ရှင်း၏ အိမ်ရှေ့တွင်...
ချန်ရှင်းက လက်တိုအင်္ကျီအသစ်လေးတစ်ထည် လဲလှယ်ဝတ်ဆင်ထားပြီး ပုခုံးပေါ်တွင် သေနတ်တစ်လက်ကို ထမ်းထားလေသည်။ သူ့နောက်တွင်မူ ချန်အယ်တန့်နှင့် ရွာထဲမှ အသန်ဆုံးဟု ရွေးချယ်ခံထားရသော လူငယ် ခုနစ်ယောက်၊ ရှစ်ယောက်ခန့် လိုက်ပါလာကြသည်။
သူတို့အားလုံးက အမဲလိုက်ရိုင်ဖယ်များကိုယ်စီ ကိုင်ဆောင်ထားကြပြီး ခါးမှာလည်း ဓားမကြီးများနှင့် ကြိုးများကို ချည်နှောင်ထားကြရာ တက်ကြွရဲရင့်ပြီး အတော်လေးကို ကြောက်စရာကောင်းသည့် အသွင်ပေါက်နေလေသည်။
ရွှီချင်းချင်း၊ ကျောက်ဖန်းအာနှင့် လင်းရှို့ရှို့တို့က အိမ်ရှေ့တွင် ရပ်နေကြပြီး သူတို့ကို လိုက်လံပို့ဆောင်ကြသော ရွာသားများနှင့်အတူ ရှိနေကြ၏။
"အစ်ကိုချန်... သတိထားသွားဦးနော်"
"အမဲလိုက်တာ အောင်မြင်ပါစေဗျို့"
နားကွဲမတတ် ကျယ်လောင်လှသော အားပေးသံများနှင့် မှာတမ်းခြွေသံများကြားမှာပင် ချန်ရှင်းက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး သူ၏ အမဲလိုက်အဖွဲ့ကို ဦးဆောင်ကာ တောင်နောက်ဘက် အနက်ပိုင်းသို့ ဦးတည် ဝင်ရောက်သွားလေတော့သည်။
တောထဲ ခြေချလိုက်သည်နှင့် အပြင်လောက၏ ဆူညံသံများအားလုံး ချက်ချင်း တိတ်ဆိတ်သွားသလိုပင်။ လေတိုးသံကြောင့် သစ်ရွက်ချင်း ပွတ်တိုက်သံနှင့် အမည်မသိ တောငှက်တို့၏ တွန်မြည်သံများသာ တောနက်အတွင်း ပဲ့တင်ထပ်နေ၏။
အမဲလိုက်အဖွဲ့၏ လေထုမှာလည်း လေးနက်တည်ငြိမ်သွားတော့သည်။ ချန်ရှင်းက ရှေ့ဆုံးမှ ဦးဆောင်လာပြီး သူ့ခြေလှမ်းများမှာ ပေါ့ပါးသွက်လက်နေ၏။ သို့သော် သူ့မျက်လုံးများကမူ သိန်းငှက်တစ်ကောင်ကဲ့သို့ စူးရှနေပြီး တောတွင်းရှိ လှုပ်ရှားမှုအသေးအမွှားကိုပင် လက်လွတ်မခံဘဲ အကဲခတ်နေလေသည်။
"ရပ်လိုက်ကြ"
သူက ရုတ်တရက် လက်မြှောက်အချက်ပေးလိုက်ရာ အဖွဲ့ဝင်အားလုံး အမိန့်ကို တစ်သဝေမတိမ်း လိုက်နာလိုက်ကြသည်။ လူရှစ်ယောက်စလုံး နေရာမှာတင် သစ်တိုင်များပမာ တောင့်တောင့်ကြီး ရပ်သွားကြပြီး အသက်ရှူသံကိုပင် ထိန်းထားကြ၏။
ချန်ရှင်းက မြေပေါ်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေကြီးတစ်ဆုပ်ကို ကောက်ယူကြည့်ကာ နံဘေးရှိ ဖရိုဖရဲဖြစ်နေသော ချုံပုတ်များကို အကဲခတ်လိုက်သည်။
"တောဝက်တွေပဲ၊ အခုလေးတင် ဖြတ်သွားတာ။ အများဆုံး နှစ်ကောင်ပဲ၊ အထီးတစ်ကောင်နဲ့ အမတစ်ကောင်"
သူက ဘာမှ တွန့်ဆုတ်မနေဘဲ ယုံကြည်ချက်အပြည့်ဖြင့် အေးဆေးစွာ ပြောလိုက်သည်။
ချန်အယ်တန့်နှင့် အခြားသူများမှာ မြေပြင်ပေါ်ရှိ မမြင်ရသလောက်ဖြစ်နေသော ခြေရာများကို ကြည့်ရင်း ကြောင်အမ်းအမ်းနှင့် အံ့သြနေကြလေသည်။ ချန်ရှင်းက မတ်တတ်ရပ်ကာ သူ့ဘယ်ဘက်ရှိ ချိုင့်ဝှမ်းတစ်ခုကို ညွှန်ပြလိုက်သည်။
"အယ်တန့်...၊ မင်း လူသုံးယောက်ခေါ်ပြီး အဲဒီဘက်ကနေ ပတ်သွား။ သူတို့ကို တောင်ဘက်ဆီ မောင်းထုတ်၊ အသံတွေလည်း အကျယ်ကြီး လုပ်ကြ"
ထို့နောက် သူက ညာဘက်ရှိ သစ်တောထူထူဆီသို့ ညွှန်ပြကာ"ကျန်တဲ့လူတွေ ငါနဲ့လိုက်ခဲ့။ ရှေ့မှာ ထောင်ချောက်သွားဆင်မယ်”
"ဟုတ်ကဲ့ပါ"
အဖွဲ့နှစ်ဖွဲ့ ချက်ချင်း လူခွဲလိုက်ကြသည်။ မည်သူမှ ချန်ရှင်း၏ အမိန့်ကို မေးခွန်းထုတ်ရန် မစဉ်းစားမိကြချေ။ သူ၏ ညွှန်ကြားချက်များမှာ လိုရင်းတိုရှင်းဖြစ်ပြီး ထိရောက်လှသည်။ သူ၏ ဦးဆောင်မှုအောက်တွင် အဖွဲ့ဝင်အားလုံးမှာ စည်းကမ်းတကျနှင့် ဟန်ချက်ညီညီ လှုပ်ရှားကြလေသည်။
ခဏအကြာတွင် တောင်ဘက်ဆီမှ ချန်အယ်တန့်တို့၏ အော်ဟစ်သံများနှင့် တမင်တကာ လုပ်နေသော ဆူညံသံများ ထွက်ပေါ်လာတော့သည်။
မကြာမီမှာပင် ထိတ်လန့်တကြားဖြစ်နေသော တောဝက်ကြီးနှစ်ကောင်မှာ တောအုပ်ထဲမှ ဝုန်းခနဲ ပြေးထွက်လာပြီး ချန်ရှင်းတို့ ကြိုတင်ပြင်ဆင်ထားသော တုတ်ချွန်ထောင်ချောက်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားလေတော့သည်။
ထောင်ချောက်ထဲတွင် အချည်းနှီး ရုန်းကန်နေကြသော သားကောင်များကို ကြည့်ရင်း အဖွဲ့ဝင်အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။ သူတို့၏ မျက်လုံးများထဲတွင် ချန်ရှင်းအပေါ် လေးစားအားကျမှုများ ပိုမိုပြည့်နှက်လာ၏။
ဒါက အမဲလိုက်နေတာ မဟုတ်ဘဲ လမ်းပေါ်က ပိုက်ဆံ လိုက်ကောက်နေရသလိုမျိုး လွယ်ကူလွန်းနေသည် မဟုတ်ပါလား။