← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

အခန်း (၆၉) - ယင်ကောင်တစ်ကောင်

လူမိုက်ခေါင်းဆောင်၏ စကားသံ ဆုံးသွားသည်နှင့် ချန်ရှင်း၏ အနီးဆုံးတွင် ရှိနေသော လူနှစ်ယောက်က လူယုတ်မာအပြုံးများဖြင့် စတင်လှုပ်ရှားလာကြသည်။

သူတို့က ဘယ်ညာ တစ်ဖက်စီတွင် ရပ်လျက် သံပိုက်လုံးများနှင့် ဓားမများကို ခပ်မြင့်မြင့် မြှောက်ကိုင်လိုက်ကြ၏။ ထို့နောက် မည်သည့် အပိုလှုပ်ရှားမှုမှ မရှိဘဲ လေခွင်းသံများနှင့်အတူ ချန်ရှင်း၏ ဦးခေါင်းနှင့် ပခုံးဆီသို့ ပြင်းထန်စွာ ခုတ်ချလိုက်ကြလေသည်။

ဤသည်က ဇီဝိန်ခြွေလိုသော သတ်ဖြတ်နည်းပင်။

ကျောက်တိုင်များကိုပင် နှစ်ခြမ်းခွဲနိုင်လောက်သည့် ထိုပြင်းထန်လှသော တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ချန်ရှင်းမှာ နောက်သို့ ဆုတ်မသွားဘဲ ရှေ့သို့သာ တိုးဝင်လိုက်၏။

သူက မြေပြင်ကို အရှိန်ယူ နင်းလိုက်ပြီး မြားတစ်စင်းအလား ရှေ့သို့ ထိုးထွက်ကာ တစ်ဖက်လူ နှစ်ဦး၏ ဟနေသော နေရာကို ချက်ချင်း ဖောက်ဝင်လိုက်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံး ဖြစ်ပျက်သွားသည်။ အလွန်လျင်မြန်လွန်းသဖြင့် မည်သူမှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရချေ။

ချန်ရှင်းက တံတောင်ကို ကွေးလိုက်ပြီး ဘယ်ဘယ်မှ လူမိုက်၏ နားထင်ကို ဖြောင်းခနဲ မြည်အောင် ခတ်ချလိုက်၏၊ အားအပြည့်ပါသော တူတစ်လက်ကို ဝှေ့ယမ်းလိုက်သည့်အလားပင်။

"အွတ်..."

ထိုလူမိုက်၏ လူယုတ်မာအပြုံးမှာ ချက်ချင်း တောင့်တင်းသွား၏။ သူက အော်သံပင် အဆုံးထိ မထွက်နိုင်ရှာပေ။ သူ့မျက်လုံးများမှာ အပေါ်သို့ လန်တက်သွားပြီး လက်ထဲမှ သံပိုက်ကလည်း လွင့်စင်သွားတော့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အရိုးများ မရှိတော့သလို နောက်သို့ လန်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ မြည်အောင် ပြုတ်ကျကာ ငြိမ်သက်သွားလေသည်။

ထိုအချိန်မှာပင် ချန်ရှင်း၏ အခြားလွတ်နေသော လက်တစ်ဖက်မှာ လျှပ်စီးတမျှ မြန်လှသော အရှိန်ဖြင့် ရှေ့သို့ ထိုးထွက်လာသည်။ သူ၏ သံညှပ်ကြီးများလို လက်ငါးချောင်းက ညာဘက်မှ ဓားကိုင်ထားသော လူမိုက်၏ လက်ကောက်ဝတ်ကို တိတိကျကျ ဖမ်းဆုပ်လိုက်၏။

ထိုလူမိုက်၏ လက်ကောက်ဝတ်မှာ ရုတ်တရက် တင်းကျပ်သွားပြီး မတွန်းလှန်နိုင်သော အားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။ သူ တုံ့ပြန်ချိန် မရခင်မှာပင် ချန်ရှင်းက သူ့လက်ကောက်ဝတ်ကို လှန်၍ လိမ်ချိုးပစ်လိုက်လေပြီ။

ဂျွတ်…

တိတ်ဆိတ်လှသော ညနက်ကြီးထဲတွင် အရိုးကျိုးသွားသည့် စက်ဆုပ်ဖွယ် အသံကြီးမှာ ဟိန်းထွက်သွားပြီး နားထောင်ရသူအဖို့ ကျောချမ်းစရာ ဖြစ်နေတော့သည်။

"အား..."

ထိုလူမိုက်က ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး အလွန်အမင်း နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားသည်။ လက်ထဲမှ ဓားမှာလည်း မြေပြင်ပေါ်သို့ ဒေါက်ခနဲ မြည်ကာ ပြုတ်ကျသွားတော့သည်။

ထိုသို့ လျင်မြန်ပြီး ကြမ်းတမ်းလှသော မြင်ကွင်းကြောင့် ရှေ့သို့ တက်လာရန် ပြင်နေကြသော ကျန်လူမိုက်များမှာ ခြေလှမ်းများ တန့်သွားကြ၏။ သူတို့ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။

လမ်းပေါ်တွင် နေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ရန်ဖြစ်ခြင်းမှာ သူတို့အတွက် နေ့စဉ်အလုပ်တစ်ခုလို ဖြစ်နေသော်လည်း ဤမျှလောက် ရက်စက်ပြီး ရန်သူကို တစ်ချက်တည်းဖြင့် ပြတ်ပြတ်သားသား နှိမ်နင်းနိုင်သည့်သူမျိုးကိုတော့ တစ်ခါမှ မကြုံဖူးခဲ့ကြချေ။

"ဘာရပ်ကြည့်နေကြတာလဲ… တက်ကြစမ်း… သတ်ပစ်လိုက်ကြ"

လူမိုက်ခေါင်းဆောင်က ထိုသွေးပျက်ဖွယ် မြင်ကွင်းကြောင့် အနည်းငယ် လန့်သွားသော်လည်း သူ့ရင်ထဲမှာတော့ ပိုမိုပြင်းထန်သော ရက်စက်ကြမ်းကြုတ်မှုများ ကိန်းအောင်းလာခဲ့သည်။ သူက သူ့လူများကို တစ်ချက်ဟောက်ပြီး ရှေ့တက်ရန် အမိန့်ပေးလိုက်လေသည်။

ကျန်လူများမှာ ခေါင်းဆောင်၏ အသံကြောင့် သတိပြန်ဝင်လာကြ၏။ သူတို့၏ သွေးများက ဆူပွက်လာပြီး ချန်ရှင်းရှိရာသို့ လက်နက်များ ဝှေ့ယမ်းကာ ဟိန်းဟောက်၍ ပြေးဝင်လာကြတော့သည်။

မကြာမီမှာပင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်လာတော့၏။

မီးပုံပွဲနှင့် ဝေးကွာလှသော ထိုသစ်တောလေးထဲမှာတော့ လေခွင်းသံများ၊ ကြုံးဝါးသံများနှင့် လက်နက်များ လေထဲတွင် ဝှေ့ယမ်းသံများ ရောနှောနေလေသည်။

သို့သော်လည်း မကြာမီမှာပင် ထိုအသံများမှာ အခြားအသံတစ်ခုဖြင့် အစားထိုးခြင်း ခံလိုက်ရလေတော့သည်။

ဘုန်း…

ထိုအသံမှာ သံပိုက်လုံးနှင့် လူ့အသားတို့ ထိမှန်သွားသည့် အသံဖြစ်ပြီး ၎င်းနှင့်အတူ နာကျင်စွာ အော်ဟစ်လိုက်သည့် အသံတိုလေးတစ်ခုလည်း နောက်ကနေ ကပ်ပါလာလေသည်။

လူမိုက်တစ်ယောက်မှာ ချန်ရှင်း၏ ဗိုက်ကန်ချက်ကြောင့် ပုစွန်နွေးတစ်ကောင်လို ခွေကျသွားပြီး မနေ့ညက စားထားသမျှ အစားအစာများပင် ပြန်အန်ထွက်လာတော့သည်။

ဂျွတ်…

နောက်ထပ် အရိုးကျိုးသံတစ်ခု…

အခြားလူမိုက်တစ်ယောက်၏ လက်မောင်းမှာ ချန်ရှင်းကြောင့် နောက်ပြန်လိမ်ပြီး ပုံပျက်ပန်းပျက် ကွေးသွားကာ သူ့အော်ဟစ်သံမှာလည်း ရင်နာစရာပင် ကောင်းလှသည်။

အက်ကွဲကွဲ အော်သံများနှင့် မြေပြင်ပေါ်သို့ လူပြုတ်ကျသံများမှာ တရစပ် ထွက်ပေါ်နေလေသည်။

တစ်ခုလုံးကို ခြုံကြည့်လျှင် စက္ကန့်သုံးဆယ်ပင် မပြည့်လိုက်ချေ။

နောက်ဆုံး အော်သံလေး ပျောက်ကွယ်သွားချိန်မှာတော့ သစ်တောလေးထဲမှာ သုဿာန်တမျှ တိတ်ဆိတ်မှုများက တစ်ဖန် ပြန်လည်စိုးမိုးလာခဲ့သည်။

လူမိုက်တစ်အုပ်လုံး မြေပြင်ပေါ်တွင် ပုံပျက်ပန်းပျက် လဲနေကြပြီး အချို့မှာ ခွေးသေကောင်များအလား သတိမေ့နေကြကာ အချို့ကတော့ ကျိုးသွားသော ခြေလက်များကို ဆုပ်ကိုင်ရင်း နာကျင်စွာ အော်ဟစ်နေကြ၏။ တစ်ယောက်မှ ပြန်ထနိုင်စွမ်း မရှိကြတော့ချေ။

ချန်ရှင်းက ထိုလူပုံကြီး အလယ်တွင် ပွန်းပဲ့ရာမရှိ မတ်တတ်ရပ်နေ၏။ သူ့အင်္ကျီအနားစလေးမှာပင် အရေးအကြောင်း တစ်ခုမှ ရှိမနေခဲ့ပေ။

သူက လက်ကို တစ်ချက်ခါလိုက်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျနေသည့် ဓားမတစ်လက်ကို ကောက်ယူကာ လူမိုက်ခေါင်းဆောင်ရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။

ထိုလူမိုက်မှာ ပုံပျက်သွားသည့် သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး ထိတ်လန့်တုန်လှုပ်နေသော မျက်နှာပေးဖြင့် မြေပြင်ပေါ်တွင် နောက်သို့ ဆုတ်ကာ ဤမိစ္ဆာကြီး၏ လက်မှ လွတ်မြောက်ရန် ကြိုးစားနေရှာသည်။

ချန်ရှင်းက သူ့မျက်နှာကို ခြေထောက်ဖြင့် နင်းချလိုက်သည်။ သူက အားထည့်၍ ဖိချလိုက်ပြီး ထိုလူမိုက်၏ မျက်နှာကို စိုစွတ်နေသော မြေကြီးထဲသို့ အားပါးတရ ပွတ်တိုက်ပစ်လိုက်လေသည်။

"ဘယ်သူ ခိုင်းတာလဲ"

သူ့အသံမှာ အေးစက်နေပြီး မည်သည့် ခံစားချက်မှ ပါမနေပေ။

ခြေထောက်အောက်တွင် နင်းချေခြင်း ခံထားရသော လူမိုက်မှာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေတော့သည်။ ကြီးမားလှသော၊ တွန်းလှန်၍ မရနိုင်သော ကြောက်ရွံ့မှုများက သူ့စိတ်ခံတပ်ကို ချက်ချင်းပဲ ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေပြီ။

ချန်ရှင်း၏ ခံစားချက်မဲ့နေသော မျက်လုံးများကို စိုက်ကြည့်နေရင်း သူ့ပေါင်ကြားတွင် ရုတ်တရက် ပူနွေးသွားသည်ကို ခံစားလိုက်ရပြီး အနံ့အသက် ဆိုးလှသော အရည်များက ဘောင်းဘီကို ချက်ချင်းပဲ ရွှဲနစ်သွားစေတော့သည်။ လေထုထဲမှာလည်း အပုပ်နံ့များ ပျံ့လွင့်လာ၏။

သူ အလွန်အမင်း ကြောက်လန့်သွားသဖြင့် သေးထွက်ကျသွားခြင်းပင်။

"ကျွန်... ကျွန်တော် ပြောပါ့မယ်... ကျွန်တော် ပြောပါ့မယ်..."

လူမိုက်မှာ သွားများ တဂတ်ဂတ် တုန်ယင်နေရင်း စကားကို မနည်းထွက်အောင် ပြောနေရရှာသည်။

သူက စကားလေးလုံးကို ပြောလိုက်၏။

"အဲဒါ... ရွှီ... ဝမ်... ထောင်..."

ထိုအမည်ကို ကြားလိုက်ရသည့်အခါ ချန်ရှင်း၏ မျက်လုံးများမှာ ရုတ်တရက် အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာတော့သည်။

"ဪ..."

သူက ရုတ်တရက် ခြေထောက်ကို ပိုအားစိုက်လိုက်သည်။

"အွတ်..."

လူမိုက်မှာ အော်သံလေးတစ်ချက်သာ ထွက်ပေါ်လာပြီး ခေါင်းက ဘေးသို့ စောင်းကျကာ လုံးဝ သတိလစ်သွားတော့သည်။

ချန်ရှင်းက သူ့ခြေထောက်ကို ပြန်ရုပ်လိုက်ပြီး ရွှံ့များပေနေသော ဓားမကို အမှိုက်တစ်စလို သဘောထားကာ မြေပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်လေသည်။

သူက မပေသော ဖုန်များကို ပေနေသယောင် ခါလိုက်ပြီး အင်္ကျီကော်လာကို ပြန်ပြင်ကာ လင်းထိန်ထိန် စားပွဲဝိုင်းများဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားတော့သည်။ ခုနက ဖြစ်ပွားခဲ့သော သွေးထွက်သံယိုတိုက်ပွဲ ဆိုသည်မှာ သူ့အတွက်တော့ စိတ်အနှောင့်အယှက်ပေးနေသည့် ယင်ကောင်အချို့ကို ရိုက်နှက်လိုက်ရသလိုမျိုးသာ ဖြစ်နေလေသည်။

သူ မီးပုံနား ပြန်ရောက်လာချိန်မှာတော့ ပွဲတော်မှာ ပြီးဆုံးလုနီးပါး ဖြစ်နေချေပြီ။

ရွှီချင်းချင်းက သူ့ကို အရင်ဆုံး မြင်သွားပြီး ထိုင်နေရာမှ ချက်ချင်းထကာ ခရီးဦးကြိုပြုလေသည်။ သူမ၏ မျက်နှာလေးတွင် စိုးရိမ်မှုများ ပြည့်နှက်နေပြီး ချန်ရှင်း၏ လက်မောင်းကို ဆွဲကာ အပေါ်အောက် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေတော့သည်။

"ဘာလို့ ဒီလောက်တောင် ကြာနေတာလဲ ယောက်ျား…၊ ဘာမှမဖြစ်ဘူးမလားဟင်"

သူမ၏ အသံလေးမှာ အနည်းငယ် တုန်ယင်နေရှာ၏။

သူမ၏ စိုးရိမ်နေသော မျက်ဝန်းလေးများကို ကြည့်ရင်း ချန်ရှင်း၏ ရင်ထဲ နွေးခနဲ ဖြစ်သွားပြီး မျက်နှာပေါ်ရှိ အေးစက်မှုများမှာလည်း ချက်ချင်း အရည်ပျော်ကျသွားတော့သည်။ သူက ပြုံးလိုက်ပြီး သူမ၏ နူးညံ့လှသော ပါးပြင်လေးကို ဖွဖွလေး ဆွဲညှစ်လိုက်ကာ ရာသီဥတုအကြောင်း ပြောနေသကဲ့သို့ ပေါ့ပေါ့ပါးပါး ဆိုလိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး... နားထဲမှာ ယင်ကောင်တချို့ လာဝဲနေလို့ စိတ်ရှုပ်တာနဲ့ ရိုက်သတ်လိုက်တာ"

ရွှီချင်းချင်းမှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် နားမလည်နိုင် ဖြစ်သွားသော်လည်း ချန်ရှင်း၏ ပေါ့ပေါ့ပါးပါး အပြုံးနှင့် ရင်းနှီးနေကျ ကိုယ်သင်းနံ့လေးကြောင့် စိုးရိမ်စိတ်များ ပြေပျောက်သွားရလေသည်။ သူမက နာခံစွာ ခေါင်းညိတ်ပြလိုက်ပြီး နောက်ထပ် ဘာမှ ထပ်မမေးတော့ချေ။ သူ ဘာမှမဖြစ်လျှင် သူမအတွက် လုံလောက်နေပြီ မဟုတ်ပါလား။

ညက ပိုပြီး နက်ရှိုင်းလာခဲ့လေပြီ။

ခမ်းခမ်းနားနား ပွဲခံမှုကြီးလည်း အဆုံးသတ်သွားခဲ့လေပြီ။

ရွာသားအားလုံးမှာ အရက်ရှိန်ကြောင့် ယိုင်တိုင်တိုင် ဖြစ်နေကြသော်လည်း သူတို့မျက်နှာပေါ်မှာတော့ ယခင်က တစ်ခါမှ မကြုံဖူးသော ကျေနပ်မှုနှင့် ပျော်ရွှင်မှုများက ပြည့်လျှံနေတော့သည်။ သူတို့က နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲဖြင့် အရက်သမားအချင်းချင်း ဖေးမကူညီရင်း ပျော်ရွှင်စွာ အိမ်ပြန်သွားကြလေသည်။

အိမ်မပြန်မီ လူတိုင်းနီးပါးက ချန်ရှင်းဆီ ရောက်လာပြီး ရိုးရိုးရှင်းရှင်း စကားလုံးများဖြင့် သူတို့၏ ကျေးဇူးတင်မှုနှင့် လေးစားမှုများကို ဖော်ပြကြလေသည်။ ထို့နောက် ချန်ရှင်း၏ နံဘေးမှ ရွှီချင်းချင်းကို အားကျသည့် အကြည့်များဖြင့် ကြည့်သွားကြ၏။ ထိုအကြည့်များက 'ဒီမိန်းကလေးဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းမသားပဲ' ဟု ပြောနေသည့်အလားပင်။

လူအုပ်ကြီး လူစုကွဲသွားသည့်အခါ ကွင်းပြင်ကျယ်ကြီးပေါ်တွင် ပန်းကန်ခွက်ယောက်များသာ ပြန့်ကျဲ ကျန်ရစ်ခဲ့တော့သည်။

လင်းရှို့ရှို့ကတော့ အိမ်မပြန်သေးဘဲ ရွှီချင်းချင်းနှင့်အတူ စားပွဲပေါ်ရှိ ပန်းကန်များကို တိတ်တဆိတ် စတင် သိမ်းဆည်းပေးနေလေသည်။ သူမက စကားတစ်ခွန်းမှ မဟဘဲ လက်သွက်ခြေသွက်ဖြင့် အလုပ်လုပ်နေ၏။ ဆီများ ပေကျံနေသော ကြွေပန်းကန်လုံးများကို အစီအရီ ထပ်ကာ သစ်သားဇလုံထဲသို့ ထည့်နေလေသည်။ လရောင်က သူမ၏အပေါ် ဖြာကျနေပြီး သွယ်လျလျ ကိုယ်လုံးလေးကို အရိပ်ထိုးနေစေရာ တည်တည်ငြိမ်ငြိမ်နှင့် ကြံ့ခိုင်သည့် အလှတရားတစ်မျိုးကို ဖော်ပြနေသယောင်ပင်။

ရွှီချင်းချင်းက အလုပ်ရှုပ်နေသော သူမကို ကြည့်ရင်း အားနာနေကာ စောစောပြန်နားရန် ပြောသော်လည်း လင်းရှို့ရှို့ကတော့ ခေါင်းခါပြလျက် "ရပါတယ်... ကျွန်မ နေသားကျနေပါပြီ၊ လက်လည်း သွက်ပါတယ်" ဟု တိုးညင်းစွာ ပြန်ပြောလိုက်လေသည်။

အမျိုးသမီးနှစ်ဦး...

တစ်ဦးက သူမ၏ယောကျ်ား၏ မြတ်မြတ်နိုးနိုး တန်ဖိုးထားခြင်းခံရသူ၊ နောက်တစ်ဦးကတော့ သစ္စာရှိလှသော နောက်လိုက်တစ်ဦး...။

ယခုအခါမှာတော့ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ဟန်ချက်ညီစွာဖြင့် အတူတကွ အလုပ်ရှုပ်နေကြလေတော့သည်။

All Chapters