← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄)

မြို့စောင့်တပ်မှူးဝမ် ဒဏ်ရာရသွားခြင်း

ရွှီပေါ်အန်းသည် အဆင့်မြှင့်တင်ထားသော ဆင့်ခေါ်ခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရသောအခါ စပ်စုလိုစိတ် များ ပြည့်နှက်သွားခဲ့လေ၏။

အကြောင်းမူကား အဖြစ်အပျက်မှာ ရုတ်တရက် ဖြစ်ပေါ်လာပြီး အခွဲနတ်ကွန်းရှိ အချိန်မှာလည်း ကျပန်းဖြစ်ကာ တိုတောင်းလွန်းသောကြောင့် ဖြစ်လေသည်။

ထို့ကြောင့် ရွှီပေါ်အန်းသည် သူ၏ ခရီးကို အလျင်စလို မဆက်ခဲ့ချေ။ လမ်းဘေးတွင် ကားရပ်ရန် လုံခြုံသော နေရာတစ်ခုကို ရှာဖွေလိုက်ပြီးနောက် တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ သူ၏ အာရုံကို ချက်ချင်း စူးစိုက် လိုက်လေ၏။

ရွှီပေါ်အန်းကို အံ့အားသင့်စေသည်မှာ ဤတစ်ကြိမ်တွင် သူ၏အရှေ့၌ ပူဖောင်းနှစ်ခု ရှိနေဆဲဖြစ်သော်လည်း ဒုတိယ ပူဖောင်းမှာ ယခင် ဟုန်ယာရွာ အခွဲနတ်ကွန်းရှိ ပူဖောင်းနှင့် ကွဲပြားနေသည်မှာ သိသာထင်ရှားလှ ပေသည်။

အခွဲနတ်ကွန်းမှ သူ့ကို ဆင့်ခေါ်သည့် အချိန်တိုင်း ပေါ်လာသော ပူဖောင်းတွင် မြင်ကွင်းတစ်ခု ပါဝင်နေပြီး ၎င်းမှာ နတ်ကွန်းတစ်ခုစီ၏ အတွင်းဘက် မြင်ကွင်းအသေးစားလေး ဖြစ်ကြောင်း ရွှီပေါ်အန်း သတိထားမိခဲ့လေသည်။

ဤနေရာရှိ တောင်စောင့်နတ်မင်း နတ်ကွန်းဖြစ်စေ၊ ဟုန်ယာရွာရှိ တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ် နတ်ကွန်းများတွင်ဖြစ်စေ အတွင်းရှိ ရုပ်တုများမှာ ရိုးရှင်းသော ဒီဇိုင်းများဖြစ်ပြီး မုတ်ဆိတ်မွေးရှည်နှင့် ကြင်နာ တတ်သော အဘိုးအိုတစ်ဦးကို ပုံဖော်ထားကာ အရောင်များမှာ အဓိကအားဖြင့် အနက်၊ အဖြူနှင့် မီးခိုးရောင် များသာ ဖြစ်ကြောင်း ရွှီပေါ်အန်း ရှင်းလင်းစွာ မှတ်မိနေခဲ့လေ၏။

ယခုအချိန်တွင်မူ ပထမပူဖောင်းအတွင်းရှိ မြင်ကွင်းမှာ ဤနေရာရှိ တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းရှိ မြင်ကွင်းပင် ဖြစ်နေဆဲဖြစ်ရာ ပြဿနာမရှိချေ။

သို့သော် ဒုတိယပူဖောင်းထဲတွင်မူ အလယ်ရှိ ရုပ်တုမှာ ခမ်းနားထည်ဝါသော မျက်နှာနီနှင့် မုတ်ဆိတ်နက် အမျိုးသားတစ်ဦးအဖြစ် ပေါ်လာခဲ့လေသည်။

*ဘာတွေ ဖြစ်နေတာလဲ...။ ဟုန်ယာရွာက မြေစောင့်နတ် နတ်ကွန်းကို ပြုပြင်မွမ်းမံလိုက်တာလား...။*

ထိုသို့ ဖြစ်နိုင်ပုံမရချေ။ မည်သို့ပင်ဆိုစေ ဟုန်ယာရွာမှာ ချမ်းသာသော်လည်း တည်ဆောက်ရေးနှင့် ပြုပြင်မွမ်းမံ မှုများကို အမှန်တကယ် စတင်ခဲ့လျှင်ပင် ဤမျှ မြန်မြန်ဆန်ဆန် စတင်နိုင်မည် မဟုတ်သည်မှာ သေချာလှပေ သည်။

အကြောင်းမူကား သူတို့၏ လက်ရှိ နည်းပညာအဆင့်မှာ ဤစွမ်းရည်ကို ခွင့်မပြုသောကြောင့် ဖြစ်၏။ အကယ်၍ သူတို့က သရီးဒီ ပရင်တာကို မသိပါက ဖြစ်နိုင်စရာ အကြောင်းမရှိပေ။

အချိန်ယူ တွေးတောနေရန် မရတော့သဖြင့် ရွှီပေါ်အန်းသည် ဒုတိယပူဖောင်းကို ချက်ချင်း ရွေးချယ်လိုက်လေ တော့သည်။

နောက်တစ်ခဏတွင် သူ၏အကြည့်များ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်အသစ်တစ်ခုသည် ရွှီပေါ်အန်း၏ မြင်ကွင်းတွင် ထွက်ပေါ်လာခဲ့လေ၏။

“ဟင်...၊ လီချိန်းရှီပဲ...။ မင်း ဒဏ်ရာရထားတာလား...။”

“ပြီးတော့ ဖရိုဖရဲ ဆံပင်တွေနဲ့ ဖိနပ်မပါဘဲ သူတောင်းစားတွေနဲ့တူတဲ့ စုတ်ပြတ်နေတဲ့ ဒီလူအုပ်ကြီးက ဘယ်သူ တွေလဲ..။. သူတို့က သူတောင်းစားဂိုဏ်းများလား...။”

ရွှီပေါ်အန်း၏ မြင်ကွင်းထဲတွင် အမှန်တကယ်ပင် အလွန် ကြီးမားသော အိမ်ကြီးတစ်လုံး ရှိနေခဲ့လေသည်။

၎င်းမှာ မူလနတ်ကွန်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်းနှင့် ဟုန်ယာရွာရှိ မြေစောင့်နတ် နတ်ကွန်း နှစ်ခုပေါင်းထားသည်ထက်ပင် ပို၍ ကြီးမားနေလေ၏။

ယခုအခါ ဤအခန်း၏ ကြမ်းပြင်တွင် ခြောက်သွေ့သော ကောက်ရိုးနှင့်တူသည့် အရာများ ခင်းကျင်းထားပြီး အခန်းထဲတွင် ထိုင်နေသူ၊ လဲလျောင်းနေသူ သို့မဟုတ် မတ်တတ်ရပ်နေသူများဖြင့် ပြည့်နှက်နေလေသည်။

အပြင်သို့ ထပ်မံကြည့်ရှုလိုက်ရာ အိမ်တံခါးမှာ ကျယ်ဟောင်းစွာ ပွင့်နေပြီး အပြင်ဘက်တွင် ခြံဝင်းတစ်ခု ရှိနေပုံရသော်လည်း ထိုခြံဝင်းမှာ ပို၍ပင် လူပြည့်ကျပ်နေခဲ့လေ၏။

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ နွေဦးပွဲတော် ခရီးသွားရာသီရှိ အစိမ်းရောင် ရထားဟောင်းကြီးများကဲ့သို့ပင် လူများ ပြည့်ကျပ်နေပြီး တချို့မှာ ခြေချစရာ နေရာပင် မရှိကြပေ။

အကယ်၍ သူ၏အရှေ့ရှိ ယဇ်ပလ္လင်ပေါ်တွင် အမွှေးတိုင်များ ထွန်းညှိထားသော အမွှေးတိုင်အိုးသာ မရှိခဲ့ပါက ဤနေရာမှာ နတ်ကွန်းတစ်ခု မဟုတ်ဘဲ ခိုးဝင်လာသူများအတွက် ဂိုဒေါင်တစ်ခုဟုပင် ရွှီပေါ်အန်း သံသယဝင်မိ မည် ဖြစ်လေသည်။

"လီချိန်းရှီ... ဘာတွေ ဖြစ်နေတာလဲ...။" ဟု ရွှီပေါ်အန်းက လီချိန်းရှီကို တီးတိုး မေးလိုက်လေ၏။

ရွှီပေါ်အန်း၏ အသံကို ကြားသောအခါ လီချိန်းရှီ၏ မျက်နှာအမူအရာမှာ ခဲအေးသွားခဲ့လေသည်။ ၎င်းမှာ တောင်စောင့်နတ်မင်းကြီး၏ အသံဖြစ်လေ၏။

ထို့နောက် လီချိန်းရှီသည် ဝမ်းမြောက်နေသော အမူအရာဖြင့် ပြည့်ကျပ်နေသော လူအုပ်ကြားမှ တိုးထွက် လာကာ အမွှေးတိုင်စင်ရှေ့သို့ ရောက်သောအခါ ဒူးထောက် ရှိခိုးလိုက်လေတော့သည်။

"တောင်စောင့်နတ်မင်းကြီး...၊ ကျွန်တော်မျိုးက စွန်းမိသားစု ငွေပန်းထိမ်ဆိုင်က ငွေပန်းထိမ်ဆရာ ဆရာကျိုး တို့အဖွဲ့နဲ့အတူ ခရိုင်မြို့ကို လာခဲ့တာပါ...။ လမ်းမှာ ပုန်ကန်သူတပ်ဖွဲ့ရဲ့ တိုက်ခိုက်တာကို ခံရပြီး လူစုကွဲသွား ခဲ့ပါတယ်...။ မြို့ထဲကို အရောက်လာနိုင်ခဲ့ပေမယ့် ရှန်းယန်ခရိုင်ရဲ့ အရှေ့တောင်ဘက်၊ အနောက်ဘက်နဲ့ မြို့တံခါး တွေ ကျဆုံးသွားပြီဆိုတာကိုပဲ သိလိုက်ရတယ်...။"

"ခရိုင်ဝန်က ဖရိုဖရဲ ထွက်ပြေးသွားပြီး ရှန်းယန်ခရိုင်ဝန်ကလည်း ယွီတောင်နယ်မြေမှာ ပုန်ကန်မှုကို နှိမ်နင်းနေပါ တယ်...။ သူလည်း မကြာခင် ပြန်လာနိုင်မှာ မဟုတ်ဘူး...။ ဒါကြောင့် အခု မြောက်ဘက်တံခါး တစ်ဝိုက်ကို ကာကွယ်ဖို့က မြို့စောင့်တပ်မှူးဝမ်နဲ့ တခြားလူအနည်းငယ် အပေါ်မှာပဲ မူတည်နေတော့တယ်...။"

"ဝမ်ချောင်းလား...၊ သူက တော်တော် သတ္တိရှိတဲ့ လူသားပဲ...။" ဟု ရွှီပေါ်အန်းက မနေနိုင်ဘဲ ချီးကျူးလိုက်လေ သည်။

လီချိန်းရှီက လေးစားအားကျစွာဖြင့် ပြောလိုက်လေ၏။

"မြို့စောင့်ရဲမက်ခေါင်းဆောင်ဝမ်က သူ့ရဲ့ မြို့စောင့်ရဲမက်တွေနဲ့အတူ မြို့ထဲမှာ ကျန်ရစ်ခဲ့တဲ့ ရှန်းယန်ခရိုင်က စစ်သားတွေကို စုဆောင်းပြီး ရန်သူကို ခုခံဖို့ လူထုကို စည်းရုံးနေပါတယ်...။"

"ဒီနေရာက ဘယ်နေရာလဲ...။" ဟု ရွှီပေါ်အန်းက မေးလိုက်လေသည်။

လီချိန်းရှီက ပြန်ဖြေလိုက်လေ၏။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ဒီနေရာက ရှန်းယန်ခရိုင်ရဲ့ မြို့စောင့်နတ်ကွန်းပါ...၊ လတ်တလောမှာ ဒီနေရာကို သက်ကြီးရွယ်အိုတွေ၊ အားနည်းသူတွေ၊ ဖျားနာနေသူတွေနဲ့ မသန်စွမ်းသူတွေ ပုန်းအောင်း အနားယူဖို့ နေရာတစ်ခုအဖြစ် မြို့စောင့်တပ်မှူးဝမ်က အသုံးပြုနေပါတယ်...။"

ရွှီပေါ်အန်း ချက်ချင်း နားလည်သွားခဲ့လေသည်။ လီချိန်းရှီ၏ မျက်နှာတွင် သွေးများ ပေကျံနေပြီး သူ၏ အဝတ် အစားများမှာလည်း အနက်နှင့် အနီရောင်များ စွန်းထင်းနေသည်ကို မြင်သောအခါ သူက မေးလိုက်လေ၏။

"မင်း ဘယ်လို ဒဏ်ရာရသွားတာလဲ...။"

လီချိန်းရှီသည် ခါးသီးစွာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

"စောစောက ဆရာကျိုးနဲ့ ကျွန်တော်တို့ ပုန်ကန်သူတွေနဲ့ ကြုံတွေ့ရချိန်မှာ သူတို့ ရှေ့ဆက်သွားနိုင်အောင် ကျွန်တော်က နောက်ချန်ပြီး ကာကွယ်ပေးခဲ့တယ်...။ ကျွန်တော့်ကိုယ်ကျွန်တော် အထင်ကြီးလွန်းမိပြီး ပုန်ကန်သူ တွေရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုကို သတိမထားမိဘဲ ခံလိုက်ရလို့ လက်မောင်းမှာ ဒဏ်ရာရသွားလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့မိဘူး...။"

"ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ ထွက်ပြေးခဲ့ရပြီး အရှင်မင်းကြီး ပေးသနားထားတဲ့ နတ်ဘုရားလှံတောင် ပျောက်ဆုံးသွားခဲ့ရပါတယ်...။ တောင်စောင့်နတ်မင်းကြီးရဲ့ ကျေးဇူးတော်ကို မဆပ်နိုင်ခဲ့တဲ့အတွက် အလွန်ပဲ တောင်းပန်ပါတယ်...။ ခုနက ဒီနေရာမှာ နတ်ဘုရားရုပ်တုကို မြင်လိုက်ရတော့ မြို့စောင့်နတ်မင်း၊ တောင်စောင့် နတ်မင်းနဲ့ မြေစောင့်နတ်မင်းတို့ အားလုံးက မိသားစု တစ်စုတည်းပဲလို့ တွေးမိတာနဲ့ အရှင်မင်းကြီးကို တောင်းပန် ဖို့ အမွှေးတိုင် လာပူဇော်ခဲ့တာပါ...။"

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။

"ကိစ္စမရှိပါဘူး... လူတွေ အသက်ရှင်နေသရွေ့ လက်နက်ဆိုတာ အပြင်ပန်းအရာတွေပါ...။ ဒါပေမဲ့ ဒိပုန်ကန်သူ တွေက ယွီတောင်ရဲ့ တစ်ဖက်ခြမ်းမှာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေဆဲ မဟုတ်ဘူးလား...။ သူတို့က ရှန်းယန်မြို့ ကို ဘယ်လိုလုပ် ရုတ်တရက် ဖောက်ထွင်းဝင်ရောက်လာတာလဲ...။"

ရွှီပေါ်အန်း၏ သတင်းအချက်အလက်များမှာ ရှန်းယန်ခရိုင်၏ တပ်မှူး ယန်ရှိုယီသည် ရှန်းယန်ခရိုင်ဝန်ကို ဦးဆောင်ကာ စစ်ချီထွက်သွားသည့် ဇာတ်လမ်းလောက်သာ အကန့်အသတ် ရှိနေဆဲ ဖြစ်လေသည်။ ပုန်ကန်သူ တပ်ဖွဲ့သည် ရှန်းယန်ခရိုင်၏ နယ်မြေအတွင်းသို့ ဝင်ရောက်သောင်းကျန်းနေပြီဖြစ်ကြောင်းကို သူ လုံးဝ မသိရှိခဲ့ချေ။

လီချိန်းရှီက မကျေမနပ်ဖြစ်နေသော မျက်နှာဖြင့် ရှင်းပြလိုက်လေသည်။

"မြို့စောင့်တပ်မှူးဝမ်ရဲ့ အဆိုအရ ပိုင်မြန့်ဂိုဏ်းက နိုင်ငံခြားက လူရိုင်းတွေနဲ့ ပူးပေါင်းပြီး မြင်းကောင်းတွေ အများ ကြီး ရလာခဲ့တယ်...။ ပြီးတော့ အစိုးရတပ်ရဲ့ အဓိကတပ်ဖွဲ့ကို ကွင်းရှောင်ပြီး တိုက်ခိုက်ဖို့ လူတစ်စုကို စေလွှတ်ခဲ့ တယ်တဲ့...။ သူတို့က မမျှော်လင့်ဘဲ ယွီတောင်ကို ကွင်းရှောင်သွားပြီး မြို့သုံးမြို့ကို သိမ်းပိုက်လိုက်ပြီတဲ့လေ...။"

ရွှီပေါ်အန်းသည် အတော်လေး အံ့အားသင့်စွာဖြင့် ပြောလိုက်လေ၏။

"ဒီလောက်တောင် မြန်တာလား...။ အစိုးရတပ်တွေက လုံးဝ ခုခံမှု မလုပ်ကြဘူးလား...။"

လီချိန်းရှီက မျက်လုံးများ နီရဲကာ ပြောလိုက်လေသည်။

"ဒီတစ်ကြိမ်မှာ ပုန်ကန်သူတွေက ရူးသွပ်နေကြတယ်လို့ ကြားတယ်...။ ထောက်ပံ့ရေးပစ္စည်းတွေ မလုံလောက် လို့ မီးရှို့၊ လူသတ်၊ လုယက်၊ မီးတိုက်တာတွေ အပါအဝင် ရက်စက်ကြမ်းကြုတ်မှု မျိုးစုံကို ကျူးလွန်ခဲ့ကြတယ်... ။ သူတို့က ပြည်သူတွေကို ခြိမ်းခြောက်ဖို့ ရွာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေတောင် လုပ်ခဲ့ တယ်...။ ရွာသားအများစုက သူတို့ရဲ့ အသက်ကို ကယ်တင်ဖို့ စောစောစီးစီး ထွက်ပြေးခဲ့ကြလို့ ပုန်ကန်သူတွေရဲ့ ထိုးစစ်က အရမ်း အောင်မြင်ခဲ့တယ်...။"

ရွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ဟူသော ဝေါဟာရကို ကြားသောအခါ ရွှီပေါ်အန်း မျက်မှောင်ကြုတ် သွားခဲ့လေသည်။

သူ၏အမြင်တွင် ဤသည်မှာ လုံးဝကို ရူးသွပ်ပြီး ဒေါသထွက်စရာ ကောင်းလှပေသည်။

မသိစိတ်မှပင် ရွှီပေါ်အန်းသည် ပိုင်မြန့်ဂိုဏ်းမှ ပုန်ကန်သူများအပေါ် ရွံရှာမုန်းတီးမှုကို ခံစားလိုက်ရလေတော့ သည်။

ရွှီပေါ်အန်းသည် မူလနတ်ကွန်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်းမှ အမွှေးတိုင်ပြာ အနည်းငယ်ကို ယူကာ လီချိန်းရှီအား ကမ်းပေးရင်း ပြောလိုက်လေ၏။

"ဒီအမွှေးတိုင်ပြာကို ဒဏ်ရာရတဲ့နေရာမှာ လိမ်းလိုက်...။ အမြန် ပျောက်ကင်းသွားလိမ့်မယ်...။"

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ကောင်းချီးအတွက် ကျေးဇူးတင်ပါတယ်...။"

လီချိန်းရှီ၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် လင်းလက်သွားပြီး အမွှေးတိုင်စင်ပေါ်တွင် ရုတ်တရက် ပေါ်လာ သော အမွှေးတိုင်ပြာ တစ်ဆုပ်ဆီသို့ ဝမ်းသာအားရ လက်လှမ်းလိုက်လေ၏။

သို့သော် နောက်တစ်ခဏတွင် ညစ်ပတ်နေသော လက်တစ်ဖက်သည် ရုတ်တရက် ထွက်လာပြီး လီချိန်းရှီ၏ အရှေ့ရှိ နည်းပါးလှသော အမွှေးတိုင်ပြာကို လုယူသွားခဲ့လေသည်။

အမွှေးတိုင်စင်ပေါ်တွင် အကြွင်းအကျန် အနည်းငယ် ကျန်ရှိနေသေးသော်လည်း လက်ဖြင့် ကောက်ယူ၍ မရနိုင်လောက်အောင် သေးငယ်လွန်းလှပေသည်။

"ခင်ဗျား...၊ ဘာလုပ်တာလဲ...။ ငါ့ပစ္စည်းကို ခိုးယူတာလား...။" ဟု လီချိန်းရှီသည် သူ၏ အမွှေးတိုင်ပြာကို လုယူသွားသော အဘိုးအိုတစ်ဦးအား ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။

သို့သော် အဘိုးအိုက သူ့ကို လုံးဝ ဂရုမစိုက်ဘဲ အမွှေးတိုင်ပြာ တစ်ဆုပ်ကို လက်ထဲတွင် ကိုင်ထားကာ ဘေးရှိ မိန်းကလေးငယ်တစ်ဦး၏ ပါးစပ်သို့ တေ့ပေးရင်း အရေးတကြီး ပြောလိုက်လေသည်။

"နျူနျူ...၊ စားလိုက်...။ မြန်မြန်စား...၊ စားပြီးရင် ဗိုက်ဆာတော့မှာ မဟုတ်ဘူး...။"

သို့သော် မိန်းကလေးက ခေါင်းယမ်းလိုက်၏။

"အဘိုး...၊ ဒီဟာက သမီးတို့ပစ္စည်း မဟုတ်ဘူး...။ အဲဒီအစ်ကို့ကို ပြန်ပေးလိုက်ရအောင်...။"

လီချိန်းရှီက အဘိုးအို၏ လက်ကို ဆွဲကိုင်ကာ ပြောလိုက်လေသည်။

"အဘိုး...၊ ဒီဟာကို စားလို့မရဘူး...။ အဲဒါကြောင့် ဖျားနာမှာကို သတိထားပါဦး...။"

အဘိုးအိုက ရေရွတ်လိုက်လေ၏။

"မင်း လိမ်နေတာပါ...။ ခုနက ငါ အကုန်နားလည်လိုက်တယ်...၊ ဒီဟာက တောင်စောင့်နတ်မင်းကြီးရဲ့ လက်ဆောင်ပဲ...၊နတ်မင်းဘိုဘိုးကြီး ပေးတဲ့အရာက ဘယ်လိုလုပ် ပြဿနာ တစ်ခုခု ဖြစ်စေနိုင်မှာလဲ...။"

လီချိန်းရှီက ရှင်းပြလိုက်လေသည်။

"ဒီဟာက အပြင်ဆေးပါ...။ စားရမယ့်အရာ မဟုတ်ဘူး...။ တောင်စောင့်နတ်မင်းကြီးက ငါ့ဒဏ်ရာတွေကို ကုသဖို့ ဒါကို သုံးခဲ့တာပါ...။"

အဘိုးအိုသည် သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာမှာ ပြာနှမ်းသွားကာ အမွှေးတိုင်ပြာကို လီချိန်းရှီထံ ပြန်ပေးကာ တောင်းပန်လိုက်လေ၏။

"တောင်းပန်ပါတယ် လူငယ်လေး...။ ကလေးအတွက်မို့လို့သာ ငါ့ရဲ့ အရှက်ကို စွန့်လွှတ်ခဲ့ရတာပါ...။"

လီချိန်းရှီသည် သူ၏ ဒဏ်ရာပေါ်သို့ အမွှေးတိုင်ပြာကို လိမ်းရန် ပြင်လိုက်စဉ် သူ၏ဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ဝင်ပြောလိုက်လေသည်။

"လူငယ်လေး...၊ ဒီဟာကို တောင်စောင့်နတ်မင်းကြီးက မင်းကို တကယ် ပေးခဲ့တာလား...။"

လီချိန်းရှီက လက်မောင်းပေါ်ရှိ ဒဏ်ရာပေါ်သို့ အမွှေးတိုင်ပြာကို ဂရုတစိုက် လိမ်းလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"ဒါပေါ့...။ မဟုတ်ရင် ဒီဟာက ဘယ်လိုလုပ် ရုတ်တရက် ပေါ်လာနိုင်မှာလဲ...။"

လူလတ်ပိုင်းအရွယ် အမျိုးသမီးသည် စိတ်လှုပ်ရှားသွားပုံရပြီး ပြောလိုက်လေသည်။

"အို... ဒါက အံ့သြစရာပဲ...၊ တကယ်ကို အံ့ဖွယ်ပဲ...။ မင်း ထူးထူးဆန်းဆန်း ပြုမူနေတာကို အစက မြင်ရတော့ မင်းမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့ ငါတို့ ထင်ခဲ့တာ...။"

သူ၏ဘေးရှိ အဘိုးအိုက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"ဟုတ်တယ်...။ ငါလည်း အဲဒီလိုပဲ ထင်ခဲ့တာ.... အမွှေးတိုင်စင်ပေါ်မှာ ဒီအမည်းရောင်အမှုန်တွေ ရုတ်တရက် ပေါ်လာတာကို မြင်လိုက်ရမှ မင်းပြောတာ မှန်နိုင်တယ်ဆိုတာကို ငါ သဘောပေါက်သွားတာ...။ ဟေး...၊ တကယ် လို့ အဆင်ပြေမယ်ဆိုရင် ငါ့ကို စားစရာ တစ်ခုခုလောက် ပေးနိုင်မလား...။ ငါ့မြေးမလေး ဘာမှမစားရတာ နှစ်ရက် နဲ့ နှစ်ည ရှိနေပြီ...။ လူကြီးတွေက သည်းခံနိုင်ပေမယ့် ကလေးက ကြီးထွားနေတဲ့အရွယ်ဆိုတော့ ခံနိုင် ရည် မရှိဘူး...။"

လီချိန်းရှီက အနေခက်စွာဖြင့် ပြောလိုက်လေသည်။

"ငါ့ဆီမှာလည်း စားစရာ ကုန်သွားပြီ...။ လမ်းမှာ ပုန်ကန်သူတွေနဲ့ ကြုံတွေ့ခဲ့ရလို့ ငါ ယူလာတဲ့ စားစရာတွေ အကုန်လုံး ငါ့သူငယ်ချင်းရဲ့ လှည်းပေါ်မှာ ကျန်ခဲ့တယ်...။ ငါတို့ လူစုကွဲသွားခဲ့တာ...။ ငါ့သူငယ်ချင်းက စွန်းမိသား စု ငွေပန်းထိမ်ဆိုင်ကပါ...။ ဒါနဲ့ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်က လူတွေအကြောင်း တစ်ခုခု သိထားတာ ရှိလား လို့ ငါ မေးမလို့...။"

အဘိုးအိုက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေ၏။

"ငါနဲ့ ငါ့မြေးမလေးက အပြင်ဘက် ရွာတစ်ရွာကနေ ထွက်ပြေးလာခဲ့တာ...။ ငါတို့ တစ်မိသားစုလုံး သတ်ဖြတ် ခံလိုက်ရတယ်...။ ဒါပေမဲ့ ငါက ကလေးကို လယ်ထဲ ခေါ်သွားချိန်နဲ့ ကြုံသွားလို့ ဒီဘေးအန္တရာယ်ကနေ လွတ် မြောက်လာခဲ့တာ...။"

ဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသမီးက အဆိုးမြင်စွာ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။

"စွန်းမိသားစု ငွေပန်းထိမ်ဆိုင်က မြို့ထဲမှာ အစည်ကားဆုံးလမ်းပေါ်မှာ ရှိတာလေ...။ ပုန်ကန်သူတွေ တောင်ဘက် တံခါးကနေ ဝင်လာပြီးတဲ့နောက် သူတို့ ပထမဆုံး ထိန်းချုပ်လိုက်တဲ့ နေရာက အဲဒီလမ်းပဲ..။. အကယ်၍ အဲဒီ ကုန်သည်တွေ ကြိုတင်ပြီး ထွက်မပြေးနိုင်ခဲ့ဘူးဆိုရင် သူတို့ အခု သေဖို့ အခွင့်အလမ်း ဆယ်ပုံကိုးပုံလောက် ရှိနေလောက်ပြီ...။"

ဤသည်ကို ကြားသောအခါ လီချိန်းရှီ၏ မျက်နှာမှာ အလွန် ဆိုးရွားသွားခဲ့ပြီး သူ၏ နှလုံးသားမှာလည်း အောက် ခြေထိ ထိုးကျသွားခဲ့လေတော့သည်။

အကယ်၍ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်က လူတွေကို တစ်ခုခုဖြစ်ခဲ့ရင် စွန်းဝေဝေလည်း သေဆုံးသွားနိုင်ချေ များလေသည်။

အကယ်၍ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ လူများ ထွက်ပြေးသွားခဲ့ပြီဆိုလျှင်လည်း သူတို့ ယခုလောက်ဆို အဝေးကြီး ရောက်နေလောက်ပြီဖြစ်ရာ စွန်းဝေဝေကို ထပ်မြင်ရတော့မည် မဟုတ်ဟု စိုးရိမ်မိလေ၏။

လီချိန်းရှီ ဤအကြောင်းကို တွေးတောနေစဉ် လူလတ်ပိုင်းအရွယ် အမျိုးသမီးက တွန့်ဆုတ်စွာဖြင့် ပြောလိုက် သည်ကို သူ ကြားလိုက်ရလေသည်။

"လူငယ်လေး...၊ မင်းက တောင်စောင့်နတ်မင်းကြီးနဲ့ စကားပြောနိုင်တာဆိုတော့ ကျွန်မတို့အတွက် စားစရာလေး နည်းနည်း တောင်းပေးလို့ ရမလား...။ ကျွန်မတို့ အားလုံး အရမ်း ဗိုက်ဆာနေကြလို့ပါ...။"

အခန်းထဲတွင် လူများ ပြည့်ကျပ်နေပြီဖြစ်ရာ အစောပိုင်းက ဖြစ်ပျက်ခဲ့သည့်အရာကို လူအများအပြားက အာရုံစိုက်နေခဲ့ကြလေသည်။

လူလတ်ပိုင်းအရွယ် အမျိုးသမီး၏ စကားကို ကြားသောအခါ လူအများအပြားက သဘောတူစွာဖြင့် ခေါင်းညိတ် လိုက်ကြလေ၏။

"ဟုတ်တယ်...၊ ဟုတ်တယ်...။ ကျေးဇူးပြုပြီး တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်တို့ကို စားစရာလေး ပေးပါ...။"

"မှန်တယ်...။ ကျွန်တော် မကြာခင် စားစရာ တစ်ခုခုမှ မရရင် ငတ်သေရတော့မှာပဲ...။"

"နတ်မင်းဘိုးဘိုးကြီးက အမြဲတမ်း ကြင်နာပြီး ကရုဏာကြီးမားတယ်လေ...။ တစ်ယောက်ယောက် သေသွားတာ ကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး...။"

"လူငယ်လေး...၊ နတ်မင်းဘိုးဘိုးကြီးက အစွမ်းထက်ပြီး ကျွန်တော်တို့ကို ကယ်တင်ဖို့ နည်းလမ်း ရှိမှာ သေချာတယ်...။ ကျေးဇူးပြုပြီး စကားလေး ပါးပေးပါဦး...။"

ဤသည်ကို ကြားသောအခါ လီချိန်းရှီမှာ ဝေခွဲမရဖြစ်သွားပြီး ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့လေသည်။

အကယ်၍ ဤသည်က ခေါင်ရှန်းရွာမှာသာ ဆိုလျှင် လူတိုင်းက အချင်းချင်း သိကျွမ်းကြပြီး လူလည်း သိပ်မ များသောကြောင့် ဤအကြောင်းကို ပြောပြရန် ပို၍ လွယ်ကူပေလိမ့်မည်။

*ယခုလို ဒုက္ခသည်တွေ အများကြီးရှိနေတာကို တောင်စောင့်နတ်မင်းကြီးက ဘယ်လိုလုပ် အကုန်လုံးကို စောင့်ရှောက်နိုင်မှာလဲ...။*

ထို့ပြင် တောင်စောင့်နတ်မင်းကြီးမှာ အလွန်တရာ ကြင်နာတတ်သော စိတ်ထားရှိကြောင်း လီချိန်းရှီ သိထားပြီး အကယ်၍ သူသာ ကူညီနိုင်ပါက ထိုစဉ်က ခေါင်ရှန်းရွာမှ ရွာသားများကို ကူညီခဲ့သကဲ့သို့ စောစောကတည်းက ကူညီခဲ့ပြီးဖြစ်မည် ဖြစ်လေ၏။

*တောင်စောင့်နတ်မင်းကြီးက ဘာမှ မပြောသေးတဲ့အခြေအနေမှာ ငါက ဘယ်လိုလုပ် တစ်ခုခုကို တောင်းဆိုနိုင် မှာလဲ...။*

လီချိန်းရှီ၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ သဘောကောင်းလှသော ရွှီပေါ်အန်းသည် မောင်အိုကြီး၏ ပစ်ကပ် ကားထဲတွင် ရှိနိုင်သမျှ နေရာတိုင်း၌ စားစရာ တစ်ခုခု၊ အနည်းဆုံး သရေစာလေးများကိုပင် ရူးသွပ်စွာ ရှာဖွေနေ ခဲ့လေ၏။

ထိုလူငယ်လေးများမှာ အတော်လေး သနားစရာကောင်းနေပြီး နျူနျူ မည်မျှ ချစ်စရာကောင်းကာ ခွန်အားကြီး ကြောင်းကို မြင်ပြီးနောက်တွင် ရွှီပေါ်အန်းမှာ သူတို့ကို ကူညီရန် ပို၍ပင် တွန်းအားဖြစ်လာခဲ့လေသည်။

သို့သော် လူကြီးတစ်ဦးဖြစ်သော မောင်အိုကြီး၏ ကားထဲတွင် အမှန်တကယ်ပင် မည်သည့် စားစရာမျှ မရှိခဲ့ သဖြင့် ရွှီပေါ်အန်း၏ မျှော်လင့်ချက်များ ပျက်သုဉ်းသွားခဲ့လေ၏။

အနီးအနားတွင် မည်သည့်ရွာ သို့မဟုတ် ဆိုင်မျှ မရှိသဖြင့် ရွှီပေါ်အန်းမှာ ဘာတစ်ခုမှ ဝယ်စရာနေရာ မရှိသော ကြောင့် အကောင်းဆုံး လုပ်ဆောင်ရန်မှာ စီမံကိန်းရုံးချုပ်သို့ ပြန်သွားရန်သာ ဖြစ်လေသည်။

နောက်မှ အချက်ပြသည့်အနေဖြင့် အမွှေးတိုင် ထွန်းညှိရန် လီချိန်းရှီကို ပြောပြရန် ရည်ရွယ်လျက် ရွှီပေါ်အန်း သည် မြို့စောင့်နတ်ကွန်း အခွဲဆီသို့ ပြန်သွားလိုက်လေ၏။

ရွှီပေါ်အန်း စကားမပြောနိုင်မီမှာပင် မြို့စောင့်နတ်ကွန်း၏ အပြင်ဘက်တံခါးမှာ ရုတ်တရက် ပွင့်လာခဲ့လေသည်။

မြို့စောင့်ရဲမက်တစ်ဦးက လူတစ်ဦးကို သယ်ပိုးကာ အလျင်စလို တိုးဝင်လာခဲ့လေ၏။

"ရွာသူရွာသားတို့...၊ မြို့စောင့်တပ်မှူးဝမ် မြားပစ်ခံရတယ်...။ ဒီမှာ သမားတော် ပါလား...၊ ကျေးဇူးပြုပြီး ကူညီပေးကြပါဦး...။ မြို့စောင့်တပ်မှူးဝမ်ကို ကယ်ပေးကြပါ...။"

All Chapters