အခန်း ၁၃၇
Vol. 14 Ch. 137
အခန်း (၁၃၇)
ပုန်ကန်သူများထဲတွင် သားရဲထိန်းကျောင်းသူပင် ပါဝင်နေလေသည်
ကျောက်တုံးသည် နောက်ဆုံးတွင် ကျမလာခဲ့ချေ။
ကျောက်တုံး ပြုတ်ကျလာမည့်ဆဲဆဲတွင် မြို့စောင့်တပ်မှူးဝမ်ချောင်သည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး ရှေ့သို့ ခုန်တက်ကာ သူ၏လက်ကောက်ဝတ်ကို ချောမွေ့စွာ လှည့်လည်လျက် ကျောက်တုံးကို လက်ဖဝါးဖြင့် ဖမ်းယူ လိုက်သည်ကို ရွှီပေါ်အန်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေ၏။
သို့သော် သူသည် ကျောက်တုံးကြီးကို ဖမ်းမိခဲ့သော်ငြားလည်း ခေါင်မိုးပေါ်မှ ပြုတ်ကျလာသော အပျက်အစီး အချို့က ကြီးမားလှသော ဝက်သုံးထပ်သားချက် အတုံးကြီးပေါ်သို့ ကျရောက်သွားခဲ့လေသည်။
"ကျစ်...၊ ဒီပုန်ကန်သူတွေက သေသင့်တဲ့ကောင်တွေပဲ...။ သူတို့က တောင်စောင့်နတ်မင်းကြီး ကျွန်တော်တို့ကို ပေးသနားထားတဲ့ မွှေးရနံ့သာအသားကို ညစ်ပေသွားစေပြီ...။"
ဝမ်ချောင်က အသားပေါ် ကျနေသော အပျက်အစီးများကို ကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်လေ၏။
ထို့နောက် သူသည် ခွန်အားသုံး၍ ကျောက်တုံးကြီးကို ဘေးသို့ လွှင့်ပစ်လိုက်လေသည်။
ဝမ်ချောင် ဤသို့ လှုပ်ရှားနိုင်ခဲ့ခြင်းမှာ သူ၏ ဒဏ်ရာများ အတော်လေး သက်သာပျောက်ကင်းသွားပြီ ဖြစ်ကြောင်း ရှင်းလင်းနေပေသည်။
ရွှီပေါ်အန်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝမ်ချောင်သည် လီချိန်းရှီထံမှ ဆေးလုံးအချို့ကို ရရှိခဲ့ခြင်းဖြစ်ရမည်ဟု ချက်ချင်းပင် နားလည်သွားခဲ့လေ၏။
သို့မဟုတ်ပါက သူ၏ ဒဏ်ရာများသည် ဤမျှ မြန်ဆန်စွာ သက်သာလာနိုင်မည် မဟုတ်ချေ။
လီချိန်းရှီက ကျောက်တုံးကြီးကို ကြည့်ကာ စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ဒီလောက်ကြီးမားတဲ့ ကျောက်တုံးကြီးက ဘယ်ကနေ ရောက်လာတာလဲ...။ ကောင်းကင်ကနေ ပြုတ်ကျလာ တာတော့ မဖြစ်နိုင်ဘူးမလား...။"
"ဟူး...၊ ငါ ထင်တာမမှားဘူးဆိုရင် ဒါက ငှက်တွေ ကောင်းကင်ကနေ ချလိုက်တဲ့ ကျောက်တုံးကြီးပဲ ဖြစ်ရမယ်... ။ ပုန်ကန်သူတွေထဲမှာ သားရဲထိန်းကျောင်းသူ ပါနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး...။"
ဝမ်ချောင်၏ မျက်နှာမှာ အလွန်တရာ ပျက်ယွင်းနေပြီး သူ၏လေသံတွင် ဖုံးကွယ်ထား၍မရသော ကြောက်ရွံ့မှု များ ပြည့်နှက်နေလေ၏။
"သားရဲထိန်းကျောင်းသူ ဟုတ်လား...။ အဲဒါက ဘာလဲ...။"
လီချိန်းရှီက ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
ဝမ်ချောင်က အပြင်ဘက်တွင် အေးဆေးစွာ လမ်းလျှောက်နေသော စာပို့ခိုတစ်ကောင်ကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်လေ၏။
"အဲဒါက မင်း စောစောက မြင်ခဲ့တဲ့ သတင်းပို့တဲ့ စာပို့ခိုနဲ့ အတူတူပဲ...။"
ခိုများကို စာပို့ရန် အသုံးပြုခြင်းဆိုသည်မှာ ခိုများ၏ သဘာဝစရိုက်လက္ခဏာများကို ယဉ်ပါးအောင် ပြုလုပ်ခြင်း၊ ၎င်းတို့၏ ဦးတည်ရာကို သိရှိနိုင်စွမ်း၊ အိမ်ပြန်လမ်းရှာနိုင်စွမ်းနှင့် အိမ်အပေါ် တွယ်တာမှုတို့ကို ရိုးရှင်းသော လေ့ကျင့်မှုများနှင့် ပေါင်းစပ်ထားခြင်းပင် ဖြစ်လေသည်။
အလားတူပင် အိမ်နှင့် ပိုင်ဆိုင်မှုများကို စောင့်ကြပ်သော ခွေးများနှင့် ငန်းများ၊ အမဲလိုက်ရာတွင် ကူညီပေးသော လင်းယုန်များနှင့် ခွေးများ၊ ဆေးဖက်ဝင်အပင်များကို ရှာဖွေနိုင်သော မြေခွေးများနှင့် ကြွက်များ အားလုံးသည် ဤအမျိုးအစားတွင် အကျုံးဝင်လေ၏။
သို့သော် ဤသည်မှာ တိရစ္ဆာန်များကို ယဉ်ပါးအောင် လေ့ကျင့်ပေးသည့် အခြေခံနည်းလမ်းတစ်ခုသာ ဖြစ်လေသည်။
ပို၍ ကျွမ်းကျင်သော သားရဲထိန်းကျောင်းသူများသည် ကြီးမားသော ငှက်ကြီးများနှင့် သားရဲကြီးများကို ယဉ်ပါး အောင် ပြုလုပ်နိုင်ကြပြီး ၎င်းတို့ကို တောင်တန်းများနှင့် သစ်တောများကို စိုးမိုးကာ မြို့ရွာနယ်မြေများကိုပင် သိမ်းပိုက်နိုင်စွမ်းရှိသော အစွမ်းထက်သည့် မဟာမိတ်များအဖြစ် ပြောင်းလဲပစ်နိုင်ကြပေသည်။
လက်ရှိတွင် သူတို့ ကြုံတွေ့နေရသည်မှာ မြို့ကို ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ကျောက်တုံးများ သယ် ဆောင်လာသော သားရဲငှက်ကြီးများက ကျောက်တုံးများ ချကာ ကျွန်တော်တို့ကို တိုက်ခိုက်ရန် ကြိုးပမ်း နေခြင်း ဖြစ်နိုင်ပေသည်။
ဤဆွေးနွေးချက်ကို ကြားသောအခါ ရွှီပေါ်အန်း၏ မျက်လုံးများမှာ အံ့သြမှုကြောင့် ပြူးကျယ်သွားခဲ့လေ၏။
*ဘုရားရေ...၊ ဒီလိုတောင် လုပ်နိုင်သလား...။*
ဤနေရာမှ နည်းပညာများ မတိုးတက်သေးသည်မှာ ကံကောင်းလှပေသည်။ သို့မဟုတ်ပါက ဤကျောက်တုံး နေရာတွင် လက်ပစ်ဗုံးတစ်လုံးနှင့် အစားထိုးကာ ပစ်ချလိုက်ပါက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အတူတူပင် ဖြစ်သွားပေလိမ့်မည်။
အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများကြောင့် တိရစ္ဆာန်များနှင့် ကောင်းစွာ ဆက်သွယ်နိုင် စွမ်း ရှိနေသဖြင့် သူသည် အလွန်တရာ အစွမ်းထက်နေပြီဟု ရွှီပေါ်အန်း ထင်မှတ်ထားခဲ့လေသည်။
သားရဲထိန်းကျောင်းသူနှင့် ပတ်သက်၍ ဝမ်ချောင်၏ ရှင်းပြချက်ကို ကြားပြီးနောက် သူ၏ စွမ်းရည်များသည် တိုးတက်ရန် နေရာများစွာ ရှိနေသေးပုံရကြောင်း ရွှီပေါ်အန်း သဘောပေါက်သွားခဲ့လေ၏။
ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်းသည် သူ၏ ကိုယ်တွင်းရှိ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများ စတင် တုန်ခါလာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။
*အို...တကယ်လို့ ဒါက တကယ်ပဲဆိုရင် တိုးတက်ဖို့ နေရာရှိနေသေးတာပေါ့...။ ဒါက စိတ်ဝင်စားစရာပဲ...။*
လီချိန်းရှီသည်လည်း အတော်လေး တုန်လှုပ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေ၏။ သူက ပြောလိုက် လေသည်။
"ဒါဆိုရင် ဒီလို ကျွမ်းကျင်သူတွေလည်း ရှိတာပေါ့...။ ကျွန်တော်တို့ ခေါင်ရှန်းရွာက ဦးလေးတစ်ယောက်က တစ်ချိန်တုန်းက ကျွမ်းကျင်တဲ့ သားရဲထိန်းကျောင်းသူ တစ်ယောက်ဖြစ်ခဲ့ဖူးတယ်လို့ ကျွန်တော့် အဘိုးက ပြောဖူးတယ်...။"
"ကျွန်တော်တို့ ရွာက အမဲလိုက်ခွေး ဆယ်ကောင်မှာ ခုနစ်ကောင် ရှစ်ကောင်လောက်က တောင်ပေါ်မှာ သူဖမ်းမိ တဲ့ တောဝံပုလွေတွေကို လေ့ကျင့်ပေးထားတာတဲ့...။ ကျွန်တော်ကတော့ အဘိုး အရွှန်းဖောက်နေတယ်လို့ အမြဲ ထင်ခဲ့တာ...။ အခုကြည့်ရတာ ကျွန်တော် ဦးလေးဝူးဖူကို အထင်သေးခဲ့မိတာပဲ...။"
လီချိန်းရှီ အမှန်တကယ် ပြောနေသည်မှာ လီဝူးဖူ အကြောင်းဖြစ်ကြောင်းကို နောက်ဆုံးမှသာ ရွှီပေါ်အန်း သိရှိလိုက်ရလေ၏။
*လီဝူးဖူက သားရဲထိန်းကျောင်းသူ တစ်ယောက်လား...။*
ရွှီပေါ်အန်း ဤသည်ကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် နားလည်သွားခဲ့လေသည်။
ထိုဝံပုလွေအုပ်များကို ယဉ်ပါးအောင် ပြုလုပ်ရာတွင် လီဝူးဖူအား ဦးဆောင်ခိုင်းရခြင်းမှာ အံ့သြစရာ မဟုတ် တော့ချေ။ လူတစ်ယောက်ကို အပြင်ပန်းကြည့်ရုံဖြင့် အကဲဖြတ်၍ မရနိုင်ကြောင်း အမှန်တကယ်ပင် ထင်ရှား လှပေသည်။
လီချိန်းရှီ၏ စကားများကို ကြားသောအခါ ဝမ်ချောင်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ ပြီး အော်ဟစ်လိုက်လေ၏။
"မင်း ဘာပြောလိုက်တယ်...။ တောင်စောင့်ဝံပုလွေတွေကို ယဉ်ပါးအောင် လုပ်တယ် ဟုတ်လား..။ ဒီသူရဲကောင်း ကြီးက အခု ဘယ်မှာလဲ...။"
ဝမ်ချောင်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်ကို မြင်သောအခါ လီချိန်းရှီက ဤကိစ္စသည် အလွန်အရေးကြီးကြောင်း ချက်ချင်း သိလိုက်ပြီး အလျင်အမြန် ပြန်ဖြေလိုက်လေသည်။
"ဟုတ်ပါတယ်...။ တောင်စောင့်ဝံပုလွေကို ယဉ်ပါးအောင် လုပ်တာပါ...။ သူ ကျွန်တော်တို့ရွာမှာ ရှိပါသေး တယ်..."
"လွန်ခဲ့တဲ့ အချိန်တုန်းက တောင်စောင့်နတ်မင်းကြီးရဲ့ အကူအညီနဲ့ ကျွန်တော်တို့ရွာမှာ တောဝံပုလွေတစ်အုပ်ကို ဖမ်းမိခဲ့ပြီး ဦးလေးဝူးဖူက သူတို့ကို ယဉ်ပါးအောင် လုပ်ပေးနေပါတယ်...။ ပြီးတော့ သူနဲ့ ကျွန်တော်က နေ့တိုင်း တောင်စောင့်နတ်မင်း နတ်ကွန်းကို သန့်ရှင်းရေးလုပ်လေ့ရှိတယ်လေ...။ ခင်ဗျား ပြီးခဲ့တဲ့တစ်ခေါက် အဲဒီကို သွားတုန်းက သူ့ကို မြင်ခဲ့ဖူးလောက်မှာပါ...။"
ခေတ္တမျှ ပြန်လည်စဉ်းစားပြီးနောက် ဝမ်ချောင်က နောင်တရစွာဖြင့် ပြောလိုက်လေ၏။
"အာ...၊ ငါ သူ့ကို မြင်ခဲ့ဖူးတယ် ဟုတ်လား...၊ ငါ မမှတ်မိတော့ဘူး...၊ နှမြောစရာကောင်းလိုက်တာ...။ ဒီလို ကြီးကျယ်ခမ်းနားတဲ့သူတစ်ယောက်နဲ့ ပေါင်းသင်းရမယ့် အခွင့်အရေးကို လက်လွတ်ခံခဲ့မိတဲ့ ငါ့ရဲ့ မျက်စိကန်း မှုကြောင့်ပါပဲ...။"
လီချိန်းရှီက အံ့အားသင့်စွာဖြင့် မေးလိုက်လေသည်။
"ဟင်...၊ သားရဲထိန်းကျောင်းသူတွေက...၊ တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား...။"
လီချိန်းရှီ၏ မှတ်ဉာဏ်ထဲတွင် လီဝူးဖူသည် အထီးကျန်ပြီး မုဆိုးဖိုဘဝဖြင့် နေထိုင်ကာ အခြားသူများ၏ အထင် သေးခြင်းကို ခံရပုံပေါ်လေသည်။ အခြေအနေတော်တော်များများတွင် ဝဝလင်လင် စားသောက်ဝတ်ဆင်ရခြင်း မှာပင် ဇိမ်ကျကျ နေထိုင်ရခြင်း တစ်ခုဖြစ်နေခဲ့လေ၏။
ဝမ်ချောင် ပြောနေသော ထိုလူမှာ ဤမျှ ထူးခြားပြောင်မြောက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ဝမ်ချောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။
"သူတို့က အံ့သြစရာကောင်းရုံတင် မကဘူး...။ သူတို့က ဆယ်သိန်းမှာ တစ်ယောက်လောက်သာ ရှိနိုင်တဲ့ ဂုဏ်ထူးဆောင် စစ်သည်တွေပဲ...။ စာပို့ခိုတွေနဲ့ အိမ်စောင့်ခွေးတွေကို ယဉ်ပါးအောင် လုပ်တာက လူအများစု လုပ်နိုင်တဲ့ အတော်လေး ရိုးရှင်းတဲ့ တိရစ္ဆာန်ထိန်းကျောင်းမှု စွမ်းရည်တွေပါ...။"
"ရတနာရှာဖွေတဲ့ ကြွက်တွေနဲ့ အမဲလိုက်လင်းယုန်တွေကိုတော့ ကျွမ်းကျင်တဲ့ သားရဲထိန်းကျောင်းသူတွေမှသာ လုပ်နိုင်တာ...။ အစွမ်းအထက်ဆုံးကတော့ ခွေးအ,တွေ၊ ကျားတွေ၊ ကျားသစ်တွေ၊ လင်းယုန်တွေနဲ့ သိမ်းငှက် တွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ အဆင့်မြင့် သားရဲထိန်းကျောင်းသူတွေပဲ...။ ဒီလူတွေက လက်တွေ့မှာ ပြိုင် ဘက်ကင်းပြီး လူတစ်ရာကိုတောင် ရင်ဆိုင်နိုင်စွမ်း ရှိကြတယ်...။"
"ဟင်...၊ အဲဒီလောက်တောင် အံ့သြဖို့ကောင်းတာလား...။"
လီချိန်းရှီ၏ မျက်လုံးများ လင်းလက်သွားပြီး ပြူးကျယ်စွာ စိုက်ကြည့်နေမိလေသည်။
ဝမ်ချောင်သည် သူ၏လက်ထဲရှိ ကျောက်တုံးကို ကြောင်ငေးကြည့်ရင်း ပြောလိုက်လေ၏။
"တွေးကြည့်လေ...။ ဒါက လင်းယုန်တစ်ကောင်တည်းရဲ့ စွမ်းအားပဲ...။ အကယ်၍ ဒါက အကောင် ဒါဇင်ပေါင်း များစွာ ဒါမှမဟုတ် ရာပေါင်းများစွာ ဆိုရင်ကော...။ ဒါမှမဟုတ် ညဘက် ဝင်ရောက်စီးနင်းနိုင်တဲ့ ဝံပုလွေအုပ် တစ်အုပ်ဆိုရင်ကော...။"
"သေချာတာပေါ့...၊ ခွေးအ,၊ ကျား၊ ကျားသစ်၊ လင်းယုန်နဲ့ သိမ်းငှက်တွေကို ယဉ်ပါးအောင် လုပ်နိုင်တဲ့ အဆင့်မြင့် သားရဲထိန်းကျောင်းသူတိုင်းမှာ ဒီစွမ်းရည်မျိုး ရှိတာမဟုတ်ဘူး...။ ဒါပေမဲ့ တစ်ယောက် နှစ်ယောက်လောက် ရှိရင် တောင်မှ မျှော်လင့်မထားချိန်မှာ လုပ်ဆောင်လိုက်ရင် မထင်မှတ်ထားတဲ့ အလွန်ကောင်းမွန်တဲ့ ရလဒ်တွေ ကို ခနလေးနဲ့ ထွက်ပေါ်လာစေနိုင်တယ်...။"
"မဟာကျင့်မင်းဆက်ရဲ့ တည်ထောင်စ စစ်ပွဲကာလအတွင်းမှာ သူတို့ရဲ့ အသာစီးရတဲ့ မြေမျက်နှာသွင်ပြင်ကြောင့် ခုခံကာကွယ်တဲ့ အနေအထားရှိနေတဲ့ လူရိုင်းတွေကို ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့ မဟာကျင့်မင်းဆက်ရဲ့ ပထမ ဆုံး တည်ထောင်သူ ဧကရာဇ်မင်းမြတ်က သူနဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ရွှေရောင်စပါးကြီးမြွေကို ကိုယ်တိုင် စေ လွှတ်ခဲ့တယ်...။ အဲ့ဒီ မြွေက လူရိုင်းတွေကို မထင်မှတ်ဘဲ ရှောင်ကွင်းပြီး သူတို့ရဲ့ ကွပ်ကဲရေးစခန်း ရေအရင်း အမြစ်ထဲကို အဆိပ်ခတ်ဖို့ ရေလမ်းကြောင်းတွေကို အသုံးပြုခဲ့တာကြောင့် အရေးပါတဲ့ အောင်ပွဲတစ်ခုကို ရရှိခဲ့ တာပေါ့...။ မင်း ဒီဇာတ်လမ်းကို ကြားဖူးမှာပါ...။"
လီချိန်းရှီသည် အနည်းငယ် ဇဝေဇဝါဖြင့် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"ဟုတ်တယ်...၊ ဟုတ်တယ်...။ ကျွန်တော် ငယ်ငယ်ကတည်းက အဲဒါကို ကြားဖူးပါတယ်...။ ဒါပေမဲ့ ဧကရာဇ် မင်းမြတ်က တကယ်တော့ သားရဲထိန်းကျောင်းသူ တစ်ယောက်ဖြစ်နေမယ်လို့ ကျွန်တော် တစ်ခါမှ မတွေးမိ ခဲ့ဘူး...။"
ဝမ်ချောင် ခေါင်းခါလိုက်ပြီး ပြောလေ၏။
"ဧကရာဇ်မင်းမြတ်က ပရော်ဖက်ရှင်နယ် သားရဲထိန်းကျောင်းသူ တစ်ယောက်တော့ မဟုတ်ပါဘူး...။ ရွှေရောင် စပါးကြီးမြွေက ဧကရာဇ်မင်းမြတ်နဲ့ နှစ်ပေါင်းများစွာ နေ့ရောညပါ အတူရှိနေခဲ့တာပါ...။ သားရဲထိန်းကျောင်းသူ ရဲ့ လမ်းညွှန်မှုအောက်မှာ သူက ဧကရာဇ်မင်းမြတ်နဲ့ ရိုးရှင်းတဲ့ နည်းလမ်းနဲ့ ဆက်သွယ်နိုင်နေပြီလေ...။"
"ဒီလို စွမ်းဆောင်နိုင်မှုက ချဲ့ကားပြောဆိုတာ ဖြစ်နိုင်ပေမယ့် ဒါက မဟာအင်ပါယာ နိုင်ငံတော်ရဲ့ သမိုင်းမှာ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားတာမို့လို့ မှားနိုင်စရာ အကြောင်းမရှိပါဘူး...။ ဒါပေမဲ့ မင်းပြောစကား အရဆိုရင် ထိုဦးလေးဝူးဖူက ဝံပုလွေအုပ်ကို ယဉ်ပါးအောင် လုပ်နိုင်တာမို့...။ သူက ထူးခြားပြောင်မြောက်တဲ့ သားရဲထိန်းကျောင်းသူ တစ်ယောက် ဖြစ်ကိုဖြစ်ရမယ်...။ အနည်းဆုံးတော့ သူ့မှာ ပါရမီရှိတယ်...။"
လီချိန်းရှီသည် ဝမ်ချောင် ပေးခဲ့သော ဥပမာကြောင့် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ဝမ်းသာအားရ ပြောလိုက် လေ၏။
"ကျွန်တော့်ဘေးမှာ ဒီလို ဆရာတစ်ဆူ ရှိနေလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မထင်ထားခဲ့ဘူး...။ ဦးလေးဝူးဖူ ရွာမှာပဲ နေနေတာက တကယ်ကို သူ့ရဲ့ အရည်အချင်းတွေကို ဖြုန်းတီးနေသလိုပဲ...။"
ဝမ်ချောင်၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်များ ပြည့်လျှံနေပြီး အားတက်သရော ခေါင်းညိတ်ကာ ပြောလေသည်။
"ဒါမှန်တယ်...၊ ဒါမှန်တယ်...။ ဒီလို အရည်အချင်းမျိုးကို ရွာက အမဲလိုက်ခွေးတွေကို လေ့ကျင့်ပေးဖို့လောက်ပဲ သုံးနေတာက လုံးဝကို အလဟဿ ဖြစ်နေတာပဲ...။ စကားပုံတစ်ခု ရှိတယ်လေ...၊ ဘာလဲ...၊ အရည်အချင်း တွေကို ဆိုးဆိုးရွားရွား ဖြုန်းတီးပစ်တာတဲ့...။ တကယ်လိုု့ ကျွန်တော်တို့ သူ့ကို တောထွက်လာဖို့နဲ့ မဟာကျင့်စစ် တပ်မှာ အမှုထမ်းဖို့ ဖြောင်းဖျနိုင်မယ်ဆိုရင် သူ သေချာပေါက် ပြိုင်ဘက်ကင်းတဲ့ စွမ်းဆောင်ရည်တွေကို ရရှိနိုင် မှာပဲ...။"
လီချိန်းရှီ အနည်းငယ် ကြောက်ရွံ့စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။
"ကျွန်တော် အဲဒီဆုံးဖြတ်ချက်ကို မချနိုင်ပါဘူး...။ ဒါပေမဲ့ နောက်တစ်ခေါက် ကျွန်တော် ပြန်သွားတဲ့အခါ ခင်ဗျား ရဲ့ စကားတွေကို ဦးလေးဝူးဖူဆီ သေချာပေါက် ပါးလိုက်ပါ့မယ်...။"
ဝမ်ချောင်သည်လည်း ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်ကာ ပြောလေသည်။
"မှန်ပါတယ်...။ လက်ရှိ အခြေအနေအရ မနက်ဖြန်အထိ ငါ အသက်ရှင်နေဦးမလား ဆိုတာတောင် မသေချာဘူး ...။ အခု ငါပြောနေတာတွေ အားလုံးက အနာဂတ်အတွက်ချည်းပါပဲ...၊ သူရဲကောင်းလီ...၊ မင်းရဲ့ ဆေးလုံး အတွက် ကျေးဇူးတင်ပါတယ်...။ တိုက်ပွဲက အရေးကြီးနေပြီဆိုတော့ ငါ အပြင်ထွက်ပြီး ရန်သူကို အရင်သွားရင် ဆိုင်လိုက်ဦးမယ်...။"
ထိုသို့ပြောရင်းပင် ဝမ်ချောင်သည် အရိုအသေပေးကာ ထွက်ခွာရန် ပြင်ဆင်လိုက်လေ၏။
လီချိန်းရှီက အလျင်အမြန် ပြောလိုက်လေသည်။
"ခရိုင်ဝန်မင်းဝမ်...၊ ဆေးလုံးကိစ္စက တောင်စောင့်နတ်မင်းကြီးရဲ့ ကောင်းချီးပေးမှုပါ...။ ဒါကြောင့် ခင်ဗျား ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး...။ ကျွန်တော် အခု အများကြီး သက်သာနေပါပြီ... ခင်ဗျား ကျွန်တော့် ကို သင့်တော်တဲ့ လက်နက်တစ်ခု ငှားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...။ ကျွန်တော် ခင်ဗျားနဲ့အတူ ယှဉ်တွဲ တိုက်ပွဲဝင်ဖို့ ဆန္ဒရှိပါတယ်...။"
ဝမ်ချောင်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ လင်းလက်သွားခဲ့လေ၏။ သူ ဤသို့ စောစောကတည်းက တွေးထား ခဲ့သော်လည်း လီချိန်းရှီသည် မည်သည့် ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုမျှ မရရှိထားခဲ့သကဲ့သို့ သူသည် လီချိန်းရှီ အား ကျေးဇူးတင်စရာလည်း ရှိနေခဲ့လေသည်။ ထို့ကြောင့် ဝမ်ချောင်သည် သူ့အား အန္တရာယ်လုပ်ရန် ဖိတ်ခေါ်ရ မည်ကို အားနာနေခဲ့ခြင်း ဖြစ်လေ၏။
လီချိန်းရှီ ကိုယ်တိုင်က ထုတ်ပြောလာပြီ ဖြစ်သောကြောင့် ဝမ်ချောင်အနေဖြင့် သဘာဝကျကျပင် အလွန်တရာ ဝမ်းသာသွားခဲ့ပေသည်။
လက်ရှိ တိုက်ပွဲအခြေအနေအရ လူတစ်ယောက် ပိုလာလေလေ အင်အားပိုများလာလေလေဖြစ်ပြီး သူတို့ ပိုမို ကြာရှည်စွာ တောင့်ခံထားနိုင်လေလေပင် ဖြစ်လေသည်။
ထို့အပြင် ဝမ်ချောင်သည် လီချိန်းရှီအား ကံကောင်းသော စစ်သူကြီးတစ်ဦးဖြစ်ကြောင်း သိရှိထားပြီး ဖြစ်လေ၏။
အခြားအရာများအားလုံးကို ဘေးဖယ်ထားလိုက်ပါက တောင်စောင့်နတ်မင်းကြီးက သူ့အပေါ် မျက်နှာသာပေး ခြင်းဆိုသည့် အချက်တစ်ခုတည်းနှင့်ပင် လူအများအပြား အိပ်မက်သာ မက်နိုင်သည့် ကောင်းချီးတစ်ခု ဖြစ်နေခဲ့ လေပြီ။
"သူရဲကောင်းလီ...၊ မင်း ဒါကို သေချာစဉ်းစားပြီးပြီလား...။ စစ်မြေပြင်ဆိုတာ ကလေးကစားစရာ မဟုတ်ဘူး...။ ဓားတွေ၊ လှံတွေရဲ့ အန္တရာယ်က ကိုယ့်ဘာသာ သိသာထင်ရှားနေတာပဲ...။ အဓိကအချက်က ရန်သူက ကျွန်တော် တို့ထက် အင်အားများနေပြီး စစ်ကူတွေကလည်း ဘယ်ဆီနေမှန်း မသိရသေးဘူး...။ ဒါက သေဖို့ရာခိုင်နှုန်း ဆယ်ပုံ ကိုးပုံလောက် သေချာနေတဲ့ အခြေအနေပဲ...။"
ဝမ်ချောင်သည် လူကောင်းတစ်ဦး ဖြစ်လေသည်။ လီချိန်းရှီကို ပါဝင်လာစေချင်သော်လည်း အခြေအနေများကို အလွန် ရှင်းလင်းစွာ ဖွင့်ဟပြောဆိုခဲ့လေ၏။
ဤကဲ့သို့သော အရေးကြီးသည့်အချိန်တွင် သူ၏ အထက်လူကြီးများက ရုတ်တရက် ရာထူးတိုးပေးလိုက်ခြင်းမှာ ရှန်းယန်မြို့ကို သူ သေသည်အထိ ကာကွယ်စေရန် လှည့်ကွက်တစ်ခုသာ ဖြစ်ကြောင်း ဝမ်ချောင် အပြည့်အဝ နားလည်ထားလေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်မှာ အထက်လူကြီးများ၏ ယာယီဖြေရှင်းနည်း တစ်ခုသာ ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ ရှန်းယန်မြို့ လုံးလုံးလျားလျား မကျဆုံးသေးသရွေ့ အထက်လူကြီးများ၏ စစ်ရေးအစီရင် ခံစာသည် ထိုမျှလောက် အရှက်ကွဲစရာ ဖြစ်မည်မဟုတ်ပေ။
၎င်းမှာ အောင်မြင်မှုအတွက် အာမခံချက်မရှိလျှင်တောင် စွန့်စားရဲသော သို့မဟုတ် နောက်ဆုံးနည်းလမ်း အနေ ဖြင့် မည်သည့်အရာကိုမဆို စမ်းကြည့်ရန် ဆန္ဒရှိသော စိတ်နေသဘောထားမျိုး ဖြစ်လေသည်။
သို့သော် ဝမ်ချောင် ကိုယ်တိုင်ပင် မည်မျှကြာအောင် တောင့်ခံထားနိုင်မည်ကို မသိသောကြောင့် လီချိန်းရှီအား သူနှင့်အတူ ရောယောင်ကာ အသေခံစေလိုခြင်း မရှိသည်မှာ သဘာဝပင် ဖြစ်လေ၏။
လီချိန်းရှီက ပြတ်သားသော အမူအရာဖြင့် ပြောလိုက်လေသည်။
"ဂုဏ်သိက္ခာရှိတဲ့ ခုနစ်ပေအရပ်ရှိတဲ့ ယောက်ျားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က ဒီနေရာမှာ ပုန်းအောင်းပြီး ကျွန်တော့်ကို ကာကွယ်ပေးဖို့ ခင်ဗျားကို ဘယ်လိုလုပ် တောင်းဆိုနိုင်မှာလဲ...။ အကယ်၍ ခရိုင်ဝန်မင်းဝမ်က ဒီစကားကို ဆက်ပြောနေမယ်ဆိုရင် ဒါ လီချိန်းရှီဖြစ်တဲ့ ကျွန်တော့်ကို အထင်သေးတာပါပဲ...။"
"ကောင်းပြီ...၊ ငါ သဘောထားသေးသိမ်မိသွားတာပါ...။"
ဝမ်ချောင်က လီချိန်းရှီ၏ ပခုံးကို ပုတ်ကာ သူ၏ဘေးရှိ လောင်ကျောင်းအား ပြောလိုက်လေ၏။
"လောင်ကျောင်း...၊ သူရဲကောင်းလီအတွက် ဓားတစ်လက် ရှာပေးလိုက်...။ ရန်သူကို တိုက်ခိုက်ဖို့ ငါနဲ့ လိုက် ခဲ့...။"
လီချိန်းရှီ အနေရခက်စွာ ပြုံးလိုက်ပြီး ပြောလေသည်။
"ကျွန်တော်က လှံတွေ တုတ်တွေနဲ့ ပိုကျွမ်းကျင်တယ်...။ ခင်ဗျားတို့ဆီမှာ လှံတွေ ဒါမှမဟုတ် တုတ်တွေများ ရှိမလား...။"
ဝမ်ချောင်၏ မျက်နှာမှာ အခက်တွေ့သွားပုံရပြီး လောင်ကျောင်းက ခါးသီးသော အပြုံးဖြင့် ပြောလေ၏။
"သူရဲကောင်းလီ...၊ မင်း ဒါကို သိချင်မှ သိလိမ့်မယ်...။ ရှန်းယန်ခရိုင်ဝန်က ဒီစစ်ရေးချီတက်မှုမှာ လက်နက် အများအပြားကို ယူသွားခဲ့တာ...။ မူလ လက်နက်တိုက်ထဲမှာ တချို့တော့ ကျန်ပါသေးတယ်...။ ဒါပေမဲ့ အဲဒီ နေရာက မြို့ရဲ့ အရှေ့ဘက်မှာရှိပြီး အခုတော့ ပုန်ကန်သူတွေရဲ့ လက်ထဲ ကျရောက်သွားပြီ...။ ဒီဓားမကြီးတွေက ကျွန်တော်တို့ ရုံးတော်မှာ လက်ကျန်နည်းနည်းလေးပဲ ရှိတော့တဲ့ ပိုင်ဆိုင်မှုတွေပဲ...။"
လီချိန်းရှီက ရှက်ရွံ့သော အမူအရာဖြင့် ပြောလိုက်လေသည်။
"တောင်းပန်ပါတယ်... ၊ကျွန်တော် နည်းနည်း ရိုင်းပြသွားတယ်...။ ဒါဆိုရင်လည်း ဓားကိုပဲ သုံးကြတာပေါ့...။"
ဝမ်ချောင်က လက်ကာပြလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလေ၏။
"တောင်းပန်ရမယ့်သူက ငါပါ...။ ဒီဒေသက အရာရှိတစ်ယောက်အနေနဲ့ ရှန်းယန်ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ အေးချမ်းသာယာမှုကို ကာကွယ်ပေးဖို့ ငါ ပျက်ကွက်ခဲ့တယ်...။ ဒီနေရာမှာ လူတိုင်းကို ဒုက္ခရောက်အောင် ငါ လုပ်ခဲ့မိပြီ...။"
သမားတော်က အံကြိတ်ကာ ပြောလိုက်လေသည်။
"ပုန်ကန်သူတွေက အထဲကို ဖောက်ဝင်လာကြပြီ...။ ဒီအတိုင်း ဆက်သွားနေရင် ကျွန်တော်တို့ အားလုံး သေကြရ တော့မယ်...။ ကျွန်တော်တို့ ပုန်ကန်သူတွေရဲ့ သတ်ဖြတ်တာကို ခံရမလား ဒါမှမဟုတ် ငတ်သေမလားပဲ...။ သွား လာလှုပ်ရှားနိုင်သေးတဲ့ ကျွန်တော်တို့အားလုံး အတူတူ ထွက်တိုက်ပြီး ဒီခွေးကောင်တွေကို သေသည်အထိ တိုက်ခိုက်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်...။"
"သဘောတူတယ်...။ ပုန်ကန်သူတွေက သားရဲထိန်းကျောင်းသူတွေကိုတောင် ချထားတာ...၊ ဒီအတိုင်း ဆက်သွားနေရင် ကျွန်တော်တို့ ပုန်းစရာနေရာ ရှိတော့မှာ မဟုတ်ဘူး...။ သူတို့ကို သွားတိုက်ကြစို့...။"
"ဒါမှန်တယ်...၊ သူတို့ကို သွားတိုက်ကြစို့...။"
လူများသည် စိတ်အားထက်သန်စွာ တုံ့ပြန်ကြပြီး အမျိုးသမီးအချို့နှင့် သက်ကြီးရွယ်အိုများပင် ပါဝင်လာကြ လေ၏။
ဝမ်ချောင်သည် ကျေးဇူးတင်သော အမူအရာဖြင့် အနည်းငယ် ပြုံးကာ ပြောလိုက်လေသည်။
"ငါ့အပေါ် ယုံကြည်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်...။ လာကြ...၊ တောင်စောင့်နတ်မင်းကြီး ပေးသနားထားတဲ့ ဒီအစားအစာကို အတူတူ မျှဝေစားသောက်ကြပြီးရင် တိုက်ပွဲဝင်ဖို့ အတူတူ သွားကြစို့...။"