← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း (၁၃၉)

ဒေါသတကြီး တိုက်ခတ်လာသော လေပြင်းများ

ရွှီပေါ်အန်းသည် လီချိန်းရှီ၏ ကိုယ်ခံပညာစွမ်းရည်များကို မြှင့်တင်ပေးရန် မူလက ရည်ရွယ်ထားခဲ့လေသည်။

သို့သော် သူ ကိုယ်တိုင် တိုက်ရိုက်ဝင်ရောက်လှုပ်ရှားနိုင်ကြောင်း တွေ့ရှိလိုက်ရသောအခါ လီချိန်းရှီက ဘာလို့ ဝင်ပါဖို့ လိုတော့ပါမည်နည်း...။

မည်သို့ပင်ဖြစ်စေ လီချိန်းရှီကို ကာကွယ်ပေးရမည် ဖြစ်သောကြောင့် အလုံခြုံဆုံးနှင့် အသင့်တော်ဆုံး နည်းလမ်း ကို အသုံးပြု၍ ရန်သူကို ရင်ဆိုင်ခြင်းက အလွယ်ကူဆုံးသော နည်းလမ်းမဟုတ်ပါလော။

ပုန်ကန်သူများ ဆုတ်ခွာသွားသည်နှင့် လီချိန်းရှီ တိုးတက်လာစေရန် ကူညီပေးဖို့အတွက် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို အသုံးပြုနိုင်လေသည်။ အချိန်အများကြီး ရနိုင်ပြီး ပို၍လည်း လုံခြုံမှုရှိပေ လိမ့်မည်။

ကောင်းမွန်လှသော အကြံအစည်ပင်...။

ရွှီပေါ်အန်းသည် လျှပ်စစ်ပန်ကာကို ဖွင့်လိုက်ရာ ပန်ကာသည် တဖြည်းဖြည်း စတင် လည်ပတ်လာခဲ့လေသည်။

"ကောင်းပြီ...၊ ပြဿနာ မရှိဘူး...။ အလုပ်လုပ်သေးတယ်...။" ဟု ရွှီပေါ်အန်းက ပြုံး၍ ပြောလိုက်လေ၏။

*ဒီလှည့်ကွက်ကို ငါ လုပ်ပြတာ ကြည့်ထားလိုက်...။ တောင်စောင့်နတ်မင်းကြီးက လေစောင့်နတ်မင်းကြီး အဖြစ် ပြောင်းလဲသွားပြီ...။*

ရှန်းယန်ခရိုင်ရှိ စစ်မြေပြင်တွင်

လီချိန်းရှီသည် ခြေထောက်များ အားနည်းနေသော သမားတော်ကို အောက်ချပေးလိုက်ပြီး စစ်မြေပြင်သို့ ထွက် ခွာရန် ပြင်လိုက်စဉ်မှာပင် တောင်စောင့်နတ်မင်းကြီးထံမှ ညွှန်ကြားချက်ကို ကြားလိုက်ရလေ၏။

တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ဝင်ရောက်လှုပ်ရှားမည်ဟု ရုတ်တရက် ပြော လာသည်ကို ကြားလိုက်ရသောအခါ လီချိန်းရှီသည် ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားခဲ့လေသည်။

သူ အလျင်အမြန် အော်ဟစ်လိုက်လေသည်...။

"အားလုံးပဲ ဆုတ်ခွာကြ...။ မြန်မြန် ဆုတ်ကြ...။ တောင်စောင့်...၊"

"ပါးစပ်ပိတ်ထားစမ်း..."

သူ စကားမဆုံးမီမှာပင် မလှမ်းမကမ်းတွင် ရှိနေသော လောင်ကျောင်းသည် ခုန်ပျံလာပြီး ဒေါသတကြီး အမူအရာ ဖြင့် လီချိန်းရှီကို ခြေထောက်ဖြင့် ကန်လိုက်လေ၏။

လီချိန်းရှီမှာ သွက်လက်သူဖြစ်သဖြင့် ချက်ချင်းပင် ဘေးသို့ တစ်လှမ်းဆုတ်ကာ ရှောင်လိုက်ရာ လောင်ကျောင်း ၏ ကန်ချက်မှာ လွဲချော်သွားခဲ့လေသည်။

လောင်ကျောင်း၏ လုပ်ရပ်ကို မြင်သောအခါ လီချိန်းရှီမှာ ဇဝေဇဝါ ဖြစ်သွားခဲ့လေ၏။ သူ မျက်မှောင်ကြုတ်ကာ လောင်ကျောင်းကို ကြည့်ရင်း နားမလည်စွာဖြင့် မေးလိုက်လေသည်...။

"ဘာလုပ်တာလဲ...။"

လောင်ကျောင်းသည် ရပ်တန့်သွားပြီး ဒေါသတကြီးဖြင့် ဆူပူလိုက်လေသည်...။

"မင်း ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ...။ စစ်မြေပြင်က အမိန့်တွေကို မင်း လွယ်လွယ်နဲ့ အော်ပြောလို့ မရဘူး...။ စစ်တွင်းကာလမှာ စိတ်ဓာတ်ကျဆင်းအောင် လုပ်တာက ခေါင်းဖြတ်အသတ်ခံရနိုင်တဲ့ ပြစ်မှုဆိုတာ မင်း သိလား...။"

ထိုအခါမှသာ လီချိန်းရှီသည် သူ၏ အကြောင်းပြချက်မရှိသော စကားများကို လောင်ကျောင်းက အထင်လွဲသွား ကြောင်း နားလည်သွားခဲ့လေ၏။

"တောင်စောင့်နတ်မင်းကြီးက ချက်ချင်း ဆုတ်ခွာဖို့ အမိန့်ပေးခဲ့လို့ ကျွန်တော် အော်ပြောလို့တောင် မဆုံးသေးပါ ဘူး...။" ဟု လီချိန်းရှီက အလျင်အမြန် ရှင်းပြလိုက်လေသည်။

မှိုင်းများ ပေကျံနေသော လောင်ကျောင်း၏ မျက်နှာပေါ်ရှိ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ပြောလိုက် လေသည်...။

"မင်း ဘာပြောလိုက်တယ်...။ တောင်စောင့်နတ်မင်းကြီး ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမယ် ဟုတ်လား...။ မင်း တကယ်ပြောနေတာလား...။"

မလှမ်းမကမ်းတွင် မိမိတို့၏ စစ်သားတစ်ဦး ဓားခုတ်ခံရ၍ မြေပြင်ပေါ်သို့ လဲကျသွားသည်ကို မြင်သောအခါ လီချိန်းရှီမှာ မနေနိုင်တော့ဘဲ ပြေးသွားရင်း လောင်ကျောင်းကို လှမ်းအော်လိုက်လေသည်...။

"သေချာတာပေါ့ တကယ်ပေါ့... ။ တောင်စောင့်နတ်မင်းကြီး ကိုယ်တိုင် အမိန့်ပေးခဲ့တာ...၊ အားလုံးကို မြန်မြန် ခွဲထုတ်လိုက်..။. ဒါမှမဟုတ်ရင် ငါတို့လူတွေကို ငါတို့ မှားယွင်းပြီး ထိခိုက်မိရင် ဘယ်လိုလုပ်မလဲ...။"

လောင်ကျောင်းက အလျင်အမြန် ပြောလိုက်လေသည်...။

"ငါ ခေါင်းဆောင်ကြီးဝမ်ဆီ သွားပြီး သတင်းပို့လိုက်မယ်...။"

လောင်ကျောင်း ပြောသည်မှာ မှန်ကန်ပေသည်။ စစ်မြေပြင်တွင် စစ်ဘက်ဆိုင်ရာ အမိန့်အားလုံးကို တင်းကျပ် သော လုပ်ထုံးလုပ်နည်းများ၊ အရေးပါမှုများဖြင့် ထုတ်ပြန်ရလေ၏။

၎င်းကို ကျော်လွန်လုပ်ဆောင်ရန် မသင့်သကဲ့သို့ မဆင်မခြင်လည်း မပြုလုပ်သင့်ပေ။

စစ်ဘက်ဆိုင်ရာ အမိန့်များသည် အကြွင်းမဲ့ဖြစ်သည်ဟူသော အချက်မှာ အခြေခံစည်းမျဉ်းတစ်ခု ဖြစ်လေသည်။

လူတိုင်း၏ စိတ်ကူးထဲတွင် သူတို့၏ ကိုယ်ပိုင် ထူးချွန်ပြောင်မြောက်သော အကြံဉာဏ်များ ရှိနိုင်သော်လည်း စစ်ပွဲဆိုသည်မှာ တစ်ဦးတည်းသော ကွပ်ကဲထိန်းချုပ်မှုအောက်တွင် တပ်ဖွဲ့ဝင်များနှင့် အဖွဲ့များအားလုံးကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သော အလွန် စနစ်ကျသည့် စစ်ဆင်ရေးတစ်ခု ဖြစ်လေ၏။

တစ်စုတစ်စည်းတည်းသော စစ်ရေးကွပ်ကဲမှုဖြင့်သာ အဆင့်တိုင်းရှိ လူတိုင်းသည် သူတို့၏ တာဝန်ဝတ္တရား များကို နားလည်သဘောပေါက်စေရန်၊ စစ်ဆင်ရေးအစီအစဉ်ကို လိုက်နာစေရန်၊ စည်းကမ်းတကျရှိစေရန်နှင့် အစွမ်းထက်ဆုံးသော တိုက်ခိုက်ရေးအင်အားစုတစ်ရပ်ကို ဖွဲ့စည်းနိုင်စေရန် သေချာစေနိုင်မည် ဖြစ်ပေသည်။

စစ်မြေပြင်ဆိုသည်မှာ အမြဲတမ်း ပြောင်းလဲနေပြီး ချက်ချင်းလုပ်ဆောင်မှုများမှတစ်ဆင့် တိုးတက်မှုအသစ်များ ပြုလုပ်နိုင်သည်ဟု ထင်ရသော်လည်း ထိုသို့သော ချက်ချင်းလုပ်ဆောင်မှုများ အားလုံးမှာ စစ်ရေးအမိန့်များကို လိုက်နာရမည်ဟူသော အခြေခံအချက်အောက်တွင်သာ ပြုလုပ်ရမည် ဖြစ်လေ၏။

ထိုနှစ်ခုအကြားတွင် စစ်ရေးအမိန့်များကသာ ဦးစားပေးဖြစ်လေသည်။

အထူးသဖြင့် အစုလိုက်အပြုံလိုက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် အမြင့် ဆုံး တပ်မှူးကသာ အမိန့်ကို ကိုယ်တိုင် ထုတ်ပြန်ရန် အလွန် လိုအပ်လှပေသည်။

၎င်းမှာ လူအများအပြား အလေးအပင်တစ်ခုကို အတူတကွ သယ်ပိုးနေရသကဲ့သို့ပင် ဖြစ်လေ၏။ အကယ်၍ တစ်ယောက်ယောက်က ရုတ်တရက် ဖယ်ထွက်ပြီး လက်လွှတ်လိုက်ပါက အခြားသူများအတွက် အန္တရာယ်အ ဆင့်မှာ ကြီးမားစွာ မြင့်တက်သွားပေလိမ့်မည်။

ရွှီပေါ်အန်းသည် နတ်ဘုရားတစ်ပါးအနေဖြင့် ပါဝင်ပတ်သက်နေလျှင်တောင်မှ သူ၏ အမိန့်များသည် စစ်ဘက် ဆိုင်ရာ စည်းမျဉ်းများကို မလွှမ်းမိုးနိုင်သကဲ့သို့ ဝမ်ချောင်၏ ခွင့်ပြုချက်မရှိဘဲ အဆင့်ဆင့် ကွပ်ကဲမှုကို ကျော်လွန်၍မရနိုင်ပေ။

မကြာမီ တောင်စောင့်နတ်မင်းကြီး ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားတော့မည့်အကြောင်းကို လောင်ကျောင်းက ဝမ်ချောင်အား သတင်းပို့လိုက်လေ၏။

ဤသည်ကို ကြားသောအခါ ဝမ်ချောင်၏ အမူအရာတွင် အံ့အားသင့်မှုများ ပေါ်လာသော်လည်း များသော အားဖြင့် ဝမ်းသာပျော်ရွှင်နေခဲ့လေသည်။

ယခင်က သူ၏ အကဲဖြတ်မှုအရ တောင်စောင့်နတ်မင်းကြီးသည် လူတိုင်းအပေါ် တန်းတူညီမျှ ဆက်ဆံပြီး သက်ရှိသတ္တဝါအားလုံးသည် သူ၏ လက်အောက်ခံများဖြစ်သည် (သို့မဟုတ်) နယ်မြေပိုင်းခြားခြင်း စည်းမျဉ်း ကြောင့် သူ ဝင်ရောက်မစွက်ဖက်လိုဟု အမြဲတမ်း ခံစားခဲ့ရလေ၏။

အကယ်၍ တောင်စောင့်နတ်မင်းကြီးကသာ ကူညီရန် ဆန္ဒရှိပါက အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက် ရှိလေပြီ ဖြစ်၏။

ဝမ်ချောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်...။

"တကယ်ပဲ တောင်စောင့်နတ်မင်းကြီးက တကယ်ပဲ လှုပ်ရှားမယ်ဆိုရင် ရှန်းယန်မြို့က ပြည်သူတွေ ကယ်တင်ခံရ တော့မှာပဲ...။"

ဘေးမှ လောင်ကျောင်းက အလျင်အမြန် ခေါင်းညိတ်ကာ ပြောလေသည်...။

"ဟုတ်ပါတယ် ခေါင်းဆောင်ကြီး...၊ တောင်စောင့်နတ်မင်းဘိုးဘိုးကြီး လှုပ်ရှားတာကို ကျွန်တော် မြင်ဖူးပါတယ် ...။ တခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်မယ်ဆိုရင်တောင် ကျွန်တော် သိသလောက်တော့ သူ့ဆီမှာ ဖန်မီး အိမ်နဲ့တူတဲ့ မှော်လက်နက်တစ်ခု ရှိပါတယ်...။ အဲဒါက ကောင်းကင်နဲ့ နေကို ဖုံးကွယ်ထားနိုင်ပြီး ပေတစ် ရာကျော်လောက် ကျယ်ဝန်းတဲ့ နေရာတစ်ခုကို ဖိနှိပ်ထားနိုင်ပါတယ်...။ လူတွေကိုတော့ ပြောမနေပါနဲ့တော့...။ သားရဲတွေနဲ့ တောင်စောင့်ဝံပုလွေတွေတောင် အဲဒီကနေ မလွတ်မြောက်နိုင်ပါဘူး...။"

လောင်ကျောင်း၏ ပြောဆိုချက်မှာ အနည်းငယ် ချဲ့ကားထားလေ၏။ ရွှီပေါ်အန်းက ပြာခွက်ထဲတွင် ပိတ်လှောင် ထားခဲ့သော ဝံပုလွေအုပ်ကိုသာ သူ မြင်တွေ့ခဲ့ရခြင်း ဖြစ်လေသည်။ ကျန်သည့် ဇာတ်လမ်းများကိုမူ ရွာသားများ က ချဲ့ကားပြောဆိုကာ ဒဏ္ဍာရီတစ်ခုကဲ့သို့ ပြောပြခဲ့ကြပြီး သူ၏ ကိုယ်ပိုင် စိတ်ကူးယဉ်မှုများပါ ပေါင်းစပ်လိုက် သောအခါ ဖော်ပြရန်ခက်ခဲသော တန်ခိုးပြာဋိဟာတစ်ခု ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

ဝမ်ချောင်က လက်ကာပြလိုက်ပြီး ပြောလေသည်...။

"မြန်မြန်...။ ငါ့ရဲ့ အမိန့်ကို ဆက်လက်ဖြန့်ဝေလိုက်ပါ...။ တပ်ဖွဲ့ဝင်အားလုံး တိုက်ပွဲကနေ အမြန်ဆုံး ဆုတ်ခွာပြီး ကိုယ့်နေရာကိုယ် ပြန်သွားကြဖို့...။"

လောင်ကျောင်းက ဝမ်ချောင်၏ ဆုတ်ခွာရန် အမိန့်ကို အလျင်အမြန် လက်ဆင့်ကမ်းလိုက်ပြီး ခန့်အပ်ခံရခါစ သတင်းပို့သူများက ချက်ချင်း သတင်းဖြန့်လိုက်ကြလေ၏။

လီချိန်းရှီသည် သူ အလွန်တရာ မျှော်လင့်စောင့်စားနေခဲ့သော ဆုတ်ခွာရန် အမိန့်ကို နောက်ဆုံးတွင် ရရှိခဲ့လေပြီ။

သို့သော်လည်း သူ့ရှေ့ရှိ ရန်သူနှင့် အကြိတ်အနယ် ဖြစ်နေမှုက သူ့ကို လျင်မြန်စွာ ရုန်းထွက်နိုင်ရန် အဟန့်အတား ဖြစ်စေခဲ့လေ၏။

လီချိန်းရှီဘက်မှ တစ်စုံတစ်ဦးက ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်ကို ကြားသောအခါ လီချိန်းရှီအား ဝိုင်းရံထား သော ပုန်ကန်သူ စစ်သားနှစ်ဦးမှာ ပို၍ပင် ပြင်းထန်စွာ တိုက်ခိုက်လာကြလေသည်။

“ပြေးဖို့ ကြိုးစားနေတာလား...။ မင်း နောင်တရလိမ့်မယ်...။”

ထိုပုန်ကန်သူ နှစ်ဦးမှာ အတော်လေး အရည်အချင်းရှိကြလေ၏။ သူတို့သည် လီချိန်းရှီလောက် ခွန်အားမကြီး သော်လည်း တိုက်ပွဲပေါင်း ဆယ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့ရသည့် အတွေ့အကြုံများ ရှိထားကြလေသည်။

သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့်ပင် လီချိန်းရှီမှာ အောင်မြင်စွာ မလွတ်မြောက်နိုင်ခဲ့ပေ။

လီချိန်းရှီသည် ၃၆၀ ဒီဂရီ လှည့်ပတ်ကာ ရန်သူကို လှဲချလိုက်ပြီး ပုန်ကန်သူ စစ်သားနှစ်ဦးကို နောက်ဆုတ်သွား စေခဲ့လေ၏။ သူက တဖြည်းဖြည်း လှည့်ကာ အရှေ့နှင့် အနောက်မှ သူ့ကို ဝိုင်းရံထားသော ရန်သူနှစ်ဦးကို သတိ ထားကြည့်ရင်း အော်ဟစ်လိုက်လေသည်...။

"ထွက်သွားကြ...၊ မင်းတို့ကို သတ်ဖို့ ငါ့ကို အတင်းအကျပ် မလုပ်ကြနဲ့...။"

"အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ တော်လောက်ပြီ...။ မင်းရဲ့ အသက်ကို ငါ့ကို ပေးစမ်း...။"

ပုန်ကန်သူ တစ်ဦးက အော်ဟစ်ကာ သူ၏လှံကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်လိုက်စဉ် မှာပင် သူ၏ အနောက်တွင် အရိပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရလေ၏။ မည်သူမျှ သတိမထားမိလိုက်ဘဲ ဝမ်ချောင် ပေါ်လာကာ ပြေးဝင်လာခဲ့ခြင်း ဖြစ်လေသည်။ ပုန်ကန်သူကို ရှင်းလင်းပြီးနောက် သူက လီချိန်းရှီကို စူးရဲစွာ ကြည့်ကာ အော်ဟစ်လိုက်လေသည်...။

"ငုံ့နေစမ်း...။"

လီချိန်းရှီသည် ဝမ်ချောင်၏ မျက်လုံးများထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်တစ်ခုကို မြင်လိုက်ရလေ၏။ သူ မစဉ်းစားတော့ဘဲ ချက်ချင်းပင် ခေါင်းငုံ့လိုက်လေသည်။

ချက်ချင်းပင် သူ၏ အနောက်မှ လှံတစ်ချောင်း တည့်တည့် ထိုးဝင်လာခဲ့လေ၏။ အကယ်၍ လီချိန်းရှီသာ မရှောင် လိုက်ပါက သူ သေချာပေါက် ထိုးချခံလိုက်ရပေလိမ့်မည်။

ဝမ်ချောင်က ထိုလှံကို တစ်ချက်တည်းဖြင့် တွန်းဖယ်လိုက်ပြီး ရှေ့သို့ ခုန်တက်ကာ ပြိုင်ဘက်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်ပြီးနောက် သူ၏ ဓားကို နောက်ပြန် လွှဲခုတ်လိုက်ရာ ရန်သူကို ချက်ချင်းပင် သတ်ပစ်လိုက် လေ၏။

အရာအားလုံးကို မျက်မြင်တွေ့ရှိခဲ့ရသော ရွှီပေါ်အန်းပင်လျှင် ဝမ်ချောင်၏ စွမ်းရည်မှာ အထင်ကြီးလောက်ဖွယ် ဖြစ်ကြောင်း ဝန်ခံခဲ့ရလေသည်။

မြို့စောင့်ရဲမက်ခေါင်းဆောင် ရာထူးသည် သူနှင့် အမှန်တကယ် ထိုက်တန်ပုံရပေသည်။

"သူရဲကောင်းလီ...။ မင်း ဒီလောက် သနားညှာတာနေလို့ မရဘူး...။ သူတို့က သနားကရုဏာ ကင်းမဲ့နိုင်တယ်....။" ဟု ဝမ်ချောင်က ဓားကို ဆွဲထုတ်ကာ ခါးသီးသော အပြုံးဖြင့် ပြောလိုက်လေ၏။

လီချိန်းရှီမှာ အလွန်တရာ ရှက်ရွံ့သွားပြီး အခက်တွေ့နေသော အမူအရာဖြင့် ပြောလေသည်...။

"တောင်းပန်ပါတယ်...။ ကျွန်တော်...၊ ကျွန်တော် နည်းနည်း...။"

ရွှီပေါ်အန်း သက်ပြင်းတစ်ချက် ချလိုက်လေ၏။ သူ ဆက်မကြည့်ရက်တော့ချေ။

ဝမ်ချောင်က လီချိန်းရှီ၏ စကားကို ဖြတ်ပြောလိုက်လေသည်...။

"ဒီလို မြင်ကွင်းမျိုးကို ရင်ဆိုင်ရရင် ဘယ်သူမဆို ကြောက်ကြမှာပဲ ဆိုတာ ငါသိတယ်...။ ဒါပေမဲ့ အခု မင်း လေ့ကျင့်ဖို့ အခွင့်အရေး မရှိတော့ဘူး...။ သေမှာက သူ ဒါမှမဟုတ်ရင် မင်းပဲ...၊ ပြီးတော့ သေမှာက မင်းတစ် ယောက်တည်း မဟုတ်ဘူး...။ မင်းရဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေ၊ ချစ်သူတွေ၊ မိသားစုတွေနဲ့ မင်းရဲ့ ကလေးတွေတောင် ပါသွားလိမ့်မယ်...။"

လီချိန်းရှီ ခေါင်းညိတ်လိုက်ပြီး အနေရခက်စွာဖြင့် ပြောလေသည်...။

"ကျွန်တော်...၊ ကျွန်တော် နားလည်ပါပြီ...။"

ဝမ်ချောင် သက်ပြင်းချလိုက်ပြီး သူ၏ဓားကို အိမ်ထဲသို့ ပြန်ထည့်ကာ ညွှန်ကြားလိုက်လေသည်...။

"သွားကြစို့...၊ တောင်စောင့်နတ်မင်းကြီးရဲ့ ဂါထာမန္တန်ကို ငါတို့ မနှောင့်ယှက်မိစေဖို့ အမြန် ဆုတ်ကြစို့...။"

လီချိန်းရှီသည် စကားတစ်ခွန်းမျှ မဆိုဘဲ ဝမ်ချောင်နှင့်အတူ အလျင်အမြန် ဆုတ်ခွာသွားလေတော့သည်။

...

အုပ်စုနှစ်ခုမှာ အခြေခံအားဖြင့် ကွဲကွာသွားခဲ့လေပြီ။

ခေါင်းပေါင်းများ ပေါင်းထားသော ပုန်ကန်သူများသည် မြို့မြောက်ပိုင်း ခုခံကာကွယ်ရေးမျဉ်း၏ အပြင်ဘက်တွင် နောက်တစ်ကြိမ် ထပ်မံ၍ ဆူညံစွာ အော်ဟစ်ဆဲဆိုနေကြပြန်လေ၏။

ဤမြို့မြောက်ပိုင်းရှိ ဒေသသည် မူလက ရှန်းယန်ခရိုင် ဒေသ၏ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ပေ။

ရှန်းယန်ခရိုင်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လွန်ခဲ့သော ဆယ်နှစ်ကျော်က ခရိုင်မြို့တော်သည် ၎င်း၏ မြို့ပြ ဧရိယာကို အစီအစဉ်အရ မြောက်ဘက်သို့ တိုးချဲ့ခဲ့လေသည်။

ထို့ကြောင့် ရှန်းယန်ခရိုင်၏ မြောက်ဘက်ပိုင်းတွင် မြို့ရိုးနှစ်ခု ရှိနေသည်မှာ သဘာဝပင် ဖြစ်လေ၏။ ပုံမှန် မြောက်ဘက်တံခါးအပြင် မည်သည့်အခါကမျှ ဖြိုဖျက်ခြင်း မခံခဲ့ရသော မြို့ရိုးဟောင်းတစ်ခုလည်း ရှိနေသေး သည်။

ဤအချိန်တွင် မြို့ရိုးဟောင်းနှင့် မြို့ရိုးသစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရိယာသည် ဝမ်ချောင်နှင့် သူ၏ လူများ အသက်ရှင်ရပ်တည်နိုင်သည့် ဘေးကင်းဇုန် ဖြစ်လာခဲ့လေ၏။

ဤသည်က ရွှီပေါ်အန်းအတွက်လည်း ကြီးမားသော အဆင်ပြေမှုကို ပေးစွမ်းနိုင်ခဲ့ပေသည်။

မည်သို့ပင်ဆိုစေကာမူ လျှပ်စစ်ပန်ကာ၏ ဦးတည်ရာနှင့် အားကို ချိန်ညှိနိုင်သော်လည်း ဤလူအုပ်စု နှစ်စုကို ရှင်းလင်းစွာ ခွဲခြား၍မရပါက လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန်မှာ အလွန် ခက်ခဲလှပေသည်။

မြို့ရိုးတစ်ခု ခြားထားခြင်းကြောင့် ရွှီပေါ်အန်းသည် သူ၏ စွမ်းအားကို အတားအဆီးမရှိ ထုတ်ဖော်နိုင်ခဲ့လေ၏။

ဝမ်ချောင်၏ လူများအားလုံး မြို့ရိုးအတွင်းဘက်သို့ ဆုတ်ခွာသွားကြသည်ကို မြင်လိုက်ရသည်။

ထို့နောက် ရွှီပေါ်အန်းသည် လျှပ်စစ်ပန်ကာကို ကောက်ကိုင်လိုက်ပြီး ရှန်းယန်မြို့၏ အထက်သို့ ဖြည်းညင်းစွာ ရွှေ့လိုက်လေ၏။

ထို့နောက် ခလုတ်ကို ဖွင့်ကာ လေအေးပေးစက်ကို စတင်လည်ပတ်စေလိုက်သည်။

ရှန်းယန်မြို့အတွင်း၌မူ...

ရာသီဥတုမှာ မူလက ကြည်လင်ပြီး နေသာနေခဲ့လေ၏။

ရုတ်တရက်ဆိုသလို မည်သည့် သတိပေးချက်မျှ မရှိဘဲ လေများ တိုက်ခတ်လာခဲ့လေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းသော လေပြင်းများ တိုက်ခတ်လာပြီး သဲများနှင့် ကျောက်တုံးများ နေရာအနှံ့ လွင့်စင်လာကာ ကောင်းကင်နှင့် နေကို ဖုံးကွယ်သွားခဲ့လေ၏။

လူများသည် ဤမျှ ထူးဆန်းသော ကောင်းကင်ဖြစ်စဉ်မျိုးကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ကြသကဲ့သို့ပင်။ မည်သို့ပင်ဖြစ်စေ အတိတ်က ရုတ်တရက် တိုက်ခတ်လာသော လေပြင်းများကို အမြဲတမ်း ကြိုတင်ခန့်မှန်း နိုင်ခဲ့ကြလေသည်။

သို့သော် ဤရုတ်တရက် တိုက်ခတ်လာသော လေပြင်းသည် ဘယ်ကမှန်းမသိ ပေါ်လာပုံရလေ၏။

လူများ မတုံ့ပြန်နိုင်မီမှာပင် ရွှီပေါ်အန်းသည် လေတိုက်နှုန်းကို မြှင့်တင်ရန် ခလုတ်ကို နှိပ်လိုက်လေသည်။

လေတိုက်နှုန်းကို မြှင့်တင်ရန် ခလုတ်ကို နှိပ်လိုက်သောအခါ ရှန်းယန်ခရိုင်ရှိ ရှင်းပြ၍မရသော လေပြင်းမှာ ပို၍ပင် ပြင်းထန်စွာ တိုက်ခတ်လာလေ၏။

တစ်ခဏမျှ လမ်းပေါ်ရှိ လူများမှာ သူတို့၏ မျက်လုံးများကိုပင် မနည်း ဖွင့်ထားရလေသည်။

ဤအချိန်တွင် လူများသည် ခဏတဖြုတ် ခိုလှုံသင့်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ကြလေ၏။

အပြင်ဘက်တွင် ရှိနေသော ပုန်ကန်သူများမှာ အိမ်ပြန်ရန် ထွက်ခွာတော့မည့်ဆဲဆဲပင် ဖြစ်လေသည်။

လေတိုက်နှုန်းမှာ နောက်တစ်ကြိမ် ထပ်မံ မြင့်တက်လာပြန်လေ၏။

ချက်ချင်းဆိုသလိုပင် ရှန်းယန်မြို့ရှိ ပိန်ပိန်ပါးပါး ပုန်ကန်သူအချို့မှာ သူတို့၏ ခြေထောက်များပေါ်တွင် မတ်မတ် ရပ်နိုင်ရန်ပင် ခက်ခဲလာသည်ကို ခံစားလိုက်ကြရလေသည်။

သူတို့သည် ကိုယ်ကိုမတ်ရန် ကြိုးပမ်းသည့်အနေဖြင့် အနီးအနားရှိ သစ်ပင်များ၊ အဆောက်အအုံများနှင့် အခြား သော အသေတပ်ဆင်ထားသည့် အရာဝတ္ထုများကို အနိုင်နိုင် ဆုပ်ကိုင်ထားကြရလေ၏။

မှန်ပေသည်။ ၎င်းမှာ ရွှီပေါ်အန်းက လေတိုက်နှုန်းကို နောက်တစ်ကြိမ် ထပ်မံမြှင့်တင်ရန် ခလုတ်ကို နှိပ်လိုက် သောကြောင့်ပင် ဖြစ်လေ၏။

အပြင်ဘက်တွင် ရှိနေဆဲဖြစ်သော ပုန်ကန်သူ အများစုမှာ သူတို့၏ မျက်လုံးများကို ဖွင့်ထား၍ မရနိုင်တော့ချေ။

မူလ စစ်ရေးပုံစံမှာ ကြာမြင့်စွာကတည်းက ပျက်စီးသွားခဲ့ပြီဖြစ်ပြီး လူများသည် အသက်ရှင်ကျန်ရစ်ရန်အတွက် အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးကြရာ ရှန်းယန်ခရိုင်၏ လမ်းမများပေါ်တွင် ကမောက်ကမ ဖြစ်သွားခဲ့ လေ၏။

သူတို့သည် လေပြင်းတိုက်ခတ်မှုမှ လွတ်မြောက်ရန် အနီးအနားရှိ အိမ်များတွင် အလျင်အမြန် ခိုလှုံခဲ့ကြလေ သည်။

မြို့၏ အဓိက လမ်းမကြီးပေါ်တွင် မြင်းလှည်းအရှည်ကြီး တစ်တန်းမှာ ရှေ့သို့ ဆက်သွားရန် ရုန်းကန်နေရလေ၏။

လှည်းပေါ်တွင် အကြမ်းထည် ဂုံနီအိတ်များ တင်ဆောင်ထားလေသည်။ ခေါင်းပေါင်း ပေါင်းထားသော ပုန်ကန်သူ ခေါင်းဆောင်မှာ ရှောင်တိမ်းနိုင်သွားသည်နှင့် တစ်ပြိုင်နက် မြင်းများသည် လှည်းများကို ဆွဲကာ အရပ်မျက်နှာ အသီးသီးသို့ ပြေးထွက်သွားကြလေ၏။

ပုန်ကန်သူများ မည်မျှပင် အော်ဟစ်နေပါစေ သူတို့သည် ရပ်တန့်ရန် ငြင်းဆန်ခဲ့ကြလေသည်။

လူများအတွက် လမ်းလျှောက်ရန် ခက်ခဲသကဲ့သို့ မြင်းများအတွက်လည်း သွားလာလှုပ်ရှားရန် ခက်ခဲလှပေသည်။

ကမ္ဘာကြီးမှာ လေပြင်းတိုက်ခတ်သံများဖြင့်သာ ပြည့်နှက်နေပုံရလေ၏။

ကြမ်းတမ်းသော လေပြင်းများကြားတွင် ရွှီပေါ်အန်းသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်လေသည်။

မကြာမီ ရွှီပေါ်အန်း၏ အာရုံစိုက်မှုသည် အတော်လေး ကြီးမားသော စံအိမ်ကြီးတစ်ခုဆီသို့ ရောက်ရှိသွားလေ တော့သည်။

All Chapters