အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း (၁၄၁)
ပုရွက်ဆိတ်အရက်
ကျွီရှန်ဖန်။
၎င်းမှာ ရှန်းယန်ခရိုင်အတွင်းရှိ အကောင်းဆုံး ဂီတအိမ်တော်တစ်ခု ဖြစ်လေသည်။
ကျွီရှန်ဖန်မှလွဲ၍ ရှန်းယန်ခရိုင်အတွင်းရှိ အခြားသော ဂီတအဖွဲ့များအားလုံး၏ စုစုပေါင်း ဝင်ငွေသည်ပင် ကျွီရှန်ဖန် ၏ ဝင်ငွေကို မမီနိုင်ဟု ဆိုကြလေ၏။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အတိုင်းအတာနှင့် ကြီးမားခမ်းနားမှုကို သိမြင် နိုင်ပေသည်။
ရွှီပေါ်အန်းသည် ဤနေရာကို ဂီတအိမ်တော်တစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းမိခဲ့သော်လည်း ဂီတ အိမ်တော်သည် ဤမျှလောက် ကြီးမားနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
ဧရိယာအကျယ်အဝန်းအရ ၎င်းသည် ခရိုင်အစိုးရရုံးထက် လုံးဝ သေးငယ်နေခြင်း မရှိချေ။
“ဝါး... ရှန်းယန်ကလူတွေက တော်တော်လေး သုံးနိုင်ဖြုန်းနိုင်ကြတာပဲ...။”
နတ်ကွန်းထဲတွင် သူမြင်တွေ့ခဲ့ရသော တမင်တကာ ရုပ်ဆိုးအောင် ခြယ်သထားသည့် အိမ်တော်ရှင်မမှ လွဲ၍ အခြားသော ဂီတပညာရှင်များအားလုံး မည်သည့်နေရာသို့ ရောက်သွားကြသနည်းဆိုသည်ကို ရွှီပေါ်အန်း အလွန်တရာ စပ်စုချင်နေမိခဲ့လေသည်။
ဤအလွတ်ဖြစ်နေသော အိမ်ကြီးသည် သိပ်တော့ စိတ်ဝင်စားစရာ မကောင်းလှချေ။
“ဒီနယ်မြေထဲမှာ ဂီတအိမ်တော်တွေအများကြီး ရှိနေနိုင်သေးလား...။ ကျွီရှန်ဖန် တစ်ခုတည်း ရှိတာ တော့ မဖြစ်နိုင်ဘူး...။”
ရွှီပေါ်အန်းသည် ပြဿနာကို အလျင်အမြန် နားလည်သဘောပေါက်သွားခဲ့ပြီးနောက် ရှန်းယန်၏ စုံလင်လှသော ညဘဝကို ထပ်မံ၍ အံ့ဩချီးကျူးသွားမိပြန်လေ၏။
ရွှီပေါ်အန်းသည် အခန်းဆီသို့ ခေတ္တမျှ စူးစိုက်ကြည့်နေခဲ့သော်လည်း သူ၏ အကြည့်များက ထိုးဖောက် မြင်နိုင်စွမ်း မရှိခဲ့ပေ။
တတိယထပ် ခေါင်မိုးပေါ်တွင် ရေဆေးမင်ဖြင့် ရှုခင်းပုံရေးဆွဲထားသော ကြွေပန်းအိုးကြီးတစ်လုံးသည် လက်ရန်းထောင့်ဆီသို့ လဲကျနေခဲ့လေသည်။
ကြွေပန်းအိုးသည် ဖရဲစေ့ကြီးတစ်စေ့ခန့် အရွယ်အစားရှိပြီး အကယ်၍ ကြမ်းပြင်ပေါ်တွင် ထူထဲသော ကတ္တီပါကော်ဇောသာ ခင်းမထားပါက ၎င်းသည် အစောကြီးကတည်းက အစိတ်စိတ်အမွှာမွှာ ကွဲကြေ သွားလောက်ပြီ ဖြစ်လေ၏။
ရွှီပေါ်အန်းသည် ကြွေပန်းအိုးပေါ်ရှိ ရှုခင်းပန်းချီကား၏ အနုပညာဖန်တီးမှုတွင် နစ်မြောသွားခဲ့လေ သည်။
*ဒါကိုသာ ကြီးအောင် လုပ်လိုက်မယ်ဆိုရင် မကြာခင်က ဝယ်ထားတဲ့ ဗီလာအသစ်မှာ အလှဆင်ဖို့ အလွန်သင့်တော်မည့် ပစ္စည်းတစ်ခု ဖြစ်လာမှာပဲ...။*
*လူလတ်ပိုင်းအရွယ်ရောက်လာတဲ့သူတွေက တကယ်ကို ချွေတာတတ်ကြတာပဲ...။ နည်းနည်းလေးဆို ရင်တောင် အလကားမဖြစ်စေရဘူး...။*
ထိုသို့တွေးရင်း ရွှီပေါ်အန်းသည် လက်လှမ်းကာ ကြွေပန်းအိုးကို ကိုင်လိုက်ပြီး ချက်ချင်းပင် အပေါ်သို့ မတင်လိုက်လေ၏။
ပန်းအိုးကို ကောက်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းသည် ရုတ်တရက် အားအင်ကုန်ခမ်း သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
ရွှီပေါ်အန်းသည် မြို့စောင့်နတ်ကွန်းထဲရှိ အမွှေးတိုင်များ ကုန်သွားပြီဖြစ်ကြောင်း သိလိုက်သဖြင့် နောက်ဆုတ်လိုက်လေတော့၏။
ရွှီပေါ်အန်း နောက်ဆုတ်သွားသည်နှင့်တပြိုင်နက် ရှန်းယန်ခရိုင်အတွင်း၌ တိုက်ခတ်နေသော ရုတ် တရက် လေပြင်းကြီးသည်လည်း ရပ်တန့်သွားခဲ့လေသည်။
ခေတ္တအကြာတွင် ကျွီရှန်ဖန်အတွင်း၌ ကျက်သရေရှိလှသော ပုံရိပ်များသည် အခန်းများထဲမှ ထွက် ပေါ်လာကြလေ၏။
အချို့က သေတ္တာများထဲမှ တွားသွား၍ ထွက်လာကြပြီး အချို့က ကုတင်အောက်မှ တွားထွက်လာကာ အချို့ကမူ အဝတ်ဘီရိုများထဲမှ လျှောက်ထွက်လာကြလေသည်။
ထိုလူများသည် အိမ်ထဲတွင် ခေတ္တမျှ ရှာဖွေနေကြပြီးနောက် ရုတ်တရက် အံ့အားသင့်စွာဖြင့် အော်ဟစ် လိုက်ကြလေသည်။
“အို... ဖန်အာကော ဘယ်ရောက်သွားလဲ...။”
“ဖန်အာက ရှုခင်းပုံရေးဆွဲထားတဲ့ ကြွေပန်းအိုးကြီးထဲမှာ ပုန်းနေတယ်လို့ ထင်တာပဲ...။”
“ကြွေပန်းအိုးကြီးကော ဘယ်ရောက်သွားလဲ...၊ အဲဒါလည်း ပျောက်သွားပြီ...။”
“ကုတင်အောက်ကနေ ကြည့်လိုက်တော့ ကြွေပန်းအိုးက လေတိုက်လို့ လွင့်သွားပြီး အပြင်ဘက် ခေါင်မိုးပေါ် လိမ့်သွားသလိုပဲ...။အဲ့ဒီနောက်တော့ ပျောက်သွားတာပဲ...။”
“ဟင်... ပျောက်သွားပြီလား...။”
“အားလုံးပဲ မြန်မြန်သွားရှာကြရအောင်...။”
ကျွီရှန်ဖန်တစ်ခုလုံးမှာ လူများက ပန်းအိုးနှင့် လူကို အလုပ်များစွာ ရှာဖွေနေကြသဖြင့် လုံးဝကို ကမောက်ကမ ဖြစ်နေလေတော့သည်။
ပန်းအိုးကို ယူသွားသော ရွှီပေါ်အန်းသည် အထဲတွင် လူတစ်ယောက် ပုန်းအောင်းနေကြောင်းကို လုံးဝ သိမနေခဲ့ချေ။
သူသည် ယာယီသိမ်းဆည်းထားရန်အတွက် သူ၏ အခြေစိုက်စခန်းရှိ တောင်စောင့်နတ်မင်း နတ်ကွန်း ထဲတွင် ကြွေပန်းအိုးကို ပေါ့ပေါ့ပါးပါးပင် ထားရှိခဲ့ပြီးနောက် လက်တွေ့ကမ္ဘာဆီသို့ ပြန်သွားခဲ့လေ သည်။
...
နောက်ဆုံးတွင် ရွှီပေါ်အန်းသည် လဲ့ချန်ခရိုင်၊ လော်ရွှေဟယ်ရွာ၌ နေ့လယ်စာ စားဖြစ်ခဲ့လေသည်။
လော်ရွှေဟယ်ရွာသည် ဤအမျိုးသားအမြန်လမ်း စီမံကိန်း၏ ဌာနချုပ်ရုံး တည်ရှိရာ ရွာပင် ဖြစ် လေသည်။
၎င်းသည် စီမံကိန်းလုပ်ငန်းခွင်နှင့် မဝေးလှဘဲ ကားဖြင့် ဆယ်မိနစ်ခန့်သာ သွားရလေ၏။
ဤဆယ်မိနစ်ကို အထင်မသေးသင့်ပေ။ ၎င်းမှာ ဝေးလံခေါင်ဖျားသော တောင်ပေါ်တောအုပ်နှင့် စည် ကားသော မြို့လေးတို့ကြားရှိ ကြီးမားလှသော ကွာခြားချက်ပင် ဖြစ်လေသည်။
အကယ်၍ ယာယီလမ်း ဖောက်လုပ်မထားပါက ဤတိုတောင်းလှသော ဆယ်မိနစ်စာ ကားမောင်းရ သည့်ခရီးသည် ယခင်က ရွာသားများအတွက် တစ်ရက်လုံး အချိန်ယူခဲ့ရမည် ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် တောမှိုများ စားချင်လွန်းသဖြင့် လောဘတကြီးနှင့် ဤနေရာသို့ လာခဲ့ခြင်းမျိုး မဟုတ်ချေ။
အမှန်တကယ်တော့ စီမံကိန်းတွင် ရှိနေသော အခက်အခဲများကို ဖြေရှင်းရန်အတွက် ဖြစ်လေသည်။
မပြီးစီးသေးသော အမျိုးသားအမြန်လမ်း စီမံကိန်းများတွင် အရှိန်လွန်မောင်းနှင်မှု ပြဿနာကို ထိန်းချုပ်ရန် ဖြစ်လေ၏။
ရွှီပေါ်အန်း၏ မေးခွန်းကို ကြားသောအခါ လော်ရွှေဟယ်ရွာ၏ ရွာလူကြီးဖြစ်သူ၊ ကျောက်ကျန်းမင်၏ ဖခင်က ရယ်မောကာ ပြောလိုက်လေသည်။
“အထွေထွေမန်နေဂျာရွှီ...။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် တကယ်ပဲ ကူညီချင်ပါတယ်...။ ကျန်းမင် က ခင်ဗျားဆီမှာ အလုပ်လုပ်နေတာကို ထောက်ထားပြီးတော့တောင် ကျွန်တော် ငြင်းဆန်လို့ မရပါဘူး...။ ဒါပေမဲ့ ကျွန်တော်တို့က တကယ်ကို ဘာမှမတတ်နိုင်ပါဘူး...။ ကျွန်တော်တို့က ဆင်းရဲပြီး ဝေးလံခေါင်ဖျားတဲ့ ရွာလေးပါ...။”
“စီမံခန့်ခွဲပေးဖို့ ခွန်အားကြီးတဲ့ လူရွယ်တွေတောင် တစ်ယောက်မှ မရှိပါဘူး...။ အဲ့လိုမျိုး အရှိန်ပြင်း ပြင်း မောင်းတဲ့သူတွေကို ကျွန်တော်တို့က ဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ...။ ကျွန်တော်သိသလောက် တော့ မြို့နဲ့ ခရိုင် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက ဤကိစ္စကို အချိန်အတော်ကြာအောင် လုပ်ဆောင် နေခဲ့ကြပေမယ့် လုံးဝတော့ မဖြေရှင်းနိုင်သေးပါဘူး...။”
ကျောက်ကျန်းမင်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်လေ၏။
“ချီး... တိုက်ရိုက်နည်းလမ်းက အလုပ်မဖြစ်ရင် သွယ်ဝိုက်တဲ့နည်းနဲ့ ကြိုးစားကြည့်ကြတာပေါ့...။ အဘိုးကြီးနှစ်ယောက်လောက် ရှာပြီး လမ်းဆုံမှာ ရက်အနည်းငယ်လောက် အလှည့်ကျ စောင့်ကြည့် ခိုင်းရမယ်...။ ဘယ်သူက အဲ့နေရာကို သွားရဲမလဲဆိုတာ မယုံနိုင်စရာပဲ...။ ဒီခေတ်ကြီးထဲမှာ အသက် ကြီးတဲ့သူတွေကို ဘယ်သူက ပြဿနာရှာရဲမှာလဲ...။”
ရွာလူကြီးအိုကြီးက သူ့ကို စူးရဲစွာ စိုက်ကြည့်လျက် ပြောလိုက်လေသည်။
“အဓိပ္ပာယ်မရှိတာတွေ...။ မင်းက ပြောတော့လွယ်တာပေါ့...၊ ဘယ်သူ့ကို လုပ်ခိုင်းမှာလဲ...။ အိမ်တိုင်း အိမ်တိုင်းမှာ လုပ်စရာအလုပ်တွေ ရှိကြတယ်...။ ဘယ်သူက ဒီလောက် အလုပ်ရှုပ်ခံပြီး သွားလုပ်ချင် မှာလဲ...။ မင်းရဲ့အဖေက ရွာလူကြီးဖြစ်နေလို့ လွယ်တယ်များ ထင်နေလား...။ ငါက ရွာလူကြီးပါ...၊ အင်ပါယာဘုရင် မဟုတ်ဘူး...။ ငါ့စကားကသာ အဲ့ဒီလောက် ဩဇာညောင်းရင် မင်းက ဘာလို့ အပြင် ထွက်ပြီး လောကကြီးထဲမှာ ရုန်းကန်နေဦးမှာလဲ...။ မင်းလည်း ပြန်လာပြီး မင်းသားတစ်ပါးလို နေလို့ရ တာပဲလေ...။”
ကျောက်ကျန်းမင်က အနေခက်စွာ ပြုံးပြလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ ရွှီပေါ်အန်းအား မျက်နှာချို သွေးသော အပြုံးဖြင့်သာ ကြည့်နေလိုက်လေတော့သည်။
အဓိပ္ပာယ်က ရှင်းလင်းလှပေသည်။ အထွေထွေမန်နေဂျာရွှီ... ကျွန်တော် ခင်ဗျားအတွက် စကားဝင် ပြောပေးခဲ့ပါတယ်...။ ကျွန်တော့်ဘက်က တာဝန်မကျေဘူးလို့တော့ မတွေးပါနဲ့...။ ဟူ၍ပင်။
ရွှီပေါ်အန်းက ပြုံးလျက် ပြောလိုက်လေသည်။
“ရွာလူကြီး... ဒီလိုပါ...။ လွန်ခဲ့တဲ့ ရက်အတန်ကြာက ရွာထဲက လမ်းတွေ သိပ်အခြေအနေမကောင်းဘူး လို့ ကျောက်ကျန်းမင် ပြောတာ ကြားခဲ့ရတယ်...။ ခင်ဗျားတို့လည်း လမ်းခင်းဖို့ စဉ်းစားနေတာ ကြာပြီ ...။ ဒါပေမဲ့ ရန်ပုံငွေက ခွင့်မပြုသေးဘူးဆို...။ ကျွန်တော်တို့မှာ ခုလို အဆက်အသွယ်တွေ ရှိနေတာပဲ...၊ ဒီလမ်းပိုင်းကို ခင်းဖို့ ကျွန်တော်တို့ ကူညီပေးသင့်တယ်လို့ ကျွန်တော် တွေးမိပါတယ်...။”
“ဒါပေမဲ့ ဒီလမ်းကို ခင်းပြီးသွားရင် ထိန်းသိမ်းဖို့ အချိန်အနည်းငယ် ယူရလိမ့်မယ်...။ ပြီးတော့ အချိန် အတန်ကြာတဲ့အထိ အသုံးပြုလို့ရမှာ မဟုတ်ဘူး...။ ရွာသားတွေက အသစ်ဖောက်ထားတဲ့ အမျိုးသား အမြန်လမ်းကနေ ကွေ့ဝိုက်ပြီး သွားရလိမ့်မယ်...။ အဲ့လမ်းပေါ်မှာ အရှိန်ပြင်းပြင်း မောင်းတဲ့သူတွေက ပြိုင်မောင်းနေကြတုန်းပဲဆိုရင်တော့ လုံခြုံစိတ်ချရမှာ မဟုတ်ဘူး...။”
ထိုစကားကို ကြားသောအခါ ကျောက်ကျန်းမင်၏ ဖခင်ဖြစ်သူ မျက်လုံးများ ချက်ချင်းပင် အရောင် လက်သွားခဲ့လေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤစီမံကိန်းသာ အောင်မြင်သွားပါက ရွာသားများအားလုံးက ၎င်းတို့၏ အရည်အချင်းများကို ချီးကျူးကြမည်မှာ အသေအချာပင်။
ကျောက်ကျန်းမင်၏ ဖခင်က သူ၏ ဆေးတံကို ခပ်ပြင်းပြင်း ဖွာရှိုက်လိုက်ပြီးနောက် ခေတ္တမျှ စဉ်းစား ကာ ဆေးလိပ်ငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်ရင်း ပြောလိုက်လေသည်။
“ဒီကိစ္စကို... အားလုံးနဲ့ ပြန်ပြီး ဆွေးနွေးရဦးမယ်...။ ဘာပဲဖြစ်ဖြစ် အားလုံးရဲ့ လုံခြုံရေးအတွက်ပဲလေ... ၊ ပြီးတော့ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခုတော့ ရှိရမှာပေါ့...။ ရွာသားတွေကိုယ်စား အထွေထွေမန်နေဂျာ ရွှီကို ကျေးဇူးတင်ပါတယ်...။”
ကိစ္စများက ဤအခြေအနေထိ ရောက်ရှိလာပြီဖြစ်ရာ အခြေခံအားဖြင့် ပြေလည်သွားပြီဟု ဆိုနိုင်ပေ သည်။
ရွှီပေါ်အန်းသည် ထိုအကြောင်းအရာကို ဆက်လက် မဆွေးနွေးတော့ချေ။
သူသည် အစားအစာ တစ်လုတ်ကို ယူ၍ ပါးစပ်ထဲသို့ ထည့်ကာ မျိုချလိုက်လေ၏။ ထို့နောက် သူက အာမေဍိတ်သံဖြင့် ပြောလိုက်လေသည်။
“ဒီသဘာဝစစ်စစ် တောမှိုတွေက တကယ်ကို အရသာရှိတာပဲ...။ ဒီလောက် စစ်မှန်တဲ့ အရသာရှိတဲ့ မှိုတွေကို မစားရတာ နှစ်အတော်ကြာနေပြီ...။”
ကျောက်ကျန်းမင်၏ ဖခင်က အားရပါးရ ရယ်မောကာ ပြောလိုက်လေ၏။
“ဒါက လွယ်ပါတယ်... ။ အထွေထွေမန်နေဂျာရွှီ စားချင်တယ်ဆိုရင် ကျန်းမင်ကို မကြာခဏဆိုသလို လုပ်ပေးခိုင်းလိုက်မယ်လေ...။”
ရွှီပေါ်အန်းက ခေါင်းခါပြလျက် ပြောလိုက်လေသည်။
“ဒီလောက်ကောင်းမွန်တဲ့ အစားအစာကို ကျွန်တော်တစ်ယောက်တည်း စားလို့မဖြစ်ပါဘူး...။ ကျန်းမင် ...၊ ငါတို့ရဲ့ ထမင်းစားခန်းမှာ ဒီလိုမျိုး အာဟာရပြည့်ဝတဲ့ ဟင်းလျာတွေ ပိုထည့်ဖို့ ငါ အကြံပြုချင် တယ်...။ ပြီးတော့ ကုမ္ပဏီရဲ့ ထမင်းစားခန်းတစ်ခုတည်းတင် မဟုတ်ဘူး...၊ တခြား စီမံကိန်းတွေကိုပါ ငါတို့ မြှင့်တင်ပေးလို့ရတယ်လေ...။”
“ငါတို့ဆီမှာ ဒီလို အကျိုးရှိတဲ့ အခြေအနေတွေ ရှိနေတာပဲ...။ ဘာလို့ ကောင်းကောင်း အသုံးမချနိုင်ရမှာ လဲ...။ ငါတို့က ရွာထဲကနေ တိုက်ရိုက်ဝယ်ယူလို့ရတယ်...။ ဒါဆို လုပ်ဖော်ကိုင်ဖက်တွေအတွက် အာဟာရပြည့်ဝတဲ့ အစားအစာတွေ ရရှိစေနိုင်သလို ရွာသားတွေရဲ့ ဝင်ငွေကိုလည်း တိုးလာစေနိုင်တယ် လေ...။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် အခြေအနေပဲ မဟုတ်လား...။”
ကျောက်ကျန်းမင်၏ မျက်နှာသည် ဝမ်းသာအားရမှုဖြင့် လင်းလက်သွားခဲ့လေ၏။ သူသည် လူမိုက် တစ်ဦး မဟုတ်ချေ။ ဤစီးပွားရေး အခွင့်အလမ်းကို ချက်ချင်းပင် မြင်တွေ့လိုက်လေသည်။
ဤသည်မှာ သူ၏ စီးပွားရေးကို လုံခြုံစေရန်အတွက် အထွေထွေမန်နေဂျာရွှီက တရားဝင် လမ်းဖွင့်ပေး လိုက်ခြင်း ဖြစ်လေသည်။ ဤသဘောတူညီချက်သာ အောင်မြင်သွားပါက ဤလုပ်ငန်းမှ ရရှိမည့် အကျိုးအမြတ်များသည် ထမင်းစားခန်းကို ကန်ထရိုက်ယူခြင်းမှ ရရှိသော အမြတ်အစွန်းများထက် လျော့နည်းမည် မဟုတ်သည်မှာ သေချာလှသည်။
ထို့အပြင် ၎င်းတို့သည် အထွေထွေမန်နေဂျာရွှီ၏ မျက်နှာသာပေးမှုကို ခံရသူများဖြစ်ကြောင်း လူတိုင်း သိသွားကြမည်ဖြစ်ရာ ၎င်းမှာ မမြင်ရသော ပိုင်ဆိုင်မှုတစ်ခုပင် ဖြစ်လေ၏။
သူ ဘာကြောင့် သူ့ကို ရွေးချယ်ခဲ့သလဲဆိုသည့် အချက်နှင့်ပတ်သက်၍မူ အရူးတစ်ယောက်ပင်လျှင် ၎င်းမှာ မြင်းရိုးများကို ဝယ်ရန် ငွေအမြောက်အမြား အကုန်အကျခံခြင်းမျိုး ဖြစ်ကြောင်း သိနိုင်ပေ သည်။
ကျွန်တော်က ကန်ထရိုက်တာအသေးလေး တစ်ယောက်သာ ဖြစ်ပေမယ့် အထွေထွေမန်နေဂျာရွှီက ကျွန်တော့်ကို အလွန်တန်ဖိုးထားတယ်ဆိုတော့ ကုမ္ပဏီထဲက တခြားလူတွေဆိုရင်ရော ဘယ်လိုနေမ လဲ...။
ကျောက်ကျန်းမင်က အပြုံးကြီးကြီးဖြင့် ပြောလိုက်လေ၏။
“ဟုတ်ပါတယ်... ဟုတ်ပါတယ်...။ အထွေထွေမန်နေဂျာရွှီ ပြောတာ မှန်ပါတယ်...။ ကျွန်တော် ပြန် ရောက်တာနဲ့ အစီအစဉ်ဆွဲပြီး ရုံးကို တင်ပြလိုက်ပါ့မယ်...။ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် သေချာပေါက် လုပ်ဆောင်သွားပါ့မယ်...။”
ဘေးတွင် ရပ်နေသော ကျောက်ကျန်းမင်၏ ဖခင်က သူ၏ ဆေးတံကို ပုတ်ကာ ပြုံးနေသော်လည်း ဘာမှမပြောချေ။ ၎င်းတို့နှစ်ဦးကြားရှိ စကားပြောဆိုမှုကို နားမလည်နိုင်သည့်အလားပင်။
ရွှီပေါ်အန်းသည် စီမံကိန်းလုပ်ငန်းခွင်မှ ပြန်လာသောအခါ လျှိုချွမ်က ကုမ္ပဏီတွင် သူ့ကို စောင့်ဆိုင်း နေခဲ့ပြီ ဖြစ်လေသည်။
လျှိုချွမ်တစ်ယောက် ဝတ်စုံပြည့်နှင့် နက်တိုင်ကို ဝတ်ဆင်ထားသည်ကို မြင်သောအခါ ၎င်းမှာ သူ့အ တွက် ပုံမှန်မဟုတ်သဖြင့် ရွှီပေါ်အန်းက ပြုံးလျက် ပြောလိုက်လေသည်။
“လောင်လျှို... မင်း ဒီလိုမျိုး ဝတ်ထားတာကို မြင်တော့ ငါတို့ အလုပ်ဝင်သင်တန်းဆင်းတုန်းက အချိန် တွေကို ရုတ်တရက် သွားသတိရမိတယ်...။ မိန်းကလေးတွေအကုန်လုံးနဲ့ ချိန်းတွေ့ခဲ့တဲ့ မင်းရဲ့ ခမ်းနား လှတဲ့ အတွေ့အကြုံကို လူတိုင်းက မနာလိုဖြစ်ခဲ့ကြတာလေ...။ အဲ့အချိန်တုန်းကလည်း မင်း ဒီလိုမျိုး ပဲ ဝတ်ထားခဲ့တာ မဟုတ်လား...။”
လျှိုချွမ်က ရယ်မောကာ ပြောလိုက်လေ၏။
“အထွေထွေမန်နေဂျာရွှီက အရမ်းချီးကျူးလွန်းနေပါပြီ...။ အဲ့အချိန်တုန်းက ကျွန်တော်က ငယ်ရွယ်ပြီး ရိုးအတော့ ပျော်ဖို့ပါးဖို့လောက်ပဲ တွေးခဲ့မိတာပါ...။ ကြွားလုံးထုတ်နေခဲ့တာပါ...။ အထွေထွေမန်နေဂျာ ရွှီက တကယ်ကို အံ့ဩစရာကောင်းလှပါတယ်...။”
“ခင်ဗျားက နှစ်တွေကြာလာတာနဲ့အမျှ ကြိုးကြိုးစားစား လေ့လာသင်ယူပြီး တိုးတက်လာဖို့ ကိုယ့်ကိုယ် ကိုယ် အမြဲတမ်း တင်းတင်းကျပ်ကျပ် နေထိုင်ခဲ့တာပဲ...။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် တကယ် ကို ရှက်မိပါတယ်...။ အနာဂတ်မှာ ကျွန်တော်လည်း စာမျက်နှာသစ် ဖွင့်ပြီး ခင်ဗျားရဲ့ ခြေရာအတိုင်း လိုက်ပြီး ခိုင်မာတဲ့ ခြေလှမ်းတွေနဲ့ ရှေ့ဆက်လှမ်းသွားပါ့မယ်...။”
ရွှီပေါ်အန်းက လက်ကို ဝှေ့ယမ်းပြလျက် ပြောလိုက်လေသည်။
“မင်းကောင်လေး...၊ ငါ့ကို မြှောက်ပင့်နေတာတွေ ရပ်လိုက်တော့...။ မြန်မြန် ထိုင်ပါဦး...၊ ငါ့ဆီမှာ တိုက်ဆိုင်စွာပဲ အကောင်းစား လက်ဖက်ရည် ရှိနေတယ်...။ မင်း လာတာ အချိန်ကိုက်ပဲ...။”
ရွှီပေါ်အန်း၏ လက်ဖက်ရည်သည် ဘွန်ဆိုင်းထဲမှ ယူလာသော ထိပ်တန်းအဆင့် တာ့ဟုန်ပေါင် လက်ဖက်ရည် မဟုတ်ပေ။ ထိုလက်ဖက်ခြောက်များကို လှော်ပြီးနောက် အခြားသော လုပ်ငန်းစဉ် များကို ဖြတ်သန်းရဦးမည်ဖြစ်ရာ ၎င်းတို့ကို ရရှိရန် နှစ်ရက် သို့မဟုတ် သုံးရက်ခန့် အချိန်ယူရမည် ဖြစ်လေသည်။
သူ ရည်ညွှန်းနေသည်မှာ မြို့မြောက်ပိုင်းရှိ လက်ဖက်ရည်ဆိုင်တစ်ခုမှ သူ ယူလာခဲ့သော လက်ဖက်ရည် ပင် ဖြစ်လေသည်။ ၎င်းမှာ ဆရာကျန်း လင်မယား၏ ကိုယ်ပိုင် လက်ဖက်ရည်ဖြစ်ပြီး ချင်းမင်မတိုင်မီ လုံကျင်းလက်ဖက်ရည်ကို လတ်လတ်ဆတ်ဆတ် ခူးဆွတ်ထားခြင်းဖြစ်ကာ အရသာ တော်တော်လေး ကောင်းမွန်ကြောင်း ၎င်းတို့က ပြောခဲ့ကြလေသည်။
လျှိုချွမ်က လက်ကို ဝှေ့ယမ်းကာ ကပျာကယာ ငြင်းဆန်လျက် ပြောလိုက်လေ၏။
“မလိုပါဘူး အထွေထွေမန်နေဂျာရွှီ...။ ကျွန်တော့်လို တောဝက်က အကောင်းစား လက်ဖက်ရည်ရဲ့ အရသာ ကို မခံစားတတ်ပါဘူး...။ ဒါကြောင့် ခင်ဗျားရဲ့ လက်ဖက်ရည်ကောင်းတွေကို အလဟဿ မဖြစ်စေချင်ပါဘူး...။ ကျွန်တော် ဒီတစ်ကြိမ် လာတာက ခင်ဗျားကို မြည်းစမ်းကြည့်ဖို့ ပစ္စည်းကောင်း တစ်ခု ယူလာပေးတာပါ...။”
ရွှီပေါ်အန်းက သူ ကိုင်လာသော ပတ္တူအိတ်ကို အနည်းငယ် အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေသည်။
“မင်းကောင်လေး ဘယ်လို ရှားပါးတဲ့ ပစ္စည်းတွေနဲ့ ရှုပ်နေပြန်ပြီလဲ...။”
လျှိုချွမ်က ရယ်မောလိုက်ပြီး အိတ်ကို ညင်သာစွာ မတင်ကာ ကြွားဝါသော အမူအရာဖြင့် ပြောလိုက် လေသည်။
“ထိပ်တန်းအရည်အသွေးရှိတဲ့ ပုရွက်ဆိတ်အရက်ပါ...။ နွေရာသီမှာ စုဆောင်းထားတဲ့ အကောင်းဆုံး အဝါရောင် ပုရွက်ဆိတ်တွေနဲ့ ပြုလုပ်ထားပြီး အရက်ကတော့ အနှစ်နှစ်ဆယ်ကြာ သိမ်းဆည်းထားတဲ့ သန့်စင်တဲ့ စမ်းရေအရက်ပါပဲ...။ အဲဒါကို မစစ်ထုတ်ခင် ရက်ပေါင်း ခြောက်ဆယ်ကျော်လောက် လုံခြုံ အောင် ပိတ်ပြီး စိမ်ထားခဲ့တာပါ...။ ဟီးဟီး...၊ အဲဒီရဲ့ အာနိသင်တွေက အံ့ဩစရာကောင်းလောက် အောင် ထင်ရှားတယ်လို့ ကြားရတယ်...။”
ရွှီပေါ်အန်းက လျှိုချွမ်ကို ဗလာကျင်းနေသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်ရာ လုံးဝကို ဝေခွဲမရ ဖြစ်နေလေသည်။
“မင်းက တော်တော်လေးကို ပြဿနာရှာတဲ့သူပဲ...။ မင်းရဲ့ စေတနာကို ငါ တန်ဖိုးထားပါတယ်...၊ ဒါပေမဲ့ ဒါကိုတော့ ငါ လက်မခံနိုင်ဘူး...။ မင်းအတွက် မလိုဘူးဆိုရင်လည်း ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထား လိုက်ပါ...။”
ရွှီပေါ်အန်းသည် အရက်သောက်ခြင်းကို မနှစ်သက်သူ မဟုတ်သော်လည်း အခြား ပါဝင်ပစ္စည်းများ ထည့်သွင်းထားသော အရက်ကိုမူ သူ လုံးဝကို မခံနိုင်ချေ။ ၎င်းတွင် အမျိုးမျိုးသော ဆေးဖက်ဝင် အရက်များလည်း ပါဝင်လေသည်။
လျှိုချွမ်က ထပ်မံ ရယ်မောကာ ပြောလိုက်ပြန်လေ၏။
“မဟုတ်ပါဘူး အထွေထွေမန်နေဂျာရွှီ...။ ကျွန်တော် အကုန် ယူလာခဲ့ပြီပဲဟာကို ဘယ်လိုလုပ် ပြန်ယူ သွားလို့ရမှာလဲ...။ ခင်ဗျား မကြိုက်ဘူးဆိုရင်တောင် တခြားသူငယ်ချင်းတွေကို မြည်းစမ်းကြည့်ဖို့ ပေးလိုက်လို့ရတာပဲလေ...။ သေချာပေါက် အကျိုးသက်ရောက်မှု ရှိမှာပါ...။ ခင်ဗျား အလုပ်သာ ဆက်လုပ်ပါ...။ ကျွန်တော် ခင်ဗျားကို ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး...။ သွားလိုက်ပါဦးမယ် အထွေထွေမန်နေဂျာရွှီ...။”
ထိုသို့ ပြောရင်းဆိုရင်းပင် လျှိုချွမ်သည် ခပ်သုတ်သုတ် ပြေးထွက်သွားလေရာ ရွှီပေါ်အန်းအား သူ့ကို ဆွဲထားရန် အခွင့်အရေးပင် မပေးခဲ့ပေ။
ရွှီပေါ်အန်းက အကူအညီမဲ့စွာဖြင့် ခေါင်းခါလိုက်လေ၏။ ဤသည်မှာ ကမောက်ကမကိစ္စတစ်ခုပင် ဖြစ်လေသည်။
“ငါတို့ ငယ်ငယ်တုန်းကဆိုရင် လူတွေ အချင်းချင်း ပေးတဲ့ လက်ဆောင်တွေက ဆေးလိပ်၊ အရက်နဲ့ လက်ဖက်ရည်ထက် မပိုခဲ့ပါဘူး...။ အခုတော့ ကျန်းမာရေး ဖြည့်စွက်စာတွေတောင် ပေးလာကြပြီ ပဲ...။”
“အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး...။”
ရွှီပေါ်အန်းသည် ပုရွက်ဆိတ်အရက်အိုးကို သူ၏ စားပွဲအောက်တွင် ပေါ့ပေါ့ပါးပါးပင် ထားလိုက်ပြီး သူ့အတွက် လက်ဖက်ရည်တစ်အိုး ဖျော်ပြီးခါစမှာပင် ရုတ်တရက် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ ခဲ့လေသည်။
တံခါးခေါက်သံ သုံးချက်သည် စည်းချက်ကျကျ ထွက်ပေါ်လာပြီး သိပ်မကျယ်လွန်းသလို သိပ်လည်း မတိုးလွန်းပေ။ ထို့နောက် ညင်သာသော အသံတစ်ခု ထွက်ပေါ်လာလေ၏။
“ပေါ်အန်း... မင်း အထဲမှာ ရှိလား...။”
ရွှီပေါ်အန်း အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့လေသည်။ အသံမှာ ရင်းနှီးကျွမ်းဝင်မှု မရှိချေ။
သို့သော် တစ်ဖက်လူက သူ၏ နာမည်အပြည့်အစုံကို ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် ထိုအသံ ပိုင်ရှင်သည် သူ့ထက် အဆင့်အတန်းတူညီသူ သို့မဟုတ် အဆင့်အတန်း ပိုမြင့်သူ ဖြစ်နိုင်ချေများလေ သည်။
ရွှီပေါ်အန်း မတ်တတ်ရပ်ကာ လျှောက်သွားပြီး တံခါးကို ဖွင့်လိုက်လေ၏။ မည်သူဖြစ်သည်ကို မြင်လိုက်ရသောအခါ သူ အတော်လေး အံ့အားသင့်သွားခဲ့ရလေသည်။
ဤလူသည် အမည်ခံအားဖြင့် သူ၏ အထက်လူကြီး ဖြစ်နေလေသည်။
ရွှီကျန်းသည် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ လက်ရှိ အထွေထွေမန်နေဂျာပင် ဖြစ်လေ သည်။
သူသည် အနားယူတော့မည့်သူ ဖြစ်သော်လည်း အနည်းဆုံးတော့ လောလောဆယ်တွင် ဤနေရာရှိ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်နေဆဲပင်။
တစ်ဖက်လူ ပြုံးနေသည်ကို မြင်သောအခါ ရွှီပေါ်အန်းကလည်း ချက်ချင်းပင် မျက်နှာတွင် အပြုံး တစ်ခုကို ဖန်တီးလိုက်လေတော့၏။