← Chapters

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း ၁၄၅

Vol. 15 Ch. 145

အခန်း (၁၄၅)

မည်သူမည်ဝါဖြစ်ကြောင်း လျှို့ဝှက်ချက်

ရွှီပေါ်အန်းသည် သူကိုယ်သူ နတ်ဘုရားတစ်ပါးဟု ဘယ်သောအခါမှ မမှတ်ယူခဲ့ချေ။

အနည်းဆုံးတော့ သူ၏ ကိုယ်ပိုင်အမြင်တွင် သူ၏ လက်ရှိ စွမ်းရည်နှင့် ခွန်အားများအရ သူသိထား သော နတ်ဘုရားများနှင့် အလွန်တရာ ကွာဝေးနေသေးသည်ဟု ထင်မြင်မိလေ၏။

တောင်များကို မရွှေ့ပြောင်းနိုင်သလို ပင်လယ်များကိုလည်း မဖြည့်ဆည်းနိုင်ပေ။ အရာဝတ္ထုများကို အသွင်မပြောင်းနိုင်သည့်အပြင် မိမိတို့၏ စွမ်းဆောင်ရည်ထက် ကျော်လွန်သော မည်သည့်အရာကိုမျှ အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်း မရှိချေ။

ကျောက်ခဲကို ရွှေဖြစ်အောင် ဖန်တီးခြင်းဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့ အနောက်အရပ်မှ ဓားချက်တစ် ချက်တည်းဖြင့် ခုတ်ပိုင်းခြင်းဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ တစ်နေ့လျှင် မိုင်တစ်ထောင် ခရီးနှင်ခြင်း ဆိုသည်မှာလည်း အချည်းနှီးသော အိပ်မက်တစ်ခုသာ ဖြစ်လေ၏။

ရွှီပေါ်အန်းသည် သူ၏ ကိုယ်ပိုင်စွမ်းရည်များက အွန်လိုင်းဝတ္ထုများတွင် မကြာခဏ တွေ့ရလေ့ရှိသော 'ဆရာသခင် တောင်ပေါ်မှ ဆင်းသက်လာခြင်း' သို့မဟုတ် 'ကျင့်ကြံခြင်းမှ ပြန်လည်ရောက်ရှိလာခြင်း' စသည့် ခေတ်စားနေသော စကားလုံးများကို သုံးနှုန်းတတ်သည့် ဇာတ်လိုက်များ၏ စွမ်းရည်များကိုပင် မယှဉ်နိုင်ဟု ခံစားမိလေသည်။

ဤသည်မှာ မည်သို့သော နတ်ဘုရားမျိုး ဖြစ်နေပါသနည်း။

အကောင်းဆုံး ဆိုရလျှင် သူတို့သည် အခြားသူများကို ဖိနှိပ်နိုင်ပြီး အတိုင်းအတာတစ်ခုကို လျှော့ချကာ တိုက်ခိုက်နိုင်စွမ်းရှိသော ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသည့် မျိုးစိတ်တစ်ခုသာ ဖြစ်ပေလိမ့်မည်။

အမှန်တကယ်တော့ သူ အလွယ်တကူ သတ်ပစ်ခဲ့သော မြွေငယ်လေးသည်ပင် အခြေအနေကို ပြောင်း ပြန်လှန်ကာ သူ့ကို ပြန်လည် သတ်ဖြတ်သွားနိုင်လေ၏။

သို့သော် သေချာသည့် အချက်တစ်ချက်မှာ ရွှီပေါ်အန်းသည် လက်တွေ့ကမ္ဘာတွင် သာမန်လူ တစ်ယောက်သာ ဖြစ်နေခြင်းပင်။

သို့သော်လည်း ဘွန်ဆိုင်းကမ္ဘာထဲတွင်မူ တောင်စောင့်နတ်မင်းကြီး၏ အမွေအနှစ်များကို အားထားခြင်း ဖြင့် ရွှီပေါ်အန်းအတွက် တောက်ပသော အနာဂတ်တစ်ခု ရှိနေသေးပေသည်။

သို့ဖြစ်၍ သူ၏ ပင်မကိုယ်ခန္ဓာကို ပြန်လည် အထောက်အကူပြုမည့် 'ရွှေလက်ချောင်း' စွမ်းရည်မျိုးကို ရရှိရန် ဖြစ်နိုင်ခြေ ရှိနေလေသည်။

ဤအရာများအားလုံးကို တွေးတောရင်း ရွှီပေါ်အန်းသည် အတော်လေး စိတ်တည်ငြိမ်သွားကာ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျသွားလေတော့သည်။

ဤတစ်ကြိမ်တွင် ရွှီပေါ်အန်းသည် အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေ၏။

ဘွန်ဆိုင်းကမ္ဘာထဲတွင်မူ လီခန့်ရှန်း၊ လီဝူးဖူနှင့် အခြားသူများမှာ မည်သို့ပင် ကြိုးစားစေကာမူ အိပ်မ ပျော်နိုင်ဘဲ ဖြစ်နေကြလေသည်။

လီခန့်ရှန်းသည် တောင်စောင့်နတ်မင်းကြီး ညွှန်ကြားထားသော အမျိုးသမီး ပေါ်လာမည့်အချိန်ကို နံရံလှေကားအောက်ခြေမှ စောင့်ဆိုင်းနေခဲ့၏။

အချိန်အတန်ကြာသည်အထိ မည်သူမျှ ဆင်းမလာခဲ့ချေ။

လီခန့်ရှန်းမှာ နားမလည်နိုင်အောင် ဖြစ်သွားသဖြင့် လူအနည်းငယ်ကို စုရုံးကာ အတူတကွ တက်ရောက် ရှာဖွေလေတော့သည်။

ဤရှာဖွေမှုသည် အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှပေသည်။

တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ချန်ရှီရှီသည် တိုင်တစ်တိုင်ကို မှီကာ အိပ်ပျော်နေလေခဲ့သည်။

ချန်ရှီရှီ၏ အသွင်အပြင်ကြောင့် လူတိုင်း အံ့အားသင့်သွားကြလေသည်။

ဖြူဖွေးသော အသားအရေ၊ သိမ်မွေ့လှပသော မျက်နှာသွင်ပြင်၊ သွယ်လျသော ကိုယ်ခန္ဓာနှင့် နှင်းပွင့် ကဲ့သို့ ဖြူစင်သော ဝတ်စုံတို့က သူမကို ဤလောကနှင့် မသက်ဆိုင်သူအလား ထင်မှတ်သွားစေခဲ့လေ ၏။

ဤမျှ လှပတင့်တယ်မှုကို လူ့လောကတွင် မြင်တွေ့ရခဲလှပေသည်။

သူမသည် တောင်စောင့်နတ်မင်းကြီးက နတ်ပြည်မှ ခေါ်ဆောင်လာသော နတ်သမီးလေးတစ်ပါး ဖြစ်နေ မည်လား။

တောင်စောင့်နတ်မင်းကြီး ပြောပြထားသော မိန်းကလေးကို ရှာဖွေရမည် ဖြစ်သောကြောင့် လီခန့်ရှန်း သည် ဝမ်ကွေ့ဖန်းကို အထူးတလည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ အမျိုးသမီးများ ပါဝင်ခြင်းက တစ်ခါတစ်ရံတွင် အဆင်မပြေမှုများကို ရှောင်ရှားနိုင်ရန် ကူညီပေးနိုင်သည် မဟုတ်ပါလား။

ချန်ရှီရှီ၏ အသွင်အပြင်ကို ကြည့်ရင်း ဝမ်ကွေ့ဖန်းသည် မနေနိုင်တော့ဘဲ စကားဆိုလိုက်လေ၏။

“ရွာလူကြီး...၊ ဒီမိန်းကလေးက နတ်သမီးလေးတစ်ပါးများလား...။ ကျွန်မ ဘဝတစ်ဝက်လောက် နေလာ ခဲ့ပေမယ့် ဒီလောက်လှတဲ့ မိန်းကလေးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး...။”

သူမနှင့်အတူ လိုက်ပါလာသော အခြား အမျိုးသားတစ်ဦးကလည်း ထောက်ခံလိုက်လေသည်။

“ဟုတ်ပါတယ် အဒေါ်...။ အရင်က ကျွန်တော် ခရိုင်မြို့မှာ အလုပ်လုပ်တုန်းက ရှန်းယန်ခရိုင်ရဲ့ အလှ မယ်စာရင်းမှာ ပါတယ်ဆိုတဲ့ အလှမယ်တချို့ကို မြင်ဖူးခဲ့ပါတယ်...။ အခု ကျွန်တော်တို့ ရှေ့က မိန်းကလေးနဲ့ ယှဉ်လိုက်ရင်...၊ ဟင့်အင်း လုံးဝကို ယှဉ်လို့မရတာပါပဲ...။”

ဝမ်ကွေ့ဖန်းသည် ထိုလူငယ်ကို မျက်စောင်းထိုးလိုက်ပြီး ပြန်ပြောလိုက်လေ၏။

“ရွှမ်ကျုး မင်းလို ကောင်ဆိုးလေးက အိမ်ထောင်ကျပြီးရင် အတည်တကျနဲ့ ကောင်းကောင်းမွန်မွန် နေသင့်တယ်...။ မင်း အပြင်မှာ ထပ်ပြီး သဝေထိုးနေတာကို မင်းမိဘတွေသာ သိသွားရင်တော့ မင်း အသေအလဲ အရိုက်ခံရတော့မှာပဲ...။”

ရွှမ်ကျုးသည် ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး ဖြေရှင်းလေသည်။

“ကျွန်တော် ဘာမှ မလုပ်ပါဘူး အဒေါ်ရဲ့...။ အဒေါ် အထင်လွဲနေပါပြီ...။ ကျွန်တော်က မီးပုံးပွဲတော်မှာ ပျော်ပွဲရွှင်ပွဲ ဝင်ဆင်နွှဲရင်းနဲ့ မြင်ခဲ့ရုံလေးပါ...။ အစ်ကိုချင်းကျန်းက အရင်က မြို့မှာ နေဖူးတော့ မီးပုံးပွဲ တော်အကြောင်း ကြားဖူးမှာပေါ့...။ ဟုတ်တယ်မဟုတ်လား ချင်းကျန်း...။”

သူနှင့်အတူ လိုက်ပါလာသော လီချင်းကျန်းသည် မျက်နှာ အနည်းငယ် နီမြန်းသွားကာ ခေါင်းခါပြလိုက် ပြီး တိတ်ဆိတ်နေခဲ့လေ၏။

လီခန့်ရှန်းက လက်ကာပြလိုက်ပြီး တိုးညင်းစွာ ပြောလိုက်လေသည်။

“ကဲပါ အဓိပ္ပာယ်မရှိတာတွေ ပြောမနေကြနဲ့တော့...။ ဒီမိန်းကလေးကို ဘယ်လို နိုးရမလဲဆိုတာ မြန်မြန် စဉ်းစားကြစမ်းပါ...။ သူမ ဒီလို ဆက်အိပ်နေရင် အအေးမိသွားလိမ့်မယ်...။”

ရွှမ်ကျုးက တခစ်ခစ် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

“ကျွန်တော် အရင်သွားနိုးလိုက်မယ်...။”

ပြောရင်းဆိုရင်းပင် သူသည် ရှေ့သို့ တိုးသွားရန် ပြင်လိုက်လေသည်။

ရွှမ်ကျုး၏ ဘေးတွင် ရပ်နေသော လီချင်းကျန်းက သူ့ကို ဆွဲဖမ်းလိုက်ပြီး တီးတိုး ပြောလိုက်လေ၏။

“ခဏလေး နေပါဦး...။”

ထို့နောက် သူက လီခန့်ရှန်းဘက်သို့ လှည့်ကြည့်ကာ ဆက်ပြောလိုက်လေသည်။

“ရွာလူကြီး... ဒီမိန်းကလေးက တစ်ခုခုတော့ ပုံမှန်မဟုတ်ဘူး...။”

လီခန့်ရှန်း ပြန်မပြောရသေးမီမှာပင် ရွှမ်ကျုးက မနေနိုင်ဘဲ ဝင်မေးလိုက်လေ၏။

“တစ်ခုခု ပုံမှန်မဟုတ်ဘူး ဟုတ်လား...။”

လီခန့်ရှန်းသည် ရွှမ်ကျုးကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး မကျေမနပ်ဖြင့် မာန်မဲလိုက်လေသည်။

“မင်း ပါးစပ်ပိတ်ထားစမ်း...။ မင်းကို ဒီအပေါ် ခေါ်မလာသင့်ဘူးဆိုတာ ငါသိသားပဲ...။”

ရွှမ်ကျုးမှာ တခစ်ခစ် ရယ်မောလိုက်ပြီးနောက် ဆက်မပြောတော့ချေ။

လီချင်းကျန်းက အခြေအနေကို သုံးသပ်လိုက်လေ၏။

“ကျွန်တော့် အမြင်အရ သာမန်လူတွေ ဒီတောင်စောင့်နတ်မင်း နတ်ကွန်းကို လာဖို့ လမ်းတစ်လမ်း တည်းပဲ ရှိတယ်...။ အဲဒီလမ်းက တောင်ခြေမှာရှိတဲ့ ကျွန်တော်တို့ရဲ့ တဲအိမ်တွေကို ဖြတ်သွားရမှာ အသေအချာပဲ….။”

“ယုတ္တိတန်တန် စဉ်းစားကြည့်ရင် ဒီလို မိန်းကလေးမျိုး ပေါ်လာတာဟာ မီတာအနည်း ငယ် အကွာမှာ ကင်းစောင့်နေတဲ့ ခွန်အားကြီးတဲ့ အမျိုးသားတွေကနေစပြီး ကျွန်တော်တို့ ရွာက ယောက်ျား မိန်းမ ကလေးသူငယ်တွေ အားလုံးကိုပါ အံ့အားသင့်သွားစေမှာ သေချာတယ်...။”

“ဒါပေမဲ့ စဉ်းစားကြည့်ကြပါ...။ မကြာသေးခင်က ဒီမိန်းကလေးကို ခင်ဗျားတို့ မြင်ဖူးကြသလား...။ ဒါမှမဟုတ် သူမနဲ့ပတ်သက်ပြီး တစ်ခုခုများ ကြားဖူးခဲ့ကြသလား...။”

လီခန့်ရှန်းသည် လေးနက်သော မျက်နှာအမူအရာဖြင့် ခေါင်းခါပြလိုက်လေသည်။

အခြားသူများကလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ထိုကဲ့သို့သော ကိစ္စမျိုးကို တစ်ခါမှ မကြားဖူး မမြင်ဖူးခဲ့ကြောင်း ပြောဆိုကြလေ၏။

လီချင်းကျန်း တစ်စုံတစ်ရာ ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် ဝမ်ကွေ့ဖန်း၏ အံ့အားသင့်စွာ ရေရွတ်လိုက်သံကို ကြားလိုက်ရလေသည်။

“ငါသိပြီ... ဒီမိန်းကလေးက နတ်သမီးလေး ဖြစ်ရမယ်...။ ဒါမှမဟုတ်ရင် သွားစရာ နေရာမရှိတဲ့ သူမက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင်မှာလဲ...။”

လီချင်းကျန်းက ခေါင်းခါပြလိုက်ပြီး ပြန်လည် ဖြေရှင်းလိုက်လေ၏။

“အဲဒီလို ဖြစ်ချင်မှလည်း ဖြစ်မှာပါ...။ တကယ်လို့ သူမက တောင်စောင့်နတ်မင်းကြီးလို နတ်ဘုရား တစ်ပါး ဖြစ်နေမယ်ဆိုရင် တောင်စောင့်နတ်မင်းကြီးက သူမကို ကျွန်တော်တို့နယ်မြေမှာ နေရာချထား ပေးဖို့ လုံးဝ လိုအပ်မှာ မဟုတ်ဘူး...။”

ဝမ်ကွေ့ဖန်းသည် နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီး ထောက်ခံလေသည်။

“အင်း... ယုတ္တိရှိသားပဲ...။”

ရွှမ်ကျုးက မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ပြန်လေ၏။

“ဘာတွေဖြစ်နေတာလဲ...။ သွယ်ဝိုက်မနေဘဲ မြန်မြန် ပြောစမ်းပါဗျာ...။”

လီချင်းကျန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။

“အဒေါ်ကွေ့ဖန်း ပြောသလိုပဲ သူမက ဒီနေရာကို အလိုလို ရောက်လာတာမျိုး မဖြစ်နိုင်ဘူး...။ တောင် စောင့်နတ်မင်းကြီး ကိုယ်တိုင် ခေါ်လာခဲ့တာလို့ ကျွန်တော် လောင်းရဲတယ်...။ တကယ်လို့များ အဲဒီလို သာဆိုရင် နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တဲ့ ဒဏ္ဍာရီပုံပြင်တွေအရ သူမက တောင်စောင့် နတ်မင်းကြီး ရွေးချယ်ထားတဲ့ သန့်စင်သောသမီးတော် ဖြစ်ဖို့ ပိုများတယ်...။”

“သန့်စင်သောသမီးတော်...၊ အဲဒါက ဘာကြီးလဲ...။”

“ဒဏ္ဍာရီတွေအရ နတ်ဘုရားတွေဟာ သာမန်လူတွေကြားမှာ လျှောက်သွားဖို့ ဝန်လေးကြပေမယ့် သာမန်လူတွေနဲ့ ဆက်သွယ်ဖို့ လိုအပ်တဲ့ ကိစ္စရပ်တချို့တော့ ရှိတတ်တယ်တဲ့...။ ဒါကြောင့် နတ်ဘုရားတွေဟာ သူတို့နဲ့ သာမန်လူတွေကြားမှာ ကြားခံအဖြစ် ဆောင်ရွက်ပေးဖို့ ကံကြမ္မာ အထောက်အပံ့ကြီးမားသူတွေကို ရွေးချယ်တတ်ကြတယ်...။ အဲဒီလို လူတွေကို သန့်စင်သော သားတော်နဲ့ သန့်စင်သောသမီးတော်တွေလို့ ခေါ်လေ့ရှိတယ်...။”

ရွှမ်ကျုး၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။

“ဟာ... သန့်စင်သောသားတော်လည်း ရှိတာပေါ့နော်...။ တကယ်လို့ အဲဒီလိုဆိုရင်တော့ ချိန်းရှီက သန့်စင်သောသားတော်နဲ့ တော်တော်လေး တူတယ်လို့ ထင်တယ်...။ ဒီနေရာကို ရှာတွေ့ခဲ့တာရော တောင်စောင့်နတ်မင်းကြီးရဲ့ အသိအမှတ်ပြုတာကို ခံရတာရောက ချိန်းရှီပဲလို့ ကျွန်တော့်အမေ ပြောတာကို ကြားဖူးတယ်...။”

လီချင်းကျန်းသည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး အနည်းငယ် ထူးဆန်းသော လေသံဖြင့် ပြောလိုက်လေသည်။

“ယုတ္တိရှိသားပဲ...၊ မင်းပြောမှပဲ အဲဒီလိုမျိုးနဲ့ နည်းနည်း တူနေသလိုပဲ...။”

ဆွေးနွေးတိုင်ပင်ပြီးနောက် အဖွဲ့သားများသည် သူမ၏ အနားယူခြင်းကို မနှောင့်ယှက်လိုသဖြင့် ချန်ရှီရှီကို ထပ်မနိုးရန် ဆုံးဖြတ်လိုက်ကြလေ၏။

အဖွဲ့သားများသည် ခြံဝင်းအပြင်ဘက်တွင် ယာယီ အနားယူနေကြပြီး ဝမ်ကွေ့ဖန်းမှာမူ ချန်ရှီရှီနှင့်အတူ အနားယူရန် ခန်းမထဲတွင် ကျန်ရစ်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ ရာသီဥတုက မအေးသလို လေတိုက်ခြင်း မိုးရွာခြင်းများလည်း မရှိသဖြင့် ဖျားနာ မည်ကို စိုးရိမ်စရာ မလိုပေ။

တစ်ချိန်တည်းမှာပင် တောင်ခြေ၌။

လီဝူးဖူနှင့် ယွီတောက်ချွမ်တို့သည် ကမ်းပါးယံအောက်ခြေရှိ ရေတိမ်သော ဂူတစ်ခုထဲတွင် ရှိနေကြပြီး သူတို့နှစ်ဦးကြားတွင် မီးပုံတစ်ခု လောင်ကျွမ်းနေကာ မီးတောက်များမှတစ်ဆင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြလေ၏။

“ဆရာသခင်... ကျွန်တော် ဆရာ့ကို ရှာနေခဲ့တာ တော်တော်ကြာပြီ...။”

ယွီတောက်ချွမ်သည် လီဝူးဖူကို စိုက်ကြည့်နေပြီး လီဝူးဖူ၏ မျက်နှာပေါ်ရှိ အရုပ်ဆိုးသော အမာရွတ် များကို ကြည့်ကာ သူ၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေခဲ့လေသည်။

လီဝူးဖူက ယွီတောက်ချွမ်ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ခပ်အေးအေးပင် ပြောလိုက်လေ၏။

“ရှာစရာ ဘာအကြောင်းရှိလို့လဲ...။ ငါတို့ရဲ့ ပတ်သက်မှုက လုံးဝ ပြတ်စဲသွားပြီလို့ ငါပြောခဲ့ပြီးပြီ မဟုတ်ဘူးလား...။ ဆရာတပည့် သံယောဇဉ်ဆိုတာ မရှိတော့ဘူး...။”

ယွီတောက်ချွမ်သည် ခါးသက်သက် အပြုံးဖြင့် ခေါင်းခါပြလိုက်ပြီး မေးလိုက်လေသည်။

“ဆရာသခင်... နှစ်တွေ အများကြီး ကြာခဲ့ပြီကို ဆရာ ကျွန်တော့်ကို စိတ်ဆိုးနေတုန်းပဲလား...။”

မြက်ပင်တစ်ပင်ကို သွားကြားတွင် ကိုက်ထားသော လီဝူးဖူသည် ထိုစကားကို ကြားသောအခါ အားပါး တရ ထွေးထုတ်လိုက်ပြီး အေးစက်စွာ ဆိုလေ၏။

“ဟက်...၊ ဘာကို စိတ်ဆိုးရမှာလဲ...။ မက်မွန်ပင်နဲ့ မက်မန်းပင်တွေက နေရာတိုင်းမှာ ရှိပေမယ့် ခါးသက် တဲ့ ဘူးခါးသီးတွေကတော့ အိမ်မှာပဲ ပေါက်တတ်တယ်တဲ့...။ ဒါတွေ အားလုံးက ကံကြမ္မာပဲ...။ ဖြစ်လာ ဖို့ ဖန်လာတဲ့ အရာတွေက ဖြစ်လာမှာပဲ...။ ငါ ဒါတွေကို လက်ခံနိုင်ခဲ့တာ ကြာပါပြီ...။”

ယွီတောက်ချွမ်သည် လက်လှမ်း၍ သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်ပြီး မီးပုံထဲသို့ ထိုးမွှေ လိုက်ရာ မီးတောက်များ လေထဲသို့ ထိုးတက်သွားစဉ် သူက စကားပြောလေသည်။

“ဆရာသခင်... ကျွန်တော်က အဲဒီ ဘူးခါးသီး မဟုတ်ပါဘူး..။. အဲဒီအချိန်တုန်းက ဆရာ့ဆီကနေ ကျွန်တော့် ရဲ့ မည်သူမည်ဝါဖြစ်ကြောင်း လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါ ဘူး...။ ကျွန်တော့်မှာ ကိုယ်ပိုင် အကြောင်းပြချက်တွေ ရှိခဲ့လို့ပါ...။”

“စဉ်းစားကြည့်ပါဦး...၊ တကယ်လို့ အင်ပါယာနန်းတော်က ဆရာနဲ့ ချင်းရုံဂိုဏ်း အဆက်အသွယ် ရှိတာ ကို သိသွားရင် ဆရာ့အတွက် သေဒဏ် ကျခံရလိမ့်မယ်...။”

လီဝူးဖူက ယွီတောက်ချွမ်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်လေ၏။

“ဟွန့်... မင်းသာ အစကတည်းက ငါ့ကို ရိုးရိုးသားသားနဲ့ မင်းဘယ်သူလဲဆိုတာ ပြောပြခဲ့ရင် ငါက မင်းကို အာရုံစိုက်မယ်လို့ ထင်နေသလား...။ ငါက မင်းကို တပည့်အဖြစ် လက်ခံပါ့မလား...။ ဒီလိုမျိုး သာ မဖြစ်ခဲ့ဘူးဆိုရင် ငါက ချင်းရုံဂိုဏ်းနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ စွဲချက်အတွက် ဘာလို့ စိုးရိမ်နေ ရမှာလဲ...။”

ယွီတောက်ချွမ်က သက်ပြင်းချလိုက်ပြီး နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ကာ ပြောလေသည်။

“ဝူးဖူ... ဝူးဖူ...၊ ဆရာသခင်...။ အဲဒီတုန်းက မြောက်ပိုင်းတောရိုင်းနယ်မြေမှာ ဘာတွေဖြစ်ခဲ့တယ် ဆိုတာ ဆရာ သိပါတယ်...။ ဘယ်သူမှ သူတို့ရဲ့ အစစ်အမှန် သရုပ်ကို မဖော်ထုတ်ရဲခဲ့ကြဘူး...။ ဆရာတောင်မှ ဖုံးကွယ်ထားခဲ့သေးတာပဲ...၊ ဆရာက ဘာလို့ ဆရာ့တပည့်ကို ဒီလောက်တောင် ဖိအား ပေးနေရတာလဲ...။”

လီဝူးဖူသည် လိုဏ်ဂူအပြင်ဘက် မိုးကုပ်စက်ဝိုင်းရှိ လင်းလက်နေသော လရောင်ကို ကြည့်ရင်း သက်ပြင်း ချလိုက်ပြီး ပြောလိုက်လေ၏။

“အင်း... မင်းပြောတာ မှန်ပါတယ်...။ ဒါကြောင့် ငါတို့ကြားမှာ ပြောစရာ ဘာမှမရှိတော့ဘူးလို့ ငါထင် တယ်...။ မင်းလမ်း မင်းသွား ငါ့လမ်း ငါသွားမယ်...။ ငါလည်း ဒီအရွယ်ရောက်နေပြီဆိုတော့ နေရမယ့် ရက်တွေက ရေတွက်လို့ရနေပါပြီ...။ ဒီလိုမျိုးပဲ ငါ့ရဲ့ မူလနေရာကို ပြန်သွားပြီး ဘဝကို အဆုံးသတ် လိုက်တာက ပိုကောင်းပါတယ်...။”

ယွီတောက်ချွမ်က ခေါင်းခါပြလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေ ခဲ့လေသည်။

“ဆရာသခင်...၊ ဒီကျယ်ဝန်းလှတဲ့ လောကကြီးမှာ ကျွန်တော့်အတွက် နေရာမရှိတော့ပါဘူး...။ ကျွန်တော့် အတွက် ဖြောင့်မတ်တဲ့လမ်းစဉ်ဆိုတာ မရှိတော့ဘဲ ငရဲတံခါးပဲ ကျန်ပါတော့တယ်...။ ဆရာ သဘောမတူဘူးဆိုရင်တောင် ဆရာ့တပည့် ယွီတောက်ချွမ်က နောက်ဆုံးအချိန်အထိ ဆရာ့အနားမှာ အဖော်ပြုပေးပြီး ဆရာ့ကို လိုက်ပို့ပေးချင်ပါတယ်...။ အဟွတ် အဟွတ် အဟွတ်...။”

ပြင်းထန်စွာ ချောင်းဆိုးပြီးနောက် ယွီတောက်ချွမ်၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာတစ်ခု ပေါ်လာပြီး သူက ဆက်ပြောလိုက်လေ၏။

“တချို့တစ်လေတော့လည်း...၊ ကျွန်တော် အရင် သွားရလိမ့်မယ်...။”

လီဝူးဖူသည် ယွီတောက်ချွမ်ကို မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ပြီး ပြန်ပြောလေသည်။

“မင်း အခု ဘာလုပ်ဖို့ ကြံနေတယ်ဆိုတာ ငါ ကောင်းကောင်းသိတယ်...။ မင်းက ကောက်ကျစ်စဉ်းလဲ မှုတွေနဲ့ ပြည့်နှက်နေတာပဲ...။ မင်း ငါ့ကို ထပ်ပြီး တွယ်ကပ်နေဖို့ ကြိုးစားနေတာတော့ မဟုတ်ပါဘူး နော်...။ မင်းကို ငါပြောထားမယ်...၊ အခု ငါက အရမ်းကို သက်သောင့်သက်သာရှိတဲ့ အငြိမ်းစားဘဝကို ဖြတ်သန်းနေတာ...။ ငါ့ဆီက ဘာကိုမှ မမျှော်လင့်နဲ့...။”

ယွီတောက်ချွမ်သည် မျက်လုံးများကို အတန်ကြာ မှိတ်ထားလိုက်ပြီးနောက် ဖြည်းညင်းစွာ ပြန်ဖွင့်လိုက် လေ၏။ သူ၏ ချောင်းဆိုးခြင်းများ ခေတ္တမျှ ငြိမ်ကျသွားပြီးနောက် နောင်တရစွာဖြင့် ပြောလိုက်လေ သည်။

“ချင်းရုံဂိုဏ်းက အရင်ခေတ်က ချင်းရုံဂိုဏ်း မဟုတ်တော့ပါဘူး...။ ပိုင်မြန့်ဂိုဏ်းက ပိုဆိုးသေးတယ်...။ အခု ကျွန်တော်က နန်းတော်ရဲ့ အမြင်မှာ သစ္စာဖောက်တစ်ယောက် ဖြစ်နေသလို ချင်းရုံဂိုဏ်းဝင်တွေရဲ့ အမြင်မှာလည်း သစ္စာဖောက်တစ်ယောက် ဖြစ်နေပြီ...။ အိမ်ကိုလည်း ပြန်လို့မရသလို ဆွေမျိုးတွေကို လည်း အသိအမှတ်ပြုလို့ မရတော့ဘူး...။ အခုဆိုရင် အရှက်တကွဲနဲ့ အသက်ရှင်နေရတာကလွဲပြီး ဘာ မှ မရှိတော့ပါဘူး...။”

လီဝူးဖူက နှုတ်ခမ်းကို တွန့်လိုက်ပြီး ကြီးမားသော သံသယဖြင့် ပြန်ပြောလေ၏။

“ဟက်... မင်းက တစ်ချိန်တည်းက ချင်းရုံဂိုဏ်းရဲ့ မဟာသခင်ကြီး လေးပါးထဲက တစ်ယောက်ဖြစ်ခဲ့ပြီး သခင်ကြီးသုံးပါးပြီးရင် ဩဇာအာဏာ အကြီးမားဆုံး ပုဂ္ဂိုလ်ပဲ...။ မင်းက မြောက်ပိုင်းတောရိုင်းနယ်မြေ မှာ ထွန်းတောက်လာတဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး လူတိုင်းက လေးစားရတဲ့ ပါရမီရှင် သားရဲယဉ်ပါးသူ တစ်ယောက်ဖြစ်တဲ့အပြင် သားရဲတွေကလည်း မင်းဆီကို စုရုံးလာကြတယ်...။”

“ဒီအချက်တွေထဲက ဘယ်အချက်က မင်းကို သက်သောင့်သက်သာနဲ့ ချမ်းသာတဲ့ ဘဝကို မပေးနိုင်ဘူး လဲ...။ အခုတော့ သွားစရာ နေရာမရှိတော့ဘူးလို့ မင်းက ငါ့ကို လာပြောနေတာလား...၊ ငါက ယုံမယ်လို့ ထင်နေသလား...။”

ယွီတောက်ချွမ်က ခေါင်းခါပြလိုက်ပြီး မတ်တတ်ရပ်ကာ ပြောလေသည်။

“ဆရာသခင်... ဆရာ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ဒါတွေက အမှန်တရားတွေပါပဲ...။ ဆရာ့ကို သနားအောင်လို့ ကျွန်တော် ခုလို ပြောနေတာ မဟုတ်ပါဘူး...။ ဆရာ့အပေါ်မှာ ရိုးသားချင်လို့ပါ...။ အဲဒီတုန်းက ဆရာပြောခဲ့တာတွေ မှန်ပြီး ကျွန်တော် မိုက်မဲခဲ့တယ်ဆိုတာကိုလည်း ဆရာ့ကို ပြောပြချင် လို့ပါ...။ ဒါက ဆရာ့ကို ပိုပြီး စိတ်သက်သာရာ ရစေကောင်း ရစေပါလိမ့်မယ်...။ အချိန်လည်း လင့်နေ ပြီဆိုတော့ ဆရာ အနားယူသင့်ပါပြီ...။”

ထိုသို့ပြောပြီးနောက် ယွီတောက်ချွမ်သည် ဖြည်းညင်းစွာ လှည့်၍ အပြင်သို့ ထွက်ခွါသွားလေတော့ သည်။

ခြေလှမ်း အနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် သူ၏ အနောက်မှ သက်ပြင်းချသံကို ကြားလိုက်ရပြီး အထီးကျန်ဆန်သော အကြံပေးစကား တစ်ခွန်း ထွက်ပေါ်လာလေ၏။

“ဖျားနာနေရင် ကုသမှု ခံယူရမယ်...။ ငါ့ဆီမှာ တောင်စောင့်နတ်မင်းကြီး ကောင်းချီးပေးထားတဲ့ အံ့ဖွယ် ဆေးတချို့ ရှိတယ်...။ မင်း စမ်းကြည့်လို့ရတယ်...။”

စကားပြောနေစဉ်မှာပင် ဆေးထုပ်တစ်ထုပ်သည် ယွီတောက်ချွမ်၏ ခြေရင်းသို့ ကျရောက်လာခဲ့ လေသည်။

ယွီတောက်ချွမ်သည် ပြုံးလိုက်ပြီး ဆေးထုပ်ကို ကောက်ယူကာ လီဝူးဖူကို ဝှေ့ယမ်းပြလိုက်ပြီးနောက် ထွက်ခွာသွားလေတော့၏။

...

ထိုညတွင် ရွှီပေါ်အန်းသည် ညလယ်ခေါင်၌ တစ်ရေးမှ မနိုးဘဲ မိုးလင်းသည်အထိ အလွန် နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။

မနက်စောစောတွင် သူသည် လန်းဆန်းတက်ကြွကာ ခွန်အားများ ပြည့်ဝနေသည်ဟု ခံစားရလေ၏။

အောက်သို့ ငုံ့ကြည့်လိုက်ပြီးနောက် ရွှီပေါ်အန်းသည် ခေါင်းကို ခါယမ်းလိုက်၏။ ဤသို့ ခံစားရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ပေသည်။

*ငယ်ရွယ်နုပျိုနေခြင်းက အံ့ဩစရာကောင်းလှပါတကား...။*

သူ ထ၍ အတွင်းခံကို လျှော်ရန် ပြင်လိုက်စဉ်မှာပင် ရွှီပေါ်အန်းသည် သက်သောင့်သက်သာရှိသော လှိုင်းလုံးတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရပြီးနောက် အမွှေးတိုင် ပူဇော်မှု စွမ်းအားများ ရုတ် တရက် တိုးပွားလာလေတော့သည်။

နောက်ထပ် အမျှင်ရှစ်ခု ရောက်ရှိလာခဲ့ပြန်လေပြီ။

*အို... ဒီခံစားချက်က အမှန်တကယ်ကို ကောင်းမွန်လှပါလား...။*

All Chapters