အခန်း ၁၅၀
Vol. 15 Ch. 150
အခန်း (၁၅၀)
ခိုလှုံခွင့်ပေးခြင်း
အကယ်၍ ပြဿနာအမှန်တကယ် ပေါ်လာပါက ခေါင်ရှန်းရွာရှိ လူဒါဇင်ပေါင်းများစွာနှင့် ဤဓားပြများ ကို ပေါင်းလိုက်လျှင်ပင် ဆာလောင်မွတ်သိပ်နေသော ဤဒုက္ခသည်များကို ရင်ဆိုင်နိုင်ရန် ခက်ခဲပေ လိမ့်မည်။
မည်သည့်ခေတ်တွင်မဆို ခေါင်းမာသူတို့က ရက်စက်သူတို့ကို ကြောက်ရပြီး ရက်စက်သူတို့က အသက်မငဲ့သူတို့ကို ကြောက်ကြရစမြဲ ဖြစ်လေ၏။
ဆာလောင်မွတ်သိပ်နေချိန်တွင် ဓားပြများသာမက ကောင်းကင်ဘုံရှင်မင်းမြတ်ကိုပင် ကိုက်ဖြတ်စား သောက်ရန် ဝန်လေးကြမည် မဟုတ်ပေ။
ကြီးမားသော အုံကြွမှုကြီး မရှိလျှင်တောင်မှ လူယုတ်မာအချို့ သွေးထိုးလှုံ့ဆော်မှုကြောင့် အသေးစား တိုက်ပွဲလေးတစ်ခု ဖြစ်ပွားခဲ့လျှင်ပင် ခေါင်ရှန်းရွာသာ နစ်နာရမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဆုံးရှုံးစရာ ဘာမှမရှိသူတို့သည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ကြမည် မဟုတ်ပေ။
ထို့ကြောင့် လီခန့်ရှန်းက ဤနည်းလမ်းကို အဆိုပြုခဲ့ခြင်း ဖြစ်လေသည်။
လူများ တစ်နေရာတည်းတွင် စုမနေပါက စီမံအုပ်ချုပ်ရန် ပိုမိုလွယ်ကူပေလိမ့်မည်။
ဒုတိယအချက်အနေဖြင့် တူလို မြေနံရံအိမ်ရာများနှင့် ဝေးဝေးနေသမျှ ကာလပတ်လုံး ရွာထဲတွင် အစားအစာ ရှာတွေ့နိုင်မည် မဟုတ်သဖြင့် ရွာသည်လည်း နှိုင်းယှဉ်ချက်အားဖြင့် ပိုမို ဘေးကင်း လုံခြုံနေမည် ဖြစ်လေ၏။
မကြာမီ အချိန်တိုအတွင်း ဆွေးနွေးပြီးနောက် လူများကို မြို့ရိုးအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ခွင့်ပြုလိုက်လေသည်။
ကျိုးရှန်းရှန်းနှင့် သူ၏အဖွဲ့ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူတို့သည် လီခန့်ရှန်း၏ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်ပြီး ပြုံးလျက် ညင်သာသောအသံဖြင့် ပြောလိုက်လေ၏။
"ရွာလူကြီးလီ...၊ ခင်ဗျားကို တစ်ခဏလောက် အနှောင့်အယှက်ပေးရတဲ့အတွက် တကယ်ပဲ အားနာမိပါ တယ်...။ ကျွန်တော်တို့က လူဒါဇင်ပေါင်းများစွာ ပါတဲ့အဖွဲ့ဆိုတော့ မြို့ထဲမှာ ဆက်နေဖို့ တကယ်ကို အဆင်မပြေတော့လို့ပါ...။"
သူသည် အခြားသူများနှင့်မတူဘဲ ခေါင်ရှန်းရွာ၏ ဘေးကင်းလုံခြုံမှုနှင့် ကြီးပွားတိုးတက်မှုတို့သည် တောင်စောင့်နတ်မင်း၏ စောင့်ရှောက်မှုကြောင့် ဖြစ်ကြောင်းကို အဓိက သိရှိထားလေသည်။
ထို့ကြောင့် သူသည် တောရိုင်းလူသားတစ်ယောက်ကဲ့သို့ နေထိုင်ရန် တောင်ပေါ်သို့ တက်ရန် ဘယ် သောအခါမှ မရည်ရွယ်ခဲ့ဘဲ တောင်ပေါ်ရွာလေးတစ်ရွာတွင် ခိုလှုံရန်သာ အလိုရှိခဲ့ခြင်း ဖြစ်ပေသည်။
လီလောင်ဆန်းနှင့် သူ၏ ပတ်သက်မှုအပြင် သူ၏မြေးဖြစ်သူက စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ သမီးပျိုလေးကို သဘောကျနေသည်ဟူသော အချက်များကြောင့် လီခန့်ရှန်းသည် သဘာဝကျစွာပင် ငြင်းဆန်နိုင်ခဲ့ခြင်း မရှိပေ။
သူတို့သည် ရင်းနှီးပြီးသားသူများ ဖြစ်သဖြင့် လီခန့်ရှန်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ပြော လိုက်လေ၏။
"ခင်ဗျားရဲ့ မိသားစုကို ခဏလောက် ဘေးမှာ စောင့်ခိုင်းထားလိုက်ပါ…။ ခဏနေရင် ကျွန်တော်တို့ အတူတူ ပြန်ကြတာပေါ့...။"
လူအများအပြား ဖြတ်သန်းသွားလာနေသဖြင့် လီခန့်ရှန်းသည် သူ၏လုပ်ရပ်များကို အလွန်အမင်း ထင်သာမြင်သာဖြစ်အောင် မလုပ်ဆောင်ဝံ့ချေ။
ဤသည်မှာ လုံးဝ ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သော်လည်း တစ်စုံတစ်ယောက်က ထွက်လာပြီး သူ့အား ကိုယ်ကျိုးအတွက် အာဏာအလွဲသုံးစားလုပ်သည်ဟု စွပ်စွဲလာမည်ကို သူ အမြဲတစေ စိုးရိမ်နေခဲ့ လေသည်။
ကျိုးရှန်းရှန်းသည် ကျေနပ်စွာ ပြုံးလိုက်ပြီး လက်ယမ်းပြလိုက်ရာ တပည့်နှစ်ယောက်က ရထားလုံးပေါ် မှ ခြင်းတောင်းကြီးတစ်လုံးကို သယ်ချလာကြလေ၏။
"ရွာလူကြီးလီ...၊ ခင်ဗျား အလျင်စလို ထွက်လာခဲ့ရတော့ တန်ဖိုးရှိတာ ဘာမှ မယူလာခဲ့ရဘူးမလား...၊ လူတိုင်း ဟင်းချက်ဖို့နဲ့ အနွေးဓာတ်ရဖို့အတွက် အိမ်မှာ သိမ်းထားတဲ့ ရွှေမည်းကျောက်တွေ အားလုံးကို ယူလာခဲ့ပါတယ်...။"
လီခန့်ရှန်း ပြန်မဖြေရသေးမီ လီလောင်ဆန်းက အလျင်စလို ရောက်လာပြီး စိုးရိမ်တကြီးဖြင့် မေးလိုက် လေသည်။
"ဆရာကျိုး...၊ ခင်ဗျား မြို့ထဲ ပြန်မသွားဘူးလား...။ ဝေဝေတို့တွေကိုရော တွေ့ခဲ့သေးလား...၊ စွန်း မိသားစု အခြေအနေ ဘယ်လိုရှိလဲ...။"
ကျိုးရှန်းရှန်းက ခေါင်းခါပြလိုက်ပြီး ပြောလိုက်လေ၏။
"ကျွန်တော် အပြေးအလွှား ပြန်ရောက်သွားတဲ့ အချိန်မှာ မြို့တံခါးတစ်ခုက ကျိုးပေါက်နေပြီဆိုတော့ အခြေအနေက တော်တော်လေး ကမောက်ကမ ဖြစ်နေပြီလေ...။ ကျွန်တော်လည်း အဲဒီဘက်ကို မသွား ရဲတော့ဘူး...၊ အိမ်ကို အမြန်ခိုးဝင်ပြီး တပည့်တွေကို မိသားစုကို သွားခေါ်ခိုင်းလိုက်တယ်...။ ပြီးတာနဲ့ နယ်ဘက်ကို အမြန်ပြန်ပြေးလာခဲ့တာပဲ...။”
“အခု ပုန်ကန်သူတွေ လူသတ်နေတယ်ဆိုတဲ့ သတင်းကို ကြားရတော့ ဒီမှာပဲ လာပုန်းနေဖို့ တွေးလိုက် တာ...။ အနည်းဆုံးတော့ တောင်စောင့်နတ်မင်းကြီး ကွယ်ကာစောင့်ရှောက်ပေးမယ်ဆိုရင် အသက် တော့ ချမ်းသာရာရနိုင်လောက်ပါတယ်လေ...။"
လီလောင်ဆန်းသည် စိုးရိမ်တကြီးဖြင့် ခြေဆောင့်ကာ ပြောလိုက်လေသည်။
"ဒုက္ခပါပဲ...၊ ဘယ်လိုလုပ်ကြမလဲ...၊ ဒီလိုမှန်းသိရင် ဝေဝေနဲ့ သူ့အမေကို လုံးဝ ပြန်မလွှတ်လိုက်ပါ ဘူး...။"
ဘေးတွင် ရပ်နေသော လီခန့်ရှန်းလည်း သက်ပြင်းချလိုက်မိ၏။ သူ၏မြေးဖြစ်သူ လီချိန်းရှီကို သူက ဘယ်လိုလုပ်ပြီး သတိမရဘဲ နေနိုင်ပါမည်နည်း။
"ဆရာကျိုး...၊ ပုန်ကန်သူတွေ ဆုတ်ခွာသွားပြီဆိုတာကို အောက်ထပ်ကနေ ခင်ဗျား ပြောနေတာ ကြားလိုက်တယ်...။"
လီခန့်ရှန်းက ထပ်မံမေးမြန်းလိုက်လေသည်။
ကျိုးရှန်းရှန်းက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။
"အတော်လေးတော့ ထူးဆန်းတယ်...၊ မြို့ထဲက ပုန်ကန်သူတွေက အစပိုင်းမှာ အသာစီးရနေခဲ့တာတဲ့...၊ ဒါပေမဲ့ မနေ့က လေပြင်းတစ်ပွေ ရုတ်တရက် တိုက်ခတ်လာပြီး ပုန်ကန်သူတွေကို ဖရိုဖရဲ ဖြစ်သွားစေခဲ့ တယ်လို့ ကြားရတယ်...။"
အစိုးရအရာရှိများက ဤအခွင့်အရေးကို အသုံးချကာ လိုက်လံတိုက်ခိုက်ခဲ့သဖြင့် အောင်ပွဲကြီးတစ်ခု ရရှိခဲ့လေသည်။ ပုန်ကန်သူများသည် ဖရိုဖရဲ ထွက်ပြေးခဲ့ကြရပြီး သူတို့၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသောကြောင့် လမ်းတစ်လျှောက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြခြင်း ဖြစ်ပေသည်။
ပြင်းထန်စွာ ဒဏ်ရာရထားသော ပုန်ကန်သူများစွာသည် သွားလာလှုပ်ရှားရန် ခက်ခဲမှုကြောင့် အဓိက တပ်မကြီးနှင့်အတူ ထွက်ပြေးရန် အခွင့်အရေး မရခဲ့ကြဘူးဟုလည်း ကြားခဲ့ရသည်။ အသက်ရှင်သန် နိုင်ရန်အတွက် သူတို့သည် အဝတ်အစားများ လဲလှယ်ကာ ထိုနေရာတွင်ပင် ပုန်းအောင်းနေခဲ့ကြလေ သည်။
လက်ရှိတွင် ခရိုင်တစ်ခုလုံး ကမောက်ကမ ဖြစ်နေလေသည်။ လုယက်မှုများနှင့် ခိုးယူမှုများလည်း ဖြစ်ပွားနေ၏။ တစ်ညတည်းနှင့်ပင် နတ်ဆိုးများ၊ ဘီလူးသရဲများ ပေါ်လာကာ ပြဿနာရှာနေကြ သကဲ့သို့ပင် ဖြစ်နေလေသည်။ လူအများစုမှာ ခရိုင်မြို့တော်တွင် ဆက်နေရန် ကြောက်ရွံ့နေကြသည်။
ညဘက်ရောက်သွားသောအခါ လူအများအပြား ခေါင်းဖြတ်သတ်ခံခဲ့ရလေ၏။ အခြေအနေများမှာ အလွန်တရာ အရေးပေါ်ဖြစ်နေသဖြင့် စုံစမ်းစစ်ဆေးရန် အချိန်မရှိတော့ဘဲ ဖမ်းမိသူတိုင်း ချက်ချင်း ကွပ်မျက်ခံခဲ့ရလေသည်။
လီခန့်ရှန်းသည် ဘဝ၏ အချိန်အများစုကို ဖြတ်သန်းခဲ့ပြီး ဖြစ်သော်လည်း ဒီလိုမျိုးသော ကိစ္စမျိုးကို တစ်ခါမှ မကြားဖူးခဲ့ချေ။ သူသည် ချက်ချင်းပင် အံ့အားသင့်သွားပြီး မေးလိုက်လေ၏။
"ဟင်...၊ ဒီလိုမျိုးတွေ ဖြစ်နေတာကို...၊ ဘယ်သူမှ ဂရုမစိုက်ကြဘူးလား...။"
ကျိုးရှန်းရှန်းက ခေါင်းခါပြလိုက်ပြီး ပြောလိုက်လေသည်။
"ဘယ်သူမှ တာဝန်မယူတာ မဟုတ်ပါဘူး...၊ စီမံခန့်ခွဲမယ့်သူကို မရှိတာပါ...။ ဒီတိုက်ပွဲကြောင့် မြို့ထဲက လူအများအပြား သေဆုံးခဲ့ရပြီး အစိုးရဘက်ကလည်း အထိနာခဲ့တယ်လေ...။ စစ်သားတွေနဲ့ မြို့စောင့် ရဲမက် တွေဆိုတာ မပြောနဲ့ ထောင်စောင့်တွေတောင် သိပ်မရှိတော့ဘူး...။”
“လမ်းမတွေပေါ်မှာလည်း အလောင်းတွေ ပြန့်ကျဲနေတာပဲ...။ ဘယ်သူကမှ အလောင်းလာကောက် ဖို့တောင် အချိန်မရကြဘူး...။ အသစ်ခန့်လိုက်တဲ့ တရားသူကြီးကလည်း ပုန်ကန်သူတွေရဲ့ အကြွင်း အကျန်တွေကို လိုက်ရှာဖို့ အလုပ်ရှုပ်နေတုန်းပဲ...။"
လီလောင်ဆန်း၏ မျက်နှာမှာ ပို၍ ဆိုးရွားလာပြီး သူက ပြောလိုက်လေ၏။
"ဒီကိစ္စကို ဖြေရှင်းဖို့ အထက်ကနေ ဘယ်သူ့ကိုမှ စေလွှတ်တာမျိုး မရှိဘူးလား...။"
ကျိုးရှန်းရှန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေသည်။
"ဟူး...၊ စီရင်စုနယ်မြေဘက်မှာလည်း အခြေအနေ သိပ်မကောင်းဘူးလို့ ကြားရတယ်...၊ ရှန်းယန်ခရိုင် က ကံကောင်းလို့ပါ...၊ ပုန်ကန်သူတွေ စောစောစီးစီး ဆုတ်ခွာသွားလို့လေ...။ ပုန်ကန်သူတွေ ဝင်စီးသွား တဲ့ တခြားခရိုင်နှစ်ခုဆိုရင် သတင်းအစအနတောင် မရတာ ရက်တော်တော်ကြာနေပြီ...၊ မြို့ထဲမှာ အသက်ရှင်ကျန်ရစ်သူ ဘယ်နှယောက်ရှိသေးလဲဆိုတာတောင် ပြောရခက်တယ်...။"
ထိုသို့ ပြောနေရင်း ကျိုးရှန်းရှန်းသည် အပြေးအလွှားနှင့် မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိဘဲ ဖြတ်သန်းသွားနေကြသော ဒုက္ခသည်များကို ကြည့်ကာ စိတ်သက်သာရာရသွားသလို ခံစားလိုက် ရလေ၏။
"ငါတော့ ကံကောင်းလို့ပါလား...။"
ထိုလူများ၏ သတိဝီရိယကြီးမားလှသော လုပ်ရပ်များကို ကြည့်ရင်း ရွှီပေါ်အန်း သက်ပြင်းချလိုက်မိ လေသည်။
ကမောက်ကမ ဖြစ်နေသော အချိန်ကာလတွင် သတိဝီရိယရှိခြင်းသည် အသက်ရှင်သန်ရေးအတွက် သော့ချက်ပင် ဖြစ်လေသည်။
ဤတိုက်ပွဲသည် ကြီးမားကျယ်ပြန့်လှသော မဟာကျင့်မင်းဆက်အတွက် အရေးမပါလှဟု ထင်ရသော် လည်း ရှန်းယန်ခရိုင်အတွက်မူ ကြီးမားလှသော ဘေးအန္တရာယ်ကြီးတစ်ခုပင် ဖြစ်လေ၏။
လူတိုင်းသည် စစ်ပွဲကြောင့် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့နေခဲ့ကြသည်။
ဤလူများ မိမိရှေ့မှ ဖြတ်လျှောက်သွားသည်ကို ဒီအတိုင်း ကြည့်နေရခြင်းမှာ အမှန်တကယ်ပင် နှမြောစရာကောင်းလှပေသည်။
လူဦးရေကို တိုးပွားစေခြင်းသည် မိမိ၏ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများ တိုးပွား လာစေရန်အတွက် အထိရောက်ဆုံး နည်းလမ်းပင် ဖြစ်လေ၏။
ဌာနခွဲစခန်းများတွင် မသေချာမရေရာမှုများ အလွန်များပြားလှသည်။ ပင်မစခန်းဖြစ်သော ဤတောင် စောင့်နတ်မင်း နတ်ကွန်းကို သေချာစွာ စီမံခန့်ခွဲခြင်းသည်သာ ဆက်လက်၍ အောင်မြင်ကြီးပွားနေစေ ရန်အတွက် အမှန်ကန်ဆုံးသော နည်းလမ်းပင် ဖြစ်ပေသည်။
ထိုသို့တွေးရင်း ရွှီပေါ်အန်းသည် လည်ချောင်းရှင်းလိုက်ကာ ဘွန်ဆိုင်းထဲရှိ လူတိုင်းကို ရည်ရွယ်၍ ပြောလိုက်လေ၏။
"ဟူး... သတ္တဝါတွေအားလုံး ဆင်းရဲဒုက္ခ ရောက်နေကြရတာပဲ...။"
ရွှီပေါ်အန်း၏ စကားသံများသည် ဘွန်ဆိုင်းတစ်လျှောက် ချက်ချင်းပင် ပဲ့တင်ထပ်သွားလေသည်။
စကားပြောနေကြသော သို့မဟုတ် အလျင်စလို သွားလာနေကြသော ဒုက္ခသည်များ အားလုံးသည် တစ်ခဏမျှ ကြက်သေသေသွားခဲ့ကြလေ၏။
ထို့နောက် တစ်စုံတစ်ယောက်က တီးတိုးလေသံဖြင့် မေးခွန်းတစ်ခုကို မေးလိုက်လေသည်။
"မင်းတို့တွေ ကြားလိုက်ကြလား...၊ ခုနက အသံက ဘာအသံကြီးလဲ...။"
"ဟုတ်တယ်... ဟုတ်တယ်...၊ မင်းတို့လည်း ကြားလိုက်တယ်ပေါ့...၊ ငါက နားကြားမှားတာ များလားလို့...။"
"ငါလည်း အတူတူပဲ...၊ ငါက ဆာလွန်းလို့ မေ့လဲသွားပြီများ ထင်နေတာ...။"
"အဲဒါ ဘာအသံကြီးလဲ...၊ ဘယ်လိုလုပ် အဲဒီလောက်တောင် ကျယ်နေရတာလဲ...၊ နတ်ဘုရားများ လား...။"
မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်စောင့်နတ်မင်း တည်ရှိနေကြောင်းကို မသိကြသူများ အားလုံးလို လို ဤကိစ္စနှင့် ပတ်သက်၍ စတင်ပြောဆိုလာကြလေတော့သည်။
သို့သော်လည်း တောင်စောင့်နတ်မင်း အကြောင်းကို သိထားကြသော ခေါင်ရှန်းရွာမှ ရွာသားများနှင့် မြို့ရိုးပေါ်ရှိ ဓားပြများအားလုံးသည် ရွှီပေါ်အန်း၏ အသံကို ကြားလိုက်ရချိန်တွင် ကောင်းကင်သို့ မော့ကြည့်လိုက်ကြလေ၏။
တောင်စောင့်နတ်မင်း၏ တန်ခိုးပြာဋိဟာပြမှုမှာ အလွန်တရာ ရှင်းလင်းပြတ်သားလှပြီး အချိန်ကာလ အတော်ကြာသည့်တိုင်အောင် မဖြစ်ပေါ်ခဲ့သည့် အရာတစ်ခုနှင့် တူနေခဲ့လေသည်။
ရွှီပေါ်အန်းက သူ၏စကားပြောနှုန်းကို လျှော့ချလိုက်ပြီး တတ်နိုင်သမျှ သနားကြင်နာတတ်သည့် အသံ ပေါက်စေရန် ကြိုးစားကာ ပြောလိုက်လေ၏။
"ကောင်းကင်ဘုံက အသက်ကို တန်ဖိုးထားတယ်...၊ ငါတို့တွေ ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရပြီဆို တော့ ကူညီပေးလိုက်ကြရအောင်...။ လီခန့်ရှန်း...၊ ဒီလူတွေအားလုံးကို ဒီမှာ ဆက်နေခွင့်ပေးပြီး နေထိုင်စရာ နေရာလေးတွေ စီစဉ်ပေးလိုက်ပါ...။ ပြီးတော့ ဒီခက်ခဲတဲ့ အချိန်ကာလကို အတူတူ ဖြတ်ကျော်ကြတာပေါ့...။"
တောင်စောင့်နတ်မင်း၏ စကားကို ကြားသောအခါ လီခန့်ရှန်းက ရိုသေလေးစားစွာဖြင့် ပြန်လည် ဖြေလိုက်လေသည်။
"တောင်စောင့်နတ်မင်းကြီး သဘောကျအတိုင်းပါပဲ...၊ ကျွန်တော်မျိုး အခုပဲ ချက်ချင်း စီစဉ်လိုက်ပါ့ မယ်...။"
ထို့နောက် ရွှီပေါ်အန်းက တင်းမာသောအသံဖြင့် ထပ်မံပြောလိုက်လေ၏။
"အားလုံးပဲ နားထောင်ကြ...၊ ဒီနေရာမှာ မင်းတို့အားလုံးက ခေါင်ရှန်းရွာရဲ့ စည်းလုံးညီညွတ်တဲ့ အစီ အစဉ်တွေကို လိုက်နာကြရမယ်...။ အကယ်၍ လူယုတ်မာတွေက ပြဿနာရှာဖို့ ရဲဝံ့တယ်ဆိုရင် သူတို့ကို ငါ အသက်ရှင်ခွင့် ပေးထားမှာ မဟုတ်ဘူး...။"
ထိုသို့ပြောရင်း ရွှီပေါ်အန်းသည် သူ၏လက်ကို မြှောက်ကာ ဘွန်ဆိုင်းထဲသို့ ညင်သာစွာ လှမ်းလိုက်ပြီး မြေကြီးပေါ်သို့ ဖြေးဖြေးမှန်မှန် ဖိချလိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားလှသော လက်ဝါးရာကြီးတစ်ခု ပေါ်လာခဲ့၏။ မူလက ရွှီပေါ်အန်း တွင် ဤစွမ်းရည်မျိုး မရှိခဲ့သော်လည်း သူ၏ခန္ဓာကိုယ်သည် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာ ပြုမှု စွမ်းအားများကြောင့် ပိုမို ကြံ့ခိုင်လာခဲ့သဖြင့် ဤအရာမှာ သူ့အတွက် အလွန်လွယ်ကူသော ကိစ္စ တစ်ခု ဖြစ်နေခဲ့လေသည်။
ရုတ်တရက် ပေါ်လာသော ကြီးမားလှသည့် လက်ဝါးပုံသဏ္ဍာန် ချိုင့်ခွက်ကြီးကြောင့် လူတိုင်း အံ့အား သင့်သွားခဲ့ကြလေသည်။
ဤမျှနှင့် မပြီးသေးပေ။ နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် မည်သူမျှ မရှိနေသော နောက်ထပ် မြို့ရိုးအစိတ်အပိုင်း တစ်ခုကို ကောက်ယူလိုက်လေ၏။
ထို့နောက် ၎င်းကို ဘေးနားရှိ မြေကွက်လပ်ပေါ်သို့ ပေါ့ပေါ့ပါးပါးပင် ချထားလိုက်ရာ ဒုန်း ဟူသော အသံကြီး ထွက်ပေါ်လာလေသည်။
"ကဲ... အခု မင်းတို့တွေ ပိုပြီး လွယ်လွယ်ကူကူ ဝင်လို့ရသွားပြီ...။"
ဒုက္ခသည်များ အားလုံး ကြက်သေသေသွားခဲ့ကြလေ၏။
သူတို့ ဘာကို မြင်တွေ့လိုက်ရခြင်း ဖြစ်သနည်း။
ထိုမျှ ကြီးမားလှသော မြို့ရိုးကြီးသည် ရုတ်တရက် လေထဲသို့ မြောက်တက်သွားခဲ့လေသည်။
ဤသည်မှာ အမှန်တကယ်ပင် နတ်ဘုရားများ၏ မှော်အတတ်ပညာပင် ဖြစ်ပေသည်။
ယခုလေးတင်ကမှ အချို့သူများသည် ဤအရာကို လှည့်စားမှုတစ်ခုအဖြစ် သံသယဝင်ကာ လျစ်လျူရှုခဲ့ ကြသေး၏။
ယခု လူတိုင်းက ကြီးမားလှသော လက်ဝါးရာကြီးများနှင့် မြို့ရိုးများ လေထဲသို့ မြောက်တက်သွားသည့် တန်ခိုးပြာဋိဟာများကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ သူတို့အားလုံး၏ ရင်ထဲတွင် မျဉ်းနီတစ်ကြောင်းကို ကိုယ်တိုင် ရေးဆွဲသတ်မှတ်လိုက်ကြလေတော့သည်။
သူတို့အနေဖြင့် ခေါင်ရှန်းရွာ၏ စကားကို နားထောင်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်ပါက သူတို့၏ ခေါင်းသည် မြို့ရိုးလောက် မာကျောမည် မဟုတ်သည်မှာ သေချာလှသည်။
ရွှီပေါ်အန်းသည် ဘွန်ဆိုင်း၏ အစွန်းတစ်လျှောက်တွင် ထိုမြို့ရိုးကို တည်ဆောက်ထားခဲ့သောကြောင့် ဝင်ရောက်လိုသူများသည် အလှည့်ကျသာ ဝင်ရောက်နိုင်ကြလေသည်။
ရှည်လျားလှသော နဂါးကြီးတစ်ကောင်ကဲ့သို့ ဘွန်ဆိုင်းတစ်လျှောက် ကွေ့ကောက်သွားလာနေပြီး ခြေလှမ်းကို သွက်သွက်လှမ်းလျှင်ပင် တစ်ကြိမ်လျှင် လူအနည်းငယ်သာ ဖြတ်သန်းနိုင်ပေသည်။
စည်းကမ်းထိန်းသိမ်းရန် ကြိုးစားနေသူများ ရှိသော်လည်း အခြေအနေများမှာ အနည်းငယ် ကမောက် ကမ ဖြစ်နေဆဲဖြစ်ပြီး အချို့သူများဆိုလျှင် ပဋိပက္ခများပင် ဖြစ်ပွားခဲ့ကြလေ၏။
ရွှီပေါ်အန်းက မြို့ရိုးအစိတ်အပိုင်းတစ်ခုကို ဖယ်ရှားလိုက်ပြီးနောက် လမ်းသည် များစွာ ကျယ်ဝန်းသွား ခဲ့သော်လည်း အံ့ဩစရာကောင်းလှစွာဖြင့် ဒုက္ခသည်များသည် ပြဿနာရှာခြင်းကို ရပ်တန့်သွားခဲ့ ကြလေသည်။
သူတို့သည် ညီညာစွာ လျှောက်လှမ်းနေကြခြင်း မဟုတ်သော်လည်း အားလုံးက ဖြေးဖြေးမှန်မှန်နှင့် စနစ်တကျ ရှေ့သို့ ဆက်လက်သွားနေကြလေ၏။
သူတို့၏ ဒေါသများလည်း များစွာ လျော့ကျသွားပုံရပြီး ငြင်းခုံမှုများလည်း ထပ်မံ မရှိတော့ချေ။
သနားကြင်နာမှုဆိုသည်မှာ မမြဲခြင်းတရားကို ရင်ဆိုင်နေရသော သတ္တဝါအားလုံးကို ပေးကမ်းစွန့် ကြဲခြင်း သက်သက်မဟုတ်ဘဲ ပြတ်သားသော လုပ်ဆောင်မှုများလည်း လိုအပ်ပေသည်။
အနောက်အရပ်သို့ခရီးသွားခြင်း ဇာတ်လမ်းထဲတွင် ကွမ်ရင်မယ်တော်က စွန်းဝူခုန်းကို နှိမ်နင်းခဲ့ သကဲ့သို့ပင် ဖြစ်လေ၏။
"ဒီမျောက်ဆိုးလေး...၊ မင်း လိမ္မာမယ်ဆိုရင် ငါတို့ ကောင်းကောင်း ဆွေးနွေးလို့ရတယ်...၊ မလိမ္မာဘူး ဆိုရင်တော့ မင်းကို ပညာပေးရလိမ့်မယ်...။"
ရွှီပေါ်အန်းသည် လျှောက်တုန်း အမှတ်တံဆိပ် အသင့်စား ခေါက်ဆွဲထုပ် တစ်ထုပ်ကို ဖြေးဖြေးမှန်မှန် ချေမွလိုက်ပြီးနောက် သူ ခုနက ပြုလုပ်ထားခဲ့သော ကြီးမားသည့် လက်ဝါးရာ ချိုင့်ခွက်ကြီးထဲသို့ အနည်းငယ် လောင်းထည့်လိုက်လေသည်။
"အားလုံးပဲ... မင်းတို့ ဖြတ်သွားတဲ့အခါ အစာခံနိုင်ဖို့အတွက် ဒီက အစားအစာတွေကို နည်းနည်းစီ ယူသွားလို့ရတယ်...။"
အခြားသူများအတွက်မူ သူတို့မြင်တွေ့လိုက်ရသည်မှာ တောင်ငယ်တစ်လုံးခန့် အရွယ်အစားရှိ အဝါ ရောင်သန်းနေသော အဖြူရောင် အရာဝတ္ထုတစ်ခု ရုတ်တရက် ကောင်းကင်မှ ကျလာခြင်းပင် ဖြစ်လေ ၏။
ထို့နောက် မွှေးကြိုင်သော ရနံ့တစ်ခု ပျံ့လွင့်လာလေသည်။
ဤသည်မှာ အစားအစာပေလော။
"ဘုရားရေ... ဒီနေရာမှာ အစားအစာတွေ ရှိတယ်လို့ လူတိုင်းပြောနေကြတာ အံ့သြစရာတော့ မဟုတ် ဘူး...၊ တကယ်တော့ နတ်ဘုရားတွေ ကောင်းချီးပေးထားတာကိုး...။"
ရုတ်တရက် တစ်စုံတစ်ယောက်က မြေကြီးပေါ်တွင် ဒူးထောက်လိုက်ပြီး လက်ဝါးရာကြီးဆီသို့ ဦးချကာ ရိုသေစွာ ကန်တော့လိုက်လေ၏။
၎င်းသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ပင် ဒုတိယလူ၊ တတိယလူနှင့် စတုတ္ထလူတို့ပါ လိုက်လံ လုပ် ဆောင်လာကြလေသည်။
မကြာမီ ဘွန်ဆိုင်းခြံဝင်းအတွင်းရှိ လူများသည် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လာကြလေ တော့သည်။
ဘွန်ဆိုင်းအတွင်းမှ ကျေးဇူးတင်စကားများ ထွက်ပေါ်လာလေ၏။
ရွှီပေါ်အန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်လေသည်။
"လီခန့်ရှန်း... အခန်းတွေ လုံလောက်တယ်ဆိုရင် လူတွေကို အရင် ဝင်နေဖို့ စီစဉ်ပေးလိုက်ပါ...၊ အကယ်၍ အခန်းမလုံလောက်ဘူးဆိုရင်တော့ အမျိုးသမီးတွေနဲ့ ကလေးတွေကို အရင် ဝင်နေခိုင်း လိုက်ပါ...၊ အမျိုးသားတွေကတော့ လောလောဆယ် မြို့ရိုးအောက်မှာပဲ နေလို့ရတယ်...။"
တူလို မြေနံရံအိမ်ရာထဲတွင် အခန်းများစွာ ရှိသော်လည်း မိသားစုအလိုက် ခွဲခြား နေထိုင်စေမည် ဆိုပါက လက်ရှိ လူဦးရေအတွက် လုံးဝ လုံလောက်မည် မဟုတ်ပေ။
၎င်းသည် နေရာအများအပြား သက်သာစေသည့် အဆောင်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခြင်းမျိုး မဟုတ်ချေ။
ပြင်းထန်သော ဖျားနာမှုများကို ခံစားနေရသော လူနာများနှင့် ပတ်သက်၍မူ ဤနေရာတွင် တစ်ယောက် မှ မရှိပေ။
အသက်လု၍ ထွက်ပြေးနေရချိန်တွင် မည်သူကမျှ ဝန်ထုပ်ဝန်ပိုးများကို ဂရုမစိုက်နိုင်ကြပေ။
၎င်းသည် ရက်စက်လှသော်လည်း အမှန်တရားပင် ဖြစ်လေ၏။
ထို့အပြင် မည်သူကမျှ မိမိ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု မဖြစ်ချင်ကြချေ။
မင်း အသက်ရှင်သန်ခြင်းသည် ငါ့ဘဝအတွက် အကောင်းဆုံး ဆုလာဘ်ပင် ဖြစ်လေသည်။
ဘွန်ဆိုင်း၏ စနစ်တကျ ပြင်ဆင်ထားမှုများကို ကြည့်ရင်း ရွှီပေါ်အန်း၏ ရင်ထဲတွင် ခံစားချက်များ လှိုင်းထန်လာခဲ့လေ၏။
အရာအားလုံးကို ထိန်းချုပ်ထားနိုင်ခြင်း၏ ခံစားချက်မှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ် ကောင်း လှပေသည်။
လူတိုင်းက နတ်ဘုရားတစ်ပါး ဖြစ်ချင်နေကြသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။
*ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်ပြီး မခံစားနိုင်တာကတော့ နှမြောစရာပဲ...၊ မဟုတ်ရင် ဒီခံစားချက်က ပိုပြီးတော့တောင် အံ့သြဖို့ကောင်းနေလောက်တယ်...။*
ထိုသို့တွေးရင်း ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို ရုတ်တရက် အထူး အာရုံစိုက်လိုက်မိလေ၏။
*ကောင်းပြီလေ... ငါ တွေးတာ နည်းနည်း လွန်သွားပြီ...၊ ဒီအတိုင်း ငြိမ်ငြိမ်လေးပဲ နေတော့မယ်...။*