← Chapters

အစာလုယူခြင်း (၂)

Vol. 57 Ch. 987

အစာလုယူခြင်း (၂)

Vol. 57 Ch. 987

ကွပ်ကဲခန်းမရှိ သတင်းအချက်အလက်စင်တာအတွင်းသို့ ရောက်သောအခါ ရိုင်ယန်က လင်းရှန်ကို ပြောလိုက်သည်၊၊

“မနေ့က မင်းတို့ မြို့ထဲမှာ မြင့်မြတ်မြို့တော်လူတွေနဲ့ တိုက်ပွဲဖြစ်တာကို ငါတို့သိပါတယ်။ အဲဒီအချိန်မှာ ငါတို့ဘက်က အခြေအနေကလည်း အတော်ဆိုးနေလို့ မကူညီနိုင်ခဲ့တာကို တောင်းပန်ပါတယ်”

လင်းရှန်က ခေါင်းငြိမ့်ပြသည်၊၊

“ငါ ခန့်မှန်းထားပြီးသားပါ”

သမုဒ္ဒရာနတ်ဘုရားကြီး ကိန်းအောင်းနေသည့်အတွက် ပတ်ဝန်းကျင်ပင်လယ်ပြင်မှာ ငရဲခန်းကဲ့သို့ ဖြစ်နေသည်။ လက်ရှိအခြေအနေအရပင် ပင်လယ်လင်းယုန်အုပ်စုသည်သာ ကံမကောင်းခဲ့ပါက မနေ့ကတည်းက အကုန်ပျက်စီးသွားလောက်ပြီဖြစ်သည်။

ရိုင်ယန် ဆက်ပြောသည်။

“မင်း ငါ့ကို လာရှာမယ်ဆိုတာ ငါသိပြီးသားပါ။ သွေးပဲစေ့ရှာဖွေဖို့ဆိုတဲ့ လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မင်းလည်း ယုံမှာမဟုတ်ဘူးလို့ ငါတွေးထားတယ်”

“ဘာလို့ အဲဒီလိုပြောခဲ့တာလဲ”

“မယုံကြည်လို့ပေါ့”

ရိုင်ယန်၏ အနောက်တွင် ရပ်နေသော အဲရစ်ကာက ပွင့်ပွင့်လင်းလင်းပင် ဝင်ပြောလိုက်သည်။

“အတိအကျပြောရရင် နင်တို့ အသက်ရှင်နိုင်မလားဆိုတာ… ငါတို့ မသေချာခဲ့လို့ပဲ”

“မြင့်မြတ်မြို့တော်ရဲ့ လှုပ်ရှားမှုတွေကို နင်တို့ သိနေတာလား”

နန်ကျင်းက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

ရိုင်ယန်က ခေါင်းခါပြကာ ပြုံးလိုက်သည်။

“သေချာတော့ မသိဘူး။ ဒါပေမဲ့ ငါ သတိပေးခဲ့သားပဲ၊၊ မြင့်မြတ်မြို့တော်က မင်းတို့ကို မျက်စိကျနေတယ်လို့”

“သူတို့ ဒီလောက်အထိ အင်အားသုံးလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

ဗန်နက်ဆာက ဝင်ပြောသည်။

“အမှန်အတိုင်း ပြောရရင် မြို့ထဲမှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ရေးကင်မရာတွေကနေ နင်တို့ရဲ့ ပုံရိပ်ကို မဖမ်းမိခဲ့ရင် နင်တို့ အဲဒီမွန်းစတားကြီးလက်ချက်နဲ့ ပျောက်ကွယ်သွားပြီလို့တောင် ငါတို့ ထင်နေတာ”

“မဖြစ်နိုင်တာ။ ငါတို့ရဲ့ အနန္တရထားက တော်တော်လေးအစွမ်းထက်ပါတယ်”

ကီကီက ချက်ချင်း ပြန်ပြောလိုက်သည်။

“ဟုတ်တယ်၊၊ သာမန်မိစ္ဆာတွေလောက်ကတော့ ငါတို့ကို မခြောက်လှန့်နိုင်ပါဘူး”

လုရှင်းချန်ကလည်း ရှေ့ထွက်ကာ ပြောလိုက်သည်။

ရိုင်ယန်၏ မျက်လုံးများက လူအုပ်ကို အကဲခတ်လိုက်ပြီး နောက်ဆုံးတွင် လင်းရှန်ထံတွင် ရပ်တန့်သွားသည်။ သူ စကားစမည်ပြုစဉ်မှာပင် လင်းရှန်က သူ့ကို တိုက်ရိုက် စိုက်ကြည့်ကာ မေးလိုက်သည်၊၊

“ငါ့အထင်သာမမှားဘူးဆိုရင် မင်းတို့ ဒီကိုလာတာ မွန်းစတားအမဲလိုက်ဖို့ သက်သက်မဟုတ်ဘဲ တခြားအကြောင်းအရင်း ရှိနေတယ် မဟုတ်လား”

“ဟုတ်တယ်”

ရိုင်ယန်က ခေါင်းငြိမ့်ပြသည်၊၊

“လွန်ခဲ့တဲ့ တစ်ပတ်က ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်နဲ့ တိုက်ပွဲဖြစ်စဉ်မှာ Neptune ရဲ့ စွမ်းအင်စနစ်က ပြင်းပြင်းထန်ထန်ပျက်စီးသွားခဲ့တယ်။ ဒါကြောင့် နည်းပညာအရပြောရရင် ငါတို့ ဒီမှာသောင်တင်နေတာပဲ။ ဒါပေမဲ့ ကံကောင်းတာက ပင်လယ်ကျောက်ဆောင်ကျွန်းနဲ့ သိပ်မဝေးတဲ့နေရာမှာဖြစ်နေတာပဲ”

“ကံကောင်းတာ ဟုတ်လို့လား”

လင်းရှန်၏ နှုတ်ခမ်းများက အနည်းငယ် တွန့်သွားသည်၊၊

“အဲဒါ သတင်းကောင်းလို့ မင်းသေချာလား”

ရိုင်ယန်က ပုခုံးတွန့်ပြသည်၊၊

“ပစိဖိတ်သမုဒ္ဒရာ အလယ်မှာ ဆင်းစရာနေရာမရှိဘဲ သောင်တင်တာထက်စာရင်တော့ ပိုကောင်းတာပေါ့။ ငါတို့ရဲ့ ပျံသန်းရေးယာဥ်တွေနဲ့ တခြားသင်္ဘောတွေကို သုံးလို့ရပေမဲ့ Neptune ကိုတော့ မစွန့်လွှတ်ချင်ဘူး”

လင်းရှန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်၊၊

“မစ္စတာ ရိုင်ယန်... ငါ မင်းတို့ကို ကယ်ဖို့လာတာလို့ ပြောပြီးသား။ ဒါကြောင့် ပိုပြီး မှန်ကန်တဲ့ အဖြေကို ကြားချင်တယ်”

ထိုစကားကို ကြားသောအခါ ရိုင်ယန်၏ အမူအရာလေးနက်သွားသည်။

“ကပ္ပတိန်လင်း... ငါတို့ကို ဘယ်လိုကယ်မလို့လဲ”

“ငါ့အမြင်အရတော့ မင်းတို့ Neptune ကို အမြန်ပြုပြင်ဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ မင်းတို့မှာ အချိန်လည်း အများကြီးမရှိတော့ဘူး။ ဒါမှမဟုတ် မင်းတို့မှာ ကျန်နေတဲ့ သင်္ဘော ၅ စီးနဲ့ ရေအောက်မှာ ဝှက်ထားတဲ့ ရေငုပ်သင်္ဘောလေးနဲ့ ထွက်ပြေးဖို့ ကြံနေတာလား”

ရိုင်ယန်၏ အမူအရာမှာ နောက်ဆုံးတွင် လုံးဝ ပြောင်းလဲသွားသည်၊၊

“ဘာလို့ အချိန်မရှိတာလဲ။ ဂါလန်မီးတောင်က ထိန်းချုပ်မရတော့ဘူးဆိုတာ မင်းသိလို့လား”

လင်းရှန်က ခေါင်းငြိမ့်ပြကာ သူ၏ အိတ်ကပ်ထဲမှ စက်ပစ္စည်းလေးတစ်ခုကို ထုတ်လိုက်သည်၊၊

“မင်းတို့မှာ တားမြစ်ပစ္စည်းတစ်ခုရှိနေတယ်ဆိုတာလည်း ငါသိတယ်။ မင်းတို့ရဲ့ ရိက္ခာတွေကလည်း အများကြီးပဲ၊၊ ပြီးတော့ သလင်းကျောက်အရောင်းအဝယ်အတွက် မှောင်ခိုဈေးကွက်နဲ့လည်း ပူးပေါင်းနေတယ်။ အဲဒါတွေနဲ့ ပတ်သက်နေမယ်လို့ ငါ ခန့်မှန်းမိပေမဲ့ အဲဒါတွေကို ငါစိတ်မဝင်စားဘူး။ ငါ ပြောချင်တာက ကျွန်းရဲ့ အောက်ခြေမှာ တွင်းနက်ပင်လယ်မွန်းစတားတွေကို ဆွဲဆောင်နေတဲ့ ကိရိယာတစ်ခုရှိနေတယ်။ သူတို့တွေက ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ ပတ်ဝန်းကျင်ပင်လယ်ထဲမှာ ပါတီပွဲလုပ်နေကြတာပဲ။ အဲဒီမှာသမုဒ္ဒရာနတ်ဘုရားကြီးလည်း ရှိနေတယ်။ ပင်လယ်ကျောက်ဆောင်ကျွန်းတစ်ခုလုံး ရေအောက်ကို နစ်မြုပ်ဖို့အတွက် ငါတို့မှာ အချိန် ၂၄ နာရီတောင်မရှိတော့ဘူးလို့ ငါ ယုံကြည်တယ်”

“ဒီသတင်းကိုတော့ မိတ်ဆွေတစ်ယောက်ရဲ့ စေတနာလို့ပဲ မှတ်ယူလိုက်ပါ။ အထောက်အကူဖြစ်မယ်ဆိုရင်တော့ မင်းတို့အတွက် ကောင်းတာပေါ့”

လင်းရှန်လည်း ပြောပြီးသည်နှင့် ထွက်ခွာရန် ပြင်လိုက်သည်။

မနေ့ကတည်းက လင်းရှန်သည် အများကြီးသတိထားမိခဲ့သည်။ သို့သော် သူ ဂရုမစိုက်ခဲ့ပေ။ ပြန်စဉ်းစားကြည့်လျှင် ရိုင်ယန်သည် အဲရစ်ကာပြောသကဲ့သို့ပင် သူတို့အပေါ် သတိထားကာ စိုးရိမ်နေခြင်းဖြစ်နိုင်သည်။ အဓိကအားဖြင့် သူတို့သည် မြင့်မြတ်မြို့တော်နှင့် ဖြစ်ပွားနေသော ပဋိပက္ခတွင် ဓားကိုင်ဆောင်သူ လင်းရှန်ကို ပစ်မှတ်ထားနေချိန်တွင် ဘေးမှ ပြဿနာများမတက်ချင်သောကြောင့် ဖြစ်နိုင်သည်။

“ခဏလေး”

ရိုင်ယန်က လင်းရှန်ကို လှမ်းခေါ်လိုက်သည်။ သူသည် စိတ်ကို ပြန်ထိန်းကာ သက်ပြင်းတစ်ချက်ချလိုက်သည်၊၊

“၂၄ နာရီလား။ တည်နေရာပြစနစ်က အဲဒီလောက်တောင် မတည်မငြိမ်ဖြစ်နေပြီလား”

လင်းရှန်က သူ့ကို ကြည့်လိုက်သည်၊၊

“မင်းလည်း အဲဒါကို သိနေတာပဲ”

“သိတာပေါ့”

ရိုင်ယန်က လင်းရှန်ကို စိုက်ကြည့်ရင်း အံ့အားသင့်ဖွယ်သတင်းတစ်ခုကို ပြောပြလိုက်သည်။

“ငါ အရင်က ဖောင်ဒေးရှင်းမှာ အလုပ်လုပ်ခဲ့တယ်။ အဲဒီရေငုပ်သင်္ဘောအခြေစိုက်စခန်းက အထူးလုံခြုံရေးဌာနမှာပေါ့”

“ရှင်က ဖောင်ဒေးရှင်းကလား”

ကီကီက ချက်ချင်းပင် လွှတ်ခနဲ မေးလိုက်သည်။

“အရင်ကပေါ့” ရိုင်ယန်က ပြန်ဖြေသည်။

“အခုတော့ အဲဒီအဖွဲ့အစည်းနဲ့ ဘာမှ မပတ်သက်တော့ပါဘူး”

လင်းရှန်က ရိုင်ယန်၏ အနောက်မှ လူများကို အကဲခတ်လိုက်သည်၊၊

“သူတို့ကရော”

“သူတို့ကတော့ မပါဝင်ပါဘူး၊၊ ငါ တစ်ယောက်တည်းပါပဲ”

ရိုင်ယန်က ရှင်းပြသည်၊၊

ထို့နောက် လင်းရှန်က ပြန်မေးလိုက်သည်၊၊

“မင်း တခြားဘာတွေသိထားသေးလဲ”

ရိုင်ယန်က လင်းရှန်ကို ကြည့်ကာ ပွင့်ပွင့်လင်းလင်းပင်ဖြေလိုက်သည်။

“အဲဒါက စမ်းသပ်ရေးအခြေစိုက်စခန်းတစ်ခုပဲ။ ငါ သိတာကတော့ သူတို့တွေဟာ စမ်းသပ်မှုတွေ လုပ်ဖို့အတွက် ထူးဆန်းတဲ့သတ္တဝါအချို့ကို မွေးမြူပြီး မျှားခေါ်နေကြတာပဲ။ ဒါပေမဲ့ ငါကိုယ်တိုင်တော့ မမြင်ဖူးဘူး၊၊ စမ်းသပ်မှုအကြောင်းအရာတွေကိုလည်း မသိဘူး။ ဒါပေမဲ့ အဲဒီကိရိယာရပ်တန့်သွားတိုင်း ပတ်ဝန်းကျင်ရေပြင်မှာ အင်အားပြင်းတဲ့ ရေအောက်ငလျင်တွေ ဖြစ်ပေါ်လေ့ရှိတယ်။ အဲဒီနောက်မှာတော့ ထူးဆန်းတဲ့သတ္တဝါအလောင်းတွေ ရေပေါ်ကို ပေါ်လာတတ်ပြီး မနေ့က အခြေအနေလိုမျိုး မုန်တိုင်းကြောင့်ဖြစ်တဲ့ ရောင်ခြည်သင့်မှုတွေလည်း ရှိနေတတ်တယ်”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊

“ဒါဆို မင်းတို့ တကယ်ပဲ သွေးပဲစေ့ကို လုယူချင်တာလား”

ရိုင်ယန်က အဲရစ်ကာကို လှည့်ကြည့်လိုက်ရာ သူမက တိတ်တဆိတ်ပင် လက်ကို မြှောက်လိုက်သည်။ သူမ၏ ဘယ်ဘက် ယန္တရားလက်အဆစ်လေးက ဖြည်းညှင်းစွာ ပွင့်သွားပြီးနောက် အမှောင်စွမ်းအင်လှိုင်းများ အရှိန်အဟုန်ဖြင့်ချက်ချင်းထွက်ပေါ်လာရာ လင်းရှန်နှင့် အဖွဲ့သားများသည် အားကောင်းသော တားမြစ်ပစ္စည်းစွမ်းအင်ကို ခံစားလိုက်ရသဖြင့် မျက်နှာပျက်သွားကြသည်။

သူ ကြည့်လိုက်သောအခါ အဲရစ်ကာသည် သူမ၏ ယန္တရားလက်ထဲမှ လက်ဖဝါးတစ်ဝက်ခန့်ရှိသော ကြေးနီလုံးလေးတစ်ခုကို ထုတ်ယူလိုက်သည်ကို တွေ့ရသည်။ ထိုပစ္စည်း ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ အသေးအမွှားအရာဝတ္ထုများမှာ ၎င်းဆီသို့ ဆွဲငင်ခံနေရသည်ကို လင်းရှန် သတိထားမိလိုက်သည်။

“ငါတို့ ဒါကို အမှောင်စွမ်းအင်ကြေးနီလုံးလို့ ခေါ်တယ်။ သူ့ရဲ့ ဂုဏ်သတ္တိကတော့ သတ်မှတ်ထားတဲ့ အတိုင်းအတာအတွင်းမှာရှိတဲ့ အမှောင်စွမ်းအင်တွေနဲ့ သွေးပဲစေ့တွေကို လျင်မြန်စွာ စုပ်ယူနိုင်တာပဲ။ ဒါပေမဲ့ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးကလည်း တော်တော်ကြီးတယ်...”

အဲရစ်ကာက ပြောပြီးသည်နှင့် ကြေးနီလုံးကို ပြန်သိမ်းလိုက်ကာ သက်ပြင်းချလိုက်သည်။

“အမှောင်စွမ်းအင်သိပ်သည်းဆက မြင့်လွန်းတဲ့အတွက် အနီးအနားမှာရှိတဲ့ လူတွေက သန္ဓေပြောင်းတဲ့ အခြေအနေကို အလွယ်တကူရောက်သွားနိုင်တယ်”

ထိုစကားကို ကြားသောအခါ လင်းရှန်နှင့် ကီကီတို့၏ မျက်နှာအမူအရာမှာ များစွာပြောင်းလဲသွားပြီး ရိုင်ယန်၏ သတိကြီးစွာ လှုပ်ရှားခဲ့မှုများကို လင်းရှန် ချက်ချင်း နားလည်သွားသည်။

သူကိုယ်တိုင်ပင်လျှင် ဤကဲ့သို့သော တားမြစ်ပစ္စည်းမျိုးကို အလွယ်တကူထုတ်ပြမည် မဟုတ်ပေ။ ရိုင်ယန်အနေဖြင့်လည်း ထိပ်တန်းအထူးအဖွဲ့ဖြစ်သော လင်းရှန်တို့နှင့် ရင်ဆိုင်ရချိန်တွင် ပို၍ပင် သတိထားနေမည် ဖြစ်သည်။

All Chapters