စွမ်းအင်ထုတ်လွှတ်ခြင်း (၂)
Vol. 57 Ch. 989
“ကောင်းကင်ကကော”
“ပျံသန်းရေး ယာဥ်နဲ့လား”
ရိုင်ယန်က ပုခုံးတွန့်ပြသည်။
“အခြေစိုက်စခန်းရဲ့ လုံခြုံရေးအရာရှိဟောင်းတစ်ယောက်အနေနဲ့ပြောရရင် ကောင်းကင်က ပင်လယ်ထဲထက် ပိုအန္တရာယ်များတယ်။ အရင်က ငါမသိခဲ့ပေမဲ့ မနေ့က မွန်းစတားကြီး ပင်လယ်ထဲကနေ ကောင်းကင်အထိ တက်သွားတာကို မြင်လိုက်ရတော့မှ ငါ သဘောပေါက်သွားတယ်။ ဒီမွန်းစတားကြီးက စကြဝဠာရဲ့ အရှင်သခင်လိုပဲ။ ငါတို့ လူသားတွေအတွက်တော့ ရင်ဆိုင်ဖို့ တကယ်ကို ခက်ခဲလွန်းတယ်”
၎င်းကို ကြားသောအခါ လင်းရှန်၏ စိတ်ထဲတွင် လေးလံသွားပြီး ပြဿနာတက်ပြီဟု ခံစားလိုက်ရသည်။
သူတို့ပတ်ပတ်လည်တွင် တွင်းနက်ပင်လယ်မွန်းစတားကြီးများ ဝိုင်းရံထားပြီး အောက်ခြေတွင်လည်း ထိပ်တန်းမုဆိုးကြီးရှိနေသည်။ မနေ့က သမုဒ္ဒရာနတ်ဘုရားကြီး၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည့်အတွက် ၎င်းက သူတို့ကို စောင့်ကြည့်နေသည်ဟု လင်းရှန် စိတ်ထဲက ထင့်နေမိသည်။
“ဟင်... ဒါဆို ကျွန်မတို့ဘာလုပ်ကြမလဲ”
ကီကီက လင်းရှန်ကို ကြည့်လိုက်သည်။
“သွားလို့လည်း မရ၊ နေလို့လည်း မရနဲ့”
“ရေငုပ်သင်္ဘော အခြေစိုက်စခန်းထဲမှာပဲ ပုန်းပြီး အန္တရာယ်ပြီးတဲ့အထိ စောင့်ရင်ကော”
ရှီဇီက တိုးတိုးလေး ပြောလိုက်သည်။
လင်းရှန်က ခေါင်းခါပြလိုက်သည်၊၊
“မရဘူး။ အခုက ယူနီဂါ-၁ တစ်ခုတည်းတင်မဟုတ်ဘဲ ဂါလန်မီးတောင်လည်း ပါနေတယ်။ သူ ပေါက်ကွဲတာနဲ့ ကျွန်းအောက်က မီးတောင်ချော်ရည်တွင်းတွေကြောင့် ကျွန်းက ပစိဖိတ်သမုဒ္ဒရာထဲကို အမြန်ဆုံးနစ်မြုပ်သွားလိမ့်မယ်”
“ဒါဆို ပင်လယ်ကျောက်ဆောင်ကျွန်းပေါ်မှာပဲ ပုန်းရင်ကော။ ကျွန်းမကြီးပေါ်မှာ ကာကွယ်ရေးအဆောက်အအုံတွေ ရှိမှာပဲမဟုတ်လား”
နန်ကျင်းက အကြံပြုသည်။
“မီတာ ရာနဲ့ချီတဲ့ ဆူနာမီကို ခုခံဖို့လား”
ရိုင်ယန်သည် လင်းရှန်၏ အဖွဲ့သားများ စိုးရိမ်တကြီးဆွေးနွေးနေသည်ကို သတိထားမိလိုက်ပြီး ဝင်ပြောလိုက်သည်၊၊
“ငလျင်ဒဏ်ကိုတောင် ခံနိုင်ဖို့ ခဲယဉ်းပါတယ်”
“ပြဿနာပဲ...”
ဗန်နက်ဆာကလည်း လေးနက်သော မျက်နှာအမူယာဖြင့် ရိုင်ယန်ကို ပြောသည်။
“ရိုင်ယန်... Neptune ကို ပြုပြင်ဖို့ အနည်းဆုံး ၄၈ နာရီ လိုမယ်။ ငါတို့မှာ လုံးဝအချိန်မရှိဘူး”
“Neptune ကို ပြုပြင်နိုင်ဖို့ထက် ပိုအရေးကြီးတာ ရှိသေးတယ်”
ရိုင်ယန်က လင်းရှန်ကို ခါးသီးစွာ ပြုံးပြရင်း “Neptune ကို ပြင်ပြီးရင်တောင် ၂၄ နာရီအတွင်းမှာ ဆူနာမီဒဏ်ကနေ လွတ်အောင် မမောင်းနိုင်ဘူး။ အချိန်က အရမ်းတိုလွန်းတယ်။ ကံကောင်းလို့ ဂါလန်မီးတောင်က အနည်းငယ်ပဲ ပေါက်ကွဲတာမျိုး ဖြစ်မှပဲ...”
“ဒါမှမဟုတ် မွန်းစတားကြီးက အချိန်စောပြီး အမဲလိုက်တာမျိုးဖြစ်ရင်ကော။ ဒါဆိုရင် ငါတို့ အဲဒီစက်ကို ပိတ်ပြီး ဘေးကင်းကင်းနဲ့ ထွက်သွားလို့ ရမှာပေါ့”
လင်းရှန်က အကြံပြုလိုက်သည်။
“မှန်တယ်” ရိုင်ယန်က သက်ပြင်းချလိုက်သည်။
“ဒါပေမဲ့ ဖောင်ဒေးရှင်းရဲ့ အစီအစဉ်တွေအရဆိုရင် သူတို့က ဒီဘေးအန္တရာယ်ကို အတိအကျတွက်ချက်ထားပြီးသားမို့ ဆုတ်ခွာဖို့ အမိန့်ပေးခဲ့တာပဲ။ တကယ်ကို အခက်တွေ့တာပဲ”
“တခြားနည်းလမ်းမရှိတော့ဘူးလား”
“ရှိတယ်… စွမ်းအားတွေကို အချိန်စောပြီး ထုတ်လွှတ်ပစ်ဖို့ပဲ”
လင်းရှန်က ပြောလိုက်သည်။
“မြေအောက်အပူတွင်းထဲက စွမ်းအားအချို့ကို အရင်ထုတ်လွှတ်ပြီး မီးတောင်ပေါက်ကွဲမှုကို နှောင့်နှေးအောင်လုပ်ကြည့်လို့ ရမယ်”
“စွမ်းအားကို ဘယ်လိုထုတ်မလဲ။ အဲဒါက မီးတောင်ကြီးလေ”
အဲရစ်ကာက မယုံနိုင်သလို ပြောသည်။
“အဲဒီလိုလုပ်တာက သန္ဓေပြောင်းမွန်းစတားတွေကို ပိုဆွဲဆောင်သလိုဖြစ်ပြီး ပိုအန္တရာယ်များသွားနိုင်တယ်”
“ဟုတ်တယ်… အချိန်စောပြီး ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ”
ဗန်နက်ဆာကလည်း ဝင်ပြောသည်။
“ငါ့အထင်တော့ အဲဒါဖြစ်နိုင်ခြေရှိတယ်”
ရိုင်ယန်က ပြောလိုက်သည်။
“အခြေစိုက်စခန်းမှာ အရန်စွမ်းအားထုတ်လွှတ်တဲ့ ပိုက်လိုင်းတစ်ခုရှိတယ်ဆိုတာ ငါသိတယ်။ အဲဒါက အရှေ့တောင်ဘက် ပင်လယ်ပြင်မှာ ရှိတာ… အဲဒါကိုသာ ဖွင့်နိုင်ရင် ငါတို့အတွက် အချိန်အနည်းငယ်ရနိုင်မယ်။ ပြဿနာက အဲဒီရေအောက်မှာ...”
ထိုစကားကြောင့် လင်းရှန်တို့အဖွဲ့သည် အရင်က ရိုက်ထားသော ဝေဟင်ဓာတ်ပုံများထဲမှ ရေနက်ပိုင်းရှိ ကြောက်မက်ဖွယ်ကောင်းသော ရေဝဲကြီးနှင့် ထူးဆန်းသော သတ္တဝါကြီးကို သတိရသွားကာ ကျောချမ်းသွားကြသည်။
လင်းရှန်က မျက်မှောင်ကြုတ်လိုက်သည်၊၊
“အခု အခြေအနေမှာတော့ ငါတို့ စွန့်စားကြည့်ရုံပဲ ရှိတော့တယ်”
“ငါ သဘောတူတယ်”
ရိုင်ယန်ပြောပြီးနောက် လင်းရှန်ကို ကြည့်ကာ လက်ကမ်းပေးလိုက်သည်။
“ကပ္ပတိန်လင်း... ငါတို့ ပူးပေါင်းကြရအောင်။ ဒါဆိုရင် အသက်ရှင်နိုင်ခြေ ပိုများတာပေါ့”
“ကောင်းပြီ” လင်းရှန်က သူ့လက်ကို ချက်ချင်းပင် ဆွဲလိုက်သည်၊၊
“အခု မင်းတို့ရဲ့ ယာဉ်တန်းကို ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားလိုက်ပါ။ ပြီးရင် ငါတို့ အဖွဲ့နှစ်ဖွဲ့ ခွဲမယ်။ တစ်ဖွဲ့က စွမ်းအားတွေကို ထုတ်လွှတ်ဖို့ ကြိုးစားမယ်၊၊ နောက်တစ်ဖွဲ့ကတော့ ကျွန်းမကြီးပေါ်မှာ သင့်တော်တဲ့ ခိုလှုံနေရာတစ်ခုရှာမယ်”
ပြောပြီးနောက် လင်းရှန်၏ မျက်နှာမှာ တည်သွားကာ အချိန်ကို စစ်ဆေးရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“အားလုံးပဲ... မုန်တိုင်းက လာတော့မယ်။ စလိုက်ကြရအောင်”
…
ပင်လယ်ကျောက်ဆောင်ကျွန်း၊ တက္ကသိုလ်မြို့တော်၏ ပျက်စီးနေသော မြေအောက်ရထားဘူတာရုံအတွင်းမှ အက်ကြောင်းတစ်ခုသဖွယ် ထူးဆန်းသော အနန္တရထားသည် လိုဏ်ခေါင်းအတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ချန်ဆီရွှမ် တံခါးကို ဖွင့်လိုက်သောအခါ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် ကုန်တင်ဘူတာနှင့် ပတ်ဝန်းကျင်လမ်းမများမှာ အပျက်အစီးပုံများအဖြစ် ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လျှင် မြို့တော်မှာ အနည်းငယ် ကျုံ့ဝင်သွားသလို ခံစားရပြီး မြင့်မားသော အဆောက်အအုံများမှာ စောင်းနေကာ လမ်းမများမှာလည်း လုံးဝပိတ်ဆို့နေပြီဖြစ်သည်။
အီးးးး ဂါး ဂယား
ကောင်းကင်ယံတွင် တိမ်တိုက်များအုံ့မှိုင်းနေသော်လည်း နံနက်ခင်းအချိန် ဖြစ်သည်။ သို့သော်လည်း ထူးဆန်းသော အော်ဟစ်သံများ၊ သံထည်ပစ္စည်းများနှင့် အဆောက်အအုံများ ပြိုကျသံများက အဝေးဆီမှ ထွက်ပေါ်နေပြီး တစ်ချိန်က သေဆုံးနေသော မြို့ပျက်ကြီးမှာ ပြန်လည်လှုပ်ရှားသက်ဝင်လာသလို ရှိနေသည်။
ချီလီက တွဲပေါ်မှ ဆင်းလာပြီး ပတ်ဝန်းကျင်ကို သတိထားကာကြည့်လိုက်သည်။
“ဒီမှာ ဘယ်သူမှ နေလို့မရတော့ဘူး။ ဒီနေ့ ညမရောက်ခင်မှာတင် သန္ဓေပြောင်းမွန်းစတားတွေ မြို့ထဲမှာ ပြည့်သွားလိမ့်မယ် ထင်တယ်”
“ကပ္ပတိန်လင်းကော”
စက်အမြောက်ကို ထမ်းထားသော ရှုချင်းထွက်လာသည်။ တိုက်ပွဲဝင်စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသည့် ရှုချင်းမှာ အရင်က Big Foot ယာဉ်တန်းမှ အမဲလိုက်ဟန်နှင့် မတူတော့ဘဲ ယန္တရားစစ်သည်အမျိုးသမီးတစ်ဦးနှင့် တူနေသည်။ သူမ၏ ကိုယ်ခံပညာမှာလည်း များစွာတိုးတက်လာသလို လုချန်၏ လှုပ်ရှားနိုင်စွမ်းမှာလည်း သိသိသာသာမြင့်မားလာသည်။
သို့သော် မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲသူများ၏ အားနည်းချက်မှာ ခန္ဓာကိုယ်ကြီးမားသော သန္ဓေပြောင်းမွန်းစတားများကို ရင်ဆိုင်ရန် ထိရောက်သော တိုက်ခိုက်ရေးနည်းလမ်း မရှိခြင်းပင်ဖြစ်သည်။ မနေ့ညက ရှုချင်း၊ လုချန်နှင့် ချန်ဆီရွှမ်တို့သည် ဗန်နက်ဆာ သုံးစွဲခဲ့သည့် ခန္ဓာကိုယ်ကန့်သတ်ချက်ကို ကျော်လွန်ပြီး ထွက်ပေါ်လာသော အမှောင်စွမ်းအားအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ၎င်းသည် အကြီးစား တိုက်ပွဲဝင်စွမ်းရည်များကို မြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခုဟု ယူဆထားကြသည်။
“သူ လာနေပြီ”
ချန်ဆီရွှမ် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မီးတန်းအချို့ ကောင်းကင်ယံကို ဖြတ်သန်းသွားပြီးနောက် အသံထက်မြန်သော ပေါက်ကွဲသံနှင့်အတူ လင်းရှန်တို့အဖွဲ့ ဆင်းသက်လာသည်။
“အခြေအနေဘယ်လိုလဲ”
“ပြဿနာအကြီးကြီးပဲ”
လင်းရှန် မျက်နှာဖုံးကို ဖွင့်လိုက်သည်။ သူ၏ မျက်နှာမှာ အလွန်လေးနက်နေသည်၊၊
“အနည်းဆုံးတော့ ဘာဖြစ်နေတာလဲဆိုတာ ငါတို့သိသွားပြီ”
“ဒီကျွန်းမှာ ဖုတ်ကောင်တွေတောင်မရှိဘဲ ဘာလို့ ဒီလောက် ခြေက်ကပ်နေရလဲဆိုတဲ့ အကြောင်းရင်းရှိတာပဲ”
ကီကီက သက်ပြင်းချသည်၊၊
“သမုဒ္ဒရာဂြိုဟ်ပတ်လမ်းကြောင်းဆီကို သွားတဲ့ ရထားအဖွဲ့တွေဆီက သတင်းမရတာ မဆန်းတော့ဘူး။ ဒီပတ်ဝန်းကျင် ပင်လယ်ပြင်က ကမ္ဘာ့အဆင့် သတ္တဝါကြီးတွေအတွက် အမဲလိုက်ကွင်းဖြစ်နေတာကိုး”
“အမဲလိုက်ကွင်း ဟုတ်လား”
လင်းရှန်က ခေါင်းငြိမ့်ပြကာ အဖွဲ့သားများကို အခြေအနေအားလုံးကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။ အခြေအနေမှာ အလွန်အရေးကြီးကြောင်း သိလိုက်ရသောအခါ လူတိုင်း၏ မျက်နှာတွင် စိုးရိမ်ရိပ်များ လွှမ်းသွားသည်။