အကုန်အစင်သုတ်သင်ခြင်း
Vol. 57 Ch. 993
ဧရာမ ပင်လယ်မွန်းစတားကြီးသည် ပလာစမာစွမ်းအင်ဓားကြောင့် နှစ်ခြမ်းကွဲသွားပြီး ပုပ်ဟောင်နေသော အမည်းရောင်အရည်များမှာ ရေတံခွန်အလားပန်းထွက်လာကာ အေးခဲနေသော ပင်လယ်ရေပြင်ကို ချိုင့်ခွက်များအဖြစ် တိုက်စားသွားသည်။ သို့သော် လင်းရှန်နှင့် ရိုင်ယန်တို့မှာ သူတို့အပေါ်ရှိ အမှောင်အမှတ်အသားများ ပျောက်ကွယ်မသွားသည့်အပြင် ပို၍ပင် ပြင်းထန်လာသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။ ဝိညာဉ်တုန်ခါမှုလှိုင်းတိုင်းတာစက်မှ နားကွဲမတတ် အချက်ပေးသံများထွက်ပေါ်လာပြီး မျက်နှာပြင်ပေါ်ရှိ အနီရောင်အမှတ်အသားမှာ ရူးသွပ်စွာတုန်ခါနေသည်။ ၎င်း၏ ပြင်းအားမှာ ထိန်းချုပ်မရသောအင်ဂျင်တစ်ခုအလားမြင့်တက်လာပြီး အဆင့် ၅ အဆင့်သို့ပင် ရောက်ရှိတော့မည့်ပုံပေါ်နေသည်။
“သေစမ်း...”
ရိုင်ယန်က တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရပေမဲ့ အချိန်နှောင်းသွားလေပြီ။
“လင်းရှန်၊၊ ပတ်ဝန်းကျင်က ပင်လယ်သတ္တဝါတွေအားလုံး နိုးထသွားပြီထင်တယ်”
ကီကီက သူမ၏ စိတ်စွမ်းအားဖြင့် ပင်လယ်အင်းဆက်အုပ်ကြီးကို ချေမှုန်းရင်း စိုးရိမ်တကြီးပြောလိုက်သည်။
လင်းရှန်သည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
“ငါလည်း တွေ့တယ်”
ဝုန်းဝုန်း
ကျွန်းပတ်လည်ရှိ ပင်လယ်ပြင်တစ်ခုလုံးမှာ ရုတ်တရက်ဆူပွက်လာသည်။ အရှေ့ဘက်ပင်လယ်နက်ပိုင်းရှိ အရွယ်အစားမျိုးစုံရှိသော ထူးဆန်းသည့် သတ္တဝါများစွာ ရေမျက်နှာပြင်ပေါ်သို့ တိုးထွက်လာကြသည်။ ကောင်းကင်ယံရှိ တိမ်ထုများအပေါ်တွင်လည်း နောက်ထပ် ဧရာမအရိပ်ကြီးတစ်ခုနီးကပ်လာနေပြီး ကျောက်ဆောင်များကြားတွင်လည်း ကျောက်ခဲများ ပြိုကျသံများ ထွက်ပေါ်လာကာ ပင်လယ်အောက်ခြေမှ တစ်ခုခုက ကုန်းမြေအစွန်းသို့ ထိုးဖောက်တက်လာတော့မည့် အချက်ပေးသံများ ထွက်ပေါ်နေတော့သည်။
ဝေါ ဝေါ
ဆူပွက်နေသော ပင်လယ်ရေပြင်မှာ သိပ်သည်းလှသော ပင်လယ်အင်းဆက်များဖြင့် ဖုံးလွှမ်းသွားပြီး လှိုင်းလုံးများနှင့်အတူ လိမ့်တက်လာကြသည်။ ၎င်းတို့နောက်တွင် ဖော်ပြ၍မရနိုင်သော ထူးဆန်းသည့် သတ္တဝါများစွာမှာ အရပ်မျက်နှာအသီးသီးမှ လင်းရှန်နှင့် ရိုင်ယန်တို့အဖွဲ့ထံသို့ ကူးခတ်၍သော်လည်းကောင်း… တွားသွား၍သော်လည်းကောင်း… လမ်းလျှောက်၍သော်လည်းကောင်း ဦးတည်လာကြသည်။
လွန်ခဲ့သော မိနစ်အနည်းငယ်က ငြိမ်သက်နေသော ဤပင်လယ်ပြင်သည် အမှောင်အမှတ်အသားပေါ်လာပြီးနောက်တွင် ပင်လယ်နက်သတ္တဝါများ၏ အမဲလိုက်ကွင်းပြင်အဖြစ် ချက်ချင်းပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ခန့်မှန်းနိုင်မည်နည်း။
လင်းရှန်သည် ဤကဲ့သို့ ထူးဆန်းသော သန္ဓေပြောင်းမွန်းစတားများနှင့် ရုတ်တရက် ထိပ်တိုက်တွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် မျက်စိရှေ့တွင် ဖြစ်ပျက်နေသည့် အခြေအနေများအပြင် အခြားအဖွဲ့များ၏ အခြေအနေကိုပါ စိုးရိမ်လာမိသည်။
“သူတို့တွေက အရမ်းများနေတယ်… ဘာလုပ်ကြမလဲ”
ကီကီက ရှီဇီိကို သူမဘေးသို့ ဆွဲခေါ်လိုက်ပြီး လင်းရှန်နှင့် ကျောချင်းကပ်ကာ စိုးရိမ်တကြီးမေးလိုက်သည်။
“ဒီကျွန်းမနစ်မြုပ်ခင် အားလုံးကို အပြတ်ရှင်းပစ်ရမယ်”
လင်းရှန်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ သူ၏ မျက်လုံးများနှင့် စွမ်းအားဝတ်စုံရှိ ရေဒါစနစ်တို့က ပတ်ဝန်းကျင်ကို အလျင်အမြန် စကင်ဖတ်လိုက်သည်။ သူသည် မီးတောက်ကို ခေါ်မလာခဲ့မိသည်ကို နောင်တရမိသွားသည်။ လက်ရှိမြင်ကွင်းတွင် သတ္တဝါများစွာ ရှိနေသော်လည်း အစောပိုင်းလေ့လာချက်များအရ S-Classအဆင့် သတ္တဝါများ ရှိနေသည့် အရိပ်အယောင်တော့ မတွေ့ရသေးပေ။ သူသည် ကောင်းကင်ယံမှ အရိပ်မည်းကြီးနှင့် ရေအောက်မှ တိုးဝှေ့တက်လာသော သတ္တဝါကြီးများကို ကြည့်ကာ ရိုင်ယန်ရှိရာဘက်သို့ လှမ်းပြောလိုက်သည်။
“ရိုင်ယန်… အားလုံး တပြိုင်နက်တိုက်စစ်ဆင်ကြမယ်”
“ကောင်းပြီ”
ရိုင်ယန်က ပြတ်သားစွာ ပြန်ပြောလိုက်သည်။ ထိုအချိန်တွင် တွင်းနက်ဝဲဂယက်ထဲမှ သန္ဓေပြောင်းသတ္တဝါများသည် ရေပေါ်သို့ ခုန်တက်လာကြပြီ ဖြစ်သည်။ အမျိုးမျိုးသောသန္ဓေပြောင်းမွန်းစတားများသည် ကျွန်းပေါ်သို့ အလုအယက်တက်လာကြပြီး ထူးဆန်းသော အာရုံခံလက်တံများနှင့် ပြည့်နှက်နေသည့် ၎င်းတို့၏ ပါးစပ်များကို ဖြဲကာ ဟိန်းဟောက်အော်ဟစ်နေကြသည်။ ထိုရွံရှာဖွယ်အသံများက လူတိုင်း၏ နားစည်ကို ရိုက်ခတ်နေလေသည်။
“စတိုက်ကြ”
လင်းရှန်၏ အမိန့်ပေးသံနှင့်အတူ လူတိုင်းချက်ချင်းပင်လှုပ်ရှားလိုက်ကြသည်။ လင်းရှန်၊ ကီကီ၊ ရိုင်ယန်၊ ဗန်နက်ဆာ၊ အဲရစ်ကာ၊ အက်ဇ်လန်နှင့် ဂေဒီတို့သည် အရပ်မျက်နှာ သုံးဖက်မှ အလွန်ကြီးမားသော သန္ဓေပြောင်းမွန်းစတားကြီးများကို ပစ်မှတ်ထားကာ အန္တရာယ်ကြီးမကျရောက်မီ အမြန်ဆုံးအဆုံးသတ်နိုင်ရန် အစွမ်းကုန်တိုက်ခိုက်ကြတော့သည်။
အုန်း အုန်း၊၊
ရိုင်ယန်၏ အဖွဲ့က သလင်းကျောက်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်နှင့် ကျွန်းပေါ်သို့ တက်လာသည့် သန္ဓေပြောင်းမွန်းစတားများ၏ ပစ်မှတ်ဖြစ်သွားလေသည်။ သို့သော်လည်း လူတိုင်းက တွန့်ဆုတ်မနေဘဲ အထူးအဆင့်သတ္တဝါကြီးများကို ဦးစားပေးရှင်းလင်းရန် ဆုံးဖြတ်လိုက်ကြပြီး ရိုင်ယန်၏ ကျန်ရှိသော အဖွဲ့ဝင်များကလည်း ခံစစ်ဗျူဟာများ ခင်းကျင်းလိုက်ကြသည်။ သေနတ်သံများနှင့် အမြောက်သံများ ဟိန်းထွက်လာကာ ပင်လယ်ရေထဲမှ တက်လာသော အင်းဆက်ဒီရေလှိုင်းကြီးကို စတင်သုတ်သင်ကြတော့သည်။
“ဂေဒီ၊ အက်ဇ်လန်… သတိထားကြ”
မြေအောက်မှ တိုးထွက်လာသော အမွှေးများဖြင့် အင်းဆက်သတ္တဝါတစ်ကောင်ကို အေးခဲစွမ်းရည်ဖြင့် အေးခဲပစ်လိုက်ရင်း ရိုင်ယန်က ရုတ်တရက် သတိပြုမိသွားသည်။ ကောင်းကင်တွင် အက်ဇ်လန် ဖျက်ဆီးပစ်လိုက်သော တိမ်တိုက်များက မုန်တိုင်းတိမ်တိုက်များအဖြစ် ပြန်လည်ဖုံးလွှမ်းလာပြန်သည်။ နေရောင်ကို ဖုံးကွယ်စေသော အရိပ်မည်းကြီးအောက်တွင် အနီရောင်အလင်းတန်းများ စုစည်းလာနေသည်၊၊ ၎င်းမှာ အခြားသော အထူးအဆင့်မိုးပျံသတ္တဝါတစ်ကောင်ပင်၊၊
“အဲရစ်ကာ… တန်ပြန်အလင်းတန်းကို သုံး”
“သိပြီ”
လေဆာအလင်းတန်းကျဆင်းလာသည့် အချိန်၌ပင် အဲရစ်ကာသည် ကောင်းကင်သို့ ပျံတက်သွားပြီး သူမ၏ ရှေ့တွင် စွမ်းအားမြင့် အလင်းဒိုင်းကာကြီးကို ထပ်မံဖန်တီးလိုက်သည်။
သန္တာကျောက်တန်းဧရိယာတွင် မြေပြင်မှ ထိုးထွက်လာသော ထိတ်လန့်ရွံရှာဖွယ်ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ပေ ၁၀၀ခန့် ရှည်လျားပြီး မြင့်မားလှသော ပင်လယ်မွန်းစတားကြီးသည် ၎င်း၏ ပုံသဏ္ဌာန်အစစ်အမှန်ကို တဖြည်းဖြည်းချင်းဖော်ပြလာသည်။
အဝေးရှိ တောင်တန်းအချို့မှာ အနည်းငယ်တုန်ခါလာပြီး ပင်လယ်ပြင်ရှိ ကျွန်းအချို့မှာလည်း တပြိုင်နက်တည်း ရွေ့လျားလာကြသည်။ သံသယဖြစ်စရာမလိုဘဲ ဤ ထူးဆန်းသော သတ္တဝါများ၏ ပစ်မှတ်မှာ လင်းရှန်နှင့် သူ၏အဖွဲ့သာ ဖြစ်သည်။ အဆင့် ၄ အမှတ်အသားများ ပေါ်လာခြင်းက သူတို့ကို အမှောင်ထုထဲတွင် မီးရှူးတိုင်များကဲ့သို့ ထင်ရှားစေသည်။
လင်းရှန်၏ဘက်တွင်မူ ဒရုန်းထောင်ပေါင်းများစွာက ကောင်းကင်တွင် ပျံဝဲနေပြီး ထူထပ်လှသော အင်းဆက်လှိုင်းများကို တိကျစွာ အမဲလိုက်နေကြသည်။ သူနှင့် ကီကီတို့သည် သတ္တဝါများကြားမှ တိုးထွက်ကာ ပင်လယ်ရေအောက်မှ တက်လာသော မွန်းစတားကြီးဆီသို့ တိုက်ရိုက်ဦးတည်သွားလိုက်၏။
“အမြန်အဆုံးသတ်မယ်”
ဘစ်ဇ်၊၊
လျှပ်စစ်စွမ်းအင်လှိုင်းတစ်ခုက ပင်လယ်အင်းဆက်အုပ်စုကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။ လင်းရှန်သည် လေထဲသို့ ခုန်တက်ကာ လက်တစ်ဖက်ကို မြှောက်ပြီး ရွှမ်းဝူ၏ ယန္တရားညာလက်ကို အသုံးပြုကာ ဓားဖြင့် တိုက်ရိုက်ပိုင်းချလိုက်သည်။ ထိုအချိန်တွင် ကီကီ၏ စိတ်စွမ်းအားလှိုင်းကလည်း တစ်ကီလိုမီတာ အကျယ်အဝန်းအထိ ပြင်းထန်သော တုန်ခါမှုကို ထုတ်လွှတ်ကာ ပင်လယ်ပြင်သို့ ရိုက်ခတ်သွားသည်။ ချက်ချင်းဆိုသလိုပင် VK လျှပ်စစ်ဓားများစွာက မြည်ဟီးသံနှင့်အတူ လည်ပတ်ကာ ပိုင်းဖြတ်သွားကြတော့သည်။ သူတို့ နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် A-အဆင့်ဖြစ်စေ၊ အထူးအဆင့်ဖြစ်စေ ထိုသတ္တဝါသည် ပြန်လည်မတိုက်ခိုက်နိုင်မီမှာပင် အသားစိုင်များအဖြစ် အပိုင်းပိုင်းပြတ်သွားပြီး နီရဲသော သွေးလှိုင်းများက ပင်လယ်ပြင်ကို အရောင်ဆိုးလိုက်သည်။
ပြဿနာတစ်ခုကို အမြန်ဆုံးဖြေရှင်းပြီးနောက် လင်းရှန်သည် ရိုင်ယန်တို့ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ လင်းယုန်အုပ်စုမှ အထူးတပ်ဖွဲ့ဝင်များကလည်း ပြတ်သားထိရောက်စွာ တိုက်ခိုက်နေကြသည်။ သို့သော်လည်း ပင်လယ်ထဲမှ ဆက်တိုက်ထွက်ပေါ်လာနေသော အမျိုးမျိုးသော သန္ဓေပြောင်းမွန်းစတားများကြောင့် သူတို့ပေါ်က အမှတ်အသားက ပျောက်ကွယ်မသွားသေးပေ။
ထိုအချိန်တွင် အမှောင်အမှတ်အသား၏ ပြင်းအားမှာ အဆင့် ၄ မှ အဆင့် ၂ သို့ လျော့ကျသွားသည်ကို လင်းရှန် တွေ့လိုက်ရသည်။ သို့သော် သူ၏ ဒရုန်းများနှင့် ကီကီ၏ ဆက်တိုက်သတ်ဖြတ်မှုများကြောင့် အဆင့် ၁ နှင့် အဆင့် ၂ ကြားတွင်သာတန့်နေသဖြင့် သူ ပို၍ စိုးရိမ်လာမိသည်။
“ဒါက အလုပ်မဖြစ်ဘူး၊၊ ပင်လယ်ကျောက်ဆောင်ကျွန်း ပတ်ပတ်လည်မှာ မွန်းစတားတွေ အရမ်းများနေတယ်၊၊ ဒီဝိုင်းရံမှုကို ဖောက်ထွက်ဖို့ ခက်လိမ့်မယ်”
“အမှတ်အသားရှိနေသရွေ့တော့ သူတို့ကို အကုန်သတ်လို့ ပြီးမှာ မဟုတ်ဘူး”
ကီကီ၏ လေသံမှာလည်း စိုးရိမ်စိတ်ကြောင့် တုန်ယင်လာသည်။
လင်းရှန်သည် ဝန်းရံနေသော ပင်လယ်ပြင်ကို ကြည့်လိုက်သည်။ မုန်တိုင်းက ပို၍ပြင်းထန်လာပြီး ကောင်းကင်ယံမှာ ကြောက်မက်ဖွယ်ကောင်းလာသည်။ လှိုင်းတံပိုးများက ကမ်းခြေကို ရိုက်ခတ်နေပြီး ပင်လယ်ပြင်တွင် ဝဲဂယက်လေးများ စတင်ပေါ်ပေါက်လာခြင်းက အခြေအနေမှာ တဖြည်းဖြည်းဆိုးရွားလာနေကြောင်း ပြသနေသည်၊၊
အခြားတစ်ဖက်တွင် ရိုင်ယန်၏ အဖွဲ့သည်လည်း အစွမ်းကုန်ပစ်ခတ်နေကြပြီး ကမ်းခြေတစ်ခုလုံး သန္ဓေပြောင်းမွန်းစတားများ၏ အလောင်းများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။ သို့သော်လည်း ကမ်းစပ်မှ အဆက်မပြတ်တက်လာသော မွန်းစတားများကို ကြည့်ကာ ရိုင်ယန်၏ မျက်နှာပျက်ယွင်းလာပြီး နားကြပ်မှတစ်ဆင့် ချက်ချင်း အမိန့်ပေးလိုက်သည်။
“အက်ဇ်လန်၊ ဂေဒီ…ကမ်းခြေကို ဖြတ်တောက်ပစ်လိုက်”
ဘွန်းးး
အနက်ရောင် ကောင်းကင်အမြောက်ဖြင့် တစ်ချက်ပစ်ခတ်လိုက်ရာ ကမ်းခြေတစ်လျှောက် မီတာရာနှင့်ချီသော ကျင်းကြီးတစ်ခုဖြစ်ပေါ်သွားပြီး ပင်လယ်ရေနှင့် သဲများက လေထဲသို့ လွင့်စင်သွားသည်။ ဂေဒီသည် အပေါ်မှ ကျဆင်းလာသော သန္ဓေပြောင်းမွန်းစတားကြီးတစ်ကောင်ကို တိကျစွာထိုးနှက်လိုက်ရင်း လေးနက်စွာ ပြန်ပြောလိုက်သည်။
“ငါတွက်ချက်ပြီးပြီ… ဒီလောက်ကျယ်တဲ့ ဧရိယာကို ငါတို့ မထိန်းချုပ်နိုင်ဘူး”