← Chapters

အထက်ဘုံသို့ တက်လှမ်းမည့်နေ့ရက်

Vol. 38 Ch. 371

အထက်ဘုံသို့ တက်လှမ်းမည့်နေ့ရက်

Vol. 38 Ch. 371

အစပိုင်းတွင် အင်မော်တယ်ကံကြမ္မာတိုကင်များ၏ဈေးနှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်လာမှုကိုကြည့်ကာ အစ်ကိုကြီးချန်မှာ အတော်လေးစိတ်အားထက်သန်နေခဲ့သည်။ သို့သော် အခုရေဆယ်ဂဏန်းကျော်အထိ ဆက်တိုက်လေလံဆွဲနေကြသည်ကို မြင်သောအခါ အနည်းငယ် ငြီးငွေ့လာ၏။ လေလံခေါ်သံများမှာ ဆူညံလွန်းသည်ဟုပင်ခံစားရသဖြင့် အစီအရင်တစ်ခုဖြင့် အသံကိုပိတ်ဆို့လိုက်ပြီး မျက်စိမှိတ်ကာအနားယူနေလိုက်သည်။

ထိုနေရာတွင်ရှိသော အခြားသူများမှာမူ သူ့လိုစိတ်အေးလက်အေးမရှိကြ။ လူတိုင်းမှာ စိုးရိမ်ပူပန်နေကြပြီး မိမိတို့ရရှိမည့်အကျိုးအမြတ် သို့မဟုတ် ဆုံးရှုံးမှုများအတွက် ရင်တုန်ပန်းတုန် ဖြစ်နေကြရသည်။ အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ တိုကင် အခု ၁၀၀ မြောက် ရောင်းချပြီးသွားလေပြီ။ ၂၀၀ မြောက်ကိုလည်း ရောင်းချပြီးသွားပြီ...။ တိုကင်တစ်ခုချင်းစီ၏ အရောင်းအဝယ်ဈေးနှုန်းမှာ ကွာခြားချက်ရှိသော်လည်း တူညီသောအချက်တစ်ခုမှာ ဈေးနှုန်းများမှာ မယုံနိုင်လောက်အောင် မြင့်မားနေခြင်းပင်။

ဈေးနှုန်းအားလုံးနီးပါးမှာ အဆင့်မြင့် အင်မော်တယ်ကျောက်တုံး သန်း ၂၀ ဝန်းကျင်တွင်ရှိနေပြီး တစ်ခုမှာမူ ၂၅.၁ သန်းအထိပင် ရောက်ရှိသွားခဲ့သည်။ တိုကင်တိုင်း၏ဈေးနှုန်းမှာ ကျဆင်းမည့်အလားအလာမရှိသည်ကို မြင်သောအခါ အခြေအနေကိုစောင့်ကြည့်နေကြသူများမှာလည်း ဆက်လက်၍ စိတ်မအေးနိုင်ကြတော့ချေ။ အခြေအနေမှာ သူတို့ခန့်မှန်းထားသည်နှင့် လုံးဝခြားနားနေသည်။ ဈေးနှုန်းမှာ ကျဆင်းမည့် အရိပ်အယောင်ပင် မပြချေ။

အလယ်အင်မော်တယ်လောကမှာ ကျယ်ပြန့်လွန်းလှပြီး ဤပြိုင်ပွဲတွင်ပါဝင်နေသော အင်မော်တယ်အရှင်မြတ် အရေအတွက်မှာ ရှစ်သောင်းမှ တစ်သိန်းကြားရှိသည်။ သူတို့လက်ထဲတွင် အဆင့်မြင့်အင်မော်တယ်ကျောက်တုံး ၇ သန်းကျော်ရှိနေကြသော်လည်း တိုကင်အရေအတွက်မှာမူ ၁,၀၀၀ အောက်သာ ရှိတော့သည်။ ထို့ကြောင့် ပြိုင်ဆိုင်မှုမှာလျော့ကျမသွားဘဲ ပိုမိုပြင်းထန်လာ၏။

အရေအတွက် ဆယ်ဂဏန်းခန့်သာကျန်တော့သည့်အချိန်တွင်မူ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသူများကြောင့် ဈေးနှုန်းမှာ စကြာဝဠာကိုပါကျော်လွန်သည်အထိ တက်သွားနိုင်သည်။ သင်က စောင့်ကြည့်နေသော်လည်း အခြားသူများကမူ စောင့်ဆိုင်းနေကြမည်မဟုတ်။ အကယ်၍ ယခုမပြိုင်ဆိုင်လျှင် နောက်ပိုင်းတွင် ပြိုင်ဆိုင်ရန်အတွက် အရိုးပင်ကျန်တော့မည်မဟုတ်ပေ။ ထို့ကြောင့်ပင် တိုကင်များ၏လေလံဈေးမှာ လုံးဝမကျပေ။

အခု ၈၀၀ မြောက်သို့ ရောက်ရှိချိန်တွင် ဈေးနှုန်းမှာ သန်း ၃၀ ကျော်သွားလေပြီ။ နောက်ဆုံးကျန်ရှိသော အခုရေအနည်းငယ်မှာမူ သန်း ၄၀ ဟူသော အလွန်မြင့်မားသည့်ဈေးနှုန်းသို့ ရောက်ရှိသွား၏။ အထူးသဖြင့် နောက်ဆုံးတိုကင်တစ်ခုကို တစ်ကွင်းလုံးရှိလူများ အရူးအမူးလေလံဆွဲကြတော့သည်။ နောက်ဆုံးတွင် ထိုတိုကင်အား ၇၃ သန်းဟူသော မယုံနိုင်စရာဈေးနှုန်းဖြင့် ရောင်းချလိုက်လေတော့သည်။

ယွမ်ကျန်း၊ ယွမ်ရှန့်နှင့် အခြားသူများမှာ ထိုအင်မော်တယ်ကျောက်တုံး အသုံးကြမ်းပုံကိုကြည့်ကာ အသက်ပြင်းပြင်းရှူနေကြရသည်။ ဤအမြတ်အစွန်းမှာ ဘယ်နှစ်ဆရှိနေသနည်း။ ဘိုးဘေးကြီးက အမှန်တကယ်ကို ကစားတတ်လွန်း၏။ ဈေးတင်၍မရနိုင်တော့မည်ကို စိုးရိမ်ခဲ့သော အတွေးများမှာလည်း လေနှင့်အတူဝေးလွင့်သွားခဲ့လေပြီ။ ဂုဏ်သတင်းနှင့် ကျော်စောမှုများအကြောင်းကိုလည်း သူတို့ ထည့်မစဉ်းစားအားကြတော့။

ထိုအချိန်တွင် တိုကင်ဝယ်ယူခဲ့ကြသူများမှာ ဘေးရှိနန်းဆောင်ဝင်းများအတွင်း၌ တည်းခိုနေကြလေပြီ။ အင်မော်တယ်ကံကြမ္မာတိုကင် ၃ သိန်းကျော်လုံးမှာ ယခုအခါ ပိုင်ရှင်ကိုယ်စီရှိသွားကြပြီဖြစ်၍ ဤခမ်းနားသော ပွဲတော်ကြီးမှာလည်း ပြီးဆုံးခြင်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော်လည်း တိုကင်မဝယ်ယူနိုင်ခဲ့ကြသူများမှာမူ စိတ်လှုပ်ရှားမှုများ ပြင်းထန်နေကြပြီး ထိုနေရာမှထွက်ခွာသွားရန် ငြင်းဆန်နေကြ၏။

"ကောင်းပြီ... အကုန်လုံးရောင်းကုန်သွားပြီ။ အားလုံးပဲ လူစုခွဲကြတော့"

အစ်ကိုကြီးချန်က အိပ်ငိုက်နေရာမှနိုးလာပြီး မတ်တတ်ရပ်လိုက်သည်။ သူ ဤနေရာတွင်ရှိနေခြင်းမှာ ကံကောင်းသည်ဟုဆိုရမည်။ အခြားဂိုဏ်းတစ်ခုသာဖြစ်ပါက အင်မော်တယ်ဘုရင်တစ်ပါးရှိနေလျှင်ပင် စိတ်ပျက်အားလျော့နေကြသော အင်မော်တယ်အရှင်မြတ်အမြောက်အမြား၏ ဒေါသကို ထိန်းချုပ်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သွေးထိုးလှုံ့ဆော်လိုက်လျှင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကြီး ဖြစ်ပွားသွားနိုင်သည်။

သို့သော် ကျန်းချန်၏ စကားတစ်ခွန်းကြောင့် ဒေါသထွက်နေကြသူများမှာ တခြားတစ်နေရာတွင်သာ ဒေါသဖြေရန် ဆုံးဖြတ်ကာ ပြန်သွားကြတော့သည်။ ခမ်းနားသောပွဲတော်ကြီး ပြီးဆုံးသွားပြီး အရာအားလုံး ငြိမ်သက်သွားလေပြီ။ ပြင်ပလောကရှိလူများမှာ လေလံဈေးနှုန်းများကြောင့် ထိတ်လန့်နေကြသော်လည်း တစ်ဖက်တွင်မူ ဖေးရှန်ဂိုဏ်း၌ တိုကင်တစ်ခုမှမကျန်တော့သည်ကို သိရှိသွားသောအခါ အံ့အားသင့်သွားကြရသည်။

"ဖေးရှန်ဂိုဏ်းကဘယ်သူမှ အထက်ဘုံကို မတက်ကြတော့ဘူးလား"

"သူတို့က တကယ်ပဲ အကုန်ရောင်းလိုက်တာလား"

"သူတို့က တကယ်ပဲ နောက်တစ်ကြိမ်ကိုစောင့်ဖို့ စဉ်းစားနေကြတာလား"

"နောက်တစ်ကြိမ်ဆိုတာ ရှိလာမှာမဟုတ်တော့ဘူး။ ဒီတစ်ကြိမ်ပြီးရင် အင်မော်တယ်ဧကရာဇ်တွေက သေချာပေါက် ဝင်ရောက်စွက်ဖက်ကြတော့မှာ"

"ဒီလောက် အင်မော်တယ်ကျောက်တုံးတွေအများကြီး ရထားတာကို သူတို့ကိုယ်သူတို့ ဘယ်လို ကာကွယ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

မနာလိုဝန်တိုမှုဖြင့် ပြောဆိုနေကြသော ကောလာဟလများမှာ နေရာအနှံ့ ပျံ့နှံ့နေသော်လည်း အစ်ကိုကြီးချန်အပေါ် မည်သည့်သက်ရောက်မှုမှမရှိချေ။ သူရရှိထားသော အကျိုးအမြတ်များကို ပျော်ရွှင်စွာ ရေတွက်နေလေသည်။ ကနဦးခန့်မှန်းချက်မှာ အဆင့်မြင့်အင်မော်တယ်ကျောက်တုံး ၉၀၀ ဘီလီယံကျော်ဖြစ်သော်လည်း လက်တွေ့တွင်မူ ၃၀၀ ဘီလီယံခန့် ပိုရခဲ့သည်။

၎င်းတို့ကို ကံကြမ္မာအမှတ်များအဖြစ် ပြောင်းလဲလိုက်သောအခါ အမှတ်ပေါင်း သန်း ၁၂၀ အထိ ရရှိလေ၏။ သူသည် မိမိ၏ ဉာဏ်ကောင်းပုံကိုပင် မချီးကျူးဘဲ မနေနိုင်တော့ချေ။

"ဟဲဟဲ... အင်မော်တယ်ဘုရင်အဆင့်တက်ဖို့ ခက်ခဲတယ်ဆိုရင်တောင် ဘာဖြစ်လဲ"

"ငါ ကံကြမ္မာအမှတ်တွေရတဲ့နှုန်းက အရမ်းမြန်တယ်။ ဘယ်သူမှ ငါ့ကိုတားလို့မရဘူး"

ထိုကံကြမ္မာအမှတ်များကို ဆေးလုံးများအဖြစ်ပြောင်းလဲလိုက်ပြီးနောက် အချိန်အတော်ကြာ တိုးတက်မှုမရှိခဲ့သော သူ၏ကျင့်ကြံဆင့်မှာ နောက်ဆုံးတွင် အဆင့် ၆ အင်မော်တယ်ဘုရင်မှ အဆင့် ၈ အင်မော်တယ်ဘုရင်အထိ တက်လှမ်းသွားလေပြီ။ ခဏတာပျော်ရွှင်ပြီးနောက် သူသည် မေးစေ့ပွတ်ကာ စဉ်းစားလိုက်မိသည်။

"ဒီကျင့်ကြံဆင့်နဲ့ဆိုရင် ရှောင်ဟန်၊ ရှောင်နင်တို့နဲ့ သူတို့ရဲ့တပည့်တွေရှေ့မှာ မျက်နှာမငယ်လောက်တော့ဘူးမလား"

"သူတို့ရဲ့စိတ်ထဲမှာရှိတဲ့ ငါ့ရဲ့ မြင့်မြတ်တဲ့ပုံရိပ်ကြီး ပြိုလဲသွားလို့မဖြစ်ဘူး"

သူတို့နောက်ဆုံးတွေ့ခဲ့သည်မှာ နှစ်ပေါင်းသန်း ၁၀၀ ကျော်ခဲ့ပြီဖြစ်သဖြင့် ထိုတပည့်များ၏ကျင့်ကြံဆင့်မှာ မည်မျှအထိရောက်ရှိနေလဲဆိုသည်ကို မည်သူမှမသိနိုင်ချေ။ ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် အနည်းဆုံးတော့ အင်မော်တယ်ဘုရင်အဆင့်ရှိနေမှသာ လူရာဝင်ပေလိမ့်မည်။ ဤသည်မှာ သူ ကံကြမ္မာအမှတ်များရရှိရန်နှင့် အဆင့်တက်ရန် ကြိုးစားရခြင်း၏ အကြီးမားဆုံးအကြောင်းပြချက်ပင်။ မဟုတ်လျှင်မူ အသက်ပြန်ရှင်နိုင်သော လှည့်ကွက်ရှိနေသည့်သူသည် ခွန်အားတိုးတက်စေရန် ဤမျှကြိုးစားနေမည်မဟုတ်။

နောက်ပိုင်းတွင် အဖွဲ့အစည်းအသီးသီးမှာ အထက်ဘုံသို့ တက်လှမ်းရန်အတွက် အထူးပြင်ဆင်မှုများ ပြုလုပ်ကြတော့သည်။ အစ်ကိုကြီးချန်၏ ၃ သိန်းအပြင် ပြင်ပတွင် တိုကင် ၃ သောင်းခန့် ကျန်ရှိနေသေး၏။ ထိုတိုကင်များမှာ ထိပ်တန်းအင်မော်တယ်ဂိုဏ်းကြီးများနှင့် နတ်ဆိုးဂိုဏ်းကြီးများ၏ လက်ထဲတွင် ရှိနေကြသဖြင့် သူတို့မှာ ကျန်းချန်ကဲ့သို့ ရောင်းချကြမည်မဟုတ်။ ထိုဂိုဏ်းများအတွင်း၌ လူရွေးချယ်ပွဲများကို ပြုလုပ်နေကြသည်။

အထက်အင်မော်တယ်လောကတွင်လည်း တက်လှမ်းလာမည့်သူအသစ်များကို ကြိုဆိုရန်အတွက် အင်အားစုအသီးသီးမှ တာဝန်ရှိသူများသည် ကျီရှောင်စင်မြင့်နှင့် ငရဲရေကန်ဟူသော နေရာနှစ်ခုသို့ စတင်ဦးတည်နေကြလေပြီ။ အင်မော်တယ်ဧကရာဇ်များနှင့် နတ်ဆိုးဧကရာဇ်များကလည်း ဖေးရှန်ဂိုဏ်းသားများ ဝင်ရောက်လာမည့်အချိန်ကိုစောင့်ကြိုကာ လွတ်လမ်းမရှိသောပိုက်ကွန်များကို ဖြန့်ကျက်ထားကြ၏။ ဖေးရှန်ဂိုဏ်းအတွင်း၌မူ အရာအားလုံးမှာ ငြိမ်းချမ်းသာယာလျက်ရှိသည်။

နောက်ဆုံးတွင် အထက်ဘုံသို့တက်လှမ်းမည့်နေ့ရက် ရောက်ရှိလာလေပြီ။

ထိုနေ့တွင် အလယ်အင်မော်တယ်လောကတစ်ခုလုံးရှိ ကောင်းကင်ယံမှာ ရွှေရောင်အဆင်းဖြင့် ထူးခြားစွာတောက်ပနေတော့သည်။ နန်းဆောင်ဝင်းများအတွင်းရှိ အင်မော်တယ်အရှင်မြတ်များသည် သူတို့၏အခန်းများအတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး သူတို့လက်ထဲရှိ တိုကင်များမှာလည်း တဖြည်းဖြန်းလင်းထိန်လာ၏။

"ဟားဟားဟား... ငါ တကယ်ပဲ အထက်ဘုံကိုတက်ခွင့်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဘိုးဘေးကြီးကျန်းက တကယ်ကတိတည်တာပဲ"

"မှန်တယ်... ဈေးနှုန်းက နည်းနည်းကြီးပေမဲ့ ဒီ ၉ နှစ်အတွင်းမှာ အလုခံရမှာ မစိုးရိမ်ရဘဲ အေးအေးဆေးဆေးနေခဲ့ရတာက တန်ပါတယ်"

"အထက်အင်မော်တယ်လောက... ငါ လာနေပြီ"

"အားလုံးပဲ... နောင်တစ်ချိန်မှာ အင်မော်တယ်ဘုရင်အဖြစ်နဲ့ ပြန်ဆုံကြတာပေါ့"

"ငါတို့ပြန်ဆုံတဲ့နေ့မှာ အားလုံးက အထက်ဘုံရဲ့ အစွမ်းထက်ကျင့်ကြံသူတွေ ဖြစ်နေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."

စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများဖြင့် အင်မော်တယ်ကံကြမ္မာတိုကင်များကို ကိုင်ဆောင်ထားကြသော အင်မော်တယ် ၃ သိန်းကျော်မှာ ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။ မကြာမီမှာပင် သူတို့သည် ရွှေရောင်လမ်းပြအလင်းတန်းများအတွင်း ရောက်ရှိသွားကြပြီး အရိပ်အယောင်မကျန် ပျောက်ကွယ်သွားကြ၏။ မြင်ကွင်းတစ်ခုလုံးမှာ အလွန်ခမ်းနားထည်ဝါလှပေသည်။

မနီးမဝေးတွင် ဖေးရှန်ဂိုဏ်းသားများသည်လည်း ခေါင်းမော့ကာကြည့်နေကြ၏။ အပေါ်တွင် မည်သူမှမကျန်တော့ဘဲ ရွှေရောင်အလင်းတန်းများ ကွယ်ပျောက်သွားချိန်တွင်မှ သူတို့သက်ပြင်းချလိုက်ကြတော့သည်။

"ဟူး... သူတို့ တကယ်တက်သွားကြပြီ"

"ငါ တကယ်အားကျမိတယ်"

"ငါတို့သာတက်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲ"

"ငါတို့ရဲ့တိုကင်တွေကို သူတို့ဝယ်သွားကြတာလေ..."

"စကားလျှော့ပြောစမ်း... ဘိုးဘေးကြီးမှာ သူ့အစီအစဉ်နဲ့သူ ရှိမှာပေါ့"

အစ်ကိုကြီးချန်ထွက်လာချိန်တွင် ယွမ်ကျန်း၊ ယွမ်ရှန့်၊ ရှောင်ကွမ်း၊ ဝူကျွယ်၊ အလောင်းကောင်ဘုရင် ၃ ပါးနှင့် အခြားသော နောက်လိုက် ၁ သိန်းကျော်မှာ အပြင်တွင် စောင့်ဆိုင်းနေကြလေပြီ။

"သူတို့အားလုံး တက်သွားကြပြီဆိုတော့ အခု ငါတို့အလှည့်ရောက်ပြီ"

သူသည် ထိုလူစုကို ၉ နှစ်တိုင်တိုင် ကာကွယ်ပေးမည်ဟု ကတိပေးထားခဲ့သဖြင့် ယခုအချိန်အထိ ဆိုင်းငံ့နေခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင်မူ အရောင်းအဝယ်ပြီးဆုံးသည့်နေ့မှာပင် သူထွက်ခွာသွားနိုင်၏။

"ဗျာ... ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး တက်မှာလဲ"

လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြရသည်။

"တိုကင်တွေလည်း မရှိတော့ဘူး၊ ရွှေရောင်လမ်းပြ အလင်းတန်းတွေလည်း မရှိတော့ဘူးလေ"

"အင်မော်တယ်ဘုရင်တွေ အထက်ဘုံကိုသွားဖို့ လမ်းပြအလင်းတန်းမလိုဘူးဆိုတာ မင်းတို့မေ့နေတာလား"

"ဒါပေမဲ့ ကျွန်တော်တို့က အင်မော်တယ်ဘုရင်တွေ မဟုတ်ဘူးလေ..."

"ငါပြောဖို့မေ့နေတာ... ဒီဘိုးဘေးကြီးကျင့်ကြံတဲ့အတတ်တွေထဲမှာ ဆန်းကြယ်နယ်ပယ်ဆိုတာရှိတယ်။ အဲ့ဒီထဲမှာ အပြင်လူတွေကိုထည့်ပြီး ခေါ်သွားလို့ရတယ်"

ဘာ...

ဘိုးဘေးကြီးမှာ ဒီလို လှည့်ကွက်မျိုး ရှိနေတာလား...

ဘာလို့ စောစောက မပြောခဲ့တာလဲ...

လူတိုင်းမှာ ရင်တုန်နေခဲ့ရတာ မဟုတ်လား...

စိတ်ပျက်အားငယ်နေကြသော ဖေးရှန်ဂိုဏ်းသားများမှာ ချက်ချင်းပင် စိတ်လက်ပေါ့ပါးသွားကြပြီး ပျော်ရွှင်မြူးထူးကုန်ကြတော့သည်။

"ဟားဟား... ဘိုးဘေးကြီးမှာ အရန်အစီအစဉ် ရှိလိမ့်မယ်လို့ သိနေသားပဲ"

"ဒါပေါ့... ဘိုးဘေးကြီးက ဘယ်လိုလုပ်ပြီး အစီအစဉ်မရှိဘဲ နေမှာလဲ။ သူက ငါတို့ကို အစကတည်းက မေ့မထားခဲ့ဘူး"

"ဒါဆိုရင် အပြင်လောကကလူတွေကို ဂျင်းထည့်ခဲ့တာပေါ့။ တကယ့်ကို ပြောင်မြောက်လွန်းတယ်"

"မင်းတို့ စောစောက ဒီလိုမပြောခဲ့ပါဘူး။ မကျေမနပ်ဖြစ်နေကြတာ မဟုတ်လား..."

"မဟုတ်ပါဘူး... ဘာသက်သေရှိလို့လဲ"

All Chapters