မဟာလောကခြောက်ခု
Vol. 38 Ch. 373
အလယ်အင်မော်တယ်လောက၏ အခြားအရပ်ဒေသများမှ ကျင့်ကြံသူအများစုသည်လည်း ဝမ်းသာအားရ ဖြစ်နေကြသည်။
“လောဘကြီးရင်တော့ တန်ဖိုးတစ်ခု ပြန်ပေးရမှာပဲ”
“သူသာ အင်မော်တယ်ကံကြမ္မာတိုကင်တချို့ကို သူ့လူတွေအတွက် ချန်ထားခဲ့ရင် ဒီလိုဖြစ်လာမှာ မဟုတ်ဘူး”
“အင်မော်တယ်ဧကရာဇ်တွေ ပေါ်လာပြီဆိုရင်တော့ လွတ်လမ်းမရှိတော့ဘူး”
“အင်မော်တယ်ကျောက်တုံးတွေကို လောဘတက်လွန်းတာကိုး... ဒါက ဝဋ်လည်တာပဲ”
ဂိုဏ်းချုပ်ကျန်းက သူတို့ကို မစော်ကားခဲ့ဖူးသော်လည်း သူ၏ အင်မော်တယ်ကံကြမ္မာတိုကင်များမှာ ဈေးကြီးလွန်းလှသဖြင့် သူတို့မဝယ်နိုင်ခဲ့ကြ။ ထို့ကြောင့် သူ့အပေါ်တွင် မကောင်းသောအရာတစ်ခုခု ဖြစ်ပျက်သွားစေရန် သူတို့က ဆန္ဒရှိနေကြသည်။ သူ၏ကိုယ်ပေါ်တွင် ဘာမှမဖြစ်ခဲ့လျှင်ပင် ဖေးရှန်ဂိုဏ်းအပေါ်တွင် တစ်ခုခုဖြစ်ပျက်သွားရန် မျှော်လင့်နေကြ၏။
ကံဆိုးစွာပင် သူတို့၏ လှပသောမျှော်လင့်ချက်များမှာ စိတ်ကူးသက်သက်မျှသာ။ အင်မော်တယ်ဧကရာဇ်များသည် အလယ်အင်မော်တယ်လောက၏ မည်သည့်နေရာကိုမျှမကျန်စေဘဲ အကြိမ်ကြိမ်ရှာဖွေခဲ့ကြသော်လည်း ဘာမှရှာမတွေ့ခဲ့ကြ။ အမှန်အတိုင်းပြောရလျှင် ဂိုဏ်းချုပ်ကျန်းသည် အင်မော်တယ်ဧကရာဇ်များ အောက်လောကသို့ ဆင်းသက်လာလိမ့်မည်ဟုပင် မတွေးထားခဲ့ပေ။ သို့သော် သူ၏ ထူးခြားသောနည်းပရိယာယ်များမှာ ပြည့်စုံသောလှည့်ကွက်တစ်ခုဖြစ်သွား၏။ သူသည် လူတိုင်းကို နောက်ကျကျန်ရစ်စေခဲ့ပြီး ယခုအခါ သူတို့မှာ သူ၏အငွေ့အသက်ကိုပင် မခံစားမိတော့ပေ။
အောက်လောကတွင် သူတို့ရှိနေနိုင်မည့်အချိန် ကုန်ဆုံးတော့မည်ကို သိရှိသွားကြသော အင်မော်တယ်ဧကရာဇ်အချို့မှာ ဒေါသတကြီးဖြင့် အောက်ရှိ နတ်ဆိုးကျင့်ကြံသူ စုဝေးရာနေရာများကို တိုက်ခိုက်ခဲ့ကြသည်။ နတ်ဆိုးဧကရာဇ်များသည်လည်း ငြိမ်မနေခဲ့ကြဘဲ သူတို့၏ဒေါသကို ဖြေဖျောက်ရန်အတွက် အင်မော်တယ်ဂိုဏ်းအချို့ကို အသာအယာပင် ဖျက်ဆီးပစ်ကြ၏။ သူတို့၏ဖျက်ဆီးနိုင်စွမ်းမှာ အလွန်ကြီးမားလှသဖြင့် ၎င်းမှာ အခြားလောကတစ်ခုမှ တိုက်ခိုက်မှုတစ်ခုသဖွယ်ပင်။ ခဏချင်းအတွင်းမှာပင် ဝမ်းသာအားရဖြစ်နေခဲ့ကြသော မရေမတွက်နိုင်သည့် အင်မော်တယ်များမှာ အကြောင်းရင်းကိုပင်မသိလိုက်ဘဲ သေဆုံးသွားခဲ့ကြရသည်။
ဘိုးဘေးကျိဟွန်းသည် သတင်းကောင်းကို စောင့်မျှော်နေချိန်တွင် ရုတ်တရက်ဆိုသလို လူပုံရိပ်သုံးခုမှာ သူ၏ရှေ့မှောက်သို့ ဆင်းသက်လာ၏။ သူက သေချာကြည့်လိုက်ပြီးနောက် အမြန်ဒူးထောက်လိုက်သည်။
“ဘိုးဘေးကြီးများကို ကြိုဆိုပါတယ်”
ဤသုံးဦးမှာ သူတို့၏ ကြယ်ကိုးလုံးနတ်ဆိုးနန်းတော်မှ နတ်ဆိုးဧကရာဇ် အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်သည်။ သူ၏ဘိုးဘေးအဆင့်အတန်းမှာ သူတို့ရှေ့တွင် မျိုးဆက်သစ်မျှသာ။ အလယ်တွင်ရှိသော မင်ယာနတ်ဆိုးဧကရာဇ်မှာ အချိန်မရှိသဖြင့် နှုတ်ဆက်စကားပင် မပြောနိုင်ခဲ့ပေ။
“ဖေးရှန်ဂိုဏ်းက လူတွေ ဘယ်ကို သွားကြသလဲဆိုတာ မင်း သိသလား”
ဘိုးဘေးကျိဟွန်းမှာ အနည်းငယ် ကြောင်သွားသည်
“ဗျာ... သူတို့ ရှိနေကျနေရာမှာပဲ ရှိနေကြတာ မဟုတ်ဘူးလား”
သူသည် မူလက သတင်းကောင်းကြားရရန် မျှော်လင့်ထားခဲ့သည်။
“'ရှိနေကျနေရာဟုတ်လား... ဖေးရှန်ဂိုဏ်းက လူတစ်ယောက်မှ မကျန်တော့ဘူး... သူတို့အားလုံး အရင်ကတည်းက ထွက်ပြေးသွားကြပြီ”
သူ၏ ဘေးတွင်ရှိသော အန်ကျိနတ်ဆိုးဧကရာဇ်က မျက်နှာပျက်ပျက်ဖြင့် အေးစက်စွာ ပြောလိုက်သည်
“ငါ မင်းကို မေးနေတာက သူတို့ ချန်းလန်ကောင်းကင်နယ်မြေကနေ ဘယ်အချိန်မှာ ထွက်သွားကြတာလဲ... ထွက်သွားပြီးနောက်မှာ ဘယ်ဘက်ကို ဦးတည်သွားကြတာလဲ”
“အာ... အဲဒါက...”
မြေပြင်ပေါ်တွင် ဒူးထောက်လျက် ဘိုးဘေးကျိဟွန်းမှာ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသည်
“ကျွန်တော်... ကျွန်တော်လည်း မသိပါဘူး...”
နတ်ဘုံသို့တက်လှမ်းသော နောက်ဆုံးနေ့တွင် သူ၏ ကြယ်ကိုးလုံးနတ်ဆိုးနန်းတော်မှ နတ်ဆိုးအရှင်သခင် ၃၀၀ ကျော် တက်သွားကြသဖြင့် သူ့မှာ အလွန်အလုပ်များနေခဲ့သည်။ ဖေးရှန်ဂိုဏ်းကို စောင့်ကြည့်ရန် သူ၏အနားတွင် အားလပ်ချိန် ဘယ်မှာ ရှိပါ့မည်နည်း...
“ဘာ၊ မင်းက တကယ်ပဲ မသိဘူးလား”
အန်ကျိနတ်ဆိုးဧကရာဇ်မှာ ဒေါသထွက်သွားပြီး နတ်ဆိုးဘုရင်ကို ပြင်းထန်သော ပါးရိုက်ချက်နှစ်ချက် ရိုက်လိုက်သည်။
“မင်းကို အလယ်အင်မော်တယ်လောကမှာ ထားခဲ့တာ ဘာအသုံးကျလို့လဲ”
“အသုံးမကျတဲ့ အမှိုက်ကောင်”
ထိုစကားနှစ်ခွန်းကို ချန်ထားခဲ့ပြီးနောက် နတ်ဆိုးဧကရာဇ် သုံးပါးမှာ ထိုနေရာမှ ပျောက်ကွယ်သွားကြသည်။ နာကျင်မှုနှင့် ထိတ်လန့်မှုများဖြင့် တုန်လှုပ်နေသော ဘိုးဘေးကျိဟွန်းသာ ကျန်ရစ်ခဲ့၏။
မကြာမီမှာပင် ဆင်းသက်လာခဲ့ကြသော အင်မော်တယ်ဧကရာဇ်များနှင့် နတ်ဆိုးဧကရာဇ်များသည် စည်းမျဉ်းများ၏တွန်းလှန်မှုကိုခံရပြီး အထက်အင်မော်တယ်လောကသို့ ပြန်သွားရန် အတင်းအကျပ် တွန်းအားပေးခံရသည်။ သူတို့ထွက်သွားသည်နှင့် အလယ်အင်မော်တယ်လောကသို့ သက်ရှိအငွေ့အသက်များ ပြန်လည်ရောက်ရှိလာ၏။ နေရာအတော်များများမှာ ပျက်စီးယိုယွင်းနေပြီး ဘေးအန္တရာယ်တစ်ခု ကျရောက်ခဲ့သကဲ့သို့ အင်မော်တယ်နှင့် နတ်ဆိုးဧကရာဇ်များက သူတို့၏ဒေါသကို ဖြေဖျောက်ခဲ့ကြခြင်းပင်။ ကျန်ရစ်သူများမှာ မျက်ရည်လည်ရွှဲကျန်ခဲ့ကြသည်။
“တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ”
“သူတို့က ဘာလို့ အပြစ်မဲ့တဲ့လူတွေကို တိုက်ခိုက်ကြတာလဲ”
“အင်မော်တယ်ဧကရာဇ် တစ်ပါးရဲ့ မျက်လုံးထဲမှာတော့ မင်းနဲ့ငါက လူလို့တောင် အသတ်မှတ်မခံရဘူး...”
တိတ်ဆိတ်စွာပင် သူတို့မှာ သူတို့ကိုယ်သူတို့ အလွန်အမင်းအရေးပါသည်ဟု ထင်မှတ်ခဲ့မိကြောင်း သိရှိသွားကြသည်။ အင်မော်တယ်ဧကရာဇ်များက ဖေးရှန်ဂိုဏ်းကိုဖျက်ဆီးရန် ဆင်းလာခဲ့ခြင်းမှာ သူတို့နှင့်ဘာမှမသက်ဆိုင်ပေ။ ထို့ပြင် ဖေးရှန်ဂိုဏ်းမှာ ဘာမှမဖြစ်ဘဲ အဆင်ပြေနေပုံရ၏။
“ဖေးရှန်ဂိုဏ်းက လူတွေ ဘယ်မှာလဲ”
“ဟုတ်တယ်၊ သူတို့ ဘယ်ကိုသွားကြတာလဲ”
“သူတို့ ဘယ်လိုပျောက်ကွယ်သွားကြတာလဲ”
“အင်မော်တယ်ဧကရာဇ်တွေတောင် သူတို့ကို ရှာမတွေ့ခဲ့ဘူး။ သူတို့ အထက်အင်မော်တယ်လောကကို ရောက်သွားကြပြီလား”
“အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူတို့က ဟာသတစ်ခုကို မြင်တွေ့လိုခဲ့ကြသော်လည်း အဆုံးတွင် သူတို့ကိုယ်တိုင်ပင် ဟာသတစ်ခု ဖြစ်သွားခဲ့ရသည်။
သို့သော် ဤအရာမှာ အထက်အင်မော်တယ်လောက၏တစ်နေရာတွင် ပေါ်လာပြီးဖြစ်သော ဂိုဏ်းချုပ်ကျန်းနှင့် မသက်ဆိုင်တော့ပေ။ အထက်အင်မော်တယ်လောကနှင့် အောက်အင်မော်တယ်လောက နှစ်ခုကြားရှိ ကွာခြားချက်မှာ အတော်ပင်ကြီးမားလှသည်။ ဤနေရာမှာ ကောင်းကင်နယ်မြေများစုစည်းမှု မဟုတ်တော့ဘဲ ကျယ်ပြောလှသော မဟာလောကခြောက်ခုဖြစ်နေ၏။
အင်မော်တယ်လောက၊ နတ်ဆိုးလောက၊ ယောင်လောက၊ ဝိညာဉ်လောက၊ သေခြင်းလောကနှင့် ဘာဘေးရီးယန်းလောကတို့ စုပေါင်းပြီး ပြီးပြည့်စုံသော အထက်အင်မော်တယ်လောကကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကျယ်ပြောမှုအရဆိုလျှင် ဤမဟာလောကခြောက်ခုအနက် မည်သည့်လောကမဆို အလယ်အင်မော်တယ်လောကထက် အဆတစ်ရာမကပိုကျယ်သည်...
နာမည်ကျော်ကြားသော ကျင့်ကြံရေးဂိုဏ်းအများစုမှာ အင်မော်တယ်နှင့် နတ်ဆိုးလောကများတွင်တည်ရှိ၏။ ဤလောကနှစ်ခုမှာ လူသားအင်မော်တယ်နှင့် နတ်ဆိုးဧကရာဇ်အများစု နေထိုင်ကြသော အထက်အင်မော်တယ်လောကရှိ အင်အားအကြီးဆုံး အင်အားစုနှစ်ခုလည်းဖြစ်သည်။ အင်မော်တယ်နှင့် နတ်ဆိုးစစ်ပွဲသည်လည်း သူတို့နှစ်ဖွဲ့ကြောင့်ဖြစ်ပွားခဲ့ခြင်းပင်။ အခြားလောကလေးခုတွင်မူ ယောင်မျိုးနွယ်များသည် ယောင်လောကတွင် အဓိကအားဖြင့် လှုပ်ရှားကြသည်။ ဝိညာဉ်လောကမှာ သက်ရှိအမျိုးမျိုး စုဝေးရာနေရာဖြစ်၏။ သေခြင်းလောကမှာ အလောင်းကောင်မျိုးနွယ်၊ တစ္ဆေမျိုးနွယ်၊ နယ်သာမျိုးနွယ်နှင့် အခြားအုပ်စုများအတွက် နိဗ္ဗာန်ဘုံတစ်ခုပင်။ ဘာဘေးရီးယန်းလောကမှာမူ အင်မော်တယ်နည်းလမ်းများ သို့မဟုတ် နတ်ဘုရားဝိညာဉ်များကို မကျင့်ကြံကြသော ဟင်းလင်းပြင်မျိုးနွယ်ကဲ့သို့သော အုပ်စုများ၏ နေအိမ်ဖြစ်သည်။
မျိုးနွယ်စုများနှင့် ကျင့်ကြံခြင်းစနစ်များကြားရှိ ကြီးမားသောကွာခြားချက်များကြောင့် ဤမဟာလောကခြောက်ခုကို အထင်အရှားခွဲခြားထားပြီး ၎င်းတို့ကြားတွင် နက်ရှိုင်းသောအတားအဆီးများ ရှိနေသည်။ သို့သော် အင်မော်တယ်လောကသည် နှစ်ပေါင်းများစွာ တည်ရှိလာခဲ့သဖြင့် အဖွဲ့အစည်းအားလုံးမှာ ငြိမ်းချမ်းစွာနေထိုင်ကြရန် မဖြစ်နိုင်ပေ။
ဂိုဏ်းချုပ်ကျန်း၏ လက်ရှိတည်နေရာမှာ အင်မော်တယ်လောကရှိ ဂိုဏ်းကြီးတစ်ခု၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းတွင် ရှိနေသည်။ သူ၏ပတ်ဝန်းကျင်ကို အနည်းငယ်အာရုံခံကြည့်ပြီးနောက် လူအများအပြားက ဤနေရာသို့ တက်လာရန် အဘယ်ကြောင့် အသည်းအသန် ကြိုးစားခဲ့ကြသနည်းဆိုသည်ကို သူနားလည်သွားသည်။ ဤနေရာနှင့်နှိုင်းယှဉ်လျှင် အလယ်အင်မော်တယ်လောကမှာ ဟောင်းနွမ်းနေသော တောင်ပေါ်ကျေးရွာလေးတစ်ခုမျှသာ။ အင်မော်တယ်အနှစ်သာရချီ၏ သိပ်သည်းဆမှာပင် အနည်းဆုံး ဆယ်ဆခန့် ပိုများနေသည်။
“ဒေါက်၊ အထက်အင်မော်တယ်လောကက အစွမ်းထက်တဲ့သူတွေက နည်းနည်းတော့ လွန်လွန်းတယ် မဟုတ်လား”
ထိုအချိန်က အင်မော်တယ်လောကကို သုံးပိုင်းခွဲခြားခဲ့ခြင်းမှာ သူတို့၏လက်ချက်ပင်။ သူက မူလက ကြီးမားသောကမ္ဘာကြီးကို တူညီသော အပိုင်းသုံးပိုင်း ခွဲလိုက်သည်ဟုသာ ထင်ထားခဲ့သည်။ ယခုကြည့်ရသလောက်တော့ အထက်အင်မော်တယ်လောကတွင် ရှိနေသူများသာ အထက်တန်းလွှာများဖြစ်၏။ အောက်အင်မော်တယ်လောကနှစ်ခုမှာ ပြည်နှင်ဒဏ်ပေးခံရသူ အုပ်စုနှစ်ခုမျှသာ။
မျက်စိတစ်ဆုံး ကြည့်လိုက်သောအခါ လူများမှာ သွားလာနေကြပြီး လမ်းမများမှာလည်း စည်ကားနေသည်။ လူတိုင်းမှာ အင်မော်တယ်များဖြစ်ကြပြီး အင်မော်တယ်အရှင်သခင်များကို နေရာတိုင်းတွင် မြင်တွေ့နိုင်သော်လည်း သူတို့ထဲတွင် မြင့်မြတ်အင်မော်တယ်နှင့် ရွှေအင်မော်တယ်များမှာ ပိုများ၏။
ကျပန်းနေရာတစ်ခုကို ရှာဖွေပြီးနောက် သူသည် ရွှမ်ကျီရုပ်ပုံထဲမှ အင်မော်တယ်ဘုရင် ၁၂ ပါးကို ထုတ်ပေးလိုက်သည်။
“အာ၊ ဒါက အထက်အင်မော်တယ်လောကလား”
“ဟားဟား၊ ဂိုဏ်းချုပ်ကျန်းက တကယ့်ကို အံ့သြစရာပဲ၊ သူက ကျွန်တော်တို့အားလုံးကို တကယ် ခေါ်လာခဲ့တာပဲ”
“မင်းက အစက ဂိုဏ်းချုပ်ကျန်း လုပ်နိုင်ပါ့မလားလို့ သံသယဝင်ခဲ့တာလား”
“ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ... အဲဒါက မင်းရဲ့ စီနီယာအပေါ် ယုံကြည်မှု ကင်းမဲ့တာပဲ၊ မင်းရဲ့ စိတ်နှလုံးက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်”
“ဟေး၊ ဟေး၊ မင်းတို့တွေ နည်းနည်းတော့ လွန်နေပြီနော်...”
ရွှမ်ကျီရုပ်ပုံကဲ့သို့သော အံ့ဖွယ်ရတနာနှင့် ပတ်သက်၍ သူတို့အားလုံး နှုတ်ဆိတ်နေခဲ့ကြသည်။ တစ်ချက်မှာ သူတို့သည် အသိတရားရှိကြပြီး မေးသင့်၊ မမေးသင့်ကိုသိ၏။ ဒုတိယအချက်မှာ အင်မော်တယ်ဘုရင်များအနေဖြင့် သူတို့သည် နေရာအနှံ့သွားလာဖူးကြပြီး အချိန်စီးဆင်းမှုနှင့်ပတ်သက်သော ရတနာများကို ယခင်က မြင်တွေ့ဖူးကြသည်။
“ငါသာ သိခဲ့ရင် အလယ်အင်မော်တယ်လောကမှာ ဒီလောက်ကြာကြာ နေခဲ့မှာ မဟုတ်ဘူး”
“ဟုတ်တယ်၊ ဒီနေရာနဲ့ အောက်က ကွာခြားချက်က အရမ်းကြီးလွန်းတယ်”
လူတိုင်းက သူတို့၏ ပတ်ဝန်းကျင်ကို စိတ်ဝင်တစား လေ့လာခဲ့ကြသည်။ အထက်အင်မော်တယ်လောက၏ ဟင်းလင်းပြင်နှင့် စည်းမျဉ်းများမှာ အောက်ရှိနေရာများထက် ပိုမိုတည်ငြိမ်၏။ အင်မော်တယ်ဘုရင်များအနေဖြင့် သူတို့၏ခွန်အားမှာ လျော့နည်းသွားခြင်းမရှိသော်လည်း သူတို့၏ဖျက်ဆီးနိုင်စွမ်းမှာ ဆယ်ဆခန့်လျော့ကျသွားသည်။ လူတိုင်းက ဤအရာအတွက် ပြင်ဆင်ထားကြပြီး အမြန်အသားကျသွား၏။
သူတို့ ရုတ်တရက် ပေါ်လာခြင်းအပေါ်တွင် အခြားလမ်းသွားလမ်းလာများမှာ အနည်းငယ်မျှသာ အံ့သြခဲ့ကြပြီး ကိုယ့်အလုပ်များကိုယ်သာ ဆက်လုပ်ဆောင်နေကြသည်။ ဤအုပ်စုက သူတို့၏ အင်မော်တယ်ဘုရင် အရှိန်အဝါများကို ထုတ်မပြထားသောကြောင့်ဖြစ်၏။ အထက်အင်မော်တယ်လောကတွင်ပင် အင်မော်တယ်ဘုရင်များမှာ နေရာတိုင်းတွင် ရှိနေသည်မဟုတ်ဘဲ သူတို့၏ အဆင့်အတန်းမှာ မြင့်မြတ်နေဆဲ။
“ကဲ၊ ကဲ၊ မင်းတို့တွေက ဘာလို့ တောသားတွေလို ပြုမူနေကြတာလဲ”
အင်မော်တယ်လောကအကြောင်းမသိသည့် ဂိုဏ်းချုပ်ကျန်းသည် ဤနေရာသို့ အကြိမ်ကြိမ်ရောက်ဖူးနေသည့် အင်မော်တယ်လောကကျွမ်းကျင်သူတစ်ဦးကဲ့သို့ ပြုမူနေသည်။
“အခု လူတိုင်း သွားပြီး စနည်းနာကြ၊ မင်းတို့ရဲ့ စီနီယာ အစ်ကိုတွေနဲ့ အစ်ကိုကြီးတွေ ဘယ်မှာလဲဆိုတာ သွားကြည့်ကြ”
“ပြီးတော့ ဖေးရှန်ဂိုဏ်း တပည့်တွေရဲ့ တည်နေရာကိုလည်း အဓိကထားပြီး မေးမြန်းပေးကြဦး”