ဖေးရှန်ဂိုဏ်းကို ရှာဖွေခြင်း
Vol. 38 Ch. 375
"ဒါဆို... မင်းတို့ သူတို့ဆီက ဘာသတင်းမှ မမေးနိုင်ခဲ့ကြဘူးပေါ့"
သူတို့မှာ အနည်းငယ် အနေရခက်သွားကြသည်။ ဂိုဏ်းချုပ်ကျန်းက တာဝန်တစ်ခု ပေးအပ်ခဲလှသော်လည်း ထိုတာဝန်ကို သူတို့ ကောင်းမွန်စွာ မဆောင်ရွက်နိုင်ခဲ့ကြချေ။
"ဟူး... နောက်ဆုံးတော့ ငါကိုယ်တိုင်ပဲ ဒီကိစ္စကို ကိုင်တွယ်ရတော့မှာပဲ"
အစ်ကိုကြီးချန်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ လူစုမှာ ပို၍ပင် အရှက်ရသွားကြ၏။ ရှောင်ကွမ်းက သူ၏ ဂုဏ်သိက္ခာကို ဆယ်တင်ရန်အတွက် မကျေမနပ်သော အမူအရာဖြင့် ဆိုလိုက်သည်။
"ကောင်းကင်အင်မော်တယ် အထက်မှာရှိတဲ့သူတွေရဲ့ ဝိညာဉ်က အရမ်းတည်ငြိမ်လွန်းတော့ ဝိညာဉ်ရှာဖွေခြင်းအတတ်ကို သုံးလို့မရတာ နှမြောစရာပဲ။ မဟုတ်ရင်တော့ သူတို့ရဲ့ ဘိုးဘေး ၁၈ ဆက်လုံးရဲ့ အကြောင်းကို ငါ အကုန်ရှာပစ်မှာ"
"တောက်... မင်းတို့ အလုပ်လုပ်ပုံက ဒါမျိုးလား။ ဒါက တကယ့်ကို ယဉ်ကျေးမှုမရှိတဲ့ လုပ်ရပ်ပဲ"
အစ်ကိုကြီးချန်က နှုတ်ခမ်းကို မဲ့လိုက်ပြီး အထင်အမြင်သေးစွာဖြင့် ဆိုသည်။
"သူတို့က ငါတို့ကို ရန်စတာလည်း မဟုတ်ဘူး၊ မေးခွန်းကို မဖြေရုံလေးတင်ကို မင်းတို့က ဒီလောက်အထိ ရက်စက်ချင်နေတာလား"
ဝိညာဉ်ရှာဖွေခြင်းအတတ်သည် ပြန်လည်ကုစား၍မရနိုင်သော ဒဏ်ရာများကို ဖြစ်စေတတ်သည်။ အနည်းဆုံးတော့ အင်မော်တယ်ဝိညာဉ်ကို ထိခိုက်စေပြီး တစ်သက်လုံး ကျင့်ကြံဆင့် မတိုးတက်တော့ဘဲ ဖြစ်သွားစေနိုင်သလို၊ အဆိုးဆုံးမှာမူ သေဆုံးခြင်း သို့မဟုတ် လူညွှန့်တုံးသည့်ဘဝသို့ ရောက်ရှိသွားစေနိုင်၏။ နတ်ဆိုးအိုကြီးမှာ ခေါင်းကိုကုတ်လျက် ရှက်ကိုးရှက်ကန်း ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။
"ဟဲဟဲ... ကျွန်တော်တို့မှာ တခြားနည်းလမ်းမရှိလို့ပါ..."
အနီးအနားတွင်ရှိသော ကျိယွန်းနှင့် ဝူကျွယ်တို့ကဲ့သို့ အင်မော်တယ်ကျင့်ကြံသူများက အခွင့်ကောင်းယူကာ နှိပ်ကွပ်လိုက်ကြသည်။
"ဒီနတ်ဆိုးလမ်းစဉ် ကျင့်ကြံသူတွေကို ကြည့်ကြစမ်း... ဘယ်သူမှ မကောင်းတဲ့သူမရှိဘူး"
"ဂိုဏ်းချုပ်ကျန်းက မင်းတို့နဲ့ နီးစပ်နေပေမဲ့ စိတ်ဓာတ်မယိုယွင်းသွားတာ တော်သေးတာပေါ့"
"မင်းတို့ နတ်ဆိုးကျင့်ကြံသူတွေ မျက်လုံးကိုပြူးပြီး သေချာကြည့်ထားကြစမ်း။ ဂိုဏ်းချုပ်ကျန်းက သတင်းကို ဘယ်လိုမေးမလဲဆိုတာ သင်ယူထားကြဦး"
သူတို့၏အမြင်တွင် ဂိုဏ်းချုပ်ကျန်း၌ အံ့ဖွယ်နည်းလမ်းကောင်းများ ရှိနေမည်ဟု ယုံကြည်နေကြသည်။ ဥပမာအားဖြင့် လူတစ်ဦးကို မသိမသာဖြင့် အမှန်အတိုင်း ပြောလာစေမည့် မှော်အတတ်မျိုးပင်။ ထို့နောက်တွင် ဂိုဏ်းချုပ်ကျန်းသည် ကောင်းကင်ယံသို့ ပျံသန်းသွားသည်ကို သူတို့ မြင်လိုက်ကြရသည်။
လူတိုင်းက အားကျလေးစားသော မျက်နှာများဖြင့် မော့ကြည့်နေကြ၏။
"ဒီမှော်အတတ်က ဒီလောက်တောင် ခမ်းနားတာလား"
"တစ်ဖက်လူကို ထိစရာတောင်မလိုဘဲ အပေါ်ကနေ မှော်အတတ်ကို သုံးမှာလား"
"ငါလောင်းရဲတယ်... ဂိုဏ်းချုပ်ကျန်း မှော်အတတ်ကို သုံးလိုက်တာနဲ့ တစ်ယောက်ယောက်က အပြေးအလွှား လာပြောလိမ့်မယ်..."
"ငါ့အထင်တော့ ဒါက စိတ်စွမ်းအားနဲ့ ဖိနှိပ်တာနေမှာ၊ သူတို့ရဲ့စိတ်ကို မသိမသာ ထိန်းချုပ်လိုက်တာမျိုးပေါ့"
"မင်းတို့ရဲ့ စိတ်ကူးစိတ်သန်းတွေက အရမ်းကျဉ်းမြောင်းလွန်းတယ်။ ငါ့အထင်တော့ ဂိုဏ်းချုပ်ကျန်း မှော်အတတ်သုံးပြီးတာနဲ့ ဒီမြို့တစ်မြို့လုံးကလူတွေ သူခိုင်းတာလုပ်မယ့် ရုပ်သေးတွေ ဖြစ်သွားတော့မှာ"
"သွားစမ်း... မင်းတို့ အလောင်းကောင်မျိုးနွယ်တွေက လူတိုင်းကို ရုပ်သေးလုပ်ဖို့ပဲ တွေးနေတာလား။ ရွံစရာကြီး"
ကောင်းကင်သို့ ပျံသန်းသွားသော ဂိုဏ်းချုပ်ကျန်းမှာ များစွာ အာရုံစိုက်ခြင်းမရှိ။ အင်မော်တယ်လောကတွင် ပျံသန်းနိုင်ခြင်းမှာ ထူးဆန်းသောအရာ မဟုတ်သလို ဤအင်မော်တယ်မြို့တော်ကိုယ်တိုင်ကလည်း လွင့်မျောနေခြင်းဖြစ်သည်။
အောက်ဘက်တွင် ပုရွက်ဆိတ်များကဲ့သို့ သွားလာနေကြသော လူအုပ်ကြီးကိုကြည့်ကာ သူသည် လည်ချောင်းကို တစ်ချက်ရှင်းလိုက်ပြီး အင်မော်တယ်စွမ်းအားကိုအသုံးပြုကာ အသံကို ကျယ်လောင်စွာ ထုတ်လွှင့်လိုက်သည်။
"အားလုံးပဲ ခဏလောက် ရပ်ပေးကြပါဦး"
"ကျွန်တော် မေးစရာလေး တစ်ခုရှိလို့ပါ..."
ထိုအသံမှာ စူးရှထိုးဖောက်နိုင်စွမ်း ရှိလှသဖြင့် မြို့တော်တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ လူအများအပြားမှာ နားအူသွားကြပြီး မူးမေ့လဲကျလုနီးပါး ဖြစ်သွား၏။ လူတိုင်းက လှုပ်ရှားမှုများကို ရပ်တန့်ကာ အပေါ်သို့ မော့ကြည့်လိုက်ကြသည်။
"ဖေးရှန်ဂိုဏ်းရဲ့ လက်ရှိအခြေအနေကို သိတဲ့သူ ရှိပါသလား"
"သူတို့ အခု ဘယ်မှာရှိနေကြသလဲ"
လူအုပ်ကြီးက မတုံ့ပြန်နိုင်သေးမီမှာပင် သူသည် လက်စွပ်ကိုပွတ်လိုက်ပြီး အဆင့်မြင့် အင်မော်တယ်ကျောက်တုံး တစ်သိန်းကို ထုတ်ယူလိုက်သည်။
"ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ကို သတင်းပေးနိုင်ရင် ဒီကျောက်တုံးတွေ အကုန်လုံးကိုပေးမယ်"
သူ့တပည့်လေးများကို အမြန်ဆုံး တွေ့နိုင်ရန်အတွက် အစ်ကိုကြီးချန်သည် ယခင်နှင့်မတူဘဲ ရက်ရောပြလိုက်ခြင်း ဖြစ်သည်။
ဒုတ်... ဒုတ်...
ရှောင်ကွမ်းနှင့် ဝူကျွယ်တို့မှာ ထိုနေရာမှာပင် မေ့လဲကျမတတ် ဖြစ်သွားကြရသည်။
ဘုရားရေ... ဒါက ဘိုးဘေးရဲ့နည်းလမ်းလား...
မြို့ထဲက လူတိုင်းကို ဒီအတိုင်း အော်မေးနေတာလား...
ပြီးတော့ မေးခွန်းဖြေရင် ဆုပေးမယ်ဆိုတဲ့ နည်းလမ်းကို သုံးနေတာလား...
အင်မော်တယ်ကျောက်တုံးတစ်သိန်းဆိုသည်မှာ အင်မော်တယ်အရှင်မြတ် အဆင့်အောက်တွင်ရှိသော ကျင့်ကြံသူများအတွက်မူ ကြီးမားသော လာဘ်လာဘတစ်ခုဖြစ်သည်။ သို့သော် ပြဿနာမှာ မည်သူက ဖြေရဲမည်နည်း။ မြို့တစ်မြို့လုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ထို့နောက်တွင် လူတိုင်းက တံခါးနှင့် ပြတင်းပေါက်များကို အလျင်အမြန် ပိတ်လိုက်ကြသလို၊ အချို့မှာလည်း မြို့ပြင်သို့ အလုအယက် ထွက်ပြေးကြတော့သည်။ ထိုပုံစံမှာ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်တော့မည်ဖြစ်၍ အသက်လုထွက်ပြေးနေကြသည့်အလား...
"ဟေး... ဟေး... အားလုံးပဲ မပြေးကြပါနဲ့ဦး"
အစ်ကိုကြီးချန်က စိုးရိမ်တကြီးဖြင့် ဆေးပုလင်းအချို့နှင့် အဆင့် ၇ အင်မော်တယ်လက်နက်တစ်ခုကို ထပ်မံ ထုတ်ယူလိုက်သည်။
"တန်ဖိုးနည်းတယ်လို့ထင်ရင် ဈေးထပ်တိုးပေးမယ်လေ"
"ဈေးတိုးပေးတာတောင် မလောက်သေးဘူးလား"
"ဒီ အဆင့် ၇ အင်မော်တယ်ဆေးတွေနဲ့ အင်မော်တယ်လက်နက်ကို မလိုချင်ကြဘူးလား"
သူ့စကားများအဆုံးတွင် အောက်ဘက်ရှိလူများမှာ ပို၍ပင် မြန်မြန်ထွက်ပြေးကြတော့သည်။
"တောက်... တကယ်ပဲ"
အစ်ကိုကြီးချန်မှာ အံ့အားသင့်သွားပြီး ညည်းညူလိုက်မိသည်။
"အထက်အင်မော်တယ်လောကက လူတွေက ဒီလောက်တောင် ချမ်းသာကြတာလား။ ဒါတွေကိုတောင် စိတ်မဝင်စားကြဘူးလား"
အောက်ဘက်တွင်ရှိနေသော ကျိယွန်းနှင့် ဝူကျွယ်တို့ အပါအဝင် ၁၂ ယောက်မှာ သတိပြန်ဝင်လာကြပြီး ကောင်းကင်သို့ ပျံတက်လာကာ ထိုအဘိုးကြီးကို သူ၏မှော်အတတ်အား ရပ်တန့်ရန် တောင်းပန်ကြတော့သည်။
"ဂိုဏ်းချုပ်ကျန်း... ဒီလို လုပ်လို့ မဖြစ်ပါဘူး"
"ဟုတ်ပါတယ်... ဒီလိုလုပ်တာက ကိစ္စတွေကို ပိုကြီးသွားစေလိမ့်မယ်..."
သူတို့ကလည်း အလွန်စိုးရိမ်နေကြသည်။ အစောပိုင်းက မြို့ထဲမှ လူအနည်းငယ်ကိုဖမ်းဆီးပြီး သတင်းနှိုက်ရခြင်းမှာ မြို့တော်ရှိအစီအရင်များက စောင့်ကြည့်နေခြင်းကြောင့် ဖြစ်သလို၊ မြို့တော်အရှင်သခင်၏ အာရုံစိုက်မှုကိုမခံရစေရန်အတွက်လည်း ဖြစ်သည်။ ဤနေရာမှာ ရန်သူ့နယ်မြေဖြစ်နေသည် မဟုတ်ပါလား။
လူတိုင်းမှာ ဤနေရာတွင် အတွေ့အကြုံရှိသူများ ဖြစ်ကြသဖြင့် လူသိမခံဘဲ နေထိုင်ရမည့် အခြေခံစည်းမျဉ်းကို သိရှိကြသည်။ သို့သော် ယခုမူ အစ်ကိုကြီးချန်ကြောင့် အရာအားလုံး ပျက်စီးသွားလေပြီ။ သို့သော် အစ်ကိုကြီးချန်ကမူ ထိုသို့မတွေးပေ။
"ဘာလို့ လူသိမခံဘဲ နေရမှာလဲ"
"ဒါက ရှက်စရာကိစ္စမှ မဟုတ်တာ"
သူ့တွင် အသက်ပြန်ရှင်နိုင်စွမ်းရှိနေသဖြင့် မည်သည့်အရာကိုမျှ ကြောက်စရာမလိုချေ။
"ဒါက ရှက်စရာ ဖြစ်တာ၊ မဖြစ်တာနဲ့ မဆိုင်ဘူး။ ဒီကိစ္စကကြီးသွားရင် အင်မော်တယ်ဧကရာဇ်တွေအထိ ရောက်သွားနိုင်တယ်"
"ငါက အင်မော်တယ်ဧကရာဇ်ကို ကြောက်မယ့်ပုံ ပေါက်နေလို့လား"
လူစုမှာ နှုတ်ဆိတ်သွားကြသည်။ တကယ့်ကို မောက်မာလွန်း၏။ နောက်ဆုံးတွင် သူတို့သည် ကျန်းချန်နှင့်အတူ အဆုံးထိလိုက်ပါရန်သာ ဆုံးဖြတ်လိုက်ကြသည်။ ထိုအချိန်တွင် လူအုပ်စုကြီးတစ်ခုမှာ အဝေးမှပျံသန်းလာ၏။ ဦးဆောင်လာသူများမှာ အင်မော်တယ်ဘုရင်နှစ်ဦးဖြစ်ပြီး နောက်တွင် အင်မော်တယ်အရှင်မြတ် အများအပြား ပါဝင်လာကြသည်။
သူတို့မှာ ဤမြို့တော်၏ အုပ်ချုပ်သူများ ဖြစ်ပုံရ၏။ ရှောင်ကွမ်းနှင့် အခြားသူများက သူတို့၏ စွမ်းအားများကို ထုတ်မပြသေးသဖြင့် ထိုလူစုမှာ ရဲရဲဝံ့ဝံ့ပင် ဝိုင်းရံလိုက်ကြသည်။
"ခုနက ဖေးရှန်ဂိုဏ်းအကြောင်းကို အော်မေးနေတာ မင်းလား"
"ဟုတ်တယ်... ဟုတ်တယ်"
အစ်ကိုကြီးချန်က သဘာဝကျစွာပင် ခေါင်းညိတ်ဝန်ခံလိုက်သည်။
"သူတို့အကြောင်းကို သိသလား။ သိရင် ပြောပြပေးပါဦး။ ဒီဆုလာဘ်တွေက မင်းတို့အတွက် ဖြစ်စေရမယ်"
ကျိယွန်းနှင့် အခြားသူများမှာ အားကိုးရာမဲ့စွာ ကြည့်နေကြရုံသာ တတ်နိုင်တော့သည်။
ဂိုဏ်းချုပ်... မင်းရဲ့ လုပ်ပုံလုပ်နည်းက တကယ့်ကို ထူးခြားလွန်းတယ်...
ဒါပေမဲ့ ဒီလူတွေက ရန်သူတွေလေ၊ သူတို့က မင်းကို ကူညီလိမ့်မယ်လို့ ထင်နေတာလား...
တစ်ဖက်လူများလည်း အံ့အားသင့်သွားကြပြီး ထိုဆုလာဘ်များကိုကြည့်ကာ စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။ ခဏအကြာတွင် အင်မော်တယ်ဘုရင် နှစ်ဦးက အေးစက်စွာ လှောင်ပြုံးပြလိုက်ကြ၏။
"ဒါဆို မင်းက သူတို့ရဲ့ကြံရာပါပေါ့"
ဤနေရာတွင် ဖေးရှန်ဂိုဏ်း၏ကြံရာပါဟု သတ်မှတ်ခံရခြင်းမှာ အင်မော်တယ်လောက၏ ဘုံရန်သူ ဖြစ်သွားခြင်းပင်။
"မဟုတ်ဘူး"
အစ်ကိုကြီးချန်က တည်ကြည်လေးနက်စွာဖြင့် ပြင်ပေးလိုက်သည်။
"ကြံရာပါမဟုတ်ဘူး... မိသားစုဝင်တွေပါ"
အင်မော်တယ်ဘုရင်နှစ်ဦးမှာ သူ၏စကားကြောင့် ဇဝေဇဝါဖြစ်သွားသည်။ မိသားစုဝင်ဆိုတော့ ကြံရာပါထက်တောင် ပိုပြီးကြီးလေးတဲ့ကိစ္စ မဟုတ်လား။
"မိသားစုဝင် ဟုတ်လား။ ဒါဆို မင်းက ဖေးရှန်ဂိုဏ်းနဲ့ အတော်လေး ရင်းနှီးတာပေါ့"
အစ်ကိုကြီးချန်က ရင်ဘတ်ကို ပုတ်ကာ ဂုဏ်ယူစွာ ဆိုလိုက်သည်။
"အရမ်း ရင်းနှီးတာပေါ့"
"ဒါဆိုရင် အကြွင်းအကျန်တွေနဲ့လည်း အဆက်အသွယ် ရှိမှာပဲ။ သူတို့ ဘယ်မှာလဲဆိုတာ ပြောပြစမ်း။ မင်းကို အသက်ချမ်းသာပေးပြီး နောက်ဘဝ ကူးပြောင်းခွင့် ပေးမယ်"
အစ်ကိုကြီးချန်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။
"ဒါဆို မင်းတို့လည်း သူတို့ ဘယ်မှာလဲဆိုတာ မသိဘူးပေါ့"
သူက စိတ်တိုတိုဖြင့် ဆိုလိုက်သည်။
"မသိရင် ဘာလို့ ဒီလောက်အထိ စကားများနေရတာလဲ"
"ငါ့အချိန်ကို ဖြုန်းနေတာပဲ"
ထိုသို့ပြောရင်း သူသည် ဟုန်ကျွယ် အင်မော်တယ်ဓားကို မကျေမနပ်ဖြင့် ထုတ်ယူလိုက်တော့သည်။