မင်းတို့က အကျိုးအကြောင်းသင့် မရှိကြဘူးပဲ
Vol. 38 Ch. 377
အဝါရောင်သဲပြင်များ ဝန်းရံထားသည့် ကျောက်ဂူတစ်ခုအတွင်းမှ အင်မော်တယ်တစ်ပါး၏ အားကောင်းလှသောအသံကြီး ထွက်ပေါ်လာသည်။
“ဧကရာဇ်တစ်ပိုင်း ပိုင်ယီ၊ ဧကရာဇ်တစ်ပိုင်း ဖုန်းမန်နဲ့ ဧကရာဇ်တစ်ပိုင်း လန်လင်း၊ မင်းတို့သုံးယောက် လူတချို့ခေါပြီး အဲဒီကို အတူတူသွားလိုက်ကြ”
အခြားနေရာတစ်ခုမှ ဇဝေဇဝါဖြစ်နေသောအသံတစ်ခု ပြန်ထွက်လာ၏။
“အဲဒီမှာ လူဆယ်ယောက်ကျော်ပဲရှိတယ်လို့ ကြားပါတယ်။ ဧကရာဇ်တစ်ပိုင်းသုံးပါးလုံး လှုပ်ရှားဖို့ဆိုတာ နည်းနည်းတော့မများလွန်းဘူးလား”
“ဖေးရှန်ဂိုဏ်းရဲ့ အကြွင်းအကျန်တွေနဲ့ ပတ်သက်လာရင် ငါတို့ပေါ့ဆလို့မရဘူး။ အဲဒီတုန်းက သူတို့တွေ အင်မော်တယ်လောကကို ဘယ်လောက်တောင်ထိခိုက်အောင်လုပ်ခဲ့သလဲဆိုတာ မမေ့နဲ့ဦး”
“ဒါလည်းဟုတ်တာပဲ”
ဝူကျိဂူနန်းတော်မှ ဧကရာဇ်တစ်ပိုင်း သုံးပါးသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကြပြီး အင်မော်တယ်ဘုရင် ၂၅ ပါးစီစုစည်းကာ ထိုနေရာသို့ သွားရောက်သုတ်သင်ရန် ပြင်ဆင်နေစဉ်မှာပင် အစ်ကိုကြီးချန်မှာ ထိုနေရာသို့ အရင်ဦးဆုံးရောက်ရှိလာခဲ့၏။
သူတို့၏ ရှေ့မှောက်တွင် ပေါ်လာသည်မှာ နွယ်ပင်အထပ်ထပ်ဝန်းရံထားသော ဘူးသီးခြောက်ပုံစံ အဆောက်အအုံကြီးတစ်ခု ဖြစ်သည်။ ၎င်းမှာ အနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်ရသော်လည်း ထိုနေရာသို့ ရောက်ရှိနေသူများမှာမူ မရယ်နိုင်ကြတော့ဘဲ ကမ္ဘာကြီး၏ကျယ်ပြောမှုကိုသာ ခံစားနေရ၏။ ထိုဘူးသီးခြောက်ကြီးမှာ မိုင်ပေါင်းမည်မျှကျယ်ဝန်းသည်ကိုမသိနိုင်ဘဲ ၎င်း၏ ပတ်ပတ်လည်တွင် မင်္ဂလာရှိသောတိမ်တိုက်များ ဝဲလည်နေသည်။
ထိုနွယ်ပင်များပေါ်တွင် အင်မော်တယ်များမှာ အလုပ်ရှုပ်လျက် ပျံသန်းနေကြသည်ကို မြင်တွေ့နိုင်၏။ နွယ်ပင်များ၏အတွင်းပိုင်းတွင်မူ သီးခြားကမ္ဘာတစ်ခုရှိနေပြီး ဝင်ပေါက်တိုင်းလိုလိုမှာ မဟာလောကငယ်တစ်ခုစီ ဖြစ်နေသည်။ ၎င်းနှင့် နီးကပ်လာလေလေ၊ ပိုမိုအန္တရာယ်ရှိသော ဖိအားများကို ခံစားရလေလေပင်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ ဝူကျိဂူနန်းတော်မှလူများ မဟုတ်ကြသဖြင့် ဖိနှိပ်ခံရခြင်းဖြစ်သည်။
“ဒီနေရာပဲ”
လမ်းပြလာသော အင်မော်တယ်ဘုရင် ဝူကျွယ်က ရပ်လိုက်သည်။
“ဂိုဏ်းချုပ်ကျန်း၊ ကျွန်တော်တို့ နောက်ပြန်လှည့်ဖို့ အချိန်မနှောင်းသေးပါဘူး...”
သူ၏ စကားပင် မဆုံးသေးမီမှာပင် ဓားအလင်းတန်းတစ်ခုမှာ သူ့ဘေးမှဖြတ်ကျော်ကာ ထွက်ပေါ်လာ၏။
ဝုန်း... ဂျိန်း...
ရှေ့တွင်ရှိသည့် ထူထပ်လှသောနွယ်ပင်များမှာ ခုတ်ဖြတ်ခံလိုက်ရပြီး ရှည်လျားလှသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ထိုအက်ကြောင်း၏ ပတ်ပတ်လည်တွင် အနက်ရောင် မီးတောက်များ အဆက်မပြတ်တောက်လောင်နေ၏။ နွယ်ပင်များပေါ်ရှိ အင်မော်တယ်အများအပြားမှာ ထိုပေါက်ကွဲမှုအတွင်းပါဝင်သွားကြပြီး အော်ဟစ်ကာ သေဆုံးသွားခဲ့ကြသည်။ ဘူးသီးခြောက်ကြီးပင် တုန်ခါလာတော့သည်။
သူ့ကို ဖျောင်းဖျရန်ရည်ရွယ်ထားကြသော ရှောင်ကွန်း၊ ကျီယွမ်၊ မင်ချီနှင့် အခြားသူများမှာမူ အသံပင်မထွက်နိုင်တော့။
ကဲ... အခုတော့ ဘာမှပြောလို့ မရတော့ဘူး...
သေချာစဉ်းစားကြည့်လျှင် ဂိုဏ်းချုပ်ကျန်းမှာ များသောအားဖြင့် စကားပြောရလွယ်ကူပုံရပြီး တိုက်ပွဲများသွားရန်ပင် ပျင်းရိနေတတ်သော်လည်း တစ်စုံတစ်ဦးကို ရန်သူအဖြစ်သတ်မှတ်လိုက်သည်နှင့် သူသည် အခြားမည်သူထက်မဆို ပိုမိုပြင်းထန်ပြီး ကြမ်းတမ်းလှသည်။ ပုံရိပ်ယောင်အင်မော်တယ်ပုလင်းအတွင်းမှလောကတွင်ရှိစဉ်ကလည်း ထိုအစစ်အမှန်အင်မော်တယ်အနည်းငယ်မှာ သူ၏ချေမှုန်းခြင်းကိုခံခဲ့ရသည် မဟုတ်ပါလား... လူတိုင်းက သူ့ကို တားဆီးရန် ကြိုးစားခဲ့ကြသော်လည်း မရခဲ့ပေ။
ဒါပေမဲ့ ပြဿနာက ငါတို့တိုက်ခိုက်တော့မယ်ဆိုရင်တောင် နည်းလမ်းတွေ၊ နည်းဗျူဟာတွေသုံးလို့ မရဘူးလား...
ဒါက ငါတို့ ဒီကို ပထမဆုံးအကြိမ် ရောက်ဖူးတာလေ၊ ဟုတ်တယ်မလား...
ငါတို့ ဒီနေရာအကြောင်း လုံးဝမသိဘူးလေ၊ ဟုတ်တယ်မလား...
အရင်ဆုံး သတင်းသွားယူတာမျိုး လုပ်လို့မရဘူးလား...
အနည်းဆုံးတော့ ဒီနေရာရဲ့ အခြေခံအချက်အလက်လေးတွေကိုတော့ မေးမြန်းသင့်တာပေါ့။ ဘာမှမမေးဘဲ ချက်ချင်း ဓားနဲ့ခုတ်လိုက်တာလား...
သူ ဒီတစ်ကြိမ်မှာလည်း အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟုသာ မျှော်လင့်ရတော့မည်။
အစ်ကိုကြီးချန်သည် ဤဓားချက်အတွက် ဆယ်ဆတိုက်ခိုက်မှုကို အသုံးပြုခဲ့ပြီး နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများမှာ အပြင်သို့ လျင်မြန်စွာပျံ့နှံ့သွား၏။ ရှည်လျားလှသော အက်ကြောင်းကြီးသာမက ဘေးပတ်ဝန်းကျင်ရှိ နွယ်ပင်များမှာလည်း ကပ်ဘေးတစ်ခု ကျရောက်ခဲ့သကဲ့သို့ လျင်မြန်စွာ ပျက်စီးလာသည်။ အဆုံးတွင် မဟာလောကငယ်များအနက် တစ်ခုမှာ တောက်လောင်နေသော ငရဲဘုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
သို့သော်လည်း ထို့နောက် ချက်ချင်းပင် ဘူးသီးခြောက်ကြီးပေါ်ရှိ အခြားသော မဟာလောကငယ်များ၏ ဝင်ပေါက်များမှ ပြင်းထန်လှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ကျယ်ပြန့်ပြီး အမျိုးမျိုးသော စည်းမျဉ်းစွမ်းအားများက ဖျက်ဆီးနိုင်သော အလင်းတန်းများကို ဖြစ်ပေါ်စေပြီး ထိုဓားချက်၏ နောက်ဆက်တွဲသက်ရောက်မှုများကို လုံးဝငြိမ်းသတ်ပစ်လိုက်၏။ နောက်ဆက်တွဲအနေဖြင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အင်မော်တယ်အုပ်စုများမှာ မဟာလောကငယ်တစ်ခုချင်းစီမှ ပျံထွက်လာကြသည်။
သူတို့ကို ဦးဆောင်လာသူများမှာ အခြားသူများမဟုတ်ဘဲ ဧကရာဇ်တစ်ပိုင်း ပိုင်ယီ၊ ဧကရာဇ်တစ်ပိုင်း ဖုန်းမန်နှင့် ဧကရာဇ်တစ်ပိုင်း လန်လင်းတို့ ဖြစ်ကြသည်။ သူတို့သည် မူလက ကျန်းချန်နှင့် သူ၏အုပ်စုကိုရှာရန် ထွက်ခွာတော့မည်ဖြစ်သဖြင့် ကံကောင်းသွားပင်။ မဟုတ်လျှင် သူတို့အနေဖြင့် ယခုကဲ့သို့ လျင်မြန်စွာတုံ့ပြန်နိုင်ကြလိမ့်မည်မဟုတ်။
အပြင်ဘက်ရှိ ပျက်စီးယိုယွင်းနေသောအခြေအနေကို မြင်လိုက်ရသောအခါ ဧကရာဇ်တစ်ပိုင်း အနည်းငယ်မှာ ထိတ်လန့်သွားပြီးနောက် ဒေါသထွက်ကုန်ကြသည်။
ဤကဲ့သို့သော ဖျက်ဆီးနိုင်စွမ်းမျိုးရှိရန်အတွက် မည်မျှအစွမ်းထက်ရမည်နည်း...
သူတို့ရှေ့မှောက်ရှိ အင်မော်တယ်ဘုရင် ၁၃ ပါးလုံး ပူးပေါင်းလိုက်လျှင်တောင် ဤကဲ့သို့ မလုပ်နိုင်လောက်...
“မင်းတို့လို အောက်တန်းစားတွေက ဘာလို့ ဒီလောက်တောင် ရဲတင်းနေရတာလဲ”
အစ်ကိုကြီးချန် ပြန်ဖြေရန်ပင်မလိုပေ။ ဧကရာဇ်တစ်ပိုင်း ပိုင်ယီ၏ နောက်ကွယ်မှ ကြယ်စင်ပြားတစ်ခုကို ကိုင်ဆောင်ထားသော အင်မော်တယ်ဘုရင်တစ်ဦးက လေးလေးစားစား ပြောလိုက်သည်
“ဘိုးဘေးကြီးကို တင်ပြပါတယ်၊ ဒီလူ ၁၃ ယောက်ရဲ့ အရှိန်အဝါဟာ ကြယ်စင်ပြားပေါ်မှာ ပေါ်နေတဲ့ အရှိန်အဝါနဲ့ တစ်ထေရာတည်း တူနေပါတယ်”
“ဘာ”
“သူတို့က ဖေးရှန်ဂိုဏ်းရဲ့ အပေါင်းအပါတွေလား”
အမှန်အတိုင်းပြောရလျှင် သူတို့သည်လည်း အစ်ကိုကြီးချန်၏လုပ်ရပ်များကြောင့် ဇဝေဇဝါဖြစ်နေကြသည်။ အထက်အင်မော်တယ်လောကတွင် ထင်ရှားသော အင်အားစုတစ်ခုအနေဖြင့် ဝူကျိဂူနန်းတော်မှာ မောက်မာ၏။ သူတို့သည်သာ အခြားသူများကို အမြဲတိုက်ခိုက်လေ့ရှိပြီး အခြားသူများမှာ သူတို့၏အရှိန်အဝါအောက်တွင် ထိတ်လန့်တုန်လှုပ်နေကြလေ့ရှိသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ ဆန့်ကျင်ဘက်ပင်။
မင်းတို့က ငါတို့ရဲ့ အင်မော်တယ်ဘုရင်တွေကို သတ်ထားတာတောင်၊ ဘာလို့ မင်းတို့ကပဲ လက်စားချေမယ့်ပုံစံမျိုးနဲ့ ငါတို့တံခါးဝအထိ လာပြီးတိုက်ခိုက်နေရတာလဲ...
မင်းတို့က အကျိုးအကြောင်းသင့် မရှိကြဘူးပဲ...
“ကောင်းကင်ဘုံကိုသွားတဲ့လမ်း ရှိပါလျက်နဲ့ မင်းကမသွားဘဲ...”
အစ်ကိုကြီးချန်က ဧကရာဇ်တစ်ပိုင်း လန်လင်း၏ ဒုတိယပိုင်းကိုစဉ်းစားပေးကာ ဖြည့်စွက်ပေးလိုက်သည်
“တံခါးမရှိတဲ့ ငရဲဘုံထဲကို ငါက အတင်းတိုးဝင်လာတာလား”
တစ်ဖက်လူ မည်သို့ခံစားရသည်ဖြစ်စေ သူသည် တိုက်ရိုက်ပင် စတင်မေးမြန်းတော့သည်။
“အဖိုးကြီး၊ မင်းကို ငါမေးပါရစေ၊ ဖေးရှန်ဂိုဏ်းက ကျန်တဲ့လူတွေ ဘယ်မှာလဲဆိုတာ မင်းသိသလား”
ဧကရာဇ်တစ်ပိုင်း လန်လင်းသည် နှစ်ပေါင်း ၁၀ ဘီလီယံကျော် နေထိုင်လာခဲ့သူဖြစ်ပြီး သူ၏စိတ်နှလုံးမှာ သစ်သားတုံးကဲ့သို့ တည်ငြိမ်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ယခုမူ သူသည် အကြောင်းပြချက်မရှိဘဲ ဆဲချင်စိတ်ပေါက်လာသည်။
ငါတို့က မင်းရဲ့မေးခွန်းကို ဖြေမယ်လို့ မင်း ဘာလို့ ထင်နေရတာလဲ...
ငါတို့ရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ မင်းရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက ဘာလို့ ဒီလောက်တောင် မြင့်နေရတာလဲ...
“မင်း သိချင်တာလား... ဒါဆိုရင် အောက်ကိုသွားပြီး သူတို့နဲ့ သွားတွေ့လိုက်လေ”
အစ်ကိုကြီးချန်က အတော်ပင် ကျေနပ်ပုံဖြင့် ခေါင်းညိတ်လိုက်သည်
“မင်း တကယ် သိနေတာပဲ၊ ဒါဆိုရင်တော့ ပြီးပြီ...”
ထိုသို့ပြောပြီးနောက် သူသည် စနစ်အဆင့်မြှင့်တင်မှုကို နှိပ်လိုက်သည်။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်... နောက်တစ်ဆင့်တွင် စိတ်ဖတ်ခြင်းစွမ်းရည် ပါဝင်သောကြောင့်ပင်။
သူ့ထံတွင် ယခင်ကကျန်ရှိနေသော ကံတရားအမှတ်အချို့ရှိနေပြီး ယခုတစ်ကြိမ်တွင် အင်မော်တယ်ဘုရင် နှစ်ပါးနှင့် အင်မော်တယ်အရှင်သခင် အုပ်စုတစ်စုကို ဖျက်ဆီးပြီးနောက် သူ၏ထံတွင် ကံတရားအမှတ်နှစ်သန်း ထပ်မံရရှိထားသည်။ အချိန်အတော်ကြာ အဆင့်မမြှင့်တင်ရသေးသော စနစ်မှာ ကံတရားအမှတ် ၁ သန်း အသုံးပြုပြီးနောက် အဆင့် ၁၃ ရောက်သွား၏။
အဆင့်- ၁၃
သုံးနိုင်သောကံတရားအမှတ်- ၁,၁၈၆,၆၅၃
လက်ရှိ စွမ်းရည်- လက်ခံသူသည် ပစ်မှတ်၏ စိတ်တွင်းမှအတွေးအမှန်များကိုမြင်နိုင်ရန် ကံတရားအမှတ်ကို အသုံးပြုနိုင်သည်။ ပြန်လည်အသုံးပြုရန်ကြာချိန်မရှိ။
မှတ်ချက်- ပစ်မှတ်၏ အစွမ်းပိုကြီးလေ ကံတရားအမှတ်အသုံးပြုမှု ပိုများလေ။
နောက်တစ်ဆင့် စွမ်းရည်- လက်ခံသူသည် ပစ်မှတ်၏ မည်သည့်စွမ်းရည်ကိုမဆို ပျောက်ကွယ်သွားစေရန် ကံတရားအမှတ်ကို အသုံးပြုနိုင်သည်။ ပြန်လည်အသုံးပြုရန်ကြာချိန်မရှိ။
မှတ်ချက်- ပစ်မှတ်၏ အစွမ်းပိုကြီးလေ ကံတရားအမှတ်အသုံးပြုမှု ပိုများလေ။
ပြိုင်ဘက်ရဲ့ စွမ်းရည်ကို ပျောက်ကွယ်သွားစေမယ်...
အဲဒါက အဲဒီစွမ်းရည်ကို ဖယ်ရှားလိုက်တာပဲလား၊ ငါကရော အဲဒီစွမ်းရည်ကို မရနိုင်ဘူးလား...
ဒါက ငါ့အတွက် သိပ်ပြီးအကျိုးရှိပုံမရဘူး...
ဒါနဲ့ စွမ်းရည်ငှားရမ်းတာနဲ့ ဘာကွာသလဲဆိုရင် ငှားရမ်းပြီးရင် ငါက အဲဒီစွမ်းရည်ကိုရပြီး တစ်ဖက်လူမှာလည်း ရှိနေတုန်းပဲ...
ဖယ်ရှားတာဆိုရင် တစ်ဖက်လူကဆုံးရှုံးသွားပြီး ငါလည်းမရဘူး...
အဲဒါက ကိုယ့်အတွက်အကျိုးမရှိဘဲ သူများကိုပဲဒုက္ခပေးတဲ့ အမျိုးအစားထဲ ပါနေတယ်...
သို့သော်လည်း သူသည် ယခုအချိန်တွင် အလုပ်များနေသဖြင့် သိပ်တွေးမနေတော့ပေ။ အဆင့်မြှင့်တင်ခြင်းနှင့် စွမ်းရည်ကို စစ်ဆေးခြင်းမှာ ၁၀ စက္ကန့်ခန့်သာ ကြာသည်။ တစ်ဖက်လူမှာ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေပြီး ချက်ချင်းတိုက်ခိုက်တော့မည့်ပုံစံရှိနေသဖြင့် သူသည် ဧကရာဇ်တစ်ပိုင်း လန်လင်းကို ပစ်မှတ်ထားကာ စိတ်ဖတ်ခြင်းကို စတင်အသုံးပြုလိုက်၏။
ကံတရားအမှတ် ၁.၂ သန်းမှာ ထိုသို့ပင် ကုန်ဆုံးသွားသည်။ ပစ်မှတ်မှာ ဧကရာဇ်တစ်ပိုင်းဖြစ်ပြီး ကျင့်စဉ်နယ်ပယ်မှာ အလွန်မြင့်မားနေသောကြောင့်ပင်။ ဧကရာဇ်တစ်ပိုင်း၏ အတွေးများကိုဖတ်ခြင်းမှာ ကောင်းကင်ဘုံကိုဆန့်ကျင်သော လုပ်ရပ်တစ်ခုဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ဤစွမ်းရည်မှာ အရည်အသွေးနှင့် ပမာဏကို ထိန်းသိမ်းထားနိုင်သဖြင့် ဧကရာဇ်တစ်ပိုင်း လန်လင်း၏ အတွေးများမှာ သူ၏ရှေ့တွင် အထင်အရှားပေါ်လာသည်။
“ဒီလူက တကယ်ပဲ ဘယ်သူလဲ”
“ခုနက တိုက်ခိုက်မှုက တကယ်ပဲ သူလုပ်ခဲ့တာလား”
“သူက ဘာလို့ ဒီလောက်တောင် ယုံကြည်မှုရှိနေရတာလဲ”
“သူက အဲဒီအကြွင်းအကျန်တွေနဲ့ ဘာပတ်သက်တာလဲ... သူက အောက်လောကက တက်လာသူတစ်ယောက်လား”
“ဘာလို့ သူ့ရဲ့နောက်မှာ နတ်ဆိုးကျင့်ကြံသူတွေနဲ့ သေခြင်းလောကကလူတွေ ရှိနေရတာလဲ”
“ငါ့ရဲ့ အဆင့်မြင့် အင်မော်တယ်ရတနာ ပုံရိပ်ယောင်အပ်ကိုသုံးလိုက်ရင် သူ့ကို တစ်ချက်တည်းနဲ့ သတ်နိုင်မလား”
ရှုပ်ထွေးလှသော အတွေးမျိုးစုံ ပေါ်ထွက်လာသော်လည်း အစ်ကိုကြီးချန်အတွက်မူ ဤအတွေးများက တန်ဖိုးမရှိပေ။ သူက နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်
“ဖေးရှန်ဂိုဏ်းက ကျန်တဲ့လူတွေ ဘယ်မှာလဲဆိုတာ မင်း တကယ်မသိဘူးလား”
အခြားသူများ၏အမြင်တွင်မူ ဤအရာမှာ အချိန်ဖြုန်းခြင်းမျှသာ။
သူတို့က ဘယ်လိုလုပ်ပြီးဖြေမှာလဲ...