← Chapters

ဒါဆို တရားခံက မင်းပဲပေါ့

Vol. 38 Ch. 378

ဒါဆို တရားခံက မင်းပဲပေါ့

Vol. 38 Ch. 378

မျှော်လင့်ထားသည့်အတိုင်းပင် ဧကရာဇ်တစ်ပိုင်း လန်လင်းသည် အဖြေပေးရန် ရည်ရွယ်ချက်မရှိဘဲ လှောင်ပြုံးရုံသာ ပြုံးနေခဲ့သည်။

"မင်း ဘယ်လိုသေမလဲဆိုတာကိုပဲ အရင်စဉ်းစားထားလိုက်"

ထိုသို့ပြောပြီးနောက် သူသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော အပ်ရှည်တစ်ချောင်းကို ထုတ်လိုက်သည်။ ကျန်းချန်ကမူ စိတ်ထဲမှ ကဲ့ရဲ့လိုက်၏

အဖိုးကြီး... မင်း တကယ်တော့ ရင်ထဲမှာ သေလောက်အောင် ကြောက်နေတာကို ငါမသိဘူး ထင်နေလား...

သူ လိုချင်သောသတင်းကို ရရှိသွားပြီဖြစ်သည်။

ဖေးရှန်ဂိုဏ်းရဲ့ ကျန်တဲ့လူတွေက ယောင်လောကက နဂါးတွေဆီမှာ အလုပ်လုပ်ပေးနေတာလား... သူက ဘာလို့ ဒါကိုမသိတာလ...

ဒီလူက အဲဒီအကြွင်းအကျန်တွေနဲ့ လူစုကွဲသွားတာ ဖြစ်နိုင်မလား...

သူနဲ့ ကျန်တဲ့ ၁၂ ယောက်ကို အရင် နှိမ်နင်းလိုက်ဦးမယ်၊ ဒါဆိုရင် မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေ ရနိုင်တယ်...

သူမေးခွန်းထုတ်လိုက်သောကြောင့် ထိုသက်ဆိုင်ရာ သတင်းအချက်အလက်များသည် ဧကရာဇ်တစ်ပိုင်း လန်လင်း၏ အတွေးထဲတွင် ပေါ်လာခဲ့သည်။

ဒါဆို သူတို့က ယောင်လောကကို သွားခဲ့ကြတာလား...

နဂါးမျိုးနွယ်စုဆီကိုလား...

သူတို့ ရွှေနဂါးဘုရင်နဲ့အတူသွာကြတာလား...

ကျန်းချန်၏စိတ်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်နေပြီး သူ၏လှုပ်ရှားမှုမှာလည်း နှေးကွေးခြင်းမရှိပေ။ ဧကရာဇ်တစ်ပိုင်း လန်လင်း မလှုပ်ရှားနိုင်မီမှာပင် သူသည် ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်သည်။ သတင်းရပြီဖြစ်၍ ဤလူများ သေရမည့်အချိန် ရောက်လေပြီ။

အင်မော်တယ်နိုင်ငံတော်၏ တိုက်ခိုက်မှုကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရ၏။ သူသည် ဧကရာဇ်တစ်ပိုင်းကို ရင်ဆိုင်နေရသော်လည်း ထွက်မပြေးသည့်အပြင် အရင်ဦးဆုံး စတင်တိုက်ခိုက်ရဲသည်။ မသိသူများအဖို့မူ ဝူကျိဂူနန်းတော်မှ ဧကရာဇ်တစ်ပိုင်းများနှင့် အင်မော်တယ်ဘုရင် အမြောက်အမြားမှာ ကျန်းချန်တစ်ယောက်တည်း၏ ဝိုင်းရံခြင်းကို ခံထားရသည်ဟုပင် ထင်ကြပေမည်။

သို့သော် အင်မော်တယ်နိုင်ငံတော်၏ ပုံရိပ်အစစ်အမှန် ပေါ်ထွက်လာသောအခါ လူတိုင်းမှာ ကြောင်အသွားကြသည်။

"အဲဒါ ဘာကြီးလဲ"

"ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင်လား"

"ဒါ အသေအချာပဲ... ငါ အလယ်အင်မော်တယ်လောကမှာ နေခဲ့ဖူးတယ်"

"ဘုရားရေ... ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင်က အင်မော်တယ်နိုင်ငံတော်ရဲ့ ဗဟိုချက် ဘယ်လိုဖြစ်သွားတာလဲ"

၎င်းမှာ ကျင့်စဉ်အဆင့်အရ နိမ့်နေသေးသော်လည်း ဝူကျိဂူနန်းတော်မှ အင်မော်တယ်ဘုရင်နှစ်ရာမှာ တစ်ပြိုင်နက်တည်း ဖိနှိပ်ခံလိုက်ရသည်... အင်မော်တယ်သစ်ပင်၏ သစ်ကိုင်းသစ်ရွက်များ ဝှေ့ယမ်းလိုက်သောအခါ ဘေးပတ်ဝန်းကျင် လောကကြီးမှာ သန့်စင်သွားသယောင် ထင်ရ၏။ အင်မော်တယ်ဘုရင် အများအပြားမှာ တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာသွားကြရပြီး သူတို့ ထုတ်ဆင့်လိုက်သော အင်မော်တယ်နိုင်ငံတော်များမှာ ထိုသစ်ကိုင်းသစ်ရွက်များနှင့် ထိတွေ့ရုံဖြင့် အပေါက်အပြဲများ ဖြစ်ကုန်ကြသည်။

သူတို့နောက်တွင် ရှိနေသော ရှောင်ကွန်း၊ ကျီယွမ်၊ ဝူကျွယ်နှင့် အခြားသူများမှာ လုံးဝကို ဆွံ့အသွား၏။ အစောပိုင်းက ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင် ပျောက်ကွယ်သွားစဉ်က သူတို့မှာလည်း စိတ်ပျက်အားငယ်ခဲ့ကြဖူးသည်။ ယခု အထက်အင်မော်တယ်လောကသို့ သူတို့ တက်လှမ်းလာကြခြင်းမှာ ဂိုဏ်းချုပ်ကျန်းနောက်သို့ ဆက်လက်လိုက်ပါရန်ဖြစ်သလို၊ အခြားတစ်ဖက်မှာလည်း အင်မော်တယ်သစ်ပင် မရှိတော့သဖြင့် ဆက်နေရန် အဓိပ္ပာယ်မရှိတော့သောကြောင့်ဖြစ်သည်။

သူတို့သည် အကြောင်းပြချက်များစွာကို ခန့်မှန်းခဲ့ကြသည်။ ယခုမူ အမှန်တရား ပေါ်ပေါက်လာလေပြီ။

ဒါဆို ဒါတွေအားလုံးရဲ့ နောက်ကွယ်က တရားခံက ဆရာကြီးပဲလား...

ဒါကို ငါတို့တွေ ဆွေးနွေးနေကြတဲ့အခါတိုင်း ဆရာကြီးက ငါ ဘာမှမသိဘူးဆိုတဲ့ မျက်နှာပေးမျိုး ဘယ်လိုလုပ် လုပ်နိုင်ခဲ့တာလဲ...

လွန်လွန်းတယ်၊ ဒါကတော့ တကယ်ကို လွန်လွန်းတယ်...

အုပ်စုမှာ မူလက ဤတိုက်ပွဲအတွက် ယုံကြည်မှုမရှိခဲ့သော်လည်း ယခုမူ ရုတ်တရက် စိုးရိမ်စိတ်များ ပျောက်ကွယ်သွားခဲ့သည်။

ကဲ... ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင်ကိုတောင် ဒီအထိ သယ်လာနိုင်တဲ့သူက မလုပ်နိုင်တာ ဘာရှိဦးမှာလဲ...

ဧကရာဇ်တစ်ပိုင်း အနည်းငယ်ဆိုတာ အပျော့လေးပါပဲ...

သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူတို့ ခန့်မှန်းချက် မှားယွင်းသွားသည်။ ဧကရာဇ်တစ်ပိုင်းများနှင့် အင်မော်တယ်ဘုရင်များမှာ အဆင့်အတန်းချင်းမတူညီကြ။ ကျန်းချန်သည် အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံးဟု ဆိုနိုင်သော်လည်း ကျင့်စဉ်အဆင့်၏ နက်ရှိုင်းလှသော အတားအဆီးကိုမူ မကျော်လွှားနိုင်ခဲ့ပေ။ အမှန်စင်စစ် ၎င်းမှာ အရည်အသွေးပိုင်းဆိုင်ရာမြင့်တင်မှုဖြစ်ပြီး လုံးဝကွဲပြားသောအဆင့်တစ်ခုသို့ တက်လှမ်းသွားခြင်းဖြစ်သည်။

အင်မော်တယ်နိုင်ငံတော်၏ ပတ်ပတ်လည်တွင် ကြီးမားသော ပိုက်ကွန်တစ်ခုကဲ့သို့ ဂယက်များ လျင်မြန်စွာ ပျံ့နှံ့လာ၏။ ဧကရာဇ်တစ်ပိုင်း လန်လင်းက ဂါထာမန္တန်များကို ရွတ်ဖတ်လိုက်ရာ သူ၏မျက်လုံးများမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုပိုက်ကွန်ကြီးမှာ ဖြည်းဖြည်းချင်း ကျုံ့ဝင်လာ၏။ ကျန်းချန်၏ အစွမ်းထက်လှသော အင်မော်တယ်နိုင်ငံတော်၏ အနားသတ်များမှာ ချက်ချင်းပင် အက်ကြောင်းပေါင်းများစွာ ဖြစ်ပေါ်သွားပြီး ဉာဏ်အလင်းပွင့် အင်မော်တယ်သစ်ပင်မှာလည်း ထိုပျက်စီးမှုများကို လျင်မြန်စွာ ပြန်လည်ပြုပြင်ရန်အတွက် အလင်းတန်းများကို ကြိုးစားထုတ်လွှတ်နေရသည်။ ပြုပြင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့မှာ တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေပြီး အံ့ဖွယ်မြင်ကွင်းတစ်ခုကို ဖန်တီးနေ၏။

တစ်ချိန်တည်းမှာပင် ဧကရာဇ်တစ်ပိုင်း လန်လင်း၏ အင်မော်တယ်တက်လှမ်းခြင်းအဆင့် အင်မော်တယ်နိုင်ငံတော်မှာလည်း တိုက်ပွဲကြောင့် ပြင်းထန်စွာတုန်ခါနေသည်။ အရေးကြီးသော အချိန်တွင် ဧကရာဇ်တစ်ပိုင်း လန်လင်းသည် သူ၏ ပုံရိပ်ယောင်အပ်ကို ထုတ်လိုက်၏။ ထိုအပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရေတွက်၍မရသော အပ်များအဖြစ်ပွားသွားသည်။

၎င်းသည် ကျန်းချန်၏ အင်မော်တယ်ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်သွား၏။ မည်မျှပင် ရှောင်လွှဲစေကာမူ ၎င်း၏ ပစ်မှတ်သတ်မှတ်မှုကို မလွတ်မြောက်နိုင်ပေ။ သို့သော် ကျန်းချန်မှာ ရှောင်တိမ်းရန် စိတ်မဝင်စားတော့။ ဟုန်ကျွယ် အင်မော်တယ်ဓား ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ယံရှိ အပ်အလင်းတန်းများမှာ ချက်ချင်းပျောက်ကွယ်သွားသည်။ အဆုံးတွင် အပ်ဆယ်ချောင်းကျော်ခန့်သာ လွတ်မြောက်သွားပြီး သူ့ကိုထိုးမိသွားသော်လည်း ၎င်းတို့မှာ အင်မော်တယ်နှင့် နတ်ဆိုးပေါင်းစပ်ထားသော ခန္ဓာကိုယ်ပေါ်တွင် သေးငယ်သော အပေါက်လေးများသာ ဖြစ်ပေါ်စေ၏။

"ဒါ မဖြစ်နိုင်ဘူး"

ဧကရာဇ်တစ်ပိုင်း လန်လင်းမှာ ဤမျှအထိ မအံ့ဩခဲ့ရသည်မှာ ကြာပြီဖြစ်သည်။ သူ၏ ပုံရိပ်ယောင်အပ်မှာ သတ်ဖြတ်ခြင်း အဆင့်မြင့်အင်မော်တယ်ရတနာတစ်ခုဖြစ်ပြီး ဧကရာဇ်တစ်ပိုင်းများကိုပင် ကြီးမားစွာ ထိခိုက်စေနိုင်သည်။ အင်မော်တယ်ဘုရင်များအတွက်မူ ၎င်းမှာ အသက်ကိုနုတ်ယူမည့် သေမင်းကဲ့သို့ပင်။ သူ အသုံးပြုတိုင်း အမြဲတမ်း ထိရောက်ခဲ့၏။

ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ သေးငယ်သော ထိခိုက်မှုသာ ပေးနိုင်ခဲ့သည်။ ကိုးဆင့်မြောက် အင်မော်တယ်ဓား၏ စွမ်းအားကို မဆိုထားနှင့်၊ အပ်ထိသွားသော နေရာတွေက ဘာကြောင့် ဒီလောက် ဒဏ်ရာသေးသေးလေးဖြစ်နေရတာလဲ...

"ဒါက ဘယ်လို အင်မော်တယ်ခန္ဓာကိုယ်မျိုးလဲ"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အခြား ဧကရာဇ်တစ်ပိုင်း နှစ်ပါးဖြစ်သော ပိုင်ယီနှင့် ဖုန်းမန်တို့မှာလည်း အလွန်အမင်း ထိတ်လန့်သွားကြသည်။

အင်မော်တယ်ဘုရင်က ဧကရာဇ်တစ်ပိုင်းနှင့် တန်းတူရင်ဆိုင်နိုင်သလော...

ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်လွန်းရာ မရောက်ဘူးလား...

အဲဒီတုန်းက ဖေးရှန်ဂိုဏ်းက ပါရမီရှင်တွေမှာ ခရမ်းရွှေရောင် နတ်ဆိုးခန္ဓာကိုယ်ရှိခဲ့ပေမဲ့ သူတို့တောင် ဒီလိုမလုပ်နိုင်ခဲ့ကြဘူး...

"မိတ်ဆွေ၊ ကျွန်တော်တို့ ကူညီပါရစေ"

"အတူတူ တိုက်ကြမယ်"

ထိုဧကရာဇ်တစ်ပိုင်း နှစ်ပါးမှာ သူတို့၏ အဆင့်အတန်းကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့၏ အသံဆုံးသည်နှင့်တစ်ပြိုင်နက် ဘူးသီးခြောက်ကြီးအတွင်းမှ နောက်ထပ် ဧကရာဇ်တစ်ပိုင်း နှစ်ပါး ထွက်ပေါ်လာခဲ့သည်။ သူတို့အထဲတွင်တစ်ဦးမှာ ဂိုဏ်းချုပ် ဧကရာဇ်တစ်ပိုင်း ဟန်ယွီဖြစ်၏။

ဝူကျိဂူနန်းတော်တွင် အင်မော်တယ်ဧကရာဇ် သုံးပါးနှင့် ဧကရာဇ်တစ်ပိုင်း ခုနစ်ပါး ရှိသည်။ ယခုတစ်ကြိမ်တွင်မူ အလယ်အင်မော်တယ်လောကမှ တက်လှမ်းလာသူများရှိသဖြင့် ဧကရာဇ်တစ်ပိုင်း နှစ်ပါးမှာ လူသစ်စုဆောင်းရန် ကျီရှောင်စင်မြင့်သို့ သွားရောက်နေကြသည်။ အင်မော်တယ်ဧကရာဇ် သုံးပါးမှာလည်း ဧကရာဇ်တစ်ပိုင်း ချန်ကျိုးကို လိုက်လံဖမ်းဆီးခြင်းနှင့် အလယ်အင်မော်တယ်လောကရှိ ဖေးရှန်ဂိုဏ်းကို အမြစ်ဖြတ်ရန် သွားရောက်နေကြသဖြင့် ဤနေရာတွင်မရှိကြ။ ယခုအခါ ဧကရာဇ်တစ်ပိုင်း ငါးပါးလုံး အတူတူ ထွက်လာကြခြင်းမှာ သူတို့၏ အင်အားကုန် အသုံးပြုခြင်းပင်။

သူတို့မှာ အခြားရွေးချယ်စရာ မရှိပေ။ ကျန်းချန်ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းရည်မှာ သူတို့၏ စွမ်းဆောင်နိုင်ရည်ထက် မကျော်လွန်သေးသော်လည်း သူတို့ကို အလွန်အမင်း ထိတ်လန့်စေခဲ့သည်။ အင်မော်တယ်ဘုရင်တစ်ပါးက ဧကရာဇ်တစ်ပိုင်းတစ်ပါးနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်းမှာ အံ့ဖွယ်တစ်ခုကဲ့သို့ပင်။ ၎င်းမှာ သူတို့ကို အန္တရာယ်ကို သတိပြုမိစေခဲ့သည်။

ဤလူသည် ယခုအချိန်တွင် အင်မော်တယ်ဘုရင်သာ ရှိသေးသည်...

သူသာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းသွားခဲ့လျှင် အခြား ဧကရာဇ်တစ်ပိုင်းများအတွက် အသက်ရှင်ရန် လမ်းရှိပါဦးမည်လော...

ဒါက အရမ်းကြောက်စရာကောင်းလွန်းတယ်...

ဒီလိုလူမျိုး လွတ်သွားခဲ့ရင် သူတို့ နောင်မှာ ဘယ်တော့မှ အိပ်ပျော်နိုင်မှာ မဟုတ်တော့ဘူး...

သူတို့ ငါးယောက်လုံး အတူတူတိုက်ခိုက်လိုက်ကြပြီး သူတို့၏ အင်မော်တယ်ရတနာအားလုံးကို ထုတ်သုံးလိုက်ကြသည်။ ဤအချိန်တွင် ရှောင်ကွန်း၊ ကျီယွမ်နှင့် အခြားသူများမှာ ဂိုဏ်းချုပ်ကျန်းကို ကူညီချင်လျှင်ပင် မတတ်နိုင်ကြပေ။ သူတို့သည် ထိုစည်းမျဉ်းပင်လယ်ကြီးအတွင်းသို့ ခြေတစ်လှမ်းပင် မလှမ်းနိုင်ကြ။ ထိုနေရာမှ လွင့်စင်လာသော လှိုင်းလုံးများကြောင့်ပင် သူတို့၏ အင်မော်တယ်နိုင်ငံတော်များမှာ မရပ်မနားတုန်ခါနေ၏။ ဤတိုက်ပွဲမှာ အင်မော်တယ်ဘုရင်များ၏ အဆင့်ကို ကျော်လွန်သွားခဲ့လေပြီ။ သူတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ဂိုဏ်းချုပ်ကျန်း၏ နတ်ဘုရားစွမ်းအင်ကို အားကိုးပြီး မဖြစ်နိုင်ဟုထင်ရသောအောင်ပွဲကို ရယူနိုင်ရန် မျှော်လင့်နေရုံသာ။

တိုက်ပွဲမှာ အလွန်မြန်ဆန်စွာ ပြီးဆုံးသွားသည်။ ရှုပ်ထွေးလှသော စည်းမျဉ်းပင်လယ်ကြီး ဖြည်းဖြည်းချင်း ဆုတ်ခွာသွားပြီး မြင်ကွင်းရှင်းလင်းလာသောအခါ ဘူးသီးခြောက်ကြီးအတွင်းရှိ မဟာလောကငယ်မှာ တစ်ဝက်ကျော်ခန့် ပျက်စီးသွားခဲ့သည်။ တစ်ဖက်ရှိ အင်မော်တယ်ဘုရင် နှစ်ရာမှာလည်း ဆုတ်ခွာသွားကြပြီး အများအပြားမှာ ဤတိုက်ပွဲကြောင့် ဒဏ်ရာရရှိခဲ့ကြသည်။ ဂိုဏ်းချုပ်ကျန်းမှာမူ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွား၏။ ဧကရာဇ်တစ်ပိုင်း ငါးပါးလုံးမှာ တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်ကြသည်။

"နောက်ဆုံးတော့ သူ့ကိုဖျက်ဆီးနိုင်ခဲ့ပြီ"

"ဒီလူက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်"

"ဖေးရှန်ဂိုဏ်းကနေ ဒီလို ပါရမီရှင်မျိုး ဘယ်လိုလုပ်ပေါ်လာရတာလဲ"

"ကံကောင်းလို့ သူက ငါတို့ထောင်ချောက်ထဲကို ကိုယ်တိုင်တိုးဝင်လာတာ..."

သူတို့မှာ တိတ်တဆိတ် ဝမ်းသာနေကြသည်။ ကျန်းချန်ကသာ မတိုက်ခိုက်ဘဲ ထွက်ပြေးရန် ရွေးချယ်ခဲ့လျှင် သူ့ကိုကိုင်တွယ်ရန် သူတို့မှာနည်းလမ်းမရှိပေ။ ရှောင်ကွန်းနှင့် အခြားသူများ၏ မျက်နှာပေးမှာ ပြောင်းလဲသွားသော်လည်း အကြောင်းပြချက်မရှိဘဲ သူတို့မှာ မျှော်လင့်ချက်အချို့ ရှိနေကြသည်။ သူတို့သည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ကြိမ်ထက်မက မြင်တွေ့ဖူး၏။ အောက်အင်မော်တယ်လောကတွင် တင့်ထျန်းမြို့သို့ စတင်ဝင်ရောက်စဉ်ကဖြစ်စေ၊ အင်မော်တယ်ဧကရာဇ် ကျိုယန် အလယ်အင်မော်တယ်လောကသို့ ဆင်းသက်လာစဉ်ကဖြစ်စေ၊ ဂိုဏ်းချုပ်ကျန်းမှာ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်ခဲ့ဖူးသည်။ သူ ပြန်ပေါ်လာသောအခါတွင်မူ...

"ဒင်... လက်ခံသူ သေဆုံးသွားပါပြီ။ ရန်သူ၏အစွမ်းကို စစ်ဆေးနေပါသည်၊ အသက်ပြန်ရှင်ခြင်း အစီအစဉ်ကို စီစဉ်နေပါသည်"

စနစ်၏အကြောင်းကြားသံ ထွက်ပေါ်လာ၏။

All Chapters