← Chapters

ဒီတိုက်ခိုက်တဲ့ပုံစံက အရမ်းအနိုင်ကျင့်ရာကျတယ်

Vol. 38 Ch. 379

ဒီတိုက်ခိုက်တဲ့ပုံစံက အရမ်းအနိုင်ကျင့်ရာကျတယ်

Vol. 38 Ch. 379

အခြားနည်းလမ်းမရှိတော့ပေ။ အစ်ကိုကြီးချန်သည် သူ၏ အစစ်အမှန်စွမ်းအားကိုသာ အားကိုးပါက ဤတိုက်ပွဲကို အနိုင်မရနိုင်။ အဆင့်မြင့်သူများကို စိန်ခေါ်ရာတွင် ကန့်သတ်ချက်များ ရှိနေသည်။ သူ့တွင် သူရဲကောင်းဝိညာဉ်များရှိသော်လည်း အခြားသူများတွင်လည်းရှိ၏။ သူသည် အဓိကစည်းမျဉ်းကို အထွတ်အထိပ်အဆင့်အထိ ရရှိထားသော်လည်း ဧကရာဇ်တစ်ပိုင်းတစ်ဦးဖြစ်ရန် သတ်မှတ်ချက်မှာလည်း အဓိကစည်းမျဉ်းတစ်ခုကို အထွတ်အထိပ်အဆင့်အထိ ရရှိထားရန်ပင်ဖြစ်သည်။ သူ့တွင် ပိုမိုများပြားသော သူရဲကောင်းဝိညာဉ်များနှင့် အဓိကစည်းမျဉ်းများသာမရှိပါက ဤမျှကြာအောင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။ သူသည် အစကတည်းကပင် အသတ်ခံရမည်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။

"ဒင်... လက်ခံသူသည် အတွင်းလောကသို့ ဝင်ရောက်ခွင့်တစ်ကြိမ် ရရှိပါသည်၊ ကြာချိန်မှာ တစ်မိနစ် ဖြစ်ပါသည်"

အတွင်းလောက...

အဲဒါက ဘာကြီးလဲ...

စနစ်၏ အစီအစဉ်မှာ အတော်ပင် ဝေဝါးလှသည်။

"ဒင်... လက်ခံသူ အသက်ပြန်ရှင်ပါပြီ"

ယခင် အသက်ပြန်ရှင်ခြင်းများနှင့်မတူဘဲ ယခုတစ်ကြိမ်တွင် သူသည် ပြင်ပလောကတွင်ပေါ်လာခြင်းမဟုတ်။ သူ၏မျက်စိရှေ့တွင်ပေါ်လာသည်မှာ မျဉ်းကြောင်းများဖြင့် ရေးဆွဲထားသကဲ့သို့ ထူးဆန်းပြီးစိတ်ကူးယဉ်ဆန်သော လောကတစ်ခုဖြစ်သည်။ ဤနေရာတွင် ဝိညာဉ်စွမ်းအင်မရှိ၊ အင်မော်တယ်အနှစ်သာရစွမ်းအင်မရှိသလို ကမ္ဘာတစ်ခုတွင် ရှိသင့်သော မည်သည့်ဒြပ်စင်မျှလည်းမရှိပေ။ သူ့ရှေ့တွင် ထူထပ်ပြီး မှောင်မည်းနေသော သစ်တောအုပ်လေးတစ်ခု ရှိနေသည်။

အာရုံခံကြည့်လိုက်သောအခါ ၎င်းတို့မှာ သစ်သားဒြပ်စင်ဖြင့် ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ သစ်ပင်ပုံသဏ္ဌာန်သာ ယူထားခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ဤတောအုပ်ထဲတွင် မညီမညာသော သစ်ပင်များစွာရှိသည်။ အသေးဆုံးအပင်မှာ လက်ချောင်းတစ်ချောင်းစာခန့်သာရှိပြီး ပေါင်းပင်များကဲ့သို့ပင်။ ၎င်းတို့မှာ အရေအတွက် အများဆုံးဖြစ်ပြီး စုစုပေါင်း တစ်သိန်းကျော်ရှိသည်။

အနည်းငယ်ပိုကြီးသောအပင်များမှာ သူ၏ခါးလောက်အထိမြင့်ပြီး နှစ်ရာခန့်ရှိသည်။ အချို့သော သစ်ပင်စည်များပေါ်တွင် အပေါက်ငယ်များရှိနေပြီး ၎င်းမှာ ဒဏ်ရာများကို ကိုယ်စားပြုနေပုံရ၏။ ၎င်းတို့အပြင် မီတာအနည်းငယ်မြင့်သော သစ်ပင်ကြီးငါးပင်လည်းရှိသေးသည်။ ၎င်းတို့မှာ သဘာဝအတိုင်း အစစ်အမှန် သစ်ပင်များမဟုတ်ကြပေ။ အကြီးမားဆုံး ကွာခြားချက်မှာ ၎င်းတို့မှာ လှုပ်ရှားနိုင်ခြင်းပင်။ ထို့အပြင် ၎င်းတို့မှာ သက်ရှိများကဲ့သို့ အမြဲတမ်း လှုပ်ရှားနေကြသည်။ အရာအားလုံးမှာ အလွန်ပင် ထူးဆန်းနေသည်။

အစ်ကိုကြီးချန်မှာ ဤအရာက ဘာလဲဆိုသည်ကို အစပိုင်းတွင် နားမလည်နိုင်ဘဲ စိုးရိမ်စိတ်များပင် စတင်ဖြစ်ပေါ်လာခဲ့သည်။

စနစ်... မင်း ငါ့ကို အကူအညီပေးမယ်ဆိုရင် အနည်းဆုံးတော့ လက်စွဲစာအုပ်လေးဘာလေး ပေးဦးမှပေါ့...

အထူးသဖြင့် အခုလိုအချိန်ကန့်သတ်ချက်ရှိတဲ့ အကူအညီမျိုးအတွက်ဆိုရင် ပိုတောင်လိုသေးတယ်...

ဘယ်ဟာက ဘာလဲဆိုတာတောင် မသိဘဲ ငါ ဘယ်လိုလုပ် အခြေအနေကို ပြောင်းပြန်လှန်ရမှာလဲ...

အကြီးဆုံး သစ်ပင်နားသို့ အမြန်ချဉ်းကပ်သွားစဉ် သူသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသဖြင့် တုန့်ခနဲဖြစ်သွားသည်။ ဤသစ်ပင်ကြီးပေါ်တွင် အလွန်ဆင်တူသော ဝိသေသလက္ခဏာများကို ခံစားလိုက်ရသည်။ ၎င်းတို့မှာ သူ ခုနက တိုက်ခိုက်ခဲ့သော ဧကရာဇ်တစ်ပိုင်း၏ အင်မော်တယ်နိုင်ငံတော်မှ သယ်ဆောင်လာသော စည်းမျဉ်းဝိသေသများဖြစ်၏။ သူ ချက်ချင်း သတိဝင်လာပြီး ကျန်သည့် သစ်ပင်ကြီးလေးပင်ကို ကြည့်လိုက်သောအခါ သူ၏သံသယမှာ အတည်ဖြစ်သွားသည်။ ထိုသစ်ပင်လေးပင်ပေါ်တွင် ကျန်သည့်ဧကရာဇ်တစ်ပိုင်းလေးပါး၏ အင်မော်တယ်နိုင်ငံတော် စည်းမျဉ်းအရှိန်အဝါများရှိနေသည်...

အစွန်းနားတွင်ရှိသော သစ်ပင် ၁၂ ပင်ကို ဆက်ကြည့်လိုက်သောအခါ ပို၍ပင် ရင်းနှီးသော အရှိန်အဝါများကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ရှောင်ကွန်း၊ ကျီယွမ်၊ ဝူကျွယ်နှင့် အခြားသူများ၏ နတ်ဆိုးနိုင်ငံတော်နှင့် အင်မော်တယ်နိုင်ငံတော် အရှိန်အဝါများမဟုတ်ပါလား... ဒါက ဘယ်လိုတွေလဲ...

အမြဲတမ်း လှုပ်ရှားနေပြီး နေရာပြောင်းလဲနေသော အရွယ်အစားအမျိုးမျိုးရှိသည့် သစ်ပင်များကို ကြည့်ခြင်းအားဖြင့် သူအားလုံးကိုနားလည်သွားသည်။ သစ်ပင်ကြီးငါးပင်မှာ ဧကရာဇ်တစ်ပိုင်း ငါးပါးဖြစ်သည်။ အပင်ငယ်နှစ်ရာခန့်မှာ အင်မော်တယ်ဘုရင် နှစ်ရာခန့်။ ကျန်သည့် ပျိုးပင်လေးများမှာ အင်မော်တယ်အရှင်သခင်များ ဖြစ်ရမည်။ ဤအတွင်းလောကဟုခေါ်သောနေရာတွင် သူတို့၏ စည်းမျဉ်းများအပေါ် နားလည်မှု သို့မဟုတ် သူတို့၏ တာအိုနှလုံးသားနှင့် အင်မော်တယ်နိုင်ငံတော်များ၏ ဖွံ့ဖြိုးတိုးတက်မှုများကို ထင်သာမြင်သာရှိသောပုံစံဖြင့် ဖော်ပြထားခြင်းပင်။

ဒါက ဘာကြောင့် ဒီလို ဖြစ်နေရတာလဲ...

ဤအရာသည် မူလလောကနှင့် ကိုက်ညီနေသော စည်းမျဉ်းများ၏လောက ဖြစ်နေမလား...

ထိုဧကရာဇ်တစ်ပိုင်းများနှင့် အင်မော်တယ်ဘုရင်များ လှုပ်ရှားလိုက်သောအခါ သူတို့ကို ကိုယ်စားပြုသော သစ်ပင်များက လိုက်လံလှုပ်ရှားနေကြသည်လော...

၎င်းမှာ ပြင်ပလောက၏ အရိပ်အယောင် တစ်ခုလိုမျိုးလား...

ဤကဲ့သို့သောအရာမျိုး အဘယ်ကြောင့်ရှိနေသည်ကို သူ နားမလည်ပေ... ၎င်းမှာ အလွန်နက်နဲလှပြီး မည်သည့်ကျင့်စဉ်မှတ်တမ်းတွင်မျှ ဤအကြောင်းကို ဖော်ပြထားခြင်းမရှိ။ ဤလောကသည် မည်သူမျှ ရှာဖွေတွေ့ရှိခြင်းမရှိသေးသော လောကတစ်ခုဖြစ်သည်။ သူသိသည်မှာ သူ ဤနေရာသို့ စတင်ခြေချလိုက်သည့် အချိန်မှစ၍ သူ၏ အင်မော်တယ်နိုင်ငံတော်သည် လျင်မြန်စွာတိုးတက်လာခဲ့ခြင်းပင်။

ထိုတိုးတက်မှုနှုန်းမှာ သူ ဆေးလုံးများ အဆက်မပြတ်သောက်သုံးပြီး အဆင့်တက်နေစဉ်ကထက်ပင် ပိုမိုမြန်ဆန်နေသည်။ သူ့အတွက် ကျန်ရှိသောအချိန်မှာ ကုန်ဆုံးလုနီးပါးဖြစ်နေလေပြီ... သူ့အတွက် မည်သည့် လမ်းညွှန်ချက်မျှ မလိုတော့ပေ။ သူ ဘာလုပ်ရမည်ကို သိသွားပြီဖြစ်သည်။ ဤလောကတွင် သူ့၌ အင်မော်တယ်နိုင်ငံတော်မရှိ၊ အင်မော်တယ်ဓားမရှိ၊ အင်မော်တယ်အနှစ်သာရ စွမ်းအားလည်း မရှိ သို့သော် သူ့တွင် ထူးခြားသော ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ရှိသည်။

အကြီးဆုံးသစ်ပင်ကြီးဆီပြေးသွားပြီး ပြင်းထန်သော လက်သီးတစ်ချက် ထိုးချလိုက်သည်။

ဝုန်း...

အင်မော်တယ်သစ်ပင်မှာ ပြင်းထန်စွာတုန်ခါသွား၏။ အစစ်အမှန် သစ်ပင်တစ်ပင်ကဲ့သို့ သစ်ရွက်များ တဖွဲဖွဲကြွေကျလာသည်။ လက်သီးဖြင့်ထိုးလိုက်ရသည်မှာ ဟောင်းနွမ်းနေသောသားရေကို ထိုးလိုက်ရသကဲ့သို့ခံစားရပြီး သစ်သားစများ လွင့်စင်လာခြင်းမျိုးမရှိပေ။ သို့သော် ထိုသစ်ပင်ကြီးပေါ်တွင် ထိတ်လန့်ဖွယ်ကောင်းသော အပေါက်ကြီးတစ်ခုပေါ်လာပြီး တစ်စိတ်တစ်ပိုင်းမှာ လေထဲတွင်ပျောက်ကွယ်သွားသကဲ့သို့ပင်။

ပြင်ပလောကတွင်မူ ဧကရာဇ်တစ်ပိုင်းကြီး ငါးပါးမှာ ရှောင်ကွန်း၊ ကျီယွမ်နှင့် အခြားသူများကို ဝိုင်းရံရန် လှုပ်ရှားနေကြပြီ ဖြစ်သည်။ ဧကရာဇ်တစ်ပိုင်းများ၏ ပစ်မှတ်ထားခြင်းကို ခံထားရသဖြင့် သူတို့ ၁၂ ယောက်မှာ ကောင်းကင်တက်ရန်ဖြစ်စေ၊ မြေအောက်ဆင်းရန်ဖြစ်စေ လမ်းမရှိတော့ပေ။

"မင်းတို့က သူ့ရဲ့ အပေါင်းအပါတွေပဲ"

"မင်းတို့ကလည်း ဖေးရှန်ဂိုဏ်းကပဲလား"

"အမှန်အတိုင်း အကုန်ပြောစမ်း၊ မဟုတ်ရင် မင်းတို့ရဲ့ အင်မော်တယ်ဝိညာဉ်တွေကို ဖမ်းပြီး ထာဝရ နှိပ်စက်ပစ်မယ်၊ ဘယ်တော့မှ သံသရာထဲ ပြန်ဝင်ခွင့် မရစေရဘူး"

ဝူကျိဂူနန်းတော်၏ ဂိုဏ်းချုပ်ဖြစ်သူ ဧကရာဇ်တစ်ပိုင်း ဟန်ယွီသည် ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင် သွေးတစ်လုပ် အန်လိုက်ရသည်။ သူ၏ အင်မော်တယ်နိုင်ငံတော် အတွင်းပိုင်းမှ ကြီးမားသော အစိတ်အပိုင်းတစ်ခုမှာ မည်သည့် အကြောင်းပြချက်မျှမရှိဘဲ ပြိုလဲသွား၏။ အတွင်းပိုင်းတွင် တောက်ပနေသော ကြယ်ပေါင်းများစွာမှာ ငြိမ်းသတ်ခံလိုက်ရပြီး၊ တောင်တန်းများပြိုကျကာ မြစ်ရေများနောက်ပြန်စီးဆင်းကုန်သည်... လုံးဝ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုပင်။

"မဖြစ်နိုင်တာ..."

သူ၏ မျက်နှာမှာ အလွန်လျင်မြန်သောနှုန်းဖြင့် ဖြူဖျော့သွားပြီး တစ်ကိုယ်လုံးယိုင်နဲ့လာသည်။

ဘာတွေ ဖြစ်ကုန်တာလဲ...

အခြား ဧကရာဇ်တစ်ပိုင်း လေးပါးကို အသာထား၊ သူတို့ရှေ့တွင် ရှိနေသော ရှောင်ကွန်း၊ ကျီယွမ်နှင့် အခြားသူများပင်လျှင် ဤအရာမှာ လုံးဝမဖြစ်နိုင်ဟု ခံစားလိုက်ရသည်။ အင်မော်တယ်ဘုရင်အဆင့်တွင် တိုက်ပွဲအတွင်း သွေးအန်သည့် မြင်ကွင်းမျိုးကို မြင်ရခဲ၏။ ဧကရာဇ်တစ်ပိုင်း တစ်ပါးအတွက်မူ ပို၍ပင် မဖြစ်နိုင်ပေ။ ဒဏ်ရာရခဲ့လျှင်တောင် ဤမျှအထိ ဝေဒနာခံစားရသောပုံစံမျိုး မပေါ်ပေါက်သင့်ပေ။

အတွင်းလောကထဲတွင်မူ အစ်ကိုကြီးချန်မှာ အချိန်လုနေရသည်။ သူ စတင်ဝင်ရောက်စဉ်က အခြေအနေကို နားမလည်ခဲ့သဖြင့် ယခုအခါ စက္ကန့်နှစ်ဆယ်ခန့်သာ ကျန်တော့သည်။

ဘုန်း...

နောက်ထပ် လက်သီးတစ်ချက် ထပ်မံကျရောက်သွားသည်။ သစ်ပင်၏အလယ်တွင် နောက်ထပ်အပေါက်ကြီးတစ်ခု ပေါ်လာပြန်သည်။ သစ်ပင်တစ်ခုလုံးမှာ ဖြည်းဖြည်းချင်း လဲကျလာ၏။

ဘုန်း...

တတိယမြောက်လက်သီးချက်နှင့်အတူ ဤသစ်ပင်မှာ လုံးဝလဲကျသွားခဲ့သည်။ ၎င်းမှာ ထက်ပိုင်းကျိုးသွား၏။ ထို့နောက် သူသည် မရပ်မနားဘဲ နောက်ထပ် သစ်ပင်ကြီးတစ်ပင်ဆီသို့ ပြေးသွားပြန်သည်။ လက်သီးသုံးချက်ထိုးပြီးနောက် ပြင်ပလောကတွင် ဧကရာဇ်တစ်ပိုင်း ဟန်ယွီ၏ အင်မော်တယ်နိုင်ငံတော်မှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး လုံးဝပျက်စီးသွားသည်။

ရေတွက်၍မရသော စည်းမျဉ်းရေစီးကြောင်းများမှာ ကွဲလွင့်သွားပြီးနောက် ဘာမှမရှိတော့သည့် အခြေအနေသို့ ရောက်သွား၏။ အဆုံးတွင် သူ့အင်မော်တယ်နိုင်ငံတော်၏ ဗဟိုချက်မှာ အပြင်သို့ပေါ်ထွက်လာပြီး ၎င်းမှာ လျင်မြန်စွာပင် မီးခိုးရောင် ပြောင်းသွားကာ မူလ အင်မော်တယ်အရှိန်အဝါများ ပျောက်ကွယ်သွားသည်။ ထိုဒဏ်ကြောင့် သူ၏ အင်မော်တယ်ခန္ဓာကိုယ်တွင်ပင် အက်ကြောင်းလေးများပေါ်လာလေ၏။

မူလက သူသည် အဖိုးကြီးတစ်ဦး၏ အသွင်အပြင် ရှိသော်လည်း အားနည်းသောပုံမရှိပေ။ သို့သော် ယခုမူ သူသည် ရုတ်တရက် စိတ်ဓာတ်များ ကျဆင်းသွားသကဲ့သို့ ဖြစ်သွားသည်။ အင်မော်တယ်အနှစ်သာရ စွမ်းအားများ ရှိနေသေးသော်လည်း ရှောင်လွှဲမရဘဲ ညှိုးနွမ်းသွား၏။

"ဘ-ဘာတွေ ဖြစ်နေတာလဲ"

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ခုနကလူကြောင့်များလား"

နောက်ကွယ်ရှိ ဝူကျိဂူနန်းတော်မှ အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အရှင်သခင်များမှာ ဆူညံသွားကြပြီး ရူးမတတ်ဖြစ်နေကြသည်။

"ဂိုဏ်းချုပ်က ဧကရာဇ်တစ်ပိုင်း တစ်ပါးလေ၊ အင်မော်တယ်ဧကရာဇ်တစ်ပါးက တိတ်တဆိတ် လှုပ်ရှားခဲ့ရင်တောင် သူ့ကို ဒီလို သနားစရာကောင်းတဲ့ အခြေအနေမျိုးရောက်အောင် မလုပ်နိုင်ဘူး"

"ဒါ့အပြင် အဲဒီလူကသေသွားပြီလေ"

"ဒါဆို ဘာကြောင့်ဖြစ်ရတာလဲ"

သူတို့ စကားမဆုံးသေးမီမှာပင် ဧကရာဇ်တစ်ပိုင်း လန်လင်း၏ အင်မော်တယ်နိုင်ငံတော်မှာလည်း ပြိုလဲသွားခဲ့သည်။ ထို့နောက် ချက်ချင်းပင် ကျန်သည့် ဧကရာဇ်တစ်ပိုင်း သုံပါး၏ အင်မော်တယ်နိုင်ငံတော်များမှာလည်း တစ်ခုပြီးတစ်ခု ပျက်စီးသွား၏။ အစ်ကိုကြီးချန်မှာ အတွင်းထဲတွင် အားတက်သရော အလုပ်လုပ်နေသည်။ သစ်ပင်တစ်ပင်ကို ဖျက်ဆီးခြင်းမှာ ပြင်ပရှိ လူတစ်ယောက်ကို ဖျက်ဆီးခြင်းနှင့် အတူတူပင်။

အမှန်အတိုင်း ပြောရလျှင်... ဤကဲ့သို့သော တိုက်ခိုက်သည့်ပုံစံမှာ အလွန်အနိုင်ကျင့်ရာကျသည်။ ဤလူများသည် ဘာဖြစ်နေမှန်းပင်မသိကြဘဲ ကိုယ့်ကိုယ်ကိုယ်ခုခံရန်နည်းလမ်းလည်းမရှိကြ။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဝူကျိဂူနန်းတော်၏ ဧကရာဇ်တစ်ပိုင်းကြီးငါးပါးလုံး ကျရှုံးသွားလေပြီ။ သူတို့မသေသေးသော်လည်း အားလုံးမှာ အလွန်အမင်း အားနည်းသွားကြသည်။

"ဒါ..."

"မဟုတ်ဘူး၊ ဒါက ပုံရိပ်ယောင်ပဲ"

"ဒါက အစစ်အမှန်မဟုတ်ဘူး"

ထိုအင်မော်တယ်ဘုရင် နှစ်ရာမှာ ရူးသွပ်သွားကြသကဲ့သို့ ပျံသန်းလာကြသည်၊ ထိုအချိန်တွင် အစ်ကိုကြီးချန်မှာ ခါးလောက်ရှိသော အပင်ငယ်လေးများကို စတင်ရှင်းလင်းနေပြီဖြစ်သည်။

All Chapters