← Chapters

အခန်း (၁၈၈၉-၁၈၉၀)

Vol. 189 Ch. 1889-1890

အခန်း (၁၈၈၉-၁၈၉၀)

Vol. 189 Ch. 1889-1890

အခန်း (၁၈၈၉) - ကျုပ်လက် ပြတ်သွားတာလား

"ကျင်ကန်းမျိုးနွယ်က ယန့်လီပါ။ အရင်က ကျင့်စဉ်ကျင့်ကြံ အားထုတ်နေတာကြောင့် မျှော်စင်တိုက်ပွဲကိုရော၊ ပွဲကြည့်ဖို့ကိုရော လွဲချော်ခဲ့ရတယ်။

ကျုပ် အပြင်ထွက်လာတဲ့အခါမှာတော့ အားနည်းတဲ့မျိုးနွယ်စုက တန်ခိုးရှင်တစ်ယောက်ဟာ အဆင့်တူတွေထဲမှာ နံပါတ်တစ် ရသွားတယ်လို့ ကြားလိုက်ရတော့ တကယ်ကို အံ့ဩမိသွားတယ်"

ယန့်လီသည် ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်ရင်း

"ဒီနေ့မှာတော့ ဒီလို ရှားပါးတဲ့ အခွင့်အရေးမျိုး ကြုံရပြီ၊ ခင်ဗျားလည်း အဆင့် ၇ ကို တက်လှမ်းပြီးပြီဆိုတော့... ကျုပ်ကို လမ်းညွှန်ပြသပေးဖို့ တောင်းဆိုပါရစေ"

"သူတို့နှစ်ယောက်စလုံးက အဆင့် ၇ ကို အသစ်စက်စက် တက်လှမ်းထားကြတာဆိုတော့ တစ်ယောက်ကိုတစ်ယောက် အနိုင်ကျင့်တယ်လို့ မဆိုနိုင်ပါဘူး။ အကယ်၍ လူသားမျိုးနွယ်က ဖန့်ချန်သာ ယန့်လီကို အနိုင်ရခဲ့ရင် ငါ သူ့ကို မျက်နှာသာပေးပြီး မင်းတို့ကို လွှတ်ပေးမယ်။ ဒါပေမဲ့ ပြောင်းပြန်သာ ဖြစ်ခဲ့မယ်ဆိုရင်တော့..."

ယန့်ဟောက်ရန်သည် တုသူတော်စင်တစ်ပိုင်းကို ခနဲ့တဲ့တဲ့ အပြုံးဖြင့် စိုက်ကြည့်နေသည်။ တုသူတော်စင်တစ်ပိုင်း စကားမပြောမီမှာပင် လန်ယွီအာက ဦးအောင် ဖြတ်ပြောလိုက်သည်။

"ပြောင်းပြန်သာ ဖြစ်ခဲ့ရင် ကျွန်မ ကျင်ကန်းမျိုးနွယ်မှာ နေခဲ့ပါ့မယ်"

"ညီမလေး... မင်း စကားပြောရမယ့် အလှည့်မဟုတ်ဘူး"

လန်တောက်ချွန်း၏ မျက်နှာမှာ ချက်ချင်းပင် လေးနက်သွားသည်။

လန်ယွီအာက မျက်ခုံးလေးများ တွန့်ကာ

"ဒါက အကောင်းဆုံး ဖြေရှင်းနည်းပဲလေ"

လန်တောက်ချွန်းသည် မတတ်သာသဖြင့် သက်ပြင်းတစ်ချက် ချလိုက်ကာ

"ထားလိုက်ပါတော့... ဘာပဲဖြစ်ဖြစ် ဖန့်အစ်ကိုက ရှုံးမှာမှ မဟုတ်တာ"

"အဲဒါတော့ မပြောနိုင်ဘူးလေ"

ယန့်လီက ထိုစကားကို ကြားသောအခါ လန်တောက်ချွန်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။ သူသည် မိမိ၏ ထူးခြားလှသော နည်းလမ်းများဖြင့် အဆင့်တူများကြားတွင် ရှုံးနိမ့်လိမ့်မည်ဟု မယုံကြည်ပေ။ မိမိထက် အဆင့်တစ်ဆင့် မြင့်သော တန်ခိုးရှင်များကိုပင် သူ အနိုင်ယူခဲ့ဖူးသည် မဟုတ်ပါလား။

"နွားပေါက်လေးကတော့ ကျားကို မကြောက်ဘူးပဲ"

လန်တောက်ချွန်းက ခပ်ပြုံးပြုံး ပြောလိုက်ပြီးနောက် ဖန့်ချန်ဘက်သို့ လှည့်ကာ

"ဖန့်အစ်ကို... အားလုံးကို အစ်ကို့အပေါ်မှာပဲ ပုံအပ်ထားပါတယ်"

"စီနီယာ ပြောတာ တကယ်လား ကျွန်တော်သာ သူ့ကို အနိုင်ရရင် ကျွန်တော့်ကို တကယ်ပဲ မျက်နှာသာပေးမှာလား"

ဖန့်ချန်က ယန့်ဟောက်ရန်ကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

"သေချာပေါက်ပေါ့" ယန့်ဟောက်ရန်က ခေါင်းကို အသာအယာ ညိတ်ပြသည်။

"ကောင်းပြီလေ"

ဖန့်ချန်သည် ယန့်လီထံသို့ လျှောက်သွားရင်း

"အမြန်ပဲ အပြတ်ဖြတ်ကြစို့"

"ကျုပ်နဲ့ လက်ရည်ယှဉ်တဲ့အခါမှာ အမြန်အပြတ်ဖြတ်တယ်ဆိုတဲ့ စကားလုံး မရှိစေရဘူး"

ယန့်လီက အလျှော့မပေးဘဲ ပြန်ပြောလိုက်သည်။ သူ၏ အရေပြားပေါ်တွင် တောက်ပသော ငွေရောင်အလင်းတန်းများ စတင် ထွက်ပေါ်လာတော့သည်။

လန်တောက်ချွန်းပင်လျှင် ထိုအခြေအနေကို ကြည့်ပြီး ထူးခြားချက်ကို ရိပ်မိသွားသည်။

"သူက သာမန် ကျင်ကန်းမျိုးနွယ်တွေနဲ့ မတူဘူး။ ဒီအရေပြားက ပိုပြီး မာကျောပုံရတယ်။ ငါ ခံစားရသလောက်ဆိုရင် ရွှေစင်မျိုးနွယ် တွေနဲ့တောင် ဆင်တူနေသလိုပဲ"

"ရွှေစင်မျိုးနွယ်နဲ့ ဆင်တူတယ် ဟုတ်လား"

ဝမ်ချုံစန်းမှာ ခဏမျှ မှင်တက်သွားပြီး မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။ မျိုးဗီဇ ပြောင်းလဲသွားရင်တောင် ဤမျှအထိ လွန်ကဲနိုင်ပါ့မလား ရွှေစင်မျိုးနွယ်ဝင်တွေရဲ့ ခန္ဓာကိုယ်တစ်ခြမ်းဟာ နတ်ဘုရားလက်နက်တွေ သွန်းလုပ်ဖို့အတွက်တောင် အကောင်းဆုံး ကုန်ကြမ်းတွေ မဟုတ်ပါလား။

"ခင်ဗျားက ဓားသိုင်း တန်ခိုးစွမ်းအားမှာ ကျွမ်းကျင်တယ်လို့ ကြားဖူးတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ဓားက ကျုပ်ရဲ့ ကျင်ကန်းခန္ဓာ ကို ဖောက်နိုင်မလားဆိုတာပဲ သိချင်တာ"

ယန့်လီက တည်ငြိမ်စွာ ဆိုသည်။

"ဒါဆိုရင် စမ်းကြည့်မလား"

ဖန့်ချန်က ခြေလှမ်းများကို ရပ်လိုက်သည်။

"ဖိတ်ခေါ်ပါတယ်"

ယန့်လီက ခေါင်းညိတ်ပြကာ မည်သည့် ကာကွယ်မှုမှ မလုပ်ဘဲ ဖန့်ချန်ကို ထိုအတိုင်း စိုက်ကြည့်နေသည်။

နောက်တစ်ခဏတွင် ဓားအရှိန်အဝါ တစ်ခုသည် ယန့်လီ၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။ ယန့်လီ၏ ခန္ဓာကိုယ်မှာ လှုပ်တောင် မလှုပ်ဘဲ ထိုဓားအရှိန်အဝါကို ကြံ့ကြံ့ခံလိုက်သည်။ ထိုဓားအရှိန်အဝါမှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အစအနလေးတောင် ချန်ထားနိုင်ခြင်း မရှိပေ။

ဤသည်ကို မြင်သောအခါ ကျင်ကန်းမျိုးနွယ် တန်ခိုးရှင်များ၏ စိုးရိမ်နေသော စိတ်များမှာ လုံးဝ လွင့်ပါးသွားပြီး မျက်နှာထက်တွင် အပြုံးကိုယ်စီ ပေါ်လာကြတော့သည်။ နတ်ဘုရားမျိုးနွယ်ဝင်များမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် မျှော်စင်တိုက်ပွဲကို ကြည့်ဖူးကြရာ ထိုစဉ်က ဤလူသားတန်ခိုးရှင် ဓားထုတ်လိုက်တိုင်း ရန်သူမှာ သေသည် သို့မဟုတ် ဒဏ်ရာပြင်းထန်စွာ ရရစမြဲ ဖြစ်သည်။

ဒါဆိုရင် ဒီကျင်ကန်းမျိုးနွယ်က ယန့်လီဆိုတဲ့ကောင်က တကယ်ပဲ ဖန့်ချန်လိုမျိုး အဆင့်တူတွေထဲမှာ နံပါတ်တစ် ဖြစ်လာနိုင်တဲ့ ပါရမီရှင်မျိုးလား။

"ခုနက ဓားက ခင်ဗျား ဘယ်လောက် အင်အား သုံးထားတာလဲ "

ယန့်လီသည် ဘဝင်မမြင့်ဘဲ မျက်ခုံးကို အနည်းငယ် တွန့်ကာ မေးလိုက်သည်။ တစ်ဖက်လူက နဂါးသူတော်စင်မြို့တော်မှာ နံပါတ်တစ် ရခဲ့သူဖြစ်ရာ သူ၏ နည်းလမ်းများမှာ ဤမျှ ရိုးရှင်းလိမ့်မည် မဟုတ်ကြောင်း သူ ခန့်မှန်းထားသည်။

"တစ်ပုံပဲ သုံးရသေးတယ်။ ဒီတစ်ပုံတည်းနဲ့တင် ဒီနေရာမှာရှိတဲ့ ခင်ဗျားနဲ့ အဆင့်တူတဲ့ ကျင်ကန်းမျိုးနွယ်ဝင် အားလုံးကို သတ်နိုင်ဖို့ လုံလောက်တယ်။ အဲ... ခင်ဗျား တစ်ယောက်ကိုတော့ ချွင်းချက်ပေါ့"

ဖန့်ချန်က ပြုံးလျက် ဆိုသည်။

"မောက်မာလှချည်လား"

အဆင့် ၇ ကျင်ကန်းမျိုးနွယ်ဝင် အများအပြားမှာ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ တစ်ပုံတည်းနဲ့ သူတို့ကို သတ်နိုင်မယ် ဟုတ်လား။

"သူ မောက်မာနေတာ မဟုတ်ဘူး။ ဒီဓားက တကယ်ပဲ ခင်ဗျားတို့ကို သတ်နိုင်စွမ်း ရှိတယ်"

ယန့်လီ၏ မျက်နှာမှာ လေးနက်နေသည်။ ခုနက ဓား၏ စွမ်းအားကို သူ တစ်ဦးတည်းသာ သိသည်။ ၎င်းသည် ပေါ့ပါးနေသကဲ့သို့ ထင်ရသော်လည်း အမှန်တကယ်တွင်မူ မဟုတ်ပေ။

"ဒါပေမဲ့ ဒီဓားက ကျုပ်ကို နာကျင်စေခဲ့တယ်။ ကျုပ် နာကျင်မှုကို မခံစားရတာ... အတော်ကို ကြာခဲ့ပြီ"

ယန့်လီက တိုးတိုးလေး ရေရွတ်လိုက်သည်။

"မင်း ခန္ဓာကိုယ်မှာ ပြဿနာ တစ်ခုခု ရှိနေလို့ နာကျင်မှုကို မခံစားရတာလည်း ဖြစ်နိုင်တာပဲ။ မင်းရဲ့ ခန္ဓာကိုယ်က အရမ်းသန်မာနေလို့ မဟုတ်ဘဲနဲ့ပေါ့"

လန်တောက်ချွန်းက မနေနိုင်ဘဲ လှောင်ရယ်လိုက်သည်။

ယန့်လီက သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သော်လည်း ဂရုမစိုက်ဘဲ ဖန့်ချန်ဘက်သို့ ပြန်လှည့်ကာ သက်ပြင်းချလိုက်သည်။

"ခင်ဗျားက ကျုပ်ကို နာကျင်အောင် လုပ်နိုင်တာနဲ့တင် ကျုပ်သိထားသမျှ အဆင့်တူတွေထက် အများကြီး သာလွန်နေပါပြီ။ တခြားသူတွေရဲ့ တိုက်ခိုက်မှုတွေက ကျုပ်အတွက် ယားယံရုံပဲ ရှိတာ။

ကျုပ်ကို နာကျင်အောင် မလုပ်နိုင်ကြဘူး။ ခင်ဗျား အင်အား မချန်ထားဘဲ တိုက်ခိုက်ဖို့ မျှော်လင့်ပါတယ်။ ကျုပ်ရဲ့ 'ကျင်ကန်းခန္ဓာ' ကို ဖောက်နိုင်မလားဆိုတာ ကြည့်ချင်သေးတယ်"

သူသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လူအုပ်ထဲရှိ လန်ယွီအာကို ရုတ်တရက် ကြည့်ကာ

"ကလေးမလေး... ငါက ကျင်ကန်းမျိုးနွယ် ဖြစ်ပေမဲ့ သာမန် မျိုးနွယ်စုဝင်တွေနဲ့ မတူဘူး။ မင်းသာ ငါ့ရဲ့ သားဖောက်မိခင် အဖြစ် နေပေးမယ်ဆိုရင် ငါတို့ရဲ့ သွေးမျိုးဆက်ဟာ မင်းနဲ့ငါ့ရဲ့ အားသာချက်တွေကို စုစည်းထားပြီး ဒီနတ်ဘုရားနယ်မြေမှာ အင်အားအကြီးဆုံး သူတော်စင် ဖြစ်လာလိမ့်မယ် ဒီပြိုင်ပွဲမှာ ငါ အနိုင်ရပြီးတာနဲ့ ငါပြောတဲ့ စကားတွေက အမှန်လား၊ အမှားလားဆိုတာ မင်း သိလာမှာပါ"

"နင် အရင်နိုင်အောင် တိုက်လိုက်ဦး"

လန်ယွီအာက အေးစက်စွာ တုံ့ပြန်လိုက်သည်။

"သူတော်စင် ၂၁ ပါးပဲ ရှိတဲ့ အားနည်းတဲ့ မျိုးနွယ်စုကများ ဒီလောက် စကားကြီး စကားကျယ် ပြောရဲတယ်"

"ငါတို့ နတ်ဘုရားမျိုးနွယ်ကို မင်းတို့ရဲ့ သွေးမျိုးဆက်ကို သားဖောက်ပေးဖို့ မိခင်အဖြစ် သုံးချင်တာလား... အိပ်မက်ယောင်နေတာပဲ ဖြစ်မှာပါ"

နတ်ဘုရားမျိုးနွယ်မှ လူငယ်အများအပြားက ဝိုင်းဝန်း လှောင်ပြောင်လိုက်ကြသည်။

ယန့်လီကမူ ထိုစကားများကို ဂရုမစိုက်ဘဲ တည်ငြိမ်စွာပင် ဆိုသည်။

"အခုအချိန်မှာ နတ်ဘုရားမျိုးနွယ်မှာ သူတော်စင် တစ်ပါးမှ မရှိတော့ဘူး။ နောင် နှစ်ပေါင်း တစ်သန်းအတွင်းမှာလည်း ဘယ်သူမှ သူတော်စင် မဖြစ်ရဘူးလို့ ကြားထားတယ်။ မင်းတို့အနေနဲ့ အရင်က အရာအားလုံးကို မေ့ပစ်ပြီး အသစ်ကနေ ပြန်စသင့်ပြီ။ အတိတ်မှာပဲ နစ်မွန်းမနေသင့်တော့ဘူး"

"မင်းက သူမကို မင်းရဲ့ သားဖောက်မိခင် အဖြစ် ထားချင်တာလား "

ဖန့်ချန်က ယန့်လီ၏ စကားကို ဖြတ်ပြောလိုက်ရင်း လန်ယွီအာကို လက်ညှိုးညွှန်ပြလိုက်သည်။

"သေချာပေါက်ပေါ့"

ယန့်လီ၏ မျက်ဝန်းထဲတွင် မာန်မာနများ ပေါ်လာသည်။

"ဒီလောကမှာ နတ်ဘုရားမျိုးနွယ်က အထက်တန်းစား အမျိုးသမီးတွေပဲ ငါ့ရဲ့ သားဖောက်မိခင် ဖြစ်ဖို့ အရည်အချင်း ရှိတာ"

"ဒါဆိုရင်လည်း... ကျုပ်ရဲ့ ဒီတစ်ဓားကို ခံယူလိုက်စမ်း"

ဖန့်ချန်သည် လက်ကို မြှောက်ကာ ဓားတစ်ချက် ထုတ်လိုက်သည်။ ယန့်လီသည် အစပိုင်းတွင် တည်ငြိမ်နေသော်လည်း ထိုဓားအရှိန်အဝါသည် လှိုင်းလုံးကြီးများကဲ့သို့ တိုးဝင်လာသည်ကို တွေ့လိုက်ရသည်။

အစပိုင်းတွင် သာမန်ကာလျှံကာဟု ထင်ရသော်လည်း ဓားအရှိန်အဝါ ပိုမို နီးကပ်လာသည်နှင့်အမျှ သူ၏ စိတ်ထဲတွင် ပေပေါင်းသောင်းချီ မြင့်မားသော ပင်လယ်လှိုင်းလုံးကြီးတစ်ခုက သူ့ကို ဝါးမြိုတော့မည့်အလား ခံစားလိုက်ရသည်။

နောက်ဆုံးတွင် သူသည် ခုနကကဲ့သို့ ငြိမ်မနေတော့ဘဲ ညာဘက်လက်မောင်းကို မြှောက်ကာ ထိုဓားအရှိန်အဝါကို တားဆီးရန် ပြင်လိုက်သည်။

ငါ့ကို လက်မြှောက်ပြီး တားဆီးခိုင်းနိုင်တာနဲ့တင် သူ့ရဲ့ စွမ်းအားက မသေးဘူးဆိုတာ သက်သေပြနေတာပဲ။

အတွေးသည် သူ၏ ဦးနှောက်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားပြီးနောက် အနည်းငယ် စူးရှသော နာကျင်မှုတစ်ခုက အာရုံကြောများမှတစ်ဆင့် ဦးနှောက်သို့ ရောက်ရှိလာသည်။ ဤနာကျင်မှုသည် ခုနကနှင့် နှိုင်းယှဉ်လျှင် ပို၍ နာကျင်သော်လည်း... ပို၍ နာကျင်ရုံမျှသာ ဖြစ်သည်။

ယန့်လီသည် ဖန့်ချန်ကို ခနဲ့တဲ့တဲ့ အပြုံးဖြင့် ကြည့်လိုက်သည်။

"ခင်ဗျားရဲ့ ဓားသိုင်းက ဒီလောက်ပဲလား ဒီလို နည်းလမ်းမျိုးနဲ့ပဲ မျှော်စင်တိုက်ပွဲမှာ အဆင့်တူ နံပါတ်တစ် ရခဲ့တာလား "

အစအဆုံး သူသည် သူ၏ လက်မောင်းကို ငုံ့တောင် မကြည့်ဘဲ ဖန့်ချန်ကိုသာ မာန်မာနအပြည့်ဖြင့် စိုက်ကြည့်နေသည်။

သို့သော် ပတ်ဝန်းကျင်ရှိ အကြည့်များမှာမူ အံ့ဩတုန်လှုပ်မှုများနှင့် ပြည့်နှက်နေပြီ ဖြစ်သည်။

"ဒီလို တန်ခိုးစွမ်းအားက မလုံလောက်သေးဘူးလား"

ဝမ်ချုံစန်းက မနေနိုင်ဘဲ မေးလိုက်သည်

"မင်းရဲ့ လက်က ပြတ်သွားပြီလေ။ အကယ်၍ ဒီဓားက မင်းရဲ့ ခေါင်းကို ပိုင်းလိုက်တာဆိုရင် မင်းခေါင်းလည်း ပြတ်သွားမှာပဲ"

"ကျုပ်လက် ပြတ်သွားတာလား"

ယန့်လီမှာ ခဏမျှ မှင်တက်သွားပြီးနောက် သူ၏ လက်မောင်းကို ငုံ့ကြည့်လိုက်မိသည်။ လက်ကောက်ဝတ်နေရာတွင် သပ်ရပ်လှပသော ပိုင်းဖြတ်ရာ တစ်ခုကို တွေ့လိုက်ရပြီး လက်ဖဝါးမှာမူ မြေပြင်ပေါ်သို့ ပြုတ်ကျကာ တဆတ်ဆတ် တုန်ခါနေလေတော့သည်။

အခန်း (၁၈၉၀) - မင်းညီမနဲ့ ခဏလောက် စကားပြောချင်လို့

နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်များဖြစ်စေ၊ ကျင်ကန်းမျိုးနွယ် တန်ခိုးရှင်များဖြစ်စေ ဖန့်ချန်၏ နည်းလမ်းများမှာ ယန့်လီထက် များစွာ သာလွန်နေကြောင်း ယခုအချိန်တွင် မျက်မြင်ကိုယ်တွေ့ သိရှိသွားကြပြီ ဖြစ်သည်။

အဆင့် ၇ ကို အသစ်စက်စက် တက်လှမ်းထားခြင်း ဖြစ်သော်လည်း သူသည် ထိုအဆင့်ရှိ တန်ခိုးရှင်များကြားတွင် ထိပ်သီးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

နတ်ဘုရားမျိုးနွယ်မှ အဆင့် ၇ တန်ခိုးရှင် အချို့သည် မိမိကိုယ်ကိုယ် ဖန့်ချန်နှင့် တိတ်တဆိတ် နှိုင်းယှဉ်ကြည့်ပြီးနောက် "သူ့ကို ယှဉ်နိုင်မည့်သူ မဟုတ်ပေ" ဟူသော နိဂုံးကိုသာ ချလိုက်ကြရတော့သည်။

"ဒါဆို... လက်ပြတ်သွားတဲ့ ခံစားချက်က ဒါမျိုးကိုး။ တကယ်ပဲ နည်းနည်းတော့ နာတာပဲ..."

ယန့်လီက တိုးတိုးလေး ရေရွတ်နေသည်။

ဖန့်ချန်က ဆက်လက်၍ ဓားထုတ်ရန် ပြင်လိုက်စဉ်မှာပင် ယန့်ဟောက်ရန်က လက်ကာပြလိုက်ပြီး

"ယန့်လီ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပါပြီ။ ကြည့်ရတာ သူဟာ အဆင့် ၇ နယ်ပယ်မှာ လျှောက်လှမ်းရမယ့် လမ်းတွေ အများကြီး ကျန်ပါသေးတယ်။ ငါတို့ အရင်က ကတိအတိုင်းပဲ... ငါတို့ ကျင်ကန်းမျိုးနွယ်က လမ်းဖယ်ပေးပါ့မယ်။ သူတို့တွေ ပြောင်းရွှေ့နိုင်အောင် လမ်းတစ်ခု ခွင့်ပြုပေးမယ်"

"အဖေ... ကျွန်တော် တကယ်တော့ ဆက်တိုက်နိုင်ပါသေးတယ်..."

ယန့်လီသည် ယန့်ဟောက်ရန်ကို ကြည့်ကာ တည်ကြည်သော မျက်ဝန်းများဖြင့် ဆိုသည်။

"ခုနက ကျွန်တော် လက်ဦးမှု မယူရသေးဘူး။ အမြဲတမ်း ခုခံနေရုံပဲ ရှိသေးတာ။ အကယ်၍ ကျွန်တော်ကသာ အရင် စတိုက်ရင်..."

"ဒါဆိုရင်လည်း စမ်းကြည့်လေ" ဖန့်ချန်က ပြောလိုက်သည်။

ယန့်လီ၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များ ဖြတ်ပြေးသွားသည်။ ယန့်ဟောက်ရန် စကားမပြောမီမှာပင် သူ၏ ပုံရိပ်သည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။

မျက်တောင်တစ်ခတ်စာပင် မရှိသော အချိန်အတွင်း သူသည် ဖန့်ချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး မပျက်မစီး ကျန်ရှိနေသေးသော သူ၏ ဘယ်ဘက်လက်သီးဖြင့် ဖန့်ချန်၏ ပါးပြင်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

"ဘာလို့ မရှောင်တာလဲ" လန်တောက်ချွန်းမှာ ထိတ်လန့်တုန်လှုပ်သွားသည်။

ယန့်လီသည် ကျင်ကန်းမျိုးနွယ်ထဲတွင် ထူးခြားသော တည်ရှိမှုဖြစ်ကြောင်း ထင်ရှားလှသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အင်အားမှာ ဆယ်နှစ်ပါးသော အင်အားကြီးမျိုးနွယ်စုဝင်ဖြစ်သည့် ရွှေစင်မျိုးနွယ် မှ အဆင့်တူ တန်ခိုးရှင်များထက်ပင် မနိမ့်ကျနိုင်ဘဲ ထိပ်သီးအဆင့်တွင် ရှိနေနိုင်သည်။

နတ်ဘုရားနယ်မြေအတွင်း၌ နတ်ဘုရားမျိုးနွယ်ပင်လျှင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် ရွှေစင်မျိုးနွယ်ကို ယှဉ်ပြိုင်ရန် အာမခံချက် မရှိကြပေ။

တုသူတော်စင်တစ်ပိုင်းနှင့် ယန့်ဟောက်ရန်တို့သည် ခဏမျှ အံ့ဩသွားပြီးနောက် သူတို့၏ မျက်ဝန်းများမှာ ရုတ်တရက် အလွန်အမင်း လေးနက်သွားကြသည်။

"အောင်မြင်ပြီ"

မိမိ၏ လက်သီးက ဖန့်ချန်၏ ပါးပြင်နှင့် ထိတွေ့သွားသည်ကို မြင်သောအခါ ယန့်လီ၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

ဤလက်သီးချက်တွင် သူသည် ဆယ်နှစ်ပုံသော အင်အားအပြည့်ကို သုံးထားခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသော အင်အားကြီးသည် ဖန့်ချန်၏ ပါးပြင်နှင့် ထိတွေ့လိုက်ရုံရှိသေးသော်လည်း ရလဒ်မှာမူ ထိုအင်အားများက ဆထက်တိုး၍ သူ၏ကိုယ်ပေါ်သို့ ပြန်လည် ရိုက်ခတ်လာခြင်းပင် ဖြစ်သည်။

ကလောက်

တန်ခိုးရှင်များ အားလုံးက ဖန့်ချန်၏ လည်ပင်းရိုး ကျိုးသွားသည့် အသံဟု ထင်မှတ်ခဲ့ကြသော်လည်း အမှန်တကယ်တွင်မူ ထိုအသံမှာ ယန့်လီ၏ ဘယ်ဘက်လက်မောင်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်နေသည်။

ယန့်လီ၏ ဘယ်ဘက်လက်မောင်း အရိုးမှာ သူ၏ အသားများကို ဖောက်ထွက်လာပြီး ရွှေရောင်အလင်းတန်းများ ယှက်သန်းနေသော အရိုးကြီးမှာ လေထုထဲတွင် ပေါ်လွင်နေသည်မှာ အလွန်ပင် ထူးဆန်းလှပေသည်။

ထိုတန်ပြန်ရိုက်ခတ်မှုမှာ ထိုမျှနှင့် မရပ်တန့်သေးပေ။ လေထုထဲသို့ ဖောက်ထွက်လာသော ယန့်လီ၏ လက်မောင်းရိုးမှာ နောက်တစ်ခဏတွင် လျှပ်တစ်ပြက် လွင့်ထွက်သွားပြီး မြေပြင်ထဲသို့ နစ်ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

သူ၏ လက်ဖျံမှာ အရိုးများ မရှိတော့သဖြင့် ပျော့ခွေကျသွားသည်။

ထိုမျှသာမက သူ၏ တစ်ကိုယ်လုံးရှိ ငွေဖြူရောင် ခန္ဓာကိုယ်မှာ အက်ကွဲနေသော မှန်တစ်ချပ်ကဲ့သို့ အက်ကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။

ငွေဖြူရောင် သွေးစများမှာ သူ၏ နှာခေါင်း၊ မျက်လုံး၊ နားနှင့် ပါးစပ်ထောင့်များမှ လျှံထွက်လာသည်။

ယန့်လီ၏ မျက်ဝန်းများမှာ ဗလာနတ္ထိ ဖြစ်သွားပြီးနောက် မြေပြင်ပေါ်သို့ တောင့်တောင့်ကြီး လဲကျသွားကာ ကောင်းကင်ကြီးကို အသက်မဲ့စွာ စိုက်ကြည့်နေတော့သည်။

သေသွားတာလား

ကျင်ကန်းမျိုးနွယ် တန်ခိုးရှင်များမှာ မှင်တက်သွားကြပြီးနောက် ယန့်လီ၏ ခန္ဓာကိုယ် အခြေအနေကို စိတ်အာရုံဖြင့် အမြန် စစ်ဆေးကြည့်ကြသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အသက်ငွေ့အသက် အနည်းငယ် ကျန်ရှိနေသေးကြောင်း သိလိုက်ရမှသာ သူတို့ အသက်ဝဝ ရှူနိုင်တော့သည်။

ထို့နောက်တွင် သူတို့သည် ဖန့်ချန်ကို ထူးဆန်းသော သတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်ကြသည်။

"ဒီကောင်က တကယ်ပဲ လူသားမျိုးနွယ်လား "

"သူ ခုနက ဘာနည်းလမ်းမှ မသုံးလိုက်ဘူးလေ။ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အင်အားသက်သက်နဲ့တင် ယန့်လီကို ဒီလိုမျိုး ဖြစ်အောင် လုပ်လိုက်တာလား တကယ်တော့ သူက ကျင်ကန်းမျိုးနွယ်လား၊ ငါတို့က ကျင်ကန်းမျိုးနွယ်လား "

တစ်ချိန်တည်းမှာပင် နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်များမှာလည်း ဤမြင်ကွင်းကြောင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။

သူတို့သည် လူသားမျိုးနွယ်၏ သွေးမျိုးဆက်ထဲတွင် တစ်စုံတစ်ရာ နက်နဲသော လျှို့ဝှက်ချက် ရှိနေသလားဟု သံသယဝင်လာကြသည်။ သို့မဟုတ်ပါက အားနည်းသော မျိုးနွယ်စုမှ ဆင်းသက်လာသော တန်ခိုးရှင်တစ်ယောက်မှာ ဤမျှ ထူးခြားဆန်းပြားသော နည်းလမ်းများ မည်သို့ ရှိနိုင်ပါမည်နည်း။

ယန့်ဟောက်ရန်သည် ဖန့်ချန်ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ အတွင်းကမ္ဘာ ကို တိုက်ရိုက်ဖွင့်ကာ လူအချို့ကို ယန့်လီအား သယ်ယူစေခဲ့သည်။

"တုသူတော်စင်တစ်ပိုင်း... ကျွန်တော်တို့ အရင်ဆုံး နှုတ်ဆက်ခဲ့ပါတယ်"

ယန့်ဟောက်ရန်က လက်အုပ်ချီ ဂါရဝပြုလိုက်ပြီးနောက် ကျင်ကန်းမျိုးနွယ် တန်ခိုးရှင်များအားလုံးနှင့်အတူ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

"ဟူး..."

နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်အချို့သည် အသက်ကို ပြင်းထန်စွာ ရှူထုတ်လိုက်ကြသော်လည်း ရုတ်တရက်ပင် ဤသို့ ခံစားရခြင်းမှာ အလွန် သိက္ခာကျစရာကောင်းသည်ဟု ထင်မြင်မိကာ စိတ်မသက်မသာ ဖြစ်သွားကြပြန်သည်။

တစ်ချိန်က အထက်တန်းကျလှသော နတ်ဘုရားမျိုးနွယ်မှာ ယခုအခါတွင် အားနည်းသော မျိုးနွယ်စုတစ်ခု၏ နှိပ်စက်မှုကိုပင် ဤသို့ ခံစားနေရသည်လား ကျင်ကန်းမျိုးနွယ်ဆိုသည်မှာ နတ်ဘုရားနယ်မြေထဲတွင် ထိပ်တန်း တစ်ရာ မပြောနှင့်၊ ထိပ်တန်း တစ်ထောင်ထဲတွင်ပင် မပါဝင်နိုင်သော မျိုးနွယ်စု ဖြစ်သည်။

"ဖန့်အစ်ကို... ကျေးဇူးတင်ပါတယ်"

လန်တောက်ချွန်းသည် ဖန့်ချန်ကို ကြည့်ကာ လေးလေးနက်နက် လက်အုပ်ချီ ဂါရဝပြုလိုက်သည်။

"အားနာစရာ မလိုပါဘူး"

ဖန့်ချန်က ပြုံးလျက် ပြန်လည် ဂါရဝပြုရင်း

"မင်းညီမနဲ့ ခဏလောက် စကားပြောချင်လို့"

"..."

လန်တောက်ချွန်းသည် ဖန့်ချန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ

"လူမျိုးခြားတွေက လက်ထပ်လို့ မရဘူးနော်"

"ငါ သိပါတယ်"

ဖန့်ချန်သည် ထိုသို့ပြောပြီးနောက် လန်ယွီအာ၏ ရှေ့သို့ တည့်တည့် လျှောက်သွားလိုက်သည်။

"ခဏလောက် သီးသန့် စကားပြောလို့ ရမလား"

"ကျွန်မကိုလား"

လန်ယွီအာမှာ ခဏမျှ မှင်တက်သွားပြီးနောက် လန်တောက်ချွန်းကို ဝေခွဲမရစွာ လှမ်းကြည့်လိုက်သည်။ လန်တောက်ချွန်းက ခေါင်းညိတ်ပြလိုက်မှသာ သူမသည် ဖန့်ချန်နှင့်အတူ မနီးမဝေး ဆီသို့ လျှောက်သွားခဲ့သည်။

"တုသူတော်စင်တစ်ပိုင်း... ကျွန်တော်တို့ ဒီတစ်ခါတော့ လူသားမျိုးနွယ်ကို ကျေးဇူးကြွေး တစ်ခု တင်သွားပြီ"

လန်တောက်ချွန်းသည် တုသူတော်စင်တစ်ပိုင်း၏ ဘေးသို့ လျှောက်သွားကာ တိုးတိုးလေး ဆိုသည်။

"လူသားမျိုးနွယ်ကို တင်တာလား၊ ဒါမှမဟုတ် ဒီလူငယ်လေးကို တင်တာလား"

တုသူတော်စင်တစ်ပိုင်း၏ မျက်နှာတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

"ဟုတ်ပါတယ်... သူက ကျွန်တော်တို့ နတ်ဘုရားမျိုးနွယ်မှာ နောက်ထပ် နှစ်ပေါင်း တစ်သန်းအထိ သူတော်စင် ပေါ်မလာနိုင်ဘူးဆိုတာ သိနေတာတောင် ကျွန်တော်တို့ရဲ့ မျိုးနွယ်စု ကံကြမ္မာအပေါ်မှာ လောင်းကြေးထပ်နေတာပဲ"

လန်တောက်ချွန်း၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာကာ

"ဒါက လူသားမျိုးနွယ်ဟာ ကျွန်တော်တို့ နတ်ဘုရားမျိုးနွယ် ပြန်လည် နိုးထလာနိုင်မယ်ဆိုတာကို ယုံကြည်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ"

"ပြန်လည် နိုးထလာမယ်..."

တုသူတော်စင်တစ်ပိုင်းသည် တိုးတိုးလေး ရေရွတ်လိုက်ရင်း သူ၏ မျက်ဝန်းအစုံမှာ အနည်းငယ် နီမြန်းလာသကဲ့သို့ ရှိပြီးနောက် ခပ်ဖွဖွ ပြုံးလိုက်သည်။

"ခက်ခဲပါလိမ့်မယ်... ကျွန်တော်တို့ နတ်ဘုရားမျိုးနွယ်က ဒီတစ်ခါတော့ တားမြစ်ချက်ကို ချိုးဖောက်မိသွားပြီ။ အထက်မှာလည်း ဟင်းလင်ပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့က စောင့်ကြည့်နေတာဆိုတော့ ပြန်လည် နိုးထလာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ အခုတော့ နတ်ဘုရားနယ်မြေရဲ့ အပြင်ဘက်ကို သွားပြီး ငြိမ်ငြိမ်သက်သက် ခိုအောင်းရင်း အခွင့်အရေး တစ်ခုကိုပဲ စောင့်ဆိုင်းရတော့မှာပေါ့"

"တုသူတော်စင်တစ်ပိုင်း... စီနီယာကိုယ်တိုင်တောင် ကျွန်တော်တို့ နတ်ဘုရားမျိုးနွယ် ပြန်လည်နိုးထဖို့... ခက်ခဲမယ်လို့ ထင်နေတာလား "

လန်တောက်ချွန်း၏ မျက်ဝန်းထဲတွင် ဝေခွဲမရမှုများ ပေါ်လာသည်။

အမှန်စင်စစ် သူကဲ့သို့သော နတ်ဘုရားမျိုးနွယ် မျိုးဆက်သစ်များအတွက် ယခုတစ်ကြိမ် နတ်ဘုရားမျိုးနွယ် ကြုံတွေ့နေရသော ဘေးဒုက္ခ၏ အရင်းအမြစ်ကို သူ ယခုထက်တိုင် သေချာစွာ နားမလည်သေးပေ။

"နောင်ရေးကိုတော့ နောင်မှပဲ စဉ်းစားကြတာပေါ့။ သတ်မှတ်ထားတဲ့ နေရာကို ရောက်ရင် ထိုပုဂ္ဂိုလ် က လာကြိုပါလိမ့်မယ်။ ကံကောင်းတာက ဒီတစ်ခါတော့ ဝိညာဉ်မျိုးနွယ် တွေက ရှင်းလင်းမှုထဲမှာ မပါဝင်ခဲ့တာပဲ။ ငါတို့ နတ်ဘုရားမျိုးနွယ်ဟာ... အခြေခံ အင်အားလေးတော့ ကျန်ပါသေးတယ်"

တုသူတော်စင်တစ်ပိုင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

"နေရာသစ်ကို ရောက်ရင် အခြေအနေသစ်တွေ ပေါ်လာနိုင်တာပဲလေ"

"တုသူတော်စင်တစ်ပိုင်း၊ လန်အစ်ကို... ကျွန်တော်နဲ့ ဝမ်အိုကြီး အရင် နှုတ်ဆက်လိုက်ပါရစေ"

ထိုစဉ် ဖန့်ချန်သည် အဝေးမှ လမ်းလျှောက်လာပြီး သူ၏ နောက်တွင် လန်ယွီအာ ပါလာသည်။

ဘာကြောင့်မှန်းမသိ၊ နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်များ၏ အမြင်တွင် ထိုသူနှစ်ဦးမှာ အတော်ကလေး လိုက်ဖက်ညီနေသကဲ့သို့ ထင်ရသည်။

"အခုပဲ သွားတော့မလို့လား"

လန်တောက်ချွန်းသည် ခဏမျှ မှင်တက်သွားပြီး လန်ယွီအာကို တစ်ချက် ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။

"ငါ လိုက်ပို့ပေးမယ်"

"မလိုပါဘူး၊ မင်းတို့လည်း ခရီးဆက်ရဦးမှာပဲ"

ဖန့်ချန်က ပြုံးလျက် လက်ကာပြလိုက်ပြီးနောက် ဝမ်ချုံစန်းနှင့်အတူ ဟင်းလင်းပြင်ထဲသို့ ပျံသန်း ထွက်ခွာသွားတော့သည်။

"ညီမလေး... ဖန့်အစ်ကိုက မင်းကို ဘာတွေ ပြောလိုက်တာလဲ"

လန်တောက်ချွန်းက ချက်ချင်းပင် မေးလိုက်သည်။

နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်များ၏ အကြည့်များမှာ လန်ယွီအာထံသို့ တပြိုင်နက်တည်း ကျရောက်သွားကြသည်။ ဤလူသားတန်ခိုးရှင်က လန်ယွီအာကို ဘာတွေ တိုးတိုးတိတ်တိတ် ပြောခဲ့သလဲဆိုသည်ကို သူတို့လည်း သိချင်နေကြသည်။

"သူ ဘာမှ မပြောပါဘူး။ သူ့ဘေးမှာ လိုက်လာတဲ့ အဲဒီ လူသားတန်ခိုးရှင်ကို သတိထားဖို့ပဲ ကျွန်မကို ပြောသွားတာ။ ဘာကြောင့်လဲဆိုတာတော့ ကျွန်မလည်း မသိဘူး"

လန်ယွီအာသည် ထူးဆန်းသော မျက်နှာထားဖြင့်

"တကယ်ကို ထူးဆန်းတဲ့ လူပဲ"

လန်တောက်ချွန်းမှာ အတော်ကြာ မှင်တက်သွားပြီးနောက် သူ၏ ဦးနှောက်ထဲတွင် အမျိုးမျိုးသော ခန့်မှန်းချက်များ ပေါ်လာကာ နောက်ဆုံးတွင် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဖြစ်နိုင်တာကတော့... အဲဒီလူရဲ့ အကျင့်စာရိတ္တက သိပ်ပြီး မမှန်ကန်လို့ နေမှာပေါ့ "

All Chapters