← Chapters

ကျောက်စိမ်းပေလွှာထဲမှ အကြောင်းအရာ ( ၁ )

Vol. 12 Ch. 180

ကျောက်စိမ်းပေလွှာထဲမှ အကြောင်းအရာ ( ၁ )

Vol. 12 Ch. 180

ရွှီချင်းသည် ကျင့်ကြံခြင်းအတွက် ဝိညာဉ်ကျောက်တုံးများကို သုံးစွဲရခြင်းအပေါ် နှမျောတွန့်တိုခြင်း မရှိပါသော်ငြား တခြားကိစ္စရပ်များတွင် အလွန် ခြိုးခြံချွေတာခဲ့သည်။

သူ အကျိုးအမြတ်များစွာ ရရှိခဲ့သည့်တိုင်အောင် မနက်စာကို ကြက်ဥသုံးလုံးသာ စားသည်။

သူက ရာဇဝတ်ကောင်ကျောက်စိမ်းပေလွှာထဲတွင်လည်း အသစ်တိုးလာသော ရာဇဝတ်ကောင်များကို မှတ်ထားတတ်သည့်အကျင့်ရှိသည်။

ရာဇဝတ်ကောင်များထံမှ ဝိညာဉ်ကျောက်တုံးအနည်းအကျဉ်းသာ ရသည့်တိုင်အောင် ဝိညာဉ်ကျောက်တုံးများသာ မဟုတ်ပါလား။ သူသာ ကံကောင်းပါက ရာဇဝတ်ကောင်များ၏ သိုလှောင်အိတ်ထဲမှ တခြားပစ္စည်းများကို ရနိုင်သည်။

ထို့ကြောင့် သူ့ရှေ့မှ အလောင်းကို တစ်ချက်ကြည့်ရုံဖြင့် သိသည်။ ထိုလူသည် ပင်လယ်ဓားပြဂိုဏ်းတစ်ဂိုဏ်းမှဖြစ်ပြီး ဝိညာဉ်ကျောက်တုံးဆယ့်ငါးတုံး တန်သည်။

ထိုကဲ့သို့ ဝိညာဉ်ကျောက်တုံးပမာဏက လက်ရှိ ရွှီချင်းအတွက် များများစားစား မဟုတ်ပါသော်ငြား လူအလေးအတွက် ပွပေါက်တိုးခြင်း ဖြစ်သည်ကို မှန်းဆကြည့်နိုင်သည်။

ထိုကဲ့သို့သော စည်းစိမ်ကို သူက ရွှီချင်းအား အမှန်တကယ် ပေးအပ်သွားခဲ့ခြင်း ဖြစ်နေသည်။

ရွှီချင်း၏ မျက်လုံးများ မှေးသွားပြီး လူအလေး ထွက်သွားသည့်ဘက်သို့ ကြည့်လိုက်သည်။

လူအလေးက သူ့လက်ထဲသို့ ထိုရာဇဝတ်ကောင်ကို ထည့်ပေးရန်အတွက် ဤနေရာတွင် သူ့ကို အထူးတလည် စောင့်နေခြင်းဖြစ်ကြောင်း သူ ပြောနိုင်သည်။

“ ထောင်ချောက်လား ”

ရွှီချင်း ရေရွတ်လိုက်ပြီး သူ့ခြေထောက်အောက်ရှိ ရာဇဝတ်ကောင်ကို ပစ်ထားခဲ့ကာ အဝေးသို့ ထွက်သွားသည်။ မကြာခင် သူက လမ်းကြားထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သူ ထွက်သွားပြီးနောက် မြေပြင်ပေါ်ရှိ ရာဇဝတ်ကောင်အလောင်းက လမ်းသွားလမ်းလာများ၏ အာရုံစိုက်ရာ ဖြစ်လာသည်။ လူအများစုက ရှောင်ကွင်းသွားကြပါသော်လည်း ထိုအလောင်းကို မြင်သွားသည့် ဂိုဏ်းသားတချို့ရှိသည်။ သူတို့၏မျက်လုံးများ ဝင်းလက်သွားပြီး စူးစမ်းလေ့လာရင်း အနားကပ်သွားကြသည်။

သို့သော်လည်း သူတို့ အနီးရောက်သည်နှင့် ဘေးရှိ လမ်းကြားလေးထဲမှ ခွေးရိုင်းတစ်ကောင်အလား မြန်ဆန်သော လူရိပ်လေးတစ်ခု အလောင်းဘေးသို့ အလျင်အမြန် ရောက်လာသည်။

သူ၏အစာကို ကာကွယ်နေသည့်အလား သူက ခပ်ကြမ်းကြမ်းဖြင့် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူက ချဉ်းကပ်လာတော့မည့်ဟန်ရှိသော ဘေးပတ်လည်မှလူများကို ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့သွားများသည် မာကြောကာ သာမန်လူများနှင့် ကွဲပြားနေဟန်တူသည်။ သူက ပါးစပ်ကို ဟလိုက်ရာ လွှသွားပုံသွားများ ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ရာ ဘေးပတ်လည်မှ ကျင့်ကြံသူများမှာ ခြေလှမ်းများ ရပ်သွားသည်။

ဂိုဏ်းသားများက အလောင်းကိုယ်ပေါ်မှ ကိုက်ရာများကို ဖျတ်ခနဲ ကြည့်လိုက်ကြပြီး နောက်ဆုတ်ရန် ရွေးချယ်လိုက်ကြသည်။ လူအလေးသည်သာ အလောင်းဘေးတွင် စူးစိုက်ကြည့်ရင်း ဆောင့်ကြောင့်ထိုင်နေသည်။ သူ၏အမူအရာက ရှားရှားပါးပါး စိတ်ရှုပ်ထွေးခြင်း၊ ဒေါသထွက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ထိုသို့ဖြင့် အချိန်များ ကုန်လွန်လာပြီး ဆည်းဆာချိန်သို့ ရောက်သွားသည်။ လူငယ်လေးက အလောင်းဘေးတွင် တချိန်လုံး ထိုင်နေသည်။ ညအမှောင်ထုက သူ့ကို လွှမ်းခြုံသွားသောအခါမှသာ အလောင်းကို သူ တိတ်ဆိတ်စွာ ယူလိုက်ပြီး လမ်းကြားထဲ ဆွဲယူသွားကာ သူ့နေအိမ်သို့ ပြန်လာသည်။

သူ နေသည့်နေရာက မှော်လှေတစ်စီး မဟုတ်ဘဲ ရိုးရှင်းပြီး ဖြစ်ကတတ်ဆန်း ဆောက်ထားသော တဲအိမ်လေးတစ်လုံးသာ ဖြစ်သည်။

တဲအိမ်၏ လစဉ်ကြေးက လှေရပ်နားရန်နေရာထက် များစွာ နိမ့်ကျသည်။ သူက ဂရုတစိုက်ချဉ်းကပ်သွားပါသော်လည်း တံခါးကို မသုံးပေ။ ထိုအစား ဘေးပတ်လည်တွင် လှည့်ပတ်သွားလိုက်ပြီး နောက်ဖေးနံရံမှ အုတ်ကြွပ်များကို တွန်းဖယ်၍ အထဲဝင်သွားလိုက်သည်။

တဲအိမ်လေးထဲတွင် သူက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းရှည်ကြီးချလိုက်ပြီး တံခါးနှင့် ပြတင်းပေါက်ကို လှမ်းမြင်ရသည့် အမှောင်ထဲရှိ ချောင်တစ်ချောင်တွင် တိတ်ဆိတ်စွာ ဆောင့်ကြောင့်ထိုင်လိုက်သည်။ အချိန်အတော်ကြာသည်အထိ ငေးကြည့်နေပြီးနောက် သူက ဘေးရှိ ရာဇဝတ်ကောင်၏ အလောင်းကို ငုံ့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှ ဒေါသထွက်နေသည့်အမူအရာများ ပို၍ ပြင်းထန်လာသည်။

ခဏအကြာ သူက ချီတုံချတုံဖြစ်နေဟန်ပြီးနောက် ရာဇဝတ်ကောင်၏အလောင်းကို ပွတ်သပ်ရှာဖွေလိုက်သည်။

ယခင်က ရာဇဝတ်ကောင်၏ သားရေအိတ်ရှုံ့ကို သူ မစစ်ဆေးကြည့်ရသေးဟန်တူသည်။ ယခု သူ သားရေအိတ်ရှုံ့ကို ယူ၍ ဖွင့်ကြည့်လိုက်ရာ ဝိညာဉ်ကျောက်တုံးသုံးတုံးကို မြင်ပြီး အံ့အားသင့်သွားသည်။

သူက ဝိညာဉ်ကျောက်တုံးသုံးတုံးကို ဆတ်ခနဲ ယူလိုက်ပြီး ဘေးဘီဝဲယာကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ မူမမှန်သည့်အရာတစ်ခုမှ မရှိကြောင်း အတည်ပြုပြီးနောက် ဝိညာဉ်ကျောက်တုံးများကို သူ သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ စုဆောင်းထားသော ဝိညာဉ်ကျောက်တုံးများကို ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ဝိညာဉ်ကျောက်တုံးခုနစ်ဆယ့်ခုနစ်တုံးသာ ရှိသည်။

ရေတွက်ပြီးနောက် သူက စိတ်ဓာတ်ကျစွာဖြင့် ဆောင့်ကြောင့်ထိုင်လိုက်ပြန်သည်။ နောက်ဆုံးတွင် ကျောက်ရိုင်းတုံးတစ်တုံးကို ထုတ်၍ ပါးစပ်ကို ဟကာ သူ့သွားများကို ပို၍ ချွန်ထက်အောင် ပွတ်တိုက်လိုက်သည်။

သူက ချီစုစည်းခြင်းအဆင့်သုံးသာ ရှိနေသေး၍ သူ့တဲလေးအပြင်ဘက်မှ ရွှီချင်းက သူ၏လှုပ်ရှားမှုတိုင်းအား အေးတိအေးစက်ဖြင့် ရပ်ကြည့်နေသည်ကို သူ အာရုံမခံမိချေ။

ရွှီချင်းသည် သတိကြီးသော စရိုက်ရှိသူဖြစ်သည်။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းက သူ့အောက် နိမ့်ကျနေသည့်တိုင်အောင် သူ သတိထားနေဆဲပင်။

နေ့ခင်းက သူ မြင်ရသရွေ့ ဖြစ်နိုင်ချေ နှစ်မျိုး ရှိသည်။ တစ်ခုက လူအလေးက လက်ဆောင်အနေဖြင့် အလောင်းကို ပေးခြင်းသာ ဖြစ်သည်။ နောက်တစ်ခုမှာ လူအလေးတွင် တခြားရည်ရွယ်ချက်များ ရှိနေခြင်း ဖြစ်မည်။

ရက်စက်ကြမ်းကြုတ်သော လောကပျက်ကြီးထဲ၌ မည်သည့်အရာမဆို ဖြစ်ပျက်လာနိုင်သည်ဖြစ်၍ ထိုလက်ဆောင်ကို သူ လက်မခံခဲ့ခြင်း ဖြစ်သည်။ ထိုအစား သူက ထွက်သွားပြီးနောက် ပုန်းကွယ်၍ တိုက်ခိုက်သင့်၊ မသင့်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

“ အရင်ရက်က ငါတို့တွေ့တုန်းက ငါ့ကို ကြောက်လို့ လာဖားတာလား ”

ရွှီချင်းက တဲထဲရှိ လူငယ်ကို ကြည့်လိုက်သည်။ ထို့နောက် တံခါးကို တွန်းဖွင့်ကာ အထဲဝင်သွားလိုက်သည်။

သူ အထဲဝင်လိုက်သည့်အခိုက် ချောင်တစ်ချောင်ရှိ လူငယ်လေးက တိုက်ခိုက်တော့မည့်အလား ချက်ချင်း သွားဖြဲလိုက်သည်။ သို့သော်လည်း ရွှီချင်းကို မြင်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ့မျက်လုံးများထဲမှ ကြောက်ရွံ့စိတ်များ သိသိသာသာ ထွက်ပေါ်နေပြီး လုံးဝ မလှုပ်ရှားဝံ့တော့ပေ။

“ မင်း ဘာမြင်ခဲ့တာတုံး ”

ရွှီချင်းက တံခါးနားတွင် ရပ်၍ ကျောက်စိမ်းပေလွှာကို ပစ်ပေးကာ ပြောလိုက်သည်။

လရောင်က သူ့ကိုယ်ပေါ် ဖြာကျနေပြီး အရိပ်က အိမ်ထဲသို့ ကျသွားပေရာ လူအလေးကို ထိလုနီးပါး ဖြစ်နေသည်။

လူအလေး နံရံနားကို တင်းတင်းကြပ်ကြပ် တိုးကပ်သွားပြီး ကျောက်စိမ်းပေလွှာကို ယူလိုက်သည်။

ခေါင်းဆောင်က ထိုသို့ မေးမြန်းခဲ့ပါသော်လည်း သေသည့်တိုင်အောင် ပြောမည်မဟုတ်ကြောင်း အမူအရာဖြင့် ပြသခဲ့သည်။ ယခုအချိန်တွင် သူက တွေဝေတွန့်ဆုတ်မနေဘဲ ချက်ချင်းပင် သူ ပြောချင်သည့်စကားများကို ရေးခြစ်ကာ ရွှီချင်းထံ သတိထား၍ ပေးလိုက်သည်။

ရွှီချင်းက ကျောက်စိမ်းပေလွှာကို ယူလိုက်သည်။ ဝိညာဉ်စွမ်းအားများကို ကျောက်စိမ်းပေလွှာထဲသို့ ထည့်၍ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့အမူအရာ ပြောင်းလဲသွားသည်။

သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားသည်။ လူအလေးကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ဝိညာဉ်ကျောက်တုံးရှစ်တုံးကို ထုတ်၍ ပစ်ပေးကာ ထွက်သွားသည်။

ခုနစ်ဆယ့်ခုနစ်တုံး၊ တစ်ဆယ့်ငါးတုံးနှင့် ရှစ်တုံးတို့ကို ပေါင်းလိုက်ပါက ဝိညာဉ်ကျောက်တုံးတစ်ရာ ရမည်ဖြစ်သည်။ ယင်းသည် မှော်လှေတစ်စီး လဲလှယ်ရန်အတွက် လိုအပ်သော ပမာဏဖြစ်သည်။

ရွှီချင်းက အဝေးသို့ ရောက်သွားသည့်တိုင်အောင် ကျောက်စိမ်းပေလွှာကို တင်းတင်းကြပ်ကြပ် ဆုပ်ထားဆဲပင်။ ဆိပ်ကမ်းသို့ သူ ပြန်ရောက်သွားပြီးနောက် မှော်လှေပေါ်သို့ ခုန်ဝင်လိုက်ပြီး ညာလက်ကို တင်းကြပ်စွာ ဆုပ်လိုက်ရာ ကျောက်စိမ်းပေလွှာက ပြာဖြစ်သွားသည်။

ပြီးသည်နှင့် သူက ခံစားချက်ကင်းမဲ့စွာဖြင့် အခန်းလေးထဲသို့ လျှောက်သွားပြီး ကျင့်ကြံရန် မျက်လုံးများကို မှိတ်လိုက်သည်။

ညတစ်ည ကုန်လွန်သွားသည်။

နောက်တစ်နေ့ မနက်ခင်းတွင် ရွှီချင်းသည် ကျန်းစန်း၏နေရာသို့ ပုံမှန်အမူအရာဖြင့် သွားလိုက်ပြီး ကျင်းကန်းဂိုဏ်းမှ ရခဲ့သည့် အစီအရင်ဒူးလေးကို ပေးလိုက်သည်။ ကျန်းစန်း၏ ပြုပြင်ခြင်းအောက်တွင် ထိုမန္တန်အစီအရင်ဒူးလေးကို သူ့မှော်လှေပေါ်တွင် ထားလိုက်ပြီး နတ်တိုက်ကွက်ပြီးနောက် သူ၏ဒုတိယမြောက်ဝှက်ဖဲ ဖြစ်လာခဲ့သည်။

All Chapters