← Chapters

အခန်း (၄၂-၄၃)

Vol. 5 Ch. 42-43

အခန်း (၄၂-၄၃)

Vol. 5 Ch. 42-43

အခန်း (၄၂)

" ဟူး .."

ဒုတိယမြောက် စာရွက်ပေါ်ရှိ သတင်းစကားကို ဖတ်ပြီးနောက် ဝမ်ထောင်သည် သက်ပြင်းတစ်ချက် ချလိုက်လေသည် ။

ပြင်ပကမ္ဘာ၏ အခြေအနေမှာ သေချာပေါက် သိပ်မကောင်းနိုင်ကြောင်း သူ သိထားသော်လည်း ယခုလို အတည်ပြုချက် ရရှိသွားသည့်အခါ၌မူ အနည်းငယ် စိတ်ပျက်မိသည်မှာ အမှန်ပင် ဖြစ်၏ ။

စာအိတ်ထဲတွင် နောက်ဆုံး စာရွက်တစ်ရွက် ကျန်ရှိနေသေးသည် ။

ဤစာရွက်တွင် ၎င်းတို့၏ အခြေခံစခန်းသို့ ရေဒီယိုဖြင့် မည်သို့ ဆက်သွယ်ရမည် ၊ အခြေခံစခန်း၏ တိကျသော တည်နေရာနှင့် ပုံပြမှတ်တမ်း တစ်စုံကို အသေးစိတ် ဖော်ပြထားလေသည် ။

ဤပုံပြမှတ်တမ်းများမှာ မြေပုံများ မဟုတ်ဘဲ ဇွန်ဘီပုံပြမှတ်တမ်းများ ဖြစ်၏ ။ ၎င်းတို့တွင် ယခုအချိန်အထိ တွေ့ရှိထားသော ဇွန်ဘီ အမျိုးအစား အသီးသီး၏ အချက်အလက်များကို မှတ်တမ်းတင်ထားခြင်း ဖြစ်လေသည် ။

ဆက်သွယ်ရန် အချက်အလက်များနှင့် နှိုင်းယှဥ်လျှင် ဝမ်ထောင်သည် ဤဇွန်ဘီပုံပြမှတ်တမ်းကို ပို၍ စိတ်ဝင်စား၏ ။

အဘယ်ကြောင့်ဆိုသော် သူသည် လက်ရှိတွင် စစ်အခြေစိုက်စခန်းနှင့် အလွန် ဝေးကွာနေသောကြောင့် ဖြစ်သည် ။ သူသည် ဆက်သွယ်ရန် နည်းလမ်းကို သိရှိနေလျှင်ပင် ၎င်းတို့အား ဆက်သွယ်၍ မရနိုင်ပေ ။ သို့သော် ပုံပြမှတ်တမ်းပါ ဇွန်ဘီအချက်အလက်များမှာမူ သူ့အတွက် ကြီးမားသော အထောက်အကူ ဖြစ်စေမည်မှာ ဧကန်မလွဲပင် ။

ပုံပြမှတ်တမ်းထဲတွင် ဇွန်ဘီ အမျိုးအစား နှစ်ဆယ်ကျော် ပါဝင်ပြီး ဝမ်ထောင်သည် ၎င်းတို့ထဲမှ အချို့ကို မှတ်မိနေလေသည် ။

သူ ယခင်က တွေ့ခဲ့ဖူးသော "လူအိုကြီး" ဟု သူ ခေါ်ခဲ့သည့် ဇွန်ဘီမှာ "တိတ်ဆိတ်သူ" ဟု အမည်ရ၏ ။

တိတ်ဆိတ်သူများသည် အရိပ်ထဲတွင် တိတ်တဆိတ် ပုန်းအောင်းနေတတ်ကြသည် သို့မဟုတ် လူသေအလောင်းများကဲ့သို့ ဟန်ဆောင်နေတတ်ကြလေသည် ။ ၎င်းတို့သည် မည်သည့် အသံမျှ မပြုလုပ်ကြသလို ၎င်းတို့၏ အာရုံခံနိုင်စွမ်းမှာလည်း အလွန် အားနည်း၏ ။ သားကောင်မှာ အနားသို့ ရောက်ရှိလာမှသာ ၎င်းတို့က သတိပြုမိကြပြီး ထိုအခါမှသာ ရုတ်တရက် သေလောက်သော တိုက်ခိုက်မှုကို ပြုလုပ်ကြခြင်း ဖြစ်သည် ။

ဤဇွန်ဘီ၏ တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်းမှာ သာမန်ဇွန်ဘီနှင့် ဆင်တူသော်လည်း ၎င်းတို့၏ ချောင်းမြောင်း တိုက်ခိုက်မှုများကြောင့် လူများစွာ သေဆုံးခဲ့ကြရလေသည် ။ အဆောက်အအုံများ အတွင်း၌မူ ၎င်းတို့မှာ အလွန် အန္တရာယ်များသော ဇွန်ဘီ အမျိုးအစား ဖြစ်၏ ။

ဝမ်ထောင် ယခင်က တွေ့ခဲ့သော အကွာအဝေး အတိုအတွင်း အမြန်ပြေးခြင်းကို ပြုလုပ်နိုင်သည့် ဇွန်ဘီကလေးမှာမူ "အပြေးမြန်သူများ" ဟု တရားဝင် ခေါ်ဆိုလေသည် ။

၎င်းတို့မှာ သာမန်ဇွန်ဘီများထက် ပိုမို မြန်ဆန်ပြီး တိုက်ခိုက်နိုင်စွမ်းလည်း ပိုမို မြင့်မားကြ၏ ။ သားကောင်နှင့် နီးကပ်သွားသောအခါ ၎င်းတို့သည် အမြန်ပြေးခြင်း စွမ်းရည်ကို အသုံးပြုကြလိမ့်မည် ။ အပြေးမြန်သူ တစ်ကောင်တည်းမှာ ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်သော်လည်း အခြားဇွန်ဘီများနှင့် ရောနှောနေပြီး ရုတ်တရက် တိုက်ခိုက်လာပါက အသက်ရှင်ကျန်ရစ်သူများအတွက် အလွန် အန္တရာယ်ကြီးလှပေသည် ။

ထို့နောက် ဝမ်ထောင် ကားမောင်းနေစဥ် တွေ့ရှိခဲ့ပြီး ကားဖြင့် တိုက်သတ်ခဲ့သော အော်ဟစ်နေသည့် ဇွန်ဘီမှာမူ "အော်ဟစ်သူ" ဟု အမည်ရလေသည် ။

၎င်းတို့မှာ အလွန် အားနည်းကြပြီး သာမန်ဇွန်ဘီများထက်ပင် ပို၍ အားနည်း၏ ။ ပုံမှန် ခန္ဓာကိုယ် ကြံ့ခိုင်မှုရှိသော အရွယ်ရောက်ပြီး အမျိုးသားတစ်ဦးသည် သာမန်လက်နက်ကို အသုံးပြု၍ ၎င်းကို တစ်ဦးချင်း ယှဥ်ပြိုင် တိုက်ခိုက်နိုင်သည် ။

သို့သော် ဤဇွန်ဘီသည် အသံကို အလွန် အာရုံခံနိုင်ပြီး လူကို မတွေ့ရှိမီ အချို့သော ပြင်ဆင်မှုများကို ပြုလုပ်လေ့ရှိ၏ ။ ပြင်ဆင်မှု ပြီးဆုံးပါက ၎င်းသည် ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို ဆွဲဆောင်နိုင်သော ကျယ်လောင်လှသော အော်ဟစ်သံကို လွှတ်ထုတ်လိမ့်မည် ။ အထူးသဖြင့် အထူးဇွန်ဘီများကို ပို၍ ဆွဲဆောင်နိုင်လေသည် ။

အကယ်၍ အော်ဟစ်သူ အသံမပြုမီ ၎င်းကို သတ်နိုင်ပါက ပြဿနာ မရှိပေ ။ သို့သော် အော်ဟစ်သူကို အော်ခွင့် ပေးလိုက်မည် ဆိုပါက ထိုအချိန်တွင် အကောင်းဆုံး ရွေးချယ်မှုမှာ ထွက်ပြေးရန်ပင် ဖြစ်၏ ။ သို့မဟုတ်ပါက ဇွန်ဘီအုပ်ကြီး၏ ဝိုင်းရံမှုကို ခံရမည်ဖြစ်ပြီး သေချာပေါက် သေဆုံးရပေလိမ့်မည် ။

ဝမ်ထောင် ယနေ့ ရင်ဆိုင်ခဲ့ရသော တူကိုင်ဇွန်ဘီနှင့် ပတ်သက်၍လည်း မှတ်တမ်းတွင် ပါရှိသော်လည်း ဖော်ပြချက်မှာ တိုတောင်းလှ၏ ။

တူကိုင်ဇွန်ဘီကို "သောင်းကျန်းသူ" ဟု ခေါ်ဆိုပြီး ကမ္ဘာပျက်ကပ် စတင်ပြီး ရက်အနည်းငယ် အကြာမှသာ ပေါ်ပေါက်လာသော ဇွန်ဘီ အမျိုးအစား ဖြစ်သည် ။ ထိုအချိန်တွင် လူတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်သာ အာရုံစိုက်နေကြသဖြင့် ၎င်းကို မည်သူမျှ တကူးတက သွားရောက် မသတ်ကြပေ ။

သောင်းကျန်းသူများသည် နှေးကွေးသော်လည်း လက်နက်များကို အသုံးပြုနိုင်ကြပြီး တိုက်ခိုက်နိုင်စွမ်း မြင့်မားကာ ကာကွယ်နိုင်စွမ်းလည်း အလွန် ကောင်းမွန်ကြ၏ ။ ထို့ပြင် ၎င်းတို့၏ တိုက်ခိုက်မှုများတွင် သိပ္ပံနည်းကျ ရှင်းပြ၍ မရသော ရိုက်ခတ်မှုလှိုင်းများ ပါဝင်နေလေသည် ။

၎င်းတို့၏ မျက်လုံးများမှာ အလင်းဒဏ် မခံနိုင်ခြင်း ဟူသော အချက်ကိုမူ ထိုနေရာတွင် ရေးသားထားခြင်း မရှိပေ ။ ဖြစ်နိုင်သည်မှာ ထိုအချက်ကို မည်သူမျှ မတွေ့ရှိသေးခြင်း ဖြစ်ရမည် ။

ဝမ်ထောင်သည် အခြားသော ဇွန်ဘီ အမျိုးအစားများကို မတွေ့ဖူးသေးသော်လည်း ၎င်းတို့၏ အချက်အလက်များကို သေချာစွာ မှတ်သားထားလိုက်သည် ။ အဘယ်ကြောင့်ဆိုသော် ဤအချက်အလက်များသည် နောင်တစ်ချိန်တွင် သေချာပေါက် အသုံးဝင်လာမည် ဖြစ်သောကြောင့်ပင် ။

အချက်အလက်များထဲတွင် ဇွန်ဘီအများစုမှာ မီးကို ကြောက်ကြသည်ဟုလည်း ဖော်ပြထား၏ ။ အကယ်၍ အသက်ရှင်ကျန်ရစ်သူများစခန်းကို တည်ထောင်လိုပါက မီးမှာ မရှိမဖြစ် လိုအပ်သော ကိရိယာတစ်ခု ဖြစ်လေသည် ။

ဤစာရွက်၏ အဆုံးတွင် ဇွန်ဘီအမြုတေများ အကြောင်းကိုလည်း ဖော်ပြထား၏ ။

အမြုတေများကို သန်မာသော ဇွန်ဘီများထဲတွင်သာ တွေ့ရှိနိုင်သည်ဟု ဆိုသည် ။ သို့သော် ဤအရာ၏ တိကျသော အသုံးပြုပုံကိုမူ လက်ရှိတွင် မသိရသေးပေ ။ အဘယ်ကြောင့်ဆိုသော် စမ်းသပ်မှုတွင် ပါဝင်ခဲ့သော စေတနာ့ဝန်ထမ်း အချို့မှာ အားလုံး ကျရှုံးခဲ့ကြပြီး ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားခဲ့ကြရသောကြောင့် ဖြစ်၏ ။

ဤအမြုတေကို သုံးစွဲခြင်းသည် လူသားတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သော်လည်း ကြီးမားသော ဘေးထွက်ဆိုးကျိုးများနှင့်အတူ ရောက်ရှိလာသည်ဟု ၎င်းတို့က ခန့်မှန်းထားကြသည် ။ အကယ်၍ မည်သူမဆို ၎င်းကို အသုံးပြုလိုပါက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားရမည် ဖြစ်ပြီး ၎င်းတို့အနေဖြင့်မူ အသုံးပြုရန် လုံးဝ မတိုက်တွန်းပေ ။

စာရွက် သုံးရွက်ပေါ်ရှိ အချက်အလက် အားလုံးကို ဖတ်ပြီးနောက် ဝမ်ထောင်သည် ၎င်းတို့ကို သေချာစွာ သိမ်းဆည်းလိုက်ပြီး လက်နက်များ ပါဝင်သော သေတ္တာထဲသို့ ထည့်လိုက်လေသည် ။

သေနတ်များနှင့် ပတ်သက်၍မူ သူသည် ခဏမျှ စဥ်းစားပြီးနောက် တစ်လက်ကို ထုတ်ယူလိုက်၏ ။ ထို့နောက် ကျည်ဆံ ၁၀ တောင့်ကို ကျည်အိမ်ထဲသို့ ဖြည့်လိုက်လေသည် ။

သေနတ်ဆိုသည်မှာ မသုံးရလျှင်ပင် အဆင်သင့် ရှိနေရမည် ဖြစ်သည် ။ အရေးကြီးသော အချိန်တွင် ကြီးမားသော အထောက်အကူ ဖြစ်စေနိုင်ရန်အတွက် ဖြစ်၏ ။

ထို့နောက် ဝမ်ထောင်သည် ရိက္ခာများကို ပြန်လည် ထုပ်ပိုးလိုက်လေသည် ။ သူသည် ၎င်းတို့ အားလုံးကို ပြန်ယူသွားရန် ရည်ရွယ်ထား၏ ။ ဤအရာများကို ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ထည့်၍ မရသည်မှာ အနည်းငယ် နှမြောစရာ ကောင်းလှသည် ။ သို့မဟုတ်ပါက အတော်လေး ပိုမို လွယ်ကူသွားပေလိမ့်မည် ။

ဤအချိန်တွင် နေမှာ မိုးကုပ်စက်ဝိုင်းအောက်သို့ ငုပ်လျှိုးတော့မည် ဖြစ်၏ ။

နေဝင်ချိန်မှာ လှပလှသော်လည်း ဝမ်ထောင်မှာမူ ၎င်းကို ခံစားကြည့်ရှုနိုင်သည့် စိတ်အနေအထားတွင် မရှိပေ ။

သူသည် မိမိကိုယ်တိုင်အတွက် ရိုးရှင်းပြီး ဗိုက်ပြည့်စေသော ညစာကို ပြင်ဆင်လိုက်သည် ။ သူ စားနေသည်မှာ ထက်ဝက်ခန့်သာ ရှိသေးသော်လည်း သူ၏ အကြည့်များမှာ ရုတ်တရက် စူးရှသွားလေသည် ။

အဘယ်ကြောင့်ဆိုသော် အဝေးမှ လူအုပ်စုတစ်စု ပေါ်လာသည်ကို သူ မြင်လိုက်ရသောကြောင့်ပင် ဖြစ်၏ ။

စုစုပေါင်း လူ ခြောက်ယောက် ရှိသည် ။ အမျိုးသား လေးယောက်နှင့် အမျိုးသမီး နှစ်ယောက် ဖြစ်ပြီး အားလုံးမှာ ပေရေနေကြ၏ ။ ၎င်းတို့သည် အိတ်များကိုယ်စီ သယ်ဆောင်ထားကြပြီး ကိုယ်တိုင် ပြုလုပ်ထားသော လက်နက်အချို့ကိုလည်း ကိုင်ထားကြသည် ။ ၎င်းတို့ထဲတွင် ရဲအရာရှိ တစ်ယောက်ပင် ပါဝင်နေပုံရ၏ ။

အသက်ရှင်ကျန်ရစ်သူတွေက တကယ်ပဲ အပြင်ထွက်လာကြတာလား ..

ဝမ်ထောင် အနည်းငယ် အံ့သြသွားလေသည် ။

အသက်ရှင်ကျန်ရစ်သူများ ရှိနေခြင်းမှာ မထူးဆန်းပေ ။ ကမ္ဘာကြီးမှာ အလွန် ကျယ်ပြောလှသဖြင့် သူ့လိုအသက်ရှင်ကျန်ရစ်သူများ ရှိနေမည်မှာ သေချာပေါက်ပင် ။ သို့သော် ဤအချိန်တွင် အပြင်သို့ ထွက်လာကြခြင်းမှာမူ .. ၎င်းတို့တွင် အသက်ပေါင်း များစွာ ရှိနေသည်ဟု ထင်နေကြသလား ..

မကြာမီ မှောင်တော့မည် ဖြစ်သည် ။

သူကိုယ်တိုင်ပင် ညဘက်တွင် အပြင်မထွက်ရဲပေ ။ သို့သော် ဝမ်ထောင်သည် မကြာမီမှာပင် သူ အထင်မှားသွားကြောင်း သိလိုက်ရ၏ ။

ဤအသက်ရှင်ကျန်ရစ်သူများသည် ညနေစောင်းမှ ထွက်လာကြခြင်း မဟုတ်ဘဲ စောစောကတည်းက ထွက်လာခဲ့ကြခြင်း ဖြစ်ကာ နေဝင်ချိန်ကျမှသာ ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်ရမည် ။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် လမ်းထောင့်တစ်ခုတွင် ပုန်းအောင်းနေကြပြီး ရေစက်ရုံဆီသို့ လက်ညှိုးထိုးကာ တိုင်ပင်နေကြသောကြောင့် ဖြစ်၏ ။ ၎င်းတို့မှာ တစ်ညတာ တည်းခိုရန် ဤနေရာသို့ လာလိုကြသော်လည်း အနည်းငယ် ကြောက်ရွံ့နေကြပုံ ရလေသည် ။

ဝမ်ထောင်သည် ၎င်းတို့အား သွားရောက် နှုတ်ဆက်ရန် ရည်ရွယ်ချက် မရှိပေ ။ လူ့လောကထဲတွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသဖြင့် လူတို့၏ စိတ်နေစိတ်ထားမှာ မည်မျှ ယုတ်မာနိုင်သည်ကို သူ ကောင်းစွာ သိရှိထားသည် ။ အထူးသဖြင့် ယခုအခါ သူ၌ ရိက္ခာများစွာ ရှိနေပြီး သူ၏ သွေးပမာဏမှာလည်း နည်းနေသဖြင့် သူသည် ပိုမို သတိထားရမည် ဖြစ်၏ ။

ဝမ်ထောင် ရှိနေသော အဆောက်အအုံလေးမှာ အဝင်ဝနှင့် အနည်းငယ် ကွာဝေးသော်လည်း အမြင်ကို ကာကွယ်ထားသော အဆောက်အအုံများ မရှိသဖြင့် ပြင်ပ အခြေအနေကို သူ ကောင်းစွာ မြင်နိုင်လေသည် ။

အသက်ရှင်ကျန်ရစ်သူ အုပ်စုသည် ရေစက်ရုံထဲသို့ သတိထားကာ ဝင်လာကြ၏ ။ ဂိတ်တံခါးမှာ ပိတ်မထားသည်ကို မြင်သောအခါ ၎င်းတို့ အားလုံး စိတ်လှုပ်ရှားသွားကြလေသည် ။ သို့သော် ဆံပင်အဝါရောင်နှင့် လူငယ်တစ်ဦးမှာမူ ဝမ်ထောင် တူဖြင့် ရိုက်သတ်ခဲ့သော ဂိတ်တဲထဲရှိ ဇွန်ဘီကို တွေ့ရှိသွားပြီးနောက် လန့်ဖြန့်ကာ လူအုပ်ထဲသို့ ပြန်ဝင်သွား၏ ။

"ဇွန်ဘီ ရှိတယ် .."

"စိတ်မလောကြနဲ့ .. ငါတို့ လူအများကြီး ရှိတာပဲ .. ဇွန်ဘီ တစ်ကောင်တည်းက ငါတို့ကို မနိုင်ပါဘူး .."

ရဲယူနီဖောင်း အနက်ရောင်ကို ဝတ်ဆင်ထားသော အမျိုးသမီးက ရဲသုံးပစ္စတိုကို ထုတ်လိုက်ပြီး ဂိတ်တဲဆီသို့ ချိန်ရွယ်ကာ အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်လေသည် ။

အခြားသူများသည် အမျိုးသမီးရဲအရာရှိ စကားပြောသည်ကို ကြားသောအခါ အားကိုးရာကို တွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏ ။ ၎င်းတို့သည် မီးဖိုချောင်သုံး ဓားများ ၊ သံပိုက်များ ၊ စားပွဲခြေထောက်များနှင့် အခြားလက်နက်များကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး ဂိတ်တဲကို ဝိုင်းလိုက်ကြလေသည် ။

အမျိုးသမီးရဲအရာရှိက သူမ သွားရောက် စစ်ဆေးမည်ဟု ပြောရန် ပြင်လိုက်စဥ် သူမ ဘေးနားရှိ ပိန်ပိန်ပါးပါး လူငယ်က သူမကို လှမ်းပြောလိုက်၏ ။

"မိန်းမ .. နင်ပဲ သွားကြည့်လိုက်ပါလား .."

" ကောင်းပြီလေ .."

အမျိုးသမီးရဲအရာရှိသည် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ ။

သူမသည် သေနတ်ကို ပြန်သိမ်းလိုက်ပြီးနောက် ခါးမှ ရဲတုတ်ကို ထုတ်ကာ ဂိတ်တဲဆီသို့ သတိထားကာ ချဥ်းကပ်သွားလေသည် ။

အခြားသူများသည်လည်း လက်နက်ကိုယ်စီဖြင့် သူမ နောက်မှ လိုက်လာကြ၏ ။

အမျိုးသမီးရဲအရာရှိသည် ဂိတ်တဲဆီသို့ ရောက်ရှိသွားပြီး အတွင်းရှိ ဇွန်ဘီကို သတိထားကာ ကြည့်လိုက်လေသည် ။ ၎င်း၏ ဦးခေါင်းရှိ သွေးစိမ်းရှင်ရှင် ထွက်နေသော အပေါက်ကို မြင်လိုက်ရသောအခါ သူမသည် သက်ပြင်းတစ်ချက် ချလိုက်၏ ။

"အားလုံး စိတ်မပူကြပါနဲ့ .. အထဲက ဇွန်ဘီ သေနေပြီ .."

ဇွန်ဘီ သေနေပြီဟု ကြားရသောအခါ လူအုပ်ကြီးမှာ စိတ်သက်သာရာရစွာဖြင့် အသက်ကို ပြင်းပြင်းရှုနိုင်ကြတော့သည် ။

အမျိုးသမီးရဲအရာရှိ၏ ခင်ပွန်းမှာမူ အနည်းငယ် စိတ်မချသေးသဖြင့် အထဲသို့ ချောင်းကြည့်လိုက်ရာ ဇွန်ဘီမှာ အမှန်တကယ် သေနေသည်ကို မြင်မှသာ ခါးကို မတ်လိုက်လေသည် ။

"ဒါပေမဲ့ ဒီဇွန်ဘီက ဘယ်လို သေသွားတာလဲ .. ဒဏ်ရာကို ကြည့်ရတာ သေတာ မကြာသေးဘူး ထင်တယ် .."

အမျိုးသမီးရဲအရာရှိသည် မျက်မှောင်ကြုတ်ကာ ရေစက်ရုံ အတွင်းပိုင်းကို ကြည့်လိုက်၏ ။ အထဲတွင် လူတစ်ယောက်ယောက် ရှိနေတာလား ..

အဆောက်အအုံလေး အတွင်း၌မူ ဝမ်ထောင်သည် ပြင်ပရှိ အသက်ရှင်ကျန်ရစ်သူများ၏ အခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်လျှော့လိုက်လေသည် ။

ဒါတွေက လူသစ်တွေပဲ.. ။

......

အခန်း ၄၃ - အလောင်းတစ်ရာ ညဖက်လမ်းလျှောက်ခြင်း

"ဒီထဲမှာ တခြား အသက်ရှင်ကျန်ရစ်သူတွေ ရှိနေနိုင်မယ် ထင်လား .."

ရေပေးဝေရေးစက်ရုံထဲသို့ ဝင်ရောက်လာပြီးနောက် ဖုန်မှုန့်များ ပေကျံနေသော အခြားမိန်းကလေးငယ်တစ်ဦးက တိုးတိုးလေး မေးလိုက်လေသည် ။

(ရေစက်ရုံဟူသောအနည်အစား ရေပေးဝေရေးစက်ရုံဟု ပြောင်းလဲသွားပါမည်)

"မရှိလောက်ပါဘူး .. ဟုတ်တယ်မလား .."

ဆံပင်ကတုံးကေနှင့် အနည်းငယ် ဝဖြိုးသော အမျိုးသားက မရေမရာ ပြန်ပြော၏။

"အဲဒီလိုပဲ မျော်လင့်ပါတယ် .. တခြား အသက်ရှင်ကျန်ရစ်သူတွေနဲ့ မဆုံချင်ဘူး .."

မိန်းကလေးက ခပ်တိုးတိုး ရေရွတ်လိုက်လေသည် ။

သူမ၏ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြ၏။ အပြင်သို့ မထွက်လာမီက လူအများကြီးရှိလျှင် အင်အားပိုရှိမည်ဟု ယူဆကာ အခြားသူများနှင့် ဆုံတွေ့ရန် မျော်လင့်ခဲ့ကြသော်လည်း အချို့သော ဖြစ်ရပ်များကြောင့် သူတို့အုပ်စုမှာ မည်သည့် အသက်ရှင်ကျန်ရစ်သူကိုမျှ မယုံကြည်ရဲတော့ခြင်း ဖြစ်သည် ။

"အတိအကျ ပြောရရင် မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေနဲ့ မဆုံဖို့ မျော်လင့်တာပေါ့ .."

အမျိုးသမီးရဲအရာရှိက မိန်းကလေး၏ စကားကို ပြင်ပေးလိုက်ကာ အားပေးစကား ဆိုလေသည် ။

"ငြိမ်းချမ်းတဲ့ အချိန်မှာတောင် လူ့အဖွဲ့အစည်းမှာ လူယုတ်မာတွေ ရှိတာပဲ .. အခုလို အချိန်မှာဆို ပိုတောင် ရှိဦးမယ် .. လူယုတ်မာ အနည်းငယ်ကြောင့် လူသားအားလုံးကို အယုံအကြည် မရှိလို့ မဖြစ်ဘူး .. စည်းလုံးခြင်းက ငါတို့ကို ပိုသန်မာစေတယ်ဆိုတာ အမြဲ သတိရရမယ် .. ဒါပေမဲ့ လိုအပ်တဲ့ သတိထားမှုကိုတော့ အမြဲ ထားရမှာပေါ့ .."

ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် အမျိုးသမီးရဲအရာရှိ၏ စိတ်ထဲတွင်လည်း လေးလံနေသော်လည်း လူတိုင်း စိတ်ဓာတ်မကျစေရန် သူမ တိုက်တွန်းနေရ၏။

အဆုံးတွင်မူ သူတို့၏ ပန်းတိုင်မှာ အသက်ရှင်ကျန်ရစ်သူများစခန်း ဖြစ်သည် ။ အကယ်၍ အခြားသူများကို လုံးဝ မယုံကြည်တော့ပါက ထိုစခန်းသို့ သူတို့ ဘယ်တော့မှ ရောက်ရှိနိုင်မည် မဟုတ်ပေ။

"အရာရှိဟန် ပြောတာ မှန်ပါတယ် .. ငါတို့ သိပ်ပြီး စိတ်ဓာတ်မကျသင့်ဘူး .. ကမ္ဘာပေါ်မှာ လူကောင်းတွေ ရှိပါသေးတယ် .. ငါတို့ သွားနေတဲ့ စခန်းမှာလိုပေါ့ .. ဒါပေမဲ့ လူဆိုးတွေလည်း ရှိတာမို့ သတိတော့ ထားရမယ် .."

တက္ကသိုလ်ကျောင်းသားနှင့် တူသော လူငယ်တစ်ဦးက လျင်မြန်စွာ ထောက်ခံလိုက်၏။

အရာရှိဟန်က သူ့ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည် ။

ယခုကဲ့သို့ အကျပ်အတည်း အချိန်မျိုးတွင် အပြင်ဘက်မှ ဖိအားများထက် အတွင်းစိတ်ဝမ်းကွဲခြင်းနှင့် မျော်လင့်ချက် ကင်းမဲ့ခြင်းက ပို၍ ကြောက်စရာကောင်း၏။ အနာဂတ်အတွက် မျော်လင့်ချက် အနည်းငယ် ရှိနေသရွေ့ အသက်ရှင်နိုင်ခြေမှာ ပို၍ များပြားလာမည် ဖြစ်သည် ။

"ဟုတ်တယ် .. ဟုတ်တယ် .. ငါတို့ အသက်ရှင်ရှင်နဲ့ စခန်းကို ရောက်မှာပါ .."

အခြားသူများကလည်း ချက်ချင်းလိုက်ပြောကြသဖြင့် သူတို့၏ စိတ်ဓာတ်မှာ အနည်းငယ် ပြန်လည် မြင့်တက်လာလေသည် ။

ကျောင်းသားလူငယ်မှာလည်း အရာရှိဟန်၏ အသိအမှတ်ပြုမှုကို ရသဖြင့် ရင်ကို ကော့လိုက်၏။

အရာရှိဟန်၏ ခင်ပွန်းမှာမူ ထိုကျောင်းသားလူငယ်ကို ကြည့်ကာ မကျေမနပ် ဖြစ်နေဟန် ရှိသော်လည်း ဘာမှတော့ မပြောပေ။

အရာရှိဟန်သည် ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်ရှုလိုက်၏။

သူမ အဖွဲ့သားများကို မပြောခဲ့သော အချက်တစ်ခုမှာ လုံခြုံရေးအစောင့် ဇွန်ဘီ၏ ဦးခေါင်းမှ ဒဏ်ရာကို ကြည့်ခြင်းအားဖြင့် ထိုဇွန်ဘီမှာ မကြာသေးမီကမှ အသတ်ခံထားရခြင်း ဖြစ်ကြောင်း သူမ သိလိုက်ခြင်းပင် ။

ဤရေပေးဝေရေးစက်ရုံထဲတွင် တစ်စုံတစ်ယောက် တကယ် ရှိနေနိုင်သည် ။.. သူမ သတိထားမှ ဖြစ်မည် ။

ရေပေးဝေရေးစက်ရုံမှာ အတော်လေး ကျယ်ဝန်းပြီး ဇွန်ဘီများ ကင်းစင်နေသဖြင့် လူတစ်စုမှာ ဝမ်ထောင် ရှိနေသော အဆောက်အအုံငယ်သို့ မကြာမီ ရောက်ရှိလာကြလေသည် ။

"အရာရှိဟန် .. ဒီည ဒီမှာပဲ နားလိုက်ကြရင် မကောင်းဘူးလား .."

မိန်းကလေးက အားနည်းသော အသံဖြင့် ပြောလိုက်၏။

သူမသည် ထပ်မံ ရှေ့ဆက်သွားပါက ဇွန်ဘီများနှင့် တိုးမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည် ။

အရာရှိဟန် မပြောမီမှာပင် သူမ၏ ခင်ပွန်းက ချက်ချင်း ဝင်ပြောလေသည် ။

"မရဘူး .. မင်း မတွေ့ဘူးလား .. ဒီအဆောက်အအုံက စွန့်ပစ်ထားတာ ကြာလှပြီ .. မှော်တွေတောင် အများကြီး တက်နေတာ .. တံခါးကလည်း ပိတ်ထားတယ် .. ငါတို့က နားရုံတင် မဟုတ်ဘူး .. စားစရာလည်း ရှာရဦးမှာ .. စားစရာ မရှိရင် စခန်းကို မရောက်နိုင်ဘူး .. အခု ရေပေးဝေရေးစက်ရုံထဲမှာ ဇွန်ဘီ မရှိတုန်းက ပစ္စည်းရှာဖို့ အကောင်းဆုံး အခွင့်အရေးပဲ .."

လူအုပ်၏ တွေဝေမှုကို မြင်သောအခါ သူက ထပ်မံ မေးခွန်းထုတ်လိုက်၏။

"အခု ဘေးကင်းတုန်း စားစရာ ရှာမလား .. ဒါမှမဟုတ် မနက်ဖြန် ဇွန်ဘီတွေရှိတဲ့ အန္တရာယ်များတဲ့ နေရာ ရောက်မှ ရှာမလား .."

ထိုစကားကို ကြားသောအခါ အားလုံးက ယခုပင် စွန့်စားလိုက်ခြင်းက နောက်မှ ပိုကြီးသော အန္တရာယ်နှင့် ရင်ဆိုင်ရသည်ထက် ပိုကောင်းသည်ဟု ယူဆလိုက်ကြလေသည် ။

သို့သော် သူတို့သည် အရာရှိဟန်ကိုသာ အလိုအလျောက် လှမ်းကြည့်လိုက်ကြ၏။ အဆုံးတွင်မူ ခရီးတစ်လျှောက်လုံး သူတို့ကို ကယ်တင်ကာ ကာကွယ်ပေးခဲ့သူမှာ သူမသာ ဖြစ်သည် ။

ဝေကွမ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားလေသည် ။

သူ၏ ဆုံးဖြတ်ချက်မှာ အကျိုးအကြောင်း အဆီအငြော် တည့်လှသဖြင့် ဦးနှောက်ရှိသူ မည်သူမဆို အတည်ပြုချက် တောင်းမနေဘဲ သဘောတူသင့်သည်ဟု သူ ယူဆထား၏။

"အရိုးမရှိတဲ့ အသုံးမကျတဲ့ အုပ်စု .."

သူက စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည် ။

"ဝေကွမ် ပြောတာ မှန်တယ် ထင်တယ် .. ပင်မအဆောက်အအုံထဲကို သွားစစ်ကြရအောင် .."

ခဏမျှ စဉ်းစားပြီးနောက် အရာရှိဟန်က ခေါင်းငြိမ့်လိုက်၏။

အကယ်၍ အသက်ရှင်ကျန်ရစ်သူများ ရှိနေပါက ထိုပင်မအဆောက်အအုံထဲတွင် ရှိနေနိုင်သည်ဟု သူမ သံသယရှိသော်လည်း ထိုသူတို့မှာ လူဆိုးများ မဟုတ်ပါက ဆက်သွယ်စကားပြောနိုင်လေသည် ။

ဇွန်ဘီများမှာမူ မည်သည့်ဇွန်ဘီမဆို ရန်သူများသာ ဖြစ်ပြီး တွေ့သည်နှင့် အသေအလဲ တိုက်ခိုက်ရမည် ဖြစ်၏။

ထို့ကြောင့် ယခု စွန့်စားလိုက်ခြင်းက ထိုက်တန်သည် ။ အကယ်၍ စားစရာအချို့ ရှာတွေ့ပါက နောက်ပိုင်းတွင် စွန့်စားရမှု နည်းပါးသွားမည် ဖြစ်သည် ။

အရာရှိဟန်၏ သဘောတူညီချက် ရသည်နှင့် လူတစ်စုမှာ ပင်မအဆောက်အအုံဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားကြလေသည် ။

အရာရှိဟန်က နံပါတ်တုတ်ကို ကိုင်ကာ ရှေ့မှ ဦးဆောင်ပြီး ကျောင်းသားလူငယ်က စားပွဲခြေထောက်ကို ကိုင်ကာ နောက်မှ ကပ်လိုက်၏။

အလယ်တွင် အရာရှိဟန်၏ ခင်ပွန်းနှင့် မိန်းကလေးတို့ ရှိနေကြသည် ။

ဆံပင်ဝါနှင့် လူငယ် ၊ ဆံပင်ကတုံးနှင့် လူဝကြီးတို့က မီးဖိုချောင်သုံးဓားနှင့် သံပိုက်တို့ကို ကိုင်ဆောင်ကာ အနောက်ဆုံးမှ လိုက်ပါလာကြလေသည် ။

ရေပေးဝေရေးစက်ရုံ၏ ပင်မအဆောက်အအုံမှာ သုံးထပ် ရှိပြီး အဝင်ဝမှာ ပွင့်နေသဖြင့် လူတစ်စုမှာ သတိထားကာ အတွင်းသို့ ဝင်သွားကြ၏။

ဟောင်းနွမ်းစုတ်ပြတ်နေသော အဆောက်အအုံငယ်လေးအတွင်း၌ ။

လိုက်ကာ နောက်ကွယ်မှနေ၍ ဝမ်ထောင်သည် ထိုလူအုပ် ထွက်ခွာသွားသည်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေလေသည် ။

"အသက်ရှင်ကျန်ရစ်သူများစခန်း ဟုတ်လား .. ဟုန်ရှီစခန်းများလား .. မဟုတ်နိုင်ပါဘူး .. အဲဒါက ကီလိုမီတာ ငါးဆယ်လောက် ဝေးတာ .. ဒီလူတွေ အဲဒီလောက်အထိ ရောက်အောင် သွားနိုင်မှာ မဟုတ်ဘူး .."

ရုတ်တရက် ဝမ်ထောင်မှာ တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် မျက်ခုံးများ ပင့်တက်သွား၏။

"အရင်က ဝေါ်ကီတော်ကီထဲမှာ ကြားလိုက်တာ .. ရွှေကျဲတက္ကသိုလ်ဘက်မှာ အသက်ရှင်ကျန်ရစ်သူများစခန်း တစ်ခု ရှိတယ်တဲ့ .. ရွှေကျဲတက္ကသိုလ်က ဒီနဲ့ သိပ်မဝေးဘူး .. သူတို့ အဲဒီကို သွားနေတာ ဖြစ်နိုင်တယ် .."

ဝမ်ထောင်သည် ထိုစခန်းကို တော်တော်လေး စိတ်ဝင်စားသွားလေသည် ။

အကယ်၍ ဤလူများသည် စခန်းမှ စေလွှတ်လိုက်သော ပစ္စည်းရှာဖွေသူများ ဖြစ်ပါက ဝမ်ထောင်သည် အသေးစိတ် မေးမြန်းရန်အတွက် သူတို့ထံ ချဉ်းကပ်ကောင်း ချဉ်းကပ်မိမည် ဖြစ်သည် ။

သို့သော် ဤလူများသည် စခန်းသို့ မရောက်ဖူးသေးဘဲ ယခုမှ ထိုနေရာသို့ သွားနေကြသူများသာ ဖြစ်၏။ သူတို့အနေဖြင့်လည်း များများစားစား သိနိုင်မည် မဟုတ်သဖြင့် ဝမ်ထောင်က သိပ်ပြီး စိတ်မဝင်စားတော့ပေ။

လိုက်ကာကို ပြန်ပိတ်လိုက်ပြီး ဝမ်ထောင်သည် အဆောက်အအုံ တစ်ခုလုံးကို စစ်ဆေးလိုက်၏။ တံခါးနှင့် ပြတင်းပေါက်အားလုံး လုံခြုံကြောင်း သေချာစေပြီးနောက် သူ၏ အခန်းသို့ ပြန်လာကာ ရေဒီယို ၊ ဝေါ်ကီတော်ကီ နှင့် ဖုန်းတို့ကို ထုတ်လိုက်လေသည် ။

ဖုန်းကို ကြည့်လိုက်ရာ လိုင်းမရှိသေးပေ။ ဖုန်းကို ကိုင်ဆောင်ထားခြင်းမှာ အရင်က အိမ်သာသွားလျှင်ပင် ဖုန်းပါမှ ဖြစ်တတ်သော အကျင့်ကြောင့်သာ ဖြစ်သည် ။

ရေဒီယိုနှင့် ဝေါ်ကီတော်ကီကို ထပ်မံ ဖွင့်ကြည့်သော်လည်း တစီစီ မြည်သံမှအပ လိုင်းမမိသေးပေ။ သို့သော် ဝမ်ထောင်သည် ၎င်းတို့ကို လှည့်ပတ်ဆော့ကစားနေခြင်းဖြင့် အပျော်ရှာနေလေသည် ။

နေဝင်သွား၏။

အမှောင်ထုသည် ကမ္ဘာမြေကို ဖြည်းဖြည်းချင်း လွှမ်းမိုးလာလေသည် ။

အပြင်ဘက်က အခြေအနေများမှာ အနည်းငယ် ကွဲပြားလာသည်ကို ဝမ်ထောင် သိသိသာသာ ခံစားနေရ၏။

နေ့ဘက်တွင် အပြင်ဘက်မှာ အလွန် တိတ်ဆိတ်ပြီး မည်သည့်အသံမျှ မရှိသလောက်ပင် ။

သို့သော် ညရောက်သည်နှင့် အမျိုးမျိုးသော အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများကို အဝေးမှ ခပ်သဲ့သဲ့ ကြားလာရလေသည် ။ အပြင်သို့ မထွက်ရသေးသော်လည်း ထိုအသံများကို ကြားရုံနှင့်ပင် သွေးပျက်ဖွယ် ကောင်းလှ၏။

ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ အိမ်ကြီး လုံခြုံကြောင်း ထပ်မံ အတည်ပြုပြီးနောက် အိပ်စက်ရန် ပြင်ဆင်လေသည် ။

မအိပ်မီတွင် သူသည် အကျင့်အတိုင်း လိုက်ကာကို ဆွဲဖွင့်ကာ ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်လိုက်၏။

ထိုစဉ် သူ၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားလေသည် ။

"ဒါ ဘာကြီးလဲ .."

အဝေးမှ လမ်းမပေါ်တွင် လူခေါင်းများမှာ ပင်လယ်လှိုင်းလုံးကြီး တစ်ခုကဲ့သို့ မည်းမှောင်စွာ ပေါ်လာလေသည် ။

သူတို့၏ ပုံသဏ္ဌာန်များမှာ တွန့်လိမ်နေပြီး ဤအရပ်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေကြ၏။

ဇွန်ဘီများ .. အားလုံးက ဇွန်ဘီတွေ ဖြစ်သည် ။

" များလှချည်လား.."

..........

All Chapters