အခန်း (၄၄-၄၅)
Vol. 5 Ch. 44-45
အခန်း ၄၄ - ရွှေကျဲတက္ကသိုလ်စခန်း
"ဘာတွေ ဖြစ်နေတာလဲ .."
ဝမ်ထောင်သည် သူ၏ မှန်ပြောင်းကို အမြန်ထုတ်ယူလိုက်၏။
ရုပ်ဆိုးလှသော သတ္တဝါအုပ်ကြီးကို မှန်ပြောင်းမှတစ်ဆင့် ကြည့်ရင်း သူ၏ ဦးရေပြားများပင် စိမ့်တက်သွားလေသည် ။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဇွန်ဘီအရေအတွက်မှာ အနည်းဆုံး ထောင်နှင့်ချီ ၊ သို့မဟုတ် သောင်းနှင့်ချီ၍ ရှိနေနိုင်၏။
ယခုကဲ့သို့ များပြားလှသော ဇွန်ဘီအုပ်နှင့် တိုးပါက မည်သူမဆို သေရုံသာ ရှိတော့သည် ။ ခဏမျှ တုန်လှုပ်သွားသော်လည်း သူသည် စိတ်ကို အတင်းအကျပ် ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်လေသည် ။
ယခုအချိန်တွင် ထိတ်လန့်နေခြင်းမှာ အပိုပင် ဖြစ်သဖြင့် အခြေအနေအရသာ လိုက်လျောညီထွေ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်၏။
ဝမ်ထောင်သည် ပစ္စည်းများကို သိမ်းဆည်းရန် အောက်ထပ်သို့ ချက်ချင်း ဆင်းခဲ့လေသည် ။ အကယ်၍ ဇွန်ဘီများက ဝိုင်းရံပိတ်ဆို့လာပါက သူ၏ တစ်ခုတည်းသော ရွေးချယ်မှုမှာ ကားမောင်း၍ ထွက်ပြေးရန်သာ ရှိတော့၏။ ညဘက်တွင် ကားမောင်းခြင်းမှာ သေမင်းနှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်သော်လည်း ဤနေရာ၌ ဇွန်ဘီများ ဝိုင်းအုံကိုက်ဖြတ်စားသောက်ခြင်း ခံရသည်ထက်စာလျှင် ပို၍ တော်သေးသည် ။
အဆိုးဆုံး အခြေအနေအတွက် သူ ပြင်ဆင်ထားလေသည် ။ သူ့တွင် ဇွန်ဘီများ မမြင်နိုင်အောင် ဖုံးကွယ်ပေးနိုင်သည့် ကိုယ်ပျောက်ဆေးရည် တစ်ပုလင်း ရှိနေသေး၏။ ၎င်းကို ပြန်မည့် ခရီးလမ်းအတွက် သိမ်းထားရန် ရည်ရွယ်ထားသော်လည်း အခြားနည်းလမ်း မရှိပါက ယခုပင် အသုံးပြုရမည် ဖြစ်သည် ။
ပြင်ဆင်မှုများ ပြီးဆုံးပြီးနောက် ဝမ်ထောင်သည် အပေါ်ထပ် ပြတင်းပေါက်သို့ ပြန်သွား၏။
ဆယ်မိနစ်ခန့် စောင့်ကြည့်ပြီးနောက် သူသက်ပြင်းချနိုင်သွားလေသည် ။
"တော်သေးတာပေါ့ .. သူတို့က ရေပေးဝေရေးစက်ရုံကို လာတာ မဟုတ်ဘူးပဲ .. ဒါပေမဲ့ .."
ထိုဇွန်ဘီများသည် စနစ်တကျ လာခြင်းမျိုး မဟုတ်ဘဲ လမ်းမပေါ်တွင် လျှောက်သွားနေခြင်းသာ ဖြစ်ပုံရ၏။ ၎င်းတို့သည် လမ်း၏ အရှေ့ဘက်မှ ရောက်လာကြပြီး အနောက်ဘက်သို့ ပြန်လည် ထွက်ခွာသွားကြလေသည် ။
"တောက် .. ဇွန်ဘီ တော်တော်များများကတော့ စက်ရုံထဲ ဝင်လာကြပြီပဲ .."
ရေပေးဝေရေးစက်ရုံအတွင်းရှိ ဇွန်ဘီများကို ကြည့်ရင်း ဝမ်ထောင် စိတ်ညစ်သွား၏။
စက်ရုံဂိတ်တံခါးကို သူ ပိတ်ထားခဲ့သင့်သည်ဟု တွေးလိုက်မိသော်လည်း ထိုအသက်ရှင်ကျန်ရစ်သူများ ရောက်လာစဉ်က တံခါးကို ဖျက်ဆီးခဲ့ကြမည်မှာ သေချာလှသည် ။
မည်သို့ပင်ဆိုစေ ယခုအခါ ဇွန်ဘီအတော်များများ ဝင်ရောက်လာပြီ ဖြစ်သော်လည်း ထိုပမာဏမှာ အသက်နှင့်ရင်း၍ ထွက်ပြေးရမည့် အခြေအနေမျိုးတော့ မဟုတ်သေးပေ။ သူသည် လက်ရှိတွင် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်လေသည် ။
ဝမ်ထောင်သည် လိုက်ကာများကို ပြန်ပိတ်ကာ အပေါ်ဆုံးထပ်သို့ တက်ပြီး ခဏမျှ အိပ်စက်ရန် ပြင်ဆင်လိုက်၏။ အပေါ်ဆုံးထပ်မှာ အောက်ထပ်ရှိ ဇွန်ဘီများနှင့် ဝေးကွာသဖြင့် လူသားအနံ့မှာလည်း ပါးလျသွားမည် ဖြစ်ရာ ပို၍ ဘေးကင်းနိုင်လေသည် ။
မိုးမလင်းမီ အချိန်လေးတွင် ။
အိပ်ပျော်နေသော ဝမ်ထောင်သည် အဝေးမှ အော်ဟစ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။ သူသည် အလိုအလျောက် ထထိုင်ကာ လက်နက်ကို ဆွဲကိုင်ပြီး ပြတင်းပေါက်မှနေ၍ လိုက်ကာကြားမှ လှမ်းကြည့်လိုက်လေသည် ။
"ရေပေးဝေရေးစက်ရုံ အဆောက်အအုံဆီကပဲ .. အဲဒီ အသက်ရှင်ကျန်ရစ်သူတွေ တစ်ခုခု ဖြစ်ပြီထင်တယ် .."
ယနေ့ညတွင် လရောင်မှာ အလွန် လင်းပပ ရှိနေ၏။
ဝမ်ထောင်သည် အဝေးမှ အဆောက်အအုံ၏ မှန်တံခါးများ ကွဲအက်သွားသည်ကို မြင်လိုက်ရကာ ဇွန်ဘီများစွာမှာ အတွင်းသို့ အသည်းအသန် တိုးဝင်နေကြလေသည် ။
အတွင်းဘက် အခြေအနေကို ဝမ်ထောင် သေချာမမြင်ရသော်လည်း ထိုသူများသာ ဉာဏ်ကောင်းပါက အသက်ရှင်နိုင်သည့် အခွင့်အရေး ရှိသေးသည် ။ အဆောက်အအုံအတွင်းရှိ အခန်းများတွင် တံခါးများ ရှိနေသလို လှေကားထပ်များကိုလည်း တစ်ခုခုနှင့် ပိတ်ဆို့ထားနိုင်လျှင် ဇွန်ဘီများ တက်မလာနိုင်ပေ။
"သူတို့ ဘယ်လောက် ဉာဏ်ကောင်းမလဲဆိုတာပေါ်မှာပဲ မူတည်တော့တယ် .."
ဝမ်ထောင်သည် ခေါင်းခါလိုက်၏။ နံနက်ခင်းသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် သူ ဆက်လက် အိပ်မပျော်တော့ဘဲ အကျင့်အတိုင်း ရေဒီယိုနှင့် ဝေါ်ကီတော်ကီကို လှည့်ပတ် စမ်းသပ်နေလေသည် ။
ထိုစဉ် ဝေါ်ကီတော်ကီအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာ၏။
"တီတီ .. ဒါက ရွှေကျဲတက္ကသိုလ် အသက်ရှင်ကျန်ရစ်သူများစခန်းက ဖြစ်ပါတယ် .. အသံကြားရရင် ပြန်လည် ဖြေကြားပေးပါ .. ပြန်လည် ဖြေကြားပေးပါ .. ဝူးဝူး .."
ပင်ပန်းနွမ်းနယ်နေသော အမျိုးသမီး အသံကို အကြိမ်ကြိမ် ကြားရပြီးနောက် ဝမ်ထောင်သည် ဝေါ်ကီတော်ကီရှိ ခလုတ်ကို နှိပ်ကာ ပြန်ပြောလိုက်လေသည် ။
"ကြားပါတယ် .. ဒါက ရေပေးဝေရေးစက်ရုံကပါ .. ရေပေးဝေရေးစက်ရုံကပါ .."
ဝမ်ထောင်သည်လည်း ထိုစကားကို အကြိမ်ကြိမ် ထပ်ပြောလိုက်၏။ ဝေါ်ကီတော်ကီမှာ ခလုတ်နှိပ်ထားစဉ်တွင် အသံလွှင့်ရန်သာ ရပြီး တစ်ဖက်မှ အသံကို နားထောင်၍ မရသဖြင့် စကားစပြတ်မသွားစေရန် အကြိမ်ကြိမ် ပြောရခြင်း ဖြစ်သည် ။
ခဏအကြာတွင် ။
"မင်္ဂလာပါ အသက်ရှင်ကျန်ရစ်သူ .. မင်းရဲ့ တည်နေရာကို ထပ်ပြောပေးပါဦး .. သေချာ မကြားလိုက်ရလို့ပါ .. ထပ်ပြောပေးပါ .. တီ..တီ .. တကယ်ပဲ လူတစ်ယောက်နဲ့ အဆက်အသွယ် ရလိုက်ပြီပဲ .."
ဝမ်ထောင်က ထပ်ပြောလိုက်၏။
"ကျွန်တော် ရေပေးဝေရေးစက်ရုံမှာ ရှိနေတာပါ .. ရေပေးဝေရေးစက်ရုံမှာပါ .."
"ကြားရပါပြီ .. ကြားရပါပြီ .. ရေပေးဝေရေးစက်ရုံမှာ အခြေအနေ ဘယ်လိုလဲ .. ဘေးကင်းရဲ့လား .."
ဝမ်ထောင်သည် အောက်ထပ်ရှိ ဇွန်ဘီများကို ကြည့်လိုက်လေသည် ။
"လောလောဆယ်တော့ ဘေးကင်းပါတယ် .. ဒါပေမဲ့ မြေညီထပ်မှာတော့ ဇွန်ဘီတွေ အပြည့်ပဲ .."
တစ်ဖက်မှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလာ၏။
"အခုလောလောဆယ် မင်းကို အကူအညီ မပေးနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး .. ဒါပေမဲ့ ငါတို့က ရွှေကျဲတက္ကသိုလ်မှာ အသက်ရှင်ကျန်ရစ်သူများစခန်းတစ်ခု ဖွင့်ထားတယ် .. မင်းသာ ရေပေးဝေရေးစက်ရုံကနေ ဘေးကင်းကင်း ထွက်နိုင်မယ်ဆိုရင် ရွှေကျဲတက္ကသိုလ်စခန်းကို လာခဲ့ပါ .. ငါတို့က ဘေးကင်းမှုနဲ့ စားစရာတွေ ထောက်ပံ့ပေးမှာပါ .. မင်းဘက်ကတော့ စခန်းတည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီပေးရုံပါပဲ .."
ထိုစကားများမှာ တော်တော်လေး နားထောင်ကောင်းလေသည် ။
"ဒါနဲ့ .. ရေပေးဝေရေးစက်ရုံမှာ အသက်ရှင်ကျန်ရစ်သူ ဘယ်နှယောက် ရှိလဲ .. စားစရာကရော ဘယ်လောက်အထိ ခံမလဲ .."
ဝမ်ထောင်သည် ခဏမျှ စဉ်းစားကာ ပမေးလိုက်၏။
"အမျိုးသမီးရဲအရာရှိတစ်ဦး အပါအဝင် စုစုပေါင်း ခြောက်ယောက် ရှိပါတယ် .."
"အမျိုးသမီးရဲအရာရှိ ဟုတ်လား .. အော် .. သိပြီ .. မင်းတို့က အရာရှိဟန်ရွှေ ကယ်ထုတ်လာတဲ့သူတွေလား .."
ဟန်ရွှေ ဟုတ်လား .. ဝမ်ထောင်က အတည်ပြုလိုက်လေသည် ။
"ဟုတ်ပါတယ် .. အဲဒီ အရာရှိဟန်ပါပဲ .. ဒါပေမဲ့ သူတို့ အကုန်လုံး အိပ်နေကြတုန်းမို့ မနိုးသေးဘူး .."
တစ်ဖက်လူက အရာရှိဟန်ရွှေနှင့် တိုက်ရိုက် စကားပြောရန် တောင်းဆိုမည်ကို စိုးသဖြင့် ဝမ်ထောင်က ထိုသို့ ကြိုတင် ပိတ်ပြောလိုက်ခြင်း ဖြစ်၏။
"..."
တစ်ဖက်မှ လူသည် ဟန်ရွှေ ရှိ၊ မရှိ တကယ်ပင် မေးမြန်းလိုဟန် ရလေသည် ။
မည်သို့ပင်ဆိုစေ သူမမှာ ကျွမ်းကျင် ရဲအရာရှိတစ်ဦး ဖြစ်သဖြင့် သာမန်လူထက် စကားပြော ပို၍ ပြတ်သားနိုင်သောကြောင့် ဖြစ်၏။ သို့သော် သူတို့ အိပ်ပျော်နေသည်ဆိုပါကလည်း နှိုးရန် မသင့်တော်ပေ။ ယခုကဲ့သို့ အချိန်မျိုးတွင် မိမိ၏ ကျန်းမာရေး အခြေအနေကို ထိန်းသိမ်းထားရန်မှာ အလွန် အရေးကြီးသည် ။
"ကျွန်တော် ရွှေကျဲတက္ကသိုလ်စခန်းရဲ့ အခြေအနေကို မေးလို့ရမလား .."
ဝမ်ထောင်က ထပ်မံ မေးလိုက်၏။
"ရတာပေါ့ .. ငါတို့ ရွှေကျဲစခန်းမှာ အခု အသက်ရှင်ကျန်ရစ်သူ သုံးရာကျော် ရှိနေပြီ . . "
ထိုအရေအတွက်ကို ကြားသောအခါ ဝမ်ထောင်မှာ ချက်ချင်းပင် အံ့အားသင့်သွားလေသည် ။ အသက်ရှင်ကျန်ရစ်သူ သုံးရာကျော်ဆိုသည်မှာ တော်တော်လေး များပြားလှ၏။
ခဏမျှ ဆက်လက် နားထောင်ပြီးနောက် ရွှေကျဲတက္ကသိုလ်စခန်း၏ အခြေအနေကို ဝမ်ထောင် အကြမ်းဖျင်း သိလိုက်ရလေသည် ။
ကမ္ဘာပျက်ကပ် မစတင်မီက ရွှေကျဲတက္ကသိုလ်တွင် ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်နေခြင်း ဖြစ်၏။ သုတ်ဆေးနံ့များ ပြင်းထန်သဖြင့် ကျောင်းသားများကို နှစ်ရက်ခန့် ခွင့်ပေးထားရာ ကပ်ဘေး စတင်ချိန်တွင် ကျောင်းဝင်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည် ။ တာဝန်ကျသူ အချို့မှအပ ဇွန်ဘီများလည်း များများစားစား မရှိခဲ့ပေ။
တက္ကသိုလ်နှင့် ကပ်လျက်တွင် လုံခြုံရေးတပ်မတော် တပ်ခွဲတစ်ခု ရှိလေသည် ။ သူတို့၏ တပ်စခန်းအတွင်း ကူးစက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်နက်ခဲယမ်းများဖြင့် ထွက်ပြေးလာနိုင်ခဲ့ကြ၏။ သူတို့သည် လမ်းတစ်လျှောက်ရှိ ပြည်သူများကို ကယ်တင်ခဲ့ကြပြီးနောက် ရွှေကျဲတက္ကသိုလ်ကို သဘောကျသဖြင့် ထိုနေရာတွင် အသက်ရှင်ကျန်ရစ်သူများစခန်းကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည် ။
လုံခြုံရေးတပ်မတော်သားများမှာ သေနတ်များ ရှိသလို ကိုယ်ခန္ဓာ ကြံ့ခိုင်မှုလည်း ရှိကြသည် ။ ထို့ပြင် လမ်းတစ်လျှောက်တွင် ရဲအရာရှိအချို့နှင့်လည်း ပူးပေါင်းမိခဲ့သဖြင့် လူများစွာကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်၏။
ဟွမ်ဖုန်းရုပ်ရှင်နှင့်ဗီဒီယိုမြို့တော်မှ အနုပညာရှင်များနှင့် သရုပ်ဆောင် အတော်များများကိုပင် ကယ်တင်နိုင်ခဲ့လေသည် ။
လက်ရှိတွင် ရွှေကျဲတက္ကသိုလ်စခန်းမှာ အလွန်အမင်း အင်အားမကြီးသေးသော်လည်း တည်ငြိမ်မှု ရှိနေပြီ ဖြစ်သည် ။ စခန်းရှိ အသက်ရှင်ကျန်ရစ်သူတိုင်းမှာ လုပ်စရာ အလုပ်တစ်ခုစီ ရှိကြပြီး စားစရာနှင့် လုံခြုံမှုလည်း ရရှိကြ၏။ ဤသည်မှာ ရွှေကျဲခရိုင်အတွင်း၌ အကောင်းဆုံး အသက်ရှင်ကျန်ရစ်သူများစခန်းဟု ဆိုနိုင်လေသည် ။
အနီးအနားရှိ လူများစွာမှာ ထိုနေရာသို့ သွားချင်ကြသော်လည်း ကီလိုမီတာ အနည်းငယ်မျှ ရှိသော ခရီးလမ်းမှာပင် အသက်နှင့်ရင်း၍ သွားကြရလေသည် ။ အရာရှိဟန်ရွှေနှင့် သူမ၏ အဖွဲ့မှာလည်း အခြားတစ်နေရာမှနေ၍ ရွှေကျဲတက္ကသိုလ်စခန်း၏ သတင်းကို ကြားသိခဲ့ကြသူများ ဖြစ်သည် ။ သူတို့သည် စခန်းနှင့် ဆက်သွယ်ကာ သတင်းအချက်အလက်များ ရယူပြီးနောက် ဤခရီးလမ်းကို စွန့်စားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်၏။
ဝမ်ထောင်သည် သိလိုသည်များကို သိရှိပြီးနောက် ပြောလိုက်လေသည် ။
"ရှင်းပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ် .. ဝေါ်ကီတော်ကီ အားကုန်တော့မှာမို့ ဒီမှာပဲ ရပ်လိုက်ပါရစေ .. နောက်မှ တွေ့ကြတာပေါ့ .."
"ကောင်းပါပြီ .. ကံကောင်းပါစေ .. ငါတို့ရဲ့ ရေဒီယိုလိုင်းကတော့ နေ့တိုင်း သတ်မှတ်ထားတဲ့ အချိန်မှာ ဖွင့်ထားပါတယ် .."
တစ်ဖက်လူမှ အချက်အလက်အချို့ ထပ်မံ ပေးပြီးနောက် စကားပြောခြင်း ပြီးဆုံးသွား၏။
ဝမ်ထောင်သည် သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ရင်း ရေရွတ်လိုက်လေသည် ။
"ဒီ ရွှေကျဲတက္ကသိုလ်စခန်းက သွားလို့ကောင်းမယ့် နေရာဖြစ်နိုင်တယ် .. ဒါပေမဲ့ ဒါက သူတို့ဘက်က ပြောတဲ့စကားပဲ ရှိသေးတာ .. ငါ့မျက်စိနဲ့ ကိုယ်တိုင် မမြင်ရမချင်းတော့ အပြည့်အဝ ယုံလို့ မရသေးဘူး .."
------------
အခန်း ၄၅ - အတင်းအကျပ် သေကြောင်းကြံစည်ခြင်း
နံနက်စာ စားသောက်ပြီးနောက် နေရောင်ခြည် ဖြာကျလာလေ၏။
ဝမ်ထောင်သည် လိုက်ကာစွန်းကို ဆွဲဖွင့်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည် ။
"မလွယ်ပါလား .."
သတင်းကောင်းမှာ မနေ့ညက ရောက်ရှိလာသော ဇွန်ဘီအုပ်ကြီး ပြန်လည် ထွက်ခွာသွားခြင်း ဖြစ်၏။ သတင်းဆိုးမှာမူ ဇွန်ဘီအချို့သည် ရေပေးဝေရေးစက်ရုံအတွင်း ယောင်ချာယောင်ချာဖြင့် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည် ။
၎င်းတို့၏ အရေအတွက်မှာ သူ အိပ်ရာမဝင်မီ တွေ့ခဲ့သည်ထက်ပင် ပို၍ များနေသကဲ့သို့ ခံစားရလေ၏။ ညက ကြားခဲ့ရသော အော်ဟစ်သံများကြောင့် ဇွန်ဘီများ စုဝေးလာခြင်း ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည် ။
"ဒီနေ့တော့ ပြန်လို့ရဦးမှာ မဟုတ်ဘူး .."
ဝမ်ထောင်သည် ရေပေးဝေရေးစက်ရုံအတွင်းရှိ ဇွန်ဘီများကို တစ်ချက်ကြည့်ကာ သူ၏ သွေးဘားတန်း [ ၈၀/၃၀၀ ] ကို စစ်ဆေးလိုက်၏။
သွေးအား ၈၀ သာရှိသည်။ သူသည် ယနေ့တွင်လည်း မည်သည့် စွန့်စားမှုကိုမျှ ပြုလုပ်မည် မဟုတ်ဟု ဆုံးဖြတ်လိုက်လေသည် ။
သူ့တွင် ကားရှိသော်လည်း ရေပေးဝေရေးစက်ရုံမှ ထွက်ရာလမ်းမှာ တစ်လမ်းတည်းသာ ရှိပြီး ထိုလမ်းပေါ်တွင် ဇွန်ဘီများစွာ ရှိနေ၏။ ဇွန်ဘီအနည်းငယ်ကို ကားဖြင့် တိုက်ကြိတ်ရန်မှာ ပြဿနာမရှိသော်လည်း ယခုကဲ့သို့ အရေအတွက်မျိုးကိုမူ သူ မစွန့်စားလိုပေ။ ကားအင်ဂျင်သာ ရပ်တန့်သွားပါက သေခြင်းတရားနှင့် ရင်ဆိုင်ရမည် ဖြစ်သည် ။
သူသည် စိတ်မလောသင့်သေးကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်၏။ မည်သို့ပင်ဆိုစေ ဤနေရာတွင် စားစရာနှင့် သောက်ရေ သန့်သန့်များစွာ ရှိနေသည် ။ လျှပ်စစ်မီး မရှိသည်မှအပ အရာအားလုံး အဆင်ပြေနေသဖြင့် သူ ထပ်မံ စောင့်ဆိုင်းနိုင်လေသည် ။
ထို့နောကိ ဝမ်ထောင်သည် စက်ရုံအဆောက်အအုံဘက်သို့ လှမ်းကြည့်လိုက်ရာ အံ့အားသင့်သွား၏။
"အသက်ရှင်ကျန်သူတွေ ရှိနေသေးတာလား .."
သူသည် မှန်ပြောင်းကို ထုတ်ယူကာ အနီးကပ် ကြည့်ရှုလိုက်လေသည် ။ ရေပေးဝေရေးစက်ရုံ၏ အမိုးပေါ်တွင် လူတစ်စုမှာ အဝတ်အစားများ ခြုံကာ မြေပြင်ပေါ်၌ ပြန့်ကျဲအိပ်စက်နေကြ၏။ ဟန်ရွှေဟု အမည်ရသော အမျိုးသမီးရဲအရာရှိသည် နံပါတ်တုတ်နှင့် ပစ္စတိုသေနတ်ကို ကိုင်ဆောင်ကာ တစ်ဦးတည်း ကင်းစောင့်နေသည် ။
ဝမ်ထောင် ဂရုတစိုက် ရေတွက်ကြည့်ရာ လူငါးဦးသာ ရှိတော့၏။ မနေ့က ခြောက်ဦး ရှိသော်လည်း ယခု တစ်ဦး လျော့နည်းသွားလေပြီ။
ထိုလူစုကို ပြန်လည် စဉ်းစားကြည့်ရာ ပျောက်ဆုံးနေသူမှာ ဆံပင်ကတုံးကေနှင့် အနည်းငယ် ဝဖြိုးသော လူငယ်ဖြစ်ကြောင်း သိလိုက်ရ၏။ ယခုကဲ့သို့ အခြေအနေမျိုးတွင် လူတစ်ဦး ပျောက်ဆုံးသွားခြင်း၏ ရလဒ်မှာ ထင်ရှားလှသည် ။
ဝမ်ထောင်သည် အမိုးပေါ်က အခြေအနေကို သေချာကြည့်ရင်း သဘောပေါက်သွားလေသည် ။
"သူတို့ တော်တော် ဉာဏ်ကောင်းတာပဲ .."
အဆောက်အအုံအတွင်း၌ အပေါ်သို့ တက်နိုင်သော လှေကားများစွာ ရှိသဖြင့် အားလုံးကို ပိတ်ဆို့ရန် မလွယ်ကူပေ။ သို့သော် အမိုးပေါ်သို့ တက်ရန် လမ်းကြောင်းမှာ တစ်ခုတည်းသာ ရှိ၏။ ထို့ကြောင့် သူတို့အားလုံး အမိုးပေါ်သို့ တက်ကာ ထိုလမ်းကြောင်းကို ပိတ်ဆို့ထားခြင်းဖြင့် ဇွန်ဘီများ တက်မလာနိုင်အောင် ပြုလုပ်ထားကြခြင်း ဖြစ်သည် ။
မကြာမီ အိပ်ပျော်နေသော အသက်ရှင်ကျန်သူများ တစ်ဦးပြီးတစ်ဦး နိုးလာကြကာ ထိုအခါမှသာ အမျိုးသမီးရဲအရာရှိသည် အနားယူရန် သွားလေသည် ။ ကျောင်းသားလူငယ်က သူမအတွက် စားစရာအချို့ ယူဆောင်လာပေးရာ သူမက ကျေးဇူးတင်စကား ဆို၏။ အမျိုးသမီးရဲအရာရှိ၏ ခင်ပွန်းဖြစ်သူမှာမူ အဆောက်အအုံ အစွန်းသို့ ထွက်ကာ အောက်ဘက်သို့ ငုံ့ကြည့်ရင်း တိုးတိုးလေး ဆဲဆိုနေလေသည် ။
ခဏမျှ ကြည့်ရှုပြီးနောက် ဝမ်ထောင်သည် သူ၏ ဒဏ်ရာများ ပြန်လည် သက်သာလာစေရန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်၏။
သူ၏ ဒဏ်ရာများမှာ အရှင်းမပျောက်သေးသဖြင့် လေ့ကျင့်ခန်း လုပ်ပေးခြင်းက အနာကျက်ခြင်းကို အထောက်အကူပြုမည် ဖြစ်သည် ။
တစ်မနက်လုံး ကြားဖြတ် လေ့ကျင့်ခန်းများ လုပ်ဆောင်ပြီးနောက် ဝမ်ထောင်သည် နေ့လယ်စာ ပြင်ဆင်လေသည် ။ စားသောက်နေစဉ်အတွင်း အသက်ရှင်ကျန်သူများအုပ်စုကို သူ ထပ်မံ အကဲခတ်လိုက်၏။
ထိုစဉ် သူတို့အုပ်စုကြားတွင် အငြင်းပွားမှု ဖြစ်ပွားနေသည်ကို သတိထားမိလိုက်သည် ။
အမျိုးသမီးရဲအရာရှိ၏ ခင်ပွန်းဖြစ်သူသည် မိန်းကလေးတစ်ဦးကို အော်ဟစ်ဆဲဆိုနေ၏။ ထိုမိန်းကလေးမှာ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ငိုကြွေးနေလေသည် ။ အမျိုးသမီးရဲအရာရှိနှင့် ကျောင်းသားလူငယ်တို့က ကြားထဲမှ ဝင်ရောက် ဖြန်ဖြေပေးကြသော်လည်း ဆံပင်ရွှေရောင်နှင့် လူငယ်ကမူ ထိုသူနှင့် စကားများပြီးနောက် မိန်းကလေးကို ပွေ့ဖက် နှစ်သိမ့်ပေးနေ၏။
မိန်းကလေးသည် ထိုလူငယ်၏ ရင်ခွင်ထဲတွင် အားကိုးတကြီးနှင့် အသံထွက်အောင် ငိုကြွေးနေတော့သည် ။
ခင်ပွန်းဖြစ်သူမှာမူ စိတ်ပျက်လက်ပျက်ဖြင့် အဝေးတစ်နေရာသို့ ထွက်သွားလေ၏။ ဝမ်ထောင်သည် အခြားသူများကို အကဲခတ်ရသည်မှာ တော်တော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည် ။
သူ လုပ်စရာလည်း မရှိသဖြင့် အချိန်ကုန်စေရန် ၎င်းတို့ကို ကြည့်နေခြင်း ဖြစ်၏။
ဤသို့ဖြင့် အချိန်များက ပျင်းရိဖွယ်ကုန်ဆုံးသွားကာ ညအချိန်သို့ ရောက်လာလေသည် ။
ဝမ်ထောင်သည် စောစောမအိပ်ဘဲ ပြတင်းပေါက်နားတွင် စောင့်ကြည့်နေ၏။ အပြင်ဘက် လမ်းမပေါ်တွင် ဇွန်ဘီအရေအတွက်မှာ တကယ်ပင် ပြန်လည် တိုးပွားလာလေသည် ။ ထိုဇွန်ဘီများသည် ညဘက်တွင် လှုပ်ရှားရသည်ကို နှစ်သက်ကြသော်လည်း မနေ့ညကလောက်တော့ များပြားခြင်း မရှိပေ။
"ဟင် .."
ဝမ်ထောင်ထံမှ ရုတ်တရက် အံ့သြသံထွက်ပေါ်လာ၏။
ရေပေးဝေရေးစက်ရုံအတွင်းရှိ ဇွန်ဘီအချို့သည် အပြင်ဘက်မှ ဇွန်ဘီများနောက်သို့ လိုက်ပါကာ ထွက်ခွာသွားကြသည်ကို သူ သတိပြုမိလိုက်ခြင်း ဖြစ်သည် ။ ဤသည်မှာ ဝမ်ထောင်အတွက် အလွန် ဝမ်းသာစရာ သတင်းပင် ဖြစ်လေသည် ။
နောက်တစ်နေ့ နံနက်စောစောတွင် ဝမ်ထောင်သည် နိုးနိုးချင်း ပြတင်းပေါက်သို့ သွားလိုက်၏။
"ငါ ထင်တဲ့အတိုင်းပဲ .. ဇွန်ဘီတွေ နည်းသွားပြီ .. စားစရာမတွေ့လို့ သူတို့ ထွက်သွားကြတာ ဖြစ်မယ် .."
ဝမ်ထောင်သည် အကြောင်းရင်းကို အတိအကျ မသိသော်လည်း ဤသည်မှာ သတင်းကောင်း ဖြစ်ကြောင်း သူ နားလည်သည် ။ ယနေ့တွင်လည်း ထူးခြားသည့် အဖြစ်အပျက် မရှိခဲ့ပေ။ အသက်ရှင်ကျန်သူများထဲမှလည်း ထပ်မံ၍ အသေအပျောက် မရှိသလို ဝမ်ထောင်၏ ဘေးကင်းလုံခြုံမှုမှာလည်း စိတ်ချရလေသည် ။ ရေပေးဝေရေးစက်ရုံ၌ ဒုတိယမြောက်နေ့သည် အေးအေးချမ်းချမ်းဖြင့် ကုန်ဆုံးသွား၏။
ညအချိန်တွင် အမျိုးသမီးရဲအရာရှိသည် ကင်းစောင့်နေဆဲ ဖြစ်သည် ။
ဝမ်ထောင်သည် ဇွန်ဘီအရေအတွက်ကို ထပ်မံ စစ်ဆေးရာ မျှော်လင့်ထားသည့်အတိုင်း ထပ်မံ လျော့နည်းသွားသည်ကို တွေ့လိုက်ရလေသည် ။
"ဒီအခြေအနေအတိုင်းဆိုရင် နောက်တစ်နေ့မှာ ငါ ထွက်သွားလို့ ရပြီ .."
ရေပေးဝေရေးစက်ရုံတွင် ပိတ်မိနေသည်မှာ တတိယမြောက်နေ့သို့ ရောက်ရှိလာ၏။ ဝမ်ထောင်၏ စိတ်ပိုင်းဆိုင်ရာမှာ တည်ငြိမ်နေပြီး သူ၏ သွေးဘားတန်းမှာလည်း [ ၁၀၀/၃၀၀ ] သို့ ရောက်ရှိလာလေသည် ။
အရိုးကျိုးပါက ရက်တစ်ရာ ကုသရသည်ဟု ဆိုရိုးရှိ၏။ သူ၏ ဒဏ်ရာအများစုမှာ အတွင်းဒဏ်ရာများ ဖြစ်သဖြင့် ဆေးသေတ္တာများပင် အသုံးမဝင်ပေ။ ဤနေရာတွင် ကျွမ်းကျင် ဆရာဝန်လည်း မရှိသဖြင့် သူသည် အချိန်ယူကာ ဖြည်းဖြည်းချင်းသာ ပြန်လည် နာလန်ထူနိုင်မည် ဖြစ်သည် ။
ဝမ်ထောင်သည် အကွာအဝေးတစ်ခု၌ ရှိနေသော အမိုးပေါ်က လူများကို ဆက်လက် စောင့်ကြည့်နေ၏။
သူတို့ဘက်ကတော့ အခြေအနေမှာ သိပ်မကောင်းလှပေ။ အချိန်ကြာမြင့်စွာ ပိတ်မိနေခြင်းကြောင့် လူတိုင်းမှာ စိတ်ဓာတ်ကျနေကြပြီး စားစရာလည်း ပြတ်လပ်နေပြီ ဖြစ်သဖြင့် အငြင်းပွားမှုများ ပိုမို များပြားလာလေသည် ။
ထိုအုပ်စုလေးမှာ မကြာမီ ပြိုကွဲတော့မည်ဟု ဝမ်ထောင် ခံစားနေရ၏။ အဖွဲ့အစည်းတစ်ခု ပြိုကွဲခြင်းမှာ အတွင်းစိတ်ဝမ်းကွဲမှုမှ စတင်လေ့ရှိသည် ။ သို့သော် ဤသည်မှာ ဝမ်ထောင်နှင့် မဆိုင်ပေ။ သူကိုယ်တိုင်ပင် မိမိကိုယ်ကိုယ် ကာကွယ်ရန် ခက်ခဲနေချိန်တွင် အခြားသူများအတွက် စိုးရိမ်ပေးနိုင်စွမ်း မရှိချေ။
ဝမ်ထောင်သည် နက်ဖြန်တွင် ထွက်ခွာရန် စီစဉ်ထားရာ ကားမောင်းသံကြောင့် ဇွန်ဘီအချို့ကို ဆွဲဆောင်မိမည် ဖြစ်သည် ။ အကယ်၍ ထိုအသက်ရှင်ကျန်သူများက ထိုအခွင့်အရေးကို အသုံးချနိုင်ပါက သူတို့ လွတ်မြောက်နိုင်ခြေ များလေသည် ။ ညဘက်တွင်မူ လမ်းမများပေါ်၌ ဇွန်ဘီများစွာ ရှိနေဆဲ ဖြစ်၏။
အပြင်ဘက်သို့ ထပ်မံ ထွက်ခွာသွားကြသော ဇွန်ဘီများကို မြင်လိုက်ရသည့်အခါမှသာ ဝမ်ထောင် စိတ်အေးသွားလေသည် ။ ယခုအခါ ရေပေးဝေရေးစက်ရုံအတွင်း၌ ဇွန်ဘီ အကောင် ၂၀ ခန့်သာ ကျန်ရှိတော့ပြီး နေရာအနှံ့ ပျံ့နှံ့နေကြ၏။ ဂိတ်ပေါက်ဝတွင်မူ နှစ်ကောင် သုံးကောင်ခန့်သာ ရှိသဖြင့် သူ နေ့ဘက်တွင် စိတ်ချလက်ချ ကားမောင်းထွက်နိုင်ပြီ ဖြစ်သည် ။
"နောက်ထပ် တစ်ညပဲ သည်းခံပြီး စောင့်လိုက်တော့မယ် .."
သူသည် အသက်ရှင်ကျန်သူများကို အမြဲလိုလို အကဲခတ်ပြီးနောက် အိပ်စက်ရန် ပြင်ဆင်လေသည် ။ ကုတင်ပေါ်တွင် လဲလျောင်းနေရင်း ဝမ်ထောင်သည် တင်ယွီချင်ကို သတိရလိုက်၏။
"ငါ သူမအတွက် စားစရာနဲ့ ရေတွေ ထားခဲ့တယ် .. သူမသာ အိမ်ထဲမှာ ငြိမ်ငြိမ်လေး နေမယ်ဆိုရင် ဘေးကင်းမှာပါ .. ငါ စိုးရိမ်စရာ မလိုပါဘူး .."
နံနက်စောစော အချိန်သို့ ရောက်လာ၏။
ဝမ်ထောင်သည် အလွန် စောစီးစွာ အိပ်ရာထလိုက်သည် ။ သူသည် ဦးစွာ ပြတင်းပေါက်သို့ သွားကြည့်ရာ အခြေအနေမှာ မနေ့ညကအတိုင်း ဇွန်ဘီအများစု ထွက်ခွာသွားပြီ ဖြစ်သည် ။
"နံနက်စာ စားပြီးရင် ထွက်မယ် .."
ရိုးရှင်းသော စားစရာအချို့ကို ပြင်ဆင်ပြီးနောက် ဝမ်ထောင်သည် အကျင့်အတိုင်း အသက်ရှင်ကျန်သူများကို ကြည့်လိုက်ရာ သူ၏ မျက်ခုံးများ ပင့်တက်သွားလေသည် ။
အမိုးပေါ်တွင် အမျိုးသမီးရဲအရာရှိ၏ ခင်ပွန်းနှင့် မိန်းကလေးတို့ ကင်းစောင့်နေကြပြီး ကျန်ရှိသူများမှာ နိုးကြသေးပုံမရပေ။
ပြီးခဲ့သည့် နှစ်ရက်အတွင်း သူတို့ကြား၌ အဆင်မပြေမှုများ ရှိခဲ့သော်လည်း ယခုအခါ သူတို့နှစ်ဦးမှာ သာမန်ထက်ကို ပိုပြီးရင်းနှီးနေကြသည်ကို တွေ့လိုက်ရ၏။
"ဘယ်လိုတွေတောင်လား.."
ဝမ်ထောင်သည် ဖုန်းကို အမြန်ထုတ်ကာ ကင်မရာကို ချဲ့ပြီး ဗီဒီယို ရိုက်ကူးလိုက်လေသည် ။ သူသည် ထိုကဲ့သို့သော ဒရာမာ အဖြစ်အပျက်များကို စိတ်ဝင်စားသူ ဖြစ်၏။
တစ်မိနစ်ခန့် ကြာပြီးနောက် ညစ်ပတ်ပေရေနေသော သူတို့နှစ်ဦးသည် သန့်ရှင်းရေးပင် မလုပ်ဘဲ အဝတ်အစားများကို အမြန် ပြန်ဝတ်လိုက်ကြသည် ။ ခင်ပွန်းဖြစ်သူက မိန်းကလေးကို တစ်ခုခု ပြောလိုက်ရာ သူမက ကြောက်ရွံ့နေဟန် ရှိသော်လည်း နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်၏။
ထို့နောက် သူတို့နှစ်ဦးသည် အဆောက်အအုံ အစွန်းဘက်သို့ သွားကြလေသည် ။ ထိုနေရာတွင် ကျောင်းသားလူငယ်မှာ အစွန်းကို မှီကာ အိပ်ပျော်နေ၏။ ခင်ပွန်းဖြစ်သူနှင့် မိန်းကလေးတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ကျောင်းသားလူငယ်ကို ရုတ်တရက် တွန်းချလိုက်လေသည် ။
အိပ်မက်မက်နေသော ထိုလူငယ်မှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ အဆောက်အအုံပေါ်မှ တည့်တည့် ပြုတ်ကျသွားတော့၏။
ဘုန်း—
အောက်ဘက်တွင် ဇွန်ဘီအချို့ ပိတ်ဆို့နေသော ဂိတ်ပေါက်ဝ ရှိနေလေသည် ။ အနီးအနားတွင် အိပ်နေသော ဆံပင်ရွှေရောင်နှင့် လူငယ်မှာ အသံကြားသဖြင့် လန့်နိုးလာကာ ထရပ်လိုက်ရာ သူ၏ ရှေ့မှ လူနှစ်ဦးကို တွေဝေစွာ ကြည့်နေ၏။
အမျိုးသမီးရဲအရာရှိ၏ ခင်ပွန်းသည် ဆံပင်ရွှေရောင်လူငယ် နိုးလာလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ထိတ်လန့်သွားသော်လည်း မိန်းကလေးက လက်မြန်ခြေမြန်ဖြင့် ထိုလူငယ်ကိုပါ ထပ်မံ တွန်းချလိုက်လေသည် ။
"အား—"
ဆံပင်ရွှေရောင်လူငယ်၏ အော်သံကြောင့် အဝေးတွင်အိပ်နေသော အမျိုးသမီးရဲအရာရှိမှာ နိုးလာပြီး ချက်ချင်း ပြေးလာ၏။ သို့သော် သူမ၏ ခင်ပွန်းနှင့် မိန်းကလေးတို့က လမ်းမှ ပိတ်ဆို့ထားလိုက်ကြသည် ။
သူတို့သည် အမျိုးသမီးရဲအရာရှိ၏ လက်မောင်းများကို ကိုင်ဆွဲကာ ထိတ်လန့်တကြား ပြောဆိုနေကြလေသည် ။
ခင်ပွန်းဖြစ်သူမှာ ဝမ်ထောင်ရှိရာဘက်သို့ မျက်နှာမူထားသဖြင့် သူ၏ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ကာ ဝမ်ထောင် နားလည်လိုက်သည်မှာ—
"သူ .. သူတို့ သေကြောင်းကြံစည်သွားတာ .. ငါတို့ .. ဒီအခွင့်အရေးကို သုံးပြီး ထွက်ပြေးရအောင် .."
............