← Chapters

အခန်း (၄၆-၄၇)

Vol. 5 Ch. 46-47

အခန်း (၄၆-၄၇)

Vol. 5 Ch. 46-47

အခန်း ၄၆ - စမ်းသပ်ခံပစ္စည်း

"သူတို့ ဘယ်လိုများ လုပ်နိုင်ကြတာလဲ .."

ဟန်ရွှေ၏ မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်နေလေ၏။

မနေ့ညကပင် သူတို့အားလုံး တစ်ဦးကိုတစ်ဦး အားပေးခဲ့ကြပြီး အောက်ထပ်ရှိ ဇွန်ဘီများ ထွက်သွားသည်အထိ နောက်ထပ် နှစ်ရက်ခန့် သည်းခံစောင့်ဆိုင်းရန် သဘောတူညီခဲ့ကြသည် ။ ထို့နောက်မှ ရွှေကျဲတက္ကသိုလ်စခန်းသို့ အတူသွားကြမည်ဟု ဆုံးဖြတ်ခဲ့ကြသော်လည်း ယခုမူ .. ဘာကြောင့်များ သေကြောင်းကြံစည်သွားကြသနည်း ။

နောက်ထပ် နှစ်ရက်မျှ စောင့်လိုက်လျှင် အားလုံး အဆင်ပြေသွားမည် မဟုတ်ပါလား ..။

"တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ .."

ဟန်ရွှေသည် စိတ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းလိုက်ရင်း သူမ၏ အကြည့်များမှာ အေးစက်ခက်ထန်လာလေ၏။

အိုရင်းရင်းသည် ဟန်ရွှေ၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲဘဲ ခေါင်းငုံ့ကာ ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေသည် ။

ဆန်းဝေကွမ်က ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် ပြောလိုက်၏။

"မိန်းမ .. ခုနက လီချန်း နိုးလာတော့ သူ့စိတ်က သိပ်မမှန်ဘူး .. သူ သေချင်တယ်လို့ပဲ ပြောနေတာ .. ငါနဲ့ ဝူဖေးက သူ့ကို တားဖို့ ပြင်တုန်းရှိသေးတယ် .. သူက အဆောက်အအုံပေါ်ကနေ ရုတ်တရက် ခုန်ချသွားတာပဲ .. ဝူဖေးက အနားမှာ ရှိနေလို့ လီချန်းရဲ့ လက်မောင်းကို လှမ်းဖမ်းလိုက်ပေမဲ့ သူပါ အတူတူ ဆွဲချခံလိုက်ရတယ် .."

"လီချန်းက မျှော်လင့်ချက်မဲ့နေတဲ့သူနဲ့ မတူပါဘူး .."

ဟန်ရွှေသည် သူမ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို စိတ်ရှုပ်ထွေးစွာ ကုတ်ခြစ်လိုက်လေ၏။ ဆန်းဝေကွမ်သည် အိုရင်းရင်းကို တိုးတိုးလေး ဆိတ်လိုက်သည် ။ အိုရင်းရင်း၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားကာ ဟန်ရွှေ၏ လက်မောင်းကို ဆွဲကိုင်ရင်း ခေါင်းငုံ့ကာ ငိုယိုပြောဆိုတော့၏။

"မမဟန် .. ကျွန်မတို့ .. ကျွန်မတို့ အခွင့်အရေးရတုန်း ထွက်ပြေးကြရအောင်ပါ .."

ဆန်းဝေကွမ်သည် ဟန်ရွှေ၏ ပုခုံးနှစ်ဖက်ကို ချက်ချင်း ဆွဲကိုင်ကာ လှုပ်ခါလိုက်ပြီး ပြောလေသည် ။

"ဟုတ်တယ် မိန်းမ .. အခွင့်အရေးရတုန်း မြန်မြန် ထွက်ကြရအောင် .. လီချန်း သေကြောင်းကြံတာက ကမ္ဘာကြီးကို စိတ်ပျက်လို့အပြင် ငါတို့ လွတ်မြောက်ဖို့ အခွင့်အရေး ဖန်တီးပေးချင်တာလည်း ဖြစ်နိုင်တယ် .. အောက်ထပ်က ဇွန်ဘီတွေ အကုန်လုံး သူတို့ဆီ ရောက်နေကြပြီ .. သူတို့ရဲ့ စေတနာကို အလဟဿ မဖြစ်စေနဲ့တော့ .."

ဟန်ရွှေသည် သူတို့နှစ်ဦးကို အမြန်တွန်းဖယ်ကာ အမိုးအစွန်းသို့ သွားပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။ လီချန်း၏ ဦးခေါင်းဘေးတွင် သွေးကွက်ကြီးကို တွေ့လိုက်ရသဖြင့် သူသည် ခေါင်းဖြင့် စိုက်ကျကာ နေရာတင် သေဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရလေသည် ။

ဝူဖေးမှာမူ မြေပြင်ပေါ်တွင် တွားသွားနေဆဲ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရဲရဲနီနေကာ သူ၏ ဆံပင်အဝါများမှာလည်း သွေးရောင် လွှမ်းနေ၏။ အဆိုးဆုံးမှာ ဂိတ်ပေါက်ဝရှိ ဇွန်ဘီများက သူတို့နှစ်ဦးကို ဝိုင်းရံကာ စတင် စားသောက်နေကြခြင်းပင် ဖြစ်သည် ။ သူတို့နှစ်ဦးစလုံး အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်းမှာ ထင်ရှားလှ၏။

"သွားကြမယ် .."

ဟန်ရွှေသည် အချိန်ဆွဲနေမည့်သူ မဟုတ်ပေ။ အခြေအနေများမှာ ပြုပြင်၍ မရတော့သဖြင့် ထပ်မံ ပြောဆိုနေခြင်းက အပိုပင် ဖြစ်သည် ။ ယခုအချိန်မှာ လွတ်မြောက်ရန် အသင့်တော်ဆုံး အချိန် ဖြစ်လေသည် ။ သူမသည် ကျန်ရှိသူ နှစ်ဦးကို အမြန်ခေါ်ကာ အထုတ်အပိုးများကို ပြင်ဆင်ပြီး အောက်ထပ်သို့ ဆင်းခဲ့ကြ၏။

လှေကားထိပ်တွင် ဇွန်ဘီများ မရှိတော့သလို အောက်ထပ်ရှိ ဇွန်ဘီအနည်းငယ်မှာလည်း ပြုတ်ကျသွားသူ နှစ်ဦးထံသို့ ရောက်ရှိနေကြသည် ။

ဟန်ရွှေသည် သူတို့နှစ်ဦးကို ဦးဆောင်ကာ မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ လျှောက်လှမ်းလာခဲ့၏။ ဇွန်ဘီများမှာ အစားအစာကိုသာ အာရုံစိုက်နေကြသဖြင့် အောက်သို့ ဆင်းလာသူများကို သတိမပြုမိကြပေ။

ဟန်ရွှေသည် ဆန်းဝေကွမ်နှင့် အိုရင်းရင်းကို အနီးအနားရှိ တံတိုင်းတစ်ခုဆီသို့ သွားရန် လက်ဟန်ဖြင့် ညွှန်ကြားလိုက်သည် ။ ထိုတံတိုင်းမှာ သိပ်မမြင့်လှသလို ဇွန်ဘီများလည်း မရှိသဖြင့် ကျော်တက်၍ လွတ်မြောက်နိုင်လေသည် ။ ဂိတ်ပေါက်ဝတွင် ဇွန်ဘီများစွာ ရှိနေဆဲ ဖြစ်သဖြင့် သေနတ်မသုံးဘဲ ထွက်ရန် မဖြစ်နိုင်သလို သေနတ်သုံးခြင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနှင့် တူနေ၏။ ထို့ကြောင့် တံတိုင်းကျော်ခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည် ။

ဟန်ရွှေသည် ဇွန်ဘီများ ဝိုင်းအုံခြင်း ခံနေရသော အသင်းဖော် နှစ်ဦးကို နောက်ဆုံးအကြိမ် လှမ်းကြည့်ကာ စိတ်မကောင်း ဖြစ်လိုက်ရ၏။ လူခြောက်ဦး လာခဲ့ကြသော်လည်း ယခုအခါ သုံးဦးသာ ပြန်နိုင်တော့သည် ။ သို့သော် ယခုမှာ ဝမ်းနည်းနေရမည့် အချိန် မဟုတ်သဖြင့် သူမသည် မည်သည့်အသံမျှ မထွက်အောင် သတိထားကာ နောက်ကလူများကို လက်ယပ်ခေါ်လိုက်လေသည် ။

ဆန်းဝေကွမ်နှင့် အိုရင်းရင်းတို့သည် အမြန် လိုက်ပါလာကြ၏။ ထိုသို့ ပြေးလွှားနေစဉ် အိုရင်းရင်းမှာ တစ်စုံတစ်ဦးက သူမကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရသဖြင့် အလိုအလျောက် နောက်လှည့်ကြည့်လိုက်ရာ ဇွန်ဘီများကြားမှ သွေးရောင်လွှမ်းနေသော မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေသည် ။

သူမသည် တုန်လှုပ်သွားကာ ဆန်းဝေကွမ်၏ အင်္ကျီစကို မြဲမြံစွာ ဆုပ်ကိုင်ပြီး နောက်သို့ လှည့်မကြည့်တော့ဘဲ ထွက်ပြေးသွားတော့၏။

အမျိုးသမီးရဲအရာရှိက တံတိုင်းကို ကျော်တက်သွားသည်ကို မြင်လိုက်ရသည့် အခါမှသာ ဝမ်ထောင်သည် ဗီဒီယိုရိုက်ကူးမှုကို ရပ်တန့်လိုက်လေသည် ။

သူသည် မူလက ဒရာမာကြည့်ရန်အတွက်သာ ဖုန်းထုတ်ကာ ရိုက်ကူးခဲ့ခြင်း ဖြစ်သော်လည်း လူသားများ၏ ယုတ်ညံ့သော စိတ်ထားကို တွေ့မြင်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အမှန်စင်စစ် ဤအသက်ရှင်ကျန်သူများအုပ်စုသာ ဝမ်ထောင် ကားမောင်းထွက်ပြီး ဇွန်ဘီများကို ဆွဲဆောင်သွားသည်အထိ အနည်းငယ် ထပ်မံ စောင့်ဆိုင်းခဲ့မည်ဆိုပါက မည်သူမျှ အသေအပျောက် မရှိဘဲ ဘေးကင်းစွာ ထွက်ခွာနိုင်မည် ဖြစ်သည် ။

၎င်းတို့မှာ ထိုအကြောင်းကို မသိရှိကြသလို ဝမ်ထောင်မှာလည်း ဆက်သွယ်ရန် နည်းလမ်း မရှိခဲ့ပေ။ သို့သော် ဝမ်ထောင်သည် ဤသည်မှာ သူ၏ အပြစ်ဟု မယူဆပါ။

သူကိုယ်တိုင်ပင် လုံခြုံအောင် နေနေရသည့် အခြေအနေတွင် အခြားသူများကို မည်သို့ ဂရုစိုက်နိုင်မည်နည်း ။

ဤကမ္ဘာပေါ်တွင် အသက်ရှင်ကျန်သူ နှစ်ဦး လျော့နည်းသွားခြင်းကိုသာ သူ နှမြောမိလေသည် ။ ဤဖြစ်ရပ်သည် သူ့အတွက် သတိပေးချက်တစ်ခုလည်း ဖြစ်၏။

ယခုကဲ့သို့ ကမ္ဘာပျက်ကပ်တွင် အခြားသူများကို ယုံကြည်၍ ရသော်လည်း မိမိကိုယ်ကိုယ်သာ ယုံကြည်ခြင်းက အကောင်းဆုံး ဖြစ်သည် ။

ဇွန်ဘီများ ဝိုင်းအုံစားသောက်ခြင်း ခံနေရသော အသက်ရှင်ကျန်သူ နှစ်ဦးကို ကြည့်ရင်း ဝမ်ထောင်သည် သူ၏ လက်နက်ကို ကောက်ကိုင်လိုက်၏။

"သွားကြည့်ရအောင် .."

ကိရိယာများ အသင့်ပြင်ပြီးနောက် ဝမ်ထောင်သည် အဆောက်အအုံငယ်ထဲမှ ထွက်ကာ ပင်မအဆောက်အအုံ အောက်ဘက်သို့ ပြေးသွားလေသည် ။ ယနေ့တွင် ရေပေးဝေရေးစက်ရုံအတွင်းရှိ ဇွန်ဘီအများစုမှာ မရှိတော့ပေ။ ဂိတ်ပေါက်ဝက အနည်းငယ်မှအပ ပင်မအဆောက်အအုံ အဝင်ဝတွင် ဇွန်ဘီ လေးကောင်သာ ကျန်ရှိတော့သည် ။

ဇွန်ဘီ လေးကောင်မှာ ဝမ်ထောင်အတွက် ကြီးမားသော ပြဿနာ မဟုတ်ပေ။ အထူးသဖြင့် ယခုကဲ့သို့ ကွင်းပြင်ကျယ်တွင် သူ မနိုင်ပါကလည်း ပြန်လည် ထွက်ပြေးနိုင်လေသည် ။

ပင်မအဆောက်အအုံ ရှေ့သို့ အပြေးသွားရာ ဇွန်ဘီများမှာ အစားအသောက်အပေါ် အာရုံရောက်နေသဖြင့် ဝမ်ထောင် ရောက်လာသည်ကို သတိမပြုမိကြချေ။ ဝမ်ထောင်သည် လက်တစ်ဖက်တွင် သံပိုက်လှံတိုနှင့် အခြားလက်တစ်ဖက်တွင် သံပိုက်တူရွင်းကို ကိုင်ဆောင်ကာ ဇွန်ဘီနှစ်ကောင်ကို တိုက်ခိုက်လိုက်လေသည် ။

ဝူဖေး၏ စိတ်ထဲတွင် နာကျည်းမှုများ ပြည့်နှက်နေ၏။ ယခုကဲ့သို့ ရက်စက်သော မိန်းမမျိုးကို ချစ်မိခဲ့သည့် သူ၏ မျက်စိမရှိမှုကို သူ နာကျည်းနေခြင်း ဖြစ်သည် ။ သူသည် တစ်နေ့လျှင် ၁၂ နာရီ အလုပ်လုပ်ကာ လစာ ၆၀၀၀ ယွမ်ထဲမှ ၄၀၀၀ ယွမ်ကို သူမအား ပေးခဲ့၏။ သူသည် သူမကို အမြဲ ဂရုစိုက်ခဲ့ပြီး ပိတ်ရက်များတွင် ကောင်းမွန်သော စားသောက်ဆိုင်များ၌ ကျွေးမွေးကာ အားလပ်ရက်တိုင်းတွင် လက်ဆောင်များ ပေးခဲ့သည် ။

သူမ ဖျားနာစဉ်ကလည်း နေ့ဘက်တွင် အလုပ်လုပ်ကာ ညဘက်တွင် ဆေးရုံကုတင်ဘေး၌ တစ်ညလုံး စောင့်ပေးခဲ့၏။ ကမ္ဘာပျက်ကပ် ရောက်လာသောအခါတွင်လည်း သူမကိုသာ ဦးဆုံး သတိရခဲ့သည် ။ သူသည် လုံလောက်အောင် ကောင်းမွန်ခဲ့သည်ဟု ယုံကြည်သော်လည်း သူမက ဘာကြောင့်များ သူ့ကို အဆောက်အအုံပေါ်မှ တွန်းချခဲ့ရသနည်း ။

"ယုတ်မာတဲ့ မိန်းမ .. ငါ သရဲဖြစ်ရင်တောင် နင့်ကို လွှတ်မှာမဟုတ်ဘူး .. နေဦး .. လူတစ်ယောက် လာနေတာလား .."

"သူ .. သူက ဇွန်ဘီတွေကို သတ်နေတာပဲ .. သူက တော်တော် အစွမ်းထက်တာပဲ .. ဇွန်ဘီတွေက သူ့ကို လုံးဝ မယှဉ်နိုင်ပါလား .."

"ငါသာ သူ့လို အစွမ်းမျိုး ရှိခဲ့ရင် .."

"ငါ့ကို ကယ်ပါဦး .."

မိနစ်အနည်းငယ် ကြာပြီးနောက် ။

ဝမ်ထောင်သည် စိတ်ကူးလိုက်ရုံဖြင့် ပစ္စည်းများကို သိမ်းဆည်းလိုက်၏။

[ ရရှိသည့်ပစ္စည်း - သန့်စင်ပြီး ရေ (အသေး) ၄ ]

[ သန့်စင်ပြီး ရေ (အသေး) - ၅ လီတာ ၊ သောက်သုံးနိုင်သည် ]

ဇွန်ဘီလေးကောင်စလုံးထံမှ ရေသန့်ဘူးများ ရရှိသဖြင့် ဝမ်ထောင်အတွက် အဆင်ပြေလှသည် ။ ဝမ်ထောင်သည် ခြွေတာတတ်သော အကျင့်အတိုင်း ဇွန်ဘီများထံမှရသမျှရှာဖွေရာ ပိုက်ဆံအိတ်များနှင့် စီးကရက်တစ်ထုပ်ကို ရှာတွေ့ခဲ့၏။

ထို့နောက် သူသည် ကံဆိုးမိုးမှောင်ကျနေသော အသက်ရှင်ကျန်သူ နှစ်ဦးကို ကြည့်လိုက်သည် ။ ကျောင်းသားလူငယ်မှာ လည်ပင်း ကိုက်ဖြတ်ခံထားရပြီး မျက်လုံးများ ပြူးလျက် မကျေမနပ် သေဆုံးသွားရှာပြီ ဖြစ်သည် ။ ဝမ်ထောင် အံ့သြသွားသည်မှာ ဆံပင်ဝါနှင့် လူငယ်မှာ မသေသေးခြင်းပင် ဖြစ်၏။

[ ၁၀/၁၀၅ ]

သို့သော် သူ၏ အသက်ဘားတန်းမှာ ၁၀ သာ ကျန်တော့သဖြင့် သေလုမျောပါး အခြေအနေသို့ ရောက်နေပြီ ဖြစ်သည် ။ ဝမ်ထောင်သည် ပေါင် ၊ လက်မောင်း ၊ မျက်လုံးတစ်ဖက်နှင့် မျက်နှာတစ်ခြမ်း စားသောက်ခံထားရသော ထိုကံဆိုးသူ၏ ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။

"မင်း သတိရှိသေးလား .. ရှိရင် မျက်တောင်ခတ်ပြ .."

ဝမ်ထောင်၏ စကားကို ကြားသောအခါ ဆံပင်ဝါလူငယ်သည် မျက်တောင်များကို အသည်းအသန် ခတ်ပြလေသည် ။

"ဂလု .. ဂလု .."

သူသည် စကားပြောရန် ကြိုးစားသော်လည်း ပါးစပ်ဖွင့်လိုက်သည်နှင့် သွေးများသာ ပန်းထွက်လာ၏။

"မသေချင်ရင် စကားမပြောနဲ့ဦး .."

ဝမ်ထောင်သည် အနီးအနားရှိ ဇွန်ဘီများထံမှ အဝတ်အစားအချို့ကို ဆွဲခွာကာ ဆံပင်ဝါလူငယ်၏ ဦးခေါင်းကို အကြမ်းဖျင်း ပတ်တီးစည်းပေးလိုက်သည် ။ ထို့နောက် သူ၏ ခြေထောက်နှစ်ဖက်ကို ကိုင်ကာ အဆောက်အအုံငယ်ဆီသို့ တရွတ်တိုက် ဆွဲခေါ်လာခဲ့လေသည် ။

"အပြင်မှာ ခဏစောင့်နေ .."

ညွှန်ကြားချက် ပေးပြီးနောက် ဝမ်ထောင်သည် အဆောက်အအုံအတွင်းရှိ လေထီးဖြင့်ချပေးသောသေတ္တာထံသို့ သွားကာ ဗိုင်းရပ်တားဆီးဆေးတစ်ပုလင်းကို ထုတ်ယူလိုက်၏။

သူသည် တားဆီးဆေး၏ အာနိသင်ကို မသိရသဖြင့် စိုးရိမ်နေချိန်တွင် စမ်းသပ်ခံပစ္စည်းတစ်ခု ရောက်ရှိလာခဲ့လေပြီ ။

......

အခန်း ၄၇ - လျှာရှည်ခွေး၏ အဆုံးသတ်သည် ဘာမျှမရှိခြင်းပင်ဖြစ်သည်

ဝမ်ထောင်သည် ဗိုင်းရပ်စ်တားဆီးဆေးနှင့် ပတ်သက်သမျှကို စာအုပ်ပါ ဖော်ပြချက်များမှတစ်ဆင့်သာ သိထားခြင်းဖြစ်သည် ။

သူသည် ဆေး၏အာနိသင်ကို ကိုယ်တိုင်မြင်တွေ့ချင်၏ ။

အကယ်၍ သူသည် ဆံပင်အဝါကောင်ကို ကယ်တင်နိုင်ခဲ့လျှင်လည်း အကောင်းဆုံးဖြစ်လေသည် ။

ကယ်တင်၍မရခဲ့လျှင်လည်း သူဘာမျှမဆုံးရှုံးပါ ။ သူ့ထံတွင် တားဆီးဆေး ပုလင်း ၂၀ ရှိရာ တစ်ပုလင်းလောက် အလဟဿဖြစ်သွားသည်မှာ ကိစ္စမရှိပေ ။

ဝမ်ထောင်သည် ဗိုင်းရပ်စ်တားဆီးဆေးတစ်ပုလင်းကို ကိုင်ကာ အပြင်သို့ ထွက်လာခဲ့သည် ။

ခဏအတွင်းမှာပင် ဆံပင်အဝါကောင်လေး၏ ဦးခေါင်းပေါ်ရှိ အစိမ်းရောင်သွေးဘားတန်းသည် ၅ မှတ်သာ ကျန်တော့၏ ။

ထိုသူသည် သွေးဘားတန်း သုညဖြစ်သွားချိန်တွင် သေဆုံးသွားမည်လား သို့မဟုတ် တိုက်ရိုက်ပင် ဇွန်ဘီအဖြစ် ပြောင်းလဲသွားမည်လားဟု သူသိချင်နေသည် ။

ဝမ်ထောင်သည် ဆံပင်အဝါကောင်လေး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ၏ လည်ပင်းပေါ်တွင် အနက်ရောင်သွေးကြောများ တဖြည်းဖြည်း ပေါ်လာသည်ကို ကြည့်နေသည် ။

ပိုးကူးစက်ခံရပြီးနောက် သွေးဘားတန်က သုညဖြစ်လျှင် ချက်ချင်းပင် မျိုးဗီဇပြောင်းလဲသွားနိုင်သည်ဟု သူခန့်မှန်းလိုက်၏ ။

"မင်း အသက်ရှင်သေးလား .. ရှင်သေးရင် မျက်တောင်ခတ်ပြစမ်း .."

ဝမ်ထောင်က ဆံပင်ဝါကောင်ကို မေးလိုက်သည် ။

ဆံပင်ဝါကောင်သည် မျက်လုံးတစ်ဖက်ကို ဖွင့်ကာ ဝမ်ထောင်ကို ကြည့်သည် ။ သူ၏အကြည့်များသည် ဝေဝါးနေသော်လည်း ခက်ခက်ခဲခဲပင် မျက်တောင်ခတ်ပြလေ၏ ။

ဝမ်ထောင်သည် ဗိုင်းရပ်စ်တားဆေးတစ်ပုလင်းကို ထုတ်ကာ သူ၏မျက်စိရှေ့တွင် ရမ်းပြလိုက်သည် ။

"ဒါက တားဆီးဆေးပဲ .. ဇွန်ဘီဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အစိုးရက ထုတ်ထားတာ .."

ထိုစကားကို ပြောလိုက်သည်နှင့် ဆံပင်ဝါကောင်၏ မျက်လုံးထဲတွင် မျှော်လင့်ချက်အရောင်အဝါများ ပေါ်လာသည်ကို မြင်ရသည် ။

"ဒါပေမဲ့ ဒါက အဆိပ်ကို အမြစ်ပြတ်မပျောက်ကင်းစေနိုင်ဘူး .. ဇွန်ဘီဗိုင်းရပ်စ် ပြန့်နှံ့မှုကိုပဲ နှိမ်နင်းပေးနိုင်မှာ .. အခု ငါ မင်းကို ဒီဆေးတိုက်လိုက်ရင် မင်း ဇွန်ဘီအဖြစ် ပြောင်းမသွားတော့ဘူး .. ဒါပေမဲ့ နောင်တစ်ချိန်မှာ ဘယ်တော့ ပြန်ကြွလာမလဲဆိုတာတော့ မသိဘူး .. မင်း ဒီတားဆီးဆေးကို ဆက်တိုက် သုံးစွဲနေရလိမ့်မယ် .."

ဆံပင်ဝါကောင်သည် စိတ်ပျက်ပုံမပြပေ ။

ယခုအခြေအနေတွင် သူသည် အခြားအရာကို မတောင်းဆိုတော့ဘဲ နောက်ထပ်တစ်ရက်မျှ အသက်ဆက်ရှင်ရလျှင်ပင် ကျေနပ်နေပြီဖြစ်သည် ။

"ဒါပေမဲ့ ဒီတားဆီးဆေးမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေရှိတယ် .. ခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းတဲ့သူ ဒါမှမဟုတ် စိတ်ဓာတ်ခိုင်မာတဲ့သူတွေပဲ သုံးလို့ရတာ .. မဟုတ်ရင်တော့ သေသွားနိုင်တယ် .. ကဲ .. မင်း အဆင်သင့်ဖြစ်ပြီလား .."

ဆံပင်ဝါကောင်သည် သူ၏နောက်ဆုံးအင်အားကို သုံးကာ မျက်တောင်များ အဆက်မပြတ် ခတ်ပြလေသည် ။

"ကောင်းပြီ .."

ဝမ်ထောင်က ခေါင်းငြိမ့်ပြလိုက်သည် ။

ဤတားဆီးဆေးကို ထိုး၍လည်းရသလို သောက်၍လည်းရသည် ။

ဆေးကို ပါးစပ်ထဲသို့ မလောင်းထည့်မီ ဝမ်ထောင်က ထပ်ပြောလိုက်၏ ။

"မင်း အခုချက်ချင်း မသေရမယ့် အကြောင်းပြချက်ကို စဉ်းစားထားပါ .. ဥပမာ မင်းရဲ့ မိဘတွေက မင်း လာကယ်မှာကို စောင့်နေကြတာမျိုး .. ဒါမှမဟုတ် မင်းကို သတ်ဖို့ ကြိုးစားခဲ့တဲ့ အဲ့ဒီမိန်းမက အခုထိ အေးအေးဆေးဆေး ရှင်နေသေးတာမျိုးပေါ့ .."

"အင်း .."

ဆံပင်ဝါကောင်၏ ကျန်နေသေးသောမျက်လုံးတစ်ဖက်သည် ချက်ချင်း ဝိုင်းစက်သွားပြီး အမုန်းတရားများဖြင့် ပြည့်နှက်သွားလေသည် ။

ဝမ်ထောင်သည် အပိုစကားမပြောတော့ဘဲ ထိုသူ၏ ပါးစပ်ကို ဖြဲကာ ဆေးတစ်ပုလင်းလုံးကို လောင်းထည့်လိုက်သည် ။

ဂလု ဂလု..

ဆေးကို မျိုချပြီးနောက် ဆံပင်ဝါကောင်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်လာသည် ။

ဤပုံစံမှာ ဗိုင်းရပ်စ်ကို နှိမ်နင်းနေခြင်းနှင့် မတူဘဲ ဇွန်ဘီအဖြစ် ပြောင်းလဲတော့မည့်ပုံနှင့် ပိုတူနေ၏ ။

"အလုပ်မဖြစ်တာလား .."

ဝမ်ထောင်သည် လက်ထဲတွင် သံတူကို အသင့်ကိုင်ကာ နောက်သို့ ဆုတ်လိုက်သည် ။

အကယ်၍ ဆံပင်ဝါကောင်၏ သွေးဘားတန်းက အနီရောင်ပြောင်းသွားသည်ကို မြင်လျှင် သူသည် ချက်ချင်းပင် အဆုံးသတ်ပေးရန် ဝန်လေးမည်မဟုတ်ပေ ။

နောက်ထပ် နှစ်မိနစ်ခန့် စောင့်ကြည့်ပြီးနောက် ထိုသူ့ထံတွင် သွေးဘားတန်းက တဖြည်းဖြည်း ကျဆင်းနေပြီး နောက်ဆုံး ၁ မှတ်သာ ကျန်တော့သဖြင့် ဝမ်ထောင်သည် တူကို မြှောက်လိုက်သည် ။

ထိုစဉ် ဆံပင်ဝါကောင်၏ ခန္ဓာကိုယ် တုန်ခါနေမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး လည်ပင်းပေါ်ရှိ အနက်ရောင်သွေးကြောများ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဦးခေါင်းပေါ်ရှိ အစိမ်းရောင် သွေးဘားတန်းကလည်း ၂၀ ထိ ရုတ်တရက် ပြန်တက်လာ၏ ။

သို့သော် သူ၏ အမြင့်ဆုံး သွေးပမာဏမှာ ၂၀ လျော့ကျသွားလေသည် ။

[၂၀/၈၅]

"မင်း သတိရပြီလား .."

"အင်း .."

ဆံပင်ဝါကောင်သည် မျက်လုံးများကို မှိတ်ထားဆဲဖြစ်သော်လည်း ခက်ခက်ခဲခဲပင် အသံပြုလိုက်သည် ။

"ခုနက ဘယ်လိုခံစားရလဲ .."

"နာတယ် .. တစ်ကိုယ်လုံး နာနေတာပဲ .. ခေါင်းက ပေါက်ထွက်တော့မလို ခံစားရတယ် .."

"အရမ်းကောင်းတယ် .. မင်းရဲ့ ဒုတိယအကြိမ်မြောက် ရှင်သန်ခြင်းကို ကြိုဆိုပါတယ် .."

ဝမ်ထောင်သည် သူ၏ပုခုံးကို ပုတ်ကာ ဆေးသေတ္တာကို သွားယူလေသည် ။

သူသည် သွေးတိတ်ဆေးများ ၊ စိတ်ငြိမ်ဆေးများနှင့် အခြားဆေးများကို အသုံးပြုကာ ဒဏ်ရာများကို ကြမ်းတမ်းစွာပင် ပတ်တီးစည်းပေးလိုက်သည် ။

ထိုဖြစ်စဉ်တစ်လျှောက်လုံးတွင် ဆံပင်ဝါကောင်သည် နာကျင်လွန်းသဖြင့် သွားများကို တင်းတင်းစေ့ထားရလေသည် ။

အားလုံးပြီးသွားချိန်တွင် သူ၏ သွေးဘားတန်က ၁၀ မှတ် ထပ်တက်လာသည် ။

စစ်တပ်သုံး ဆေးသေတ္တာ၏ အာနိသင်မှာ သိသာလှပေ၏ ။

"ကျေးဇူးတင်ပါတယ် .."

ဆံပင်ဝါကောင်သည် ဝမ်ထောင်ကို ကျေးဇူးတင်လှသော မျက်ဝန်းများဖြင့် ကြည့်သည် ။

"ကျေးဇူးတင်ဖို့ မလိုပါဘူး .. ငါက တားဆီးဆေးရဲ့ အာနိသင်ကို သိချင်လို့ မင်းကို စမ်းသပ်ချက်အဖြစ် သုံးလိုက်တာပဲ .."

"..."

အမှန်တရားသည် အမြဲတမ်းပင် နာကျင်ရလေ၏ ။

သို့သော်လည်း ဆံပင်ဝါကောင်သည် အလွန် ကျေးဇူးတင်နေဆဲဖြစ်သည် ။ မျက်နှာဖုံးစွပ်ထားသော လူသန်ကြီး၏ ရည်ရွယ်ချက်က မည်သို့ပင်ဖြစ်စေ သူ အသက်ရှင်ခဲ့ရသည်မှာ အမှန်တရားပင် ။

အထူးသဖြင့် မိမိနှင့် ရင်းနှီးသူ၏ သစ္စာဖောက်ခြင်းကို ခံရပြီးနောက် သူစိမ်းဖြစ်သော ဝမ်ထောင်က ကယ်တင်ခဲ့ခြင်းဖြစ်ရာ သူ၏ ကျေးဇူးတင်မှုကို စကားလုံးဖြင့် ဖော်ပြ၍မရနိုင်တော့ပေ ။

"မင်း ဆေးလိပ်သောက်လား .."

ဆံပင်ဝါကောင်၏ မျက်လုံးများ တောက်ပလာသည်ကို မြင်သောအခါ ဝမ်ထောင်သည် ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ ထိုသူ၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးပြီး မီးညှိပေးလိုက်သည် ။

"မင်းတို့ အခြေအနေကို ပြောပြပါဦး .. မင်းတို့ကြားမှာ တကယ် ဘာတွေဖြစ်ခဲ့တာလဲ .."

ဝမ်ထောင်သည် သူတို့ကိစ္စကို စိတ်ဝင်စားနေဆဲဖြစ်သည် ။ မထွက်ခွာမီ ဇာတ်ကြောင်းအပြည့်အစုံကို နားထောင်ရန် သူ ဆုံးဖြတ်လိုက်၏ ။

ဆေးလိပ်ကို အားရပါးရ တစ်ချက်ရှိုက်လိုက်ပြီးနောက် ဆံပင်ဝါကောင်သည် စိတ်ကြည်လင်လာဟန်ရှိသည် ။ ထို့နောက်မှ သူက ရှင်းပြလေ၏ ။

"ကျွန်တော့် .. ကျွန်တော့်နာမည်က ဝူဖေးပါ .."

ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝမ်ထောင်သည် အဖြစ်အပျက် အစအဆုံးကို နားလည်သွားသည် ။

ကမ္ဘာပျက်ကပ် မတိုင်မီက ဝူဖေးသည် အနီးနားရှိ မြို့တစ်မြို့မှ အီလက်ထရောနစ် စက်ရုံတစ်ရုံတွင် အလုပ်လုပ်သော အလုပ်သမားတစ်ဦးဖြစ်သည် ။ သူသည် အွန်လိုင်းမှတစ်ဆင့် ထိုစက်ရုံမှာပင် အလုပ်လုပ်သော အိုရင်းရင်းနှင့် သိကျွမ်းခဲ့ခြင်းဖြစ်၏ ။

အိုရင်းရင်းကို ရရှိရန်အတွက် သူသည် အင်အားနှင့် ပစ္စည်းဥစ္စာများစွာ အကုန်အကျခံခဲ့ရသည် ။ လွန်ခဲ့သော ခြောက်လခန့်ကမှ သူမ၏ အချစ်ကို ရရှိခဲ့ခြင်းဖြစ်သည် ။

ဝူဖေးသည် သူမကို ပိုးပန်းစဉ်ကတည်းက များစွာ ပေးဆပ်ခဲ့ရပြီး ချစ်သူဖြစ်လာပြီးနောက်တွင်လည်း ပို၍ ပေးဆပ်ခဲ့သည် ။ သူသည် အိုရင်းရင်းကို ဇနီးသည်ကဲ့သို့ပင် ဆက်ဆံခဲ့၏ ။

သို့သော် ယခုအချိန်အထိ သူတို့၏ ရင်းနှီးမှုမှာ ဖက်လှဲတကင်းရှိရုံသာဖြစ်ပြီး ထို့ထက် ပိုမိုခြင်းမရှိပေ ။ အိုရင်းရင်းက အကောင်းဆုံးအရာကို မင်္ဂလာဦးညအတွက် သိမ်းထားချင်သည်ဟု ပြောခဲ့သည် ။ ထိုစကားကို ကြားသောအခါ ဝူဖေးသည် စိတ်မဆိုးသည့်အပြင် အလွန်ပင် ပျော်ရွှင်ခဲ့ရသည် ။

အကြောင်းမှာ အိုရင်းရင်းက "မင်္ဂလာဦးည" ဟု ပြောလိုက်သောကြောင့်ဖြစ်သည် ။ ဤသည်မှာ သူမက သူ့ကို လက်ထပ်ရန် သဘောတူလိုက်သည်ဟု မဆိုလိုပေလား ။

ကမ္ဘာပျက်ကပ် ရောက်လာသောအခါ ဝူဖေးသည် မိဘများနှင့် အဆက်အသွယ် ပြတ်တောက်သွားသည် ။ သူသည် သူ၏ ဇာတိမြို့နှင့် လီပေါင်း ထောင်ချီဝေးကွာနေသဖြင့် ဘာမျှမလုပ်နိုင်ခဲ့ပေ ။

အိုရင်းရင်းသည် သူ့ကို အရင်ဖုန်းဆက်လေ့မရှိသော်လည်း ထိုအချိန်တွင် အကူအညီတောင်းရန် ဖုန်းဆက်ခဲ့သည် ။

ဝူဖေးသည် နှစ်ခါမစဉ်းစားဘဲ သဘောတူခဲ့၏ ။

အချစ်၏ စွမ်းအားကြောင့် သူသည် အိုရင်းရင်းထံသို့ ရောက်ရန် ဇွန်ဘီတစ်ကောင်ကိုပင် ပရိယာယ်သုံးကာ သတ်ဖြတ်နိုင်ခဲ့သည် ။

ထို့နောက်တွင် သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး မှီခိုခဲ့ကြပြီး ဝူဖေးသည် စားစရာအများစုကို အိုရင်းရင်းအတွက် ချန်ထားပေးခဲ့သည် ။ စားစရာများ ကုန်သွားသောအခါမှ အရာရှိ ဟန်ရွှေနှင့် သူမ၏ခင်ပွန်း ဆန်းဝေကွမ်တို့ ရောက်လာခဲ့ခြင်းဖြစ်သည် ။

အရာရှိ ဟန်ရွှေက သူတို့သည် ရွှေကျဲတက္ကသိုလ် အသက်ရှင်ကျန်ရစ်သူများစခန်းသို့ သွားမည်ဖြစ်ကြောင်းနှင့် လိုက်ချင်သလားဟု မေးခဲ့သည် ။

ကျန်နေရစ်ခဲ့ခြင်းသည် သေလမ်းသာရှိပြီး ဟန်ရွှေနောက်သို့ လိုက်ခြင်းသည် စားစရာနှင့် အကာအကွယ် ရနိုင်သဖြင့် သူတို့နှစ်ဦးမှာ ရွေးချယ်စရာမရှိခဲ့ပေ ။

လမ်းတွင် နောက်ထပ် လူအချို့နှင့် ထပ်မံဆုံတွေ့ခဲ့ပြီး အတူတူ ခရီးဆက်ခဲ့ကြသည် ။

လမ်းခရီးတွင် သူတို့သည် ရက်စက်သော အသက်ရှင်ကျန်ရစ်သူ တစ်စု၏ ငွေညှစ်ခြင်းကိုလည်း ခံခဲ့ရသေးသည် ။ အကယ်၍ ဟန်ရွှေသာ မရှိလျှင် သူတို့အားလုံး ဇွန်ဘီစာ ဖြစ်သွားလောက်ပြီဖြစ်သည် ။

ထို့နောက် ဝမ်ထောင် မြင်တွေ့ခဲ့ရသည့်အတိုင်း သူတို့သည် ရေပေးဝေရေးစက်ရုံသို့ ရောက်လာခဲ့ကြခြင်းဖြစ်၏ ။

အဖွဲ့အတွင်းတွင် အချင်းချင်း အငြင်းပွားမှုအချို့ ရှိသော်လည်း အခြေအနေမှာ အဆင်ပြေနေဆဲဖြစ်သည် ။

သို့သော် ပထမဆုံးညမှာပင် သူ၏ချစ်သူသည် အပြင်ဘက်ရှိ ဇွန်ဘီကြောင့် လန့်အော်ခဲ့သဖြင့် ဇွန်ဘီများစွာ ရောက်လာခဲ့သည် ။ သူတို့ ထွက်ပြေးစဉ်တွင် သူငယ်ချင်းတစ်ဦး အကိုက်ခံခဲ့ရ၏ ။

ထိုအကြောင်းကြောင့် ဆန်းဝေကွမ်သည် အိုရင်းရင်းအပေါ် အငြိုးအတေး ထားရှိခဲ့သည် ။ ဆန်းဝေကွမ် တစ်ဦးတည်းမဟုတ်ဘဲ အရာရှိ ဟန်ရွှေနှင့် တက္ကသိုလ်ကျောင်းသား လီချန်းတို့ကလည်း ဘာမျှမပြောသော်လည်း မကျေနပ်သည့်ပုံများ ပေါ်နေခဲ့သည် ။

ဝူဖေးသည် သူ၏ချစ်သူဘက်မှ ကာကွယ်ပြောဆိုရန် ဆန်းဝေကွမ်နှင့် စကားများခဲ့သေးသည် ။

ထို့နောက်တွင် အဖွဲ့သားအားလုံးသည် ခေါင်မိုးပေါ်တွင် နေထိုင်ခဲ့ကြပြီး အားလုံးမှာ စိတ်တိုလွယ်နေကြသည် ။

ယနေ့မနက် သူ အိပ်ပျော်နေစဉ် လှုပ်ရှားသံတစ်ခု ကြားလိုက်ရသည် ။ သူ မျက်လုံးဖွင့်ကာ ထလိုက်စဉ် အခြေအနေကို ဘာမျှ နားမလည်သေးခင်မှာပင် အိုရင်းရင်း၏ တွန်းချခြင်းကို ခံလိုက်ရခြင်းဖြစ်၏ ။

ယခုအချိန်အထိ သူသည် အိုရင်းရင်းက သူ့ကို အဘယ်ကြောင့် သတ်ချင်ရသနည်းဆိုသည်ကို နားမလည်နိုင်သေးပေ ။

ကျောင်းသားလေး ပြုတ်ကျသွားသည်ကိုလည်း သူ မမြင်လိုက်ရပေ ။ သူ ပြုတ်ကျသွားပြီးနောက်တွင်လည်း ချဉ်းကပ်လာသော ဇွန်ဘီများကြောင့် ကြောက်လန့်နေသဖြင့် သူ့နောက်က အလောင်းကိုလည်း သတိမထားမိခဲ့ပါ ။

ဝမ်ထောင်သည် သူ့ကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည် ။

အဆုံးထိ သစ္စာရှိခဲ့သော လျှာရှည်ခွေးတစ်ကောင်၏ ရလဒ်မှာ ဘာမျှမရှိတော့ခြင်းပင်ဖြစ်သည် ။

မင်းတို့က ဆံပင်ဝါချင်း တူပေမဲ့ မင်းကတော့ အခြေအနေ သိပ်မကောင်းလှဘူးပဲ ။

ဝူဖေးက သူ၏သိချင်စိတ်ကို ဖြည့်ဆည်းပေးခဲ့သဖြင့် သူကလည်း ဝူဖေး၏ သံသယကို ရှင်းပေးရမည်ဖြစ်သည် ။

ထို့ကြောင့် ဝမ်ထောင်သည် သူရိုက်ကူးထားသော ဗီဒီယိုကို ဝူဖေးအား ပြလိုက်လေသည် ။

ထိုဗီဒီယိုမှာ ထိုဖောက်ပြန်နေသော အတွဲ စတင်ပြီး အချစ်စမ်းနေသော အချိန်မှစ၍ တည်းဖြတ်မထားသော ဗီဒီယိုပင်။

ဒါကိုကြည့်ပြီး မင်း အသိတရားရသွားမှာပါ။

-------

All Chapters