← Chapters

အခန်း (၅၀-၅၁)

Vol. 5 Ch. 50-51

အခန်း (၅၀-၅၁)

Vol. 5 Ch. 50-51

အခန်း ၅၀ ။ စွမ်းရည် · တုန်ခါလှိုင်း

ဝူး...ဝူး..

ကားစက်နှိုးပြီးသည်နှင့် ဝမ်ထောင်သည် ကားကို အခြားလမ်းတစ်ခုမှတစ်ဆင့် မောင်းထွက်လာခဲ့သည် ။

တိုက်ပွဲတွင် သေနတ်ဆက်တိုက်ပစ်လိုက်ခြင်းမှာ အကျိုးကျေးဇူးရှိသည်ဟု သူ ရုတ်တရက် ခံစားလိုက်ရ၏ ။ အနည်းဆုံးတော့ ပတ်ဝန်းကျင်ရှိ ဇွန်ဘီများကို ဆွဲဆောင်သွားနိုင်သဖြင့် သူ ကားကို အနည်းငယ် ပိုမြန်မြန် မောင်းနိုင်သွားသည် ။

ထိုလမ်းနှင့် အတော်လေး ဝေးကွာသွားမှသာ ဝမ်ထောင်သည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို စိတ်အေးလက်အေး ချနိုင်တော့သည် ။

ထို့နောက် သူသည် စစ်ဘက်သုံး ဆေးသေတ္တာအတွင်းမှ အကိုက်အခဲပျောက်ဆေးတစ်လုံးကို ထုတ်ယူကာ သူ၏ လက်မောင်းထဲသို့ ထိုးသွင်းလိုက်လေ၏ ။

တူကိုင်ဇွန်ဘီကြီး၏ တူဖြင့် ရိုက်ချက်မှာ သူ့ကို တိုက်ရိုက်မထိမှန်ခဲ့သော်လည်း တုန်ခါလှိုင်းမှာမူ သူ့ကို တည့်တည့်တိုးခဲ့သဖြင့် သွေးပမာဏ ရှစ်ဆယ်ကျော်မျှ လျော့နည်းသွားခဲ့သည် ။ သူ၏ ယခင်ဒဏ်ရာများမှာပင် မပျောက်ကင်းသေးမီ ဒဏ်ရာတစ်ခုထပ်ရလိုက်သဖြင့် ယခုအခါ တစ်ကိုယ်လုံးတွင် ခံရခက်သော နာကျင်မှုကို ခံစားနေရပြီဖြစ်သည် ။

ကံကောင်းထောက်မစွာဖြင့် သူသည် အဝတ်အစားများကို အထပ်ထပ်ဝတ်ဆင်ထားပြီး စာအုပ်များကိုလည်း ကိုယ်တွင် ပတ်ထားသဖြင့် ထိခိုက်မှုအချို့ကို လျှော့ချနိုင်ခဲ့ခြင်းဖြစ်၏ ။

ထို့အပြင် အဝတ်အစား ထူထူဝတ်ထားမိခြင်းမှာလည်း ကံကောင်းခြင်းတစ်ရပ်ပင် ။ မဟုတ်ပါက ဇွန်ဘီကြီးထံမှ ပစ္စည်းများယူနေစဉ်အတွင်း မီးလောင်ဒဏ်ရာများ ရရှိနိုင်လေသည် ။

အင်္ကျီ ၊ ဘောင်းဘီ နှင့် မျက်နှာဖုံးများမှ မီးလောင်ပေါက်များကို ကြည့်ကာ ဝမ်ထောင်သည် ကံကောင်းလှသည်ဟု မှတ်ချက်မိ၏ ။

မဟုတ်လျှင် သူ၏ မျက်နှာမှာ တစ်ဖန်ပြန်၍ ရုပ်ပျက်ဆင်းပျက် ဖြစ်လုနီးပါးဖြစ်သွားနိုင်သည် ။

အကိုက်အခဲပျောက်ဆေးမှာ ထိရောက်မှုရှိသဖြင့် မကြာမီမှာပင် သူ၏ စိတ်မှာ ပြန်လည်လန်းဆန်းလာလေသည် ။

ထိုအခါမှသာ သူသည် ရရှိလာသော ပစ္စည်းများကို စစ်ဆေးရန် အချိန်ရတော့၏ ။

တူကိုင်ဇွန်ဘီကြီးကို သတ်ဖြတ်ခြင်းဖြင့် သူ၏ အမြင့်ဆုံး သွေးပမာဏမှာ ၄၀ ထပ်မံတိုးလာခဲ့သည် ။

၎င်းမှာ [ ၅၄/၃၈၀ ] သို့ ရောက်ရှိသွားပြီး ၄၀၀ နီးပါး ဖြစ်လာသော်လည်း တိုက်ပွဲအတွင်း လက်ရှိသွေးပမာဏမှာ အတော်လေး လျော့နည်းသွားခဲ့သဖြင့် သူသည် ပြင်းထန်သော ဒဏ်ရာရရှိထားသည့် အခြေအနေတွင် ရှိနေဆဲပင်ဖြစ်သည် ။

တူကိုင်ဇွန်ဘီကြီး၏ လက်နက်ကို သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲတွင် သိမ်းဆည်းထားပြီးဖြစ်ကာ ဇွန်ဘီကြီးထံမှ ရရှိသော အထုပ်မှာလည်း [ ခွန်အားတိုးဆေးရည် (အသေး) ၁ ] ဖြစ်သည် ။ သို့သော် ယခုတစ်ခေါက်တွင် ပစ္စည်းပုံစံထုတ်လုပ်နည်း မပါဝင်လာပေ ။

နောက်ဆုံးတွင်မူ ယခုခရီးစဉ်၏ ပစ်မှတ်ဖြစ်သော ပစ္စည်းကို ကြည့်လိုက်၏။

[ အဆင့် ၁ အမြုတေ - ရိုက်ခတ်လှိုင်း ]

[ အရည်အသွေး ။ အလွန်ကောင်းမွန် (၈၀%) ]

[ သန့်စင်မှု ။ ၅၀% (ဘေးထွက်ဆိုးကျိုး ။ အလင်းကြောက်ရောဂါ) ]

ယခုတစ်ခေါက် အမြုတေ၏ ပုံသဏ္ဌာန်မှာ အဖြူရောင်မဟုတ်ဘဲ အနီရောင်ဖောက်ထွင်းမြင်ရသော ပုံဆောင်ခဲသဏ္ဍာန် ဖြစ်နေလေသည် ၊

ယခင်အမြုတေနှင့် နှိုင်းယှဉ်ပါက အရည်အသွေးမှာ သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့ရ၏ ။

ယခင်အမြုတေ၏ အရည်အသွေးမှာ "သာမန် (၂၀%)" သာရှိသော်လည်း ယခုရသော တစ်ခုမှာမူ "အလွန်ကောင်းမွန် (၈၀%)" ဖြစ်နေသည် ။

အရည်အသွေးသည် ပေါင်းစပ်မှု အောင်မြင်နှုန်းကို အကျိုးသက်ရောက်မှုရှိရာ ဤအနီရောင်အမြုတေကို ပေါင်းစပ်ပါက အောင်မြင်နှုန်း ၈၀% ရှိမည်ဟု ဆိုလိုခြင်းဖြစ်သည် ။

ဤအောင်မြင်နှုန်းမှာ အထင်ကြီးစရာပင် မဟုတ်ပါလား ။ သူသည် ကံအလွန်ဆိုးမနေသရွေ့ ပေါင်းစပ်မှုက အောင်မြင်ရန်မှာ သေချာသလောက် ရှိနေသည် ။

သို့သော်လည်း ဝမ်ထောင်သည် ၁၀၀% အောင်မြင်နှုန်းကိုသာ လိုလားသူဖြစ်သဖြင့် ဤအမြုတေကို တစ်ခုတည်း ပေါင်းစပ်ရန် မဖြစ်နိုင်ပေ ။ သူသည် ပစ္စည်းဆယ်ခုကို စုဆောင်းကာ အဆင့်မြှင့်တင်ရန် စဉ်းစားနေစဉ်မှာပင် -

ဝမ်ထောင် ရုတ်တရက် မှင်တက်သွားလေ၏ ။

ပထမဦးဆုံး တုန်ခါလှိုင်းအမြုတေ၏ အောင်မြင်နှုန်းမှာ ၂၀% ဖြစ်ပြီး ယခုဒုတိယတစ်ခုမှာ ၈၀% ဖြစ်သည် ။ ထိုနှစ်ခုကို ပေါင်းစပ်လိုက်ပါက အောင်မြင်နှုန်းမှာ ၁၀၀% ဖြစ်မသွားနိုင်ဘူးလား ၊

သူသည် ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်းရှိ ဇွန်ဘီအမြုတေများ ထည့်ထားသော နေရာကို လျင်မြန်စွာ ကြည့်လိုက်ရာ အပြောင်းအလဲအချို့ကို တွေ့လိုက်ရသည် ။

[ အဆင့် ၁ အမြုတေ · ရိုက်ခတ်လှိုင်း ]

[ ၂/၁၀ (ပေါင်းစပ်နိုင်သည်) ]

ပေါင်းစပ်၍ ရနေပြီဖြစ်သည် ၊

ထိုကြောင့် "၁၀" ဟူသော ကိန်းဂဏန်းမှာ ပေါင်းစပ်ရန် အနည်းဆုံး အခုရေ ၁၀ ခု လိုအပ်ခြင်းကို မဆိုလိုဘဲ အများဆုံး ၁၀ ခုအထိ ပေါင်းစပ်နိုင်ခြင်းကို ဆိုလိုခြင်း ဖြစ်လေသည် ။

ဝမ်ထောင်သည် ပေါင်းစပ်ရန် စဉ်းစားလိုက်သည်နှင့် နောက်ထပ် အချက်ပေးစကားလုံးတစ်ခု ပေါ်လာ၏ ။

[ ပေါင်းစပ်ပြီးနောက် "အဆင့် ၁ အမြုတေ · ရိုက်ခတ်လှိုင်း" ၏ အင်္ဂါရပ်များ ။ ]

[ အရည်အသွေး ။ သာမန် (၂၀%) + အလွန်ကောင်းမွန် (၈၀%) = အဆင့်မြင့် (၁၀၀%) ]

[ သန့်စင်မှု ။ ၅၀% + ၅၀% = ၁၀၀% ]

[ အညစ်အကြေး ။ မရှိ ]

[ ဘေးထွက်ဆိုးကျိုး ။ မရှိ ]

"ပေါင်းစပ်ပြီးရင် အရည်အသွေးက ၁၀၀% ဖြစ်သွားမှာပဲ ။ သန့်စင်မှုကလည်း ၁၀၀% အပြည့်ပဲ ။ တည်ငြိမ်မှုက အမြင့်ဆုံး ဖြစ်သွားပြီး အညစ်အကြေးတွေနဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း မရှိတော့ဘူး ။ အဲ့ဒါဆို ငါ ဘာကို စောင့်နေဦးမှာလဲ"

ဝမ်ထောင်သည် တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်းပင် ပေါင်းစပ်ရန် ရွေးချယ်လိုက်လေသည် ။

ရှူး ...

ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်းမှ သက်တံရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် လိမ္မော်ရောင် ဇွန်ဘီအမြုတေတစ်ခု ပေါ်လာ၏ ။

[ အဆင့် ၁ အမြုတေ · ရိုက်ခတ်လှိုင်း ]

[ အရည်အသွေး ။ အဆင့်မြင့် (၁၀၀%) ]

[ သန့်စင်မှု ။ ၁၀၀% (ဘေးထွက်ဆိုးကျိုး မရှိ) ]

သူ၏ ကျောပိုးအိတ်အတွင်းမှ လိမ္မော်ရောင် ဇွန်ဘီအမြုတေကို ကြည့်ကာ ဝမ်ထောင်၏ ရင်ခုန်သံများ မြန်လာလေသည် ။

သို့သော် ဝမ်ထောင်သည် စိတ်အေးအေးထားကာ ဆင်ခြင်တုံတရားကို ထိန်းချုပ်လိုက်၏ ။ ဤအရာကို ယခုအချိန်တွင် ပေါင်းစပ်ရန် မသင့်တော်သေးကြောင်း သူ သိသည် ။ ပြန်ရောက်မှသာ ပေါင်းစပ်ခြင်းက ပိုကောင်းလိမ့်မည် ။

သို့သော်လည်း ဝမ်ထောင်သည် ထိုအမြုတေကို ထုတ်ယူကာ ငေးကြည့်နေစဉ်မှာပင် ၊

သူသည် ရက်ပေါင်းများစွာ ဆာလောင်နေပြီးနောက် အရသာရှိသော အစားအစာတစ်ခုကို ရှေ့တွင် မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရကာ အလိုအလျောက်ပင် ကိုက်လိုက်မိလေ၏ ။

ထို့နောက်တွင်မူ ... လှပသော လိမ္မော်ရောင် အမြုတေကို သူ မျိုချလိုက်လေသည် ။

"..."

"သွားပြီ"

မျိုချပြီးနောက်မှသာ ဝမ်ထောင်သည် သတိပြန်ဝင်လာတော့၏ ။

သူသည် ကားကို အမြန်ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ ပြောင်းလဲမှု ရှိမရှိ စမ်းသပ်ကြည့်လိုက်သည် ။

"နည်းနည်း နွေးနေသလိုပဲ..."

ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်က အနည်းငယ် ပူတက်လာသည်ကို ခံစားရသော်လည်း ထိုမျှသာဖြစ်ပြီး အခြား ဘာမှ ထူးထူးခြားခြား မဖြစ်ပေ ။

ဤနွေးထွေးသော ခံစားချက်မှာ သုံးမိနစ်ခန့် ကြာမြင့်လေသည် ။

ထို့နောက် သူ၏ ခွန်အားမှာ အနည်းငယ် တိုးလာသည်ဟု ခံစားလိုက်ရသော်လည်း အများကြီးတော့ မဟုတ်ပေ ။

သူသည် သူ၏ အင်္ဂါရပ်များကို လျင်မြန်စွာ စစ်ဆေးလိုက်၏ ။

အမြင့်ဆုံး သွေးပမာဏမှာ ပြောင်းလဲခြင်း မရှိသော်လည်း လက်ရှိ သွေးပမာဏမှာ ၁၀ မှတ် တိုးလာပြီး [ ၆၄/၃၈၀ ] ဖြစ်နေသည် ။

သွေးဘားတန်း၏ အောက်တွင် အပြာရောင် ဘားတန်းအသစ်တစ်ခု ပေါ်လာလေသည် ။

[ ၁၀၀/၁၀၀ ]

ထိုအပြာရောင် ဘားတန်းကို မြင်သောအခါ ဝမ်ထောင်သည် တစ်ခုခုကို နားလည်သွား၏ ။

ဤအပြာရောင် ဘားတန်းမှာ စွမ်းအင်ဘားတန်းပင်ဖြစ်ရမည် ။ တုန်ခါလှိုင်းကို ထုတ်လွှတ်ရန်အတွက် ဤစွမ်းအင်ကို လိုအပ်၏ ။

ထို့နောက် ဟင်းလင်းပြင်ကျောပိုးအိတ် သင်္ကေတ၏ ဘေးတွင် လက်သီးပုံစံ သင်္ကေတငယ်တစ်ခု ပေါ်လာပြီး ထိုလက်သီးပုံစံအတွင်း၌ လှိုင်းပုံသဏ္ဌာန် သင်္ကေတတစ်ခု ပါရှိလေသည်။

[ စွမ်းရည် - တုန်ခါလှိုင်း ] ။

"ငါ တကယ်ပဲ စွမ်းအားရှင် ဖြစ်သွားတာလား"

ဝမ်ထောင်သည် ဤအခြေအနေမှာ အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရသည် ။

အဓိကမှာ သူ၏ ခန္ဓာကိုယ်တွင် ကြီးမားသော အပြောင်းအလဲများကို မခံစားရခြင်းကြောင့်ပင် ။ ဝမ်ထောင်သည် စဉ်းစားရင်း ကားပြတင်းပေါက်မှတစ်ဆင့် လေထဲသို့ လက်သီးဖြင့် အမှတ်မထင် ထိုးလိုက်လေသည် ။

ဝှမ်း....

လေထဲသို့ ထိုးလိုက်ခြင်းဖြစ်သော်လည်း ရေပြင်ကို ထိမှန်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော တုန်ခါလှိုင်းတစ်ခု ပေါ်ထွက်လာသည် ။

ထိုလှိုင်း၏ အချင်းမှာ တစ်မီတာခန့် ရှိလေ၏ ။

တစ်ချိန်တည်းမှာပင် သူ၏ အပြာရောင် ဘားတန်းမှာ ၁၀ မှတ် လျော့နည်းသွားသည် ။

သူသည် လေထဲသို့ နောက်ထပ်တစ်ကြိမ် ထိုးကြည့်ပြန်သော်လည်း ယခုတစ်ခေါက်တွင်မူ ဘာမှ ဖြစ်မလာပေ ။

"ငါ နားလည်ပြီ"

ဝမ်ထောင်သည် စွမ်းရည်ကို မည်သို့ အသုံးပြုရမည်ကို သိသွားလေပြီ ။

သူ၏ စိတ်ထဲမှ တုန်ခါလှိုင်းစွမ်းရည်ကို သုံးမည်ဟု စဉ်းစားထားသရွေ့ အသုံးပြုနိုင်မည်ဖြစ်ပြီး အသုံးမပြုလိုပါက သာမန်တိုက်ခိုက်မှုသာ ဖြစ်လိမ့်မည် ။

ထို့အပြင် သူသည် စွမ်းအင်မည်မျှ သုံးမည်ကိုလည်း အကြမ်းဖျင်း ထိန်းချုပ်နိုင်လေသည် ။ ခုနက သူသည် စွမ်းအင် အနည်းဆုံးသာ သုံးမည်ဟု စဉ်းစားလိုက်သဖြင့် ၁၀ မှတ်သာ ကုန်ဆုံးသွားခြင်းဖြစ်၏ ။

သူသည် စွမ်းအင်ကို လိုအပ်သလို အနည်းအများ သုံးနိုင်သည် ။

သို့သော် သူ၏ ခံစားချက်အရ စွမ်းအင် အနည်းငယ်သာ သုံးစွဲရန်မှာ စွမ်းရည်အပေါ် အလွန်တိကျသော ထိန်းချုပ်မှု လိုအပ်သဖြင့် သူ ယခုထိ မလုပ်နိုင်သေးပေ ။

စွမ်းအင်ကို တစ်ခါတည်း အများကြီး သုံးလိုက်ပါကလည်း ပင်ပန်းနွမ်းနယ်သည့် အခြေအနေသို့ ရောက်သွားနိုင်သလို ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်သည် ။ တစ်ကြိမ်လျှင် အများဆုံး သုံးနိုင်သော စွမ်းအင်မှာ ၂၀ ခန့်သာ ရှိပုံရ၏ ။

ထို့ကြောင့် ဤစွမ်းရည်ကို ကျွမ်းကျင်စေရန် သူ ပိုမို လေ့လာလေ့ကျင့်ရဦးမည် ။

စွမ်းရည်တူညီသော စွမ်းအားရှင်အချင်းချင်း တိုက်ခိုက်ရပါက စွမ်းရည်ကို ပိုမိုကျွမ်းကျင်သူကသာ မလွဲမသွေ အနိုင်ရလိမ့်မည် ။ သို့သော် မည်သို့ပင်ဖြစ်စေ ဝမ်ထောင်သည် ယခုအခါ စစ်မှန်သော စွမ်းအားရှင်တစ်ယောက် ဖြစ်သွားလေပြီ ။

သူသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ချင်မိသည် ။

မည်သည့် အမျိုးသားမဆို ငယ်စဉ်အခါက ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်သော စွမ်းအားမျိုး ရရှိရန် စိတ်ကူးယဉ်ဖူးကြသည် မဟုတ်ပါလား ။

သူသည် ကောင်းကင်နှင့် မြေကြီးကို မတုန်ခါစေနိုင်သေးသော်လည်း ပိုမိုသန်မာလာအောင် ကြိုးစားနေသရွေ့ အနာဂတ်တွင် အခွင့်အရေးရှိလိမ့်မည်ဟု ယုံကြည်ထားလေ၏ ။

စိတ်လှုပ်ရှားဝမ်းသာနေသော ခံစားချက်ဖြင့် ဝမ်ထောင်သည် ကိုယ်ပျောက်ဆေးရည် အာနိသင် မကုန်ဆုံးမီ တစ်မိနစ်အလိုတွင် ဟက်ပီးနက်စ် လူနေရပ်ကွက်သို့ ပြန်လည်ရောက်ရှိလာခဲ့၏ ။

"ဟင် ... ဘာတွေ ဖြစ်နေတာလဲ"

ဝမ်ထောင်သည် မျက်မှောင်ကြုတ်လိုက်မိသည် ။

တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ သတိပြုမိသွား၏ ။ တိုက်ခန်းခြံဝန်း၏ ရင်ပြင်ထဲတွင် ရှိနေသော ဇွန်ဘီများမှာ အဘယ်ကြောင့် ပျောက်ကွယ်နေသနည်း ။

ထိုရင်ပြင်ထဲတွင် ဇွန်ဘီပေါင်း နှစ်ဆယ်ကျော် ရှိနေသည်မှာ သေချာသည် ။ သူ ထွက်သွားစဉ်က ထိုဇွန်ဘီများမှာ သူ့နောက်သို့ လိုက်မလာခဲ့ကြပေ ။

တစ်စုံတစ်ယောက်က ထွက်လာပြီး ဇွန်ဘီများကို မျှားခေါ်သွားခြင်းလား ။

မဟုတ်ပေ ၊ ဇွန်ဘီများမှာ အဆောက်အအုံထဲသို့ ဝင်သွားခြင်းဖြစ်သည် ။

အဆောက်အအုံ ၄ ၏ တံခါးမှာ ပွင့်နေသည်ကို မြင်လိုက်ရသောအခါ ဝမ်ထောင်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားလေတော့သည် ။

"သေကုန်တော့မှာပဲ.."

------

အခန်း ၅၁ - ရူးသွပ်သွားခြင်း

ဟက်ပီးနက်စ် လူနေရပ်ကွက်၏ ရင်ပြင်အတွင်းရှိ ဇွန်ဘီအရေအတွက်က လျော့နည်းနေပြီဖြစ်သောကြောင့် ဝမ်ထောင်သည် သူ၏ကားကို တိုက်ခန်းဝန်းအတွင်းသို့ တိုက်ရိုက် မောင်းဝင်လိုက်တော့သည် ။

သူသည် အခွင့်အရေးကို အသုံးချကာ တိုက်ခန်းဝန်း၏ ပင်မဂိတ်တံခါးကိုလည်း သော့ခတ်လိုက်၏ ။

ထိုအချိန်တွင် ကိုယ်ပျောက်ဆေးရည်၏ အာနိသင် ကုန်ဆုံးသွားပြီး ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်အတွင်း အင်အားများ ပြန်လည်ပြည့်ဝလာသည်ကို ခံစားလိုက်ရသည်။

သူသည် လက်တစ်ဖက်တွင် ဆိတ်ခွာသံတူ ၊ အခြားလက်တစ်ဖက်တွင် ဆီပုံးကို ကိုင်ဆောင်ကာ ကားပေါ်မှ ဆင်းလာခဲ့လေသည် ။

စွမ်းရည် ရရှိထားပြီဖြစ်သဖြင့် ဝမ်ထောင်သည် ယခင်ကထက် ပို၍ ရဲတင်းလာ၏ ။

သို့သော်လည်း သူသည် အဆောက်အအုံ ၄ သို့ တိုက်ရိုက်မသွားဘဲ အဆောက်အအုံ ၁ ၊ ၂ နှင့် ၃ တို့သို့ အရင်သွားကာ ဝင်ပေါက်တံခါးများကို ပိတ်လိုက်လေသည် ။

ထိုအဆောက်အအုံများအတွင်း၌ ဇွန်ဘီများ ကျန်ရှိနေသေးသည်မှာ သေချာသည် ။ တံခါးများ ပိတ်နေစဉ်အတွင်း လှေကားပေါ်မှ ဆင်းလာသော ဇွန်ဘီများ၏ အသံကိုပင် သူ ကြားနေရ၏ ။

ဝမ်ထောင်သည် လောလောဆယ်တွင် ၎င်းတို့ကို ကိုင်တွယ်ရန် အချိန်မရှိသေးပေ ။ သို့သော် သူ တိုက်ခိုက်နေစဉ်အတွင်း ထိုဇွန်ဘီများ နောက်မှ ရောက်လာပြီး ချောင်းမြောင်းတိုက်ခိုက်ခြင်းကို တားဆီးရန် လိုအပ်သည် ။

တိုက်ခန်းဝန်း၏ ဂိတ်တံခါးကို လုံခြုံစွာ ပိတ်လိုက်ပြီဖြစ်သလို အဆောက်အအုံ သုံးခု၏ တံခါးများကိုလည်း ပိတ်ထားပြီးဖြစ်ရာ ယခုအခါ အဆောက်အအုံ ၄ အတွင်းရှိ ဇွန်ဘီများသာ ကျန်တော့သည် ။

ဝမ်ထောင်သည် အဆောက်အအုံ ၄ ၏ ဝင်ပေါက်သို့ တည်ငြိမ်စွာရောက်လာ၏ ။

လှေကားခွင်အတွင်းရှိ ဇွန်ဘီများကို ကြည့်ကာ သူ အထဲသို့ မဝင်ဘဲ ဝင်ပေါက်တံခါး အပေါ်ရှိ အမိုးစွန်းပေါ်သို့ ခိုတက်လိုက်လေသည် ။

ထို့နောက် ဆိတ်ခွာသံတူဖြင့် သတ္တုဆီပုံးကို အသာအယာ ခေါက်လိုက်၏ ။

ဒေါက် ၊ ဒေါက်..

ခေါက်သံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူသွားလမ်းရှိ ဇွန်ဘီများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်လေသည် ။

"ဂါး...ဂါး.."

ဇွန်ဘီများသည် တစ်ကောင်ပြီးတစ်ကောင် အသံလာရာ အပြင်ဘက်သို့ လိုက်လာကြကုန်၏ ။ အပြင်သို့ ရောက်သောအခါ ဝမ်ထောင်ထံမှ လူသားရနံ့ကို ရရှိသွားပုံရပြီး ၎င်းတို့မှာ တဖြည်းဖြည်း ရူးသွပ်လာကြလေသည် ။

သို့သော်လည်း ဝမ်ထောင်မှာ ယခုအခါ ပင်မတံခါးအပေါ်ရှိ အမိုးစွန်းပေါ်တွင် ရောက်နေခြင်းဖြစ်သည် ။ ဇွန်ဘီများမှာ သူ့ထံသို့ မတက်နိုင်ဘဲ အောက်ဘက်မှသာ သူတို့၏ အချည်းနှီးသော ဒေါသများကို ဖော်ပြနေကြ၏ ။

ခဏအကြာတွင် သူ၏ ခြေရင်း၌ ဇွန်ဘီများ ပိုမိုစုဝေးလာလေသည် ။ပါးစပ်ကြီးများဖြဲကာ တဂီးဂီးအော်ပြီး စုပြုံနေသော ရုပ်ဆိုးဆိုးဇွန်ဘီ အကောင် ၂၀ သို့မဟုတ် ၃၀ ခန့်မှာ ကြည့်ရသည်မှာ အတော်လေး ထိတ်လန့်စရာ ကောင်းလှ၏ ။

အကယ်၍ ဝမ်ထောင်သာ ယခုအချိန်တွင် အောက်သို့ ပြုတ်ကျသွားပါက မလွဲမသွေ သေဆုံးရမည်ဖြစ်သည် ။

သို့သော် ဝမ်ထောင်သည် ထိတ်လန့်ခြင်း မရှိပါ ။

အချိန်အခါ ကောင်းပြီဟု ယူဆလိုက်သောအခါ သူသည် သူ့ထံမှ နှစ်မီတာခန့် ဝေးသော ဒုတိယထပ်ရှိ ပွင့်နေသော ပြတင်းပေါက်တစ်ခုကို လှမ်းကြည့်လိုက်သည် ။

၎င်းမှာ သူ မထွက်ခွာမီက ဖွင့်ထားခဲ့သော အခန်း ၂၀၁ ၏ ပြတင်းပေါက်ပင် ။သူက လိုလိုမယ်မယ်ဖွင့်ခဲ့ရာ ယခုတော့ အသုံးဝင်လာခဲ့လေပြီ။

ဝမ်ထောင်သည် ပထမဦးစွာ ဆီပုံးကို အထဲသို့ ပစ်သွင်းလိုက်ပြီးနောက် သူ၏ အင်္ကျီကို ချွတ်လိုက်ရာ အမာရွတ်များဖြင့် ပြည့်နှက်နေသော ကြွက်သားအဖုအထစ်များရှိသည့် ကိုယ်အပေါ်ပိုင်း ပေါ်လာလေသည် ။

အင်္ကျီကို ချွတ်လိုက်သည်နှင့် လူသားသွေးနံ့မှာ ပိုမိုပြင်းထန်လာပုံရပြီး အောက်ရှိ ဇွန်ဘီများမှာ ပိုမိုသောင်းကျန်းလာကြ၏ ။

ဝမ်ထောင်သည် သွေးစွန်းနေသော အင်္ကျီကို ချက်ချင်း လွှင့်ပစ်လိုက်လေသည် ။

"ဂရား ..."

"ဂီး..ဂီး.."

ရနံ့ကို ရသည်နှင့်တစ်ပြိုင်နက် ဇွန်ဘီများသည် အင်္ကျီဆီသို့ ချက်ချင်း အလုအယက် ပြေးဝင်သွားကြ၏ ။

ထိုအချိန်တွင် ဝမ်ထောင်သည် ပြတင်းပေါက်ဆီသို့ ခုန်လွှားကာ လွယ်ကူစွာပင် အထဲသို့ ဝင်လိုက်လေသည် ။

အတွင်းသို့ ရောက်သောအခါ ဝမ်ထောင်သည် သူ၏ ပစ္စည်းများကို ကောက်ယူကာ တံခါးဆီသို့ ပြေးသွားပြီး အတွင်းမှနေ၍ ဖွင့်လိုက်၏ ။

"ဂီး ..."

တံခါးကို ဖွင့်လိုက်သည်နှင့် လက်တစ်ဖက် ပြတ်နေသော ဇွန်ဘီတစ်ကောင်မှာ ဝမ်ထောင်ထံသို့ ရုတ်တရက် ပြေးဝင်လာလေသည် ။

ဝမ်ထောင်က တံခါးဖွင့်သည်နှင့် တိုက်ခိုက်ခံရနိုင်ချေရှိသည်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ မကြည့်ဘဲနှင့်ပင် ခြေတံရှည်ကြီးဖြင့် ဆောင့်ကန်ထုတ်လိုက်၏ ။

ဘုန်း ...

ဇွန်ဘီမှာ အခန်း ၂၀၂ ၏ တံခါးဆီသို့ လွင့်ထွက်သွားလေသည် ။

ထိုအခါမှသာ ဝမ်ထောင်သည် သေချာကြည့်ရန် အချိန်ရတော့ပြီး ချက်ချင်းပင် ကျိန်ဆဲလိုက်မိ၏ ။

"တောက် ... ဖြစ်မှဖြစ်ရလေကွာ.."

သူ ခုနက ကန်ထုတ်လိုက်သော ဇွန်ဘီမှာ အမှန်စင်စစ် ထိပ်ပြောင်ဦးလေး ဖြစ်နေသည်။

ထိပ်ပြောင်ဦးလေးသည် ပြန်လည်ရုန်းထလာပြီး သူ့ထံသို့ ထပ်မံပြေးဝင်လာသောအခါ ဝမ်ထောင်သည် ဘေးသို့ ရှောင်လိုက်လေသည် ။

ထို့နောက် အရှိန်ကို အသုံးချကာ တွန်းထုတ်လိုက်ရာ အခန်း ၂၀၁ အတွင်းသို့ ရောက်သွားသဖြင့် တံခါးကို အမြန်ပိတ်ကာ သော့ခတ်လိုက်လေ၏ ။

ယင်းနောက် သူသည် လှေကားလက်ရန်းမှတစ်ဆင့် ပထမထပ်သို့ တိုက်ရိုက် ခုန်ဆင်းလိုက်သည် ။

အပြင်ဘက်ရှိ ဇွန်ဘီများမှာ လူတစ်ယောက် လူသွားလမ်းမှ ရုတ်တရက် ခုန်ဆင်းလာလိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် ကြောင်အသွားပုံရ၏ ။

ဝမ်ထောင်ကတော့ ရှေ့ရှိ ဇွန်ဘီအုပ်စုကို ကြည့်ကာ လုံးဝ ထိတ်လန့်ခြင်းမရှိဘဲ ဝင်ပေါက်တံခါးကို ဘုန်းခနဲမြည်အောင် ပိတ်လိုက်လေသည် ။

ထို့နောက် သူ၏ နောက်ကွယ်မှ အော်ဟစ်သံ အမျိုးမျိုးကို လျစ်လျူရှုကာ အပေါ်ထပ်ရှိ အခန်း ၄၀၁ အတွင်းသို့ ပြေးတက်သွားတော့သည် ။

ဒုတိယ အိပ်ခန်းတံခါးရှေ့တွင် ...။

ဖြူဖျော့ဖျော့နှင့် ပညာတတ်ပုံစံ ပေါက်သော်လည်း ရောဂါသည်ကဲ့သို့ ဖြစ်နေသော မျက်မှန်နှင့်လူတစ်ယောက်မှာ ကြမ်းပြင်ပေါ်တွင် ထိုင်နေ၏ ။

သူသည် မီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ကာ တံခါးကို ခေါက်နေရင်း လက်ထဲမှ ကျန်ရှိနေသော နောက်ဆုံး ပေါင်မုန့်တစ်ချပ်ကို စားကာ အားအင်ချိနဲ့စွာဖြင့် ပြောလိုက်သည် ။

"အလှလေး ... တံခါးဖွင့်ပေးပါ ။ ငါ မင်းကို မသတ်ဘူးလို့ ကတိပေးပါတယ်"

အတွင်းမှ မည်သူမျှ ပြန်မဖြေပေ ။

"အလှလေး ... ငါ့ကို ယုံစမ်းပါ ။ ငါ တကယ်ပဲ ဟိုဦးလေးကြီးကို တမင်သက်သက် သတ်ခဲ့တာ မဟုတ်ပါဘူး ။ ငါလည်း အကျပ်ကိုင်ခံခဲ့ရလို့ပါ"

သို့သော်လည်း မည်သူမျှ ပြန်မထူးသေးပေ ။

"အလှလေး ... ငါ မင်းကို အခွင့်အရေး ပေးနေတာနော် ။ မင်းဘာသာမင်း တံခါးဖွင့်လိုက်ပါ ။ မဟုတ်ရင်တော့ ... ငါ့ကို အပြစ်မတင်နဲ့တော့"

"မင်း ဘာကို စောင့်နေတာလဲ ။ သူ့ဘာသာသူ ထွက်ပြေးသွားတဲ့ မင်းယောက်ျားကို စောင့်နေတာလား ။ မေ့လိုက်စမ်းပါ ။ ဘယ်သူမှ မင်းကို လာကယ်မှာ မဟုတ်ဘူး ။ မင်းရဲ့ ကံကြမ္မာကို လက်ခံလိုက်စမ်းပါ ။ ငါနဲ့အတူ နေမယ်ဆိုရင် မင်း မသေစေရဘူးလို့ ငါ ကတိပေးတယ်"

"တောက် ... နင်လို မိန်းမယုတ် ။ နင် သေချာပေါက် သေချင်စိတ် ပေါက်သွားစေရမယ် ။ နင် ငါ့လက်ထဲမှာ သေသွားစေရမယ်"

မျက်မှန်နှင့်လူ၏ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ရူးသွပ်နေသော လူတစ်ယောက်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလာလေသည် ။

သူ စကားပြောပြီးသည်နှင့် အိပ်ခန်းအတွင်းမှ တိုးညှင်းသော ငိုသံအချို့ကို ကြားလိုက်ရ၏ ။

ထိုအသံကို ကြားသောအခါ မျက်မှန်နှင့်လူသည် သူ၏ အသံကို ချက်ချင်း ပြန်ပြောင်းလိုက်ပြန်သည် ။

"မင်းသာ တံခါးကို ကိုယ်တိုင်ဖွင့်ပေးရင် ငါ ကတိပေးတယ် ။ မင်း ငါ့မိန်းမအဖြစ် နေမယ်ဆိုရင် ငါ မင်းကို မသတ်ပါဘူး ။ ငါ မင်းကို ကောင်းကောင်း ထားပါ့မယ်"

တံခါးမှာ ပွင့်မလာသေးသည်ကို မြင်သောအခါ မျက်မှန်နှင့်လူသည် ထပ်မစောင့်ချင်တော့ပေ ။

သူသည် နံရံကို အမှီပြုကာ ထရပ်လိုက်ပြီးနောက် မီးဖိုချောင်သုံးဓားကို ကောက်ယူကာ တံခါးသော့ကို စတင် ခွာလေတော့သည် ။

"တောက် ... မိန်းမယုတ် ၊ စောင့်နေလိုက်စမ်း ။ မင်းကို ဖမ်းမိတာနဲ့ ငါ မင်းရဲ့ အဝတ်အစားတွေကို အကုန်ချွတ်ပစ်မယ် ၊ မင်းကို အပိုင်းပိုင်း တုံးပစ်မယ် ၊ ပြီးရင် ဇွန်ဘီတွေဆီ ပစ်ကျွေးမယ် ၊ မင်းကို သေအောင် နှိပ်စက်ပစ်မယ်..."

မျက်မှန်နှင့်လူသည် သူ့ဘာသာသူ ရေရွတ်နေစဉ်မှာပင် အိမ်ရှေ့တံခါးဘက်မှ အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏ ။

"ဟက် ... ဒီဇွန်ဘီ အူတူတူတွေ ထပ်ရောက်လာပြန်ပြီလား -"

မျက်မှန်နှင့်လူ၏ စကားများမှာ ရုတ်တရက် ရပ်တန့်သွားသည် ။

သူ၏ အိမ်ရှေ့တံခါးမှာ သူမဖွင့်ဘဲ ပွင့်နေသည်ကို သူ သတိထားမိသွားခြင်းပင် ၊

ဂလု ..

မျက်မှန်နှင့်လူသည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီးနောက် မီးဖိုချောင်သုံးဓားကို တင်းတင်းဆုပ်ကိုင်ကာ နံရံကို ကပ်လျက် တံခါးဆီသို့ တုန်တုန်ရင်ရင် လျှောက်သွားလေသည် ။

ရုတ်တရက် ထွားကျိုင်းသော အရိပ်မည်းကြီးတစ်ခု အထဲသို့ ပြေးဝင်လာ၏ ။

မျက်မှန်နှင့်လူ သေချာမမြင်ရသေးမီမှာပင် သူ၏ ခြေထောက်များမှာ မြေပြင်မှ လွတ်ထွက်သွားသည်ကို ခံစားလိုက်ရလေသည် ။

"အု ... အု ..."

ဝမ်ထောင်သည် လက်တစ်ဖက်တည်းဖြင့် လည်ပင်းကို ညှစ်၍ မထားသော ထိုလူကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည် ။ တစ်ဖက်လူမှာ အသက်ရှုရ အလွန်ခက်ခဲလာသည်ကို မြင်သောအခါ ဝမ်ထောင်သည် လက်ကို လွှတ်လိုက်ရာ မျက်မှန်နှင့်လူမှာ ကြမ်းပြင်ပေါ်သို့ ခွေကျသွားလေ၏ ။

ဝမ်ထောင်သည် ထိုလူ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ တစ်ချက် ကန်လိုက်သည် ။ ထိုလူမှာ အသက်ငင်နေသော အခြေအနေသို့ ရောက်သွားသည်ကို မြင်မှသာ ဝမ်ထောင် လွှတ်ထားလိုက်တော့သည် ။

ထို့နောက် ဝမ်ထောင်သည် ဒုတိယ အိပ်ခန်းတံခါးဆီသို့ သွားကာ ခေါက်လိုက်၏ ။

"တံခါးဖွင့် ... ငါ ပြန်လာပြီ"

အတွင်းမှ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ ။

ဝမ်ထောင်သည် စကားအရှည်ကြီး မပြောတော့ပေ ။ သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီးနောက် ပြင်းထန်သော ကန်ချက်တစ်ချက် ပေးလိုက်လေသည် ။

ဘုန်း ..

အိပ်ခန်းတံခါးမှာ ပွင့်ထွက်သွားတော့၏ ။

"အား ..."

အခန်းထောင့်မှနေ၍ အက်ရှရှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည် ။

ဖရိုဖရဲ ဖြစ်နေသော ဆံပင်များဖြင့် အမျိုးသမီးကို ကြည့်ကာ ဝမ်ထောင်သည် လျှောက်သွားလိုက်၏ ။

"ငါ့ကို မသတ်ပါနဲ့ ... ငါ့ကို မသတ်ပါနဲ့ ... ငါ မသေချင်သေးဘူး ..."

ကြမ်းပြင်ပေါ်တွင် ထိုင်နေသော တင်ယွီချင်သည် သူမ၏ လက်ခြေများကို ရူးသွပ်စွာ ယမ်းခါနေလေသည် ။

ဝမ်ထောင်သည် ဒူးထောက်ထိုင်ချလိုက်ကာ တင်ယွီချင်၏ လက်များကို လွယ်ကူစွာ ဖမ်းဆီးလိုက်သည် ။ ထို့နောက် သူမ၏ မေးစေ့ကို ကိုင်ကာ ခေါင်းကို မော့စေလိုက်၏ ။

"မရီး ... ဒါ ကျွန်တော်ပါ"

တင်ယွီချင်သည် ထိတ်လန့်တကြား လှမ်းကြည့်လိုက်လေသည် ။

ဒဏ်ရာ အမာရွတ်များဖြင့် ပြည့်နှက်နေသော ကြံ့ခိုင်သည့် ကိုယ်အပေါ်ပိုင်း ဗလာကျင်းနေကာ ပျက်စီးနေသော မျက်နှာဖုံးကို တပ်ဆင်ထားသည့် ထွားကျိုင်းသော လူရိပ်ကြီးတစ်ခုကို သူမ မြင်လိုက်ရ၏ ။

သူမသည် ချက်ချင်းပင် မှင်တက်သွားကာ သူမ၏ မျက်လုံးများကို မယုံကြည်နိုင်သလို ပွတ်သပ်ကြည့်နေမိသည် ။

"ဝမ် ... ဝမ်ထောင်လား"

"ဟုတ်တယ် ... ကျွန်တော်ပါ"

"ဝမ်ထောင် ။ အီး ... တကယ်ပဲ မင်းလား ။ မင်း ငါ့ကို ထားခဲ့ပြီလို့ ထင်နေတာ ။ ငါ သေတော့မယ်လို့ ထင်နေတာ ။ ငါ အိပ်မက် မက်နေတာ မဟုတ်ဘူးမလား ..."

တင်ယွီချင်သည် ဝမ်းသာအားရ ငိုကြွေးလိုက်ပြီး စကားများမှာလည်း ဖရိုဖရဲ ဖြစ်နေလေသည် ။

ဝမ်ထောင်သည် သူမ၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်၏ ။

"မရီး ... ဒါ ကျွန်တော်ပါ ။ ကျွန်တော် ပြန်လာပြီ"

ဝမ်ထောင် လက်ကမ်းပေးလိုက်သည်ကို မြင်သောအခါ တင်ယွီချင်သည် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာလေသည် ။

"ဟီး ... မင်း ... မင်း မလာတော့ဘူး ထင်နေတာ..."

ဝမ်ထောင်သည် တင်ယွီချင်၏ ကျောကို ပုတ်ပေးရင်း သူမကို ထရပ်ရန် ကူညီပေးလိုက်သည် ။ ထို့နောက် သူက မေးလိုက်၏ ။

"ဒီမှာ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ ။ မရီးက ဘာလို့ ဒီရောက်နေတာလဲ ။ ပြီးတော့ အပြင်က ကောင်ကရော ဘာကိစ္စလဲ"

ထိုအကြောင်းကို ပြောလိုက်သည်နှင့် တင်ယွီချင်မှာ တစ်ဖန် ပြန်၍ တင်းမာသွားပြန်သည် ။

"အဲ့ဒီလူက ရူးနေတာ ။ သူက ဇွန်ဘီတွေကို ဒီကို မျှားခေါ်လာတာ ။ သူက ငါတို့ကို သတ်ချင်နေတာ ။ ထိပ်ပြောင်ဦးလေးက ငါ့ကို ကယ်ခဲ့လို့သာ ... အင့် ..."

[ အပိုင်းများက တိုနေသောကြောင့် စာဖတ်သူများ မနစ်နာစေရန် ၁ ပိုင်းအပိုထည့်ပေးထားခြင်းဖြစ်ပါသည်။]

—---------

All Chapters