သား ၊ အဖေတို့မှာ အခု ပိုက်ဆံရှိပြီ
Vol. 29 Ch. 290
စောနလေးတင် ကြည့်ရှုသူများက [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများသည် လူချမ်းသာများ ဖြစ်ရမည်ဟု အရွှန်းဖောက်နေခဲ့ကြ၏။
မဟုတ်ဘူးဆိုလျှင် Mayo Clinic သို့ ဆေးသွားကုနိုင်မှာ မဟုတ်ပေ။
ထိုနေရာက ရောဂါပြင်းထန်လေ၊ ပေးရသည့်တန်ကြေးက ပိုများလေ ဖြစ်၏။
တစ်စုံတစ်ဦးက ဓာတုကုထုံးကို စတင် ခံယူသည်နှင့် ငွေများက ရေစီးသည်ထက်ပင် ပိုမိုမြန်ဆန်စွာ ထွက်ခွာသွားလိမ့်ဦးမည်။
မိမိက ငွေကို ရေလို မဖြုန်းနိုင်သေးသရွေ့၊ ထိုနေရာသို့ သွားဖို့ စိတ်ကူးမယဉ်တာ အကောင်းဆုံး ဖြစ်၏။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က သူ့မိသားစုသည် နွမ်းပါးပြီး အိမ်ကလည်း တန်ကြေးဘယ်လောက်မျှ မရှိ ဆိုသည့် ပြောစကားကို ကြားတော့ တစ်ခုခုတော့ လွဲမှားနေလေပြီ။ ကြည့်ရှုသူများမှာ နားဝေတိမ်တောင် ဖြစ်နေမိကြ၏။
ဘယ်လို စီးပွားရေး လုပ်ငန်းတွေများ လုပ်လိုက်လို့ မိသားစုက အဲ့လောက်တောင် ကြွယ်ဝချမ်းသာသွားရတာလဲ …
ထီပေါက်တာများလား … မဖြစ်နိုင်ပေ။
အခြားသူများ သဘောတူလျှင်ပင် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ကတော့ ရှုပ်ထွေးနေဆဲ ဖြစ်၏။
သူ့ရင်ဘက်သူ လက်သီးဖြင့်ထုရင်း ချောင်းဆိုးနေသည်ကို အတင်းအကြပ် ရပ်တန့်လိုက်ရသည်။
“ ဒေါက်တာချန် .. ငါ့ကို အမြန်လေး ပြောပြစမ်းပါ … ငါ့မိဘတွေ အဲ့ပိုက်ဆံကို ဘယ်ကနေ ဘယ်လို ရခဲ့တာလဲ ….”
ထိုသို့ ပြောပြီးနောက် သူ့စကားက ကြည့်ရှုသူများအတွက် အနည်းငယ် အထင်လွဲချင်စရာ ဖြစ်နေသည်ကို ခံစားမိတော့ ထပ်ဖြည့်ပြီး ပြောလိုက်သည်။
“ ကြည့်ရှုသူတို့ … ငါက ငွေမက်လို့ မေးနေတာ မဟုတ်ဘူးနော်… ဒီတိုင်း သိချင်ရုံလေးပဲ …”
“ ငါ့မိဘတွေက ရိုးသားတဲ့ သာမန်လူတန်းစားတွေ …. သူတို့မှာ စီးပွားရေး ပါရမီဆိုတာလည်း မရှိဘူး ….”
“ အခု ကြည့်ရှုသူတွေက မင်းရဲ့ မေးခွန်းကို ဖြေပေးနိုင်တယ် ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်၏။
“ ??? “
ကြည့်ရှုသူများလည်း ရှုပ်ထွေးသွားခဲ့တော့သည်။
ချန်ယွီ့က ဘာကြောင့် သူတို့ကို ထပ်ပြီး ဝေခွဲမရ ဖြစ်အောင် လုပ်နေလဲဆိုတာ နားမလည်နိုင်တော့ပေ။
“ ဒီရဲ့လူနာ …. သူတို့ကို မင်းရဲ့ နာမည် အရင်း ပြောပြလိုက် … ဒါဆို မင်းလိုချင်တဲ့ အဖြေ ရသွားလိမ့်မယ် ….”
“ မပူနဲ့ … မင်းက ဝရမ်းပြေးတစ်ယောက် မဟုတ်တော့ တစ်ခြားလူတွေ မင်းကိုလာဖမ်းမှာ ပူစရာ မလိုတော့ဘူး ….”
“ ငါ့နာမည်က …..”
သူ့နာမည်ကို ပြောတော့မည့် အချိန်မှာပဲ ရုတ်တရက် သူ့ပါးစပ်ကို ပြန်ပိတ်လိုက်သည်။
စိတ်မရှည်သည့် ကြည့်ရှုသူ တော်တော်များများက တိုးလို့တန်းလန်း ချန်ထားရကောင်းလားဆိုပြီး ဝိုင်းဆဲနေကြတော့လေသည်။
လူသတ်မှုဆိုသည်မှာလည်း မှားယွင်းယူဆမှု တစ်ခုသာ ဖြစ်ခဲ့သည်။
ထို့ပြင် ဤ လိုက်စထွင်းကို ကြည့်ရှုနေကြသည့် ကြည့်ရှုသူ အရေအတွက်က ၁၀ သန်းကျော်ပြီး [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည်လည်း သူ ပြောသင့်သည်ရော၊ မပြောသင့်သည်များကိုပါ အကုန် ထုတ်ပြောခဲ့ပြီး ဖြစ်၏။
အဘယ်ကြောင့် သူ့နာမည်လေးကျတော့မှ ဖုံးကွယ်နေရသနည်း။
“ ကောင်းပြီ ကောင်းပြီ … ငါ မင်းတို့ကို ပြောမယ် …”
ခေတ္တကြာအောင် တုံ့ဆိုင်းပီဲးနောက် သူ့နာမည်ကို ထုတ်ပြောလိုက်တော့သည်။
“ ဒါ မင်းရဲ့ အွန်လိုင်းနာမည် မဟုတ်တာတော့ သေချာပါတယ်နော်…”
“ စီးမာရီ : ငါသိက္ခာကို တိုင်တည်ပြီး မင်းကို မသတ်ဘူးလို့ ကတိပေးတယ် … ငါ့ဆီ ပြန်လာခဲ့စမ်း ….”
“ ‘ရှု’အတွက် ‘ဝေ့’ကို စွန့်ပစ်ခဲ့တယ် … ငါ့မှာ နောင်တမရှိဘူး ….”
“ ဝေ့ကို တက်တက်ကြွကြွနဲ့ တိုက်ခိုက်နေကြတဲ့ကောင်တွေက ချောင်မိသားစု မျိုးဆက်တွေချည်းပဲ ….”
“ ဟားဟား … ငါရယ်သေ ….”
“ ညီကို … မင်းရဲ့ ဒီနာမည်က ရှေးကလူတွေလည်း မပေးရဲဘူး ၊ ခုခေတ်လူတွေလည်း မပေးကြတော့ဘူးဆိုတာ ကျိန်းသေတယ် …”
အမျိုးသား ကြည့်ရှုသူများကတော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ နာမည်ကို ဟာသတွေလုပ်ရင်း အပျော်ကြီး ပျော်နေကြစဉ် အမျိုးသမီး ကြည့်ရှုသူများမှာတော့ ဦးခေါင်းထက်တွင် မေးခွန်းသင်္ကေတများနှင့် ပြည့်နှက်လို့နေသည်။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ရဲ့ နာမည်အရင်းက အဲ့လောက် ထူးခြားနေလို့လား …
မဟုတ်ဘူးဆိုရင် ဒီလောက်ထိ အုတ်အုတ်ကျက်ကျက် ဖြစ်စရာအကြောင်း ရှိမှာမဟုတ်ဘူး …
“ အားလုံးပဲ … ငါ့ကို မရယ်ကြပါနဲ့ … ငါ့နာမည် ‘ရှဟိုပါ’က မင်းတို့ ထင်နေတဲ့ ‘ရှဟိုပါ’နဲ့ မတူဘူး … “
“ ငါက သာမန်ထဲက သာလွန်သူဆိုတဲ့ ‘ပါ’(拔) ၊ အာဏာရှင်ဆန်တဲ့ ‘ပါ’(霸) မဟုတ်ဘူး ….”
ရှဟိုပါက သူ့နာမည်၏ အဓိပ္ပာယ်ကို ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်ရသည်။
သူ့နာမည်က နာမည်ကျော် သုံးပြည်ထောင်စစ်သူကြီး ရှဟိုပါနှင့် အသံထွက်ချင်း ဆင်တူနေသော်လည်း စာလုံးပေါင်းကတော့ ကွဲသည်။
သူ့မိဘများက ‘ပါ’ကို သာမန်ထဲက သာလွန်သူဟူသော စကားလုံး အဓိပ္ပာယ်ဖြင့် မှည့်ထားပေးခဲ့သည်။ သူ့ကို ထူးချွန်သည့် သားတစ်ယောက် ဖြစ်ဖို့ရာ အတွက် မျှော်မှန်းထားခဲ့ကြ၏။
( ဒါက လူနာရဲ့ ရှဟိုပါ 夏侯'拔'
ဒါကတော့ စစ်သူကြီး ရှဟိုပါ 夏侯'霸')
“ ရှဟိုပါ … ဘုရားရေ .. အဲ့ဒီ မုန့်ဆိုင် ဘရန်းခွဲ နာမည်တော့ မဟုတ်ဘူးမလား …”
“ ငါကြားမိတာတော့ အဲ့ဘရန်းက အရင်းနှီးတိုးတာကို နှစ်ကြိမ်ပဲ လုပ်ရသေးတာတဲ့နော်… အဲ့တာတောင် ပိုင်ဆိုင်မှုက ၃ ဘီလီယမ်လောက်အထိ မြင့်တက်သွားသေးတယ် ….”
“ ပြဿနာက ရှင်းသွားပြီ … သူ့မိဘတွေက အဲ့ဘရန်းရဲ့ ပိုင်ရှင်တွေဆိုတာ ကျိန်းသေတယ် ….”
“ ငါ အဲ့ဆိုင်မှာ ပထမဆုံး ဈေးဝယ်တုန်းက နာမည်ကို ဘာလို့ အဲ့နာမည်ကြီး ပေးလဲဆိုပြီး ထူးဆန်းနေတာ အခုမှပဲ သဘောပေါက်တော့တယ် ….”
“ ငါလည်းသိတယ် … သားသမီးကိုချစ်တဲ့ မိဘတွေဆိုတဲ့အတိုင်းပါပဲလား ….”
ကြည့်ရှုသူများ ပြောနေကြသည့် ဆိုင်က နိုင်ငံထဲ နာမည်ကြီး ပေါင်မုန့်ဆိုင်တစ်ဆိုင်ကိုပင်။
ရှဟိုပါ ပေါင်မုန့်ဆိုင်။
ပေါင်မုန့်ဆိုင်ကို လွန်ခဲ့သော ဆယ့်နှစ်ခန့်က တည်ထောင်ခဲ့တာ ဖြစ်ပြီး ၎င်း၏ ထူးဆန်းသည့် နာမည်ကြောင့် စစဖွင့်လှစ်ခြင်းမှာပဲ လူတော်တော်များများကို ဆွဲဆောင်သွားခဲ့သည်။
အစတုန်းကတော့ ဧည့်သည်များက ဆိုင်ကို ဘာတွေများ ထူးဆန်းနေမလဲဆိုပြီး လာကြည့်ကြတာဖြစ်၏။
သို့သော်လည်းပဲ သူတို့ဆိုင်က လုပ်သည့် ပေါင်မုန့်များက အမှန်တကယ် အရသာရှိနေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။
အချိန်အတန်ကြာပြီးသည့်နောက် ပေါင်မုန့်ဆိုင်က အမာခံ ဖောက်သည်အများအပြားကို ရရှိလာခဲ့သည်။
နောက်ပိုင်းတွင် ဆိုင်ပိုင်ရှင်က စီရင်စု မြို့တော်တွင် ဆိုင်ခွဲတစ်ခုကို ဖွင့်လှစ်လိုက်၏။
ထိုဒေသခံများကလည်း ထပ်ပြီး သိချင်စိတ် ပြင်းပြသွားကြပြန်သည်။
နှစ်အနည်းငယ်ကြာပြီးသည့်နောက်တွင် စထွင်းမင်း လုပ်ငန်းများ တွင်ကျယ်လာပြီး စထွင်မာ အမြောက်အများ မွေးဖွားလာခဲ့ကြသည်။
ထူးဆန်းသည့် ဆိုင်နာမည်နှင့် အရသာရှိသည့် ၎င်း၏ ပေါင်မုန့်ကြောင့် ရှဟိုပါဆိုင်က စထွင်မာ အမြောက်အများအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်လာသည်။
စီးပွားရေးကလည်း ကောင်းသထက် ကောင်းမွန်လာပြီး ရှဟိုပါ ပေါင်မုန့်ဆိုင်က ပို၍များပြားသည့် ဆိုင်ခွဲများ ထပ်မံဖွင့်လှစ်ဖို့ အကြောင်းဖန်လာခဲ့သည်။
၎င်း၏ ဆိုင်ခွဲများက နိုင်ငံ၏ အဓိကမြို့ကြီးများတွင် နေရာအနှံ့ ပျံ့နှံ့နေသည်။
ထူးဆန်းသည့်နာမည်၊ ဈေးသက်သာပြီး အရသာရှိသည့် မုန့်များက ဖောက်သည်အမြောက်အများကို ဆွဲဆောင်နိုင်ခဲ့သည်။
ထို့အတွက်ကြောင့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများက တံခါးလာခေါက်ကြသည်။
ဤသို့သော အဟုန်နှင့် ရှဟိုပါ ပေါင်မုန့်ဆိုင်က ဈေးကွက်တန်ဖိုး သုံးဘီလီယမ်နီးနီးအထိ ရောက်ရှိလာသည်။
“ ဒေါက်တာချန် … အဲ့ဒီဆိုင်ရဲ့ ပိုင်ရှင်တွေက တကယ်ပဲ ငါ့မိဘတွေလား … သူတို့က တကယ်ပဲ အဲ့လောက် ချမ်းသာကြတာလား …”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က အလျင်စလို မေးမြန်းလိုက်သည်။
“ ဘရန်းပိုင်ရှင်တွေက တကယ်လည်း မင်းရဲ့ မိဘတွေ ဟုတ်တယ် ….”
“ သူတို့တွေ မင်းနာမည်ကို ဆိုင်နာမည် သုံးလိုက်တာက ထူးဆန်းတဲ့ နာမည်နဲ့ ဈေးကွက်ထိုးဖောက်ဖို့ မဟုတ်ဘဲ မင်းကို ရှာဖွေဖို့ပဲ ….”
“ မင်းမိသားစုရဲ့ မျိုးရိုးနာမည်က ရှဟို … ဒီရဲ့ မျိုးရိုးနာမည်က ရာနဲ့ချီတဲ့ မျိုးရိုးနာမည်ထဲမှာ အတော်လေး ရှားတယ် ….”
“ တစ်နေ့ … မင်း သူတို့ဆိုင်ရှေ့က ဖြတ်သွားမိပြီး ဆိုင်နာမည်ကို မြင်ရင် ဒီဆိုင်က မင်းမိဘတွေရဲ့ဆိုင်ဖြစ်တယ်ဆိုတာ ခန့်မှန်းမိအောင်လို့ပဲ ….”
“ တစ်ခြားမြို့နယ်တွေမှာ ဆိုင်ခွဲတွေ ဆက်ပြီး ဖွင့်လှစ်နေတယ်ဆိုတာကလည်း မင်းကို ရှာဖို့အကြောင်းပြချက်ကြောင့်ပဲ ….”
ချန်ယွီ့၏ ဖြည်းညင်းနှေးကွေးစွာ ပြန်ပြောင်းပြောပြမှုကို နားထောင်ပြီးနောက် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်] မိသားစု၏ နှစ်ပေါင်းများစွာကြာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုများက လူတိုင်း၏ မျက်လုံးရှေ့သို့ မြင်ယောင်လာခဲ့သည်။
လွန်ခဲ့သော ဆယ့်နှစ်နှစ်က တစ်ခုသောနေ့တွင် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် အိမ်သို့ ရေးကြီးသုတ်ပျာနှင့်ပြေးလာခဲ့သည်။
အသက်ပင် ဝဝ မရှူနိုင်သေးဘဲ သူ့မိဘများကို သူ မတော်တဆ လူသတ်မိခဲ့ကြောင်း ပြောပြသည်။
မိဘများက နိုင်ငံ့ဥပဒေကို လေးစားလိုက်နာသည့် နိုင်ငံသားကောင်းများပင်။ စာအများကြီး မလေ့လာခဲ့ရသော်လည်း ငွေကြွေးနှင့် အသက်ကြွေးကို ပြန်ပေးဆပ်ရမည်ဟူသော နိယာမကိုတော့ နားလည်သဘောပေါက်ကြသည်။
ရာဇဝတ်ဘေး ပြေးမလွတ်ပေ။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်] ထွက်ပြေးလို့ မလွတ်မည်မှန်း သိတော့ အမှန်တရားကို သွားရောက်ဝန်ခံရင်း သက်ညှာပေးဖို့ တောင်းဆိုရန်သာ တတ်နိုင်သည်။
သို့သော် တဒင်္ဂမျှ နှလုံးသား ကြင်နာပေးခဲ့မိသည့်အတွက် သားဖြစ်သူမှာ အိမ်ကနေ ထွက်ပြေးသွားခဲ့သည်။
နောက်တစ်နေ့ နံနက်ခင်း [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများက ရဲစခန်းသို့သွားပြီး အမှန်အတိုင်း ဝန်ခံခဲ့သည်။
ရဲများ၏ စုံစမ်းစစ်ဆေးမှု အပြီးတွင် ထိုနေ့ညက မည်သည့်လူသတ်မှုမျှ မရှိခဲ့ကြောင်း သိရှိလိုက်ရသည်။
မည်သူကမျှ လူသတ်မှုတစ်ခုကို မြင်တွေ့ခဲ့မိကြောင်း တိုင်တန်းထားခြင်း မရှိပေ။
ရလဒ်အနေဖြင့် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများသည် သူတို့သားက မိမိတို့ကို ရည်ရွယ်ချက်ရှိရှိ ထိတ်လန့်အောင် ပြုလုပ်နေခြင်း ဖြစ်မည်ဟု ခံစားလိုက်ရ၏။
မည်သို့ပင်ဆိုစေ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က မကြာခဏ ရန်ဖြစ်လေ့ရှိသည်ပင်။
သူ့ကို စာလေ့လာခိုင်းသည့်အကြိမ်တိုင်း
နှိပ်စက်ညှင်းပန်းသည်ထက်ပင် ပို၍ နာကျင်ဖွယ်ရာ ကောင်းနေခဲ့၏။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မိဘများက ဤကိစ္စကို ခွင့်လွှတ်ပေးလိုက်ပြီး ရက်အနည်းငယ်ကြာပြီးနောက်တွင် သူတို့သား အိမ်ပြန်လာမှာပါ ဟူသော အတွေးဖြင့် ပြန်သွားခဲ့ကြသည်။
သို့သော် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ဘယ်တော့မှ ပြန်မလာတော့ချေ။
သူ့မိဘများ စတင် စိုးရိမ်ပူပန်လာသည်။ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က လူမိုက်ဂိုဏ်းတစ်ခုခုထဲ ဝင်ရောက်သွားမှာကို သူမတို့တွေ စိတ်ပူနေမိကြသည်။
သူတို့တွေ တွေးကြည့်လေလေ၊ ပို၍ ကြောက်လန့်လာလေလေ ဖြစ်ပြီး ရဲစခန်းသို့ ပြန်သွား၍ လူပျောက်တိုင်လိုက်၏။
ရဲများက ထိုကိစ္စကို အင်မတန် အလေးအနက်ထား ဆောင်ရွက်ပြီး ချက်ချင်းပဲ စုံစမ်းမှုတို့ ပြုလုပ်ခဲ့သည်။
မြို့ပြင်ရှိ မြို့ငယ်လေးတစ်မြို့တွင် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က သူ၏ အိုင်ဒီနှင့် ဖုန်းဆင်းကဒ် ဖွင့်ခဲ့သည်ကို ချက်ချင်းပဲ ခြေရာခံမိသွားခဲ့သည်။
သက်ပြင်းချလျက် ချန်ယွီ့ စကားဆက်ပြောလိုက်၏။ “ အမှုကို သက်ဆိုင်ရာ ဌာနဆီ တိုင်ကြားခဲ့တဲ့အပြင် မင်းမိဘတွေက သူတို့စုထားတဲ့ ပိုက်ဆံတွေ သုံးပြီးတော့လည်း လမ်းတွေမှာ လူပျောက်ကြော်ငြာ လိုက်ကပ်ခဲ့သေးတယ် ….”
“ ဒေသခံ တီဗွီနဲ့ ရေဒီယိုဌာနကိုတောင် သွားပြီး မင်းကို ရှာဖို့ လုပ်ခဲ့သေးတယ် ….”
“ မင်းအပေါ် ထားတဲ့ သူတို့ရဲ့ မေတ္တာက ဘယ်တုန်းကမှ မပြောင်းသွားခဲ့ဘူး … မင်း အတိတ်မှာ ဘယ်လောက်ပဲ ဆိုးသွမ်းခဲ့၊ ဆိုးသွမ်းခဲ့ … သူတို့က မင်းကို သားတစ်ယောက်အဖြစ် သဘောထားနေတုန်းပဲ ….”
“ အဖေ …၊ အမေ….၊ ကျွန်တော်က အမေတို့သားဖြစ်ဖို့ မတန်ပါဘူး … အမေတို့ကို ဆယ့်နှစ်နှစ်လုံးလုံး စိတ်ပူစေခဲ့မိပြီ ….”
“ ကျွန်တော်က သေဖို့တန်တဲ့ကောင်ပါ … အဲ့လိုအရာတွေနဲ့ မတန်ပါဘူး ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် သူ့ကိုယ်သူ နာကျင်အောင် ထပ်ခါတလဲလဲ ပါးရိုက်နေလျက်ရှိသည်။
ချန်ယွီ့ပြောပြသည်မှတစ်ဆင့် ၊ သူ့မိဘများက သူ့ကို ရှာဖွေဖို့အတွက် ဒုက္ခများစွာ ရောက်ခဲ့ရသည်ကို မြင်ယောင်ကြည့်ဖို့ မခဲယဉ်းပေ။
နှစ်ယောက်က ဘီလီယမ်နာများ ဖြစ်လင့်ကစား [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်] သူ့မိဘများထံ ယူဆောင်လာခဲ့ပေးသည့် စိုးရိမ်ပူပန်စိတ်များနှင့် ဝေဒနာများကိုတော့ ဖြေဖျောက်ပေးဖို့ရာ မစွမ်းသာခဲ့ပေ။
စာစဉ် (၂၉)ပြီး၏။
(12 May 2026, 10:30 PM)