ပုံမှန်မဟုတ်တဲ့ ပရိသတ်တစ်ဦး၏ ဝန်ခံချက်
Vol. 29 Ch. 281
“ ဗီလာကို အဲ့လောက် အမြန်ကြီး ဝယ်လိုက်တယ်ပေါ့ ….”
ညနေခင်းပိုင်း၊ ဆေးခန်းသို့ ပြန်ရောက်လာခဲ့ပြီးနောက် ချန်ယွီ့သည် အရောင်းအဝယ်စာချုပ်ကို သာမန်လျှံကာပဲ သူ့ စားပွဲပေါ် ပစ်တင်လိုက်သည်။
အလုပ်ဆင်းဖို့ ဟန်ပြင်နေသည့် ကျိုးခဲ့ရှင်းမှာ ထိုစာချုပ်ကို မြင်တော့ ကြက်သေသေသွားခဲ့ပြီး ပြောစရာစကား ကင်းမဲ့သွားခဲ့သည်။
ဗီလာ၏ အကျယ်အဝန်းက စတုရန်းမီတာ ၃,၀၀၀ ကျော်ပြီး ဟန်ကျိုးမြို့၏ နာမည်ကြီး နေရာတွင် တည်ရှိ၏။ သွားရေး၊လာရေးလည်း အဆင်ပြေပြီး ပတ်ဝန်းကျင်ကလည်း သာယာသည်။
ထိုမျှ ကောင်းမွန်သည့် နေရာတစ်ခုက အနည်းဆုံးတော့ ယွမ်သန်း ဆယ်နဲ့ချီပြီး ပေးရသင့်သည့် မဟုတ်လော။
“ ပိုက်ဆံချေပြီးပြီ … ကျန်တာဆိုလို့ တရားဝင် ပိုင်ရှင်လွှဲပြောင်းဖို့ပဲ …” ချန်ယွီ့က ကွန်ပျူတာခုံသို့ ထိုင်ရင်း ပြောလိုက်သည်။
“ တစ်ခြားမရှိတော့ဘူးဆိုရင် မင်းအလုပ်ဆင်းလို့ရပြီ …”
“ အိုး ….”
ကျိုးခဲ့ရှင်းက စာချုပ်ကို အောက်သို့ချထားပြီး သူမလည်း တစ်နေ့ ဤသို့သော နေရာမျိုးတွင် ဗီလာဝယ်နိုင်ပါ့မလားဟု စဉ်းစားစိတ်ကူးယဉ်နေမိသည်။
ဟိုတယ်တွင် နေ့တိုင်းနေ့ တည်းခိုနေသည်က ရေရှည်တွင် ကောင်းမွန်သည့်နည်းလမ်းတစ်ခု မဟုတ်ချေ။
ကျိုးခဲ့ရှင်း ထွက်ခွာသွားပြီးနောက် ချန်ယွီ့ မတ်တပ်ရပ်ပြီး တံခါးကို သော့ခတ်လိုက်သည်။ ပြီးနောက် ကွန်ပျူတာရှေ့တွင် ထိုင်၍ လိုက်စထွင်းချာနယ်ထဲသို့ ဝင်ရောက်လိုက်လေသည်။
သူ နောက်ဆုံး လိုက်စထွင်းလွှင့်ခဲ့သည်မှာ ဆယ်ရက်ကျော်ကြာပြီး ဖြစ်သည်။
ချန်ယွီ့၏ ပရိသတ် အရေအတွက်ကလည်း သိန်းနဲ့ချီ တိုးလာခဲ့ပြီး ၉ သန်းနီးပါးသို့ နီးကပ်လာခဲ့၏။ လိုက်စထွင်းစတင်သည်နှင့် ဟူယွီပလတ်ဖောင်းက ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးပြီး အခြားသော လိုက်စထွင်းချာနယ်များတွင် ရှိနေကြသည့် ချန်ယွီ့၏ ကြည့်ရှုသူများအားလုံး လိုက်စထွင်းခန်းထဲသို့ အပြေးအလွှား ရောက်လာကြလေသည်။
မရေမတွက်နိုင်သည့် လက်ဆောင်များနှင့် မုန့်ဖိုးများက ရွှေမိုးငွေမိုးရွာသကဲ့သို့ ဆက်တိုက်ကျဆင်းနေလျက် ရှိတော့သည်။
ချန်ယွီ့ထံမှ သင်ယူရန် ရောက်လာကြသည့် စထွင်မာများမှာ ဤအချင်းအရာကို မြင်တော့ မနာလိုလည်း ဖြစ်မိကြသလို တစ်ချိန်တည်းတွင် ကူကယ်ရာလည်း မဲ့နေမိကြသည်။
ချန်ယွီ့ လိုက်စထွင်းစတင်သည့် အချိန်တိုင်း သူနှင့်အားပြိုင်ပြီး လိုက်စထွင်းလွှင့်ဝံ့သည့် စထွင်မာ တစ်ယောက်မှ မရှိပေ။
အကယ်၍ ရှိခဲ့မည်ဆိုပါကလည်း အနှီ စထွင်မာ၏ ကြည့်ရှုသူများအားလုံး လုယူခံလိုက်ရပြီး ဆယ်ပုံတစ်ပုံလောက် ကျန်နေသေးလျှင်ပင် အတော်အသင့် ကံကောင်းသည်ဟု ဆိုနိုင်သည်။
ချန်ယွီ့က လေဟာနယ်တွင်းပေါက်ကြီးကဲ့သို့ သူတို့၏ ကြည့်ရှုသူများကို ခဏအတွင်း စုပ်ယူသွားခဲ့သည်။ ထို့ကြောင့်လည်း စထွင်မာ အသေးစားဖြစ်စေ၊ နာမည်ကြီး စထွင်မာဖြစ်စေ၊ သူတို့မနိုင်နိုင်သည်နှင့် လိုက်စထွင်းကို နားပြီး ၎င်းတို့၏ ကြည့်ရှုသူများနှင့်အတူ ချန်ယွီ့လိုက်စထွင်းကို အတူကြည့်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
အဆိုပါ စထွင်မာများက အုပ်စုတစ်ခုဖွဲ့ပြီး ၎င်းတို့၏ ပရိသတ်များကို အားပေးဖို့ရာအတွင် ခေါ်ဆောင်လာခဲ့ကြသည်။
“ အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးသင်ပါတယ် … ထုံးစံအတိုင်းပဲ … နေရာသုံးနေရာရှိမယ် ….”
သူ့စကားဆုံးသည်နှင့် ချန်ယွီ့က ယွမ်တစ်ရာတန် ဟုန်ပေါင်းသုံးခုကို လွှတ်လိုက်၏။
ကြည့်ရှုသူများ အပြိုင်အဆိုင် ဟုန်ပေါင်းဖမ်းနေကြချိန်တွင် နေရာကထပြီး ဘယ်ရီတီးတစ်ခွက် ဖျော်လိုက်သည်။
သူ့ကွန်ပျူတာသို့ ပြန်ရောက်လာတော့ ယွမ်တစ်ရာတန် ဟုန်ပေါင်းသုံးခုက ပိုင်ရှင်ကိုယ်စီ ထွက်လာခဲ့လေပြီ။
စာရင်းထိပ်ဆုံးတွင်တော့ [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]ဟူသည့် အမည်က နေရာယူထား၏။
“ ကဲ … ငါတို့ရဲ့ ပထမဆုံးလူနာကို ဖိတ်ခေါ်လိုက်ကြရအောင် ….”
ချန်ယွီ့ ပြောလျှင်ပြောချင်း …. စခရင်ထက်တွင် မည်သူကမျှ ထွက်ပေါ်မလာချေ။
ယခင်ကဆိုလျှင် တစ်ဖက်၏ ရည်ရွယ်ချက်က မည်သို့ ဖြစ်နေစေကာမူ နေရာရရှိထားသူ သုံးဦးက ချန်ယွီ့နှင့် ချက်ချင်း ဆက်သွယ်လာကြ၏။
“ သုံးမိနစ်လောက် ရှိနေပြီ … ဘာလို့ ပေါ်မလာသေးတာလဲတဲ့ ….”
“ သူ အင်တာနက် လိုင်းပြတ်သွားတာကြောင့်များလား …..”
“ စောင့်မနေနဲ့တော့ ဒေါက်တာချန် … နောက်တစ်ယောက်ကိုပဲ ထပ်ခေါ်လိုက်တော့ ….”
“ ဒီကောင့်နာမည်က ကလေးသိပ်ဆန်လွန်းတယ် … တစ်ချက်ကြည့်လိုက်တာနဲ့ မူလတန်းကျောင်းသားလေး တစ်ယောက်ဆိုတာ သိသာတယ် … တူးဆွချင်စရာ သတင်းအကြီးကြီးတွေ ရှိမှာမဟုတ်လောက်ဘူး ….”
“ နောက်တစ်ယောက် … နောက်တစ်ယောက် ….”
“ အတော် မောက်မာတဲ့ လူငယ်လေးပဲ … ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲ လာပြီးတော့တောင် မာနကြီးပြဝံ့နေတယ် ….”
သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ ထိုမျှအထိ စောင့်ဆိုင်းရတာကို စိတ်မရှည်ကြတော့ပေ။
အများစုက ဤနေရာသို့ စိတ်အပန်းဖြေပြီး အတင်းအဖျင်း သတင်းများကို နားထောင်ချင်၍ ရောက်လာခဲ့ကြခြင်းပင်။
“ အားလုံးပဲ … အဲ့လောက်ထိ စိတ်အလောမကြီးကြပါနဲ့ ….” ကိစ္စကို စဉ်းစားဆုံးဖြတ်ပြီးနောက် ချန်ယွီ့ ပြောလိုက်သည်။
“ ဒီလူနာရဲ့ အင်တာနက်လိုင်းက ထစ်နေတာလည်း ဖြစ်နိုင်တာပဲလေ … မဟုတ်လည်း တစ်ခုခု ကိုင်တွယ်စရာ ရှိနေလို့ နေမှာပါ ….”
“ ဆိုတော့ အားလုံးပဲ … သူ့ကို နောက် နှစ်မိနစ်လောက် ထပ်စောင့်ပေးကြတာပေါ့ ….”
“ တကယ်လို့ နှစ်မိနစ်စောင့်ပြီးလို့ ပေါ်မလာသေးဘူးဆိုရင် ဒုတိယလူနာကို ဖိတ်ခေါ်လိုက်တော့မယ် ….”
အချိန်တစ်ချို့ကြာပြီးနောက် နှစ်မိနစ် ပြည့်ဖို့အတွက စက္ကန့်အနည်းငယ်မျှသာ လိုတော့သည်။
ချန်ယွီ့ မောက်စ်ကို ကိုင်ပြီး ဆက်သွယ်မှုကို ဖျက်သိမ်းဖို့ ဟန်ပြင်လိုက်၏။
ထိုအချိန်မှာပဲ စခရင် ညာဘက်ထောင့်တွင် လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
“ သေစမ်း … ညကြီး လူကို အဲ့လို ခြောက်ဖို့ လိုလို့လားကွ ….”
“ တော်သေးလို့ပေါ့ ငါ့မှာ နှလုံးအားနည်းတဲ့ရောဂါအခံ မရှိတာ … မဟုတ်လို့ကတော့ အခုချိန်လောက်ဆို ရင်တွေတုန်နေလောက်ပြီ ….”
“ ဒီဘရိုက ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ … မထင်ဘူးလား …”
“ သူဝတ်ထားတဲ့ပုံကလည်း ထူးခြားနေတယ် … cosplay လုပ်နေတာများလား …..”
“ ရှေးခေတ်က ကူးပြောင်းလာခဲ့လားမသိပါဘူး … အခုထိကို မုတ်ဆိတ်မွှေးကြီးတွေနဲ့ …..”
“ မုတ်ဆိတ်မွှေးတင်မကဘူး … သူ့ဆံပင်ဆိုလည်း ကြည့်လိုက် … မညှပ်တာ ဘယ်နှခုနှစ်လောက် ရှိနေပြီလဲတဲ့ ….”
နောက်ဆုံး အချိန် စက္ကန့်လေးတွင် ခေါ်ဆိုမှုက ချိတ်ဆက်သွားခဲ့ပြီး [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]ဆိုသူ ထွက်ပေါ်လာသည့် အခိုက်အတန့်၌ ကြည့်ရှုသူများအားလုံး ရှော့ခ်ရထိတ်လန့်သွားခဲ့ကြသည်။
တစ်ဖက်သူ ရှိနေသည့် နေရာတွင် ပိန်းပိတ်မည်းမှောင်နေသည်။
ဖုန်းမီးအလင်းရောင်ကြောင့် တစ်ဖက်သူ၏ မျက်နှာကလွဲပြီး သူတို့တွေ ဘယ်အရာကိုမျှ မမြင်နိုင်ကြချေ။
ထိုသူ၏ မျက်နှာက အတော်လေးကို ပြင်းပြင်းထန်ထန် အာဟာရချို့တဲ့နေသည်ဟူသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
သူ့မုတ်ဆိတ်မွှေးများက ဆယ်စင်တီမီတာခန့် ရှည်လျားပြီး ဆံပင်ကလည်း ပခုံးထက်ထိ ရှည်လျားကျဆင်းနေလျက်ရှိသည်။
မှိန်ပျသည့် ဖုန်းမီးအလင်းရောင်ကို အကူအညီယူရင်း ချန်ယွီ့က [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]၏ နဖူးအလယ်တည့်တည့်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။
၎င်းနောက် ချက်ချင်းပဲ … ခါးသက်သည့် အပြုံးတစ်ခုက ချန်ယွီ့၏ နှုတ်ခမ်းထက်တွင် ဖြစ်ပေါ်လာသည်။
“ ဟယ်လို ဒီရဲ့လူနာ … ငါ ဘာများကူညီပေးရမလဲ ….”
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]တွင် ထူးခြားသည့် သွင်ပန်းသဏ္ဌန်ရှိသည်။ အာဟာရချို့တဲ့သည့် မျက်နှာ ၊ ရှည်လျားသည့် မုတ်ဆိတ်မွှေး ၊ ရှည်လျားသည့် ဆံပင်။
ကြည့်ရှုသူများမှာ အံ့အားတကြီး မြည်တမ်းမိသွားခဲ့ကြ၏။
လိုက်စထွင်း စတင်ထုတ်လွှင့်ပြီးကတည်းက ချန်ယွီ့ လူနာ ဒါဇင်နှင့်ချီပြီး ဆွေးနွေးခဲ့ဖူးသည်။ ဤလူကဲ့သို့ ထူးခြားစွာ ဆင်ယင်ထားသည့် လူတစ်ယောက်ကိုတော့ မကြုံတွေ့ခဲ့ဖူးပါချေ။
မီးအလင်းရောင် တစ်စက်မျှမရှိ၊ မည်းမှောင်နေသည့် ပတ်ဝန်းကျင်တွင် သူ၏ သွင်ပြင်က ကြောက်မက်ဖွယ်ရာ ဖြစ်တည်နေလျက်ရှိသည်။
ထိုကဲ့သို့သော လူစားမျိုးက လိုက်စထွင်းကြည့်ပြီး ဟုန်ပေါင်းလုလိမ့်မည်လို့ မည်သူကမျှ ထင်ထားမိကြမှာ မဟုတ်ချေ။ ထို့ပြင် အွန်လိုင်း အသုံးပြုသူ နာမည်ကိုလည်း မောက်မာသည့် နာမည်မျိုး ပေးထားသေး၏။
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]က တစ်ခုခု ပြောစရာရှိသည့်နှယ် သူ့နှုတ်ခမ်းများအား လှုပ်ရှားလိုက်သည်။
သို့သော် အဆုံး၌ … ပြောထွက်မလာခဲ့ပါဘဲ တစ်ဖန် တိတ်ဆိတ်သွားခဲ့ပြန်သည်။
“ ဒီရဲ့လူနာ … မင်း တစ်ခုခု ပြောချင်ပေမယ့် မပြောထွက်ဘဲ ရပ်တန့်လိုက်တယ် … ဆိုလိုတာက မင်းစိတ်ထဲ တစ်ခုခု ရှိနေတယ်ဆိုတာ သေချာတယ် ….”
“ အခု မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်းပါ … ဒုက္ခတွေ ၊ ခါးသီးမှုတွေနဲ့ အများကြီး ရင်ဆိုင်ခဲ့ရတယ်ဆိုတာ သေချာတယ် …”
“ ငါတို့တွေ ရေစက်ချင်းဆုံလို့ ဆုံတွေ့ကြပြီဆိုမှတော့ နှလုံးသားကို လွတ်လွတ်လပ်လပ် ဖွင့်ပေးပြီး ဘာကြောင့် စကားမပြောနိုင်ရမှာလဲ …. မင်းရဲ့ စိတ်အတွင်းထဲမှာ ဘာတွေ စိတ်ဖိစီးနေလဲဆိုတာ ငါ့ဆီ ဖွင့်ဟလိုက်စမ်းပါ …..”
“ လူနာ ကြုံနေရတဲ့ အခက်အခဲတွေကို သုံးသပ်ပြီး ပရော်ဖက်ရှင်နယ် ရှုထောင့်ကနေ အကြံဉာဏ်တွေပေးမယ် … လူနာရဲ့ စိတ်ကို ပေါ့ပါးအောင် ပြုလုပ်ပေးမယ် …”
ချန်ယွီ့ ညင်သာစွာ စကားဆိုလိုက်သည်။
ထိုစကားကြားပြီးနောက် နှုတ်ဆိတ်နေသည့် [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]၏ မျက်နှာထက်တွင် မျက်ရည်များ ယိုစီးကျလာသည်။
ကြည့်ရှုသူများမှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်မိကြ၏။
ချန်ယွီ့က သူ့ကို ဆူငေါက်နေတာ မဟုတ်ဘူးလေ … ဒီတိုင်း သိမ်မွေ့တဲ့ လေသံနဲ့ နှစ်သိမ့်ပေးနေရုံလေးတင်ပါ …
ဒါကို ဒီလူက ဘာကိစ္စ ငိုနေရတာလဲတဲ့ …
ချန်ယွီ့ရဲ့ စကားလုံးတွေကြောင့် ရင်ထဲ ခံစားသွားရတာများလား …
“ ဒီရဲ့လူနာ ….” ချန်ယွီ့ ညင်သာစွာ ဆိုလျက် “ မင်းရဲ့ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ စိတ်ခံစားချက် ပြင်းထန်လွန်းတာက ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ် …”
“ စိတ်ကို ငြိမ်ငြိမ်ထားပါ … ကုသမယ့်အပိုင်းကို ငါတို့ စလိုက်ကြတာပေါ့ ….”
ဤစကားကြားတော့ [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]သည် စကားစပြောလာခဲ့သည်။
“ ဒေါက်တာချန် … ဒီနှစ်တွေ တစ်လျှောက်လုံးမှာ ငါ့ကို ဒီလိုမျိုး ခင်မင်ရင်းနှီးတဲ့ လေသံနဲ့ စကားပြောတဲ့လူဆိုလို့ မင်းတစ်ယောက်တည်း ရှိတယ် ….”
“ တစ်ခြားလူတွေ ငါ့ကို မြင်တဲ့အခါကျရင် သူတို့တွေ ငါ့ကို ရှောင်သွားရင်ရှောင်သွား ၊ မရှောင်သွားဘူးဆို ငါ့ကို လှောင်ပြောင်ကြတယ် ….”
“ ဒီလိုမျိုး အဆုံးသတ်ရတယ်ဆိုတာ ငါ့အမှားကြောင့်ဆိုပေမယ့် ငါလည်း လူသားတစ်ယောက်ပါ …. ငါလည်း တစ်ခြားလူတွေ ငါ့ကို ကြင်ကြင်နာနာနဲ့ ဆက်ဆံတာကို လိုချင်တာပဲ ….”
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]က လက်မြှောက်ပြီး မျက်လုံးထောင့်စွန်းမှ မျက်ရည်များအား ဖယ်ရှားလိုက်သည်။
၎င်း၏ အဝတ်အစားတို့က အတော်လေး စုတ်ပြဲနေသည်ကို ကြည့်ရှုသူများက စခရင်မှတစ်ဆင့် မြင်တွေ့လိုက်ကြရ၏။
အိမ်ခြေယာမဲ့များနှင့် သူတောင်းစားများပင်လျှင် သူ့ထက် သပ်သပ်ရပ်ရပ် ရှိကြဦးမည်ဟု လူတိုင်း ခံစားမိလိုက်ကြ၏။
“ ဒေါက်တာချန် … ငါ မင်းဆီမှာ အပြစ်ဝန်ခံဖို့ ဆုံးဖြတ်လိုက်ပြီ …."
“ ပြီးရင် ငါ ဘယ်မှာ ပုန်းနေလဲ မင်းကို ပြောပြမယ် … မင်းရဲကို ဖုန်းဆက်လိုက် … ငါ ဖမ်းခံရပြီးရင် မင်း ဆုကြေးတွေ အများကြီးရမှာ ကျိန်းသေတယ် ….”
ထိုစကားကြားလျှင်ကြားချင်း သန်းနှင့်ချီသည့် ကြည့်ရှုသူများမှာ စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်ကုန်ကြ၏။
သူ့မုတ်ဆိတ်တွေ မရိတ်ဘဲ ဒီအတိုင်း အကြာကြီး ပစ်ထားတာ မဆန်းတော့ပါဘူး … လက်စသတ်တော့ အလိုရှိ ရာဇဝတ်သား တစ်ယောက် ဖြစ်နေတာကိုး ….
ရာဇဝတ်သားတစ်ယောက်အနေနှင့် ၊ လူမြင်ကွင်းတွင် ပေါ်မလာဝံ့သည်က သဘာဝပင်။
ထို့ပြင် ဆံပင်အရှည်နှင့် မုတ်ဆိတ်အရှည် ထားသည်က လူတစ်ယောက်၏ သွင်ပန်းသဏ္ဌန်ကို အလိုအလျောက် ရုပ်ဖျက်ပေးဖို့ အကူအညီ ဖြစ်စေသည်။
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]က ချန်ယွီ့ကို ရဲတိုင်စေချင်သည်ဆိုသည့် စကားကြားတော့ လိုက်စထွင်းကြည့်ရှုနေသည့် ပရိသတ်တစ်ယောက်မှာ အပျော်လွန်သွားခဲ့သည်။
ချက်ချင်းပဲ သူ့ဖုန်းကို ထုတ်ပြီး အဖွဲ့ဝင် ရာနှင့်ချီရှိနေသည့် ဂရုချက် တစ်ခုသို့ ဝင်ရောက်၍ “ ရဲဘော်တို့ …. ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲမှာ အလိုရှိ ရာဇဝတ်သား တစ်ယောက် ပေါ်လာပြီ ….”
“ အားလုံးပဲ အမြန်ဝင်ပြီး ကြည့်ကြ … မင်းတို့ရဲ့ စီမံပိုင်ခွင့်နယ်မြေက ဖြစ်နေမလား ပြောမရဘူး ….”
ထိုစာကို မြင်တော့ ချက်ဂရုတစ်ခုလုံး စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်ကုန်ကြသည်။
အနှီ ကြည့်ရှုသူ ထိုစာကို ချက်ဂရုထဲသို့ ပို့လျှင်ပို့ပြီးချင်း ၊ ဂရုခေါင်းဆောင်က သူ့မက်ဆေ့ချ်ကို pin ထောက်ထားပေးလိုက်သည်။
ထို့ပြင် အဖွဲ့ဝင်တိုင်းကို တစ်ခါတည်း မန်းရှင်းခေါ်လိုက်၏။