အရှုံးပေးဖို့ ရွေးချယ်ခြင်း
Vol. 29 Ch. 282
အနှီ ဂရုချက်ထဲတွင် နိုင်ငံတစ်ဝန်း ၊ မြို့နယ်ပေါင်း ၆၀၀ ကျော်မှ အဖွဲ့ဝင်များ ရှိနေပြီး စနစ်တစ်ခုတည်းအောက်က ဝန်ထမ်းများပင်။ သူတို့တွေ အလုပ်ဘယ်လောက်ပဲ များနေပါစေ၊ အသိပေးချက်ကို ရသည်နှင့် လုပ်နေသည့် အလုပ်များကို ချက်ချင်း ချထားပြီး ဖုန်းဖြင့် ဖြစ်စေ၊ ကွန်ပျူတာဖြင့် ဖြစ်စေ လော့အင်ဝင်လိုက်ကြသည်။
“ ရဲဘော်တို့ … လိုက်စထွင်းထဲ ဝင်မယ်ဆိုရင် တစ်ခြား သီးသန့်အကောင့်နဲ့ ဝင်ကြနော်… အဓိက အကောင့်နဲ့ မဝင်ကြနဲ့ ….”
အုပ်စုဝင်များက ‘အိုကေ ‘ ဒါမှမဟုတ် လက်မပုံစံ အီမိုဂျီများ ပေးပို့လာခဲ့ကြသည်။
လိုက်စထွင်းထဲ၌ [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]သည် သူ့မျက်လုံးထောင့်စွန်းရှိ မျက်ရည်များကို သုတ်ပြီး “ ကြည့်ရှုသူတွေ ပြောတာ မှန်တယ် … ငါက တကယ်လည်း အလိုရှိ ရာဇဝတ်သားပဲ ….”
“ အဲ့တုန်းက ငယ်ရွယ်ပြီး စိတ်မြန်လက်မြန်ရှိခဲ့တော့ တစ်သက်လုံး နောင်တရစေမယ့် အမှားတစ်ခုကို ကျူးလွန်ခဲ့မိတယ် …”
“ ဒီ ဆယ့်နှစ်နှစ်လုံးလုံး တစ်ညလေးမှ အိပ်ကောင်းခြင်း မအိပ်ခဲ့ရဘူး ….”
“ အဲ့တုန်းကတည်းကစပြီး ထွက်ပြေးလာခဲ့တာပဲ … နေ့တိုင်းနေ့ ကိုယ့်ကိုယ်ကိုယ် ညှင်းပန်းနှိပ်စက်တယ် … တကယ်လို့ ငါ သေချင်ရင် သေလိုက်ပြီးပြီ … ဒီလိုဘဝမျိုးနဲ့ နေတာထက်စာရင် သေတာကတောင် ပိုပြီး ကောင်းဦးမယ် ….”
“ ဒါပေမယ့် …. ဒါပေမယ့်ကွာ ... ငါ့ကိုယ်ငါ အပြစ်ဝန်မခံရဲဘူး … “
“ သေမိန့်ပေးခံရမှာကို ကြောက်တယ် ….”
သူ့လက်ထဲတွင် တစ်စုံတစ်ယောက် သေဆုံးခဲ့သည်ကို မည်သူမဆို ပြောနိုင်သည်။
လူသတ်မှုကို ကျူးလွန်ခဲ့သူများက သေမိန့်ပေးခံရလိမ့်မည်။
အန်ကယ်အချိုပွဲ အမည်နှင့် ပရိသတ်တစ်ယောက်က ကွန်းမန့်ပေးလာခဲ့၏။
“ ဟယ်လို တရားခံ …. မင်း တကယ်ပဲ လူသတ်ခဲ့တာလား ….”
ဤကွန်းမန့် ထွက်ပေါ်ပြီးနောက် စခရင်တစ်ခုလုံး အခြားကြည့်ရှုသူများ၏ ကွန်းမန့်နှင့် ပြည့်နှက်သွားခဲ့တော့သည်။ တစ်ချို့က [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]ကို လူသတ်ခဲ့သည့် အချိန်ခုနှစ် အတိအကျကို မေးမြန်းနေကြပြီး အချို့ကလည်း သူ ဘာကြောင့် ချန်ယွီ့ထံသို့ ဝန်ခံဖို့ ဆုံးဖြတ်လိုက်ရသလဲဆိုတာကို သတင်းထောက်လုပ်နေကြသည်။
ဒီတိုင်း … ချန်ယွီ့က သူ့ကို နှစ်သိမ့်စကားလေးတစ်ချို့ ပြောခဲ့လို့ပဲလား …
တစ်ချိန်တည်းမှာပဲ များပြားလှသည့် ကြည့်ရှုသူများက [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]၏ တည်နေရာနှင့် နာမည်အစစ်အမှန်ကို မေးမြန်းလာခဲ့ကြလေသည်။
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]သည် သက်ပြင်းချလျက် “ ငါ ဘယ်တုန်းကမှ ဒေါက်တာချန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ ရည်ရွယ်ချက်နဲ့ လိုက်စထွင်းထဲ မလာဖူးဘူး .. ငါ့ကိုယ်ငါ ပြောင်းလဲဖို့လည်း အတွေးမရှိခဲ့ဖူးဘူး ….”
“ ဒေါက်တာချန် လိုက်စထွင်းလွှင့်တဲ့ အချိန်တိုင်း သူ့ဘက်က ယွမ်တစ်ရာဟုန်ပေါင်းပေးတယ် …”
“ ငါက …ငါက ဒီတိုင်း ဟုန်ပေါင်းလာလုတာ ….”
“ ဒီတစ်ခါတော့ တကယ်ပဲ ပထမရသွားလိမ့်မယ်လို့ ထင်မထားဘူး ….”
ထိုစကားပြောပြီးနောက် စိတ်သက်သာရသည့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
စည်းမျဉ်းစည်းကမ်းများအရ ဟုန်ပေါင်း ယွမ် တစ်ရာရသည့် မည်သည့် ကြည့်ရှုသူမဆို ချန်ယွီ့နှင့် တိုက်ရိုက်ဆက်သွယ် ပြောဆိုနိုင်မည့် အခွင့်အရေး တစ်ခုကို ရရှိလိမ့်မည်။
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]သည် သူ့ကံက ဤမျှ ကောင်းမွန်နေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါလေးမျှပင် အိပ်မက်မမက်ခဲ့ဖူးပါချေ။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာတော့ ကောင်းကင်က သူ့ကို အရေးယူဖို့ စတင် ပြင်ဆင်နေဟန်ရသည်။
မကြာခဏဆိုသလို သူသည် ချန်ယွီ့ လိုက်စထွင်းထဲသို့ ဝင်ရောက်၍ ဟုန်ပေါင်းလုလေ့ရှိပြီး ချန်ယွီ့၏ အစွမ်းအစတို့ မည်သို့မည်ပုံရှိသည်ကိုလည်း ရင်းနှီးပြီး ဖြစ်၏။
ချန်ယွီ့နှင့် စကားပြောလိုက်မည်ဆိုပါက သူ့အတိတ်အကြောင်းအရာများအားလုံး အလိုအလျောက် ဖော်ထုတ်ခံရလိမ့်မည်။
အကယ်၍ ချန်ယွီ့နှင့် မဆက်သွယ်ပြန်လျှင်လည်း လူအာရုံစိုက်တာကို ခံရလိမ့်ဦးမည်။
ယခုအချိန်ထိတိုင် ချန်ယွီ့နှင့် ဆက်သွယ်မည့် အခွင့်အရေးကို ငြင်းဆန်သူဟူ၍ တစ်ဦးလေးမျှ မရှိခဲ့ဖူးသေးပေ။
တစ်စုံတစ်ယောက်က သံသယဝင်ခံရသည်နှင့် တစ်သက်လုံး ပြေးလို့လွတ်မှာ မဟုတ်တော့ချေ။
သူဘာကြောင့် ကိုယ့်အပြစ်ကိုယ်ဝန်ခံဖို့ ဆုံးဖြတ်လိုက်ရလဲဆိုသည့် အကြောင်းအရင်းကို သိလိုက်ရတော့ ကြည့်ရှုသူများမှာ ကျယ်လောင်စွာ အော်ရယ်မိသွားခဲ့ကြသည်။
ချန်ယွီ့၏ သူ့အပေါ် ခြိမ်းခြောက်နိုင်စွမ်းက ပေါင်ချင်းထျန်တစ်ဦးသာ ယှဉ်ပြိုင်နိုင်စွမ်း ရှိမည့်ပုံပင်။
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]က အပျော်တမ်း ဟုန်ပေါင်းလာလုပြီး မတော်တဆ ပထမနေရာ ရရှိသွားခဲ့၏။
အခြားသူများအတွက်ကတော့ ဤသည်က ချန်ယွီ့နှင့် တိုင်ပင်ဆွေးနွေးနိုင်မည့် တစ်သက်မှာတစ်ကြိမ် ရှားရှားပါးပါး ရတောင့်ရခဲ အခွင့်အရေးတစ်ခု ဖြစ်နေချိန်တွင် သူ့အတွက်တော့ သေလမ်းတစ်ခု ဖြစ်လို့နေသည်။
အကယ်၍ သူက ဆက်ပြီး ပုန်းအောင်းမနေနိုင်တော့ဘူးဆိုလျှင် သူကိုယ်တိုင်ပဲ အပြစ်ဝန်ခံလိုက်တော့မည်။
“ စကားမဆက် … ဒါကို ကိုယ်တိုင် အရှုံးပေးတယ်လို့ ယူဆလို့ရတယ်မလား ….”
ပရိသတ်တစ်ဦးက အရေးကြီးသည့် မေးခွန်းကို မေးမြန်းလာခဲ့၏။
“ ဥပဒေရှုထောင့်ကနေ ကြည့်ရင် လက်မြှောက်အရှုံးပေးတယ်ဆိုတာက ရာဇဝတ်သား ကိုယ်တိုင် စိတ်လိုလက်ရနဲ့ တရားဥပဒေထိန်းသိမ်းတဲ့ အဖွဲ့ဆီ အရှုံးပေးပြီး သူ့ရဲ့ ပြစ်မှုအကြောင်းကို အမှန်အတိုင်း ပြောပြတာပဲ … ဒေါက်တာချန်က တရားဥပဒေ ထိန်းသိမ်းတဲ့ အဖွဲ့သားတစ်ဦး မဟုတ်ဘူးလေ … အဲ့တော့ ထည့်တွက်လို့မရဘူး ….”
‘ရှေ့နေ့လော့’ ဆိုသည့် ကြည့်ရှုသူတစ်ဦးက ထိုသူ၏ မေးခွန်းကို ဖြေရင်း ကွန်းမန့်တစ်ခု ပေးပို့လိုက်သည်။
“ ညီကို … မင်း လက်မြှောက် အရှုံးပေးချင်တယ်ဆိုရင် မင်း ဘယ်မှာ ပုန်းနေလဲဆိုတာ ကပ်တိုးလေး လာပြောပြလို့ရတယ်နော်… အဲ့တာဆို လက်မြှောက်အရှုံးပေးတယ်လို့ သတ်မှတ်လို့ရတယ် ….”
“ မင်းရဲ့ အိုင်ပီလိပ်စာက ကျန်းစီရင်စုလို့ ပြနေတယ် … တိုက်ဆိုင်ချင်တော့ ငါလည်း ကျန်းစီရင်စုကပဲ … ငါ့ကို ယုံတယ်ဆိုရင် မင်းလိပ်စာကို သီးသန့်မက်ဆေ့ချ်ပို့လာခဲ့လိုက် … မင်းကို ငါကိုယ်တိုင် ခေါ်သွားပေးပြီး သက်ညှာမှု ရဖို့အတွက် အကောင်းဆုံး ကြိုးစားပေးမယ် …”
“ ညီကို … မင်းက ကိုယ့်အမှားကိုယ် သိသွားပြီ ဆိုမှတော့ ငါ့ဆီ ဆက်သွယ်လိုက်တော့ … မင်းကိုယ်တိုင် လက်မြှောက်အရှုံးပေးခဲ့ပါတယ်ဆိုတာကို သက်သေခံပေးနိုင်တယ် ….”
ကွန်းမန့်အများအပြားက လိုက်စထွင်းခန်းထဲ ထွက်ပေါ်လာသည်။
“ ကျေးဇူးတင်ပါတယ် … ငါက ရာဇဝတ်မှုကို ကျူးလွန်ခဲ့တယ် … ငါ့ကိုယ်ငါ ပြောင်းလဲဖို့ ကြိုးစားရင်တောင် သေမှာက သေမှာပဲ …. ဒီအခွင့်ရေးကို ဒေါက်တာချန်ဆီပဲ ပေးလိုက်တော့မယ် ….”
“ ဒါဆို သူလည်း ဆုကြေးရနိုင်မယ်လေ ….”
ဤတစ်ကြိမ်တွင်တော့ ကြည့်ရှုသူများမှာ တိတ်ဆိတ်သွားခဲ့ကြသည်။
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]က ခေါင်းမာလွန်းလှ၏။
သူက ချန်ယွီ့ကို ကျေးဇူးတင်ရန်အတွက် သူ့ကိုယ်သူ ကျေးဇူးတင်တင်လက်ဆောင်အဖြစ် အသုံးချနေသည်။
“ ဒီရဲ့လူနာ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ငါ မင်းကို တိုင်ကြားပြီးရင် ဆုကြေးငွေရမယ်ဆိုပြီး ဘာလို့ အဲ့လောက်တောင် သေချာနိုင်နေရတာ …”
“ ငါ လူတစ်ယောက်ကို သတ်ခဲ့တယ် ….” [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]က ခါးသီးသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။ “ အခုချိန်ထိ အဖမ်းမခံရသေးဘူးဆိုတော့ အာဏာပိုင်တွေက ငါ့ကို ဖမ်းနိုင်ဖို့အတွက် ဆုကြေးထုတ်ထားမှာ သေချာတယ် ….”
“ ငါကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ဆိုရင် အနည်းဆုံး ယွမ်သောင်းဂဏန်း မဟုတ်ရင်တောင် သိန်းဂဏန်းတော့ ရှိမှာပဲ ….”
“ အဲ့ငွေတွေကို ငါပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားလိုက် ဒေါက်တာချန် ….”
“ ဒါနဲ့ … ငါ မသေခင် မင်းကို ကိစ္စလေး နည်းနည်းပါးပါးလောက် မေးလို့ ရနိုင်မလား ဒေါက်တာချန် ….”
“ ဒါပေါ့ … ရတာပေါ့ ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်၏။
“ အဲ့တုန်းက ငါ လူတစ်ယောက်ကို သတ်မိပြီးတော့ ချက်ချင်းပဲ အိမ်ကနေ ထွက်ပြေးလာခဲ့တယ် … ၁၂ နှစ်လုံးလုံး အပြင်မှာပဲ တောက်လျှောက်ရှိနေခဲ့တာ ….”
“ ငါ့မိဘတွေ အခု ဘယ်လိုရှိနေလဲ … ငါ့ကြောင့်နဲ့ သူတို့တွေ ဒုက္ခရောက်ကြသေးလား ….”
“ သူတို့တွေ ငါ့ကိုရော သားတစ်ယောက်အဖြစ် သတ်မှတ်ကြသေးရဲ့လား ….”
“ နစ်နာသူရဲ့ မိသားစုကရော ငါ့အပေါ် မုန်းတီးနေတုန်းပဲလား ….”
အသက်တစ်ရှိုက်စာ အတွင်းမှာပဲ မေးခွန်းပေါင်းများစွာကို ဆက်တိုက် မေးမြန်းသွားခဲ့သည်။
သူ အဓိက စိုးရိမ်မိသည်ကတော့ သူ့မိသားစုအကြောင်း ဖြစ်၏။ အထူးသဖြင့် သူ့မိဘများပင်။
၁၂ နှစ်တာ ဝရမ်းပြေးကာလတွင် သူ၏ လုပ်ရပ်အတွက် နောင်တရပြီး မိဘနှစ်ပါးအတွက် အမြဲတစေ နောင်တရနေမိခဲ့သည်။ သူ့မိဘများက သူ့ကို ခက်ခက်ခဲခဲနှင့် ပျိုးထောင်ပေးခဲ့ရ၏။
သို့ပေမယ့်လည်း သူက လူလားမြောက်သည်နှင့် တစ်ပြိုင်နက် လူသတ်သမား ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားလိမ့်မည်နည်း။
အကယ်၍များ …. အချိန်ကို နောက်ပြန်ဆုတ်ခွင့် ရမည်ဆိုပါက သေချာပေါက် သင်ခန်းစာယူပြီး ဘဝကို လိမ်လိမ်မာမာနှင့် ဖြတ်သန်းမိမှာ အမှန်ပင်။ မိဘစကားကို နားထောင်ပြီး သူတို့ စိုးရိမ်ပူပန်ရမည့် အလုပ်များကိုတော့ ဘယ်တော့မှ ပြုလုပ်မှာ မဟုတ်ချေ။
“ မင်းက မေးခွန်းတွေ ဒီလောက် အများကြီး မေးလိုက်တော့ ငါ ဘယ်က စဖြေရမှန်းတောင် မသိတော့ဘူး ….”
“ ဒီလိုဆိုရင်ကော … ငါတို့ အစကနေ စပြောကြတာပေါ့ ….”
“ မင်းမိဘတွေ အခု ဘယ်လိုနေလဲ ဆိုပြီး မင်းမေးခဲ့တယ်နော်… မင်းပြောတဲ့ ‘ဘယ်လိုနေလဲ’ ဆိုတဲ့ စကားက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ပြောချင်တာလား … ဒါမှမဟုတ် တစ်ခြားအခြေအနေတွေကို ပြောချင်တာလား ….”
ချန်ယွီ့ နွေးထွေးစွာ မေးမြန်းလိုက်သည်။
“ သူတို့ရဲ့ ကျန်းမာရေးအခြေအနေ ဘယ်လိုလဲ … ကျန်းကျန်းမာမာ ရှိတုန်းပဲလား …”
“ သိပ်ပြီးမှတော့ မကောင်းဘူး ….”
“ မင်းအဖေရဲ့ ကျန်းမာရေးက အရင် ၇ နှစ်တုန်းကတည်းကစပြီး တစ်နေ့တစ်ခြား ကျဆင်းလာနေပြီ ….” ချန်ယွီ့ တည်တည်ငြိမ်ငြိမ် ပြောလိုက်ပြီး “ ဒီနှစ်အစပိုင်းမှာ သူ့ကျန်းမာရေးကို သွားစစ်ဆေးကြည့်လိုက်တာ ကင်ဆာရှိနေတာ တွေ့ခဲ့ရတယ် ….”
“ ကင်ဆာ ….”
“ ငါက လူမဟုတ်ဘူး … ငါက သားမိုက်ပဲ … သူတို့ရဲ့သားဖြစ်ဖို့ မတန်တဲ့ကောင်ပဲ ….”
“ တကယ်လို့ ငါသာ ရာဇဝတ်မှုကို မကျူးလွန်ခဲ့ဘူးဆိုရင် ငါ့အဖေလည်း ဒီလောက်ထိ စိတ်သောကရောက်ရမှာ မဟုတ်သလို သူ့ကျန်းမာရေးလည်း ချို့ယွင်းစရာ အကြောင်း မရှိဘူး ….”
ထိုသို့ပြောပြီးနောက် [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]သည် သူ့လက်ကိုမြှောက်ပြီး ကိုယ့်ပါးကိုယ် ဘယ်ပြန်ညာပြန် ဖြတ်ရိုက်နေတော့သည်။
သူ့ကိုယ်သူ ခွေးထက်၊ ဝက်ထက် နိမ့်ကျရကောင်းလားဟု ငိုကြွေးရင်း မိမိကိုယ်ကို ကျိန်ဆဲနေလျက်ရှိသည်။
မိဘများ၏ ကြိုးပမ်းမှုကို အလဟဿ ဖြစ်စေခဲ့သည့်အတွက် သူ့ကိုယ်သူ မုန်းတီးမိ၏။ သူ့မိဘများက ရိုးသားသည့် သာမန်လူများပင်။ ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က သူ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ပြီး အိမ်ထောင်ရက်သား ကျဖို့အတွက်ပဲ ဖြစ်၏။
သူကတော့ သူ့မိဘများကို စိတ်ပျက်စေပြီး လူတကာက ရွံမုန်းသည့် လူသတ်သမား တစ်ဦး ဖြစ်လာသည်။
“ ဒေါက်တာချန် … ငါ့ကို ဖမ်းပေးလို့ ရလာတဲ့ ဆုလဒ် တစ်ချို့တစ်ဝက်ကို ငါ့မိဘတွေဆီ ပေးပေးလို့ ရမလား ….”
“ ငါ့မိဘတွေက သာမန် လက်လုပ်လက်စား လူတန်းစားတွေ … သူတို့မှာ ကင်ဆာကို ကုသဖို့အတွက် လုံလောက်တဲ့ ပိုက်ဆံပမာဏ ရှိမှာ မဟုတ်ဘူး ….”
ထိုသို့ ပြောဆိုပြီးနောက် [ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]သည် ချန်ယွီ့ကို မျက်ရည်ဝိုင်းစွာ ကြည့်လိုက်၏။
သူဖမ်းခံရပြီးနောက်တွင် ချန်ယွီ့က ဆုကြေးထဲမှ ငွေအနည်းငယ်ကို သူ့မိဘများထံ ပို့ပေးဖို့ မျှော်လင့်နေမိသည်။
“ ဒီရဲ့လူနာ … ကျေးဇူးပြုပြီး အရင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပါ ….”
“ မင်းရဲ့ အဖေက ကင်ဆာရှိတယ်ဆိုပေမယ့် ကုသလို့ မရဘူးလို့ မဆိုလိုဘူးလေ ….” ချန်ယွီ့ ဆက်ပြောလိုက်ပြီး “ သူ အခုလေးတင်ပဲ ဆေးခန်းတစ်ခုမှာ ဆေးသွားကုပြီးတယ် .. အခု သူ့အခြေအနေက ထိန်းချုပ်မှုအောက်မှာ ရောက်နေပြီ ….”
“ ဆေးခန်းလေး တစ်ခုက ကင်ဆာကို ကုနိုင်တယ်ပေါ့ ….”
[ဟုတ်တယ်၊ ငါက အဲ့လောက် ကြီးမြတ်တယ် ]က မေးလိုက်၏။
“ ဒါပေါ့ ….”
“ အဲ့တာတင် ဘယ်ကမှာ ….” ချန်ယွီ့ ပြုံးလျက် ပြောလိုက်ပြီး “ အတော်လေး ထိရောက်မှု ရှိတယ် ….”