လွတ်မြောက်ဖို့ လမ်းကြောင်းက သေခြင်းရှင်ခြင်း အခက်အခဲ
Vol. 29 Ch. 285
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် သူ၏ ရှည်လျားသည့် ဆံပင်များကို ပင့်လှန်၍ အရိုးပေါ် အရေတင် သူ့မျက်နှာကို ညွှန်ပြလိုက်သည်။ “ မင်းတို့တွေ မျက်လုံးဖွင့်ပြီး သေချာကြည့်ကြ … ငါ့အသက် သုံးဆယ်ပဲ ရှိသေးတယ် … ဒါပေမယ့် ငါ့အသက် အခု ငါးဆယ် ရှိပါပြီလို့ ပြောရင် မင်းတို့ ယုံမယ်ဆိုတာ လောင်းရဲတယ် ….”
“ တစ္ဆေတစ်ကောင်လိုမျိုး ရှင်သန်ခဲ့ရတယ် … တစ်ချိန်လုံး ကြောက်ရွံ့မှုအပြည့်နှင့် နေထိုင်ခဲ့ရတယ် … တစ်နှစ်ပတ်လုံး အိပ်ကောင်းခြင်းလည်း မအိပ်နိုင်ခဲ့ဘူး …..”
“ ပြီးတော့ .. ငါ အနိုင်ကျင့်ခံရတယ်ဆိုရင်တောင် တစ်ခြား အကူအညီ မတောင်းရဲဘူး ….”
“ သူများကြောင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့ရင်တောင် ငါ သည်းခံရုံပဲ တတ်နိုင်တယ် ….”
“ ဒုတိယလူတစ်ယောက်ကို မပြောပြရဲဘူး … ရဲခေါ်ပြီး တရားမျှတမှု ရှာဖွေဖို့ကတော့ ပြောမနေနဲ့တော့ ….”
ဤသည်ကိုကြားတော့ ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ မင်းရဲ့ ထွက်ပြေးတဲ့ ၁၂ နှစ်တာ ကာလမှာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေ အများကြီး ကြုံတွေ့ခဲ့ရပြီးပြီ ….”
“ ပုံမှန်ဆို အဲ့လို ကိစ္စမျိုးတွေက မင်းအပေါ်မှာ ဖြစ်လာမှာ မဟုတ်ဘူး ….”
“ အကြောင်းအရင်းကတော့ မင်းက ကိုယ့်မျက်နှာ အစစ်အမှန်ကို မပြသရဲတာကြောင့် ကိုယ့်ကိုယ်ကို အန္တရာယ်ရှိတဲ့ အခြေအနေထဲ တစ်ကြိမ်ပြီး တစ်ကြိမ် ရောက်အောင် တွန်းပို့နေတာပဲ ….”
“ အင်း ….” [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ပြီး ဝမ်းနည်းနေသည့် လေသံဖြင့် “ ဒေါက်တာချန် ပြောတာ လုံးဝ မှန်တယ် … ဒါ ငါ့ရဲ့ ဝဋ်ပြန်လည်တာပဲ …”
“ ညီကို … မင်းကို အဲ့လို အတွေးမျိုး တွေးတဲ့အထိ ဖြစ်ရလောက်အောင် အဲ့နေရာက ဘယ်လိုနေရာမျိုးမို့လဲ ….”
“ ဟုတ်တယ် … မင်းဘာကြောင့် ခြေကျင်းခတ်ခံထားရတာ ….”
“ မြန်မြန် ပြောပြစမ်းပါကွာ … ငါတို့ကို ဒွိဟဖြစ်အောင် မလုပ်စမ်းနဲ့ ….”
“ ဒေါက်တာချန်က ဒီလို စကားမျိုး ပြောတာ အဆင်ပြေသေးတယ် … မင်းကပါ ဘာလို့ ဒေါက်တာချန်ကို လိုက်အတုယူနေရတာလဲ …..”
“ မင်း လူကုန်ကူးသမားတွေနဲ့ ကြုံခဲ့ရလို့လား …”
“ လူကုန်ကူးသမားတွေက သူ့ကို ပြန်ပေးဆွဲသွားခဲ့တယ်ဟုတ်လား … မင်းခေါင်း မြည်းကန်သွားလို့ ဖြစ်လိမ့်မယ် ….”
“ ပြန်ပေးဆွဲသမားနဲ့တွေ့လို့ သူ့ကို ဓားစာခံလုပ်ပြီး မိသားစုဆီ ငွေညှစ်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ဘူး …”
“ တော်စမ်းပါကွာ … ပြန်ပေးဆွဲသမားက သူတောင်းစားရုပ်ပေါက်နေတဲ့ သူ့လိုကောင်ကို ပြန်ပေးဆွဲချင်ပါ့မလား ….”
ကြည့်ရှုသူများမှာ အချင်းချင်း ငြင်းခုန်နေကြပြီး စတင် စဉ်းစားလာကြ၏။
“ သူ မပြောချင်လို့ မဟုတ်ဘူး ….” ချန်ယွီ့က စားပွဲကို ခေါက်ရင်း ပြောလိုက်ပြီး “ ဒီတိုင်း …. အဲ့တုန်းက အခြေအနေကို ပြန် မစဉ်းစားချင်လို့ပဲ ….”
“ သူ့အတွက် … ဖမ်းခံထားရတဲ့ အချိန်သုံးနှစ်က ငရဲကျနေတာနဲ့ မခြားဘူး ….”
“ နောက်ပိုင်းမှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာကြောင့် မဟုတ်ရင် သူ့ရဲ့ ငရဲက ဆက်ပြီး ဖြစ်ပျက်နေဦးမှာ …..”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က အံ့အားသင့်စွာ မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … မင်း … မင်း သိနေတယ် ….”
“ မင်းရဲ့ စကားပြောပုံဆိုပုံ ၊ ဟန်အမူအရာတွေကနေတစ်ဆင့် … တစ်ခုစ ၊ နှစ်ခုစလောက်တော့ ငါ ခန့်မှန်းမိပါတယ် ….”
“ မင်းက ပြန်မမှတ်မိချင်ဘူးဆိုမှတော့ ငါကပဲ မင်းကိုယ်စား ပြောပြပေးမယ်ဆိုရင်ကော ဘယ်လိုလဲ ….” ချန်ယွီ့ မေးမြန်းလိုက်သည်။
“ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ … အကုန်လုံးက အတိတ်မှာ ကျန်ခဲ့တဲ့ ကိစ္စရပ်တွေပဲလေ …. ဖုံးကွယ်ထားစရာ အကြောင်းလည်း ရှိမှမရှိတာ ….”
ချန်ယွီ့ ပြောသည့်အတိုင်း …. သူ မပြောပြချင်သောကြောင့် မဟုတ်ဘဲ အနှီ နာကျင်ဖွယ်ရာ မှတ်ဉာဏ်များကို ပြန်အမှတ်မရလိုသောကြောင့်ပင်။
သူ ပြန်မြင်ယောင်မိသည့် အချိန်တိုင်း … လူကို သေမတတ် နာကျင်စေသည်။
“ မင်း ရထားသံလမ်းမှာ သတိလစ်သွားခဲ့အချိန် လူတစ်ချို့က တိုက်တိုက်ဆိုင်ဆိုင် အဲ့နားက ဖြတ်သွားကြတယ် …”
“ မင်း အသက်ရှူနေတုန်းပဲဆိုတာကို ခံစားမိတော့ သူတို့တွေ မင်းကို သယ်သွားကြပြီး သူတို့နေတဲ့နေရာဆီ ခေါ်လာကြတယ် …”
“ ငါ ပြောတာ မှန်တယ်နော်….”
ထိုစဉ်အချိန်တုန်းက ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို ချန်ယွီ့ ပြောပြသံကြားတော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ ခန္ဓာကိုယ်သည် စတင် တုန်ယင်လာခဲ့၏။
ဤအရာကို မြင်တော့ ချန်ယွီ့ ဆက်ပြောလိုက်သည်။ “ အဲ့လူတွေရဲ့ အထောက်အထားက ကျောက်မီးသွေးတွင်းရဲ့ လူမိုက်တွေ ….”
“ မီးရထား သံလမ်းနဲ့ မနီးမဝေးတစ်နေရာမှာ အမှိုက်စွန့်ပစ်တဲ့ စက်ရုံ တစ်ရုံရှိတယ် .. ပုံမှန်ဆို အဲ့နေရာက အိမ်ခြေရာမဲ့တွေနဲ့ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်နေတဲ့လူတွေ လာလာပြီး အစားအသောက်တွေ ၊ အဝတ်အစားကောက်တဲ့ နေရာ …”
“ အနက်ရောင် ကျောက်မီးသေးတွင်းက တရားဝင် လုပ်ကွက် ရထားတဲ့ လုပ်ငန်းမဟုတ်ဘူး … ပြီးတော့ အလုပ်သမားတွေကလည်း အန္တရာယ်အများဆုံး အလုပ်တွေကို လုပ်ရတယ် …. ဒီတော့ တရားဝင် အလုပ်ခေါ်စာတွေကနေ အလုပ်သမား ခေါ်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ….”
“ ပိုင်ရှင်က ဒီလိုလူစားမျိုးတွေကို ပစ်မှတ်ထားလာတယ် ….”
“ မင်း သတိလစ်သွားတဲ့နေရာက အမှိုက်စွန့်ပစ်တဲ့ နေရာနဲ့ သိပ်မဝေးဘူး … အဲ့တုန်းက မင်းဖြစ်နေတဲ့ ပုံစံကိုပါ ပေါင်းထည့်လိုက်တော့ မင်းက ခြေသလုံးအိမ်တိုင် သမား ၊ မဟုတ်လည်း စိတ်မနှံ့တဲ့သူ ဖြစ်ရမယ်ဆိုပြီး မှားယွင်းမှတ်ယူသွားခဲ့ကြတယ် ….”
“ အမှန်တရားကို သိလိုက်ရတော့ မင်းရှင်းပြချင်ပြီး အဲ့ဒီနေရာကနေ ထွက်သွားချင်ခဲ့တယ် ….”
“ ပြီးတော့ ဒီမှာ နေလို့လည်း မဆိုးဘူးဆိုပြီး ခံစားလိုက်ရတယ် … အနည်းဆုံးတော့ နေစရာနဲ့ စားစရာ မပူရဘူးလေ ….”
“ တကယ်လို့ မင်းသာ အပြင်ကို ထွက်ပြေးသွားခဲ့ရင် ရဲတွေ ဖမ်းဆီးတာကို ခံရနိုင်တယ် …”
“ အဲ့တုန်းကတော့ ကျောက်မီးတွေးတွင်းက ဘယ်လောက်ထိတောင် ကြောက်ဖို့ကောင်းလဲဆိုတာ မင်း မစဉ်းစားခဲ့မိဘူး … အဲ့ဒီတော့ စိတ်မနှံ့တဲ့ ကြောင်တောင်တောင် လူလိုမျိုး မင်း ဟန်ဆောင်ခဲ့တယ် ….”
“ မင်းနောင်တရဖို့ မကြာလိုက်ပါဘူး …. အနက်ရောင် ကျောက်မီးသွေးတွင်းက မင်းကို လူလို့ကို သဘောမထားတာ …”
“ နေ့တိုင်းနေ့ စားရတဲ့ အစားအသောက်တွေဆိုတာလည်း ဝက်ကျွေးတာတွေထက်ကို ဆိုးတယ် … နားချိန်ဆိုလည်း နည်းနည်းလေးပဲ ရတယ် …. ကျောက်မီးတွေးကိုလည်း နေ့တိုင်းနေ့ သေမတတ် တူးရတယ် ….”
“ တစ်ခါတစ်လေ တွင်းထဲမှာပဲ ကိုယ့်လုပ်ဖော်ကိုင်ဖက်က အရှင်လတ်လတ် မြေမြုပ်ခံလိုက်ရတာတွေတောင် ရှိတယ် ….”
ထိုစကားကြားတော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် မျက်လုံးကို စုံမှိတ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း ထိန်းချုပ်မရနိုင်စွာ တုန်ယင်လာခဲ့သည်။
ထိုနှစ်တွေ ဖြစ်ပျက်ခဲ့သည်များက ပြီးဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း အိပ်မက်ဆိုးတစ်ခုနှယ် နေ့တိုင်းနေ့ သူ့စိတ်ထဲတွင် အဖန်တဲလဲလဲ မြင်ယောင်နေမိ၏။
“ မင်း ထွက်ပြေးဖို့ တစ်ကြိမ်ထက်မနည်း ကြိုးစားခဲ့ဖူးတယ် … ဒါပေမယ့် အကြိမ်တိုင်းလည်း လူမိုက်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ် ….”
“ အဲ့လူတွေက မင်း မရူးဘူးဆိုတာ ရိပ်မိပြီးသား … ပြီးတော့ မင်းက အလိုရှိ ရာဇဝတ်သား တစ်ယောက် ဖြစ်မယ်ဆိုတာကို သူတို့ ခန့်မှန်းမိကြတယ် …”
“ မဟုတ်ရင် ရူးချင်ယောင်ဆောင်ပြီး အဲ့လိုနေရာမျိုးမှာ နေစရာ အကြောင်း မရှိဘူးလေ ….”
“ စစချင်းတုန်းကတော့ သူတို့တွေ မင်းကို ရိုက်နှက်ကြတယ် … နောက်ပိုင်းရောက်တော့ သူတို့တွေ ရဲခေါ်မယ်ဆိုပြီး မင်းကို ခြိမ်းခြောက်ကြတယ် … မင်းလည်း တစ်ခြားရွေးချယ်စရာ မရှိတော့ဘဲ ခုခံတာကို လက်လျှော့ပြီး သူတို့ရဲ့ ကျွန်အဖြစ်နဲ့ နေလိုက်ရတော့တယ် ….”
“ သုံးနှစ်ကြာပြီးတဲ့နောက်မှာ အနက်ရောင် ကျောက်မီးသွေးတွင်းက ပြိုကျပြီး တစ်ချီတည်းနဲ့ မိုင်းသား အယောက်နှစ်ဆယ်ကျော် သေဆုံးသွားခဲ့တယ် ….”
“ ဒီတစ်ကြိမ်တော့ ကျောက်မီးသွေးတွင်းရဲ့ သူဌေး ဘယ်လိုပဲ ဖုံးကွယ်ဖို့ စဉ်းစားပါစေ ၊ သူ မဖုံးကွယ်နိုင်တော့ဘူး ….”
“ သူ့ရဲ့ လက်ပါးစေတွေနဲ့အတူ ထွက်ပြေးသွားပြီး မင်းတို့ကိုတော့ ဖြစ်ချင်တာဖြစ် ချန်ထားခဲ့တယ် …..”
“ မင်းက နောက်ဆုံးမှ ဝင်ခဲ့တဲ့သူဆိုတော့ မြုပ်ခံလိုက်ရတဲ့ အမြင့်က သိပ်မနက်ဘူး … နောက်ဆုံးကျတော့ ကိုယ့်ကိုယ်ကိုယ် ပြန်တူးရင်း ထွက်လာနိုင်ခဲ့တယ် …..”
“ မင်း ပြန်ထွက်လာတဲ့ အချိန်ရောက်တော့ ကယ်ဆယ်ရေးသမားတွေနဲ့ ရဲတွေက အခင်းဖြစ်တဲ့နေရာကို ရောက်နေကြပြီ ….”
“ ရဲတွေကို မြင်တွေ့လိုက်ရတော့ မင်းကိုယ်မင်း တစ္ဆေမြင်လိုက်ရသလို ဖြစ်သွားခဲ့တယ် …. ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို လျစ်လျူရှုပြီး လွတ်ရာလွတ်ကြောင်း ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့တယ် ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က ခေါင်းညိတ်လိုက်သည်။
ထိုစဉ်အချိန်တုန်းက သူ တုံ့ဆိုင်းခဲ့ပြီး ဝန်ခံဖို့ တွေးမိခဲ့သေး၏။
သို့သော် … တစ်စုံတစ်ယောက်ကို သတ်ပြီးသည့်နောက် ဝန်မခံဘဲ ထွက်ပြေးခဲ့သည်ကို စဉ်းစားမိတော့ ယင်းက အမှုပေါ် အမှုဆင့်ပြီး ပိုကြီးလေးသည့် ပြစ်မှု ဖြစ်သွားခဲ့ပြီ ဖြစ်၏။
အကယ်၍ ထိုစဉ်အချိန်က လက်မြှောက်အရှုံးပေးဖို့ ရွေးချယ်ခဲ့မည်ဆိုပါက ထောင်တစ်သက်တစ်ကျွန်း ကျဖို့ ရှိခဲ့မည်ဆိုလျှင် ယခုအချိန်တွင်တော့ သေချာပေါက် သုတ်သင်ခံရဖို့ ကျိန်းသေသည်။
အနက်ရောင် ကျောက်မီးသွေးတွင်းတွင် သုံးနှစ်ခန့်မျှ ဘဝ၏ သေခြင်းရှင်ခြင်း အခက်အခဲများကို ရင်ဆိုင်ပြီးနောက် မည်သို့ ဟန်ဆောင်ရမလဲဆိုတာကို သူ သင်ယူနိုင်ခဲ့သည်။
အရူးတစ်ယောက်နှယ် ဟန်ဆောင်ရင်း ကျန်းစီရင်စု ရောက်သည်အထိ ထွက်ပြေးလာခဲ့၏။
ကျန်းစီရင်စု၌ တောမြေတောင်တန်း များပြားပြီး ကျယ်ဝန်းလှသည့် ကျေးလက်ဧရိယာကြီး တစ်ခု ရှိသည်။
ထိုနေရာသို့ ရောက်သည်နှင့် သူ ထွက်ပြေးသည်ကို ရပ်တန့်လိုက်သည်။
နေ့ခင်းပိုင်းတွင် အမှိုက်များနှင့် ပုလင်းခွံများ လိုက်ကောက်ပြီး ညအချိန်တွင် ရွာနောက်ရှိ ဂူတစ်ခုတွင် နေထိုင်ရင်း ပုန်းအောင်းနေခဲ့သည်။
ယင်းက သူ လက်ရှိ ပုန်းအောင်းနေသည့် နေရာပင်။
“ သူနဲ့ ထိုက်တန်တယ်ဆိုပေမယ့် ငါ မစာနာဘဲ ဘယ်လိုမှ မနေနိုင်ဘူးကွာ …..”
“ ရာဇဝတ်သား တစ်ယောက်ကို စာနာသနားနေတယ်ဟုတ်လား … တော်စမ်းပါကွာ ….”
“ သူပြောတာ မှန်တယ် … ထွက်ပြေးမယ့်လမ်းပေါ် ခြေချပြီးကတည်းက လူတစ်ယောက် မဟုတ်တော့ဘူး … ဘဝကြီးက မြောင်းထဲက ကြွက်တစ်ကောင်လောက်တောင် မသာဘူး …”
“ ဆယ့်နှစ်နှစ် … လူသတ်သမားက အခုထိ ပြေးနေတုန်းပဲ ….”
“ ပြောခါမှ ရဲတွေကလည်း အာပလာကြီးတွေပါကွာ …. ဝရမ်းပြေးတစ်ယောက်ကို ဆယ့်နှစ်ကြာကြီးများတောင် ထွက်ပြေးခိုင်းထားတယ် ….”
ဤကွန်းမန့်ကို မြင်ပြီးနောက်တွင် လိုက်စထွင်း ကြည့်ရှုနေသည့် ရာနှင့်ချီသည့် ကြည့်ရှုသူများမှာ ရှုပ်ထွေးသည့် အမူအရာများ ဖြစ်သွားခဲ့ကြ၏။
ကျန်းစီရင်စုထဲ ခမ်းနားကြီးကျယ်သည့် အဆောက်အဦးကြီး တစ်ခုအတွင်း၌။
အဖြူရောင်ရှပ်နှင့် အမျိုးသားတစ်ဦးသည် သူ့ရှေ့ရှိ ကွန်ပျူတာ စခရင်ထံ အာရုံစူးစိုက်နေသည်။
စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် ရှပ်အဖြူနှင့်လူ၏ ဖုန်းက အသံမြည်လာခဲ့သည်။
“ ဆရာ … မျက်နှာမှတ်သားတဲ့စနစ်ကတစ်ဆင့် သူ ဘယ်သူဆိုတာ အတည်ပြုပြီးပါပြီ … ဒါပေမယ့် ….. ၊ သူက ဝရမ်းပြေး မဟုတ်ဘူး ….”
“ ဟမ် …”
“ မင်း ဘာပြောလိုက်တယ် ….” ရှပ်အဖြူနှင့် အမျိုးသားက မျက်မှောင်ကြုတ်ပြီး တစ်ဖန် မေးမြန်းလိုက်သည်။ “ တစ်ဖန် ပြန်ပြောစမ်း ….”
“ ဆရာ … ကျွန်တော်တို့ ထပ်ခါတလဲလဲ စစ်ဆေးပြီးပါပြီ … သူက တကယ့်ကို ဝရမ်းပြေးမဟုတ်တာပါ ….”
“ ရဲဌာနရဲ့ ဒေတာစစ်စတမ်ကနေတစ်ဆင့် … သူ့ဧရိယာမှာ ရှိတဲ့ သက်ဆိုင်ရာ ဌာနတွေဆီ ဆက်သွယ်ပြီးပါပြီ …”
“ သူက ဝရမ်းပြေး မဟုတ်ပါဘူး ….”
ရှပ်အဖြူနှင့် အမျိုးသားသည် သူ့ဦးနှောက်ဆဲလ်များ မလောက်ငှနိုင် ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။
သူ ဆယ်စုနှစ်ကြာ တာဝန်ထမ်းဆောင်လာသည့် သက်တမ်းတစ်လျှောက်တွင် ယခုလို ဖြစ်ရပ်မျိုး ပထမဆုံးအကြိမ် ကြုံတွေ့ဖူးတာပင်။
ရာဇဝတ်သား တစ်ဦးက စထွင်မာ၏ လိုက်စထွင်းခန်းထဲသို့ ပြေးလာပြီး လက်မြှောက်အရှုံးပေးခဲ့သည်။ သူ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကိုလည်း အမှန်အတိုင်း ဝန်ခံခဲ့၏။
သို့တိုင် … ထိုလူက ရာဇဝတ်သား မဟုတ်ဘူးတဲ့လော …။