မင်း အသက်ကို အောင့်ထား
Vol. 29 Ch. 286
အချိန်အတော်ကြာပြီးသည့်တိုင် အထက်လူကြီးက အကြောင်းတစ်စုံတစ်ရာ ပြန်မလာသဖြင့် လက်အောက်ငယ်သား ဖြစ်သူက ထပ်ပြီး ဖြည့်စွက်ပြောလိုက်၏။ “ သူက ဝရမ်းပြေးစာရင်းထဲမှာ မပါဘူး … ရာဇဝတ်မှု မှတ်တမ်းကို မရှိတာ …. စစ်စတမ်ထဲမှာ သူ့အကြောင်း သတိပေးထားတာမျိုးတောင် ကျွန်တော်တို့ မတွေ့ရပါဘူး ….”
“ ဒါဆို အခုက ဘာတွေ ဖြစ်နေတာလဲ ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် သူ့အတိတ်က လုပ်ရပ်များအတွက် နောင်တ အကြီးအကျယ် ရနေသည်ကို ပြောဖို့ မခက်ပေ။
ရှပ်အဖြူနှင့်လူက ရာဇဝတ်သား အများအပြားကို ဖမ်းဖူးခဲ့ပြီး လက်ရှိ ရာထူးသို့ တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းလာခဲ့တာ ဖြစ်သည်။ သူ့တွင် များပြားလှသည့် အတွေ့အကြုံ ဖြစ်ရပ်တို့ ရှိ၏။
တစ်ဖက်လူက ရာဇဝတ်သား ဟုတ်မဟုတ်၊ ဒါမှမဟုတ် တစ်ဖက်သူ ပြောသည့် စကားက မှန်မမှန်၊ သူ အလွယ်လေး ဝေဖန်ပိုင်းခြားနိုင်သည်။
အကယ်၍ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က ဝရမ်းပြေးစာရင်းတွင် မပါဝင်ဘူးဆိုပါက မြို့ထဲတွင် ဖမ်းခံရသည့် ဖြစ်စဉ်ကို မည်သို့ ရှင်းပြမည်နည်း။
ဒေသခံ ရဲတပ်ဖွဲ့က သူ့ကို တစ်လလုံး လိုက်လံဖမ်းဆီးခဲ့ဖူး၏။ ထိုကိစ္စကို မည်သို့ ရှင်းပြမည်နည်း။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က မြို့နာမည် ၊ ဒါမှမဟုတ် အခြေအနေ အသေးစိတ်ကို ရှင်းမပြခဲ့သည့်အတွက်
ရှပ်အဖြူနှင့် အမျိုးသားမှာ အဆိုပါ ဒေသသို့ ဆက်သွယ်ပြီး မေးမြန်းစုံစမ်းရန်အတွက် အခက်တွေ့နေရသည်။
မရေမတွက်နိုင်သည့် မေးခွန်း သင်္ကေတတို့က သူ့စိတ်ထဲ ထွက်ပေါ်လာသည်။
“ ကပ္ပတိန် … ဘာတွေဖြစ်နေတာလဲဗျာ ….”
“ ဧကန္တ တစ်ချို့ ဒေသခံ ဌာနတွေက ဥပဒေကို အလွဲသုံးစား လုပ်နေကြတာများလား ….”
ဟန်ကျိုးမြို့၏ ရာဇဝတ်မှု စုံစမ်းရေးဌာန ဗဟိုယူနစ်တွင် လီချန်ကျွင်းသည် တည်တည်ငြိမ်ငြိမ်နှင့် ဆေးလိပ်သောက်နေလျက် ရှိသည်။
သူ့ပုံစံက စိတ်ရှုပ်ထွေးနေကြသည့် အသင်းဝင်များထက် အများအပြား သက်သောင့်သက်သာ ဖြစ်လို့နေသည်။
“ မင်းတို့ ဆက်ပြီးကြည့်ရင် နားလည်သွားလိမ့်မယ် ….” လီချန်ကျွင်းက ဆေးလိပ်ငွေ့မျာကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။
“ ကပ္ပတိန် ….” အသင်းဝင်တစ်ယောက်က ခါးသက်နေသည့် အပြုံးဖြင့် “ ခင်များရဲ့ အတွေ့အကြုံနဲ့ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက အမှားလုပ်မိပြီး သူ့ကို ဝရမ်းပြေးစာရင်းထဲ မထည့်သွင်းမိတာလို့ မထင်ဘူးလား ….”
“ ဒါမှမဟုတ်လည်း သူ့မိသားစုမှာ အဆက်အသွယ်တစ်ချို့ရှိလို့ ဝရမ်းပြေး စာရင်းထဲ မရောက်သွားတာများလား ….”
လီချန်ကျွင်း မျက်လုံးလှိမ့်ပြလိုက်၏။
သူ့လက်အောက်ငယ်သားကို အဘိုးကြီး တစ်ယောက်နှယ် နှေးကွေးရကောင်းလားဟု ကြိမ်းမောင်းလိုက်သည်။
“ တကယ်လို့ အဲ့လို လာဘ်ထိုးတာ ၊ တစ်ခြား အခြေအနေတွေ ရှိမယ်ဆိုရင် ဒေါက်တာချန် ငါ့ဆီ ဆက်သွယ်ပြီးတာ ကြာပေါ့ …”
“ အခု ငါ့ဖုန်းထဲ ဘာမှ ရောက်မလာဘူး … ဆိုလိုသာ ဒီလူနဲ့ ပတ်သက်ပြီး ဘာထွေထူး ပြဿနာမှ မရှိဘူးဆိုတာပဲ ….”
“ အဲ့တော့ မင်းတို့ ရှာဖွေနေကြတာ ရလဒ်မထွက်တာလည်း မထူးဆန်းဘူး ….”
သူ့လက်အောက်ငယ်သားများမှာ ပြောစရာစကား ကင်းမဲ့သွားခဲ့ရသည်။
မကောင်းမှုကို ရွံရှာမုန်းတီးသည့် ကပ္ပတိန်လီက လတ်တလောတွင် တစ်နေ့တစ်ခြား ပိုပိုပြီး ပျင်းရိလို့လာနေသည်။
လူသတ်ပြီး နှစ်ပေါင်းများစွာကြာ ထွက်ပြေးနေခဲ့သည့် ရာဇဝတ်သားတစ်ဦးက လိုက်စထွင်းထဲ ထွက်ပေါ်လာခဲ့သည့်တိုင် ကပ္ပတိန်လီကတော့ အေးဆေး သက်တောင့်သက်သာပဲ ရှိနေခဲ့သည်။
ယခင်တုန်းကဆိုလျှင် ရာဇဝတ်သားတစ်ဦးကို တွေ့သည်နှင့် တစ်ပြိုင်နက် စုံစမ်းစစ်ဆေးမှုတို့ ပြုလုပ်နေလောက်ချေပြီ။
အကယ်၍ ရာဇဝတ်သားက သူတို့နယ်မြေထဲက မဟုတ်ခဲ့လျှင်ပင် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က တစ်စုံတစ်ယောက်ကို သတ်ပြီး ၁၂ နှစ်ကျော်ကြာ ထွက်ပြေးပုန်းရှောင်နေခဲ့သည်။
စုံစမ်းမှုကို ကူညီပေးပြီး ဖမ်းဆီးပေးသည်ကလည်း အကျိုးပြုမှတ်တစ်ချို့ ရရှိစေသည်။
“ ကိုယ့်လူတို့ …. လိုက်စထွင်းက မိနစ်လေးဆယ်လောက် ရှိနေပြီဆိုတာ မင်းတို့ သတိထားမိကြလား ….”
“ မင်းပြောမှလားကွ … အချိန်ကို လိုက်စထွင်းထဲ ပြထားတာ အထင်အရှားကြီးပဲလေ …..”
“ အပေါ်ကလူ ပြောချင်နေတာက ဒီလောက်ကြာနေပြီကို ဘာလို့ သူ့ကိုဖမ်းဖို့ ဘယ်သူမှ ရောက်မလာသေးလဲလို့ မေးချင်နေတာ …..”
“ လက်ရှိ နည်းပညာတွေက သောက်ရမ်း အဆင့်မြင့်နေပြီ … ရာဇဝတ်သားက သူ့မျက်နှာကို ပြပြီး သူ့ရာဇဝတ်မှုအကြောင်း ပြောပြလိုက်တာနဲ့ ရဲတွေက အခင်းဖြစ်တဲ့နေရာကို မိနစ်ပိုင်းလေး အတွင်း ရောက်လာသင့်တာ ….”
“ လူသတ်သမားကို ဖမ်းဖို့က ကြီးကြီးမားမား ကိစ္စကြီးလေ …. အာဏာပိုင်တွေ ဒီလောက်ထိ သတိလက်လွတ်နေနေတယ်ဆိုတာကတော့ မဖြစ်နိုင်လောက်ပါဘူးနော ….”
“ ငါ မေးချင်တာ တစ်ခု ရှိတယ် … မင်းတို့ ရှင်းပြကြစမ်းပါ … သူ့မှတ်ပုံတင်နဲ့ ဖုန်းပျောက်သွားတယ်လို့ ပြောတယ်နော်… ဒါဆို သူအခု သုံးနေတာက ဘာလဲ ….”
ဤစကားလုံးများက လူတိုင်းကို လှုပ်နှိုးလိုက်သည့်နှယ်ပင်။
ကြည့်ရှုသူများက ရာဇဝတ်မှုအပေါ်မှာပဲ အာရုံစိုက်ထားခဲ့မိကြသည်။
မည်သူကမျှ သူ့ဖုန်း ဘယ်ကရောက်လာလဲဆိုတာကို ဂရုမစိုက်ကြချေ။
ချန်ယွီ့နှင့် ဆက်သွယ်ဖို့အတွက် ၊ မိုဘိုင်းဖုန်းတစ်လုံး ရှိဖို့ လိုအပ်သည့်အပြင် အင်တာနက် အသုံးပြုနိုင်ဖို့လည်း လိုသည်။
တောတောင်ဒေသထဲ ဝိုင်ဖိုင် သုံးဖို့ဆိုသည်မှာတော့ စဉ်းစားနေစရာကို မလိုချေ။
ဆင်းကတ် ဒေတာနှင့် အသုံးပြုနေတာပဲ ဖြစ်ရမည်။
ဒါဆိုရင် ဒီလူက ဆင်းကဒ်ကို ဘယ်ကရခဲ့တာ ဖြစ်မလဲ …
သူပြောခဲ့တာက ဟုန်ပေါင်းတွေ လုချင်တယ် … ဒါပေမယ့် အဲ့လို လုပ်ဖို့ဆိုရင် ကိုယ့်ရဲ့ နာမည်အရင်းနဲ့ စစ်မှန်တဲ့ အကောင့်တစ်ခုကို အရင်ဆုံး ဖွင့်ဖို့လိုတယ် ….
ကိုယ်က စစ်မှန်ကြောင်း သက်သေပြနိုင်မယ့် အထောက်အထားတွေလည်း လိုတယ် …
ဒါတွေ အကုန်လုံးက ထူးဆန်းနေတာတွေချည်းပဲ မဟုတ်လား ….
ကြည့်ရှုသူများ၏ ကွန်းမန့်များက စခရင်တစ်ခုလုံအပြည့် ပြန်လည် ထွက်ပေါ်လာသည်။
“ ဒီလူနာရဲ့ ဖုန်းနဲ့ ဆင်းကဒ်က တစ်ခြားလူ ပေးထားတာ …” ချန်ယွီ့ ပြုံးလျက် ပြောလိုက်သည်။
ကြည့်ရှုသူတွေ ဇဝေဇဝါ ဖြစ်နေမယ်မှန်း သိတော့ ချန်ယွီ့ သူတို့ကို ဆက်ပြီး ဒွိဟဖြစ်အောင်အောင် လုပ်မနေတော့ချေ။
ဆဲလ်ဖုန်းနှင့် ဆင်းကဒ်၏ မူလအစကို ၎င်းတို့အား ပြောပြလိုက်၏။
“ လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက လူနာက အနီးနားက မြို့ကို သွားပြီး ထုံစံအတိုင်း စားဖို့သောက်ဖို့အတွက် အမှိုက်လိုက်ကောက်တယ် ….”
“ တိုက်တိုက်ဆိုင်ဆိုင်ပဲ လူတစ်ယောက်က လမ်းပေါ်မျာ ကလေးကို ဖမ်းသွားခဲ့တယ် ….”
“ အဲ့တာကို တွေ့တော့ လူနာက တုံ့ဆိုင်းမနေဘဲ ကလေးဖမ်းသမားကို ဟန့်တားလိုက်တယ် … အဲ့လိုနဲ့ အဆုံးမှာ ကလေးကို ကလေးဖမ်းသမားတွေ လက်ထဲကနေ ပြန်ကယ်တင်နိုင်လိုက်တယ် ….”
“ ကလေးရဲ့ မိဘတွေနဲ့ ညီကိုမောင်နှမတွေက လူနာရဲ့ မျက်နှာကို မြင်တော့ ကလေးဖမ်းသမားထင်ပြီး ပယ်ပယ်နှယ်နှယ် ဝိုင်းရိုက်ကြတယ် ….”
“ ကလေးက မိဘတွေကို ရှင်းပြတော့မှ သူတို့တွေ လူမှားရိုက်မိကြပြီဆိုတာ သတိထားမိသွားခဲ့ကြတယ် … အဲ့နောက် ချက်ချင်းပဲ ကျေးဇူးတင်ဖို့အတွက် ပိုက်ဆံအထပ်လိုက် ထုတ်ပေးလာတယ် ….”
“ ဒီလူနာက ပိုက်ဆံပေးတာကို လက်မခံခဲ့ဘူး …. တစ်ဖက်လူကို ဖုန်းတစ်လုံးပဲ ပေးပါလို့ တောင်းဆိုခဲ့တယ် … ဆင်းကဒ်ပါ ပါမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့ …”
“ သူ အိမ်ကနေ ထွက်ပြေးလာခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး … အပြစ်ရှိစိတ်အပြင် မိသားစုကို လွမ်းဆွတ်သတိရမိတဲ့စိတ်လည်း ဖြစ်ပေါ်မိတယ် ….”
“ အချိန်ကြာလာလေလေ၊ သတိရတဲ့စိတ်က ပိုပြီး များလာလေလေ …”
ကြည့်ရှုသူများက ခေါင်းညိတ်လိုက်ကြသည်။
ဆယ့်နှစ်နှစ်ကျော် ထွက်ပြေးပြီးနောက် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် မိသားစုကို သတိရသည်ဆိုသည်မှာ ရှောင်လွှဲ၍ မရနိုင်သည့် အရာဖြစ်၏။
သူ တစ်ခါက ဖုန်းခိုးဖို့ ကြိုးစားဖူးသော်လည်း ပိုင်ရှင်က ရဲကို ဖုန်းဆက်ပြီး သူ မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်လိုက်မှာကို စိုးရိမ်ခဲ့သည်။
ယခု တစ်စုံတစ်ယောက်က သူ့ကို ကျေးဇူးတင်နေသည်။ သဘာဝကျကျပဲ ဖုန်းတစ်လုံးလောက်ပေးဖို့ တောင်းဆိုလိုက်၏။
သူက ဖုန်းသုံးရင်း အချိန်တစ်ချို့ ကုန်ဆုံးချင်သည့် အိမ်ခြေယာမဲ့တစ်ဦး ဖြစ်တာကို သိတော့ ကလေးရဲ့ အစ်ကိုက သူကိုင်နေတဲ့ ဆင်းကဒ်ပါတဲ့ ဖုန်းအဟောင်းကို ပေးလိုက်သည်။
တွေးပေးတတ်စွာဖြင့် ဖုန်းအားသွင်းကြိုးပါ ဝယ်ပေးလိုက်သေး၏။
ဖုန်းရရှိပြီးနောက် သူ့မှတ်ဉာဏ်ထဲ ကျန်ရှိနေဆဲ ဖုန်းနံပါတ်အတိုင်း အိမ်သို့ ဖုန်းဆက်လိုက်သည်။
မိဘများ၏ အသံကို ဘာမှမပြောဘဲ နားထောင်ရုံမျှနှင့် အဆင်ပြေပြီဟု သူတွေးထင်ထားခဲ့၏။ သို့သော်လည်းပဲ ထင်မှတ်မထားစွာဖြင့် သူ့အိမ်ဖုန်းက ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်လို့နေသည်။ ခေါ်ဆို၍ မရခဲ့ပေ။
“ သူ့မိဘတွေ ဖုန်းနံပါတ်ပြောင်းလိုက်သွားပြီလို့ သူ ထင်လိုက်တယ် … ဒါနဲ့ လက်ရှိဖုန်းကို လွင့်ပစ်လိုက်တော့မလို့ပဲ … အသုံးမှ မလိုတော့တာ …. ဒါပေမယ့် ပြန်စဉ်းစားကြည့်ပြန်တော့လည်း နှမြောဖို့ကောင်းတယ်လေ ….”
“ ညဘက် ဖုန်းကြည့်ရင်း အချိန်ဖြုန်းလို့လည်း ရတာပဲမလား …..”
“ ဒီလိုနဲ့ သင်ပေးမယ့်ဆရာမရှိဘဲ လိုက်စထွင်းတွေ ဘယ်လိုကြည့်ရမလဲ တတ်မြောက်လာတယ် ….”
“ သူ့ရဲ့ အွန်လိုင်းနာမည်က တကယ်တော့ ကလေးဖြစ်သူ အစ်ကိုရဲ့ နာမည် … တစ်ဖက်လူက အကောင့်စစ်မှန်ကြောင်းလည်း မှတ်ပုံတင်ထားပြီးသား …..”
“ လိုက်စထွင်းကြည့်ရင်းနဲ့ ငွေဝင်ပေါက်တစ်ချို့ ရနိုင်မယ့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့တယ် … အဲ့တာကတော့ ဟုန်ပေါင်းဖမ်းတာပဲ ….”
ကြည့်ရှုသူများမှာ ရယ်ချင်သွားခဲ့ကြသည်။
သူတို့၏ ပရိသတ်များ ရေရှည်ဆက်လက် အားပေးစေရေးအတွက် စထွင်မာ တော်တော်များများက လိုက်စထွင်းထဲတွင် ဟုန်ပေါင်းများ ပုံမှန် လွှတ်ပေးတတ်ကြသည်။
မများပြားသော်လည်းပဲ နည်းလမ်းပုံစံတစ်ခု သိသွားသည်နှင့် တစ်နေ့လျှင် ဆယ်ယွမ်ထက်မနည်း လိုက်စုနိုင်သည်။
ဤအကြောင်း စဉ်းစားမိပုံထောက်လျှင် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က အမှန်တကယ် ဉာဏ်ထက်မြက်သူ ဖြစ်ပုံရသည်။
အကယ်၍ သူသာ လူသတ်မှုကို မကျူးလွန်ခဲ့ဘူးဆိုပါက အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ပင် ရပြီးလောက်ပြီး၏။
“ ဒေါက်တာချန် … ငါ အတိတ်တုန်းက ကျူးလွန်ခဲ့တဲ့ အပြစ်တွေအတွက် တာဝန်ယူဖို့ အဆင်သင့်ပါပဲ … ကျေးဇူးပြုပြီး ရဲကို ဖုန်းခေါ်လိုက်ပါ ….”
သူ့ရင်ဘက်ထဲ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သိမ်းဆည်းထားခဲ့သည်များကို ထုတ်ပြောပြီးနောက် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် စိတ်ပေါ့ပါးသွားသည့်နှယ် ခံစားနေရသည်။
“ ဒီရဲ့ လူနာ ….” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်ပြီး “ မင်းက မင်းကိုယ်မင်း အောက်တန်းကျတဲ့ လူသတ်သမား တစ်ယောက်ဆိုပြီး ပြောနေတယ် … ဒါတွေ အကုန်လုံးက ဒီတိုင်း မင်းရဲ့ စိတ်ကူးယဉ်မှုတွေ သပ်သပ်ပဲ ဆိုတာရော စဉ်းစားမိလား ….”
“ ဘာဖြစ်တယ် …..”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ဖုန်းစခရင်ကို ဗလာကျင်းစွာ စိုက်ကြည့်နေမိသည်။
“ ဒေါက်တာချန် … မင်းပြောချင်တဲ့ သဘောက သူ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးပေါ့ ဟုတ်လား ….”
“ မဖြစ်နိုင်တာ … နစ်နာသူက အသက်မရှူတော့ဘူးလို့ သူ ကိုယ်တိုင်ပဲ နှုတ်က ထုတ်ပြောခဲ့တာလေ ….”
ကြည့်ရှုသူများကို တစ်ချက်ကြည့်ပြီးနောက် ချန်ယွီ့ မေးလိုက်သည်။ “ တစ်ယောက်ယောက် သေသွားခဲ့ပြီလို့ ဘယ်သူက အော်လိုက်လဲ မင်း သိလား …”
“ ဘယ်သူကလဲ ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က အလျင်အမြန် မေးလိုက်သည်။
“ မင်း အမှောက်သိပ်လိုက်တဲ့ လူမိုက်ကိုယ်တိုင်ပဲ ….”
“ သူက မြေပေါ်မှာလဲပြီး အသက်မရှူတော့တာနဲ့ပဲ တကယ်ကြီး သေသွားပြီလို့ မဆိုလိုဘူးလေ ….”
“ အသက်အောင့်ထားတယ်ဆိုတာရော မင်း နားလည်လား ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ စိတ်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့တော့၏။