← Chapters

အသက်ကြီးလာလေ ၊ သတ္တိနည်းလာလေ

Vol. 29 Ch. 287

အသက်ကြီးလာလေ ၊ သတ္တိနည်းလာလေ

Vol. 29 Ch. 287

ချက်ချင်းဆိုသလို [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မှတ်ဉာဏ်များက လွန်ခဲ့သော ဆယ့်နှစ်နှစ်ခန့်က တစ်ညသော အချိန်သို့ ပြန်ရောက်ရှိသွားခဲ့သည်။

သူနှင့် အရက်အတူသောက်နေကြသည့် သူငယ်ချင်းများက လက်ထဲ ဘီယာပုလင်းများ၊ ထိုင်ခုံများ ကိုင်ပြီး သူ့ကို ကူညီရန်အတွက် ပြေးလာခဲ့ကြသည်။

လူမိုက်၏ လက်အောက်ငယ်သား နှစ်ယောက်ကလည်း သွားရှုပ်၍ ရသူများ မဟုတ်ကြပေ။ သူတို့တွေကလည်း စားပွဲပေါ်ရှိသည့် ဘီယာပုလင်းများကိုင်ပြီး ပြန်တိုက်ခိုက်ကြ၏။

မြင်ကွင်းက ပရမ်းပတာပင်။

လူမိုက်၏ ငယ်သားနှစ်ယောက်က သတ္တိကြီးသည်ဆိုသော်လည်း လူအင်အားမမျှ၍ အရေးမသာ ဖြစ်ခဲ့ရသည်။

မကြာမီ သူတို့နှစ်ယောက်လည်း သွေးသံတရဲရဲ ဖြစ်သွားခဲ့ကြ၏။

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ဘီယာပုလင်းခွံ တစ်လုံးကို ကောက်ကိုင်ပြီး လူမိုက်၏ ဦးခေါင်းသို့ တစ်ဖန် ပြန်ရိုက်ခွဲလိုက်၏။

၎င်းနောက် ချက်ချင်းပဲ တစ်စုံတစ်ယောက်က ‘ လူသေသွားပြီ ‘ဟု ကျယ်လောင်စွာ အော်ဟစ်လာသည့် အသံကို ကြားလိုက်ရတော့သည်။

မည်သူက ထိုသို့ အော်ဟစ်လိုက်လဲဆိုတာကိုတော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည်လည်း မရှင်းလင်းပေ။

သူ့ အသိစိတ်ပြန်ဝင်လာသည့်အချိန်၌ လူမိုက်က မြေပေါ်သို့ လဲကျသွားခဲ့ပြီး ပြန်မထလာတော့ပေ။

“ ဒေါက်တာချန် … အဲ့လူမိုက်က သေချင်ယောင်ဆောင်နေတယ်လို့ ပြောနေတာတော့ မဟုတ်ပါဘူးနော်….”

“ လူမိုက် : မင်းငါ့ကို ကြောက်တယ်များ ထင်နေလားကွ ….”

“ ဒေါက်တာချန် ပြောသလိုဆိုရင် တကယ်လည်း အဲ့အတိုင်း ဖြစ်ခဲ့လောက်တယ် … အသက်အောင့်ပြီး သေချင်ယောင်ဆောင်နေတာ ဖြစ်မယ် ….”

“ ဒါဆို ဒီညီကိုက လူသတ်သမား မဟုတ်ဘူးပေါ့နော်….”

“ စောက်ကျိုးနည်း … လူမိုက်ကလည်း လှည့်ကွက်တွေအပြည့်နဲ့ပါလားဟ ….”

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က အတိတ်ကို ပြန်မြင်ယောင်ကြည့်နေစဉ် ကြည့်ရှုသူများက အခြေအနေကို စတင် ဝေဖန်သုံးသပ်နေကြပြီး ဖြစ်သည်။

“ ငါ … ငါ ….”

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် သူ့ပါးစပ်ကို ဖွင့်၍ တစ်စုံတစ်ရာ ပြောဖို့ဟန်ပြင်လိုက်သော်လည်း ဘာပြောလို့ ပြောရမှန်း မသိတော့ပေ။

ချန်ယွီ့က လူမိုက်သည် မြေပေါ်လဲပြီး အသက်အောင့်၍ သေချင်ယောင်ဆောင်နေခဲ့သည်ဟု ပြောသည်ကို ကြားလိုက်ကတည်းက သူ့ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့တော့သည်။

ထွက်ပြေးခဲ့သည့် ၁၂ နှစ်ကျော်ကာလက အိပ်မက်တစ်ခုနှယ်ပင်။

မဟုတ်သေး ။ အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့၏။

“ ဟင်း ….”

“ ဒီရဲ့လူနာ … မင်းသေချာလေး ပြန်စဉ်းစားကြည့် ….” ချန်ယွီ့ သက်ပြင်းချပြီးနောက် ညင်သာစွာ ဆိုလိုက်သည်။ “ မင်းတို့တွေ ရန်ဖြစ်တော့ အနားလေးမှာ‌ စောင့်ကြည့်နေတဲ့လူတွေ ရှိလို့လား ….”

“ ဝိတ်တာတွေကလည်း အဝေးကြီးမှာ သွားပုန်းနေကြတာ မဟုတ်လား ….”

“ ဟုတ် … ဟုတ်သလိုပဲ ….”

ဤသို့ဖြင့် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ထိုစဉ်အချိန်က မြင်ကွင်းကို ပြန်လည်မြင်ယောင်ကြည့်ရင်း မျက်မှောင်ကြုတ်မိသွားခဲ့သည်။

လူတိုင်း စတင်ရန်ဖြစ်တော့ အနီးနားဝန်းကျင်ရှိ စားသုံးသူများလည်း အလျင်အမြန် ထွက်ပြေးသွားခဲ့ကြသည်။

ပွဲကြည့်ရှုနေသူဟူ၍ မရှိကြပေ။

“ လူမိုက်ကိုယ်တိုင်က သူ့ကိုယ်သူ အသတ်ခံလိုက်ရပြီလို့ အော်လိုက်တာများလား ….”

“ သူက တမင်သပ်သပ် အသက်အောင့်ပြီး ငါ သူ့ကို သတ်လိုက်တယ်လို့ ယုံကြည်သွားအောင် ထင်ယောင်ထင်မှား လုပ်ခဲ့တာပေါ့ ….”

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ချန်ယွီ့ကို အသက်မပါသည့် မျက်လုံးများဖြင့် ငေးကြည့်လိုက်သည်။

“ အင်း … ပြီးတော့ .. သူရဲလည်း မတိုင်ခဲ့သလို အဲ့လို ဖြစ်ပြီးတဲ့နောက်မှာ မင်းကို ပြဿနာရှာဖို့လည်း မစဉ်းစားခဲ့ဘူး ….” ချန်ယွီ့ ခေါင်းညိတ်ပြလိုက်ပြီး “ တစ်နည်းပြောရရင် သူ့ဘက်က အရှုံးဝန်ခံခဲ့တယ် ….”

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ရှော့ခ်ရလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်နေပြီး ဦးနှောက်သည်လည်း အစိတ်အစိတ်အမြွှာမြွှာ ကွဲကြေသွားသည့်နှယ် ခံစားနေရ၏။

သူ ဘီယာပုလင်းနှင့် ဦးခေါင်းရိုက်နှက်လိုက်သည့်လူမိုက် မသေသွားခဲ့သည်ကပင် လုံးဝ ထင်မှတ်မထားသည့် ကိစ္စရပ် ဖြစ်နေပြီး ဖြစ်၏။ သို့သော် ယခု ချန်ယွီ့က လူမိုက်သည် ဤကိစ္စကို တိုးတိုးတိတ်တိတ်လေးပဲ ပြီးဆုံးစေပြီး နောက်ဆက်တွဲ ကိစ္စရပ်များအတွက် သူ့ကိုလည်း ပြဿနာ မရှာခဲ့ဘူးဆိုပင်။

အကယ်၍ တစ်စုံတစ်ယောက်က စားသောက်နေရင်း အကြောင်းမဲ့ ရိုက်နှက်ခံလိုက်ရမည်ဆိုပါက မည်သူမဆို တရားမျှတမှုကို တောင်းဆိုကြမည်မှာ သဘာဝပင်။ လူမိုက်များပင် ခြွင်းချက် ရှိမှာမဟုတ်ချေ။

“ မဟုတ်မှလွဲရော လူမိုက်က သွေးဆူလွယ်တဲ့ လူငယ်လေးတစ်သိုက်က သူ့ကို သေအောင် ရိုက်နှက်မှာ ကြောက်ပြီး ရည်ရွယ်ချက်ရှိရှိ သေချင်ယောင် ဆောင်လိုက်တာများလား …..”

“ အဲ့လိုဆိုရင်တောင် အဲ့ကိစ္စဖြစ်ပြီးတဲ့နောက်မှာ ဘာလို့ ပြန်ပြီး လက်စားမခေလဲ …. မင်းတို့ လူမိုက်ဂိုဏ်းထဲကကောင်တွေက ကြီးသူကို ရိုသေပြီး ငယ်သူကို သနားတတ်ကြတယ်ဆိုပြီး ပြောကြတယ်မဟုတ်ဘူးလား … ဒီကောင်တွေ ဂရုမစိုက်ပါဘူးကွာ ….”

“ လူမိုက်က သူ့မှာ ရာဇဝတ်မှတ်တမ်း ရှိထားတော့ ရဲစခန်းထဲ မဝင်ရဲတာများလား …..”

“ သားရီး …. ဦးနှောက်သုံးပြီးမှ စကားပြောစမ်း … လူမိုက်ပါဆိုနေမှ သူ့လက်အောက်မှာ ငယ်သားတွေ အများကြီး ရှိမှာပဲလေ ….”

“ ရိုက်နှက်ခံလိုက်ရတော့ အရှုံးကို ဝန်ခံသွားတယ် … ဒါ ဘယ်လို လူမိုက်မျိုးလဲ အဲ့တာ …. ကိုယ့်သိက္ခာကိုယ်တောင် ဂရုမစိုက်တော့ဘူးလားဟ ….”

ကြည့်ရှုသူများက များပြားလှသည့် ကွန်းမန့်များ ဆက်တိုက် ပေးပို့လာခဲ့ကြသည်။ လူမိုက်က ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် အဘယ်ကြောင့် အရေးယူခြင်း မရှိခဲ့လဲဆိုတာကို အကုန်လုံးက နားမလည်နိုင် ဖြစ်နေခဲ့ကြ၏။

ကွန်းမန့် တစ်ခုကို ဖတ်ရှုမိတော့ ချန်ယွီ့ မျက်နှာထက်တွင် ညင်သာသည့် အပြုံးတစ်ခုက ထွက်ပေါ်လာသည်။

“ လူတိုင်းပဲ … လျှောက်ပြီး ခန့်မှန်းနေတာကို တော်လိုက်ကြတော့ … မင်းတို့ရဲ့ ဒီရဲ့လူနာ နားမလည်နိုင်တဲ့ မေးခွန်းတွေကို တစ်ခုချင်းစီ ငါ ဖြေပေးမယ် ….”

ဤသည်ကို ကြားတော့ ကွန်းမန့်အရေအတွက်ပဲ ချက်ချင်းပဲ လျှော့ကျသွားခဲ့တော့သည်။

ကွန်းမန့်ရေးရင်း အရေးကြီးသည့် အကြောင်းအရာ တစ်ခုခုကို လွတ်သွားမည်အား စိုးရွံ့နေကြ၏။

ငိုင်တွေငေးမောနေသည့် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည်ပင် ထိုအခိုက်အတန့်၌ အသိပြန်ကပ်လာခဲ့သည်။

သူတို့ အကုန်လုံးက ချန်ယွီ့ ဖြေကြားပေးမည်ကို မျှော်လင့်စောင့်စားနေခဲ့ကြ၏။

“ အဆင့်အတန်းတစ်ခုနဲ့ လူမိုက်က ဘာလို့ ရည်ရွယ်ချက် ရှိရှိ သေချင်ယောင်ဆောင်ခဲ့လဲဆိုတာကို မင်းတို့တွေ နားမလည်နိုင်ဖြစ်နေကြမယ်ဆိုတာ ငါယုံကြည်တယ် ….”

“ အဖြေကတော့ ရှင်းပါတယ် … ဘာလို့ဆိုတော့ သူ သေမှာကြောက်လို့ပဲ ….”

“ လူတွေ ပြောလေ့ရှိကြပါတယ် …. ကိုယ်က အသက်ကြီးလာလေ ၊ သတ္တိကလည်း နည်းလာလေလေပဲ ….”

“ အဲ့လူမိုက်က အသက်ဆယ့်ခြောက်နှစ်မှာ လောကကြီးကို စိန်ခေါ်ခဲ့တယ် … သူ ငယ်တုန်းကတော့ သတ်ရဲ၊ ဖြတ်ရဲ၊ တိုက်ခိုက်ရဲတဲ့ ဇရှိတဲ့လူငယ်တစ်ယောက်ပဲ …. သေမလို ဖြစ်ခဲ့တာတွေလည်း အကြိမ်ပေါင်း မနည်းဘူး ….”

“ ကြီးမားတဲ့ ရန်ပွဲ တစ်ခုအပြီးမှာ သူ့ဧရိယာထဲ နာမည် တစ်လုံး တည်ဆောက်လာနိုင်တယ် ….”

“ ပိုက်ဆံနဲ့ အာဏာက သူ့မှာ အများကြီး ရှိလာတယ်ဆိုပေမယ့် သတ္တိကတော့ ပိုနည်းလာတယ် ….”

“ မင်းတို့လည်း အနည်းနဲ့အများတော့ ဒီလို ခံစားချက်မျိုးကို ခံစားဖူးကြပါတယ် ဟုတ်တယ်ဟုတ် …”

ချန်ယွီ့ ပြုံးလျက် မေးမြန်းလိုက်၏။

ဤစကားကြားတော့ အောင်မြင်နေကြသည့် ကြည့်ရှုသူ တော်တော်များများက သဘောတူကြောင်း ကွန်းမန့်ရေးလာကြသည်။

ငယ်ငယ်တုန်းကတော့ သူတို့တွင် ဘာမျှ မရှိခဲ့ပေ။ ဘာမျှ မရှိသည့်အတွက် အကျိုးအမြတ်တွေ၊ ဆုံးရှုံးရမှာတွေကိုလည်း သူတို့ တွက်ချက်နေဖို့ မလိုချေ။

အကယ်၍ နိုင်လျှင် အကျိုးအမြတ်ကြီးကြီး ရမည်။ ရှုံးနိမ့်ခဲ့လျှင်လည်း စွန့်လွှတ်၊စွန့်စားစရာ မည်သည့်အရာမျှ မရှိပေ။

သို့ပေမယ့်လည်း …

လူတစ်ယောက်က အဆင့်အတန်းတစ်ခု၊ အနေအထားတစ်ခုသို့ ရောက်ရှိလာပြီဆိုတာနှင့် ၊ သူတို့ လုပ်သမျှ အရာအားလုံးကို ချင့်ချိန်လာရသည်။ ဂရုစိုက်လာရသည်။

“ စကားပုံတွေအတိုင်းပဲ ၊ ပျော့တဲ့တစ်ယောက်က မာတဲ့ကောင်ကို ကြောက်တယ် ၊ မာတဲ့ကောင်က မဆင်မခြင်နိုင်တဲ့ကောင်ကို ကြောက်တယ် ၊ မဆင်မခြင်နိုင်တဲ့ကောင်ကတော့ ရူးတဲ့ကောင်ကို ကြောက်တယ် ….”

“ ဒီရဲ့လူနာနဲ့ သူ့သူငယ်ချင်းတွေက သွေးဆူလွယ်ပြီး ရူးနေတဲ့ လူတွေ စစ်စစ်ပဲ ….”

“ သူတို့ မျက်လုံးနီလာတာနဲ့ အကြောက်တရားဆိုတာ ဘာမှန်း မသိကြတော့ဘူး ….”

“ သူတို့ မကြောက်ကြဘူး … ဒါပေမယ့် လူမိုက်ကတော့ ကြောက်တယ် ….”

“ တစ်ခါက သူ့ အစ်ကိုကြီးနှစ်ယောက် သွေးဆူလွယ်တဲ့ လူငယ်လေးတွေ သတ်တာကို ခံခဲ့ရဖူးတယ် ….”

“ အဲ့ဒီအခြေအနေမှာ လူမိုက်ဘက်က သူ့လူနှစ်ယောက်တည်း ရှိတာ … ဒါပေမယ့် လူနာဘက်မှာကျတော့ လူက ခုနစ်ယောက်တောင် ရှိတယ် ….”

“ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လို့ မနိုင်မှာ ကျိန်းသေပေါက်ပဲ .. ပြီးတော့ ဘီယာပုလင်းနဲ့ ခေါင်းရိုက်ခံထားရလို့ လူမိုက်က ခေါင်းလည်း မူးနောက်နေပြီ … ဒီတော့ ထွက်ပြေးနိုင်စွမ်းလည်း မရှိတော့ဘူး …..”

“ အဲ့လို အခြေအနေမျိုးမှာ သူ့ဘက်က သေချင်ယောင်ဆောင်ဖို့ပဲ တတ်နိုင်တော့တယ် ….”

ထိုစဉ်အချိန်က မြင်ကွင်းကို ချန်ယွီ့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့်နှယ် ချောမွေ့စွာဖြင့် အမှားအယွင်းတစ်ခုမျှမရှိ ၊ ပြန်ပြောင်းပြောပြနေသည်။

လူမိုက်ကလည်း သူ့ငယ်သားနှစ်ယောက် အမှောက်သိပ်ခံရပြီးနောက်တွင် ၊ နောက်ထပ်အလှည့်ကျလာမည့်လူက သူဖြစ်ကြောင်းကို သိသည်။

အရင်ဦးစွာ အဆုတ်ပေါက်ကွဲမသတ် လူသတ်ခံလိုက်ရပြီဟု အော်ဟစ်ပြီး ၊ ပြီးသည့်နောက် မြေပေါ်သို့ လဲကာ သေချင်ယောင်ဆောင်လိုက်သည်။

ငယ်ငယ်တုန်းက အတွေ့အကြုံများမှတစ်ဆင့် သင်ယူတတ်မြောက်ခဲ့သည်များအပေါ် မှီခိုပြီး လူမိုက်သည် သူ စွမ်းနိုင်သမျှ သေချင်ယောင်ဆောင်နိုင်ဖို့ကို အကောင်းဆုံး ကြိုးပမ်းခဲ့သည်။

နောက်ဆက်တွဲ ဖြစ်ပျက်လာခဲ့သည်များကလည်း လူမိုက် မျှော်လင့်ထားခဲ့သည့်အတိုင်းပဲ ဖြစ်၏။

သူ တကယ်ပဲ အသတ်ခံလိုက်ရပြီဟု တွေးထင်သွားခဲ့ရင်း လူငယ်တစ်သိုက်မှာ ကျားဝင်ဆွဲခံရသည့်နှယ် ထွက်ပြေးသွားခဲ့ကြသည်။ ရာနှင့်ချီသည့် လက်အောက်ငယ်သားများရှိသည့် လူမိုက်ခေါင်းဆောင် တစ်ယောက်အနေဖြင့် သူသည် အသက်ရှင်သန်နိုင်ဖို့အတွက် သေချင်ယောင်ဆောင်ခဲ့ရ၏။

အကယ်၍ ဤကိစ္စ အပြင်သို့ ပေါက်ကြားသွားခဲ့လျှင် သူ့သိက္ခာ တစ်စက်မှ ကျန်တော့မှာ မဟုတ်ချေ။ တစ်မြို့လုံးက လှောင်ရယ်စရာ ဖြစ်လာနိုင်သည်။

အပေါ်ယံ လက်စားချေမှုဖြစ်စေ၊ လျှို့ဝှက်ပြီး လက်စားချေမှုပဲဖြစ်စေ၊ သတင်းက မပေါက်ကြားသွားဖို့အတွက် အာမခံချက် မရှိပေ။

“ သူ့ကို ရိုက်နှက်ခဲ့တဲ့လူက စုစုပေါင်း ခုနစ်ယောက်ရှိတယ် …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ဒီလူမိုက်က သူတို့ ခုနစ်ယောက်လုံးကို တစ်ညတည်း နှုတ်ပိတ်လိုက်ဖို့ဆိုတာ ဘယ်လိုမှမှ မဖြစ်နိုင်တာ ဟုတ်တယ်မလား ….”

“ ပြီးတော့ အဲ့ဒီအချိန်တုန်းက ရဲတွေကလည်း သူ့ကို စောင့်ကြည့်နေကြတယ် … ဒါကြောင့်မို့ ကြီးကြီးမားမားတွေလည်း မလုပ်ရဲဘး ….”

“ ဒီဒေါသကို မျိုသိပ်ထားဖို့ ဆုံးဖြတ်လိုက်ပြီးမှတော့ သွားကျိုးတဲ့အထိ အံကြိတ်ပြီး သည်းခံထားတယ် ….”

“ လှည့်ကင်းရဲကား ရောက်လာတဲ့အချိန်မှာတောင် အမှန်အတိုင်း မပြောပြခဲ့ဘူး ….”

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ကို တစ်ချက်ကြည့်ပြီးနောက် ချန်ယွီ့ မျက်ခုံးနှစ်ဖက် အလယ်သို့ နှိပ်နှယ်လိုက်သည်။

“ ဒီရဲ့လူနာ … မင်းက ကိုယ့်ရဲ့ စိတ်ကူးယဉ် ကမ္ဘာထဲမှာ ၁၂ နှစ်ကျော်လောက် နေထိုင်ရင်း တောက်လျှောက် ထွက်ပြေးနေခဲ့တယ် ….”

“ ဒီရဲ့ ဖြစ်ရပ်က မင်းကို ပြင်းထန်တဲ့ ထင်ယောင်ထင်မှား ဝေဒနာကို ခံစားရစေတယ် …”

“ ထင်ယောင်ထင်မှား လွန်ကဲတဲ့ ဝေဒနာတွေထဲက လက္ခဏာတစ်ရပ်က ဆတ်ဆတ်ထိမခံတာနဲ့ ယုံမှားသံသယဖြစ်တာပဲ … “

“ ကိုယ်ထင်တာက လုံးဝ မှန်တယ်ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်နေတယ် …”

“ ဥပမာ ပြောရရင် မင်းစောနတုန်းက ပြောခဲ့တဲ့ ကိစ္စတစ်ခုက မင်းခန့်မှန်းထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာလိုမျိုးပေါ့ …”

All Chapters