ကိုယ့်ကိုယ်ကို နယ်နှင်ဒဏ်ပေးတဲ့ ၁၂ နှစ်တာ
Vol. 29 Ch. 288
“ တစ်ခြားဘာများ ဖြစ်နိုင်ဦးမှာမို့လို့ … သူက ဝရမ်းတစ်ယောက်မှ မဟုတ်ဘဲ ….”
“ ငါ ကြေညာလိုက်ပြီ … ဒါက ဒီနှစ်ထဲ မှားယွင်းသမျှထဲမှာ အကြီးမားဆုံး မှားယွင်းမှုကြီးပဲ …..”
“ ဒီလူ့ အတွေ့အကြုံကြီးက ရုပ်ရှင်ဇာတ်ကားတစ်ကားတောင် ဖန်တီးလို့ ရနေပြီ … ရုံတင်ပြရင်တောင် ဝင်ငွေ ရှယ်ကောင်းလောက်တယ် ….”
“ ဇာတ်ကားအမည် - ကြံရာမရဖြစ်တဲ့ ၁၂ နှစ်တာ “
“ တကယ်လို့များ အဲ့တုန်းက တစ်ယောက်ယောက်ကသာ ရဲခေါ်လိုက်မယ်ဆိုရင် … မဟုတ်လည်း သူ့မိဘတွေနဲ့အတူ ရဲစခန်းမှာ သွားပြီး အပြစ်ဝန်ခံခဲ့မယ်ဆိုရင် အလွန်ဆုံး မူးပြီး ရန်ဖြစ်တဲ့ ရာဇဝတ်မှတ်တမ်းလောက်ပဲ ကျန်မှာ …. တကယ်လို့ တစ်ခြား ကြီးကြီးမားမား ထိခိုက်အောင် မလုပ်ခဲ့ဘူးဆိုရင် ထိန်းသိမ်းထားခံရမယ်ဆိုလည်း အလွန်ဆုံး ဆယ့်ငါးရက်ပေါ့ ….”
“ သူက ကိုယ့်စိတ်ကူးနဲ့ကိုယ် ၁၂ ကြီးများတောင် တိုက်ခိုက်နေခဲ့တာပဲ ….”
“ ၁၂ နှစ်ဆိုတာ ဘဝသက်တမ်းမှာ ဘယ်နှစ်ကြိမ်များ ရှိနိုင်မှာမို့လို့လဲကွာ ….. ဟင်း …..”
သူ့ရှေ့ရှိ ကွန်းမန့်များကို ဖတ်ရှုရင်း [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် မျက်ရည်များ တသွင်သွင် စီးကျလာခဲ့၏။
သူသည် လူသတ်သမား မဟုတ်ခဲ့ပေ။ သို့သော် ၁၂ နှစ်လုံးလုံ ထွက်ပြေးနေခဲ့၏။
တောရိုင်းထဲတွင် ရှင်သန်နေထိုင်ခဲ့ပြီး သေမလို ဖြစ်ခဲ့သည်မှာလည်း အကြိမ် မရေမတွက်နိုင်အောင်ပင်။
ဤအရာများအားလုံးက သူ၏ စိတ်အတွေးလွန်မှုကြောင့်တဲ့လော ….။
အကယ်၍များ သူသာ ထိုစဉ်အချိန်က မိဘများနှင့် ရဲစခန်းသွားပြီး ကိုယ့်အပြစ်ကိုယ် ဝန်ခံခဲ့မည်ဆိုလျှင် ကြည့်ရှုသူများ ပြောသည့်အတိုင်း အလွန်ဆုံး ၁၅ ရက်လောက်ပဲ ထိန်းသိမ်းခံရမှာ ဖြစ်သည်။
သူကတော့ ၁၂ နှစ်ကြာ မိမိ၏ စိတ်ကူးအတွေးနှင့်အတူ တောက်လျှောက် ထွက်ပြေးနေခဲ့သည်။
ကြောက်ရွံ့မှုကို ထမ်းပိုးရင်း နေ့တိုင်း အသက်ရှင်နေရပြီး မိဘများကိုလည်း အချိန်အကြာကြီး ရင်တမမ ဖြစ်စေခဲ့၏။
သာမန်ကြည့်ရှုသူများကတော့ သူတို့၏ စိတ်ခံစားချက်များကို ကွန်းမန့်များကတစ်ဆင့် ဖော်ပြနေကြစဉ် အထူးအဆင့်အတန်းရှိသည့် ရာနှင့်ချီသည့် ကြည့်ရှုသူများကတော့ ရယ်ရအခက်၊ ငိုရအခက် ဖြစ်လို့နေသည်။
ဒါက ဘာတွေလဲ …
“ ကပ္ပတိန်လီ … ခင်များက အတော်ဆုံးပဲ ….”
ဟန်ကျိုးမြို့ ၊ ရာဇဝတ်မှု စုံစမ်းရေး အသင်းဝင်များက လီချန်ကျွင်းကို လက်မထောင်ပြလိုက်ကြသည်။
“ ဟားဟား … ပါမွှားလေးပါ ပါမွှားလေးပါ … ဒါတွေအကုန်လုံးက အတွေ့အကြုံတွေပါပဲ ….”
“ မဟုတ်ရင် ငါက ဘာလို့ အသင်းခေါင်းဆောင်း ဖြစ်နေပြီး မင်းတို့က ငါ့အသင်းသားတွေ ဖြစ်နေမှာလဲ ဟုတ်တယ်မလား ….”
လီချန်ကျွင်းက ဘဝခိုက်နေသည့် မျက်နှာအမူအရာနှင့် နောက်ထပ် စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
“ ဒေါက်တာချန်ရဲ့ လုပ်ရပ်တွေကို အဓိပ္ပာယ်မရှိဘူးလို့ မထင်လိုက်နဲ့ … ရာဇဝတ်သားတွေနဲ့ ပတ်သကတ်လာရင် သူလည်း ငါတို့နဲ့ ထူးမခြားနားပဲ ….”
“ တကယ်လို့ ဒီကောင်လေးနဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေမယ်ဆိုရင် ဒေါက်တာချန်က ဒီလောက်ထိ တည်ငြိမ်နေမှာ မဟုတ်ဘူး …..”
“ ဒီလိုမျိုးလည်း တိတ်ဆိတ်နေမှာ မဟုတ်ဘူး ….”
လီချန်ကျွင်း ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ရင်း သူ့အတွေ့အကြုံများကို မျှဝေလိုက်သည်။
အချစ်အတွက် ကျောက်ကပ် ဆုံးရှုံးတော့မည့် ဖက်တီးပဲ ဖြစ်စေ၊ ဒါမှမဟုတ် မမလေး အဖြူရောင် သကြားလုံးပဲ ဖြစ်စေ၊ မတို့နှင့် စကားပြောရာ၌ ချိန်ယွီ့၏ လေသံက ညင်သာပြီး တည်ငြိမ်သည်။
အခြားတစ်ဖက်တွင်တော့ ရာဇဝတ်သားများနှင့် မျက်နှာချင်းဆိုင်သည့် အချိန်၌ ချန်ယွီ့သည် ရံဖန်ရံခါ အေးစက်စက် ပြုံးပြတတ်သည်။
ဤသည်ကိုလည်း အိမ်မွေးတိလေးများအား ကယ်တင်ခြင်းဟူသော ခေါင်းစဉ်ကို ဗန်းပြ၍ ငွေလိမ်နေသည့် အားခွန်နှင့် အာထရာမန်းဂိုဏ်း ခေါင်းဆောင်တို့နှင့် စကားပြောသည့် လိုက်စထွင်းကို ပြန်ကြည့်အားဖြင့် အတည်ပြုနိုင်သည်။
အိုး ဟုတ်သား …
ငွေရောင်လှံ အာဏာရှင်လေးနဲ့ သိပ်မကြာခင်တုန်းက ဖမ်းခံလိုက်ရတဲ့ ကျန်းမေလိလည်း ရှိသေးတာပဲ ….
လီချန်ကျွင်း၏ စကားကိုကြားတော့ သူ့အသင်းဝင်များက ဦးနှောက် မီးလင်းသွားခဲ့ကြသည်။
တကယ့်ကို ချန်ယွီ့ရဲ့ နံပါတ်တစ် ပရိသတ်ဆိုတဲ့အတိုင်းပါပဲ …
ကပ္ပတိန်လီကတောင် စိတ်ပညာရဲ့ နောက်ကွယ်က စစ်မှန်တဲ့ အဓိပ္ပာယ်တွေကို နားလည်နေပြီ။ ချန်ယွီ့ရဲ့ လေသံနဲ့ အမူအရာတွေကတစ်ဆင့် သူ့ရဲ့ စိတ်အခြေအနေကိုပါ သုံးသပ်နေနိုင်ပြီ။
အဲ့ကနေတစ်ဆင့် ဆက်သွယ်လာတဲ့ တစ်ဖက်လူက လူကောင်းလား ၊ လူဆိုးလားဆိုတာကို ဆုံးဖြတ်နိုင်နေပြီ။
“ ကပ္ပတိန် .. တစ်ခြားစီရင်စု တစ်ခုက ခေါင်းဆောင်ဆီ ပါဆယ်တစ်ခု ပို့လာပါတယ် … ကျေးဇူးတင် လက်ဆောင်ပါတဲ့ … စာထဲ အဲ့လို ရေးသားထားပါတယ် ….”
ထိုအချိန်၌ အသင်းဝင်တစ်ချို့က အပြင်ဘက်ကနေ ဝင်လာခဲ့ပြီး သူတို့လက်ထဲတွင် တံခွန်တွေ အများကြီးကို ကိုင်ဆောင်ထားသည်။
ရာဇဝတ်မှု စုံစမ်းရေး ဌာနအနေဖြင့် ဤသို့ ချီးမွမ်းသည့် တံခွန်များကို လက်ခံရရှိသည့် အတွက် ဝမ်းသာသင့်၏။ သို့သော် ၎င်းတို့၏ မျက်နှာထက်တွင်တော့ ဝမ်းသာပျော်ရွှင်နေမှုမျာကို မမြင်တွေ့ရပေ။
ကိုးရို့ကားယားနိုင်မှုတို့သာ ကြီးစိုးနေသည်။
“ ဖူး …..”
ရေသောက်နေသည့် အသင်းဝင် တစ်ဦးမှာ တံခွန်ထက်ရှိ စာသားများကို မြင်တော့ သောက်နေသည့် ရေများ အပြင်သို့ ပြန်ထွက်လာသည်။
လူတွေအတွက် ဆရာဝန်တစ်ပါး ၊ ဒုက္ခရောက်နေချိန်မှာ ကူညီပေးတယ်။
အမှုတွေကို ဖြေရှင်းပေးရင်း ငါတို့ရဲ့ ပူပန်မှုတွေကို ဖြေလျှော့ပေးတယ်။
ဆရာဝန်တစ်ယောက်လိုမျိုးလည်း ရာဇဝတ်သားတွေကို ပပျောက်စေတယ်။
စိတ်ပညာကိုသုံးပြီး ရောဂါဆန်းစစ်မှုနဲ့ ကုသမှုက တရားမျှတမှုကို ကြော်ငြာပေးတယ်။ သူ့ကြောင့်မို့လည်း အလုပ်အကိုင်တွေ တိုးတက်စည်ပင်လာတယ်။
“ ဖြန်း ….”
လီချန်ကျွင်းသည် ရေးသားထားသည့် စာကို ကြည့်ပြီး မျက်နှာဖြတ်ရိုက်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရသည်။
အခန်းထဲရှိ အခြားအသင်းဝင်များမှာလည်း သူတို့နဖူးသူတို့ ပြန်ရိုက်လိုက်မိကြ၏။
တံခွန်က ရဲတပ်ဖွဲ့အတွက် ကျေးဇူးတင်တံခွန်နှင့် ဆင်တူသော်လည်း ကြည့်ရသလောက်တော့ ထိုသို့ မဟုတ်နေသည့်ပုံပင်။
“ ငါ အိမ်ပြန်မယ်…. ငါအိမ်ပြန်ပြီး အခုချက်ချင်း မိဘတွေနဲ့ တွေ့မယ် ….”
နှလုံးသား နာကျင်ကိုက်ခဲနေသည့် အော်ဟစ်သံများက ရုံးခန်းထဲရှိ ထူးဆန်းသည့် လေထုကို ထိုးခွဲသွားခဲ့သည်။
လိုက်စထွင်းထဲတွင်တော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ရူးသွပ်သွားသည့်နှယ် ဒယီးဒယိုင်နှင့် အပြင်သို့ ပြေးထွက်သွားခဲ့သည်။
ခေတ္တကြာပြီးသည့်နောက် သူ ရှိနေသည့် နေရာတွင် မြင်တန်စွမ်း ပိုပြီး လင်းလာသည်။
ထိုအခါမှပဲ ကြည့်ရှုသူများက ထိုသူ ပုန်းအောင်းနေသည့် နေရာသည် စွန့်ပစ်ထားသည့် ဂူတစ်လုံးဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
အတွင်းတွင် ပိန်းပိတ်မှောင်မည်းနေသည်မှာ မထူးဆန်းတော့ချေ။
အနီးနားတွင်လည်း ထိုသို့ ဆင်တူသည့် ဂူအနည်းငယ်ရှီပြီး ပတ်ဝန်းကျင်က အထူးတလှယ် သီးသန့်ဆန်နေသည်မျိုးလည်း မဟုတ်ချေ။
မလှမ်းမကမ်း တစ်နေရာတွင် မီးလင်းနေသည့် အိမ်တော်တော်များများကို ဝေဝေဝါးဝါး လှမ်းမြင်နေရ၏။
“ သူ ဘယ်မှာ ပုန်းနေလဲ ငါသိပြီထင်တယ် …”
“ တယ်ကျန့် မြို့နားမှာဆိုတာ သေချာတယ် ….”
“ ညီကို … မင်းအရမ်းကြီး စိတ်မလှုပ်ရှားနဲ့ … အပြင်မှာ အခု အရမ်းမှောင်နေပြီ … မင်း အိမ်ပြန်ချင်တယ်ဆိုရင် မနက်ဖြန် မနက် ရောက်တဲ့အထိစောင့် …”
“ ပန်းတွေက တစ်ဖန်ပြန်ပြီး ပွင့်လန်းနိုင်တယ် … ဒါပေမယ့် လူတွေကတော့ နောက်တစ်ခေါက် ပြန်မငယ်နိုင်တော့ဘူး … ၁၂ နှစ်တောင် ကြာသွားပြီဆိုတော့ သူ့မိဘတွေကလည်း သူ့ကို မမှတ်မိလောက်တော့ဘူး ….”
“ အရေးကြီးတဲ့ သင်ခန်းစာ ပြန်စမယ် … ဥပဒေကို မချိုးဖောက်နဲ့ ၊ ရာဇဝတ်မှုတွေ မကျူးလွန်နဲ့ … ကိုယ်က အမှားလုပ်မိရင် ပြန်ပေးဆပ် ၊ ဥပဒေကိုသိပါ၊ ဥပဒေကို နားလည်ပါ ၊ ပြီးတော့ ဥပဒေကို လိုက်နာပါ ….”
“ အာမင် …..”
“ မင်းက ကိုယ့်ဒုက္ခကိုယ် ဖန်တီးခဲ့တာပဲ …..”
“ တကယ်လို့ သူသာ တကယ်ပဲ လူတစ်ယောက်ကိုသတ်ပြီး ထွက်ပြေးသွားခဲ့မယ်ဆိုရင် စကားပြောခန်းထဲက ကွန်းမန့်တွေလည်း တစ်မျိုးပြောင်းသွားလောက်တယ် … ဒီကောင်ကလည်း သူ့ကိုယ်သူ လူသတ်ခဲ့မိမှန်း သိပါလျက်နဲ့ ပြေးမယ့်အစား အမှားဝန်ခံလိုက်တာ မဟုတ်ဘူး … ဒါ သူ ပေးဆပ်ရတဲ့ တန်ကြေးပဲ …..”
“ အပေါ်က လူပြောတာကို ငါ လုံးဝ လုံးဝ ထောက်ခံတယ် … သူ့မိဘတွေကို နောက်တစ်နေ့ကျ ရဲစခန်းသွားပြီး အတူ ဝန်ခံပါမယ်လို့ ကတိပေးထားပြီးမှ ညသန်းခေါင်ကြီး အိမ်ကနေ ထွက်ပြေးသွားခဲ့တယ် … ငါသာ သူ့မိဘတွေဆိုလို့ကတော့ ဒီလို တာဝန်မယူတတ်တဲ့ သားမျိုးကို နောက်တစ်ကြိမ် ပြန်လက်ခံပေးနေမှာ မဟုတ်ဘူး ….”
အဆိုပါ ကွန်းမန့်နှစ်ခုမှာ များပြားလှသည့် စာနာသနားသည့် ကွန်းမန့်များကြား တိုးဝင် ပျောက်ကွယ်သွားခဲ့သည်။
တကယ့်ကိုပင်။
အကယ်၍ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည်သာ အမှန်တကယ် လူသတ်ခဲ့ပြီး ထွက်ပြေးသွားခဲ့မည်ဆိုပါက သူ့လိုလူစားမျိုးကို စာနာသနားနေ၍ ဘာထူးလိမ့်မည်နည်း။
နောက်ဆုံး ဖြတ်ပြေးသွားသည့် ကွန်းမန့်တစ်ကြောင်းက [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]အတွက်တော့ သေစေနိုင်လောက်သည့် ထိုးနှက်ချက်ကြီးပင်။
ဟုတ်တယ် … သူ့မိဘတွေက သူ့ကို ပြန်ပြီး လက်ခံပါ့ဦးမလား …
သူက ၁၂ နှစ်လုံးလုံး ထွက်ပြေးနေခဲ့တယ် … ပြီးတော့ ဖမ်းခံရမှာစိုးလို့ မိဘတွေဆီလည်း တစ်ခါမှ ဖုန်းမဆက်ခဲ့ဖူးဘူး …
ဆွေမျိုးတွေဆီတောင် မဆက်သွယ်ရဲခဲ့ဘူး …
သိပ်မကြာခင်တုန်းက ရှိစုမဲ့စု သတ္တိလေးတွေ စုစည်းပြီး အိမ်ကို ဖုန်းဆက်ခဲ့သေးတယ် …
ကံဆိုးချင်တော့ အိမ်က ဖုန်းနံပါတ်ကို ပြောင်းသွားခဲ့ပြီ …
သူ့မိဘတွေကို ဖုန်းဆက်လို့လည်း မရ …
သူက ငကြောက် ၊ တာဝန်မယူရဲတဲ့ ငကြောက် ။
သူ့မိဘတွေကို အချိန်အကြာကြီး စိတ်နာအောင် ပစ်ထားခဲ့မိတယ်။
အဲ့ဒီ လူသေမှုက အယောင်ဆောင် ဖြစ်ခဲ့ရင်တောင် ဘာပဲပြောပြော သူက တာဝန်မယူဘဲ ထွက်ပြေးခဲ့တဲ့လူ ။
ပြီးတော့ မိဘတွေရဲ့ ကြင်နာမှုကို အခွင့်ကောင်းယူပြီး ညသန်းခေါင်အချိန်ကြီး ထွက်ပြေးသွားခဲ့သေးတယ်။
သူ့ဦးခေါင်းထက်တွင် တောက်ပစွာသာနေသည့် လမင်းကြီးကို မော့ကြည့်ရင်း [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ရုတ်တရက်ဆိုသလို သူသည် စစ်မှန်သည့် လွတ်လပ်မှုကို မရခဲ့ပါတကားဟု ခံစားလိုက်ရ၏။
သူ မည်သူ့ကိုမျှ မသတ်ခဲ့ပေ။ သူက ရာဇဝတ်သား မဟုတ်ပေ။
ဒါပေမယ့် လက်ရှိ သူ့အခြေအနေက ရာဇဝတ်သားတစ်ယောက်နဲ့ ဘာတွေများ သွားကွာနေလို့လဲ …
ပြေးနေတဲ့ ၁၂ နှစ်တာကာလမှာ သာမန်လူတစ်ဦး ရှိသင့်ရှိထိုက်တာတွေ အကုန် ဆုံးရှုံးခဲ့ရပြီးပြီ။
“ မင်းမိဘတွေက မင်းကို လက်မလျှော့ကြသေးဘူး ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဒီနှစ်တွေ တစ်လျှောက်လုံး သူတို့ မင်းကို သတိရနေကြတာ .. ပြီးတော့ မင်းကို ရှာဖို့လည်း အများကြီး ကြိုးစားခဲ့ကြတယ် ….”
“ တကယ်ပဲလား … ငါ့မိဘတွေက ငါ့ကို တကယ်ပဲ မမုန်းသေးဘူးပေါ့ …”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က စိတ်ပျက်အားလျော့စွာ မေးလိုက်သည်။
“ ငါ အခုလေးတင် ပြောခဲ့တဲ့အတိုင်းပဲ ….” ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး “ မင်းရဲ့ ယုံမှားသံသယ လွန်ကဲမှုကြောင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ ကိစ္စ တစ်ခုရှိခဲ့တယ် …”
“ အဲ့ဒါကတော့ မင်းမိဘတွေ မင်းကို ဘယ်လောက်ထိ ချစ်တယ်ဆိုတာပဲ ….”
“ လွန်ခဲ့တဲ့ ခုနစ်လလောက်တုန်းက မင်း သတ္တိမွေးပြီး သူတို့ဆီ ဖုန်းဆက်ခဲ့တယ် … ဒါပေမယ့် ဆက်လို့မရခဲ့ဘူး …. အဲ့တာနဲ့ပဲ သူတို့ ဖုန်းနံပါတ်ပြောင်းလိုက်တယ်လို့ မဆိုလိုဘူး ….”
“ မင်းရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံဖို့အတွက် သူတို့တွေ ဒီ ၁၂ နှစ်လုံးလုံး ဖုန်းနံပါတ်ကို တစ်ခါလေးမှ မပြောင်းလဲခဲ့ဖူးဘူး ….”
သူ့မိဘများက သူဆက်သွယ်လာမည်ကို စောင့်ဆိုင်းဖို့ရန်အတွက် ဆယ့်နှစ်နှစ်လုံးလုံး ဖုန်းနံပါတ် မပြောင်းခဲ့ဘူးဆိုတာကို သိလိုက်ရတော့ သူ အလျင်အမြန် ပြောဆိုလိုက်သည်။ “ ဒေါက်တာချန် … ငါ အရင် လိုင်းဆင်းတော့မယ် … ငါ့မိဘတွေကို ချက်ချင်း ဖုန်းခေါ်မှရမှာ ….”
“ မင်းဘာမင်း အခု ခေါ်ခေါ် ၊ မနက်ဖြန်ခေါ်ခေါ် … သူတို့ တစ်ယောက်မှ ကိုင်နိုင်မှာ မဟုတ်ဘူး ….”
“ သူတို့ကို ဖုန်းနဲ့ ဆက်သွယ်ချင်တယ်ဆိုရင် မင်း အနည်းဆုံး တစ်လ စောင့်ဖို့လိုမယ် ….”
“ ဘာလို့လဲ ….”
သူ့နှုတ်က မသိစိတ်အလျောက် လွှတ်ခနဲ မေးမြန်းလိုက်မိသည်။
သူ့မိဘတွေက ဖုန်းနံပါတ် မပြောင်းခဲ့ဘူးဆိုရင် ဘာကြောင့် ဆက်သွယ်လို့ မရတာလဲ …